← Chapters

ညစကားဝိုင်းနှင့် တကယ့်အယ်လီဇာ

Vol. 42 Ch. 649

ညစကားဝိုင်းနှင့် တကယ့်အယ်လီဇာ

Vol. 42 Ch. 649

သူတို့သုံးယောက်က အတော်လေး လူပြတ်သော နေရာသို့ လမ်းလျှောက် သွားလိုက်သောအခါ ဝတ်ရုံနှင့် ယောက်ျားတစ်‌ယောက်က မြင်ကွင်းထဲ၌ ပေါ်ထွက်လာသည်။ ဂျိုအန်နာက ဝတ်ရုံနှင့်လူကို မြင်လိုက်ရသည့်အခါ အမူအရာက ပျော်ရွှင်မှုများ ပြည့်လျှံသွား၏။ သူက ပေါလ်ကို ဆက်ဆံသကဲ့သို့ အေးအေးစက်စက်မဟုတ်ဘဲ သွက်သွက်လက်လက် နှုတ်ဆက် လိုက်လေသည်။

ဝတ်ရုံနှင့်လူက တစ်ကိုယ်လုံး ဖုံးကွယ်ထားသော်လည်း ချန်လွေ့ကို ထိုသူကို ဆမ်မြူရယ် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။

ဆမ်မြူရယ်ကလည်း ချန်လွေ့ကို မြင်လိုက်ရသည်။ သူက အနည်းငယ် အံ့သြသွားပုံ ရသော်လည်း သူ့ကို ဂျိုအန်နာက ဆွဲခေါ်ပြီး ထွက်သွားလိုက်ကြသည်။

အယ်လီဇာ သံသယ မဝင်ခံရစေရန်အတွက် ချန်လွေ့က တမင်တကာ မေးလိုက်သည်။ “အဲဒီလူက....”

“ခုနက ရှင် သစ္စာဆိုထားတာ မမေ့နဲ့..” အယ်လီဇာက ချန်လွေ့အား အပြင်းအထန် စိုက်ကြည့်လိုက်ပြီး သူပြောတော့မည့်အရာကို “ကြောက်လန့်”သွားစေခဲ့သည်။

“မစ်-အယ်လီဇာ။ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ။”

“ဒီမှာ အရင်ဆုံးစောင့်ကြမယ်။ ဂျိုအန်နာက.....” အယ်လီဇာက ခဏစဉ်းစားလိုက်ပြီး ရုတ်တရက် သိချင်စိတ်ဖြင့် မျက်နှာ နီရဲသွားသည်။ “သူတို့ အတူတူ ဘာလုပ်ကြမယ်လို့ ထင်လဲ။”

ချန်လွေ့က တိတ်တိတ်လေး မျက်လုံးလှန်လိုက်သည်။ အယ်လီဇာလည်း အတွင်းလူ ဟုတ်နေတဲ့ပုံပဲ။ ဒါပေမဲ့ ဒီခေါင်းမာတဲ့ ဆမ်မြူရယ်က ပေါလ်ကို မျှမျှတတ အနိုင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် ဂျိုအန်နာနဲ့ ခိုးရာလိုက်ပြေးဖို့က အခွင့်အရေးနည်းတယ်။

သို့သော်လည်း စုံတွဲငယ်လေးက ပြင်းပြသော အချစ်စိတ်များ ရှိကြသည်။ ယခုတွင် သူတို့က အချိန်အကြာကြီးနေမှ ပြန်လည်စုံစည်းရသည် ဖြစ်ရာ ဟိုတယ်အခန်းထဲ၌ ရင်းရင်းနှီးနှီး အရာများ ပြုလုပ်ကြလောက်ပေသည်။ သို့သော်လည်း ချန်လွေ့က ၎င်းတို့ကို အယ်လီဇာထံ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

“မစ်-ဂျိုအန်နာက အဲဒီမိတ်ဆွေနဲ့ ဘဝမှာ စံပြုစရာတွေဖြစ်တဲ့ အဓိပ္ပာယ်ရှိတဲ့ ကိစ္စတွေကို ဆွေးနွေးနေလောက်တယ်....” ချန်လွေ့က စိတ်ထဲ၌ ထပ်ဖြည့်ပြောလိုက်သည်။ ပြီးတော့ လူသားခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံ အကြောင်းတွေရောပေါ့။

