မုန်တိုင်းပင်လယ်နယ်မြေ
Vol. 42 Ch. 657
ချန်လွေ့က ဝတ်ရုံဝတ်ထားပြီး သော်ရ်ဆိပ်ကိမ်းသို့ ရောက်လာသောအခါ ရုပ်ဖျက်ထားသော လူစီအိုက လှေငယ်လေးတစ်စင်း ရရှိထားပြီး ဆိပ်ကမ်း၌ အကာအရံများကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။ သူတို့က အချိန်မရွေး ထွက်ခွာရင် အဆင်သင့် ဖြစ်နေကြ၏။
ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ လှေပေါ်၌ မရင်းနှီးသော မိန်းကလေး တစ်ယောက် ရှိနေခြင်းပင်။ သူက အသွင်းအပြင် ပြောင်းလဲထားသော်လည်း ချန်လွေ့က တစ်ချက် ကြည့်လိုက်ရုံဖြင့် အီနာဖြင့်ကြောင်း မှတ်မိလေသည်။
ချန်လွေ့က လူစီအိုကို ကြည့်လိုက်သည့်အခါ လူစီအိုက ရှက်ရွံ့လျက် ခေါင်းငုံ့လိုက်သည်။
“ဒါက လူစီအိုရဲ့ အပြစ် မဟုတ်ပါဘူး။” အီနာက ပြောသည်။ “ကျွန်မ ရှင့်ကို ဆမ်မြူရယ်ရဲ့ ဓားကျိုးနဲ့ လာမတွေ့ခင် လူစီအိုဆီမှာ လျို့ဝှက်အာရုံခံ စမုန်နက်စိမ်း တိတ်တိတ်လေး ချန်ထားခဲ့တယ်။ အဲဒီထူးဆန်းတဲ့ လုပ်ကြံမှု အကြောင်းကိုလည်း ကြားခဲ့တယ်။ အစကတော့ သွားကြည့်မလို့ပဲ။ ဒါပေမဲ့ လမ်းမှာ ရုပ်ဖျက်ထားတဲ့ လူစီအိုနဲ့ တွေ့ခဲ့တယ်။ သူက အဝတ်အစား ပြောင်းထားပေမဲ့ စမုန်နက်စိမ်း အနံ့ကိုတော့ မဖုံးကွယ်နိုင်ဘူး။ အဲဒါကြောင့် လမ်းတစ်လျှောက်လုံး လိုက်လာပြီးတော့ ဘယ်လိုသွားမလဲ ပြောပြဖို့ ဒီအဖြစ်အပျက်ကိုသုံးပြီး ခြိမ်းခြောက်ခဲ့တယ်။ ဆမ်မြူရယ်က တကယ်ကြီး မုန်တိုင်းကျွန်းကို သွားတာ ဖြစ်နေတယ်။ ကျွန်မက လူစီအိုထက် ပိုပြီးတော့ ရင်းနှီးတယ်။ ခရီးစဉ်ကို လေးပုံတစ်ပုံလောက် တိုသွားအောင် လုပ်နိုင်တယ်။ ရှင် လမ်းပြ မလိုဘူးလား။”
ချန်လွေ့က အီနာ၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ “မင်း တကယ် သေချာ စဉ်းစားပြီးပြီလား။”
အီနာက လက်ကာပြလိုက်သည်။ “ကျွန်မအဖေက ကုန်သည်တစ်ယောက်ပဲ။ သူက အပြင်းအထန် နေမကောင်းဖြစ်ပြီးတော့ ဆုံးပါးသွားခဲ့တာ။ ကျွန်မက စားဝတ်နေရေးအတွက် ကြေးစားတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မက အဖေ့ရဲ့ အမွေအနှစ်ကို ဆက်မခံနိုင်လို့ အမြဲတမ်း နောင်တရနေခဲ့တာ။ ဒါက အခွင့်အရေးကောင်းတစ်ခုပဲ။ ကျွန်မက ခေါင်းဆောင်နေရာကို ဆယ်လ်ဗာဆီ ပေးခဲ့ပြီ။ အလုပ်မပြောင်းခင် အရင်ဆုံး မိတ်ဆွေ တစ်ယောက်ကို ကူညီနိုင်ပါတယ်။”
