လျို့ဝှက်ပူးပေါင်းကြံစည်မှု အရိပ်အယောင်
Vol. 42 Ch. 646
ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာ၏ အချစ်ရဆုံးသော တူမ သုံးယောက်မှ တစ်ယောက်ဖြစ်သော အသက် ၁၇နှစ်အရွယ် အယ်လီဇာက သိဒ္ဓိအလင်းတောင်မှ သိဒ္ဓိမိန်းမပျို၏ တပည့် ဖြစ်သည်။ သူက သိဒ္ဓိကျောင်းတော်၌ အလွန်ထူးခြားသော အဆင့်အတန်းတစ်ခု ရှိနေသည်။
အယ်လီဇာက ထင်ထားသကဲ့သို့ လေးနက်ပြီး အလေးထားအပ်သော စရိုက်မျိုးနှင့် လုံးဝ ကွဲပြားနေသည်။ သူက ကြည်လင်ပြီး ဝိုင်းစက်သော မျက်လုံးများရှိကာ ချစ်စရာကောင်းသော အမြင်ကို ပေးစွမ်းသည်။ သူက အပြာရောင် ဆံပင်ကောက်ကောက်ရှိပြီး အနုစိတ်သော သွင်ပြင်လက္ခဏာများ ရှိသည်။ ဂါဝန်အတိုနှင့် ပေါင်းလိုက်သောအခါ သူက နဂိုအသက်ထက်ပင် ငယ်သွားသလို ထင်ရသည်။ သူက အပြစ်ကင်းပြီး တက်ကြွသော ကောင်မလေး တစ်ယောက်သာ ဖြစ်သည်။
အယ်လီဇာနှင့်အတူ ရောက်လာသော အလင်းစစ်သည်တော် ၆ယောက်အပြင် မိန်းမ တစ်ယောက်နှင့် ယောက်ျားတစ်ယောက်လည်း ပါလာသည်။
ထိုအမျိုးသမီးက အယ်လီဇာ၏ သူငယ်ချင်းဖြစ်သူ နဂါးလင်းလက်အင်ပါယာမှ ဖီးလစ်မိသားစု၏ သမီးအကြီးဆုံးဖြစ်သော ဂျိုအန်နာ ဖြစ်လေသည်။ သူက သွယ်လျပြီး ရုပ်ရည်က အယ်လီဇာထက် နိမ့်ကျသည်။ သူက ဆွဲဆောင်မှုရှိပြီး ညင်သာသော စရိုက်လက္ခဏာ ရှိနေသည်။
ထိုအမျိုးသမီး၏ ညင်သာပြီး အားနည်းသော အသွင်အပြင်အောက်၌ ကြံ့ကြံ့ခံပြီး အားကောင်းသော နှလုံးသားတစ်ခုရှိကြောင်း ချန်လွေ့ သိသည်။ မစ်-ဂျိုအန်နာက ဆမ်မြူရယ်နှင့် ချစ်ကြိုက်နေသော အမျိုးသမီး ဖြစ်သည်။ ယခုတစ်ခေါက် သူငယ်ချင်းဖြစ်သူကို ဥယျာဉ်မြို့တော်ထံ လိုက်ပို့ပေးရသော တကယ့်ရည်ရွယ်ချက်မှာ ဆမ်မြူရယ်နှင့်အတူ ခိုးရာ လိုက်ပြေးရန်ပင်။
ယောကျ်ားဖြစ်သူက အရပ်မြင့်မြင့်နှင့် ဆံပင်ငွေရောင်ရှိကာ ခန့်ညားသော အသွင်အပြင် ရှိသည်။ သူ၏မျက်လုံးထဲ၌ မောက်မာမှု အငွေ့အသက် ရှိနေသည်။ သူက အရောင်တောက် နေသည့် ငွေချပ်ကာ တစ်ပိုင်းကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ရွှေပိုးသားဝတ်ရုံကို ဝတ်ထားတာ တလက်လက် ဖြစ်နေ၏။ ချန်လွေ့ လောက မကူးပြောင်းလာခဲ့စဉ်ကဆိုရင် ထိုသူက သေချာပေါက် “အရပ်မြင့်မြင့်၊ ချမ်းသာပြီး ရုပ်ချောသော”သူတစ်ယောက် ဖြစ်မည်မှာ သေချာပေသည်။
