မမျှော်လင့်ထားသောပြောင်းလဲမှု။ ဂျိုအန်နာ၏ ကပ်ဘေး
Vol. 42 Ch. 655
အခန်းထဲမှ ချန်လွေ့ ထွက်သွားပြီးနောက် အယ်လီဇာက ပြောလိုက်သည်။ “သူက လက်အောက်ငယ်သားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီစကား ပြောဖို့က စောလွန်းတယ် မဟုတ်လား။ ရှင်က နတ်ဘုရားကျောင်းစစ်သည်တော် သေချာပေါက် ဖြစ်လာမယ်လို့ ထင်လား။”
ပေါလ်၏အပြုံးမှ ယုံကြည်ချက်ကိုမြင်ပြီး အယ်လီဇာက အနည်းငယ် ခေါင်းခါလိုက်သည်။ “ရှင့်ရဲ့အစွမ်းက သူတော်စင်အဆင့် ရောက်နေပြီ။ ရှင့်ရဲ့ဆရာက ရှေးသူရဲကောင်း ခေါင်းဆောင်။ ဒါက အတော်လေးကို ယုံကြည်ချက်ရှိစရာပါ။ ဒါပေမဲ့ ကိစ္စတွေက မတည်မြဲတတ်ဘူးဆိုတဲ့ ရှေးစကားလည်း ရှိတယ်နော်။”
“မင်းက တကယ် ဘာကို ဆိုလိုတာလဲ။” ပေါလ်က မျက်မှောင်ကြုတ်လိုက်သည်။
“ကမ်းပါးဖြူက စည်းကမ်းတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။” အယ်လီဇာက မတ်တပ် ရပ်လိုက်သည်။ “အကြွင်းမဲ့စွမ်းအားက အရာအားလုံးကို လှန်လျောနိုင်ပေမဲ့ ရှင့်ရဲ့စွမ်းအား တချို့စည်းမျဉ်းတွေကို ပြန်ပြင်ဖို့ မလုံလောက်ဘူး။ ရှင့်ရဲ့ဆရာ ပါဆာလီတောင် တချို့ စည်းမျဉ်းတွေကို မဖောက်ဖျက်နိုင်ဘူး။ ရှင့်ရဲ့ဉာဏ်ပညာနဲ့ဆိုရင် ကျွန်မ ထပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။”
ပေါလ်၏မျက်နှာ မည်းမှောင်သွားခဲ့သည်။ “မင်းက ငါ့ကို ခြိမ်းခြောက်နေနတာလား။”
“အထင်မလွဲပါနဲ့။ ကျွန်မက အမှန်ကို ပြောပြနေရုံပါ။” အယ်လီဇာ အကြောက်တရားမရှိဘဲ ပေါလ်ကို တည့်တည့် ကြည့်နေလိုက်သည်။ “ရှင်က ဆာ-ပါဆာလီရဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် အလုပ်မဖြစ်မှာ သေချာတယ်။ ရှင် ကိုယ့်အနေအထားကို စဉ်းစားရမယ်။ မဟုတ်ရင် အနှေးနဲ့အမြန်ပဲ စည်းမျဉ်းကြောင့် သုတ်သင်ရှင်းလင်းခံရလိမ့်မယ်။”
ထိုသို့ပြောပြီးနောက် အယ်လီဇာက ပြုံးလိုက်ပြန်သည်။ “အရင်တစ်ခေါက် ကျွန်မ အကြံပေးခဲ့တဲ့ ကိစ္စကို ..... ရှင် စိတ်ဆုံးဖြတ်ပြီးပြီလား။ ရှင်က အပေါ်ယံမှာ မောက်မာတဲ့ပုံစံ ပေါက်ပေမဲ့ ပါးနပ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ရှင် ဘာမှ မပြောခဲ့ပေမဲ့ စိတ်ထဲမှာ လေးလေးနက်နက် တွေ့ခဲ့မှာပါ။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို သံသယ မဝင်ပါနဲ့။ ကျွန်မက