“ကုန်သည်လား။” ချန်လွေ့က အီနာကို ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ “ကောင်းပြီလေ။ မစ်-ကုန်သည်။ မင်းက ဆုံးဖြတ်ပြီးမှတော့ သွားကြတာပေါ့။ ပြီးတော့ ဆာ-လူစီအို။ မင်းက အကောင်းဆုံးကြိုးစားပြီးတာတောင် မစ်-အီနာရဲ့ မျက်နှာသာပေးမှုကို မရနိုင်သေးဘူးဆိုရင် မိန်းမကောင်းတစ်ယောက်နဲ့ လွဲချော်ရတဲ့အတွက် စိတ်မကောင်းပါဘူး။”
အီနာ၏မျက်နှာက ရုတ်တရက် ရှက်သွားပြီး လူစီအို ရှက်ရှက်နှင့် ပြုံးလိုက်သည်။ ထို့နောက် သူက လှေကို ကမ်းစပ်ပေါ်မှ တွန်းထုတ်တော့သည်။ လှေကိုကိုင်တွယ်သော လှံသမား၏ အစွမ်းက အလွန်ပင် မကျွမ်းကျင်လှပေ။ လှေက ဆိပ်ကမ်းတွင် ယိမ်းတီးယိုင်တိုင် ဖြစ်နေတော့သည်။
အီနာက ပုံမှန် ပြန်ဖြစ်သွားသည်။ သူက လှေကို လူစီအို ခက်ခက်ခဲခဲ ထိန်းနေသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မက အကျွမ်းကျင်ဆုံး လမ်းပြတစ်ယောက် မဟုတ်ပေမဲ့ ရှင်တို့က ပိုပြီးတော့ မကျွမ်းကျင်သလိုပဲ။ ကျွန်မတို့က....ဒီလှေလေးနဲ့ မုန်တိုင်းကျွန်းကို သွားကြမလို့လား။ ဆမ်မြူရယ်ကို ကယ်ဖို့တော့ မသေချာဘူး။ ဒါပေမဲ့ သေချာတာကတော့ လှိုင်းတစ်လုံးမိတာနဲ့ ကျွန်မတင်မကဘူး၊ ဒီလှေကြီးထဲမှာရှိတဲ့ ခေါင်းဆောင် နဲ့ လက်အောက်ငယ်သားတို့က ငါးဗိုက်ထဲ ရောက်သွားမှာပဲ။”
အီနာ၏ စကားများ မဆုံးသေးခင်မှာပင် လှေငယ်လေးအရှ့၌ အလွန်ကြီးမားသော သင်္ဘောတစ်စင်း ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအရာက ကြေးစားအမျိုးသမီး၏ လှောင်ပြောင်ပြောဆိုခြင်း မဟုတ်ပေ။ အမှန်တကယ် ကြီးမားပြီး နက်မှောင်ကာ ခမ်းနားထည်ဝါသော သင်္ဘောတစ်စင်း ဖြစ်သည်။ ၎င်းက ပင်လယ်ပြာမှ ပုလဲနက်ကဲ့သို့ပင် ပြင်းထန်သော အလှတရားမျိုး ပေးစွမ်းနေ၏။
အီနာသာမက လူစီအိုပင် ကြက်သေသေသွားခဲ့သည်။ ဒီသင်္ဘောက ဘယ်က ရောက်လာတာလဲ။ နေရာလွတ်ပစ္စည်းထဲကနေ ထုတ်လိုက်တာလား။ ဒီလောက်ကြီးတဲ့ သင်္ဘောကို သိမ်းထားနိုင်တဲ့ နေရာလွတ်လက်စွပ်နဲ့ နေရာလွတ်လက်ပတ်မျိုး တစ်ခါမှ မကြားဖူးဘူး။ ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ။
ထိုအချိန်၌ ချန်လွေ့ကအသံက အလွန်ကြီးမားလှသော သင်္ဘောပေါ်မှ ထွက်ပေါ်လာသည်။ “မိစ္ဆာထောင်ခြောက် သင်္ဘောကနေ ကြိုဆိုပါတယ်။ မစ်-လမ်းပြ နဲ့ လူသစ် ဆာ-သင်္ဘောသား။”
အီနာနှင့် လူစီအိုတို့က ချထားသော ကြိုးများမှတစ်ဆင့် သင်္ဘောပေါ်သို့ တက်သွားသည်။ သူတို့က ရှေ့မှ အရာရာတိုင်းကို အံ့သြနေကြသည်။ သူတို့က သတင်းနှံ့စပ်သော ကြေးစားများ ဖြစ်ကြသော်လည်း သင်္ဘောပေါ်မှ အရာအများအပြားကို မကြားဖူးကြပေ။ အောက်မှ ကုန်းပတ်ကပင် အလွန်ရှားပါးသော ကုန်ကြမ်းများဖြင့် ပြုလုပ်ထားပုံရသည်။