အရပ်မြင့်မြင့်၊ ချမ်းသာပြီး ရုပ်ချောသောသူ၏ နာမည်က ချန်လွေ့၏အာရုံကို ဖမ်းစားသွားခဲ့သည်။ ပေါလ် လိုမန်။
ထိုသူက နဂါးလင်းလက်အင်ပါယာ၏ မဟာလက်ဇ် အရှေ့ အလင်းနတ်ဘုရားကျောင်းက ကျင်းပသော ပြိုင်ပွဲ၌ ဆမ်မြူရယ်က အနိုင်ယူခဲ့သော ဂျိုအန်နာနှင့် စေ့စပ်ထားသူ၊ ဆမ်မြူရယ်၏ အချစ်ပြိုင်ဘက် ဖြစ်လေသည်။ သူက ဂျိုအန်နာ ဖခင်ဖြစ်သူ၏ လက်ခံမှုကို ရရှိပြီး ဂျိုအန်နာ၏ ခင်ပွင်းလောင်း ဖြစ်လာခဲ့၏။
ရုပ်ရည်ချင်းယှဉ်လျှင် ပေါလ်က အမှန်တကယ်ပင် ဆမ်မြူရယ်ထက် သာလွန်သည်။ သူက ပျူငှာပြီး ကျင့်ဝတ်နှင့် ကိုက်ညီသည်။ သူက ဂျိုအန်နာကို ဂရုစိုက်ပြီး အတော်လေး အရေးပေးသော်လည်း ဂျိုအန်နာ၏ တုံ့ပြန်မှုက အလွန်ပင် အေးစက်နေ၏။
သူနှင့် ဆမ်မြူရယ်တို့က ငယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး လေးနက်သော ရင်းနှီးမှု ရှိကြသည်။ ခမ့်လော့ မိသားစုက ထိပ်တန်းစီးပွားရေးမိသားစု ဖြစ်ပြီး အာဏာနှင့် ဘဏ္ဍာရေး အရင်းအမြစ်တို့က ဖီးလစ်မိသားစုထက်ပင် များစွာ သာလွန်သည်။ သို့ရာတွင် တတိယမင်းသား အာသာ ပျောက်ကွယ်သွားပြီးနောက် ဆမ်မြူရယ်၏ ခမ့်လောမိသားစုက ဒုတိယမင်းသား ဂါဖီး၏ ဖယ်ချန်မှုနှင့် ဖိနှိပ်မှုကို ခံစားရပြီး တဖြည်းဖြည်းနှင့် မဟာလက်ဇ်၏ ယုံကြည်မှု ပျောက်ဆုံး သွားခဲ့သည်။
ထိုအချိန်တွင် လိုမန်မိသားစုမှ ပေါလ်က ဂျိုအန်နာကို အပြင်းအထန် ပိုးပန်းလေသည်။ ပေါလ်က သိဒ္ဓိအလင်းတောင်မှ ရှေးသူရဲကောင်း တယ်ရီစတန်၏ တပည့် ဖြစ်ပြီး နဂါးလင်းလက်အင်ပါယာမှ အထူးချွန်ဆုံး ဓားသမားဖြစ်ကာ နတ်ဘုရားကျောင်း၏ စစ်သည်တော် အလောင်းအလျာ တစ်ဦးလည်း ဖြစ်သည်။ ခမ့်လော့မိသားစု နိမ့်ကျလာသည်ကို မြင်သည့်အခါ ဂျိုအန်နာ၏ ဖခင်ဖြစ်သူ လောင်ဇီစ်က ပေါလ်ကို အသုံးချပြီး ကျောင်းတော်ကို တွယ်တက်ကာ မိသားစုအာဏာကို ပိုမိုတည်မြဲအောင် လုပ်ချင်ခဲ့သည်။ ထို့ကြောင့် သူက သမီးဖြစ်သူအား ပေါလ်နှင့် အတင်းလက်ထပ်ခိုင်းခြင်း ဖြစ်သည်။
