ဆုလာဒ်များ ပေးအပ်ချီးမြှင့်ခြင်း
Vol. 42 Ch. 663
“[မဖြိုဖျက်နိုင်]”
ပေါလ်၏လက်ထဲမှ မဟာဓား၏ ကျောက်မျက်က အရောက်တောက်လာ၏။ ထိုဓားကို ကြမ်းပြင်သို့ ထိုးစိုက်လိုက်ရာ သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် မီးတောက်များ လွှမ်းခြုံသွားသည်။ မီးတောက်များက ချက်ချင်းပင် ဖောက်ထွင်းမြင်ရသော အလင်းဒိုင်ကာများအဖြစ်သို့ ရောယှက်သွားလေသည်။ ထိုပညာရပ်ကို သူ၏ဆရာဖြစ်သူ ပါဆီလီ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းက အကြွင်းမဲ့ ခံစစ်ဖိအား ပိုင်နက်စွမ်းအားနှင့် ညီမျှပေသည်။ သက်ရောက်မှုက သာမန် အကာအကွယ် မှော်ပညာထက် များစွာ သာလွန်ပေသည်။
ပေါလ်ကိုယ်တိုင်က ယခင်က အနိုင်ယူခဲ့ဖူးသောသူကြောင့် လုံးဝ ဖိနှိပ်ခံနေရမည်ဟု မထင်ထားမိခဲ့ပေ။ ထို့ကြောင့် သူက ထိုအကွက်ကို အစောကြီး အသုံးပြုခဲ့ရသည်။
ဆမ်မြူရယ်က အဆက်မပြတ် တိုက်ခိုက်သော်လည်း [ မဖြိုဖျက်နိုင် ] ပိုင်နက်ကို မဖောက်ထွင်းနိုင်ခဲ့ပေ။ သူ၏ပုံရိပ် ဖျက်ခနဲ ပျောက်သွားပြီးနောက် ပေါလ်နှင့်အဝေးသို့ နောက်ဆုတ်လိုက်သည်။ သူ၏ခြေထောက်အောက်တွင် အလွန်ကြီးမားသော အလင်းရောင် အမှတ်အသား ပေါ်ထွက်လာပြီး အားကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခု ရှိနေကာ သူ၏ဓားရှည်ကို ပေါ်ထံ ချိန်ထားလိုက်၏။
“[ မိုးသောက်ကွယ်ပျောက်] လား။” ပေါလ်က စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်သည်။ ဆမ်မြူရယ်က ယခင်တစ်ခေါက် တိုက်ပွဲ၌ ထိုအကွက်ကို အသုံးပြုခဲ့ဖူးသည်။ သို့သော်လည်း သူက အလွယ်တကူ ဖျက်ဆီးခဲ့နိုင်သည်။ ထိုတိုက်ကွက်ပုံစံကို ပေါလ် သိနှင့်နေပြီး ဖြစ်သည်။ ထိုတိုက်ကွက်တွင် ပိုင်နက်စွမ်းအား ပါဝင်ပြီး တိုက်ခိုက်မှု အဝန်းအဝိုင်းက အလွန်ကြီးမားသည်။ အားနည်းချက်တစ်ခုက စွမ်းအား အများအပြား ကုန်ဆုံးခြင်းဖြစ်ပြီး တိုက်ခိုက်မှုမျက်နှာပြင်က အတော်လေး ပြန့်ကြဲနေခြင်းပင်။ [ မဖြိုဖျက်နိုင် ]၏ ခံစစ်လက္ခဏာက ၎င်းကို ချုပ်ထိန်း နိုင်နေသည်။
ဆမ်မြူရယ်က သူ့ကို အသာစီး ရနေခဲ့သော်လည်း ထိုဝှက်ဖဲကို ခုခံနိုင်သည်နှင့် ဆမ်မြူရယ်၏ ခွန်အားကုန်ခမ်းနေစဉ် ပေါလ်က တန်ပြန်တိုက်ခိုက်မည် ဖြစ်သည်။ သူက နိမ့်ကျနေသော အခြေအနေကို တစ်ကွက်တည်း ပြောင်းပြန်လှန်နိုင်ပြီး အနိုင်ရရှိရန်ပင် ပြုလုပ်နိုင်လေသည်။
