← Chapters

နတ်သူငယ်-တစ်ပိုင်း

Vol. 43 Ch. 667

နတ်သူငယ်-တစ်ပိုင်း

Vol. 43 Ch. 667

သေချာသည်မှာ အယ်လီဇာက ပေါလ်ကို မဟုတ်ဘဲ တမင်တကာပင် ချန်လွေ့ကို လာရှာခြင်း ဖြစ်၏။ ချန်လွေ့က သူ့ကဲ့သို့ နှိမ့်ကျသော လက်အောက်ငယ်သား တစ်ယောက်အား အယ်လီဇာ မည်သည့်အရာ ပြုလုပ်မည်ဖြစ်ကြောင်း မသိပေ။ အစပိုင်း၌ သူက သိဒ္ဓိအလင်းတောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေချင်ခဲ့သောလည်း အထူးသဖြင့် နှင်းထောင်ထွတ်စင်မြင့် တည်နေရာကို ရှာချင်နေခဲ့သည်။ ယခုတော့ ၎င်းကို ရပ်တန့်ထားရုံသာ တတ်နိုင်‌တော့လေသည်။

“မစ်-အယ်လီဇာ။ တစ်ခုခု ခိုင်းစရာ ရှိလို့လား။” ချန်လွေ့က ဥယျာဉ်မြို့တော်၌ နောက်ဆုံးတစ်ခေါက် လုပ်ကြံခံရစဉ်က အယ်လီဇာ အစွမ်းပြခဲ့သည်ကို မြင်ခဲ့ရဖူးသည်။ သူ့ကြောင့် သူက ရိုသေလေးစားသော အမူအရာဖြင့် နောက်မှ သေသေချာချာ လိုက်သွားနေ၏။

“ရှင် ဘာလို့ ချုပ်တည်းနေရတာလဲ။” အယ်လီဇာက ရယ်လိုက်သည်။ “”အရင်တစ်ခေါက် ဥယျာဉ်မြို့တော်မှာ ရှင်ကျွန်မကို သတိပေးခဲ့တာ ကျေးဇူးပါပဲ။ မဟုတ်ရင် ကျွန်မ သေသွားတာ ကြာပြီ။ ဒီတစ်ခေါက် ရှင်က ကမ်းပါးဖြူကို ရောက်လာတယ်ဆိုတော့ ရှင့်ကို ကျေးဇူးဆပ်လို့ ရပြီ။”

“အဲဒီတုန်းက ကျုပ် ဘာမှ မလုပ်ခဲ့ပါဘူး။” ချန်လွေ့က ပုခုံးပေါ်မှ မိုးကြိုးငှက်ငယ်လေးကို လက်ညှိုးထိုးပြပြီး ရှုံ့မဲ့လျက် ပြုံးလိုက်သည်။ “အတိအကျပြောရရင် ဒီကောင်လေးကြောင့်ပါပဲ။”

“ဒါဆိုရင်လည်း သူ့ကို ကျေးဇူးဆပ်မှာပါ။” အယ်လီဇာ၏ လက်ချောင်းများက ထူးဆန်းသော စည်းချက်တစ်ခုဖြင့် တီးခတ်လိုက်ပြီး မိုးကြိုးငှက်ငယ်လေးအရှေ့သို့ ယိမ်းကာ ၎င်းကို ထိရန်အတွက် ဖြည်းဖြည်းချင်း လက်ဆန့်လိုက်သည်။ မိုးကြိုးငှက်ငယ်လေးက ကမ်းလာသော လက်ကို စိုက်ကြည့်နေ၏။ ၎င်း၏ခေါင်းပေါ်ရှိ ငှက်မွှေးများ ထောင်လာကာ သည်းမခံနိုင်သော အမူအရာမျိုး ရှိနေလေသည်။