အာရုံခံ ပါရမီအကြောင်း ရစ်ချက်ကို မလိမ်ခဲ့ဘူး။ ရှင် တုံ့ဆိုင်းနေတယ်ဆိုတာ ကျွန်မ သိတယ်။ ဒီမှာ တတိယူ မရှိဘူးဆိုတော့ ကျွန်မ ရှင်းရှင်းပဲ ပြောလိုက်မယ်။ လိုမန်မိသားစုက အလယ်တန်းစား မိသားစုတစ်ခုပဲ။ ရှင်က အခွင့်အရေးနဲ့ လေ့လာဖို့အတွက် အဓိကထားပြီးတော့ ဆာ-ပါဆာလီရဲ့ တပည့် ဖြစ်လာခဲ့တာ။ ဒုတိယအနေနဲ့ ရှင် သိဒ္ဓိအလင်းတောင်ရဲ့ အာဏာစွမ်းအားကို သုံးပြီးတော့ ရှင့်ရဲ့မိသားစုအင်အားကို ဖြန့်ကျက်ချင်တာ။ ဒါက ဂျိုအန်နာကို ရှင် ပိုးပန်းနေရတဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ။ ဟုတ်တယ်မလား။ သူက မိသားစုရဲ့ သမီးကြီးလည်း ဟုတ်တယ်။ မောင်လည်း မရှိဘူး။ အားလုံး အဆင်ပြေသွားမယ်ဆိုရင် ဖီးလစ်မိသားစုတစ်ခုလုံးက အနာဂတ်မှာ ရှင့်လက်ထဲက ရုပ်သေးတစ်ခု ဖြစ်လာမယ်။ သိဒ္ဓိအလင်းတောင်ရဲ့ အကူအညီနဲ့ဆိုရင် လိုမန်မိသားစုကို နဂါးလင်းလက် အင်ပါယာရဲ့ ထိပ်တန်းမိသားစုဖြစ်လာအောင် လုပ်ပေးနိုင်တယ်။”
ပေါလ် မျက်ခုံးပင့်လိုက်ပြီး အယ်လီဇာက လေသံပြောင်းသွားခဲ့သည်။ “ဒါပေမဲ့ ရှင် စဉ်းစားပြီးပြီလား။ ရှင်လိုချင်တာတွေ ပြီးမြောက်သွားရင်တောင် ရှင်က ဘုရင့်လက်ထဲက နယ်ရုပ်တစ်ရုပ် ဖြစ်နေဦးမှာပဲ။ ပြီးတော့ သိဒ္ဓိအလင်းတောင်နဲ့ ပတ်သက်မှုက ရှင့်ကို သံသယတွေ ဝင်လာစေနိုင်တယ်။ တစ်နေ့ကျရင် ဘုရင်စိတ်ပြောင်းသွားတာနဲ့ ရှင်ကြိုးစားခဲ့တာတွေ အားလုံး ပျောက်ကွယ်သွားမှာ။ ရှင့်ရဲ့ စိတ်မကောင်းတကောင်းကို ဘေးဖယ်ထားပြီးတော့ အမှန်ကန်ဆုံး ရွေးချယ်မှုကို လုပ်သင့်တယ်။”
နောက်ဆုံး၌ ပေါလ်က ရှင်းပြသည်။ “ငါ့အတွက် လင်းလက်နဂါးအင်ပါယာနဲ့ ကျောင်းတော်ကို ရွေးချယ်စရာ ဘာမှ မကွာခြားဘူး။ အနည်းဆုံးတော့ လင်းလက်နဂါး အင်ပါယာမှာ ဘုရင်တစ်ပါးပဲ ရှိတယ်။ ပြီးတော့ ကျောင်းတော် ကစားပွဲမှာ အင်အားကြီးတဲ့ သူတွေ အများကြီးပဲ။ သူက ပမွှားလေးတစ်ယောက်ပါ။ အဲဒါကြောင့် ကျောင်းတော်ကို လောင်းကြေးအားလုံး ပုံမထပ်နိုင်ဘူး။”
