← Chapters

ကမ်းပါးဖြူ

Vol. 43 Ch. 666

ကမ်းပါးဖြူ

Vol. 43 Ch. 666

နောက်တစ်နေ့နံနက်၌ အဒိုလာက သူတို့နှစ်ယောက်ကို အဆောက်အအုံကြီး တစ်ခုသို့ ပို့ပေးခဲ့သည်။ ထိုနေရာက တစ်လမ်းသွား [ တယ်လီပို့လမ်းကြောင်း ] ဖြစ်ပြီး သိဒ္ဓိအလင်းတောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ သူတို့ ဝင်၍သာရပြီး ထွက်၍ မရနိုင်ပေ။ အဆင့်အချို့ရောက်ပြီးသော အတွင်းရေးအဖွဲ့ဝင်များသာ အသုံးပြုနိုင်၏။

လက်ရှိတွင် နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ချိန် ဖြစ်နေပြီး မရဏနက် နောက်လိုက် အဖြစ်အပျက်ကလည်း ပြန်လည်ဖြစ်ပေါ်လာသည့်အတွက် [တယ်လီပို့ လမ်းကြောင်း] က အတော်လေး အစောင့်အကြပ် တင်းကြပ်နေခဲ့သည်။ ပေါလ်က ရင်းနှီးသော မျက်နှာဖြစ်ပြီး နတ်ဘုရားကျောင်းစစ်သည်တော် ရွေးချယ်မှုအတွက် အရည်အချင်းရှိသော တံဆိပ်ပြားထုတ်ပြခဲ့သော်လည်း ပုံမှန်အတိုင်း အတည်ပြုခြင်းကို ပြုလုပ်ရသေးသည်။ ပေါလ်၏ အထောက်အထားကို အတည်ပြုပြီးနောက် လက်အောက်ခံချန်လွေ့က မပြောပလောက်ဟန် တူသည်။ ရိုးရှင်းသော စာရင်းသွင်းခြင်း ပြုလုပ်ပြီးနောက် သူတို့က ချောချောမွေ့မွေ့နှင့် ဖြတ်သွားနိုင်ခဲ့ကြသည်။

ထိုတစ်လမ်းသွား [ တယ်လီပို့လမ်းကြောင်း ] က အတော်လေး ထူးခြားကြောင်း ချန်လွေ့ မြင်နေရသည်။ မှော်ကျောက်တုံးများ ထားထားသော နေရာအစီအစဉ်အပြင် အထူးကြားခံ တစ်ခုကိုလည်း လိုအပ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ အတင်းဖောက်ဝင်လျှင် အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားနိုင်ချေများသည်။ မှော်စက်ဝိုင်း အဆင်သင့် ဖြစ်သောအခါ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ခဏအကြာ ပုံရိပ်နှစ်ခုက တွန့်ရှုံ့သွားပြီး လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

ရေထဲ၌ နစ်မြုပ်နေသော အံ့သြဖွယ်ရာ ခံစားချက်တစ်ခု ပြီးနောက်တွင် ချန်လွေ့နှင့်‌ ပေါလ်တို့က တယ်လီပို့စင်မြင့်တစ်ခု ဖြစ်နိုင်သော နေရာအသစ်တစ်ခု၌ ပေါ်ထွက်လာကြသည်။ ထိုနေရာကို အလင်းစစ်သည်တော် အများအပြား ဝိုင်းရံထားကြ၏။ သူတို့နှစ်ယောက်ကို တွေ့သောအခါ စစ်သည်တော်များက ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။

ချန်လွေ့တို့၏ အထောက်အထားများကို အတည်ပြုပြီးနောက် သူတို့က ကြိုစီစဉ်ထားသော မြင်းနှစ်ကောင်ဖြင့် ခရီးဆက်ကြသည်။ ချန်လွေ့၏ပုခုံးပေါ်၌ မိုးကြိုးငှက်လေး ရှိနေဆဲဖြစ်ပြီး သားရဲထိန်းကျောင်း ပညာရှင် အထောက်အထားအတွက် အကာအကွယ်တစ်ခု ဖြစ်၏။