“ရစ်ချက်။ ရှင်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ။” အယ်လီဇာက ရယ်လိုက်သည်။ “ရှင့်ရဲ့ ဝိညာဉ်ဘာသာစကား စွန့်စားခန်းအကြောင်း ပြောပြကြည့်လေ။”

ချန်လွေ့က ရှောင်၍မရတော့ကြောင်း သိသည့်အတွက် ပြောရတော့မည် ဖြစ်သည်။ သူ၏ ခေါင်းထဲ၌ ဇာတ်လမ်းများစွာ ရှိနေပြီး တစ်ခုကို‌ ရွေးလိုက်သည်။ သို့သော်လည်း သေချာ သတိထားသည့်အတွက် ထိုဇာတ်လမ်း၏ ဇာတ်ကွက်က အတော်လေး ပြီးပြည့်စုံနေ၏။ သူက အရေးကြီးသော အခိုက်အတန့်၌ နတ်သူငယ်မ တစ်ယောက်ကို ကယ်တင်ခဲ့သည်။ အန္တရာယ်များ ကြုံတွေ့ခဲ့ရပြီး ထိုနတ်သူငယ်မလေး သေခါနီး ဖြစ်နေချိန်တွင် ဇာတ်လိုက်ဖြစ်သူအား အထူး အမွေအနှစ် နည်းလမ်းကို အသုံးပြုကာ ဝိညာဉ်ဘာသာစကား ပေးအပ်ခဲ့လေသည်။

စွမ်းအားနှင့် မျိုးနွယ် ကွာခြားမှုကြောင့် ဇာတ်လိုက်က ဝိညာဉ်ဘာသာစကား၏ အစိတ်အပိုင်း အသေးလေးကိုသာ အသုံးပြုနိုင်သည်။ ၎င်းက တကယ့် နတ်သူငယ်နှင့် မယှဉ်နိုင်ပေ။ သို့သော်လည်း ဇာတ်လိုက်ဖြစ်သူက မတူညီသော ချဉ်းကပ်မှုတစ်ခုကို အသုံးချပြီး ထိုအစွမ်းဖြင့် ကိုယ်ပိုင် အထူးသားရဲထိန်းကျောင်းအစွမ်းကို ဖန်တီးခဲ့လေသည်။

“အမွေအနှစ် ဟုတ်လား။ ဒီလို ဖြစ်သွားတာလား။” အယ်လီဇာ၏ မျက်လုံးများက ဝိုင်းစက်သွားပြီး နောက်ထပ် ထပ်ပြောသည်။ “အဲဒီ နတ်သူငယ်မလေးက .... လှလား။”

ချန်လွေ့ ခေါင်းညိတ်ပြီး အလျင်အမြန် ထပ်ဖြည့်ပြောသည်။ “ဒါပေမဲ့ မစ်-အယ်လီဇာရဲ့ အလှနဲ့ ယှဉ်မယ်ဆိုရင်တော့ ကွာဟချက်တွေ ရှိနေပါသေးတယ်။”

“တကယ်လား။ ကျွန်မက နတ်သူငယ်ထက် လှတယ်လို့ ပြောတာလား။” အယ်လီဇာက စိတ်လှုပ်ရှားစွာဖြင့် မျက်နှာကို ကိုင်ထားလိုက်ပြီး နတ်သူငယ်မလေးအကြောင်း ဆက်လက် မေးမြန်းတော့သည်။ ချန်လွေ့က မထိန်းထားနိုင်တော့ခင်မှာပင် ရှေ့တွင် ဂျိုအန်နာ၏ပုံရိပ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူက ‌ဘေးနားတွင် ဆမ်မြူရယ်မပါဘဲ တစ်ယောက်တည်း လမ်းလျှောက်လာနေခြင်း ဖြစ်သည်။

“လမ်းကိုသွားပြီး စောင့်နေ။” အယ်လီဇာက ချန်လွေ့ကို ပြောပြီးနောက် ဂျိုအန်နာကို နှုတ်ဆက်လိုက်သည်။