အပြင်းအထန် တိုက်ခိုက်မှုများအတွင်း အခွင့်အရေးများက တစ်ခဏသာဖြစ်သည့်အတွက် စဉ်းစားဆုံးဖြတ်ရန်အချိန်မှာ အလွန်အမင်း တိုတောင်းလှသည်။ ပုံမှန်အားဖြင့် တုံ့ပြန်ရန် အတွက် ရွေးချယ်မှုတစ်ခုကိုသာ ပြုလုပ်နိုင်သည်။ ဆမ်မြူရယ်၏ဓားက အလွန်အမင်း ထက်မြက်သော ဓားချီစွမ်းအင်အဖြစ် ပေါက်ကွဲထွက်သွားသည်။ ပေါလ်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး မရှောင်တိမ်းခဲ့ပေ။ သူက [ မဖြိုဖျက်နိုင် ] ဖြင့် တောင်ခံထားရန် ပိုင်နက်စွမ်းအားကို အပြည့်အဝ လည်ပတ်နေလိုက်သည်။
ပြိုင်ကွင်းထဲ၌ အလင်းရောင် တောက်ပသွားပြီး အနီးအနားရှိ အကာအကွယ် မှော်အစီအရင်များကလည်း အပြင်းအထန် တုန်ခါသွားသည်။ ထိုကဲ့သို့ အဆင့်မြင့်လှသော အကာအကွယ် ကျောက်ပြားများကပင် ကြီးမားလှသောဖိအားကို မခံနိုင်ဘဲ တစ်ခုပြီးတစ်ခု ကွဲကြေသွားတော့သည်။
ပေါလ်က [ မဖြိုဖျက်နိုင် ] ပေါ်သို့ အားကောင်းသော သက်ရောက်မှုတစ်ခု ရောက်ရှိ လာသည်ကို ခံစားမိသည်။ ထိုဖောက်ထွင်းမြင်ရသော အလင်းဒိုင်ကာများက ပါးလွှာလာပြီး အနည်းငယ်ပင် ပုံပျက်လာသည်။ သို့သော်လည်း သူက မအံ့သြဘဲ ပျော်ရွှင်မိသွားသည်။ [မဖြိုဖျက်နိုင်]ရဲ့ ဝိသေသလက္ခဏာက စပရင်နဲ့ ဆင်တူတယ်။ ပါးလေလေ ပိုပြီးတော့ ခုခံမှုစွမ်းအား မြင့်မားလေလေပဲ။ [ မိုးသောက်ကွယ်ပျောက် ] ရဲ့ စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ [ မဖြိုဖျက်နိုင် ] ရဲ့ ခိုင်မာမှုနဲ့ဆိုရင် အဆုံးအထိကို တောင့်ခံနိုင်မှာပဲ။
ထိုအချိန်၌ ပိုင်နက်စွမ်းအားစီးကြောင်း ပြောင်းလဲသွားကြောင်း ပေါလ် ရုတ်တရက် ခံစားလိုက်ရသည်။ ဝှစ်ခနဲ အသံမြည်ကာ သူ၏ပုခုံးပေါ်၌ နာကျင်တစ်ခု ဖြစ်ပေါ်လာသည်။ ချွန်ထက်သော အရာတစ်ခုက သူ၏ ချပ်ကာာကို ဖောက်ထွင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သိမ့်ခနဲ နာကျင်မှုတစ်ခု ဖြစ်၏။ ထို့နောက် ချက်ချင်းမှာပင် ချွန်ထက်သောအရာများက ဒိုင်းရာကို အရှိန်မြန်စွာဖြင့် ဖောက်ထွင်းလာသည်။ သူ၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွား၏။ [မဖြိုဖျက်နိုင်]ဒိုင်းကာ မျက်နှာပြင်ပေါ်၌ အပေါက်ရာများ ဖြစ်နေလေပြီ။ ၎င်းတို့က အလိုလို ပြန်ကောင်းသွားသော်လည်း ထိုကဲ့သို့ ချွန်ထက်လှသော ဒဏ်ကို မခံနိုင်သေးပေ။