လမ်းခရီးက ကျယ်ဝန်းပြီး ပြန့်ပြူးနေသည်။ လမ်းတစ်လျှောက်၌ လှိုင်းပမာ ဖြစ်နေသော တောင်တန်းများစွာ ရှိသည်။ ကျောက်တုံးများက အများစုမှာ အဖြူရောင် ဖြစ်နေသည်။ ထိုအရာက “ကမ်းပါးဖြူ”ဟူသော နာမည်၏ ဇစ်မြစ် ဖြစ်နိုင်လောက်ပေသည်။ အထင်ရှားဆုံးမှာ အဝေးမှ အမြင့်မားဆုံးတောင်တန်းဖြစ်ပြီး အလွန်ပင် ခမ်းနားထည်ဝါနေ၏။

“ဒါက ကမ်းပါးဖြူရဲ့ သိဒ္ဓိအလင်းတောင်ပဲ။” ပေါလ်က မြင့်မားလှသောတောင်ကို လက်ညှိုးထိုးပြပြီး စိတ်အားတက်ကြွစွာ ပြောလိုက်သည်။ “ဒီရွေးချယ်ပွဲကို ငါ ကျော်ဖြတ်နိုင်မယ် ဆိုရင် သိဒ္ဓိအလင်းတောင်ရဲ့ နှင်းထောင်ထွတ်စင်မြင့်မှာရှိတဲ့ နှင်းဒဲလက်သိဒ္ဓိသစ်ပင်အောက်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ သူတော်စင်စာရင်းသွင်းခြင်းကို ခံရမယ်။ ပြီးရင် လူပေါင်းထောင်နဲ့ချီ လေးစားကြတဲ့ နတ်ဘုရားကျောင်းစစ်သည်တော် ဖြစ်လာလိမ့်မယ်။”

“သေချာတာပေါ့။” ချန်လွေ့ကို သိဒ္ဓိအလင်းတောင်အား အပြစ်မဲ့ကလေးတစ်ယောက်ကို တွေ့သွားသော ထူးဆန်းသည့် ဦးလေးကြီးတစ်ယောက်ကဲ့သို့ပင် မျက်လုံးပြူးကျယ်ပြီး ကြည့်နေခဲ့သည်။ အဖြေရှာဖို့အတွက် သိပ်ပြီး အားထုတ်စရာ မလိုဘူး။ မေးတောင်မေးစရာ မလိုဘဲနဲ့ နှင်းဒဲလက်ပန်းသတင်းအကြောင်း ကြားလိုက်ရတယ်။ အဲဒါက သိဒ္ဓိအလင်းတောင်ရဲ့ နှင်းထောင်ထွတ်စင်မြင့် တည့်တည့်မှာပဲ။

“တကယ်လို့ ငါက နတ်ဘုရားကျောင်းစစ်သည်တော် ဖြစ်လာမယ်ဆိုရင် ကောင်းကင်တမန် သုံးပါးက ဆင့်ခေါ်မယ့် အခွင့်အရေးတောင် ရနိုင်တယ်။ သိဒ္ဓိသံတမန် ဒါမှမဟုတ် သိဒ္ဓိတည့်တောင် ဖြစ်လာနိုင်တယ်။” ပေါလ်က မြင်းဇက်ကြိုးများကို လှုပ်ခါလိုက်သည်။ “တရားဝင်ရွေးချယ်ပွဲက ၂ရက်နေရင် စတော့မှာ။ လာ။ ကျက်သရေဆောင် သူရဲကောင်းရဲ့ ကောင်းကင်မိုးကြိုးခန်းမကို အခုပဲ သွားကြမယ်။”

သိဒ္ဓိသံတမန်၊ သိဒ္ဓိတပည့် ဟုတ်လား။ ဒီအခေါ်အဝေါ်နှစ်ခုက ရင်းနှီးနေသလိုပဲ။ ချန်လွေ့က အမှောင်နယ်မြေ အမှောင်နတ်ဆိုးတိုင်ပွဲ၌ ၎င်းကို ကြားခဲ့ရကြောင်း မှတ်မိလိုက်၏။ နီရိုက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အား သိဒ္ဓိတပည့်၏ [ ယုံကြည်မှုချပ်ကာ ] အဖြစ် အထင်မှားသွားခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သိဒ္ဓိတပည့်များက ကောင်းကင်တမန် သုံးပါး ရွေးချယ်ထားသည့် အမြင့်မားဆုံး ယုံကြည်သူများ ဖြစ်သည်ကို သေချာ မြင်နိုင်ပေသည်။

