မရဏာဘုရင်
Vol. 130 Ch. 1807
ရှီမာယူယူသည် အိပ်ဆောင်စကြာဝဠာသေတ္တာကို ကောက်ယူပြီး အတန် ကြာသည်အထိ ကြည့်လိုက်သည်။ သို့သော် ဘာကိုမှမမြင်ရသဖြင့် နောက်ဆုံး တွင် လက်လျော့လိုက်သည်။
“စဉ်းစားကြည့်တော့လည်း ငရဲပန်းတွေကြားမှာရပ်နေတဲ့ ပုံရိပ်ပဲရှိတယ်၊ ထားလိုက်ပါတော့ သိချိန်တန်ရင်သိလာလိမ့်မယ်” သူမသည် ဘာမှစဉ်းစားမရ သဖြင့် စိတ်ရှုပ်ခံပြီးမစဉ်းစားတော့ဘဲ သေတ္တာကိုသိမ်းလိုက်သည်။
“မင်းက တကယ်ပဲ စိတ်ချမ်းသာလွယ်တာပဲ” သူမကို မြင်သောအခါ ယွမ်ယွမ် ကောက်ချက်ချသည်။
“တစ်ဖက်လူက ဒီပစ္စည်းပို့လိုက်တာက အချိန်တစ်ခုလောက်တော့ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးလို့ ဆိုလိုတာပဲ အရင်တစ်ခေါက်က လူတစ် ယောက်လိုပဲလေ” ရှီမာယူယူသည် မထိတထိပြောလေသည်။
“လူတစ်ယောက် ဟုတ်လား” ယွမ်ယွမ်သည် သူမအား မသင်္ကာသလို ကြည့်သည်။
“အဲတုန်းက ကျွန်မသူငယ်ချင်းက သေတ္တာတစ်လုံးပေးခဲ့တာ ဘဏ္ဍာထိန်းတောင် အံ့ဩသွားတာလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါလည်းအတူတူပဲနေမှပေါ့” မိုကျိ ပြုံးလိုက်သည်။ သူတို့နှစ်ယောက် သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ မျက်လုံးများထဲမှ အဓိပ္ပာယ်ကို သူတို့သာ နားလည်ကြသည်။
ယွမ်ယွမ်သည် သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်ချက်ကို ကြည့်ပြီး မျက်လုံးများ အရောင်အနည်းငယ်လက်သွားပြီး ခေါင်းငုံ့ကာ လက်ဖက်ရည် သောက်ရင်း ပြီးခဲ့သည့်ကိစ္စများကို စဉ်းစားနေလိုက်သည်။ ပြီးနောက် မိုကျိကို ကြည့်ကာ ပြောလေသည် “ဟုတ်သားပဲ တမန်တော်ကိစ္စ… မိုကျိ မင်း ကိုင်တွယ်နိုင်လား”
“ဟင်”
“မိုမျိုးနွယ်သာ ဝင်ပါရင် ကြင်ယာတော်မင်းသမီးက လက်လျော့သွားမှာ ပဲ မင်းကိုယ်တိုင်ဝင်ပါလိုက်ရင် သူတို့မဆန့်ကျင်ရဲပါဘူး” ယွမ်ယွမ် ပြောလိုက် သည်။
“အခုမှပဲ သတိရတော့တယ်” မိုကျိသည် သဲ့သဲ့ပြုံးသည် “ခုနလေးက မင်း သတ္တိတွေကောင်းပါတယ်အောက်မေ့တာ… မင်းက အကုန်လုံးကို အရင် စဉ်းစားထားပြီးသားကိုး”
“မင်းက ငါ့အခြေအနေကို မသိတာလည်းမဟုတ်ဘူး” ယွမ်ယွမ် သက်ပြင်းချသည်။
သူသည် လက်ဖက်ရည်ခွက်ကို တင်းတင်းကိုင်ထားသည်။ သူ သည်တစ် ကြိမ်တွင် မိသားစု၏ သခင်လေးရာထူးကို သေချာပေါက်ယူရမည်။
သေချာပေါက်ကို ယူရမည်။