“အခုထိ သဘောမပေါက်သေးဘူးလား။ ကျောင်းတော်ရဲ့အမြင်မှာတော့ ရှင့်နောက်မှာ ဘုရင် ရှိနေတယ်။ မဟာလက်ဇ်ရဲ့ မျက်လုံးထဲမှာတော့ ရှင်က ကျောင်းတော်အဖွဲ့ဝင် တစ်ယောက်ပဲ။ ရှင်က အဲဒီအချိန် နှစ်ဖက်လုံးကို မကျေနပ်စေရုံပဲရှိမှာ။ ရှင်က နိမ့်ကျတဲ့ နယ်ရုပ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမဲ့ ရှင့်က ရည်မှန်းချက် ကြီးမားတဲ့လူတစ်ယောက်ပဲ။ ဒီလိုမျိုး အန္တရာယ်များတဲ့ အခြေအနေက ရှင်နဲ့ လိုမန်မိသားစု အင်အားကြီးလာတာနဲ့အမျှ သိသာထင်ရှား လာလိမ့်မယ်။ ဒီတစ်ခေါက် ရှင်နဲ့ ဆမ်မြူရယ်ကြားက ပြိုင်ပွဲကို မဟာလက်ဇ်ကိုယ်တိုင် ကျင်းပပေးမယ်ဆိုတဲ့ သတင်းကိုလည်း ရှင်ကြားလောက်ပါတယ်။ ဒါက တစ်ခုခုကို ရှင်းပြနိုင်ဖို့ လုံလောက်တယ်လို့ ယုံကြည်တယ်။”
ပေါလ်၏ နဖူးပေါ်မှ ချွေးတစ်စက် ကျလာသည်။ သူက အမြဲပင် ဆင်ခြင်တွက်ဆ နေခဲ့သော်လည်း သူဝင်ပါသွားခဲ့တဲ့ အချိပန်ကို သေသေချာချာ မမြင်နိုင်ခဲ့ပေ။ အယ်လီဇာ၏ စကားလုံးများက သူ့ကို လှုပ်နိုးလိုက်သလို ဖြစ်သွားသည်။ သူက အမှန်တကယ်ကို ကိစ္စများကို သေသေချာချာ မစဉ်းစားမိခဲ့ပေ။
“အခု နိုးထဖို့ နောက်မကျသေးဘူး။” အယ်လီဇဦက ပေါလ်၏ အတွေးများကို မြင်လိုက်သည်။ “ရှင် ကျောင်းတော်ကို လက်လျှော့ပြီးတော့ နဂါးလင်းလက်အင်ပါယာကိုပဲ လောင်းကြေးထပ်ချင်လည်း ရတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်။ မဟာလက်ဇ်ရဲ့ သံသယလွန်ကဲမှုကြောင့် ဒါက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေလိမ့်မယ်။ သူက ရှင့်ကို ယုံကြည်ရင်တောင် အရေးကြီးဆုံးဖြစ်တဲ့ သိဒ္ဓိအလင်းတောင်နောက်ခံ ဆုံးရှုံးသွားတဲ့ ရှင့်ကို တခြားသူတွေက တန်ဖိုးထားကြဦးမှာလား။ ကျွန်မ အတင့်ရဲပြီးတော့ ခန့်မှန်းလိုက်မယ်။ အဲဒီအချိန် ဖီးလစ်မိသားစုရဲ့ ပထမဆုံးတုံ့ပြန်မှုက စေ့စပ်မှုကို ပယ်ဖျက်လိုက်မှာပဲ...”
ပေါလ်က ပင့်သက်ရှိုက်လိုက်သည်။ “မင်းပြောချင်တာက သိပ်မကြာခင် အလင်းနတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်တော့မယ်။ အဲဒီမတိုင်ခင် ငါက ဆုံးဖြတ်ချက်တစ်ခု ချရမှာပေါ့။”
“ရှင် ဆုံးဖြတ်ချက် ချပြီးသွားတဲ့ပုံပဲ။” အယ်လီဇာက ပြုံးလိုက်သည်။ “ကမ်းပါးဖြူမှာ ဂိုဏ်းခွဲတွေ အများကြီးရှိပေမဲ့ အဓိကအဖွဲ့သုံးခုက လွှမ်းမိုးထားတယ်။ ကောင်းကင်တမန်ကို ကိုယ်စားပြုတဲ့ ပုပ်ရဟန်းမင်း အဖွဲ့က အဖွဲ့သုံးခုရဲ့ ခေါင်းဆောင်ပဲ။ နောက်မှာက ဂိုဏ်းအုပ်နှစ်ယောက်ဖြစ်တဲ့ ပက်စ်မီအာနဲ့ ကျွန်မရဲ့ဆရာ ယူဒိုရာတို့ ရှိနေမယ်။ ပုပ်ရဟန်းမင်း အဖွဲ့မှာ လူတော်တွေ အများကြီး ရှိတယ်။ ကျွန်မရဲ့ဦးလေးဖြစ်တဲ့ ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာနဲ့ တရားသူကြီးချုပ် စီးယပ်စ်တို့က အဓိက ထိန်းချုပ်သူနှစ်ယောက် ဖြစ်ပြီးတော့ အတွင်းရေး အပြိုင်အဆိုင်က အတော်လေး ပြင်းထင်တယ်။ ရေဖျန်းဘုန်းတော်ကြီး ဘျာမင်ဂန်က ပက်စ်မီအာ လက်အောက်မှာရှိတဲ့ နောက်ထပ်အဖွဲ့တစ်ခုပဲ။ ဆိုလန်တွန်နဲ့ သေသွားတဲ့ မာနာတို့က အဲဒီအဖွဲ့ကပဲ။ သိပ်မကြာခင်နှစ်တွေထဲမှာ သူတို့အာဏာက အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြန့်ကျက်လာခဲ့တယ်။ နောက်ဆုံးတစ်ခုကတော့ သိဒ္ဓိမိန်းမပျို လက်အောက်မှာရှိတဲ့ ရေဖျန်းဘုန်းတော်ကြီး ဂရာလင်ပဲ။ တခြားအဖွဲ့တွေနဲ့ယှဉ်မယ်ဆိုရင် သိဒ္ဓိမိန်းမပျို အဖွဲ့က ပိုပြီးတော့ သိုသိုသိပ်သိပ်နေတယ်။ ပြီးတော့ ရှင့်ရဲ့ဆရာ ပါဆာလီအကြောင်း ပြောရဦးမယ်။ သူက အမှန်တရားကို ကာကွယ်ပြီးတော့ အလင်းကို သစ္စာခံထားတဲ့ စစ်မှန်တဲ့ ရှေးသူရဲကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒါကြောင့်ပဲ သူက သစ္စာခံတာကို စွဲလမ်းနေပြီးတော့ လိုက်လျောညီထွေ မနေတတ်တော့ အဖွဲ့တိုင်းနီးပါးကို ရန်ပြုမိထားတယ်။ အဲဒါကြောင့် သူ့အခြေအနေက သိပ်ပြီးတော့ မလွယ်ကူဘူး။ ရှင့်ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဘယ်အဖွဲ့က အသင့်တော်ဆုံးလဲဆိုတာကို သိလောက်မှာပါ။”
ပေါလ်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။ “သိဒ္ဓိမိန်းမပျို အဖွဲ့က အသိုသိပ်ဆုံးနဲ့ အားအနည်းဆုံး ဖြစ်ပေမဲ့ ခွဲထုတ်လို့မရတဲ့ အဓိကအဖွဲ့တစ်ခုလည်း ဟုတ်တယ်။ လိုမန်မိသားစုက နောက်ခံ ကြီးကြီးမားမား မရှိဘူး။ တခြားအင်အားစုနှစ်ခုကို ရွေးလိုက်မယ်ဆိုရင် အပြိုင်အဆိုင်တွေ များတဲ့အတွက် တန်ဖိုးထားခံရမှာ မဟုတ်ဘူး။ ဦးဆောင်ခွင့်တောင် ရလောက်မှာ မဟုတ်ဘူး။ ဒီတော့ ငါ့မှာ ရွေးစရာ အများကြီး မရှိဘူး။”
“ပါးနပ်တဲ့သူတွေနဲ့ စကားပြောရတာ လွယ်တာပဲ။” အယ်လီဇာက လေးနက်သွား၏။။ “ဒါဆိုရင် ကျွန်မ ရှင့်ကို နောက်ဆုံး တစ်ခု မေးမယ်။ ရှင် တကယ် စိတ်ဆုံးဖြတ်ပြီးပြီလား။”
ပေါလ်က ပြတ်သားသောအမူအရာတစ်ခု ပြသပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ သိဒ္ဓိမိန်းမပျိုက ဒီလိုမျိုး အလားအလာရှိတဲ့ လူတော်တစ်ယောက် ဝင်လာတာကို ပျော်နေမှာပဲ။ ကျွန်မ ရှင့်ကို နည်းနည်း သတိပေးလိုက်မယ်။ သိဒ္ဓိမိန်းမပျို အဖွဲ့က သိုသိုသိပ်သိပ်နေပေမဲ့ ကျွန်မတို့နောက်မှာရှိတဲ့ ဆာ-ရာဖယ်ရယ်က အထီးကျန်ချင်တဲ့ ဉာဏ်ပညာကြီးမားတဲ့ တမန်တော်တစ်ပါးပဲ။”