ချန်လွေ့က ထိုနေ့ရက်များ၌ ပေါလ်နှင့်အတူ ရှိနေသည်ဖြစ်ရာ သိဒ္ဓိကျောင်းတော် အကြောင်း လုံးလုံး မသိသည် မဟုတ်တော့ပေ။ ကမ်းပါးဖြူတွင် အဖွဲ့ကြီးသုံးဖွဲ့ ရှိသည်။ ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်နှစ်ယောက်တို့က အဖွဲ့သုံးဖွဲ့၏ ကိုယ်စားလှယ် ဖြစ်သည်။ သူတို့က အလင်းနတ်ဘုရား လက်အောက်၌ ကောင်းကင်တမန်သုံးပါးနှင့်လည်း သက်ဆိုင်နေသည်။

ကျက်သရေဆောင် ပုပ်ရဟန်းမင်း ဗန်းတိစ်၏နောက်တွင် သိဒ္ဓိကျောင်းတော်၏ အမြင့်မားဆုံး ခေါင်းဆောင်ဖြစ်သော ကောင်းကင်တမန် မိုက်ကယ် ရှိနေသည်။ ၎င်းက အင်အားအကြီးမားဆုံးသော အဖွဲ့လည်း ဖြစ်သည်။ သူ၏လက်အောက်မှ အစွမ်းအထက်ဆုံး လက်ထောက်နှစ်ယောက်မှာ ရေဖျန်းဘုန်းတော်ကြီး ရော်ဂျာနှင့် တရားသူကြီးချုပ် စီရက်စ်တို့ ဖြစ်ကြသည်။

ဂိုဏ်းချုပ် ပါစ်မီယာနောက်တွင် လှပမြင့်မြတ်သော ကောင်းကင်တမန် ဂေဘရီရယ်ရှိနေပြီး အဓိက ရေဖျန်းဘုန်းတော်ကြီး သုံးပါးတစ်မှ တစ်ပါးဖြစ်သော ဘျာမင်ဟန်က ထိုအဖွဲ့တွင် ရှိနေသည်။

နောက်ထပ်ဂိုဏ်းချုပ်တစ်ယောက်က သိဒ္ဓိအလင်းမိန်းမပျို ယူဒိုရာဖြစ်ပြီး ဝကစ်ကစ် ကောင်းကင်တမန် ရာဖယ်ရယ်က သူ့နောက်တွင် ရှိနေသည်။ ရေဖျန်းဘုန်းတော်ကြီး တစ်ပါး ဖြစ်သော ဂရာလင်က ထိုအဖွဲ့ဝင် ဖြစ်သည်။

ထိုအဖွဲ့သုံးခုအကြားတွင် ပွင့်ပွင့်လင်းလင်းနှင့် တိုးတိုးတိတ်တိတ် ပြိုင်ဆိုင်မှုများ ရှိကြသော်လည်း ကျောင်းတော်ကို ထောက်ပံ့နေသော အခြေခံ မဏ္ဍိုင်သုံးခုကဲ့သို့ မျှချေညီအောင် ထိန်းသိမ်းထားကြလေသည်။ ပြောင်းလဲမှုများ ရှိလာသည့်တိုင် အရာအားလုံးက အမြဲပင် တည်ငြိမ်နေမည်ဖြစ်သည်။

ထိုကောင်းကင်တမန်သုံးပါး၏နာမည်က ချန်လွေ့အား အခြားလောကမှ ဘာသာရေး ဒဏ္ဍာရီများကို တွေးမိသွားစေသည်။ မိုက်ကယ်၊ စေတန် နဲ့ လူစီဖာဆိုတဲ့ နာမည်တွေကို ကြည့်ရမယ်ဆိုရင် ကွဲပြားနေတဲ့ အပြိုင်လောကနှစ်ခုကြားမှာ အံ့အားသင့်စရာ တိုက်ဆိုင်မှုတွေ အများကြီး ရှိနေသေးတာပဲ။