အလင်းရောင်များ လက်ခနဲ ပေါက်ကွဲထွက်သွားပြီးနောက် ပေါလ်က တစ်ကိုယ်လုံး သွေးအလိမ့်လိမ့် ဖြစ်သွားခဲ့သသည်။ ဖောက်ထွင်းမြင်ရသော ဒိုင်းကာက ပြိုလဲသွားပြီးနောက် သူက နောက်သို့ တဖြည်းဖြည်း ယိုင်နဲ့နဲ့ ဆုတ်ခွာသွားသည်။ သူ မြဲမြဲမြံမြံ ရပ်လိုက်ပြီး ပြန်တုံ့ပြန်ရန် အချိန်မရှိခင်မှာပင် သူ၏အသက်ရှူသံ ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ လည်မျိုသို့ ဓားတစ်လက် ရောက်နေပြီ ဖြစ်သည်။
အတိအကျပြောရလျှင် ဓားကျိုးတစ်လက်ပင်။
ထိုအချိန် နောက်ဆုံး၌ ပေါလ် သဘောပေါက်သွားခဲ့သည်။ လက်စသတ်တော့ [မိုးသောက်ကွယ်ပျောက်] က အရင်နဲ့ လုံးဝ မတူတော့ဘူးကိုး။ ပြန့်ကျဲနေတဲ့ တိုက်ခိုက်မှုက စုစည်းသွားပြီးတော့ အစွမ်းကလည်း အဆတိုးသွားတယ်။ ပြီးတော့ ကာကွယ်ဖို့ ခက်ခဲတာက ဓားရှည်ကို ဆမ်မြူရယ် တမင်အပိုင်းပိုင်းလုပ်ပြီးတော့ [ မိုးသောက်ကွယ်ပျောက် ] နဲ့အတူ ပစ်လွှတ်လိုက်တာပဲ။ အပိုင်းပိုင်းဖြစ်သွားတဲ့ ဓားသွားတွေမှာက အတော်လေး ထက်မြက်တဲ့ ပိုင်နက်စွမ်းအားတွေ ပါဝင်နေတယ်။ သေစေနိုင်မှု မြင့်မားပြီးတော့ [မဖြိုဖျက်နိုင်] တောင် မခုခံနိုင်ခဲ့ဘူး။ သူက ဓားကို တစ်ခုခု လုပ်ထားတာ ဖြစ်ရမယ်။ ဒါကြောင့် သူက ငါ့ရဲ့ ခမ်းနားခြင်းအလင်း မဟာဓားကို သိပ်ပြီးတော့ မခုခံတာကိုး။ သူက ဒီတိုက်ပွဲအတွက် အသေအချာ ပြင်ဆင်ထားတာပဲ။
ပေါလ်၏ ဒုတိယ တုံ့ပြန်မှုမှာ ထိတ်လန့်ခြင်းပင် ဖြစ်သည်။ ငါက ဆမ်မြူရယ်ကို ဂျိုအန်နာ၊ မဟာလက်ဇ်၊ အထက်တန်းလွှာတွေနဲ့ ပရိသတ်တွေအားလုံးအရှေ့မှာ ရှုံးနိမ့်သွားခဲ့တယ်။
ခုနက သူတို့၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှပြီး ပရိသတ်အများအပြားက သေသေချာချာ မမြင်နိုင်ခဲ့ကြပေ။ ထိုမြင်ကွင်း ရပ်တန့်သွားသောအခါ အားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ တိုက်ပွဲရလာဒ်က မယုံနိုင်စရာပဲ။ ပြိုင်ပွဲမတိုင်ခင် ပရိသတ်တွေ မြင့်မြင့်မှန်းထားခဲ့တဲ့ ထိပ်တန်း ပါရမီရှင် ပေါလ်က တကယ်ကြီး ရှုံးနိမ့်သွားခဲ့တယ်။ ဒီလိုမျိုး သွေးအလိမ်းလိမ်း ဖြစ်နေတာကို ကြည့်မယ်ဆိုရင် ဒါက အရှုံးကြီး ရှုံးနိမ့်သွားတာပဲ။