ပေါလ်က ငတုံးတစ်ယောက် မဟုတ်ပေ။ ရော်ဂျာ၏ တူမဖြစ်သူက မည်သည့်အတွက် သိဒ္ဓိမိန်းမပျိုအဖွဲ့သို့ ဝင်ချင်ကြောင်း စသည့် ရူးကြောင်ကြောင်း မေးခွန်းများကို သူ မမေးခဲ့ပေ။ အမှန်တကယ်၌ အယ်လီဇာ သူ့ကို တန်ဖိုးထားရခြင်းမှာ “ရှေးသူရဲကောင်းခေါင်းဆောင်း၏ တပည့်”ဟူသော ဂုဏ်ပုဒ်နှင့် သက်ဆိုင်နေကြောင်း သူ သိနေသည်။ သိဒ္ဓိမိန်းမပျိုအဖွဲ့က ပါဆာလီနှင့် ကျက်သရေဆောင်စစ်သည်တော်ကို သိမ်းသွင်းရည် ရည်ရွယ်ထားပုံရဿည်။ ယုတ်စွအဆုံး ၎င်းက အပြင်လောကကို အနည်းငယ် အချက်ပြနိုင်၏။ ထိုအရာက သိဒ္ဓိမိန်းမပျို နောက်ကွယ်မှ အလင်းနတ်ဘုရားလက်အောက်ရှိ တမန်တော်၏ ရေရှည်အစီအစဉ်အတစ်ခုနှင့် သက်ဆိုင်နေနိုင်၏။
အယ်လီဇာ၏ ယခင် လေ့လာဆန်းစစ်မှုများက ကွက်တိပင်ဖြစ်ပြီး ပေါလ်ကို ကိစ္စ အများအပြား မြင်နိုင်စေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သိဒ္ဓိမိန်းမပျိုအဖွဲ့က သူနှင့် လိုမန်မိသားစုအတွက် အကောင်းဆုံးအဖွဲ့ပင် ဖြစ်လေသည်။
နောက်ဆုံး၌ ပေါလ်က စိတ်ပိုင်းဖြတ်လိုက်ပြီး အယ်လီဇာကို ဦးညွှတ်လိုက်သည်။ “ဒါဆိုရင် မိန်းကလေး။ ကျုပ်ကို နောက်ကျရင် ဂရုစိုက်ပေးပါ။”
အယ်လီဇာက သိဒ္ဓိမိန်းမပျို၏ တိုက်ရိုက် တပည့်ဖြစ်ပြီး သူက သိဒ္ဓိမိန်းမပျိုကို အလုပ်အကျွေးပြုရန် စိတ်ပိုင်းဖြတ်ထားသည့်အတွက် အယ်လီဇာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိရပေမည်။
“ရှင်က ဘာလို့ ယဉ်ကျေးနေရတာလဲ။ ကျွန်မတို့ရဲ့ ပတ်သက်မှုက အနာဂတ်မှာ ပိုပြီးတော့ နီးကပ်လာတော့မှာ။ ဒီလိုမျိုး ဝေးနေလို့ မရဘူး။” အယ်လီဇာက ပန်းတစ်ပွင့်ကဲ့သို့ ပြုံးလိုက်သည်။ “ဒါပေမဲ့ ဒီမတိုင်ခင်တော့ ရှင့်ရဲ့ စိတ်ဆုံးဖြတ်မှုကို လုပ်ရပ်နဲ့ သက်သေပြရမယ်။”
“လုပ်ရပ်နဲ့လား။”
“ရှင်က မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်ဆိုတော့ နဂါးလင်းလက် အင်ပါယာမှာ ရှင့်ရဲ့ နဂိုအစီအစဉ်ကို ပြောင်းလဲသင့်တယ် မဟုတ်လား။ ဥပမာအနေနဲ့ ပြောရရင် ဖီးလစ်မိသားစုနဲ့ လက်ထပ်ပွဲကိုပေါ့။”
ပေါလ်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။ “မင်း ပြောချင်တာက...”