“သခင်။ ဒီလောက်ကြီးတဲ့ သင်္ဘောနဲ့ဆို ကျုပ်....” လူစီအိုက သူထင်ထားသည်ထက် ပို၍ မကျွမ်းကျင်သော သင်္ဘောသားတစ်ယောက်ဖြစ်ကြောင်း ပြောတော့မည့် အချိန်၌ ချန်လွေ့က အဝါရောင်တောက်နေသော ကျောက်တုံးတစ်တုံးကို ထုတ်ပြီးနောက် ကုန်းပတ်ပေါ်၌ မရေမတွက်နိုင်သော သဲပြာများအဖြစ် ပြန့်ကျဲသွားသည်ကို မြင်လိုက်ရသည်။
သဲများက အလျင်အမြန်ပင် လူသားအသွင်သို့ စတင်ပြောင်းလဲလာသည်။ အရောင်များ ကွယ်ပျောက်သွားပြီးနောက် အပြာရောင် သဲလူသားများက သူတို့အရှေ့တွင် ပေါ်လာခဲ့၏။
သဲလူသားများက ပင်လယ်သေအောက်တွင် အလောင်းကောင် အောက်လမ်းပညာရှင် ဂလိုရီယိုစ်ကြောင့် သေဆုံးသည်အထိ ပင်ပန်းသွားခဲ့ကြသည်။ သို့ုသော်လည်း မြေဒြပ်စင်ဘုရင်က ချန်လွေ့အား သဲလူသားများကို သုံးကြိမ်တိုင် ပြန်လည် အသက်သွင်း၍ ရနိုင်သော သဲကျောက် အမြုတေတစ်တုံး ပေးခဲ့သည်။ ယခုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
သဲလူသားများက ချန်လွေ့နှင့် ရင်းနှီးကြသည်။ သူတို့အားလုံးက ဦးညွှတ်လိုက်ကြပြီး ချန်လွေ့၏ အမိန့်နှင့်အတူ တာဝန်အသီးသီးကို လုပ်ဆောင်ကြတော့သည်။ ရွက်ဖြန့်၊ တက်မထိန်း၊ စောင့်ကြည့် စသဖြင့်။ ပူးပေါင်းဆောင်ရွက်မှုက အတော်လေး အပြန်အလှန် နားလည်မှု ရှိနေပေသည်။
လူစီအိုနှင့် အီနာတို့က ရှေ့မှမြင်ကွင်းကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေကြ၏။ လူစီအိုက အိပ်မက်မက်နေသကဲ့သို့ပင် လက်ကို ကြည့်လိုက်သည်။ ထို “မကောင်းဆိုးဝါးများ”က အလွန်အမင်းဆန်းသစ်သော ရွက်လွှင့်စွမ်းရည်များ ပိုင်ဆိုင်ထားရုံသာမက အတွေ့အကြုံ ရင့်ကျက်သော သင်္ဘောသားများဖြစ်ကြောင်း အီနာ လေးလေးနက်နက် ခံစားမိသည်။ သူတို့အားလုံးက သူ့ထက် မနိမ့်ကျပေ။
ဒီရစ်ချက်ရဲ့ ဇစ်မြစ်က ဘာလဲ။ သူက တစ်ခါမှ မကြားဖူးတဲ့ ဒီလိုမျိုး အစွမ်းထက် မကောင်းဆိုးဝါးတွေကို တကယ်ကြီး ထိန်းချုပ်နေနိုင်တယ်။
“ကြည့်ရတာ အရင်တိုက်ပွဲက ထိခိုက်မှုတွေ အများကြီးကို အလိုလို မပြင်နိုင်တဲ့ပုံပဲ။ ဒါပေမဲ့ ဒါက ဒီတစ်ခေါက် ရွက်လွှင့်ဖို့အတွက် လုံလောက်ပါတယ်။” ချန်လွေ့က မိစ္ဆာထောင်ခြောက်မှ ပစ္စည်းကိရိယာများကိုကြည့်ပြီး ကြက်သေသေနေသော အီနာထံ အကြည့်လွှဲလိုက်သည်။ “ဟုတ်ပြီ။ မစ်-လမ်းပြ။ အခုက မင်းရဲ့ တာဝန်ပဲ။ အခု ငါတို့ လုပ်ရမှာက အရှိန်တင်ပြီးတော့ မုန်တိုင်းကျွန်းဆီ အမြန်ဆုံး ရောက်နိုင်ဖို့ပဲ။”