ဆမ်မြူရယ်က ပေါလ်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်လိုက်ပြီးနောက် အောင်နိုင်သူ ကြေညာချက်ကဲ့သို့ တစ်ခုမျှ မပြောခဲ့ဘဲ ဓားကျိုးကို ဖြည်းဖြည်းချင်း ရုတ်သိမ်းကို နောက်သို့ လှည့်ထွက်သွားလိုက်သည်။
၎င်းမှာ လုံးဝ လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။ ပေါလ်၏ နှလုံးသားထဲ၌ ပြင်းပြသော အရှက်တရားနှင့် ဒေါသများ လှိမ့်တက်လာခဲ့သည်။ သူက ဆမ်မြူရယ်ကို နှစ်ပိုင်းဖြစ်အောင် နောက်မှ အလစ်တိုက်ခိုက်ချင်သော်လည်း ထိုအကြံက ခဏသာ ဖြစ်သည်။ ယခုသည် တောနက်ထဲ၌ မဟုတ်၊ တော်ဝင်ပြိုင်ကွင်း၌ ဖြစ်သည်။ ဒိုင်လူကြီး မဟာလက်ဇ်ကပင် လူသားလောက၌ အစွမ်းအထက်ဆုံး သူတော်စင်အဆင့်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက မဆင်မခြင် လှုပ်ရှားခဲ့လျှင် ဆမ်မြူရယ် သေမသေ မသိရလျှင်ပင် သူနှင့်လိုမန်မိသားစုက သေချာပေါက် ပျက်စီးသွားရပေလိမ့်မည်။
“ဒီတိုက်ပွဲမှာ ဆမ်မြူရယ် အနိုင်ရရှိတယ်။” မဟာလက်ဇ်၏အသံ ထွက်လာသည်။ သူက တည်ငြိမ်နေဆဲပင်။
ဆမ်မြူရယ်က မဟာလက်ဇ်ကို အရိုအသေ ပြုလိုက်သည်။ ထိုအချိန်၌ မဟာလက်ဇ်၏ အနောက် ညာဘက်တွင် ထိုင်နေပြီး ပြုံးနေသော ယောက်ျားတစ်ယောက်က ထပြောသည်။ “တကယ့် အောင်မြင်မှုကို ရရှိဖို့အတွက် ကြိုးစားမှုက ပါရမီထက် ပိုသာတယ်လို့ ခမည်းတော် ပြောခဲ့ဖူးတယ်။ အရေးကြီးဆုံးကတော့ ဒီလိုမျိုး အောင်နိုင်မှု ရရှိဖို့အတွက် ကျုပ်တို့ရဲ့ ငွေသူရဲကောင်းက ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာကို စိတ်ကူးကြည့်လို့ ရပါတယ်။ ဆာ-ဆမ်မြူရယ်။ ဒီတစ်ခေါက် မုန်တိုင်းကျွန်းမှာ ခင်ဗျားရဲ့ သူရဲကောင်း လုပ်ရပ်တွေအကြောင်း အတော်လေး စိတ်ဝင်စားတယ်။ ကျုပ်သိချင်တာကို ဖြည့်ဆည်းပေးနိုင်မလား မသိဘူး။ ကျုပ်ကို အမြင်ကျယ်သွားအောင် ဒိုင်းဆုတစ်ခုခု ထုတ်ပြနိုင်မလား။”
ထိုသူက ယဉ်ကျေးစွာ ပြောနေသော်လည်း မုန်တိုင်းကျွန်း အဖြစ်အပျက်ကို မေးခွန်း ထုတ်နေခြင်း ဖြစ်သည်။ သူက ဆမ်မြူရယ် အနိုင်ရရှိခဲ့သော အခြေအနေ၌ ထိုကဲ့သို့ မေးမြန်းခြင်းမှာ အသေအချာပင် မကောင်းသော အကြံရှိ၍ပင်။