ချန်လွေ့က စိတ်ရှုပ်သွားစေသည်မှာ နတ်ဆိုးဘုံ၌ အမှောင်နတ်ဘုရားကျောင်းကဲ့သို့ အလွန်ကြီးမားသော ဘာသာရေးအဖွဲ့အစည်းတစ်ခု ရှိမနေခြင်းပင်။ အဲဒီ နတ်ဆိုးဘုရားသခင်က အံ့သြဖွယ်ရာတွေကို ပြသခဲတယ်။ ဧကန္တ...အလင်းနတ်ဘုရားက သူ့ကို အနိုင်ယူခဲ့တာများလား။

ကမ်းပါးဖြူ၏ ခံစစ်က အလွန်ပင် တင်းကြပ်လှသည်။ အပိုင်းတိုင်းကို အလင်းစစ်သည်တော်များနှင့် စောင့်ကြပ်ထားသည်။ ဖြတ်သွားလျှင် သက်သေခံ အထောက်အထားကို ပြသရသည်။ သို့သော်လည်း ယခုတွင် ကမ်းပါးဖြူကို ပြင်ပလောကနှင့် ပိတ်ဆို့ထားခဲ့သည်။ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှု၌ ပါဝင်သူတစ်ယောက် ဖြစ်သည့်အလျောက် ပေါလ်က ချန်လွေ့ကို ဦးဆောင်ပြီး လမ်းတစ်လျှောက်လုံး အေးအေးဆေးဆေး ဝင်သွားလိုက်၏။

သိဒ္ဓိအလင်းတောင်ခြေ၌ နဂါးလင်းလက်အင်ပါယာမှ ရယ်ရိုဒီရှာမြို့တော်ကဲ့သို့ ကြီးမားသော မြို့တော်တစ်ခု ရှိနေ၏။ ၎င်းမှာ သိဒ္ဓိအလင်းမြို့တော်ပင် ဖြစ်လေသည်။

ထိုနေရာတွင် နေထိုင်ကြသူများက သာမန်လူများထက် သက်တမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ၌ သာလွန်ကြသည်။ သူတို့သည် ကျောင်းတော်က ပြုလုပ်သော ကိစ္စများ၌ ပါဝင်နိုင်ကြပြီး ဒဏ္ဍာရီလာပုဂ္ဂိုလ်များကို တွေ့နိုင်ကြသည်။ တစ်ခါတစ်ရံ၌ သူတို့က ကံကောင်းမှသာ ဖြစ်နိုင်သော အံ့သြဖွယ်ရာများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ကြရသည်။ အလင်းကို ဝတ်ပြုကြသော ယုံကြည်သူများအတွက် သိဒ္ဓိအလင်းမြို့‌တော်သို့ ဝင်ခွင့်ရပြီး ဘုရားသခင်နှင့် နီးစပ်ရသော ကိုးကွယ်သူများ ဖြစ်လာနိုင်ကြသည်မှာ အကြီးမားဆုံး ဂုဏ်ကျက်သရေပင် ဖြစ်လေသည်။

သိဒ္ဓိအလင်းမြို့တော်မှ လူအရေအတွက်က အကန့်အသတ်သာရှိပြီး နှစ်စဉ် လူအနည်းငယ်ကိုသာ ခေါ်ယူသည်။ အကိုင်းရှိုင်းဆုံး ကိုးကွယ်သူများသာ သိဒ္ဓိအလင်းမြို့တော်မှ မြို့သူ/သားများ ဖြစ်လာနိုင်ပြီး စစ်‌ဆေးမှု အမျိုးမျိုးကို ကျော်ဖြတ်ရသည်။ ထိုသို့ဆိုသည့်တိုင် ယုံကြည်သူများက စု‌ဝေးနေဆဲ ဖြစ်သည်။

