မမျှော်လင့်ထားသော အမုန်းတရား
Vol. 42 Ch. 659
တိုင်တန်က တဖြည်းဖြည်း ထလာသည်။ ထို့နောက် ဒေါသတကြီး အော်လိုက်ပြီး ချန်လွေ့ထံ လျှပ်စီးကြောင်းတစ်ခု ပစ်လွှတ်လိုက်သည်။ တိုင်တန်၏ အလှမ်းဝေး တိုက်ခိုက်မှု နည်းလမ်းက မှော်ပညာရှင်များ၏ မှော်အသုံးပြုမှုနှင့် ကွဲပြားသည်။ သူတို့က ဒြပ်စင်စွမ်းအားများကို အသုံးချပြီး လှံတံတစ်ခုကဲ့သို့ ပစ်လွှတ်ခြင်းနှင့် ပိုတူနေ၏။
ထိုလျှပ်စီးကြောင်းတွင် သတ္တုကို ချက်ချင်း အရည်ပျော်စေနိုင်သော ချစ်ချစ်တောက် အပူရှိန်နှင့် မြင့်မားသောဖိအား ပါဝင်နေခဲ့သည်။ တိုင်တန် ပစ်လွှတ်လိုက်သော အမြန်နှုန်းက အထင်ကြီးစရာပင် ဖြစ်သည်။ ၎င်းက အလင်းစစ်သည်တော်ကို ခုနက တိုက်ခိုက်သည်ထက် သုံးလေးဆ ပိုမို အစွမ်းထက်ပေသည်။
လျှပ်စီးကြောင်းက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထိုအရာက အစွမ်းထက် လျှပ်စီးမြွေ ဒါဇင်ခန့် ဝိုင်းရံထားသော ၇မီတာခန့်ရှိ “လှံတံ”ရှည်တစ်ချောင်း ဖြစ်သည်။ “လှတံ”၏ရှေ့ မနီးမဝေးတွင် လက်ဝါးတစ်ခု ရှိနေသည်။ ထိုလျှပ်စီးအား ရှေ့တက်လှမ်းရာမှ တားဆီးနေသည်က ထိုလက်ဝါးမှ စွမ်းအား ဖြစ်လေသည်။
ချန်လွေ့က ထိုကဲ့သို့ လှိမ့်တက်လာသော စွမ်းအားကို ခံစားမိနိုင်သည်။ သူက လက်၅ချောင်းကို ရုတ်တရက် ဆုပ်လိုက်ရာ “လှံတံ”က အနည်းငယ် တုန်ခါသွားပြီး ဘုန်းခနဲ ပျောက်ကွယ်သွားတော့သည်။
တိုင်တန်တွေရဲ့ အစွမ်းထက်ဆုံးဖြစ်တဲ့ [ မိုးကြိုး ] ပါရမီ တိုက်ခိုက်မှုက တကယ်ကြီး လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရတယ်။ ခုနက [ မိုးကြိုး ] ၏ နောက်ဆက်တွဲဒဏ်ကြောင့် ခြေထောက်ဖျက်ဆီးခံလိုက်ရသော လောရင့်က မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ နောက်ဆုံး၌ သူက ဆမ်မြူရယ်ကဲ့သို့လူသည် မည်သည့်အတွက် ဒူးထောက်ရကြောင်း သဘောပေါက်သွားခဲ့သည်။ “ရစ်ချက်”က သေချာပေါက် သူတော်စင်အဆင့် ထိပ်သီးပိုင်း ရောက်နေတဲ့ ပညာရှင် တစ်ယောက်ပဲ။ ဒီလိုထိပ်တန်းပညာရှင်က အစွမ်းတွေ ဖုံးကွယ်ထားပြီး အရန် အလင်းစစ်သည်တော် ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားတယ်။ နဂါးလင်းလက် အင်ပါယာရဲ့ ခမ့်လော့မိသားစုက ဒုတိယသားတော် ဆမ်မြူရယ်တောင် သူ့ရဲ့ လက်အောက်ခံ ဖြစ်နေတယ်။ ဒီထဲမှာ ကြောက်စရာ လျို့ဝှက်အကြံအစည်တစ်ခု ရှိရမယ်။