အယ်လီဇာက ရှေ့တက်လာပြီး သူငယ်ချင်းကောင်း၏ လက်မောင်းကို ကိုင်လိုက်သည်။ သူ့နောက် သူ့ဘက်သို့ ဆွဲခေါ်ပြီး တီးတိုးပြောလိုက်သည်။ “အခြေအနေ ဘယ်လိုလဲ။”

ဂျိုအန်နာ၏ မျက်လုံးများက နီရဲနေပုံပေါ်သည်။ သို့သော်လည်း သူ၏ စိတ်အခြေအနေက သိပ်ပြီး မဆိုးလှပေ။ သူက တိုးတိုးလေး ပြန်ဖြေသည်။ “အဆင်ပြေပါတယ်။ ဒီမှာ နင့်ရဲ့ အလုပ်ကိစ္စ ပြီးသွားရင် နဂါးလင်းလက် အင်ပါယာကို ငါ ပြန်မယ်။”

အယ်လီဇာ သိမ့်သိမ့်တုန်သွား၏။ “ဘာလို့လဲ။ နင် သူနဲ့တူတူ နေချင်တာ မဟုတ်လား....”

“သူက ငါ့ကို ပွင့်ပွင့်လင်းလင်း လက်ထပ်ချင်တယ်လို့ ပြောတယ်။ သူက မဟာလက်ဇ်ဆီကို မိသားစုစာတစ်စောင် ပို့ထားပြီးပြီ။ သူက ဒီတစ်ခေါက် အဆုံးအဖြတ်အတွက် ပေါလ်နဲ့ တိုက်ခိုက်မယ်။” ဂျိုအန်နာက မျက်လုံးထဲ၌ ပြတ်သားသော အကြည့်ဖြင့် ခေါင်းခါသည်။ “ငါသူ့ကို ယုံကြည်တယ်။ ဘာတွေပဲဖြစ်ဖြစ် သူနဲ့အတူ ငါ ရင်ဆိုင်မယ်။”

အယ်လီဇာ ခဏလောက် ကြက်သေသေသွားပြီး ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ သူ အောင်မြင်မှာပါ။”

ဂျိုအန်နာက သူငယ်ချင်းကောင်း၏လက်ကိုကိုင်ရင်း ခေါင်းညိတ်လိုက်သည်။

နေဝင်ရီတရောအချိန်၌ ချန်လွေ့က စကားပြော ရယ်မောရင်း အမျိုးသမီးနှစ်ယောက်အား အလင်းစံအိမ်သို့ ပြန်ခေါ်လာသည်။ ဆိုလန်တွန်နှင့် ဝတုတ် သင်းအုပ်ဆရာတို့က သတင်းရခဲ့ပြီး ဂိတ်တံခါး၌ သူတို့ကို လာရောက်ကြိုဆိုကြသည်။

“ဆာ-ဆိုလန်တွန်။ ဥယျာဉ်မြို့တော်ရဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပဲ။ နေ့လယ်ခင်းတုန်းက အတော်လေး အဆင်ပြေခဲ့တယ်။ အဆင်ပြေမယ်ဆိုရင် နောက်ရက်တွေလည်း ရစ်ချက် လမ်းပြပေးရင် ကောင်းမှာပါ။”

“ကိစ္စမရှိပါဘူး။ ဒါက ရစ်ချက်နဲ့ ကျုပ်အတွက် ဂုဏ်ယူစရာပါ။” ဆိုလန်တွန်က မစ်-အယ်လီဇာအား ချန်လွေ့ ကောင်းကောင်း မဧည့်ခံနိုင်မည်ကို စိုးရိမ်နေခဲ့၏။ ထိုစကားများကို ကြားသည့်အခါ သူက အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။

“ဟို...ဆာ-မာနာ။ ရှင်က ရစ်ချက်ကို ရှာတွေခဲ့တဲ့သူ ထင်တယ်။ ရှင့်ရဲ့ အမြင်က တကယ့်ကို ထူးခြားတာပဲ။” အယ်လီဇာက ချိုသာစွာပြုံးရင်း ထပ်ဖြည့်ပြောလိုက်သည်။ “ပြီးတော့ လက်ဆောင်လေးအတွက် ကျေးဇူးတင်ပါတယ်။”