ထိုသူက မိမိ၏ “ဒုတိယအစ်ကို” ဂါဖီးဖြစ်ကြောင်း ချန်လွေ့ သိသည်။ “အာသာ”၏ ရွှေရောင်နယ်မြေကို လက်ရှိတွင် ဂါဖီးက “ကိုယ်စား” အုပ်ချုပ်နေသည်။ ဂါဖီးနှင့် ဆမ်မြူရယ်၏ ဖခင် ကာလိုတို့က ရေရှည်ရန်ညှိုးများ ရှိကြသည့်အတွက် သူတို့ကို အကောက်ကြံကာ ဖိနှိပ်ထားခဲ့သည်။ လက်ရှိ ခမ့်လော့မိသားစု၏ နိမ့်ကျသော အခြေအနေက ဒုတိယမင်းသား၏ “အားထုတ်မှု”မှ ခွဲထုတ်၍ မရနိုင်ပေ။
ဂါဖီး၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ ဆမ်မြူရယ်က အလွန်ပင် တည်ငြိမ်နေပြီး အရိုအသေ ပြုလိုက်သည်။ “အရှင်မင်းသား ဂါဖီး။ ကံဆိုးချင်တော့ ကျုပ်က ကောက်ကျစ်တဲ့ အကြံအစည်တစ်ခုထဲ ရောက်သွားတဲ့ ချစ်ရသူကို ကယ်တင်ဖို့အတွက်ပဲ မုန်တိုင်းကျွန်းကို သွားခဲ့တာ။ ပြီးတော့လည်း ကံကောင်းလို့ မုန်တိုင်းကျွန်းကနေ လွတ်မြောက်လာတာပါ။ မဟုတ်ရင် တိုင်တန်တွေရဲ့ လက်ချက်ကြောင့် ကျုပ်နဲ့ ဂျိုအန်နာတို့က သေသွားလောက်ပြီ။”
တိုင်တန်တွေလား။ အနီးအနားရှိ ဆွေးနွေးမှုများ ပြင်းထန်သွားပြန်သည်။ တိုင်တန်တွေက ဧရာမနဂါးတွေကိုတောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ ဆမ်မြူရယ်က တကယ်ကြီး ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ဧရာမသတ္တဝါတွေနဲ့ ရင်ဆိုင်ခဲ့ရမယ်လို့ မထင်ထားခဲ့ဘူး။
ထိုသို့ပြောပြီးနောက် ဆမ်မြူရယ်က လက်ဝါးအရွယ် ငွေသတ္တုတစ်ခုကို ထုတ်ပြသည်။ “ဒါက ထွက်ပြေးနေတုန်း ကျုပ် တွေ့ခဲ့တာပဲ။ ဒါက ဒိုင်းဆုတော့ မဟုတ်ပါဘူး။ အစကတော့ ကိုယ့်ကိုယ်ကိုယ် ပိုမြင့်တဲ့ ပန်းတိုင်းအတွက် ကြိုးစားဖို့အတွက် ဒါကို သတိပေးချက်အနေနဲ့ သိမ်းထားမလို့ပဲ။ ဒါက အရှင်မင်းသားကို ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ်။”
လက်ဇ်ဘေးနားမှ လူငယ်က သတ္တုအပိုင်းအစကို အဝေးမှကြည့်နေလိုက်သည်။ သူ၏ ငွေရောင်မျက်လုံးများက တလက်လက် ဖြစ်နေ၏။ “ငွေကြေးခွံချပ်ကာ အပိုင်းအစက တကယ့်ကို တိုင်တန်ရဲ့ လက်ရာပဲ။ ဒီကောင်လေးက အတော်လေး တော်တာပဲ။”
လူငယ်လေး၏အသံက သိပ်မကျယ်သော်လည်း ဘေးဖက်မှ ဂါဖီးက ကြားလိုက်ရသည်။ သူက နောက်ထပ် မေးခွန်းမထုတ်ရဲတော့ဘဲ ပြန်ထိုင်ချလိုက်၏။
