← Chapters

အမြန်သွားကယ်ခြင်း

Vol. 42 Ch. 656

အမြန်သွားကယ်ခြင်း

Vol. 42 Ch. 656

အခန်းထဲ၌ အယ်လီဇာ၏အသံ ဆက်လက် ထွက်ပေါ်လာသည်။

“အစကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မနည်းနည်း စိတ်မသန့် ဖြစ်နေတာ။ ဒါပေမဲ့ ရှင်က ဂျိုအန်နာကို ကိုယ့်လက်နဲ့သတ်ဖို့ သဘောတူခဲ့တယ်ဆိုတော့ ကျွန်မ စိတ်မသန့်တာက ဂျိုအန်နာအတွက်ပဲ ဖြစ်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်မရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပဲလေ။ အဲဒါကြောင့် ကျွန်မကိုယ်တိုင် မလှုပ်ရှားရက်ဘူး။ အဲဒီအစား သူ့ကို မုန်တိုင်းကျွန်းဆီ သွားခိုင်းခဲ့တာ။ အသက်ရှင်ဖို့ အခွင့်အရေးတော့ ရှိပါသေးတယ်။”

စိတ်မသန့်ကြောင်း ပြောနေသောလည်း အယ်လီဇာ၏ မျက်နှာပေါ်၌ စိတ်မသန့်သည့် အမူအရာ မရှိသည့်အတွက် ပေါလ် သိမ့်သိမ့်တုန်သွား၏။ မုန်တိုင်းကျွန်းမှ အန္တရာယ်များနှင့် ဆိုလျှင် ဂျိုအန်နာအတွက် မပြောနှင့်၊ ပေါလ်ကိုယ်တိုင် သွားလျှင်ပင် အသက်ရှင်နိုင်ရန် ခက်ခဲပေသည်။

ယခုတစ်ခေါက်တွင် ပေါလ်၏ အတွင်းရေး ဒွဟဖြစ်မှုများက ယခင်က နည်းပါး၏။ သူက ကျင့်သားရနေပြီ ဖြစ်သည်။ အယ်လီဇာက မိမိကို လုံးဝ မယုံကြည်သေးကြောင်း သူ ကောင်းကောင်း သိသည်။ ဂျိုအန်နာကို သတ်ခိုင်းခြင်းကို သူ၏အပြန်လမ်းကို ဖြတ်တောက်ရန်နှင့် စိတ်ပျော့မည်ကို ရှောင်ရှားရန် ဖြစ်သည်။

“ဒါနဲ့ နေ့လယ်တုန်းက မုန်တိုင်းကျွန်းမှာ ဂျိုအန်နာ ပိတ်မိနေတယ်လို့ ဆမ်မြူရယ်ကို လူလွှတ်ပြီး ပြောခိုင်းလိုက်တယ်။ ကျွန်မ ရထားတဲ့ သတင်းအရဆိုရင် သူက ဂျိုအန်နာကို အမြန်ကယ်ဖို့ ချက်ချင်း ထွက်သွားခဲ့တယ်။ ဒါက စိတ်ရှုပ်စရာတစ်ခုကို ရှင်းဖို့အတွက် ရှင့်ကို ကူညီပေးလိုက်သလိုပဲ။” အယ်လီဇာ၏ မျက်လုံးများ အရောင်လက်သွား၏။ “ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ အဖွဲ့တူ အချင်းချင်း အနေနဲ့ ဒါက လုပ်သင့်တဲ့ကိစ္စ တစ်ခုပါပဲ။”

ချန်လွေ့၏နှလုံးသား နစ်မွန်းသွားခဲ့သည်။ သူက ဆက်မနားထောင်တော့ဘဲ အခန်းထဲမှ တိတ်တဆိတ် ထွက်သွားလိုက်သည်။ သူက ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် အယ်လီဇာနှင့် ပေါလ်တို့၏ ယုံကြည်မှုကို ရရှိခဲ့ပြီး သိပ်မကြာခင်တွင် ကမ်းပါးဖြူသို့ ရောက်နိုင်တော့မည် ဖြစ်သည်။ အယ်လီဇာကို အလောတကြီး သတ်လိုက်ခြင်းက ပိုကြီးမားသော အစီအစဉ်ကို ပျက်စီးစေရုံသာ ဖြစ်စေလိမ့်မည်။ ပထမ ဦးစားပေးက စုံတွဲအား အန္တရာယ်မှ ကူညီပေးရန် ဖြစ်ပေသည်။