အီနာက အိပ်မက်မက်နေရာ၌ နိုးထသွားဟန်တူသည်။ သူက အလျင်အမြန်ပင် ပင်လယ်နယ်မြေ မြေပုံကို ထုတ်လိုက်သည်။
တစ်နေ့နှင့်တစ်ည ကုန်ဆုံးသွားပြီးနောက် မိစ္ဆာထောင်ခြောက်သင်္ဘောက မုန်တိုင်းပင်လယ်နယ်မြေထဲသို့ ရောက်ရှိလာခဲ့သည်။
နာမည်အတိုင်းပင် မုန်တိုင်းပင်လယ်နယ်မြေ၏ ကောင်းကင်တစ်ခုတည်းက တစ်နှစ်ပတ်လုံး နေရောင်မရှိဘဲ မြူခိုးများ ဖုံးနေကော မီးခိုးရောင် ဖြစ်နေသည်။ တစ်ခါတစ်ရံ၌ “နဂါးစုပ်ရေ”ကဲ့သို့သော ပင်လယ်လေပွေများကို မြင်နိုင်သည်။ အနီးအနားရှိ သင်္ဘောအတွက် ထိုအံ့သြဖွယ်ရာ မြင်ကွင်းက သေမင်း၏ အိပ်မက်ဆိုးသဖွယ် ဖြစ်သည်။
“ခဏနေဦး။ ခေါင်းဆောင်။ အရှိန်လျှော့လိုက်။” အီနာက အော်ပြောလိုက်သည်။ ချန်လွေ့၏ ဦးဆောင်ပြီး ရွက်လွှင့်သော စွမ်းရည်ကြောင့် အီနာက သူ့ကို စိတ်ရင်းနှင့် လေးစားသွားခဲ့သည်။ လူစီအို မတော်တဆ ပြောမိခဲ့သော “သခင်” ဂုဏ်ပုဒ်ကို သတိထားမိခဲ့သော်လည်း သူက ပါးနပ်သော ကြေးစားတစ်ယောက် ဖြစ်သည်။ သူက ၎င်းကို မကြားချင်ယောင်ဆောင်ခဲ့ပြီး ချန်လွေ့က ခေါင်းဆောင်ဟူ၍သာ ခေါ်ဝေါ်သည်။
“မုန်တိုင်းကျွန်းက ဥယျာဉ်မြို့တော်နဲ့ သိပ်မဝေးဘူး။ ဒါပေမဲ့ လူနည်းစုကပဲ ဝင်နိုင်တာ။ ကျွန်းပေါ်မှာ အင်အားကြီးတဲ့ ကြောက်မက်ဖွယ်ရာ သတ္တဝါတွေအပြင် မုန်တိုင်း ပင်လယ်နယ်မြေထဲမှာရှိတဲ့ လေဆင်နှာမောင်းကလည်း အရေးပါတဲ့ အကြောင်းရင်းထဲက တစ်ခုပဲ။ ဒီက လေဆင်နှာမောင်းက အတော်လေး ကြောက်စရာကောင်းပြီးတော့ သင်္ဘောကြီး တစ်ခုလုံးကိုပင် လေထဲ မီတာရာနဲ့ချီရောက်အောင် လုပ်နိုင်တယ်။ လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြောင့် လေဆင်နှာမောင်းတွေက လုံးဝ ပျောက်ကွယ်မသွားခဲ့ဘူး။ ကံကောင်းချင်တော့ အားနည်းတာတွေရော၊ အားကောင်းတာတွေရော ရှိနေတာပဲ။ အားအနည်းဆုံး လေဆင်နှာမောင်းကို ဖြတ်သွားရင်တောင် အချိန်မရွေး အန္တရာယ် ရှိနေနိုင်တာ သတိထားရမယ်။ ပြောရမယ်ဆိုရင် အန္တရာယ်ကို လျှော့ချပြီးတော့ ထိခိုက်မှုကို ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဒြပ်စင်စွမ်းအားတွေကို သုံးနိုင်တဲ့ လေဒြပ်စင်ဖြစ်ဖြစ်၊ ရေဒြပ်စင်မှော်ပညာရှိဖြစ်ဖြစ် ရှိမယ်ဆိုရင် ဖြတ်သွားနိုင်လိမ့်မယ်....”