သိဒ္ဓိအလင်းမြို့တော်တွင် နေ့တိုင်း ပြင်ပမှ ဘုရာဖူးအများအပြား ရှိသော်လည်း ယခုတွင် ပို၍ တိတ်ဆိတ်နေ၏။ ကိုင်းရှိုင်းသော ကိုးကွယ်သူများက ကျောင်းတော်၏ အမိန့်ကို နာခံကြပြီး အလင်းနတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှုကို အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်။

ပုပ်ရဟန်းမင်းဖြစ်စေ၊ ဂိုဏ်းချုပ်နှစ်ဦးနှင့် ရေဖျန်းဘုန်းတော်ကြီးသုံးပါးစေ၊ တစ်ယောက်မှ သိဒ္ဓိအလင်းမြို့တော်၌ မနေကြဘဲ သိဒ္ဓိအလင်းတောင် ခန်းမများ၌သာ နေကြသည်။ မြင့်မားသော ခန်းမများက တိမ်တိုက်ထဲရှိ နတ်ဘုရားများသဖွယ် ဖြစ်နေပြီး ခြေထောက်အောက်မှ နိမ့်ကျသော သာမန်လူများကိုကြည့် ငုံ့ကြည့်နေဟန်တူသည်။

ပေါလ်က ချန်လွေ့ကို ဦးဆောင်ပြီး ကျက်သရေဆောင်သူရဲကောင်း၏ အမြင့်ဆုံး တပ်မှူးရှိသော သိဒ္ဓိအလင်းတောင်ဘက်ခြမ်းရှိ ကောင်းကင်မိုးကြိုးခန်းမသို့ ရောက်လာသည်။ ပေါလ်က ကောင်းကင်မိုးကြိုးခန်းမ၌ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ သူက သိနှင့်နေပြီဖြစ်သော အစောင့်စစ်သည်တော်များကို နှုတ်ဆက်ပြီး ခန်းမထဲသို့ ရောက်ရှိလာကာ ကျက်သရေဆောင်စစ်သည်တော်၏ အမြင့်မားဆုံး တပ်မှူးဖြစ်သည့် ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီနှင့် တွေ့ဆုံခဲ့သည်။

ကျက်သရေဆောင် စစ်သည်တော်များထဲ၌ အလင်းစစ်သည်တော်များက အဆင့်အနိမ့်ဆုံး ဖြစ်ပြီး သူ့အပေါ်တွင် နတ်ဘုရားကျောင်းစစ်သည်တော် ရှိပြီး ရှေးသူရဲကောင်းက အမြင့်ဆုံး ဖြစ်သည်။ သိဒ္ဓိအလင်းတောင်၌ ရှေးသူရဲကောင်းတစ်ဦးထက် ပိုရှိသော်လည်း ပါဆာလီ တစ်ဦးတည်းကို “ရှေးသူရဲကောင်း ခေါင်းဆောင်”ဟု ခေါ်၍ ရနိုင်ပေသည်။

ကျက်သရေဆောင်စစ်သည်တော်က ကျောင်းတော်မှ အမြင့်ဆုံးခေါင်းဆောင်၏ အမိန့်နှင့် ပြောင်းရွှေ့မှုကို နာခံရသော်လည်း တိတိကျကျပြောရလျှင် မည်သည့်အဖွဲ့ကပင် မဟုတ်ပေ။ ရှေးသူရဲကောင်းခေါင်းဆောင် ဖြစ်သည့်အလျောက် ပါဆာလီက “ကျက်သရေဆောင်ဓားသမား” နာမည်ပြောင်ကို ရရှိထားပြီး အလင်းကို သစ္စာရှိကာ အမှန်တရားကို ကာကွယ်သော စစ်သည်တော်၏ သစ္စာခံမှုကို အမြဲပင် အလေးထားခဲ့ကာ လူများကို မျှမျှတတနှင့် သိက္ခာရှိရှိ ဆက်ဆံပြီး စစ်သည်တော်များ၏ လေးစားမှုကို ရရှိခဲ့သူ ဖြစ်သည်။ သို့သော်လည်း မှန်ကန်လွန်းသူက လူများကို အလွယ်တကူ ရန်ပြုမိနိုင်သည်။ ကျောင်းတော် ထိပ်ပိုင်းရှိ လူများ၏ မျက်လုံးထဲ၌ ထိုကျက်သရေဆောင်ဓားသမားက မနှစ်မြို့စရာ ခေါင်းမာသော ကျောက်တုံးတစ်တုံး ဖြစ်နေလေသည်။