ချန်လွေ့က ကျောင်းတော်မှ ချက်ချင်း တွက်ခွာပြီး လူစီအာကို သွားရှာသည်။ ချန်လွေ့၏ လက်အောက်ငယ်သား ဖြစ်သည့်အလျောက် သူက ထိုအချိန်အတောတွင်း ကျောင်းတော်၌သာ နေနေရစ်ခဲ့သည်။ သို့သော်လည်း သူက သတင်းအမျိုးမျိုး ရရှိရန်အတွက်လည်း ဥယျာဉ်မြို့တော်ထဲ၌ လျှောက်သွားတတ်သည်။

ချန်လွေ့က လူစီအိုနှင့် တွေ့သောအခါ သူ့ဘေးနားတွင် ရင်းနှီးသော တစ်စုံတစ်ယောက် ရှိနေကြောင်း မြင်လိုက်ရသည်။ ထိုသူက သံမဏိဒိုင်း ကြေးစားအဖွဲ့ခေါင်းဆောင် အီနာ ဖြစ်လေသည်။

သူတို့သုံးယောက်က လူပြတ်သော လမ်းကြားတစ်ခု၌ တွေ့ဆုံနေကြသော်လည်း အီနာက ဘေးဘီဝဲယာ သေသေချာချာ သတိထားကြည့်နေဆဲ ဖြစ်သည်။ ထို့နောက် သူက တစ်ခုခုကို ထုတ်ပြီး ချန်လွေ့ကို ကမ်းပေးလိုက်သည်။

“ရှင့်ကို ဆမ်မြူရယ် ပေးခိုင်းလိုက်တယ်။ ဘာလို့လဲဆိုတာတော့ မသိဘူး။” အမျိုးသမီး ကြေးစားက အသေအချာပင် စိတ်ရှုပ်ထွေးနေခဲ့သည်။ အမှန်တကယ်၌ ဆမ်မြူရယ်က “ရစ်ချက်” နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးတစ်ခု ရှိနိုင်ကြောင်း တောင်နေလူပုများ၏ မြေထူရဲတိုက်ထဲ၌ ခံစားမိခဲ့သည်။ သို့သော်လည်း ထို့နောက် ဖြစ်ခဲ့သော ပြဿနာများကြောင့် လမ်းခွဲကြသည့်အခါ သူ၏ သံသယများ ပြေပျောက်သွားခဲ့သည်။

မမျှော်လင့်ဘဲနှင့် ဆမ်မြူရယ်က ယမန်နေ့ ဥယျာဉ်မြို့တော်မှ အမြန်မထွက်သွားခင် အီနာကို တစ်ခုခု ပေးခဲ့လေသည်။ သူက ၎င်းကို ကျောင်းတော်နှင့် ပူးပေါင်းသွားသော “ရစ်ချက်”အား ပေးရန် ပြောခဲ့သည်။

ထိုအရာက အမျိုးသမီး ကြေးစား၏ စိတ်ထဲမှ သံသယကို ပိုတိုးလားစေပြန်သည်။ ယမန်ညက အိမ်ယာတစ်ခု၌ ကျောင်းတော်နှင့် သက်ဆိုင်သော လုပ်ကြံမှုတစ်ခု ရှိခဲ့သည့်အတွက် မြို့တော်ဝန် ခရော့က ဇစ်မြစ်မသိသူများကို ရှာဖွေရန်အတွက် ညလုံးပေါက် ရှာဖွေခိုင်းသည်။ ယခုတွင် မြို့တော်က စစ်အုပ်ချုပ်ရေးအမိန့်အောက်၌ ရှိနေသေးသည်။ ကျောင်းတော်ကလည်း တံခါးပိတ်ထားပြီး ယုံကြည်သူများနှင့် အပြင်လူများ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ အီနာက ယနေ့ လူစီအိုကို မရှာတွေ့ခင်က ချန်လွေ့နှင့် ဆုံတွေ့နိုင်ရန် အခွင့်အရေး လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။

ချန်လွေ့က ရှည်လျားသော အထုတ်ကို ယူပြီး ဖွင့်ကြည့်သည်။ အတွင်းထဲ၌ သူ ဆမ်မြူရယ်ကို တိုက်ခိုက်ခဲ့စဉ်က ကျိုးပဲ့သွားခဲ့သော ဓားကျိုးတစ်ချောင်း ရှိနေသည်။