အယ်လီဇာက လက်ကို ပြန်ရုတ်သိမ်းပြီး လျှာထုတ်လိုက်၏။ “ဒါက အတော်လေး သောင်းကြမ်းတဲ့ကောင်ပဲ။ ကျွန်မရဲ့ သားရဲထိန်းကျောင်း စွမ်းရည်က ရှင့်ရဲ့ ဝိညာဉ် ဘာသာစကားထက် အများကြီး နိမ့်ကျတဲ့ပုံပဲ။ ကျွန်မကို လုံးဝ လက်မခံဘူး။”

သူ၏လျှာထုတ်လိုက်သော အမူအရာက အမှန်တကယ် ချစ်စရာကောင်းသော်လည်း ချန်လွေ့က ထိုကဲ့သို့ အပြစ်ကင်းပြီး နှစ်သက်စရာကောင်းသော ကောင်မလေး၏ နောက်ကွယ်၌ ရက်စက်မှု ဖုံးကွယ်ထားသည်ကို သိနေသည်။ အမှန်တကယ်၌ ထိုအမူအရာမျိုးးကို အမှန်တကယ် ချစ်စရာကောင်းသော အဲလစ်က လုပ်တတ်သည်။ အချိန်အတော်ကြာ မတွေ့ခဲ့ရသော လိုလီ‌လေး အကြောင်း တွေးလိုက်မိပြီးနောက် ချန်လွေ့၏ မျက်လုံးထဲ၌ နွေးထွေးမှု အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအမူအရာကို အယ်လီဇာက သတိထားမိခဲ့သည်။ သူက မိမိ၏ သရုပ်ဆောင်မှု အောင်မြင်သည်ဟု တွေးမိသွားပြီး တိတ်တဆိတ် ဂုဏ်ယူမိသွားသည်။ “ရစ်ချက်။ သွားရအောင်။ ရှင်က အခုမှ ကမ်းပါးဖြူကို ရောက်ဖူးတာဆိုတော့ ကျွန်မ ရှင့်ကို လိုက်ပြပေးမယ်။”

“အဲဒါက...မစ်-အယ်လီဇာ။ ကျုပ်မှာ ဆာ-ပေါလ်အတွက် ကူညီရှာဖွေပေးရမယ့် အတော်လေး အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေတယ်.....”

“ဒီမှာ နတ်ဘုရားကျောင်းစစ်သည်တော် ရွေးချယ်ခံရမယ့် သူတွေအားလုံးရဲ့ စာရင်းနဲ့ အချက်အလက်တွေ မှတ်ထားတဲ့ စာအုပ်။ အစကတော့ ပေါလ်ကို ပေးမလို့ပဲ။ မတော်တဆ မေ့သွားတာ။ သူက ပေးပေးလို့ ရမလား မသိဘူး။” အယ်လီဇာက စာအုပ်ကို ထုတ်ကာ လှုပ်ရမ်းလိုက်သည်။ သူက တမင်တကာပင် ချန်လွေ့ကို အခွင့်အရေး ပေးချင်ခြင်း ဖြစ်သည်။ ချန်လွေ့လည်း အံ့အားသင့်လျက် ခေါင်းညိတ်လိုက်သည်။

အယ်လီဇာက ချန်လွေ့ကို ဦးဆောင်ပြီး သိဒ္ဓိအလင်းမြို့တော်၌ လျှောက်သွားသည်။ သိဒ္ဓိအလင်းမြို့တော်က ကြွယ်ဝချမ်းသာမှုအရ နဂါးလင်းလက်မြို့တော် ရယ်ရိုဒီရှာထက် နိမ့်ကျသည်။ သို့သော်လည်း ထူးခြားသော ဆွဲဆောင်မှုနဲ့ ဘာသာရေးကိုင်းရှိုင်းသော မြို့တော်တစ်ခု၏ အခြေအနေက ရယ်ရိုဒီရှာမြို့တော်၌ မရှိသော အရာတစ်ခု ဖြစ်သည်။ အလင်းယုံကြည်မှုနှင့် ပတ်သက်သော အဆောက်အအုံများနှင့် ယဉ်ကျေးမှုပစ္စည်းများကို နေရာတိုင်းတွင် တွေ့နေရပြီး အဆောက်အအုံ ထောင့်တစ်နေရာတိုင်းတွင် အားကောင်းသော ယုံကြည်မှုစွမ်းအားများ ပြည့်နှက်နေခဲ့သည်။ သာမန်နေရာများရှိ ယုံကြည်မှုစွမ်းအား သိပ်သည်းမှုကပင် ဥယျာဉ်မြို့တော်ရှိ ယုံကြည်မှုခန်းမထက် မနိမ့်ကျပေ။