ပါဆာလီက အသက်၂၀၀ကျော်ပြီ ဖြစ်သော်လည်း အသက်၄၀ဝန်းကျင်ခန့်သာ ထင်မှတ်ရသည်။ သူက မျက်နှာလေးထောင့်ရှိပြီး တက်ကြွသော မျက်လုံးများ ရှိနေကော ဆံပင်ဖြူလုံးဝမရှိဘဲ အနက်ရောင် ဆံပင်အတိုနှင့် ဖြစ်သည်။ သူက အတော်လေး တောက်ပနေ၏။

“ဆရာ...” ပေါလ်က ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ “ကျွန်တော် ရောက်ပါပြီ။ ဒါက ကျုပ်ရဲ့ လက်အောက်ငယ်သား ရစ်ချက်ပါ။”

[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ပါဆာလီ၏ စွမ်းအားအကဲဖြတ်မှုအဆင့်က S+ ဖြစ်သည်။ ခန္ဓာအမျိုးအစားတစ်ခုတည်းသာ S အဆင့်ဖြစ်ပြီး ကျန်ရှိသည်များက S+ အဆင့် ဖြစ်သည်။ [စိစစ်ချက်] ကလည်း သူ့ကို အလင်းဂုဏ်သတ္တိ မှော်ဓားသမားအဖြစ် ပြသပြီး အန္တရာယ်အဆင့်ကို “ပိုမြင့်”ဟု ဖော်ပြထား၏။

ထိုအချက်အလက်များကို ကြည့်ခြင်းအားဖြင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်ကြောင်း သိနိုင်သော်လည်း ချန်လွေ့က ထိုကျက်သရေဆောင် ဓားသမားသည် ရွှေရောင်ဖျော့ အရေပြားရှိသော တိုင်တန်ထက် ပိုမိုစွမ်းအားကြီးနိုင်ကြောင်း ခံစားမိနေသည်။ သူက အလွယ်တကူ အနိုင်ယူလို့မရနိုင်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ ဒီမှာ ပုန်းနေတဲ့ လူသားလောကရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဘယ်လောက်‌တောင် ရှိနေလဲ ငါမသိဘူး။ ပြောရမယ်ဆိုရင် သိဒ္ဓိအင်ပါယာ နှစ်ခုကိုတောင် ကျော်လွန်နိုင်တယ်။

ထိုပါဆီလီအပြင် ချန်လွေ့က ကောင်းကင်မိုးကြိုးခန်းမ၌ နတ်ဆိုးအရှင်သခင်အဆင့် ရှေးသူရဲကောင်း ၁၀ဦးကို အာရုံခံမိတယ်။ ဧရာမခေါင်းဆောင်သုံးဦးဖြစ်သော ပုပ်ရဟန်းမင်း ဗန်းတိစ်၊ ဂိုဏ်းချုပ် ပါစ်မီယာ နှင့် သိဒ္ဓိမိန်းမပျိုတို့ကိုလည်း ထိပ်တန်းအစွမ်းထက် ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ ရနိုင်သည်။ ထို့ပြင် ကျောင်းတော်နောက်၌ ပိုမိုကြောက်စရာ ကောင်းသော အထူးအစွမ်းထက် ပုဂ္ဂိုလ်များဖြစ်သည့် ကောင်းကင်တမန်များလည်း ရှိနေသေးသည်။