ဂျိုအန်နာက အသည်းအသန် ငြင်းဆန်သည့်အတွက် လောင်ဇီစ်က နည်းဗျူဟာ ပြောင်းရပြီး ဆမ်မြူရယ်ကို သွားရှာသည်။ ဆမ်မြူရယ်က လွန်စွာ စိတ်လှုပ်ရှားပြီးနောက် ပေါလ်နှင့် ယှဉ်ပြိုင်ရန် သဘောတူခဲ့သည်။ သို့သော်လည်း သူက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်။ ဂျိုအန်နာထံ စာတစ်စောင် ထားခဲ့ပြီးနောက် ဆမ်မြူရယ်က ဝမ်းနည်းစွာဖြင့် ထွက်သွားခဲ့၏၊
ဆမ်မြူရယ်က သုံးလေးနှစ်ကြာ ပျောက်ဆုံးနေပြီး ဂျိုအန်နာက သူ့ကို ရှာမတွေ့ခဲ့ပေ။ မိသားစု ဖိအားကြောင့် သူက ပေါလ်နှင့် စေ့စပ်ခဲ့ရသည်။ သူက နတ်ဆိုးဘုံမှ ချစ်ရသူ ပြန်လာကြောင်း သိသွားသည့်အခါ အလွန်ပင် ပျော်ရွှင်သွားသည်။ သူက ယခုတစ်ခေါက်တွင် အယ်လီဇာကို အဖော်ပြုပေးရန် ဆင်ခြေဖြင့် ဆမ်မြူနှင့် လာတွေ့ခြင်းဖြစ်ပြီး အရာအားလုံးကို ချန်ထားကာ ခိုးရာလိုက်ပြေးရန် ရောက်လာြခင်း ဖြစ်သည်။ ပေါလ် လိုက်လာလိမ့်မည်ဟု ဂျိုအန်နာ မထင်မှတ်ထားခဲ့ပေ။ ၎င်းမှာ အရသာရှိသော စွပ်ပြုတ်တစ်ခွက်ကို သောက်တော့မည့် အချိန်၌ ယင်ကောင်သေတစ်ကောင်ရှိနေကြောင်း တွေ့လိုက်ရသကဲ့သို့ပင်။ သူက မည်ကဲ့သို့ ပေါလ်ကို ကျေနပ်သော အမူအရာများ ပြနိုင်မည်နည်း။
အယ်လီဇာ ရောက်လာခြင်းက ဆိုလန်တွန်အတွက် အရေးအပါဆုံးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သူက အယ်လီဇာ၏ လှည်းကို ကြိုဆိုရန်အတွက် မြို့ပြင်၌ စောင့်နေရန် မာနာနှင့် အခြားသူများကို ခေါ်သွားခဲ့သည်။
“မစ်-အယ်လီဇာ။ ခရီးတော်တော်လေး ပန်းလာခဲ့မှာပဲ။ အလင်းခန်းမမှာ ခဏလောက် အနားယူလိုက်ပါ။ မြို့ထဲမှာရှိတဲ့ နာမည်အကြီးဆုံး စားသောက်ဆိုင်ထဲမှာ ကျုပ် ပွဲတော်တစ်ခု ပြင်ဆင်ထားပြီးပါပြီ။ အခုသွားဖို့ မိန်းမလေးကို စိတ်ရင်းနဲ့ ဖိတ်ကြားပါတယ်။”
“ဆာ-ဆိုလန်တွန်။ ကျေးဇူးပါပဲ။ ဒီတစ်ခေါက် ကျွန်မ ရှင့်ကို ဒုက္ခပေးရဦးမယ်။” အယ်လီဇာက မောက်မာမှု အနည်းငယ်မျှ မရှိဘဲ မျက်နှာပေါ်၌ အပြုံးဖြင့် ပြောလိုက်သည်။ သူပုံစံက ချဉ်းကပ်၍ရသော ခံစားချက်မျိုး ပေးနေလေသည်။