မဟာလက်ဇ်က အသာလေး ခေါင်းညိတ်လိုက်သည်။ “ဆမ်မြူရယ်။ မင်းရဲ့ သတ္တိနဲ့ ခွန်အားကို ငါ အသိအမှန်ပြုတယ်။ ငါမင်းကို အင်ပါယာရဲ့ ရွှေသူရဲကောင်းအဖြစ် ချီးမြှောက်လိုက်ပြီ။ တရားဝင် အခမ်းအနားကိုတေိာ့ နောက်၃ရက်နေရင် ကျင်းပမယ်။”
မဟာလက်ဇ်က ခဏရပ်တန့်လိုက်ပြီး ဘေးဖက်မှ လူငယ်ကို ဖျပ်ခနဲကြည့်ကာ နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်။ “ငါမင်းကို လာမယ့် နှစ်ဝက်အတွင်း ပြုလုပ်မယ့် နဂါးတောင်ကြားတွေ့ဆုံပွဲမှာ ပါဝင်ခွင့် ပေးမယ်။ နဂါးတွေရဲ့ အတည်ပြုချက်ကို ရမယ်ဆိုရင် မင်းက နဂါးသူရဲကောင်းဗိုလ်ခြေရဲ့ အဖွဲ့ဝင်တစ်ယောက် တရားဝင် ဖြစ်လာလိမ့်မယ်။”
ဆမ်မြူရယ်က အလွန်ပျော်ရွှင်သွားပြီး ဆုလာဒ်ကို ကျေးဇူးတင်ရန်အတွက် ဒူးတစ်ဖက် ထောက်လိုက်သည်။ မဟာလက်လက်ဇ်၏ ဆုလာဒ်က တော်ဝင်ပြိုင်ကွင်းတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ ဆမ်မြူရယ်က ရွှေသူရဲကောင်း ဖြစ်လာတာ အံ့သြစရာ မရှိဘူး။ သက်ဆိုင်ရာ စွမ်းအားအဆင့်ကို ရောက်ပြီးနောက် သူက ရွှေသူရဲကောင်း ဖြစ်ဖို့ အရည်အချင်း ပြည့်မှီသွားပြီ။ ပေါလ်က အရန်ရွှေသူရဲကောင်းပဲ။ ဆမ်မြူရယ်က အရန်အဆင့်ကို ကျော်သွားတာ တစ်ခုပဲ။ ဒီနေ့ ပေါလ်ကို အနိုင်ယူခဲ့တဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုးက နားလည်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ အဆုံးမှာ ပြောသွားတဲ့ နဂါးတောင်ကြားတွေ့ဆုံပွဲ အတွက် အရည်အချင်းတွေပဲ။ ဒီလိုတွေ့ဆုံပွဲမျိုးက အစွမ်းထက်ဆုံးနဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နဂါးသူရဲကောင်း ရွေးချယ်မှု ပြိုင်ပွဲပဲ။ ဒါကို နှစ်၅၀ကြာတိုင်း လက်ရွေးစင်၁၀ယောက်တည်းကပဲ ရွေးချယ်တာ။ ယှဉ်ပြိုင်မှုက အတော်လေး ပြင်းထန်တယ်။ ရွှေသူရဲကောင်းတောင် ဒီလိုအရည်အချင်း ရှိဖို့ ခက်ခဲတယ်။ ဒါပေမဲ့ မထင်မှတ်ထားတာကတော့ မဟာလက်ဇ်က ဒီနေ့ ဆမ်မြူရယ်ကို အဲဒီနေရာတစ်ခု တစ်ခါတည်း ဆုချီးမြှင့်လိုက်တာပဲ။