“မင်းပြောသလိုပဲ အချိန်တစ်ခုလောက်တော့ ဘာပြဿနာမှမရှိဘူးလို့ ငါပြောနိုင်တယ် ဒါပေမဲ့ နောက်ဖြစ်လာမယ့်ကိစ္စတွေကိုတော့ ငါလည်း အာမ,မခံဘူး” မိုကျိ ပြောလိုက်သည်။
“ဟုတ်ပြီ” သူ၏ ဆိုလိုရင်းကို ရှီမာယူယူ နားလည်သည်။ သူသည် ဤကိစ္စကို ယာယီထိန်းချုပ်နိုင်သော်လည်း လုံးဝပြီးပြတ်အောင်တော့ မရှင်းနိုင် ပေ။ နောင်တစ်ချိန် သူ နန်းတော်မှလူများနှင့်တွေ့လျှင် သို့မဟုတ် နန်းတော်သို့ သွားရလျှင် မည်သို့ဖြစ်မည်ကို သူ အာမ,မခံနိုင်ပေ။
ပြီးနောက် သူသည် သူမ ကောင်းဖို့အတွက်လုပ်ခဲ့ခြင်းဖြစ်သည်။ ရန်သူကို ဖြေရှင်းမပေးခြင်းမှာ သူမ ရှေ့သို့တက်ရန် ပို၍တက်ကြွစေနိုင်သည်။
သူမ၏ လက်ရှိအားမှာ နည်းနေတုန်းပင်။ သူမ၏ စွမ်းအားကြီးထွားလာ လျှင် ထိုပြဿနာများကို သူမကိုယ်တိုင်ဖြေရှင်းသွားနိုင်မည်ဖြစ်သည်။
“ဒါဆိုလည်း မနက်ဖြန်သွားကြတာပေါ့” ယွမ်ယွမ် ပြောလိုက်သည် “စောစောသါားလေ ဒီကိစ္စကို မြန်မြန်ဖြေရှင်းနိုင်လေပဲ… မဟုတ်ရင် အဲဒီကို သတင်းရောက်သွားရင် သူတို့လူလွှတ်လိုက်လိမ့်မယ်”
“၁၀ နှစ်… အဲဒါဆို လောက်လား”
“ဟင်” အစပိုင်းတွင် ရှီမာယူယူသည် မတုံ့ပြန်နိုင်ပေ။ နောက်မှသာ သူမ အင်အားကြီးလာရန် ၁၀ နှစ်အချိန်ပေးခြင်းဖြစ်သည်ကို နားလည်လိုက်သည်။
“လောက်တယ်”
၁၀ နှစ်တာကဲ့သို့ ကြာရှည်သောအချိန်မလိုဟု သူမ ထင်သည်။ သို့သော် သူမ ဘာမှမပြောလိုက်ပေ။
“ဒါဆို နောက်မှတွေ့မယ်” မိုကျိ ပြောလိုက်သည် “အဲလောက် မကြာဘူး လို့ ငါယုံတယ်”
“ရှင်က နန်းတော်မှာ သွားနေမှာလား”
“မဟုတ်ဘူး ဒါပေမဲ့ မင်း နန်းတော်ကိုသွားတဲ့အချိန်ဆိုရင်တော့ ငါ အဲဒီမှာ ရှိနေမယ်”
“ဟုတ်ပြီ ဒါဆိုလည်း အဲဒီမှာတွေ့ကြတာပေါ့” သူတို့သည်လည်း ကိုယ့် ကိစ္စကိုယ် အာရုံစိုက်သင့်သည်ဟု ရှီမာယူယူထင်သည်။ သူမ နန်းတော်သို့ သွားလျှင်လည်း သူ သတင်းရမည်ဖြစ်သည်။
မိုကျိနှင့် ယွမ်ယွမ်တို့သည် အလွမ်းသယ်မနေတော့ဘဲ ထွက်သွားကြ၏။ ယွမ်ယွမ်သည် ရောက်သည်နှင့် သူ၏ပြဿနာများကိုရှင်းရမည်။ သူသည် မျိုးနွယ်၏ လုပ်ငန်းကိစ္စများကို ဖြေရှင်းရန်လိုပြီး မိုကျိသည် နန်းတော်ကိစ္စကို ဖြေရှင်းရမည်။ ထို့ကြောင့် သူတို့နှစ်ယောက် ပြန်သွားပြီးနောက်တွင် ရေမိုးချိုး ပြီးသည်နှင့် အပြင်ပြန်ထွက်ကြသည်။
ရှီမာယူယူသည် သူတို့ကို လိုက်ပို့ပြီးသည့်အချိန်တွင် နယ်စားအိမ်တော် ၏ အစောင့်များသည် အလုပ်လုပ်နေကြတုန်းပင်ဖြစ်သည်။ ပျက်စီးသွားခဲ့သော တံခါးကို အသစ်လဲလိုက်ပြီဖြစ်သည်။ ဤတံခါးမှာ အချိန်မည်မျှခံနိုင်မည်ကို သူမ မသိတော့ပေ။