ဆမ်မြူရယ်က ချန်လွေ့ကို ထိုဓားပေးရန် အီနာအား အကူအညီ တောင်းခဲ့ခြင်းမှာ နှုတ်ဆက် တောင်းပန်သည့်သဘော ဖြစ်သည်။ အကြောင်းမှာ ငွေသူရဲကောင်းက ယခုတစ်ခေါက် မုန်တိုင်းကျွန်းမှ ပြန်လာနိုင်မည် မဟုတ်သည့်အတွက် အရှင်မင်းသား အာသာအား ဆက်လက် သစ္စာမခံနိုင်တော့မည် မဟုတ်တော့၍ ဖြစ်ပေသည်။

“ဒီတစ်ခေါက် သူ ဘယ်သွားမလဲဆိုတာ မင်း သိလား။” ချန်လွေ့က မေးသည်။

အီနာက ခေါင်းခါပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောသည်။ “သူ မပြောသွားဘူး။ ထူးဆန်းတဲ့ စကားတွေပဲ ပြောခဲ့တာ။ ဒါပေမဲ့ .... သူက အတော်လေး အန္တရာယ်များတဲ့အရာ တစ်ခုခုကို လုပ်တော့မယ်လို့ ခံစားရတယ်။”

“မိန်းမတွေရဲ့ အလိုလိုသိစိတ်က အတော်လေး တိကျတယ်လို့ ပြောရမယ်။” ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ဒီကောင်က သေဖို့ဆုံးဖြတ်ပြီး ထွက်သွားခဲ့တာပဲ။”

ဆမ်မြူရယ်က ချန်လွေ့ကို အကူအညီ မတောင်းခဲ့ပေ။ မုန်တိုင်းကျွန်းမက စစ်မှန်သော သူတော်စင်အဆင့်များအတွက်ပင် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ သူက ချစ်ရသော အမျိုးသမီးအတွက် “အရှင်မင်းသား”အပေါ် သစ္စာခံထားခြင်းကို မဖြည့်ဆည်းနိုင်တော့ပေ။ သူက အရှင်မင်းသားအား မည်သို့ အန္တရာယ် ကျရောက်စေမည်နည်း။

ထိုစကားများက အီနာကို ထိတ်လန့်သွားစေ’။ “သူ ဘယ်သွားလဲဆိုတာ ရှင်သိလား။”

“ကြေးစားတစ်ယောက်အနေနဲ့ မင်းက တာဝန်ပြီးသွားပါပြီ။” ချန်လွေ့က ခေါင်းခါသည်။ “ကျန်တဲ့ကိစ္စကို စိတ်ပူစရာ မလိုပါဘူး။”

“ဒါတာ တာဝန် မဟုတ်ဘူး။” အီနာက ‌ဒေါသထွက်နေသော အမူအရာ ပြသလိုက်သည်။ “ရှင်နဲ့သူက ဘယ်လို ပတ်သက်မှုရှိတာလဲ ကျွန်မ မသိဘူး။ ဒါပေမဲ့ သူ့ကို ဂရုစိုက်တဲ့ မိတ်ဆွေ တစ်ယောက်အနေနဲ့ အမှန်တရားကို သိပိုင်ခွင့် ရှိတယ်။ သူက ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်နေရတာလဲ။”

ချန်လွေ့က အီနာ၏ ခံစားချက် ပြင်းထန်နေသော အမူအရာကို ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။ သူက ခဏစဉ်းစားပြီး ပြောသည်။ “ငါက ဘာလို့ သံမဏိဒိုင်းကာကြေးစားအဖွဲ့နဲ့ တမင် လမ်းခွဲခဲ့တာလဲဆိုတာ သိလား။ ဘာလို့လဲဆိုတော့ မင်းတို့ကို မနာကျင်စေချင်လို့ပဲ။ ဝင်ပါဖို့ မကြောက်ဘူးဆိုရင်တော့ မင်း သေချာ ပြင်ဆင်ထားရမယ်။ အနည်းဆုံးတော့ သံမဏိဒိုင်းကြေးစားအဖွဲ့နဲ့ ပတ်သက်လို့ မရဘူး။ ပြီးတော့ တစ်ဘဝလုံး အမည်မသိ လူတစ်ယောက်လို နေဖို့တောင် လိုအပ်နိုင်တယ်...”