အထက်တန်း မိသားစုအများအပြားက ခမ့်လော့မိသားစု ပြန်လည်ပေါ်ထွက်လာမည့် လက္ခဏာ ဟုတ်မဟုတ် စောင့်ကြည့်နေကြသည်။ ခမ့်လော့မိသားစုအကြီးအကဲ ကာလိုက စိတ်လှုပ်ရှားသော အမူအရာတစ်ခု ပြသလိုက်ပြီး အဝေးမှ မဟာလက်ဇ်ကို အရိုအသေ ပြုလိုက်သည်။ ဂျိုအန်နာ၏ ဖခင်ဖြစ်သူ ဖရက်ထ်က ဂျိုအန်နာနှင့် ပေါလ်တို့၏ လက်ထပ်ပွဲကို ဖျက်သိမ်းကြောင်း လူသိရှင်ကြား ကြေညာခဲ့ပြီးနောက် တစ်ခါက ငြင်းပယ်ခဲ့ဖူးသော ဆမ်မြူရယ်အား လက်ခံရန် ကောင်းမကောင်း စဉ်းစားနေဆဲ ဖြစ်သည်။ ချက်ချင်းပင် ဆုလာဒ်ကို ကြားပြီးနောက် သူက စိတ်ပိုင်းဖြတ်လိုက်၏။ ဒုတိယမင်းသာ ဂါဖီးက ပြုံးနေဆဲဖြစ်သော်လည်း သူ၏ တင်းမာနေသော မျက်နှာပေါ်၌ ပျော်ရွှင်မှု လုံးဝ ရှိမနေပေ။
ပြိုင်ကွင်းထဲ၌ ရပ်နေသော ပေါလ်က ထိုအချိန်၌ အပြင်လူကဲ့သို့ ဖြစ်နေသည်။ ဆမ်မြူရယ် ရရှိခဲ့သော ဂုဏ်ကျက်သရေနှင့် ဆုလာဒ်တို့က သူ့မျက်နှာကို ပါးရိုက်သလို ဖြစ်နေ၏။ သူက အင်ပါယာ၏ ပါရမီအရှိဆုံး ဓားသမားတစ်ယောက်ဖြစ်ပြီး ရှေးသူရဲကောင်းခေါင်းဆောင် ပါဆာလီ၏ တပည့် ဖြစ်သည်။ သူ့ကို မည်သူမှ အနိုင်မယူနိုင်သကဲ့သို့ပင် သူက စိတ်တက်ကြွ နေခဲ့သည်။ သူက အမြဲပင် ပါရမီရှင်နှင့် အောင်နိုင်သံ ရောင်လျှံ လွှမ်းခြုံနေခဲ့သည်။ ထိုကဲ့သို့ ဝမ်းနည်းဖွယ် ရှုံးနိမ့်မှုကို မည်သည့်အခါက ခံစားခဲ့ရဖူးမည်နည်း။
ပြိုင်ကွင်းထဲသို့ ချန်လွေ့ ဝင်သွားပြီး ပေါလ်ကို ကိုင်လှုပ်လိုက်သည့်အခါမှသာ သူ သတိပြန်ဝင်လာခဲ့သည်။ သူက ခန္ဓာကိုယ် တစ်ခုလုံး စွမ်းအား ကုန်ဆုံးသွားကြောင်း ခံစားလိုက်ရပြီး ချန်လွေ့၏ အထောက်အပံ့ဖြင့်သာ ထော့နဲ့ထော့နဲ့ သွားနိုင်တော့သည်။
ဆမ်မြူရယ်က ထိပ်တန်းပါရမီရှင် ပေါလ်ကို အနိုင်ယူခဲ့ပြီး ရွှေသူရဲကောင်းအဖြစ် ဆုချီးမြှင့် ခံခဲ့ရကြောင်းသတင်းက ရယ်ရိုဒီရှာတစ်လျှောက် ချက်ချင်း ပျံ့နှံ့သွားတော့သည်။ ထိုအရာက ကွင်းဆက်တုံ့ပြန်မှုတစ်ခုကဲ့သို့ ဖြစ်နေပြီး ဖြစ်စဉ်အမျိုးမျိုးကို ပြောင်းလဲသွားစေခဲ့သည်။ အင်ပါယာ၏ သင်ကြားရေးရာဌာန ညွှန်ကြားရေးမှူး လိုင်အွန်၏ နှုတ်ထွက်စာကို မဟာလက်ဇ်က လက်ခံခဲ့ပြီး ဆက်ခံသူက ဘဏ္ဍာရေးရော ဌာန ညွှန်ကြားရေးမှူးဟောင်း ဂရူစီယာ ဖြစ်သည်။ သင်ကြားရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး ဆယ်ဗာဒေါလိုမန်က စစ်ဘက်ရေးရာ အုပ်ချုပ်ရေးကောင်စီထံ ပြောင်းရွှေ့ခံလိုက်ရသည်။ ခမ့်လော့မိသားစုမှ အကြီးအကဲ ကာလိုက ဘဏ္ဍာရေးရာဌာန ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးခံခဲ့ရသည်.....