ချန်လွေ့က မုန်တိုင်းပင်လယ်နယ်မြေကို အနီးကပ်ကြည့်လိုက်ပြီးနောက် ရှေ့တွင် ဝိုင်းဝိုင်းလည်နေသော လေဆင်နှာမောင်းများကို ကြည့်လိုက်သည်။ ထို့နောက် သဲလူသားများကို အမိန့်ပေးကာ မိစ္ဆာထောင်ခြောက် သင်္ဘောက ရှေ့သို့ အမြန် ရွက်လွှင့်တော့သည်။
“ခေါင်းဆောင်။” အီနာက ထိတ်လန့်သွားခဲ့သည်။ သူ ခုနက အပတ်တကုတ် ရှင်းပြမှု အားလုံးက အရာမရောက်ခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုလမ်းကြောင်းက မုန်တိုင်းကျွန်းသို့ ရောက်ရှိရန် အမြန်ဆုံး ဖြစ်နိုင်သော်လည်း မုန်တိုင်းအထန်ဆုံး နေရာလည်း ဖြစ်နေသည်။
ရှေ့တွင် ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းရှိနေပြီး ပင်လယ်ပြင်က အပြင်းအထန် လှုပ်ရမ်းနေကာ လေများကလည်း သူတို့နားထဲသို့ တဝီဝီ မြည်နေ၏။ ထိုနေရာက အစွန်နားသာ ဖြစ်နေသည်။ မိစ္ဆာထောင်ခြောက်သင်္ဘောက မှော်ဒုံးပျံကို အသက်သွင်းလိုက်ပြီးနောက် လှိုင်းများကို ဖောက်ထွက်သွားခဲ့သည်။ လူစီအိုက ကြောက်ကြောက်နှင့် သင်္ဘောလက်ရန်းကို ဆုပ်ကိုင်ထားနေ၏။ သူ၏မျက်နှာပေါ်ရှိ ချွေးများးကလည်း လေတိုက်ခတ်မှုကြောင့် ခြောက်သွေ့ကုန်ကြသည်။ သဲလူသားများက မတုံ့ဆိုင်းဘဲ ချန်လွေ့၏ အမိန့်အတိုင်း ပြုလုပ် နေကြလေသည်။
အီနာက ရပ်တန့်ရန် အော်ပြောတော့မည့်အချိန်၌ ချန်လွေ့၏ပုံရိပ် လွင့်မျောနေသေည်ကို မြင်လိုက်ရသည်။ ရစ်ချက်က သားရဲထိန်းကျောင်း ပညာရှင်တင် မဟုတ်ဘူး။ လေဒြပ်စင် မှော်ပညာရှင်လည်း ဖြစ်နေတာလား။ ဒါပေမဲ့ အဆင့်မြင့် လေဒြပ်စင်မှော်ပညာရှင်တောင် ဒီလို သောင်းကြမ်းတဲ့ လေဒြပ်စင်တွေကို မထိန်းချုပ်နိုင်ဘူး။ အင်အားအကြီးဆုံး လေဆင်နှာမောင်းကို ထိပ်တိုင်ရင်ဆိုင်ဖို့ဆို မပြောနဲ့တော့။
နားကွဲလုမတတ် အသံတစ်သံက တစ်ဝီဝီလေသံကို လွှမ်းမိုးသွားခဲ့သည်။ ပုံရိပ်တစ်ခုက လေဆင်နာမောင်းဆီသို့ ဥက္ကာပျံတစ်ခုသဖွယ် ပျံသန်းသွားပြီး တိုးပွားလာသော လေကြမ်းနှင့် လေစီးကြောင်းတို့ မျက်နှာသို့ ပြေးဝင်လာနေသည်ကို ခံစားနေလိုက်သည်။ သူ၏ အနက်ရောင် မျက်လုံးများထဲ၌ ကြယ်အလင်းရောင်များ တောက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများက မီးတောက်များကဲ့သို ဆူပွက်လာလေသည်။