အီနာက ထိုကဲ့သို့ အကျိုးဆက်များကို မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့် ချန်လွေ့က ထပ်ပြောသည်။ “ငါ တစ်ခုပဲ ပြောပြမယ်။ သူက ဒီတစ်ခေါက် ချစ်ရတဲ့ အမျိုးသမီးကို ကယ်တင်ဖို့အတွက် အသက်ကို စွန့်စားနေတာ။ မင်းဝင်ပါချင်သေးတာ သေချာရဲ့လား။”

အီနာ ထိတ်လန့်သွား၏။ သူ၏ ခံစားချက်ပြင်းထန်နေသော အမူအရာက နောက်ဆုံး၌ တည်ငြိမ်သွားပြီး မျက်လုံးများက စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားလေသည်။

“သွားတော့။ သူက မင်းကို ယုံကြည်မှုတော့ မင်းကို ငါ ဘာမှ မလုပ်တော့ဘူး။ ဒါပေမဲ့ ဒီနေ့ကိစ္စအပါအဝင် ဒီအရာကိုပါ မင်း မေ့ရမယ်။” ချန်လွေ့က လက်ထဲမှ ဓားကျိုးကို မြှောက်ပြပြီး လူစီအိုကို ခြေရိပ်လက်ရိပ် ပြလိုက်သည်။ သူတို့က ရှေ့သို့ လမ်းလျှောက်သွားပြီး အီနာကို နေရာတွင်ပင် ကြောင်တောင်တောင် ချန်ထားရစ်ခဲ့သည်။

လမ်းကြားမှ ထွက်လာပြီးနောက် ချန်လွေ့က လူစီအိုကို ပြောသည်။ “မုန်တိုင်းကျွန်း အကြောင်း မင်း ဘယ်လောက်သိလဲ။”

“ဆမ်မြူရယ်က မုန်တိုင်းကျွန်းကို သွားတယ်လို့ ပြောချင်တာလား။” လူစီအို ထိတ်လန့်သွားခဲ့ပြီးနောက် ပြန်ဖြေသည်။ “ဥယျာဉ်မြို့တော် တောင်ဘက်မှာရှိတဲ့ သော်ရ်ဆိပ်ကမ်းကနေ စမယ်ဆိုရင် မုန်တိုင်းပင်လယ်နယ်မြေကို ရောက်နိုင်မယ်။ တကယ်လို့ မြန်မယ်ဆိုရင်တော့ ၂ရက်လောက်ကြာမယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကြေးစားတာဝန်တစ်ခု လုပ်နေတုန်း ပင်လယ်နယ်မြေကို ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအနားကို မကပ်ရဲခဲ့ဘူး။”

“အခု မုန်တိုင်းကျွန်းကို သွားမယ်ဆိုရင် မင်း သွားရဲလား။”

လူစီအို ထိတ်လန့်သွားပြန်သည်။ သူက ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးနောက် အံကြိတ်လိုက်၏။ “သခင်ကြောင့်သာ မဟုတ်ရင် ကျုပ်က သေလုနီးပါး အမှိုက်ကောင် ဖြစ်နေဦးမှာပဲ။ ကျုပ်က သခင့်နောက်လိုက်နေမှတော့ ကျုပ်ရဲ့အသက်ကို သခင့်ဆီ ပေးထားပြီးပါပြီ။ မုန်တိုင်းကျွန်းကို သွားဖို့မပြောနဲ့။ နတ်ဆိုးဘုံကို သွားဖို့ဆိုရင်တောင် ကျုပ် တုံ့ဆိုင်းမှာ မဟုတ်ပါဘူး။”

ချန်လွေ့က နောက်ဆုံးစကားကြောင်း အံ့သြသွားခဲ့သည်။ ထို့နောက် သူက ပြုံးသည်။ “နတ်ဆိုးဘုံ....စိတ်မပူပါနဲ့။ ဒီတစ်ခေါက် မုန်တိုင်းကျွန်းကိုသွားတာက မင်းကို မသေစေနိုင်ဘူး။ ချက်ချင်း ငါးဖမ်းလှေငယ်တစ်စင်း ရှာလိုက်။ သေချာမှတ်ထား။ စုတ်လေ ပိုကောင်းလေပဲ။ အကူတွေ အထောက်အပံ့တွေ ဘာမှ မပါရဘူး။ အိုး။ နောက်တော့ ပင်လယ်နယ်မြေ မြေပုံတစ်ခုလည်း လိုတယ်။”