ဆိုလန်တွန်က သတိလက်လွတ် မနေရဲပေ။ သူက အယ်လီဇာနှင့် အခြားသူများကို အလင်းခန်းမထဲသို့ နှုတ်ဆက်လိုက်သည်။ သူတို့ ထိုင်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က သတင်းပို့လာသည်။ “မစ်-အယ်လီဇာ ရောက်လာတာကို မြို့တော်ဝန်နဲ့ လော့ဒ်-ဝယ်လီတို့ သိသွားပြီးတော့ လာလည်ကြတယ်။”
ဆိုလန်တွန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “ရစ်ချက်”၏ မယုံနိုင်စရာ စွမ်းဆောင်ရည်ကြောင့် သူက ရစ်ချက်ကို ဥယျာဉ်မြို့တော် ကျောင်းတော်မှ အကြံပြုသည့် တစ်ဦးတည်းသော အရန် အလင်းစစ်သည်တော်အဖြစ် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိုသို့ဆိုလျှင် မြို့တော်ဝန်နှင့် လော့ဒ်တို့ အကြံပြုသော “ဆွေမျိုးများ”အပါအဝင် အခြား အလောင်းအလျာ သုံးယောက်လည်း ပါဝင်မည် မဟုတ်ပေ။
အယ်လီဇာမှတစ်ဆင့် ရေဖျန်းဘုန်းတော်ကြီးရော်ဂျာနှင့် နီးကပ်ချင်ရသည့် အဓိက ရည်ရွယ်ချက်မှာ ဆိုလန်တွန်၏ အဖွဲ့ခွဲက နောက်သုံးလေးလ ကြာပြီးနောက် ကျောင်းတော်၏ အတွင်းရေးရာထူးများ ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမှ အကျိုးအမြတ် ရရှိစေရန် ဖြစ်သည်။ သို့မဟုတ်ပါက “ရစ်ချက်”က စွမ်းဆောင်နိုင်သည့်တိုင် ကြွယ်ဝချမ်းသာသော အရာရှိများ၏ ဒုတိယမျိုးဆက်ကို တိုက်ခိုက်မည် မဟုတ်ပေ။
ယခုတစ်ခေါက် ဥယျာဉ်မြို့တော်သို့ အယ်လီဇာ ရောက်လာခြင်းမှာ အတွင်းရေး သတင်း ဖြစ်သည်။ ဆိုလန်တွန်က မြို့တော်ဝန် ခရော့နှင့် အခြားသူများကို သတိမပေးထားခဲ့ပေ။ သို့သော်လည်း ခရော့တွင် အမှန်တကယ် သတင်းအချက်အလက်ကောင်းကောင်း ရှိနေပြီး အယ်လီဇာထံ ချက်ချင်းပင် လာရောက်လည်ပတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ဥယျာဉ်မြို့တော်ရဲ့ မြို့တော်ဝန်လား။” ထိုစကားကို ကြားသောအခါ အယ်လီဇာက ကြက်သေသေသွားသည်။ “မြို့တော်တစ်ခုရဲ့ ကျောင်းတော် ဖွံ့ဖြိုးတိုးတက်လာတာက ဒေသခံ အင်အားစုတွေရဲ့ ထောက်ပံ့မှုနဲ့ အသိအမှတ်ပြုမှုကနေ ခွဲထုတ်လို့မရဘူးလို့ ဦးလေး ရော်ဂျာ ပြောတာ ကြားဖူးတယ်။ အထူးသဖြင့် စနစ်ကို ထိန်းချုပ်တဲ့သူတွေပေါ့။ ကြည့်၇တာ ဆာ- ဆာလန်တွန်က မြို့တော်ဝန်နဲ့ အတော်လေး ဆက်ဆံရေးကောင်းတဲ့ပုံပဲ။”