သူမ ခြံဝန်းဆီသို့ပြန်ချိန်တွင် ထင်စန်းနှင့် ထင်စရွှေတို့သည် သူမကို ချက်ချင်းနှုတ်ဆက်ကြသည်။ သူတို့နှစ်ယောက်သည် သူမရှေ့တွင် ဒူးထောက် ပြီး ခေါင်းကိုမြေကြီးနှင့်ထိထားသည်။
“သခင်လေး”
ရှီမာယူယူသည် သူတို့နှစ်ယောက်ကြောင့် အံ့ဩသွားသည်။ သူမသည် သူတို့ကို ကြည့်လိုက်သည် “မင်းတို့နှစ်ယောက်က ဒီနေ့ကိစ္စကြောင့် ဒီလောက် တက်ကြွနေတာလား အဲလောက်တောင် ကြောက်သွားတာလား”
“သခင်မလေး ထင်စန်းနဲ့ထင်ရွှေတို့ရဲ့ အသက်က သခင်မလေးပေးတာပဲ ရှိတော့တာပါ နောက်ဆိုရင် သခင်မလေး မီးတောင်ကိုဖြတ်ခိုင်းတယ်ဆိုရင် တောင် ကျွန်မတို့တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” ထင်ရွှေသည် ပြုံးပြီးပြောလေ သည်။
“မင်းတို့ အဲလောက်ကြီး ချဲ့ကားနေဖို့မလိုပါဘူး ငါက ဘယ်တုန်းက မင်းတို့ကိုကယ်လို့လဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ထူလိုက်သည် “အကုန်အဆင်ပြေတယ် မြန်မြန်ထတော့ မဟုတ်ရင် ငါက မင်းတို့နှစ်ယောက် ကို အခက်တွေ့အောင်လုပ်တယ်လို့ တခြားသူတွေ ထင်ဦးမယ်”
ထင်စန်းနှင့် ထင်ရွှေတို့သည် သူမ ထူသည်နှင့်ထလိုက်ကြသည် “ဒီနေ့က ကိစ္စက သခင်မလေးကြောင့်သာမဟုတ်ရင် ကျွန်မတို့ကို အဲဒီရွံစရာဝပုက ခေါ်သွားတော့မှာ အဲလိုဆိုရင် ကောင်းကောင်းအသက်ရှင်နိုင်ဖို့မဖြစ်နိုင်တော့ ဘူး ဒါက ကျွန်မတို့ အသက်ကိုကယ်တာမဟုတ်ဘူးလား”
“အင်း မင်းတို့အဲလိုစဉ်းစားတာလည်း မဆိုးပါဘူး… အဲလိုဆိုမှတော့ မင်း တို့ ငါ့ကိုစောင့်ကြည့်ပေးကြဦး” ရှီမာယူယူ ပြုံးလိုက်သည် “ငါ တံခါးပိတ် ကျင့်ကြံရင် ဘယ်သူမှဝင်မလာအောင် လုပ်ပေး သိတယ်မလား”
“သိပါတယ် သခင်ပြန်လာရင်ရော…”
“အဖေဆိုရင်တော့ မတူတော့ဘူးလေ… ပြီးတော့ အဖေလည်း သတင်း ရရင်ပြန်လာမယ်ထင်တယ် သတ္တုကြောကိစ္စက အဆင်ပြေလားမသိဘူး”
ရှီမာယူယူ သက်ပြင်းချလိုက်သည်။ သူမသည် မုရုန်ဟွေ့ကို ပြဿနာများ ပေးသည်ဟု ခံစားရသည်။
“အဖေပြန်လာရင် ငါ့ကိုလာပြောလိုက်… တစ်ယောက်ယောက် ပြဿနာ လာရှာတယ်ဆိုလည်း ငါ့ကိုလာပြော… ပြီးတော့ သုန်းမျိုးနွယ်အခြေအနေကို လူလွှတ်ပြီးစောင့်ကြည့်ခိုင်းထား”
“ဟုတ်ကဲ့ပါ သခင်မလေး”
ရှီမာယူယူသည် အိမ်ထဲကိုဝင်သွားပြီးနောက် မကျင့်ကြံသေးဘဲ အိတ်ဆောင်စကြာဝဠာသေတ္တာကိုထုတ်ပြီး ကြည့်လိုက်သည်။