ချန်လွေ့က တိုင်တန်အား ဒုတိယအကြိမ် [ မိုးကြိုး ] ဖြင့် တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။ သူက အရှေ့တွင် ပေါ်ထွက်လာပြီး ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ခန္ဓာကိုယ် အလွန်ကြီးမားပြီး ချန်လွေ့၏ လက်သီးက “မပြောပလောက်”ဟု ဖော်ပြ၍ ရနိုင်သော်လည်း ထို “သေးငယ်သော” လက်သီးချက်က ကြောက်စရာ အဟုန်တစ်ခု ပေါက်ကွဲထွက်သွားသည်။ တိုင်တန်၏ သတ္တုရင်ဘတ်အကာ၌ ချိုင့်ရာတစ်ခု ဖြစ်လာသည်။ လှိုင်းကဲ့သို့စွမ်းအားက ချပ်ကာ ဖောက်ထွင်းသွားပြီးနောက် တိုင်တန်၏ ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားကာ ခုခံမှုအားလုံးကို ဖျက်ဆီးလိုက်တော့သည်။
တိုင်တန်က နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ၎င်း၏ အလွန်ကြီးမားသော ခန္ဓာကိုယ်က လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်၌ ချိုင့်ရာတစ်ခု ချန်ရစ်ခဲ့လေသည်။ ၎င်းက အချိန်အတော်ကြာသည်အထိ မထနိုင်တော့ပေ။
လောရင့်က ရှုံ့မဲ့လျက် ပြုံးလိုက်သည်။ အစွမ်းထက်လွန်းတယ်။ ဒီလိုအစွမ်းမျိုးက ကမ်းပါးဖြူရဲ့ အစွမ်းထက်ဆုံး ရှေးသူရဲကောင်းခေါင်းဆောင် ပါဆာလီကိုတောင် ယှဉ်နိုင်တယ်။ ဒီလိုပုဂ္ဂိုလ်များက ဝင်နှောင့်ယှက်မှတော့ ဒီတစ်ခေါက် အယ်လီဇာ အမိန့်ပေးထားတဲ့ တာဝန်ကို ပြီးအာင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ငါတို့ ထွက်ပြေးဖို့ ကြိုးစားပြီးတော့ မစ်-အယ်လီဇာဆီ ဒီအရေးကြီးတဲ့ သတင်းကို ပြန်ပို့ရမယ်။
ထိုတိုင်တန်၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်နီးပါး ရောက်ရှိနေပြီး ခန္ဓာအမျိုးအစားနှင့် စွမ်းအားက A+ ဖြစ်ကာ အမြန်နှုန်းက အတော်လေးနှေးပြီး B+ သာ ရှိသည်။ ချန်လွေ့၏စွမ်းအားဖြင့်ဆိုလျှင် ပြိုင်ဘက်ကို သတ်ပစ်ရန် မခက်သော်လည်း [ သရုပ်ခွဲမျက်လုံး ] ၏ မျိုးနွယ်ခေါင်းစဉ်တွင် တိုင်တန်(အဂ္ဂိရတ်သက်ရှိ) ဟူ၍ ဖော်ပြထားသည့် အတွက်ကြောင့်ပင်။