“ဒါ...ဒါကလည်း ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။” မာနာက စိတ်လှုပ်ရှားမှုကြောင့် စကားများ ထစ်ကုန်သည်။ သူက ခေါင်းကို ငုံ့လိုက်ပြီး မျက်နှာဖောင်းဖောင်းပေါ်၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ရစ်ချက်ကို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ရွေးချယ်တာက အမှန်ကန်ဆုံး ရွေးချယ်မှုပဲ။

“ဟုတ်ပြီ။” အယ်လီဇာက အကြောဆန့်လိုက်၏။ “ကျွန်မက ဥယျာဉ်မြို့တော်ကို အပန်းဖြေဖို့ ရောက်လာတာ။ အဲဒါကြောင့် ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘူး။ တစ်နေ့လယ်လုံးလည်း စျေးဝယ်ထွက်ပြီးသွားပြီ။ ပင်ပန်းနေပြီ။ နားခွင့်ပြုပါ။”

အယ်လီဇာနှင့် ဂျိုအန်နာတို့က ကိုယ့်အခန်းထဲဝင်ကာ အနားယူကြသည်။ ချန်လွေ့က တစ်ခုခုစားပြီး ဆုတောင်းခန်းမသို့ သွားလိုက်သည်။ ဒီနေ့ ငါ တစ်နေ့လုံး အလုပ်များနေခဲ့တယ်။ အကြီးအကဲ အလင်းနတ်ဘုရားကို‌တောင် “နှုတ်ဆက်”ဖို့ အခွင့်အရေး မရခဲ့ဘူး။

ဥယျာဉ်မြို့တော်မှ ယုံကြည်မှုစွမ်းအားက ဂူဒန်မြို့မှထက် အရေအတွက်ရော အရည်အသွေးပါ ကောင်းမွန်လှသည်။ ချန်လွေ့က ယုံကြည်မှုစွမ်းအားအကုန်ကို တစ်ခါ နှစ်ခါတည်းဖြင့် မစုပ်ယူနိုင်ပေ။ ထို့ပြင် ဥယျာဉ်မြို့တော်မှ ကျောင်းတော်က လူများသည်။ လိုရမည်ရအနေဖြင့် သူက ညပိုင်းတိတ်ဆိတ်သောအချိန်နှင့် မည်သူမှ မရှိသောအချိန်တို့မှသာ “ပြစ်မှုကျူးလွန်”လေ့ ရှိသည်။ သို့သော်လည်း ထိုအတိုင်းဆိုလျှင် နောက်ထပ် ၂ခေါက် ၃ခေါက် လုပ်ပြီးသည်နှင့် ဥယျာဉ်မြို့တော်မှ အလင်းနတ်ဘုရား၏ ယုံကြည်မှုစွမ်းအား ကုန်ခမ်းသွားမည် ဖြစ်သည်။ မူလအခြေအနေသို့ ပြန်ရောက်ရှိရန်အတွက် အနည်းဆုံး သုံးလေးလခန့် လိုအပ်ပေလိမ့်မည်။

အသူရာက ယုံကြည်မှု အများအပြား စုပ်ယူပြီးသွားပြီ ဖြစ်သည်။ ထိုကိုယ်ပွားက လျို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍ မရနိုင်ပေ။ သူက မပြည့်လျှံနိုင်သော အဆုံးမဲ့တွင်းကဲ့သို့ ဖြစ်နေသော်လည်း ယုံကြည်မှုစွမ်းအားကို ယုံကြည်မှုသလင်းကျောက်အဖြစ် ပြောင်းလဲရန် အချိန်ကြာလွန်းလှသည်။

စူပါစနစ်ရှိ သက်ရှိဂြိုလ်များက ကြယ်ငါးပွင့် ဆင့်ကဲပြောင်းလဲပြီးနောက် ပိုများလားသည်။ ယုံကြည်မှုကျောက်တိုင် များပြားလာသည်နှင့်အမျှ ယုံကြည်မှုစွမ်းအားလည်း တဖြည်ဖြည်း အရှိန်မြန်တိုးလာပြီး ယုံကြည်မှုသလင်းကျောက်များအဖြစ် ပြောင်းလဲလာကြသည်။

ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းပြီးနောက် ကျန်ရှိသော သလင်းကျောက် ၆၀၀၀ နှင့် ဂူဒန်မြို့မှ သလင်းကျောက် ၈၀၀၀ တို့အပြင် ဥယျာဉ်မြို့မှ စနစ်တိုးမြှင့်မှုနှင့် ချေဖျက်မှုတို့ကို ပေါင်းလိုက်လျှင် ချန်လွေ့သည် ယုံကြည်မှုသလင်းကျောက် စုစုပေါင်း ၃၀၀၀၀ကို စုဆောင်းပြီးပြီ ဖြစ်သည်။ ယခုတတစ်ခေါက် ခရီးမှ ယုံကြည်မှုစွမ်းအားကို ပြောင်းလဲပြီးလျှင် စုစုပေါင်းက တစ်သိန်းကျော်သွားမည်ဟု သူ တွက်ဆမိသည်။

ထိုအမြန်နှုန်းက ယခင်နှင့်ယှဉ်လျှင် အတော်လေး မြန်လှသော်လည်း မလုံလောက်သေးဟု ချန်လွေ့ ခံစားမိသည်။ အကယ်၍ သူက ယန်ရှောင်မြို့တော် သို့မဟုတ် နဂါးလင်းလက် အင်ပါယာကဲ့သို့ ပိုကြီးမားသော နေရာများသို့ သွားခဲ့လျှင် အမြန်နှုန်းက နှစ်ဆဖြစ်သွားနိုင်၏။ ထို့နောက်တွင် ယုံကြည်မှုသလင်းကျောက် ၁၀သိန်း စုစည်းပြီး အစ်ဇဘယ်လာထံမှ [အလင်းချေမှုန်းချိပ်ပိတ်] အသက်မဝင်ခင် အမြန်ပြန်နိုင်မည် ဖြစ်သည်။ ယခု အဓိကသော့ချက်မှာ နှင်းဒဲလက်ပန်းပင် ဖြစ်၏။

ချန်လွေ့က အရန် အလင်းစစ်သည်တော် ဖြစ်နေပြီဖြစ်သော်လည်း အလင်းစစ်သည်တော်မှာ ကျောင်းတော်၏ အနိမ့်ဆုံးအဆင့် တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း ယခုမှ သိခဲ့ရသည်။ ယခုတွင် အလင်းနတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှုကြောင့် ကမ်းပါးဖြူ ပိတ်သွားခဲ့သည်။ ချန်လွေ့၏ လက်ရှိ အဆင့်နိမ့်ဖြင့် မဝင်‌ရောက်နိုင်ပေ။ အနည်းဆုံး အလင်းစစ်သည်တော်ကဲ့သို့ အလယ်ဆင့် တိုက်ခိုက်ရေးသမား ဖြစ်ရပေမည်။ သူ၏ အရည်အချင်းအရ အလင်းစစ်သည်တော် မဖြစ်လာနိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အရန် အလင်းစစ်သည်တော်ဟူသော သရုပ်ကို အသုံးချပြီး နတ်ဘုရားကျောင်း စစ်သည်တော်၏ နောက်လိုက်ဖြစ်လာကာ “သခင်”နှင့်အတူ ဝင်ရောက်သွားရန်ပင် ဖြစ်သည်။

“အလုပ်အကွေးပြုဖို့” အလင်းနတ်ဘုရားကျောင်း စစ်သည်တော် ရှာဖွေရတာက အချိန် အတော်လေး ကြန့်ကြာနိုင်တယ်။ ကံကောင်းချင်တော့ တစ်ယောက်ရပြီ။ သူက အလင်းနတ်ဘုရားကျောင်း စစ်သည်တော် မဟုတ်သေးပေမဲ့ သူက လူရွေးပွဲမှာ ဝင်ပါဖို့အတွက် အရည်အချင်း ပြည့်မီတယ်။ အဲဒီက “ချမ်းသာပြီးရုပ်ချောတဲ့” အတန်းဖော် ပေါလ်ပဲ။

ချန်လွေ့က ဆုတောင်းခန်းမထဲ “အနားယူ” (အသူရာ၏စွမ်းအားဖြင့် ယုံကြည်မှု ခိုးယူနေ) နေစဉ် တွေးနေခဲ့သည်။ “အနားယူခြင်း” ပြီးလုနီးပါး ဖြစ်သွေားသောအချိန်၌ သူ၏ခေါင်းထဲတွင် အကြမ်းဖျဉ်း အကြံတစ်ခု ရှိနေလေပြီ။