ကောင်းကင်တမန်သုံးပါးအကြောင်း ချန်လွေ့ အနည်းငယ်သာ သိသော်လည်း တစ်ခုကို မှတ်မိသည်။ ဖျက်ဆီးခြင်းမျှော်စင်မှာ သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ရဲ့ လက်ကျန်ဝိညာဉ်နဲ့ တွေ့ခဲ့အချိန်က “ရာဖယ်ရယ်”ဆိုတဲ့ နာမည်ကို ပြောခဲ့ဖူးတယ်။ အရင်တုန်းက ရိုဒရီဂူးဇ်ရဲ့ ခွန်အားက အထွတ်အထိပ် ရောက်နေတုန်းကဆို နတ်ဘုရား-တစ်ပိုင်း အဆင့်ကိုတောင် ရောက်ရင်ရောက် ဒါမှမဟုတ် နီးကပ်နေလောက်ပြီ။ ဒါပေမဲ့ သူက ရာဖယ်ရယ်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ ပြီးတော့ အခုထိတောင် သူ ကြောက်နေတုန်းပဲ။

ထို့ကြောင့် ကောင်းကင်တမန်သုံးပါးဖြစ်သော ရာဖယ်ရယ်၊ မိုက်ကယ်နှင့် ‌ဂေဘရီရယ်တို့၏ စွမ်းအားများက နတ်ဘုရား-တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ ယခုတွင် ချန်လွေ့က နတ်ဆိုးအရှင်သခင်အဆင့်များကို အလွယ်တကူ ဖြေရှင်းနိုင်၏။ သူက မသိရသေးသော [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးပြုလျှင် တိုင်းပြည်ဖန်တီးပြီးသော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ရာ၌ အခွင့်အရေး ရှိနိုင်လောက်သည်။ သို့သော်လည်း တကယ့် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ကို ရင်ဆိုင်ရာ၌ လုံးဝ ခုခံရန် မဖြစ်နိုင်ပေ။ [ ကြယ်ဂိတ် ] မပွင့်ခင်မှာပင် ဖျက်ဆီးခံရလောက်သည်။

ဒီတော့ အခု ရန်သူ့ရဲ့ သားရဲတွင်းမှာ ငါ သတိထားရမယ်။ နှင်းဒဲလက်ပန်းကို မရခင် ငါ ဘယ်လိုနည်းနဲ့မှ အမှားလုပ်လို့ မဖြစ်ဘူး။

“မင်္ဂလာပါ။ ဆာ-ပါဆာလီ။” ချန်လွေ့က အလျင်အမြန် အရိုအသေ ပြုလိုက်ပြီး မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှု ပြသလိုက်သည်။

ပါဆာလီက ချန်လွေ့က အရေးမထားပေ။ သူက အသာလေး ခေါင်းညိတ်ပြီး ပေါလ်ကို ပြောသည်။ “သန်ဘက်ခါကျရင် အလင်းနတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲက တရားဝင် စတင်ပြီ။ အရွေးခံရမယ့်သူတွေ နေရမှာက သိဒ္ဓိအလင်းမြို့‌တော်ရဲ့ ငွေစံအိမ်မှာပဲ။ တစ်ယောက်ယောက်က မင်းကို ခေါ်သွားလိမ့်မယ်။ အဲဒီ၂ရက်အတွင်း မင်းကိုယ်မင်း ပြင်ဆင်ထား။ ငါ့ရဲ့ စိတ်အခြေအနေကို မင်းသိပါတယ်။ ငါက ကြီးကြပ်ရေးမှူးချုပ် ဖြစ်ပေမဲ့ မင်းက ငါ့တပည့် ဖြစ်တဲ့အတွက်နဲ့တော့ အမှတ်ပိုပေးမှာ မဟုတ်ဘူး။”

“နားလည်ပါတယ်။” ပေါလ်က ဦးညွှတ်လိုက်ပြန်သည်။ “စိတ်ချပါ။ ဆရာ။ ကျွန်တော် ဆရာ့ကို အရှက်မရစေရပါဘူး။”

ပါဆာလီက ခေါင်းညိတ်လိုက်သည်။ သူက အလင်းစစ်သည်တော် တစ်ယောက်အား သူတို့ကို ကောင်းကင်မိုးကြိုးခန်းမသို့ ခေါ်သွားပြီးနောက် သိဒ္ဓိအလင်းမြို့‌တော်ရှိ ငွေစံအိမ်သို့ ခေါ်ဆောင်သွားရန် ပြောသည်။