ကောင်းစွာသိမြင်ကြသူများက ထိုကဲ့သို့ ရာထူးအပြောင်းအလဲများမှာ ကြိုတင် ပြင်ဆင်ထားခြင်းများ ဖြစ်ကြောင်း သတိထားမိကြသည်။ စီးချင်းတိုက်ပွဲက အပေါ်ယံမျှသာ ဖြစ်သည်။ သိပ်မကြာခင် နှစ်များ၌ ကျောင်းတော်နှင့် ပတ်သက်သော မိသားစုစွမ်းအားက ကျယ်ပြန့်လာသည့်အတွက် မဟာလက်ဇ်ကို သတိထားမိသွားစေသည်။ မည်သို့ပင်ဆိုစေကာမူ အင်ပါယာ၏ အန္တိမအုပ်ချုပ်သူက ဘုရင်သာ ဖြစ်၏။
လိုမန်မိသားစုအကြီးအကဲ ဆယ်ဗာဒေါသည် မူလက သင်ကြားရေးရာဌာန ညွှန်ကြားရေးမှူး နေရာအတွက် နာမည်အကျော်ကြားဆုံး ဖြစ်သည်။ မဟာလက်ဇ် ကိုယ်တိုင်ကပင် ထိုကဲ့သို့ အရိပ်အမြွက် ပြသခဲ့သည်။ သို့သော်လည်း ယခုတွင် သူက စစ်ဘက်ရေးရာ အုပ်ချုပ်ရေးကောင်စီသို့ ပြောင်းရွှေ့ခဲ့ရသည်။ ကောင်စီနှစ်ခု၏နေရာက ဌာနသုံးခုထက် မြင့်မားပေသည်။ ထိုကဲ့သို့ ပြောင်းရွှေ့မှုက အပေါ်ယံ၌ ရာထူးတိုးခြင်းကဲ့သို့ ဖြစ်နေသော်လည်း အမှန်တကယ်၌ ဆယ်ဗာဒေါက စစ်ဘက်ရေးရာ အုပ်ချုပ်ရေးကောင်စီ၌ နာမည်မရှိသော ဂုဏ်ပုဒ်တစ်ခုကိုသာ သယ်ဆာင်ထားရလေသည်။ တကယ့်အာဏာရှိသော သင်ကြားရေးရာဌာနာ၏ ညွှန်ကြားရေးမှူးနှင့် မယှဉ်နိုင်ပေ။ သူ ယခင်က နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသော ချိတ်ဆက်မှု ကွန်ရက်များနှင့် အကျိုးအမြတ်တို့လည်း တဖြည်းဖြးည်း ပျောက်ကွယ်သွားလေသည်။
ထိုအဖြစ်အပျက်က လိုမန်မိသားစုကို အပေါ်ယံထက် ပိုမိုပြင်းထန်သော ထိခိုက်မှုကို ဖြစ်စေခဲ့သည်။ မိသားစု စီးပွားရေးက အဘက်ဘက်မှ ထိခိုက်ခဲ့ရသည်။ မူလက လူပြည့်နေသော စံအိမ်သည် ယခုတွင် ခြောက်ကပ်ပြီး တိတ်ဆိတ်နေ၏။ မည်သူမှ လာမလည်ကြပေ။ လင်ကွန်မိသားစု လက်အောက်ငယ်သား ဒီရေဂိုပင် ပျောက်ကွယ်သွားသည်။ ၎င်းမှာ လူသား ပတ်သက်မှု၏ အပေါ်ယံ ဖြစ်သည်။ “သစ္စာရှိ”လက်အောက်ခံ ချန်လွေ့သာ နေရစ်ခဲ့သည်။ သူက ဒေါသထွက်နေသော ပေါလ်အား ဆက်လက်အားပေးနေခဲ့သည်။
ပေါလ်က လက်အောက်ခံ၏ စိတ်ရင်းပါသော မျက်လုံးများကို ကြည့်နေရင်း ရင်ထဲထိသွားခဲ့သည်။ သူက နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်ပြီး နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ရာ၌ ပါဝင်ရန်အတွက် ကမ်းပါးဖြူသို့ သွားလိုက်သည်။ သနားစရာ ပေါလ်လေးပင်။ သူက ရစ်ချက်၏ “စိတ်ရင်း”နောက်ကွယ်၌ မည်သည့်ရည်ရွယ်ချက် ရှိနေကြောင်း မသိခဲ့ပေ။ သို့မဟုတ်ပါက ဒွါရ(၇)ပေါက်မှ သွေးများ ယိုစီးမှသာ သူ ရင်ထဲထိပေလိမ့်မည်။