ချန်လွေ့က အဂ္ဂိရတ်သက်ရှိများနှင့် နတ်ဆိုးဘုံရှိ ငှက်တောင်ဖြူနယ်မြေ လို့ဘ် မိုင်းတွင်း၌ ပထမဆုံး ထိတွေ့ခဲ့ရပြီး မမေ့နိုင်သော “အိပ်မက်”တစ်ခုကို ခံစားခဲ့ရကာ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းနှင့် အဂ္ဂိရတ်သက်ရှိများ၏သခင် ဖြစ်လာခဲ့သည်။ မီးအိမ်တစ္ဆေများက ယခုတွင် ကြယ်ကြွေတမန်အင်ပါယာ၏ အစွမ်းအထက်ဆုံး အင်ပါယာ အစောင့်များ ဖြစ်နေကြပြီး ရှီရာ၏ လုံခြုံရေးအတွက် စောင့်ကြပ်နေကြသည်။ ချန်လွေ့ ရရှိထားသော ရှေးအဂ္ဂိရတ်အဖွဲ့အစည်း မှတ်ဉာဏ်ထဲ၌ တိုက်တန်ကဲ့သို့ အဂ္ဂိရတ်သက်ရှိဟူ၍ မရှိခဲ့ပေ။ ဒါက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းနဲ့ သက်ဆိုင်နေတာလား။ ဒါမှမဟုတ် မုန်တိုင်းကျွန်းပေါ်မှာ ငါ့လိုမျိုး ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ဆက်ခံသူတစ်ယောက် ရှိနေတာလား။
လောရင့် ခန္ဓာကိုယ်က လက်ဖြင့်ထောက်ပြီး နောက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်။ ရုတ်တရက် ချန်လွေ့က မျက်မှောင်ကြုတ်ပြီး လောရင့်ဘက်သို့ ကြည့်လိုက်သည်။ ရုတ်တရက် လောရင့်က မိုးမှောင်သလို ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ခန္ဓာကိုယ် တစ်ခုလုံးက ဧရာမခြေထောက်ကြောင့် အသားပြား ဖြစ်သွားတော့သည်။
နောက်ထပ် တိုင်တန်တစ်ကောင်။
ထိုတိုင်တန်က ချန်လွေ့ အနိုင်ယူခဲ့သည်ထက် ပိုမိုအကောင်တောင့်သည်။ ခေါင်းပေါ်၌ ခေါင်းစွပ်တစ်ခု ဝတ်ထားပြီး ငွေရောင်ဖျော့ဖျော့ အရေပြားက အစိမ်းရောင်များ တောက်နေကာ မျက်လုံးများက ရွှေရောင်ဖြစ်နေ၏။ စွမ်းအားက S အဆင့်ဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် အလွတ်ပိုင်း ဖြစ်လေသည်။
မြေကြီးတုန်တာကို ကြည့်ရမယ်ဆိုရင် ဒီနေရာကို ချဉ်းကပ်လာတာ တိုင်တန် တစ်ကောင်ထက် ပိုတယ်။
“ဆမ်မြူရယ်။ သူတို့ကိုခေါ်ပြီး ထွက်သွားတော့။” ချန်လွေ့က ဆမ်မြူရယ်ကို အော်ပြောလိုက်သည်။ “အီနာ။ မင်းက လမ်းပြပြီးတော့ ငါ့ကို သင်္ဘောမှာ စောင့်နေ။”
ဆမ်မြူရယ်က တုံ့ပြန်လိုက်သည်။ ဒီမှာ ဆက်နေရင် အရှင်မင်းသားရဲ့ ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်လာမှာ။ သူက အလျင်အမြန်ပင် ဂျိုအန်နာကို ကျောပိုးပြီး အီနာနောက် လိုက်သွား၏။
နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း တိုင်တန်က ထွက်ပြေးနေသည့် ဆမ်မြူရယ်နှင့် အခြားသူများကို တိုက်ခိုက်တော့မည့် အချိန်၌ ချန်လွေ့၏ပုံရိပ်က ရုတ်တရက် ရှေ့၌ ပေါ်ထွက်လာကာ တလက်လက်တောက်နေသော အဖြူရောင် အလင်းစက်လုံးကို ပစ်လွှတ်လိုက်သည်။