ဆုတောင်းခန်းမမှ လမ်းလျှောက်ထွက်လာပြီးနောက် သန်းခေါင် ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့က လနှင့်ကြယ်များ ပြည့်နှက်နေသော ညကောင်းကင်ကိုကြည့်ရင်း ပေါလ်နေသော ဥယျာဉ်လမ်းဆုံနောက်မှ အရေးကြီးပုဂ္ဂိုလ် အဆောက်အအုံသို့ တည့်တည့် လျှောက်သွား၏။

သို့သော်လည်း ထိုနေရာသို့ ရောက်သွားစဉ် သူ့နားက ရုတ်တရက် လှုပ်ရှားသွား၏။ သူ၏ ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီးနောက် အမှောင်ထဲ၌ ပုန်းကွယ်သွားခဲ့သည်။

[ တိတ်တဆိတ် ] အစွမ်းကို ချန်လွေ့ အသက်သွင်းလိုက်ရခြင်းမှာ အသံတစ်သံ ကြားလိုက်ရသည့်အတွက် ဖြစ်သည်။ ထိုအသံက အတော်လေး ဝေးလှပြီး အားနည်းသာ မကြည်မလင် ဖြစ်သော်လည်း ချန်လွေ့ထံမှ မဖုံးကွယ်ထားနိုင်ပေ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်မှာ နှစ်ဖက်လုံး၏ အသံများကို ရင်းနှီးနေခြင်းပင်။

ဥယျာဉ်လမ်းဆုံ ထောင့်တစ်နေရာ၌ ပုံရိပ်နှစ်ခုက သစ်ပင်အရှေ့တွင် ရပ်နေကြ၏။ လရောင်အောက်၌ တစ်ယောက်မှာ မိန်းမလှလေး အယ်လီဇာဖြစ်ပြီး အခြားတစ်ယောက်က အရပ်မြင့်မြင့်နှင့် သူ့သူငယ်ချင်း ဂျိုအန်နာ မဟုတ်သော ပေါလ် ဖြစ်နေသည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ သူတို့နှစ်ယောက်က ဒီအချိန်ကြီး လာတွေ့နေတယ်။ တကယ်တမ်း ဘာတွေဖြစ်....

အယ်လီဇာက လေများတိုက်နေသည့်ကြားမှ ဆံပင်ကို ပွတ်သပ်နေလိုက်သည်။ “ကျွန်မပြောတာကို ဘာလို့ မယုံတာလဲ။ အမှန်တရားကို ရင်မဆိုင်ချင်သေးဘူးလား။”

ပေါလ် တိတ်ဆိတ်နေခဲ့ပြီး ဘာမှ မပြောပေ။

“ရှင့်ရဲ့ ဇနီးလောင်းက လျို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်နဲ့ တွေ့ခဲ့ပြီးတော့ သုံးလေးနာရီအကြာမှ ပြန်လာခဲ့တယ်။ သူတို့ ဘာလုပ်လဲဆိုတာ ရှင် မသိချင်ဘူးလား။” အယ်လီဇာက ရယ်လိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး အစွမ်းထက်သည်။ သူက ပတ်ပတ်လည်မှ အရာအားလုံးကို သိနေသည့်အတွက် တစ်စုံတစ်ယောက် ချဉ်းကပ်လာပြီး ခိုးနားထောင်မည်ကို မစိုးရိမ်ပေ။

ပေါလ်၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။

“ဒီတစ်ခေါက် ဥယျာဉ်မြို့တော်ကို ဂျိုအန်နာ ကျွန်မနဲ့ လာခဲ့တာက အဲဒီလူကို တွေ့ဖို့နဲ့ သူက အရာအားလုံးကို ချန်ထားပြီးတော့ အဲဒီလူနဲ့အတူ ထွက်သွားချင်ခဲ့တယ်လို့ ပြောရင်ကော ယုံကြည်မှာလား။”

ပေါလ်၏ ခြေထောက်အောက်မှ မာကြောလှသော ကျောက်ပြားက ရုတ်တရက် အက်ကွဲသွားခဲ့သည်။ သူက ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ “မင်းက သူ့ရဲ့ သူငယ်ချင်းကောင်း မဟုတ်လား။ ဘာလို့ ဒီအကြောင်းတွေ ငါ့ကို ပြောနေတာလဲ။”