သို့သော် သူမ မည်မျှပင်ကြည့်စေကာမူ စဉ်းစားစေကာမူ စိတ်ထဲတွင် ပုံရိပ်တစ်ခုသာရှိသည်။
“ယူယူ ငါက ပြဿနာဖြစ်အောင် လုပ်လိုက်မိပြီလား” မဟူရာသည် သူမ၏လက်မှ ခေါင်းထောင်လာပြီး သူမအား အပြစ်မကင်းစွာဖြင့် ကြည့်လိုက် သည်။ အစောက ထောင်လွှားမှုများမရှိတော့ပေ။
“ဘာမှမဖြစ်ဘူး” ရှီမာယူယူသည် သူ၏ခေါင်းကို လက်ချောင်းဖြင့် ပွတ် ပေးလိုက်သည် “မင်းက ငါ့ကိုကယ်တုန်းက အရမ်းကို လွှမ်းမိုးနိုင်တာပဲ ငါ အရမ်းကြိုက်တယ်”
“တကယ်လား” မဟူရာသည် ပျော်ရွှင်သွားကာ အမြီးလေးကို ယမ်းလေ သည်။
“တကယ်ပြောတာ… သွား အမည်းလေးနဲ့ သွားဆော့နေလိုက် ငါ ကျင့်ကြံလိုက်ဦးမယ်” ရှီမာယူယူသည် ထောင့်တွင် တစ်ဦးတည်းကစားနေ သော အမည်းလေးကိုကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်ကဲ့”
မဟူရာသွားပြီး အမည်းလေးကိုခုန်အုပ်လိုက်ရာ ထိုပုံရိပ်နှစ်ခု လုံးထွေး သွားသဖြင့် ဘောလုံးလိမ့်နေသကဲ့သို့ဖြစ်နေသည်။
ပြီးနောက်တွင် အမည်းလေးသည် မဟူရာရောက်သည်ကို စစ်ဆေးပြီး သည်နှင့် အရုပ်နှင့်သွားပြန်ကစားလေသည်။
ရှီမာယူယူသည် ပြုံးပြီး အိပ်ရာသို့လာကာ စတင်ကျင့်ကြံတော့သည်။
သို့သော် သူမ အာရုံစိုက်လိုက်ချိန် ကျင့်ကြံခြင်းအဆင့်သို့မရောက်ခင်တွင် နီရဲသောပန်းခင်းကြီးတစ်ခုမှာ စိတ်ထဲတွင်ပြန်ပေါ်လာသည်။
“မင်း တကယ်ပဲ ဒီကိုလာနိုင်သွားတာပဲ” အသံတစ်သံသည် သူမ အနောက်မှထွက်ပေါ်လာရာ လှည့်လိုက်သည်နှင့် ပုံရိပ်ခပ်ရေးရေးကို တွေ့ လိုက်ရသည်။
“ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။
ပုံရိပ်သည် သူမဆီသို့ ချဉ်းကပ်လာပြီး သူမ၏ခန္ဓာကိုယ်ကို နမ်းရှုံ့ကာ ပြောလေသည် “ကစဥ့်ကလျားချီပဲ မင်းက ဒီမတိုင်ခင်ကစဥ့်ကလျားကမ္ဘာကို ရောက်ခဲ့တာပဲ အဲဒါကြောင့် ဒီကိုရောက်လာတာ”
ကစဥ့်ကလျားကမ္ဘာ ဟုတ်လား။
ရှီမာယူယူသည် ထိုအချိန်ကို ပြန်အမှတ်ရသွားသည်။ သူမသည် နေရာ တစ်ခုကိုရောက်သွားကာ မိုရှားမှပြန်ခေါ်လာခဲ့ရသည်။
သူမ ထိုနေရာသို့ပြန်ရောက်သွားသည် သို့မဟုတ် ပြန်ပြီးအဆက်အစပ်ရှိ လိမ့်မည်ဟု ထင်မထားပေ။ အချိန်အတန်ကြာပြီးနောက်တွင် သူမအပေါ်တွင် သက်ရောက်မှုရှိနေလိမ့်ဦးမည်ဟု ထင်မထားပေ။
ပုံရိပ်သူမရှေ့တွင် ရပ်သွားသည်ကိုကြည့်ပြီး ထပ်မေးလိုက်သည် “ရှင်က ဘယ်သူလဲ ဒီနေရာကဘယ်မှာလဲ”
အသံနှင့်ပုံရိပ်သည် သူမကို နှစ်ပတ်မျှပတ်ပြီး ပြောလေသည် “မရဏာ လောကကနေ ကြိုဆိုပါတယ် ငါက မရဏာဘုရင် ဟေးဒီးစ်ပဲ”
***