ထိုအလင်းစက်လုံးက ၅မီတာ အချင်းရှိပြီး [ အရုဏ်ဦးပစ်ချက် ] ၏ အဆတိုးထားသော ဗားရှင်း ဖြစ်သည်။ တိုင်တန်က ၎င်းအထဲ၌ ပါဝင်သော ဖျက်ဆီးခြင်းစွမ်းအားကို သတိထားမိကာ ဆမ်မြူရယ်နှင့် အခြားသူများကို တိုက်ခိုက်ရန် စိတ်ကူးကို ချက်ချင်း လက်လျှော့ပြီး ခုခံမှု အနေအထား ပြောင်းလဲလိုက်ရသည်။
[ အရုဏ်ဦးပစ်ချက် ] နှင့် ထိသွားသည်နှင့် တိုင်တန်က မျက်နှာပေါ်၌ မခံနိုင်သော အမူအရာတစ်ခု ပေါ်ထွက်လာကာ တုန်လှုပ်သွားခဲ့သည်။ ၎င်းက ခြေထောက်များက ထိန်း၍မရဘဲ နောက်သို့ ၂လှမ်း ဆုတ်သွားရသည်။ လေးလံသော ခြေလှမ်းများက ဧရာမ ဒရမ်ကြီး ထုနေသကဲ့သို့ ဖြစ်နေပြီး စည်းချက်က ပိုပိုမြန်လာသည်။ မီတာ၂၀၀နီးပါး နောက်ဆုတ်ပြီးနောက် အလင်းစက်လုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ တိုင်တန်၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ကာက ကြီးမားသောဖိအားကြောင့် ပုံပျက်ကုန်သည်။ သွေးနှင့်ဆင်တူသော ငွေရောင်အရည်များလည်း ထိုတိုင်တန်၏ နှာခေါင်းနှင့် ပါးစပ်မှ စီးကျလာခဲ့သည်။
တိုင်တန်၏ ခန္ဓာအမျိုးအစားနှင့် စွမ်းအားက ချန်လွေ့ထက် မြင့်မားပေသည်။ တိုင်တန်မျိုးနွယ်က အမှန်တကယ်ပင် နဂါးများကို ယှဉ်နိုင်သော ရုပ်ပိုင်းဆိုင်ရာစွမ်းအား ရှိပုံရသည်။ ချန်လွေ့ကလည်း တမင်တကာပင် [ အရုဏ်ဦးပစ်ချက် ] ကို စွမ်းအား ထိန်းချန်ထားခဲ့သည်။ တိုင်တန်နှင့် ရှေးအဂ္ဂိရတ်အဖွဲ့အစည်းကြားမှ ပတ်သက်မှုကို မရှင်းလင်းမချင်း သူက တိုင်တန်များထံမှ အမုန်းတရာများ မရရှိချင်ပေ။
လွင့်ထွက်သွားသော တိုင်တန်၏ ရွှေရောင်ဖျော့ဖျော့ မျက်လုံးများက အပြင်းအထန် တောက်ပလာသည်။ ချန်လွေ့က ပတ်ဝန်းကျင်လေထု စတင်၍ ထိန်းချုပ်၍မရဘဲ လည်ပတ်လာကြောင်း ခံစားလိုက်မိသည်။ ၎င်းက ပြင်းထန်သော စွမ်းအားများ ပြည့်နေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ကြောက်စရာကောင်းသော အဟုန်တစ်ခု ရှိနေသည့် အနက်ရောင်မုန်တိုင်းတစ်ခု၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။ အသေအချာပင် ၎င်းမှာ [မုန်တိုင်း] ပါရမီရှိသော တိုင်တန်တစ်ကောင် ဖြစ်သည်။ ၎င်းကို မုန်တိုင်းတိုင်တန်ဟုလည်း သိကြသည်။