“ငါးဖမ်းလှေ ဟုတ်လား။” လူစီအိုက နားကြားမှားသည်ဟု ထင်လိုက်မိသည်။ “သခင်။ ကျုပ်တို့က အနည်းဆုံး ပင်လယ်သင်္ဘောတစ်စင်းနဲ့ သင်္ဘောသားတချို့ လိုအပ်တယ် မဟုတ်လား။ မုန်တိုင်းပင်လယ်နယ်မြေက ကုန်းတွင်းမြစ်တစ်ခု မဟုတ်ဘူး။”

“ငါ ပြောသလိုသာ လုပ်။ မြန်လေ ကောင်းလေပဲ။” ချန်လွေ့က ခဏစဉ်းစားလိုက်သည်။ “ပြီးတော့ ငါက သိပ်မကြာခင် ဥယျာဉ်မြို့တော်ကနေ ထွက်သွားတော့မှာ။ ပြီးရင် နဂါးလင်းလက် အင်ပါယာကိုသွားမယ်။ ပြီးရင် ကမ်းပါးဖြူဆီ သွားမယ်။ အဲဒီအချိန် ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်မလဲ မသိဘူး။ အဲဒါကြောင့် မင်း အရင်ဆုံး တစ်ခေါက်တော့ “သေ”ရမယ်။ ပြီးရင် မင်း ပြဿနာမတက်အောင်လို့ သရုပ်အသစ်တစ်ခု ပြောင်းလဲရမယ်။”

“ဟမ်...” လူစီအို ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူက တုံ့ပြန်လိုက်ပြီး ထပ်မမေးဘဲ အရိုအသေပြုကာ ခေါင်းငုံ့လိုက်၏။

ငါ့စွမ်းအားက “ရစ်ချက်”လို သူတော်စင်အဆင့်အတွက် ပမွှားလေးပဲ။ ဒါပေမဲ့ ငါ မော့ကြည့်ရတဲ့ ဒီလို အစွမ်းထက်ပုဂ္ဂိုလ်က ငါ့ကို ဘေးကင်းဖို့အတွက် အသေးစိတ်လေးကိုတောင် စဉ်းစားပေမးယ်။ သက်သေကို သတ်တဲ့ နည်းလမ်းတွေ မသုံးခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက တကယ့်ကို နောက်လိုက်ဖို့ ထိုက်တန်တဲ့ သခင်တစ်ယောက်ပဲ။

၂နာရီကြာပြီးနောက် မြို့တော်ဝန် ခရော့ခ်က ကျောင်းတော်၏ အရန် အလင်းစစ်သည်တော် “ရစ်ချက်”သည် သုံးဘလော့၌ အမည်မသိ လူများကြောင့် လုပ်ကြံခံရပြီး ဒဏ်ရာအပြင်းအထန်ရထားကြောင်း ကင်းလှည့်များမှ အရေးပေါ်သတင်း ရရှိခဲ့သည်။ သူ၏ လက်အောက်ခံ လူစီအိုက မမျှော်လင့်ဘဲနှင့် သေဆုံးသွားခဲ့၏။

မြို့‌တော်ဝန်၏နှလုံးသား တင်းကြပ်သွားခဲ့သည်။ ပုံမှန်အားဖြင့် သူက အရန် အလင်းစစ်သည်တော်တစ်ယောက် ဒဏ်ရာရသည်ကို စိုးရိမ်စရာ မလိုအပ်ပေ။ သို့သော်လည်း ရေဖျန်းဘုန်းတော်ကြီး၏တူမနှင့် သိဒ္ဓိမိန်းမပျို၏ တပည့်ဖြစ်သူ အယ်လီဇာ လုပ်ကြံခံရခြင်းက မနေ့က ရနံ့မွှေးအိမ်ယာထဲ၌ ဖြစ်သွားခဲ့သည်။ ရလာဒ်အနေဖြင့် အယ်လီဇာက အပြင်းအထန် ဒဏ်ရာရသွားပြီး ဂူဒန်မြို့မှ သင်းအုပ်ဆရာ မာနာက လုပ်ကြံခံရပြီး သေဆုံးသွားခဲ့သည်။ ထိုအဖြစ်အပျက်က သူ့ရာထူးကို ထိခိုက်စေနိုင်၏။ ထိုကဲ့သို့ အထိမခံသော အချိန်အတွင်း ဒုတိယ လုပ်ကြံမှုတစ်ခုက ကျောင်းတော်ထဲ၌ ဖြစ်ပျက်ခဲ့လေသည်။