“ရှင်နဲ့ မထိုက်တန်ဘူးလို့ ခံစားရရုံပါ။ ပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော်လောင်းက အရှက်ခွဲခံရတာကို မမြင်ချင်ဘူး။” အယ်လီဇာက နှုတ်ခမ်းကို စူလိုက်သည်။ “အဲဒီလူက ဘယ်သူလဲဆိုတာကို ရှင်ခန့်မှန်းမိလောက်ပြီ ထင်ပါတယ်။ ဒါဆိုရင် ရှင့်ကို တိုက်ပွဲတစ်ခုက စောင့်နေတယ်ဆိုတာကို သိလား။ မျှခြေချိန်ညှိချင်တဲ့ အရှင်မင်းကြီးလက်ဇ်က ဒီလိုပွဲကြီးပွဲကောင်းကို မြင်ရတာ အတော်လေး ပျော်နေလိမ့်မယ်လို့ ယုံကြည်တယ်။”

“အဲဒီ ရှုံးနိမ့်သွားခဲ့တဲ့ ဗိုလ်ချုပ်လား။” ‌ပေါလ်က အထင်သေးစွာဖြင့် သရော်ပြုံး ပြုံးလိုက်သည်။ “ငါ သူ့ကို တစ်ခါ အနိုင်ယူပြီးပြီ။ ဒုတိယအကြိမ် တတိယအကြိမ်လည်း အနိုင်ယူနိုင်တယ်။ သူက သူတော်စင်အဆင့် ရောက်သွားနိုင်ရင်တောင် ငါ့ပြိုင်ဘက် ဖြစ်ဦးမှာ မဟုတ်ဘူး။”

“ဂျိုအန်နာနဲ့ ရှင် လက်ထပ်ရရင်တောင် သူ့ရဲ့နှလုံးသားက ရှင်နဲ့ရှိနေဦးမှာ မဟုတ်ဘူး။” အယ်လီဇာက ခေါင်းခါလိုက်သည်။ “တိုက်ပွဲတစ်ခုမှာ အဲဒီပြိုင်ဘက်ကို ရှင် သတ်နိုင်ရင် သတ်နိုင်မယ်။ ဒါပေမဲ့ ဂျိုအန်နာက ရှင့်ကို တစ်သက်လုံး မုန်းတီးနေလိမ့်မယ်။ သူ့ကို မသတ်ရင်လည်း ဂျိုအန်နာက ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရှင်က အရှုံးသမားပဲ။”

အယ်လီဇာ ပြောနေသည်မှာ အမှန်များ ဖြစ်သည့်အတွက် ပေါလ်က အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်ပြီး လက်ဆစ်များ ဖြူသည်အထိ လက်သီးကို ကျစ်ကျစ်ဆုပ်နေသည်။

“ရှင် ဂျိုအန်နာကို လက်ထပ်ချင်တာက သူ့ရဲ့ရုပ်ရည်အပြင် မိသားစုပန်းတိုင်ကြောင့်က ပိုတယ် မဟုတ်လား။” အယ်လီဇာက ကျက်သရေရှိစွာဖြင့် ပေါလ်ထံ လမ်းလျှောက်လာသည်။ “ကျွန်မကို ပြော။ ဘယ်သူပိုလှပဲ။ ဂျိုအန်နာလား။ ကျွန်မလား။”

ပေါလ်က အယ်လီဇာကို ဖျပ်ခနဲကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ပြီး အဖြေတစ်ခု ပေးလိုက်သည်။ “မင်းက ပိုလှတယ်....”

ထိုသို့ပြောပြီးနောက် ပေါလ်က ဥယျာဉ်မှ လှည့်ထွက်သွားလိုက်သည်။

“မရိုးသားတဲ့သူပဲ။” အယ်လီဇာက အပြစ်ကင်းသော အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်အောင် ပြုံးလိုက်ပြီး အမှောင်ထဲ၌ ပုန်းအောင်းနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ “ဒါပေမဲ့ သူက ကစားလို့ ကောင်းတာပဲ မဟုတ်လား။”

All Chapters