ဆိုလန်တွန်က ပြုံးပြီး ခပ်မြန်မြန် ပြောလိုက်သည်။ “မစ်-အယ်လီဇာက ချီးမွမ်းလွန်းနေပါပြီ။ ဆာ-ရော်ဂျာရဲ့ သင်ကြားပေးမှုတွေက ကျုပ်ရဲ့ရင်ထဲမှာ အမြဲတမ်း ရှိနေပါတယ်။ ဒါပေမဲ့ ကျုပ်က လုံလောက်အောင် မလုပ်နိုင်သေးပါဘူး။”
အယ်လီဇာက ချိုသာစွာဖြင့် ပြုံးလိုက်၏။ “ဆာ-ဆိုလန်တွန်။ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့။ မြို့တော်ဝန်ကို အတူတူ သွားတွေ့ကြမယ်လေ။”
ခဏကြာပြီးနောက် ခန်းမထဲ၌ ဧည့်သည်များ ရှိလာသည်။ ဥယျာဉ်မြို့တော်ဝန် ခရော့က မျက်နှာနီနီနှင့် ဝတုတ်တစ်ယောက်ဖြစ်ပြီး မာနာနှင့် ခန္ဓာကိုယ်ချင်းဆင်သည်။ လော့ဒ်-ဝယ်လီက အသက်၄၀အရွယ် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ပြီး တော်ဝင်မိသားစုမှ အကျော်ကြားဆုံး အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူက ပိန်ပိန်ပါးပါးဖြစ်ပြီး မျက်နှာက ဖျော့တော့နေ၏။
“ကျုပ်တို့ ဥယျာဉ်မြို့တော်ကနေ ကြိုဆိုပါတယ်။ မစ်-အယ်လီဇာ။ ဒီမြို့ရဲ့ကိုယ်စား မိန်းကလေးကို အနွေးထွေးဆုံး ကြိုဆိုခွင့်ပေးပါ။” မြို့တော်ဝန်၏မျက်နှဦက သာမန်လူများ အရှေ့မှာကဲ့သို့ အေးစက်ပြီး ဒေါသမထွက်နေဘဲ ရင်းနှီးမှုနှင့် ကြင်နာမှုအပြည့် ဖြစ်နေ၏။
“မြို့တော်ဝန်က အားနာလွန်းနေပါပြီ။” အယ်လီဇာက ကျောင်းတော်၏ ဓလေ့ထုံးတမ်းအတိုင်း ပြုမူလိုက်သည်။ “တကယ်တော့ ကျွန်မက ဒီတစ်ခေါက် ဦးလေးနဲ့အတူ ယန်ရှောင်မြို့တော်ကို သွားမလို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဥယျာဉ်မြို့တော်မှာ ယန်ရှောင် အင်ပါယာရဲ့ အကြီးမားဆုံး နတ်ဆိုးသားရဲ ကုန်သွယ်ပွဲရှိတာ ကြားရတော့ ဒီကို အမြင်ကျယ်စေဖို့ ဦးလေးဆီမှာ တောင်းဆိုခဲ့ရတာ။ အနှောင့်အယှက် ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးပါ။ မြို့တော်ဝန်။”