လုပ်ကြံမှုနှစ်ခုက အတော်လေး နီးကပ်ဆက်နွှယ်နေပြီး တစ်ဖွဲ့တည်းက ပြုလုပ်ခြင်း ဖြစ်နိုင်လောက်သည်။ ထို့နောက် ရစ်ချက်က အယ်လီဇာကို မနေ့က အရေးကြီး အခိုက်အတန့်၌ သတိပေးခဲ့သူဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ သူ့ကို အယ်လီဇာက ကျေးဇူးတင်နေပြီး သူက နဂါးလင်းလက်အင်ပါယာမှ ထိပ်တန်းပါရမီရှင်ဖြစ်ပြီး ရှေးသူရဲကောင်းခေါင်းဆောင်၏ တပည့်လည်းဖြစ်သော ပေါလ်၏ လက်အောက်ခံလည်း ဖြစ်သွားခဲ့သည်။

တောက်။ ဒီလူတွေအားလုံးက ငါ အာခံလို့မရတဲ့ သူတွေပဲ။ မြို့တော်ဝန်က ငိုမိတော့မလို ဖြစ်သွားသည်။ သူက အလျင်အမြန်ပင် အခင်းဖြစ်ရာနေရာသို့ နှစ်သိမ့်ပေးရန်သွားပြီး ဒဏ်ရာအပြင်းအထန် ရနေသော “ရစ်ချက်”အား ကုသပေးသည်။ ထို့အချိန်၌ ဆိုလန်တွန်နှင့် ပေါလ်တို့ ဦးဆောင်သော ကျောင်းတော်မှ လူများလည်း ရောက်လာကြသည်။

“ဆာ-ပေါလ်”

ချန်လွေ့က ပင်ပန်းနေသော အမူအရာတစ်ခု ပြသလိုက်သည်။ သူက အားတင်း၍ ထားလိုက်တော့မည့်အချိန် ပေါလ်က ထောက်ထား‌ပေးလိုက်သည်။ “ရစ်ချက်။ မင်းရဲ့ဒဏ်ရာ ဘယ်လိုနေလဲ။ အခုပဲ ငါမင်းကို သိဒ္ဓိမှော်ပညာနဲ့ ကုသပေးမယ်။”

ဘေးဖက်မှ မြို့တော်ဝန်က ကြည့်နေရင်း တိတ်တိတ်လေး ကြောက်သွားသည်။ ပေါလ်နဲ့ ရစ်ချက်က ပုံမှန်မဟုတ်ဘဲ ပတ်သက်မှုတစ်ခု ရှိနေတဲ့ပုံပဲ။ ကံကောင်းချင်တော့ ဒီအချက်ကို ငါ သတိလက်လွတ် မဖြစ်ခဲ့ဘူး။

ချန်လွေ့က တိတ်တိတ်လေး သရော်ပြုံး ပြုံးလိုက်၏။ ပေါလ်က အကျိုးအမြတ်အတွက် ချစ်ရတဲ့အမျိုးသမီးကိုတောင် ကိုယ့်လက်နဲ့သတ်နိုင်တဲ့ ရက်စက်တဲ့သူ တစ်ယောက်ပဲ။ ဒါက သိမ်းသွင်းနိုင်ဖို့အတွက် သက်သက်ပဲ။ သို့သော်လည်း ချန်လွေ့က ရင်ထဲထိသွားသော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ “ရပါတယ်။ ဆာ-ပေါလ်။ မြို့‌‌တော်ဝန် ခရော့က ကျုပ်ကို ကုသဖို့ တစ်ယောက်ယောက်ကို ပြောထားတယ်။ အခု ကျုပ် အဆင်ပြေသွားပါပြီ။ ကျုပ် သုံးလေးရက်လောက် အနားယူပြီးရင် အဆင်ပြေသွားမှာပါ။ တစ်ခုပဲ...ကျုပ်ရဲ့အစေခံ လူစီအိုက လုပ်ကြံသူရဲ့ အဆိပ်ဓားမြှာင်နဲ့ ထိသွားပြီးတော့ သူ့ရဲ့ အလောင်းတောင်....”