ထို့နောက် ချက်ချင်းပင် အီနာနှင့် လူစီအိုတို့က မေ့နိုင်တော့မည် မဟုတ်သော မြင်ကွင်း တစ်ခုကို တစ်ချိန်တည်း မြင်လိုက်ရသည်။ ဝေဝါးဝါး ပုံရိပ်တစ်ခု ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်းကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရင်ဆိုင်ပြီး လက်သီးဖြင့် ပစ်ထိုးလိုက်ခြင်းပင်။
မြင်ကွင်းတစ်ခုလုံး တုန်ခါသွားဟန်တူသည်။ ကောင်းကင်နှင့်ပင်လယ်ကို ချိတ်ဆက်နေသော အလွန်ကြီးမားသည့် လေဆင်နှာမောင်းက ရုတ်တရက် နှစ်ပိုင်းပြတ်သွားဟန် တူသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် အောက်ဘက်မှ ပင်လယ်ကလည်း နှစ်ခြမ်းဖြစ်သွားကာ ချောက်ကမ်းပါးတစ်ခုကဲ့သို့ နောက်ပြန်လှိမ့်သွားတော့သည်။
“သွားတော့။” ချန်လွေ့၏အသံ ထွက်ပေါ်လာပြီး လေတိုးသံများကို လုံးဝ ဖုံးလွှမ်းလိုက်သည်။ မိစ္ဆာထောင်ခြောက်သင်္ဘောကလည်း အရှိန်ကုန်တင်တော့သည်။ ရွက်များကလည်း အကန့်အသတ်သို့ ရောက်ရှိသွားပြီး သင်္ဘောက ချွန်ထက်သော မြှားတစ်စင်း ကဲ့သို့ပင် “ချောက်ကမ်းပါး”ကို ဖြတ်ကျော်သွားလေ၏။
အီနာနှင့် လူစီအိုတို့က သင်္ဘောဘေးနှစ်ဖက်မှ ဆယ်မီတာခန့် မြင့်မားသော ရေတံတိုင်းကြီးကို စိုက်ကြည့်နေလိုက်သည်။ ရေများက အင်အားကြီး အားစက်ကွင်းကြောင့် ပြန်မကျနိုင်သေးပေ။ မုန်တိုင်းထန်သော ပင်လယ်နယ်မြေကို မိစ္ဆာထောင်ခြောက်သင်္ဘော ဖြတ်ကျော်သွားပြီးမှသာ ရေများက မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သို့သော်လည်း အလွန်ကြီးမားသော လေဆင်နှာမောင်းနှစ်ခုက စွမ်းအား ကြီးကြီးမားမား လျော့ကျသွားပြီး လေဆင်နှာမောင်းငယ်လေးများ ဖြစ်သွားကြသည်။ သူတို့က လက်သီးချက်၏ နောက်ဆက်တွဲကြောင့် ဘေးဖက်သို့ တဖြည်းဖြည်း ရွေ့သွားနေကြသည်။
ချန်လွေ့၏ပုံရိပ်က သင်္ဘောဆီသို့ ပြန်ရောက်လာပြီး မပြောပလောက်သော အရာတစ်ခု လုပ်ပြီးသွားသကဲ့သို့ ဖြစ်နေသည်။ သူက ပင်လယ်နယ်မြေ မြေပုံကို ဆက်ကြည့်နေလိုက်သည်။