အယ်လီဇာ၏လေသံက မျက်နှာအတိုင်းပင် ချိုမြိန်ပြီး သာယာဖွယ် ဖြစ်နေသည်။ အိမ်နီးနားချင်း ညီမလေး တစ်ယောက်လိုမျိုးပင် ဖြစ်သည်။ လော့ဒ်-ဝယ်လီ၏ မျက်လုံးများက အလွန်ကွဲပြားနေ၏။ သူက ထိုအရွယ် ကောင်မလေးများကို ကစားရန် သဘောအကျဆုံး ဖြစ်သည်။ အထူးသဖြင့် ထိုကဲ့သို့ ချစ်စရာကောင်းပြီး သန့်စင်သော စရိုက်လက္ခဏာ ရှိသူကိုပင်။
သို့သော်လည်း အယ်လီဇာက သူထိ၍ရသောသူ တစ်ယောက် သေချာပေါက် မဟုတ်ကြောင်း ဝေလီ သိသည်။ ထို့ပြင် အယ်လီဇာကလည်း အလင်းနတ်ဘုရားကျောင်းမှ သိဒ္ဓိမိန်းမပျို၏ တပည့်လည်း ဖြစ်နေ၏။ သူ၏ ရေဖျန်းဘုန်းတော်ကြီး ဦးလေးကပင် အင်ပါယာတစ်ခု၏ လော့ဒ်တစ်ယောက် အာခံနိုင်သောအရာ မဟုတ်ပေ။
မြို့တော်ဝန်က ရယ်လိုက်ပြီး ဘူးလေးတစ်ဘူး ထုတ်လိုက်သည်။ “ဒါက ကျုပ်တို့ ပထမဆုံး တွေ့တဲ့အနေနဲ့ လက်ဆောင်လေးပါ။ စိတ်မရှိပါနဲ့။ မိန်းကလေး။”
“ကျေးဇူးပါပဲ။ မြို့တော်ဝန်။” အယ်လီဇာက ဘူးငယ်လေးကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။ “ဖွင့်ကြည့်လို့ ရမလား။ အိုး...ဟုတ်သား။ ဒါက မယဉ်ကျေးရာ ရောက်တာပဲ။”
“ရပါတယ်။ ဒါကို ဘယ်လို သုံးရမလဲဆိုတော့ ရှင်းပြမလို့ပါပဲ။”
ဘူးကိုဖွင့်လိုက်ရာ အနုစိတ်သော တံဆိပ်ပြား အသေးလေးတစ်ခုကို အယ်လီဇာ မြင်လိုက်ရသည်။
“ဥယျာဉ်မြို့တော်က ဒီရက်ပိုင်း နတ်ဆိုးသားရဲ ကုန်သွယ်ပွဲ ကျင်းပနေတာ။ ဒီက မြို့တော်ဝန်ကို ကိုယ်စားပြုတဲ့ အဆင့်အမြင့်ဆုံး အရေးကြီးပုဂ္ဂိုလ် တံဆိပ်ပြားပဲ။ မိန်းကလေးက ဒါကို ယူသွားပြီးတော့ ကုန်သွယ်ပွဲမှာရှိတဲ့ ဘယ်အဆင့်က ဘယ်ပစ္စည်း သုံးခုကိုမဆို ကြိုက်သလို ယူလို့ရတယ်။ မိန်းကလေးကို အာခံရဲတဲ့ မျက်ကန်းတွေ မရှိလောက်ဘူးလို့ ထင်ပါတယ်။”
အယ်လီဇာ၏ မျက်လုံးဝိုင်းဝိုင်းက အရောင်တောက်သွား၏။ “သိပ်ကောင်းတယ်။ ဒီလက်ဆောင်က တကယ့်ကို ....။ ကျေးဇူးပါပဲ။ မြို့တော်ဝန်။”
“ရပါတယ်။ မိန်းကလေး။” အယ်လီဇာ ပျော်ရွှင်သည်ကို မြင်သည့်အခါ မြို့တော်ဝန်က စိတ်ထဲ၌ ပျော်သွား၏။ “ဒါနဲ့ လော့ဒ်-ဝယ်လီနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်ရဲ့ ဝမ်းကွဲ အိုမီပါ။ ဒါက လော့ဒ်-ဝယ်လီရဲ့ တူလေး မက်ပါ။ နှစ်ယောက်လုံးက ဥယျာဉ်မြို့တော်အတွက် ဒီတစ်ခေါက် အရန် အလင်းစစ်သည်တော် အလောင်းအလျာတွေပါ။”