မုန်တိုင်းက အတွင်းထဲ၌ လျှပ်စီးများ တလက်လက် ဖြစ်နေရင်း အရှိန်မြန်စွာ လှည့်ပတ်နေသည်။ ပျံသန်းနေသော သဲနှင့်ကျောက်များကြောင့် အပြင်ဘက်ကို မမြင်နိုင်လုနီးပါး ဖြစ်နေခဲ့စေသည်။ အချိန်အတော်ကြာပြီးတော့ တဖြည်းဖြည်း ရပ်တန့်သွား၏။ တိုင်တန်၏ ရွှေရောင်မျက်လုံးများက ရုတ်တရက် အကြောက်တရား ပြသလိုက်သည်။ ပုံရိပ်တစ်ခုက တည်ငြိမ်နေသော သဲများထဲ၌ အန္တရာယ်ကင်းကင်း ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အပြာရောင်ဒိုင်းကာက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခုနက လေပြေလေးတစ်ချက် တိုက်ခတ်သွားသကဲ့သို့ပင် ဖြစ်နေသည်။
ထိုအချိန်၌ ချိုင့်ဝှမ်းထဲသို့ နောက်ထပ် တိုင်တန်လေးကောင် ရောက်ရှိလာသည်။ ချန်လွေ့ ထိုးလှဲခဲ့သော ပထမဆုံး တိုင်တန်လည်း ထရပ်ကာ ချန်လွေ့ကို ဝိုင်းရံလိုက်သည်။ စုစုပေါင်း နတ်ဆိုးအရှင်သခင်အဆင့် သုံးကောင်နှင့် နတ်ဆိုးဧကရာဇ်အဆင့် သုံးကောင် ဖြစ်သည်။ ရွှေရောင်ဖျော့ဖျော့ အရေပြားရှိသော အစွမ်းအထက်ဆုံး တိုင်တန်က စွမ်းအား S+ အဆင့်သို့ ရောက်ရှိနေလေပြီ။ ချန်လွေ့ပင် သူ့ကို အထင်မသေးရဲပေ။
ချန်လွေ့၏အတွေးများ လှုပ်ရှားသွားခဲ့ပြီး အထူး စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုစိတ်ဝိညာဉ်စွမ်းအားတွင် ရှေးအဂ္ဂိရတ် အဖွဲ့အစည်းမှ ဆင်းသက်လာသော စိတ်ဝိညာဉ်အမှတ်အသား စွမ်းအား ပါရှိသည်။ ချန်လွေ့၏ လက်ရှိ အဆင့်ဖြင့် သူက ထိုအမှတ်အသား အငွေ့အသက်ကို လိုသလို ထိန်းချုပ်နေနိုင်ပြီ ဖြစ်သည်။
ထိုရှေးအဂ္ဂိရတ် စိတ်ဝိညာဉ်အမှတ်အသားကို အာရုံခံမိသည့်အခါ တိုင်တန်များ ရပ်တန့်သွားကြ၏။ သို့သော်လည်း မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်လာခဲ့သည်။ တိုင်တန်များက အတူတကွ ဟိန်းဟောက်လိုက်ကြပြီး ဟိန်းသံများက ဒေါသများ ပြည့်နေ၏။
ချန်လွေ့က ၎င်းကို မမျှော်လင့်ထားခဲ့ပေ။ သူက ထိတ်လန့်သွားခဲ့ပြီး တိုင်တန်များထံ၌ အမုန်းတရားနှင့် သတ်ဖြတ်ချင်စိတ်များကို [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် စိတ်ဝိညာဉ်စကားတစ်ခွန်း ပို့လွှတ်လိုက်၏။ “ခဏနေပါဦ။ ကျုပ်က ရန်လိုစိတ် မရှိပါဘူး။”
တိုင်တန်များက သူ၏ ရှင်းပြချက်ကို လျစ်လျူရှုထားသည်။ ရွှေရောင်လျှပ်စီး အစုအဝေး တစ်ခုက ရွှေရောင်ဖျော့ဖျော့ အသားအရေရှိသည့် တိုင်တန်၏ လက်ထဲရှိ ပေါ်ထွက်လာပြီး ပစ်လွှတ်လိုက်သည်။