အယ်လီဇာက ပြုံးပြပြီး ပေါလ်နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ “ရှင့်ရဲ့ စိတ်ပိုင်းဖြတ်မှုကို တကယ် သက်သေပြဖို့အတွက် ဂျိုအန်နာကို သတ်စေချင်တယ် ဆိုရင်ကော။”
ပေါလ် ထိတ်လန့်သွားခဲ့သည်။ အယ်လီဇာက မိမိ၏ ဇနီးလောင်းလည်းဖြစ်၊ သူ၏ အကောင်းဆုံးသူငယ်ချင်းလည်းဖြစ်သော ဂျိုအန်နာကို သတ်ခိုင်းမည်ဟု ပေါလ် မထင်ထားခဲ့ပေ။ ထိုကောင်မလေး၏ မျက်နှာပေါ်၌ အပြစ်ကင်းပြီး ချစ်စရာကောင်းသော အပြုံးကို မြင်ရသည့်အခါ ပေါလ်က ကြက်သီးထသွားတော့သည်။
“သက်သေပြဖို့အတွက် ဒီလိုလုပ်မှ ရမယ်ဆိုရင်....” ပေါလ်၏ အသက်ရှူသံက အနည်းငယ် တိုတောင်းနေခဲ့သည်။ သူ၏မျက်လုံးများက ခံစားချက်များ ရှုပ်ထွေးစွာဖြင့် ရောယှက်နေ၏။ သူက စိတ်နှစ်ခွ ဖြစ်နေဟန်တူပြီး နောက်ဆုံး၌ အံကြိတ်လိုက်သည်။ “...ငါကိုယ်တိုင် ဂျိုအန်နာကို အဆုံးသတ်ပေးမယ်။”
“ဟားဟား...” အယ်လီဇာက တိုးတိုးလေး ရယ်လိုက်သည်။ ထိုရယ်သံက အခြားအဓိပ္ပာယ်များ ပြည့်နှက်နေခဲ့သည်။ ခဏကြာပြီးနောက် ရယ်သံက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ “တကယ်တော့ ခုနက သက်သက်နောက်တာပါ။ ဒါပေမဲ့ ရှင်က ကျွန်မကို ကျေနပ်စေခဲ့တယ်။ ကျွန်မရဲ့ စမ်းသပ်ချက်ကို အောင်မြင်သွားပြီ။ ယန်ရှောင်မြို့တော်ဆီကို ပြန်ပြီးသွားတာနဲ့ ကမ်းပါးဖြူကို အမြန်ဆုံးပြန်ပြီးတော့ သိဒ္ဓိမိန်းမပျိုကို သတင်းပို့ပေးမယ်။ သိဒ္ဓိမိန်းမပျိုနဲ့ ရှင့်ရဲ့စွမ်းအားနဲ့ဆိုရင် နတ်ဘုရားကျောင်းစစ်သည်တော် ဖြစ်လာဖို့က သေချာသလောက်ပဲ။ အဲဒီအချိန် ရှင်က နတ်ဘုရားကျောင်းစစ်သည်တော် ဂုဏ်ပုဒ်ကို အသုံးချပြီးတော့ နဂါးလင်းလက်အင်ပါယာမှာ ရှင့်မိသားစုရဲ့ အင်အားကို ချဲ့ထွင်လို့ရတယ်။ မဟာလက်ဇ်တောင် အတိုင်းအတာတစ်ခုအထိ ဟန့်တားခံရမှာပဲ။”
ပေါလ်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူက ဂျိုအန်နာကို ပိုးပန်းရခြင်းမှာ အကျိုးအမြန်များအတွက် အဓိကဖြစ်သော်လည်း ဂျိုအန်နာ၏ အလှတရားကို အမြဲပင် စွဲလမ်းနေခဲ့သည်။ ခုနက ဆုံးဖြတ်ချက်ချလိုက်ခြင်းမှာ အတော်လေး ခက်ခဲခဲ့သည်။ သို့သော်လည်း အနာဂတ်နှင့် ရည်မှန်းချက်အတွက် အခြားသူကို ကြိုက်နေသော ဂျိုအန်နာကို မပြောနှင့် သူ့ကို သဘောကျနေသောသူကိုပင် အရေးစိုက်နိုင်မည် မဟုတ်ပေ။