ဆိုလန်တွန်၏မျက်နှာက ရုတ်တရက် မည်းမှောင်သွား၏။ သူက အယ်လီဇာ အရှေ့၌ “ရစ်ချက်”သည် ဥယျာဉ်မြို့တော်က အကြံပြုသည့် တစ်ဦးတည်းသော အရန် အလင်းစစ်သည်တော် အလောင်းအလျာဖြစ်ကြောင်း ဆိုခဲ့သည်။ ယခုတွင် ဝတုတ် ခရော့က အိုမီနှင့် မက်တို့သည် အလောင်းအလျာများဖြစ်ကြောင်း မစ်-အယ်လီဇာအရှေ့တွင် တမင်တကာ ပြောနေလေသည်။ ၎င်းမှာ ဆိုလန်တွန်ကို မလေးမစားလုပ်နေခြင်းဖြစ်ကြောင်း သေချာနေ၏။
ဝယ်လီက ထရပ်လိုက်သည်။ “လှပတဲ့ မစ်-အယ်လီဇာကို မြင်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ အစကတော့ ကျုပ်လည်း လက်ဆောင်အသေးလေးတစ်ခုပဲ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ မိန်းကလေးကို တွေ့လိုက်ရသော အဲဒီလက်ဆောင်တွေက မိန်းကလေးရဲ့ လှပတဲ့ အလင်းရောင်အောက်မှာ မှေးမှိန်နေတာကို သိသွားခဲ့တယ်။ ဒီလို တန်ဖိုးဖြတ်မရတဲ့ မှော်လက်စွပ်နီကပဲ မိန်းကလေးရဲ့ အလှတရားကို ယှဉ်နိုင်ရုံ ရှိမှာပါ။”
“အတော်လေး လှပတဲ့ လက်စွပ်ပဲ။” အယ်လီဇာက အနီရောင် မှော်စိန်များ မြှုပ်သွင်း ထားသော လက်စွပ်ကို ကြည့်လိုက်ပြီးနောက် ခေါင်းခါသည်။ “မဖြစ်ဘူး။ ဒီလိုမျိုး အဖိုးတန်တဲ့ လက်ဆောင်ကို လက်ခံလို့ မရဘူး။ ဦးလေး ဆူလိမ့်မယ်။”
“ဒါက ရင်းနှီးမှုအတွက် သင်္ကေတ တစ်ခုပါပဲ။ တန်ဖိုးနဲ့ ဘာမှ မဆိုင်ပါဘူး။” လော့ဒ်-ဝေလီက ဟန်လုပ် ပြုံးလိုက်သည်။ “မိန်းကလေးက တော်ဝင်မျိုးနွယ်ဆိုတာ သိပါတယ်။ တကယ်လို့ အင်ပါယာက လော့ဒ်လေးတစ်ဦးရဲ့ ရင်းနှီးမှုကို လက်မခံနိုင်ရင်တော့ ကျုပ် ဒါကို ဝမ်းနည်းစွာနဲ့ပင် ဖျက်ဆီးရပါလိမ့်မယ်။”
ထိုစကားက ရင်းနှီးမှုနှင့် နိုင်ငံရေးရာထူး အမြင့်ကို တိုက်ရိုက် “သန့်စင်”ခြင်းပင် ဖြစ်သည်။ အယ်လီဇာက ဖြားယောင်းသည်ကို မခံနိုင်တော့ဘဲ နောက်ဆုံး၌ လက်ခံလိုက်ရသည်။ လော့ဒ်-ဝေလီက အခွင့်ကောင်းယူပြီး မက်နှင့် အိုမီတို့အား ဂရုစိုက်ပေးရန် ပြောရာ အယ်လီဇာက နောက်ဆုံးတွင် တုံ့ပြန်လာပြီး မေးသည်။ “ဒါနဲ့ ဆာ-ဆိုလန်တွန်။ ဥယျာဉ်မြို့တော်ရဲ့ အရန် အလင်းစစ်သည်တော်အတွက် အလောင်းအလျာတွေ ဘာလို့ အများကြီး ဖြစ်နေတာလဲ။ တစ်နေရာတည်း မဟုတ်ဘူးလား။”