ငွေစံအိမ်က သိဒ္ဓိအလင်းမြို့တော်ရှိ အကြီးမားဆုံး ဟိုတယ် ဖြစ်သည်။ ပေါလ် ‌ရောက်လာသောအခါ အရွေးခံရမည့်သူ အများအပြား ရောက်နေကြပြီ ဖြစ်သည်။ ပေါလ်က ထိုနေရာမှ ပြိုင်ဘက်အနည်းငယ်ကိုသာ သိသည်။ အများစုက လက်အောက်ငယ်သားများကို ခေါ်လာခဲ့ကြသည်။

လက်အောက်ငယ်သားကို ခေါ်လာခြင်းက ကြွားလုံးထုတ်ရန်အတွက် မဟုတ်ပေ။ ဥပမာ အနေဖြင့်ပြောရလျှင် လက်အောက်ငယ်သားက အပြင်ထွက်ပြီး သတင်းအမျိုးမျိုးကို ရယူနိုင်ပြီး ထိုအချိန်အတွင်း ပြိုင်ဘက်သတင်းများကိုလည်း ရယူနိုင်သည်။ ချန်လွေ့က နှင်းထောင်ထွတ် စင်မြင့်နေရာကို သိရရန် ရည်ရွယ်ထားသည့်အတွက် ချက်ချင်းပင် သတင်းရယူမည့် တာဝန်ကို ယူပေးမည်ဟု ပြောလိုက်သည်။ ပေါလ်ကလည်း သဘောတူသည်။ သူ ထွက်သွားတော့မည့် အချိန်၌ တစ်စုံတစ်ယောက်က တံခါးလာခေါက်ပြီး ဖွင့်လိုက်သည်။ ထိုသူက အသိဟောင်း တစ်ယောက်ဖြစ်သူ အယ်လီဇာပင်။

“ဆာ-အလင်းနတ်ဘုရားကျောင်း စစ်သည်တော်။ ကျွန်မက ရှင့်ထက်အရင် ကမ်းပါးဖြူဆီ ပြန်ရောက်ခဲ့တာပဲ။” အယ်လီဇာက ချိုသာစွာဖြင့် ပြုံးပြနေသည်။

ပေါလ်က အယ်လီဇာအား သိဒ္ဓိမိန်းမပျိုအဖွဲ့သို့ ပူပေါင်းရန် သဘောတူထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက အယ်လီဇာကို လျစ်လျူ မရှုရဲပေ။ “ကိစ္စတစ်ခုခု ရှိလို့လား။ မစ်-အယ်လီဇာ။”

“ဘာကိစ္စမှမရှိရင် လာလို့မရဘူးလား။” အယ်လီဇာက မကျေနပ်စွာဖြင့် နှုတ်ခမ်းစူ လိုက်သည်။ “ဟုတ်ပါပြီ။ မင်းက စိတ်ကို အေးအေးထားပြီး ပြင်ဆင်ရမယ်ဆိုတာ သိပါတယ်။ ကျွန်မ ရှင့်ကို မရှာသေးဘူး။ အဲဒါကြောင့် သူ့ကိုပဲ ငှားသွားမယ်။”

“ကျုပ်ကိုလား။” ချန်လွေ့ကို ကိုယ့်နှာခေါင်းကို အံ့အားသင့်လျက် လက်ညှိုးထိုးလိုက်၏။ သူ့ကို အယ်လီဇာ ရှာနေမည်ဖြစ်ကြောင်း သူ မထင်ထားခဲ့ပေ။

ပေါလ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက ချန်လွေ့၏ အကူအညီ တောင်းနေသော အကြည့်ကို ကြည့်ပြီး ပြုံးလိုက်သည်။ “ရစ်ချက်မှာ အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေသေးတယ်။ ဒါပေမဲ့ မစ်-အယ်လီဇာက တောင်းဆိုမှတော့ ရစ်ချက် မင်း သွားလို့ရပါတယ်။ မစ်-အယ်လီဇာ ပြောတာကို နားထောင်လိုက်ပါ။”

All Chapters