“ဒီတစ်ခေါက် ယန်ရှောင်အင်ပါယာကို ရှင်ပြန်ပြီးရင် မိသားစုဘက်ခြမ်းကနေ ဘာမှ မလှုပ်ရှားနဲ့။ လိုအပ်တဲ့ကိစ္စတွေကို ကိုင်တွယ်ပြီးရင် ကမ်းပါးဖြူဆီ အမြန်ဆုံးလာခဲ့။ ရှင့်ရဲ့ သစ္စာရှိ လက်အောက်ခံကို ခေါ်လာဖို့ မမေ့နဲ့။ သူ့ရဲ့ ဝိညာဉ်ဘာသာစကား ပါရမီကို ကျွန်မ အတော်လေး စိတ်ဝင်စားတယ်။ အားလုံး အဆင်ပြေခဲ့ရင် ရှင့်ရဲ့ပြိုင်ဘက် ပေါ်လာမှာ မဟုတ်ဘူး။”
ပေါလ်က အလွန်အံ့သြသွား၏။ “ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ဂျိုအန်နာက သူနဲ့ “ခိုးရာလိုက်ပြေး”သွားလို့ပဲ။ ဒါက ခမ့်လော့ မိသားစုနဲ့ ဖီးလစ်မိသားစုကို ထိခိုက်စေနိုင်သလို ရှင့်ရဲ့ အနာဂတ်ဖွံ့ဖြိုးမှု အစီအစဉ်တွေကိုလည်း အကျိုးရှိစေနိုင်မယ်။”
ပေါလ်၏ သံသယဝင်နေသော မျက်နှာကို မြင်သည့်အခါ အယ်လီဇာက ထိုင်ချလိုက်ပြီး အကြောဆန့်လိုက်၏။ “ပြောပြမယ်။ ဂျိုအန်နာ အစောကြီး ပြန်သွားတာက ကျွန်မပေးခဲ့တဲ့ အကြံကြောင့်ပဲ။ ဒါပေမဲ့ ကျွန်မက အလင်းစစ်သည်တော်ကို နဂါးလင်းလက်အင်ပါယာရဲ့ နဂါးနီမြို့တော်ဆီ မပြန်ခိုင်းဘဲနဲ့ မုန်တိုင်းကျွန်းကို သွားခိုင်းခဲ့တာ။ ဒီမှာရှိတဲ့ ဆိပ်ကမ်းက မုန်းတိုင်းကျွန်းနဲ့ သိပ်မဝေးဘူး။ ခရီးစဉ်အတိုင်းဆိုရင် သူက ပင်လယ်နားကို ရောက်နေလောက်ပြီ.....”
“ဘယ်လို။ မုန်တိုင်းကျွန်း ဟုတ်လား။” ပေါလ်က ထိတ်လန့်သွားခဲ့သည်။ မုန်တိုင်းကျွန်းက ဥယျာဉ်မြို့တော် တောင်ဘက်ရှိ အန္တရယ်များသော ပင်လယ်နယ်မြေအတွင်း တည်ရှိသည်။ ၎င်းက လူသားလောကမှ အန္တရာယ်အများဆုံး နေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။ ၎င်းထဲ၌ မရေမတွက်နိုင်သော အန္တရာယ်များ ရှိနေသည်။ တိုင်တန်တစ်မျိုးတည်းကပင် သူတော်စင်အဆင့် ပုဂ္ဂိုလ်များကို ဝေးဝေးနေနေစေသည်။
ကိုယ်ပျောက်ပြီး ခိုးနားထောင်နေသော ချန်လွေ့လည်း အံ့အားသင့်သွားသည်။ ဂျိုအန်နာ ထွက်သွားစဉ်က သူလည်း ရှိနေခဲ့သည်။ ထိုကဲ့သို့ ဖြစ်သွားမည်ဟု သူ မထင်ထားခဲ့ပေ။ ထိုကဲ့သို့ အပြစ်ကင်းနေဟန်တူသော မိန်းမလေး၏ လျို့ဝှက်ကြံစည်မှုနှင့် ရက်စက်မှုက ထင်ထားသည်ထက် ကျော်လွန်နေပြီး ချန်လွေ့၏ သတ်ဖြတ်ချင်စိတ်များကို မြင့်တက်လာစေ၏။