ထိုလျှပ်စီးအစုအဝေးစွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် တိုက်တန်ထက် များစွာ သာလွန်၏။ ချန်လွေ့က ယခင်တစ်ခေါက်ကဲ့သို့ လက်ဗလာဖြင့် အလွယ်တကူ မခုခံနိုင်ပေ။ ရုတ်တရက် သူ၏အရှေ့တွင် အပြာရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ အကာအကွယ်ဒိုင်းကာက ခုခံရေးဒိုင်းကာအဖြစ် အဆင့်မြင့်သွားပြီးနောက် စုပ်ယူမှုနှင့် ခုခံခြင်း စွမ်းအားတို့ကလည်း ကြီးကြီးမားမား တိုးတက်သွားကြပြီး ယခင်ကထက်လည်း အသုံးပြုရန် ပိုမိုလွယ်ကူလာသည်။ ၎င်းက မပျက်စီးသွားသရွေ့ ထပ်ကာထပ်ကာ ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်၍ ရနိုင်သည်။ ထို့ပြင် ၎င်းက ခုခံမှုစွမ်းအားကို ဖြည်းဖြည်းချင်း အလိုလို ပြန်ဖြည့်နိုင်သည်။
မုန်တိုင်းတိုင်တန်၏ [ မုန်တိုင်း ] က ခုခံရေးဒိုင်းကာကို အက်ကွဲကြောင်းတစ်ခုပင် မဖြစ်စေနိုင်ခဲ့ပေ။ ထိုအချိန်၌ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော တိုင်တန်၏ ရွှေရောင်လျှပ်စီးကို ရင်ဆိုင်ရသည့်အခါ ၎င်းက အားကောင်းသော ခုခံရေးစွမ်းအားကို ပြသလာပြန်သည်။ လျှပ်စီးများ ပျောက်ကွယ်သွားပြီးနောက် အနီးအနားရှိ မြေသားနှင့် ကျောက်တို့က လျှပ်စီး၏ မြင့်မားလှသော အပူရှိန်ကြောင့် သလင်းကျောက်များအဖြစ်သို့ အရည်ပျော်ကျသွားသည်။ သို့သော်လည်း ခုခံရေးဒိုင်းကာက အက်ကွဲကြောင်း အနည်းငယ်သာ ရှိနေပြီး မလှုပ်မယှက် ရှိနေလေသည်။
ရွှေရောင်လျှပ်စီး ရောက်လာပြန်သည်။ ယခုတစ်ခေါက် ချန်လွေ့က ထိပ်တိုက် မရင်ဆိုင်တော့ပေ။ သူ၏ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီး အခြားတစ်နေရာ၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ် တယ်လီပို့ခုန်ကာ နောက်ထပ် တိုင်တန် တစ်ကောင် တက်နင်းမည်ကို ရှောင်တိမ်းလိုက်သည်။
ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း၏ တယ်လီပို့ခုန်ခြင်းက အရေအတွက် အကန့်အသတ် မရှိတော့သော်လည်း အဆက်မပြတ် အသုံးပြုလျှင် စိတ်ဝိညာဉ်စွမ်းအား အများအပြား ကုန်ဆုံးမည် ဖြစ်သည်။ ထို့ပြင် အကွာအဝေးနှင့် အမြန်နှုန်းကြောင့် သာမန်တယ်လီပို့ခုန်ခြင်းက ဖျက်ဆီးခြင်းမျှော်စင် ပိုင်နက်မှ သိဒ္ဓိနဂါးကဲ့သို့ မဟုတ်လျှင် နတ်ဆိုးအရှင်သခင်အဆင့်နှင့် အထက် တိုက်ပွဲများ၌ အသုံးမဝင်လှပေ။