ဆိုလန်တွန်က ခရော့နှင့် လော့ဒ်-ဝယ်လီတို့ကို အပြင်းအထန် စိုက်ကြည့်ပြီး အယ်လီဇာကို ပြုံးပြလိုက်သည်။ “ဒီလိုပါ မစ်-အယ်လီဇာ။ အစကတော့ ၄ယောက် ရှိပါတယ်။ ရစ်ချက်၊ အိုမီနဲ့ မက်အပြင်ကို ဥယျာဉ်မြို့တော် အလင်းသူရဲကောင်းဗိုလ်ခြေခေါင်းဆောင် တန်နီစီအိုရဲ့ တပည့် လိုဒန်လည်း ပါပါတယ်။ ဒီလေးယောက်က အတော်လေး ထူးချွန်ပြီးတော့ သူတို့ထဲက ရွေးချယ်ရတာက ခေါင်းကိုက်စရာပဲ။ သေသေချာချာ စုံစမ်းပြီးသွားတော့ ဂူဒန်မြို့က အကြံပြုတဲ့ ရစ်ချက်ကိုပဲ အလောင်းအလျာအနေနဲ့ ဆုံးဖြတ်ခဲ့တယ်။”
အယ်လီဇာက ခေါင်းညိတ်ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ “သြော်။ ဒီလိုကိုး။”
“ကျုပ် သိရသလောက်ဆိုရင် သင်းအုပ်ဆရာ ဆိုလန်တွန်က ရွေးချယ်မှုဆိုတာကို အစကနေ အဆုံးအထိ တစ်ယောက်တည်း လုပ်ခဲ့တာပါ။ အဲဒါကို ခြယ်လှယ်တယ်လို့ ခေါ်ရမလားပဲ။ အဲဒီထဲမှာ ဘယ်လို လျို့ဝှက်ချက်တွေ ရှိနေလဲတော့ မသိဘူး။” ဝတုတ် မြို့တော်ဝန်က ဆိုလန်တွန်၏ ပြင်းထန်သော အကြည့်ကို မျက်ကွယ်ပြုထားပြီး သရော်ပြုံး ပြုံးလိုက်သည်။
အယ်လီဇာက အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ သူ၏အကြည့်က ဆိုလန်တွန်ထံ ဖျပ်ခနဲ ရောက်ရှိပြီးနောက် သူ့ဘေးနားမှ တန်နီစီအိုထံ ကျလာသည်။ “အဲဒါ အမှန်ပဲလား။ ခေါင်းဆောင် တန်နီစီအို။”
ဆိုလန်တွန် စိတ်အေးသွားခဲ့သည်။ သူက လွန်ခဲ့သော သုံးလေးရက်က တန်နီစီအိုအား နေရာကို လက်လျှော့ရန် ဖျောင်းဖျပြီး အကျိုးအမြတ် အများအပြား ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
သို့သော်လည်း ဆိုလန်တွန်အတွက် ထိတ်လန့်ဖွယ်ရာနှင့် ဒေါပွဖြစ်ဖွယ် ဖြစ်စရာပင် ဥယျာဉ်မြို့တော် အလင်းသူရဲကောင်းဗိုလ်ခြေ၏ ခေါင်းဆောင် တန်နီစီအိုက ခေါင်းညိတ်လိုက်သည်။ “မြို့တော်ဝန်ပြောတာ အမှန်ပါပဲ။”
အေးစက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သော ချန်လွေ့က လျို့ဝှက် ပူးပေါင်းကြံစည်မှု အရိပ်အယောင်ကို အနံ့ရလိုက်သည့်အတွက် အသာလေး မျက်မှောင်ကြုတ်လိုက်၏။