“တကယ် ဘာဖြစ်သွားခဲ့တာလဲ။” ပေါလ်က မျက်မှောင်ကြုတ်လိုက်ပြီး ချန်လွေ့က [ ရုပ်ဖျက်ခြင်း ] သုံး၍ ဖန်တီးထားသော ဒဏ်ရာကို ကြည့်လိုက်သည်။

“မသိဘူး။ အလင်းစံအိမ်ကနေ ထွက်လာပြီးတော့ ကျုပ်က လူစီအိုကိုရှာပြီး ထွက်ခွာဖို့အတွက် တစ်ခုခု ပြင်ဆင်ခိုင်းခဲ့တယ်။ ရုတ်တရက်ကြီး ကျုပ်ကို လုပ်ကြံသူ တစ်ဖွဲ့က အလစ်တိုက်ခိုက်ခဲ့တယ်။ မိုးကြိုးငှက်ကသာ ကျုပ်ကို သတိမပေးခဲ့ရင် ကျုပ် သေသွားပြီ။ ဒီလုပ်ကြံသူတွေက မနေ့ညက အိမ်ယာမှာ ဖြစ်ခဲ့တဲ့ လုပ်ကြံမှုက လူတွေနဲ့ ဆက်နွှယ်နေနိုင်တယ်။”

ချန်လွေ့ လုပ်ကြံခံရခြင်းတွင် မျက်မြင်သက်သေ အများအပြား ရှိပေသည်။ သို့သော်လည်း ထိုလမ်းသွားလမ်းလာများ မြင်လိုက်ရသည်မှာ အသူရာ ဖန်တီးထားခဲ့သော ပုံရိပ်ယောင်များ ဖြစ်သည်။ တကယ့် လူစီအိုက ရုပ်ပြောင်းပြီး သော်ရ်ဆိပ်ကမ်းသို့ ထွက်သွားခဲ့လေပြီ။

“ဒါက မနေ့ညတုန်းက အယ်လီဇာကို သတိပေးခဲ့တဲ့အတွက် လက်စားချေတာများလား။” ပေါလ်က လက်သီးဆုပ်လိုက်ပြီး ချန်လွေ့၏ ပုခုံးကို အသာလေး ပုတ်လိုက်သည်။ “အဲဒီ အစေခံက အလကားသက်သက် မသေခဲ့ပါဘူး။ ဒီကိစ္စကို ငါ သေချာပေါက် မကျေဘူး။ အယ်လီဇာရဲ့ ဒဏ်ရာက ပြန်မကောင်းသေးဘူးဆိုတော့ ငါ ဒီမှာ နောက်ထပ် သုံးလေးရက် နေရဦးမှာပဲ။ မင်း အေးအေးဆေးဆေး ဒဏ်ရာတွေ ပြန်ကုသပြီးတော့ ငါနဲ့အတူ နဂါးလင်းလက် အင်ပါယာဆီ ပြန်လိုက်လာလို့ရတယ်။”

“ဟုတ်ကဲ့ပါ။ ဆာ....”

ကျောင်းတော်သို့ ပြန်ရောက်သော် ဆိုလန်တွန်က ချန်လွေ့ နလန်ထူရန်အတွက် သန့်စင်ပြီး အေးချမ်းသော အခန်းတစ်ခု ပြင်ဆင်ပေးသည်။ အယ်လီဇာက သူ့ကို အထူးတလှယ် လာရောက်လည်ပတ်၏။ အတိအကျပြောရလျှင် ထိုအချိန်၌ အယ်လီဇာက ချန်လွေ့ထံ လာရောက်လည်ပတ်ခြင်း မဟုတ်ဘဲ အသူရာထံ ဖြစ်လေသည်။

ချန်လွေ့က ကျောင်းတော်၌ ကြယ်အမှတစ်ခု ထားထားခဲ့သည်။ သူက ထိုနေရာ၌ အသူရာကို “နလန်ထူရန်”ထားခဲ့ပြီး ယုံကြည်မှုစွမ်းအား ဆက်လက် စုပ်ယူစေခဲ့သည်။ ထိုအချိန်တွင် သူကတော့ သော်လ်ဆိပ်ကမ်းသို့ အပြေးသွားနေလေသည်။

All Chapters