တိုင်တန်များ၏ ခန္ဓာအမျိုးအစားနှင့် စွမ်းအားက ကြီးမားလွန်းလှသည်။ သူတို့၏ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်က ဧရာမနဂါးကိုပင် ယှဉ်နိုင်ပြီး အလွန်အမင်း ခိုင်မာသော စိတ်စွမ်းအင်လည်း ရှိကြသည်။ တစ်ခုတည်းသော အားနည်းချက်မှာ လှုပ်ရှားမှု အမြန်နှုန်းပင် ဖြစ်သည်။ ချန်လွေ့က ၎င်းကို အသုံးချပြီး အမြန်နှုန်းဖြင့် အသာစီးယူနေခဲ့သည်။ သူက [ မုန်တိုင်း ] ကြားထဲမှ [ မိုးကြိုး ] ကို ရှောင်တိမ်းပြီး ဆမ်မြူရယ်နှင့် အခြားသူများ ထွက်သွားရန်အတွက် အချိန်တွက်ချက်နေခဲ့သည်။
“ဘုန်း....” မုန်တိုင်းတိုင်တန်၏ လက်သီးချက်က တောင်ကုန်းကို အပေါက်တစ်ခု ဖြစ်စေခဲ့သည်။ သို့သော်လည်း ချန်လွေ့က လက်သီးမရောက်ခင်မှာပင် တိုင်တန်နောက်သို့ ချက်ချင်း ရွှေ့ပြောင်းသွားလိုက်သည်။ ထို့နောက် [ အရှိန်အဝါဓားသွား ] ဖြင့် အလျားလိုက် ပိုင်းဖြတ်သည်။ မုန်တိုင်းတိုင်တန်က ဘေးဖက်သို့ လှည့်ကြည့်ရန်သာ အချိန်ရပြီး အရေးကြီးသော နေရာများကို ရှောင်ရုံသာ ရှောင်နိုင်ခဲ့သည်။ သူ၏ကျောဘက်ရှိ ချပ်ကာတွင် အတော်လေး ရှည်လျားသော ဓားရာတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ငွေရောင် “သွေးများ” စီးကျလာနေသည်။
မုန်တိုင်းတိုင်တန်က ငြီးတွားလျက် အော်လိုက်သည်။ သူ၏ပတ်ပတ်လည်၌ လေပွေတစ်ခု အရှိန်မြန်စွာ ပေါ်ထွက်လာသည်။ ချန်လွေ့က မီတာ၁၀၀ အဝေးသို့ ရောက်သွားပြီ ဖြစ်သည်။ သူ ဒုတိယအကြိမ် မတိုက်ခိုက်နိုင်ခင်မှာပင် နောက်မှ ရွှေရောင်လျှပ်စီးတစ်ခုကို အာရုံခံလိုက်မိ၏။
ချန်လွေ့၏ လက်က အလင်းရောင်များဖြင့် တလက်လက် ဖြစ်သွားပြီး နူညံ့သော လှိုင်းတွန့်များကို ရေးဆွဲလိုက်သည်။ ရွှေရောင်လျှပ်စီးက ထို “လှိုင်းတွန့်များ”နှင့် ရင်ဆိုင် တွေ့သည့်အခါ မီတာ ၁၀၀ အကွာမှ အနက်ရောင်လေပွေထံ ဦးတည်သွားတော့သည်။
အနက်ရောင်လေပွေထဲမှ ရွှေရောင်အလင်း ပြည့်လျှံသွားသောအခါ လျှပ်စီးနှင့် မိုးကြိုးတို့ ရုတ်ချည်း ရပ်တန့်သွား၏။ အလွန်ကြီးမားသော အရာဝတ္ထုများ ပြုတ်ကျသည့် အသံကိုသာ ကြားလိုက်ရသည်။ ဖုန်များလွင့်စင်သွားပြီးနောက် မုန်တိုင်းတိုင်တန်က မြေပေါ်သို့ လဲကျနေပြီ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်က ရွှေရောင်အကွေးထဲ၌ အဆက်မပြတ် တွန့်လိမ်နေဆဲ ဖြစ်သည်။ ၎င်းက မသေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားက အသေအချာ ဆုံးရှုံးသွားလေပြီ။