အချိန်အတော်ကြာမှသာ အီနာ သတိပြန်ဝင်လာခဲ့သည်။ ရိုးရိုး လက်သီးတစ်ချက်က ဒီလောက် ကြောက်စရာကောင်းတဲ့ လေဆင်နှာမောင်းကို နှစ်ပိုင်းပြတ်စေနိုင်တယ်လား။ ဒါက.... မှော်ဒြပ်စင် မှော်ပညာရှင်လား။ ဒါမှမဟုတ် သားရဲထိန်းကျောင်း ပညာရှင်လား။
ထိုလက်သီးချက်က ပြသသော စွမ်းအား တစ်ခုတည်းက ဆမ်မြူရယ်ထက်ပင် များစွာ သာလွန်နေ၏။
တကယ့် သူတော်စင်အဆင့်များလား။
နောက်ဆုံး၌ အမျိုးသမီး ကြေးစားက ဆမ်မြူရယ်နှင့် တက်ခ်လင်းတို့ ပြဿနာ တက်နေခဲ့ကြစဉ် “ရစ်ချက်”၏ စကားတစ်ခွန်းက ခေါင်းမာတတ်သော လက်ထောက် ခေါင်းဆောင်အား မည်သည့်အတွက်ကြောင့် ချက်ချင်း စိတ်လျှော့စေနိုင်ခဲ့ကြောင်းကို သဘောပေါက်သွားခဲ့သည်။ ကြည့်ရတာ အရင်က ငါခန့်မှန်းထားတာတွေ မှားနေတဲ့ပုံပဲ။ ရစ်ချက်နဲ့ ဆမ်မြူရယ်ကြားက ပတ်သက်မှုက......
ဒါနဲ့ မြေထူရဲတိုက်ကို ချောချောမွေ့မွေ့ ဖြတ်သွားနိုင်တဲ့ အကြောင်းရင်းကရော....
“မစ်-အီနာ။ ဒီလမ်းကြောင်းအတိုင်း တောင်ဘက်ကို ရွက်လွှင့်တာက အမြန်ဆုံး ဆိုတာကို လာကြည့်ပြီး အတည်ပြုပေးပါလား။ လမ်းတစ်လျှောက်မှာ ပုန်းကွယ်နေတဲ့ ကျောက်ဆောင်တွေ၊ တခြား အတားအဆီးတွေ ရှိနေသေးလား။”
ချန်လွေ့၏အသံကြောင့် ကြေးစားအမျိုးသမီးအား စိတ်ကူးနေရာ၌ ပြန်လည် နိုးထလာစေသည်။ သူက အလျင်အမြန်ပင် ရှေ့တက်လာပြီး သေသေချာချာ အတည်ပြုလိုက်၏။
နောက်ထပ် ခရီးစဉ်အတွင်း ချန်လွေ့က မုန်တိုင်းများကို ဆက်တိုက် ချေဖျက်ပြခဲ့သည်။ မိစ္ဆာထောင်ခြောက်သင်္ဘော၏ အစွမ်းထက် ရွေ့လျားနိုင်မှုနှင့် မျှခြေထိန်းနိုင်သော ပစ္စည်းများကြောင့် ခရီးလမ်းကြောင်း တစ်ခုလုံးက အဆင်ပြေချောမွေ့ နေခဲ့သည်။ အန္တရာယ် အများဆုံးဖြစ်သော မုန်တိုင်း ပင်လယ်နယ်မြေ မဟုတ်ဘဲ လေပြည်လေညင်း တိုက်ခတ်နေသော ကန်ရေပြင်တစ်ခုကဲသို့ ဖြစ်နေလေသည်။
အီနာနှင့် လူစီအိုတို့က အတော်လေး ကျင့်သားရနေပြီ ဖြစ်သည်။ ၎င်းတို့က အံ့သြဖွယ်ရာများကို မျက်မြင်ကိုယ်တွေ့ ဖြစ်နေရင်း မှင်သက်နေခဲ့ကြသည်။ သူတို့က လေဆင်နှာမောင်းများ ပိုင်းဖြတ်ခံရသော အံ့သြဖွယ်ရာမြင်ကွင်းကို သင်္ဘောဦးပိုင်းမှ ရပ်နေ၍ အေးအေးလူလူ ကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့၏ မြင်ကွင်းထဲ၌ ကျွန်းတစ်ကျွန်း ပေါ်ထွက်လာခဲ့တော့သည်။
ထိုအရာကတော့ မုန်တိုင်းကျွန်းပေတည်း။