ရွှေရောင်ဖျော့ဖျော့ အရေပြားရှိသော တိုင်တန်က ဒေါသထွက်သွား၏။ ၎င်းက နောက်ထပ် တိုက်ခိုက်မည် ပြင်လိုက်စဉ် ချန်လွေ့၏ပုံရိပ်က ကောင်းကင်ထဲသို့ ခုန်တက်လာသည်။ ထို့နောက် တိုင်တန်အားလုံးက တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး အဆဒါဇင်ခန့် ပိုမိုလေးလံသွားသလို ခံစားလိုက်ရပြီး မတည်မငြိမ်နှင့် လဲကျသွားတော့သည်။
[ မြေဆွဲအား ]
[ မြေဆွဲအား ] သည် ပိုမိုလေးလံသော ရန်သူများကို ကြီးကြီးမားမား ထိခိုက်စေနိုင်သည်။ ၎င်းက ချန်လွေ့ ပိုင်ဆိုင်သည့် တစ်ခုတည်းသော မှော်ပညာလည်း ဖြစ်၏။ ၎င်းက မြေဒြပ်စင်ဘုရင်၏ ဒြပ်စင်ကောင်းချီးမှ ဆင်းသက်လာသောအရာ ဖြစ်သည်။ သူ၏ S++ အဆင့် စိတ်ဝိညာဉ်စွမ်းအားနှင့် ပေါင်းလိုက်သောအခါ တိုင်တန်များကို မြေပေါ်သို့ ပြုတ်ကျသွားစေ ခဲ့လေသည်။
အဖော်၏ ဟိန်းသံကြောင့် ဖြစ်ပေလိမ့်မည်။ အလွန်ကြီးမားသော ခန္ဓာကိုယ်များမှ အဝေးတွင် တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည်။ ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။ နတ်ဆိုးဘုံမှာပဲဖြစ်ဖြစ်၊ လူသားလောကမှာပဲဖြစ်ဖြစ်၊ နတ်ဆိုးဧကရာဇ်အဆင့်နဲ့ နတ်ဆိုးအရှင်သခင်အဆင့်က အတော်လေး ရှားပါတးယ်။ အခု ငါတို့ ခိုးဝင်လာတဲ့ မုန်တိုင်းကျွန်းပေါ်က တိုင်တန် အသိုက်မှာတော့ အားအနည်းဆုံး တိုင်တန်က နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်နေတယ်။ ပိုပြီးတော့ ကြောက်စရာကောင်းတာ တစ်ခုခု ရှိနေမလား မသိဘူး။
အချိန်ကို တွက်ရမယ်ဆိုရင် ဆမ်မြူရယ်နဲ့ ကျန်တဲ့သူတွေက မိစ္ဆာထောင်ခြောက် သင်္ဘောဆီကို ရောက်သွားလောက်ပြီ။ ချန်လွေ့က မတိုက်ခိုက်ချင်သည့်အတွက် [ အလင်းဗုံး ] ကို အသက်သွင်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်သို့ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
သူ ဆက်နေခဲ့လျှင် နောက်မှရောက်လာသော တိုင်တန်များကြားထဲ၌ အထူးလူသားပုံစံ တည်ရှိမှုတစ်ခုကို မြင်နိုင်ပေလိမ့်မည်။ ထိုလျို့ဝှက်ဆန်းကြယ်သော လူသားပုံစံများက လွင့်မျောရင်း သွားလာနေကြသည်။ ၎င်းတို့က နှစ်မီတာခန့် မြင့်မားပြီး ခန္ဓာကိုယ်အောက်ပိုင်းက လေပွေကဲ့သို့ဖြစ်နေကာ လျှပ်စီးပွင့်များလည်း ရေးရေးလေး မြင်နေရ၏။