ထိုကဲ့သို့ ယုံကြည်မှုစွမ်းအားမျိုးက ချန်လွေ့အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ သို့သော်လည်း ယန်ရှောင်မြို့တော်မှ ရရှိခဲ့သော သင်ခန်းစာကြောင့် သူက ထိုယုံကြည်မှုများကို ဝါးမျိုရန်အတွက် အသူရာကို အလွယ်တကူ မထုတ်ရဲပေ။ သူက အလောတကြီး လှုပ်ရှား၍ မဖြစ်ပေ။ အနည်းဆုံး နှင်းဒဲလက်ပန်းကို မရခင် အချိန်အထိ ဖြစ်သည်။

“ဟေး။ ရစ်ချက်။ ရှင် ဘာတွေ ငေးနေပြန်တာလဲ။” အယ်လီဇာက လက်ဆန့်လိုက်ပြီး ချန်လွေ့၏ မျက်လုံးအရှေ့၌ လက်ကို လှုပ်ယမ်းလိုက်သည်။ “ခုနက ကျွန်မတို့ တွေ့ခဲ့တဲ့ သူတွေကို ရှင် ဘယ်လိုထင်လဲ။”

“ဘယ်လိုထင်လဲဆိုတာ ဘာကို ပြောတာလဲ။” ချန်လွေ့ အံ့အားသင့်သွားသည်။ အယ်လီဇာက သိဒ္ဓိအလင်းမြို့တော်ကို ကောင်းကောင်းသိသည်။ သူက ချန်လွေ့အား လမ်းတစ်လျှောက်၌ လူအများအပြားနှင့် မိတ်ဆက်ပေးခဲ့သည်။

အယ်လီဇာက ထူးဆန်းသော အမူအရာတစ်ခု ပြသပြီး သူ့ကို ထောင့်တစ်နေရာသို့ ခေါ်သွားကာ တီးတိုးပြောလိုက်သည်။ “အဲဒီလူတွေလေ။ ရှင် သူတို့ကို သဘောမကျဘူးလား။ ပေါလ်နဲ့တူတဲ့ တစ်ယောက်တောင် ပါသေးတယ်။”

“အား..အား...အား..” ချန်လွေ့ ကြက်သေသေသွားပြီး နောက်ဆုံး၌ သဘောပေါက် သွားခဲ့သည်။ လက်စသတ်တော့ အယ်လီဇာရဲ့ တကယ့်ရည်ရွယ်ချက်က .... ဖာဆွယ်ဖို့ကိုး။

အယ်လီဇာက တကယ်ကြီး ငါ့ကို ယောက်ျားတွေနဲ့ မိတ်ဆက်ပေးနေတယ်။

ချက်ချင်းပင် ချန်လွေ့ ကြွက်သေတစ်ကောင် ဝါးစားလိုက်ရသလိုပင် မသက်မသာ ခံစားသွားရသည်။ သူက ကြောင်တောင်တောင် ဖြစ်သွား၏။ အယ်လီဇာ သံသယ မဝင်ရန်အတွက် သူက လှပသော နတ်သူငယ်တစ်ယောက်နှင့် ဇာတ်လမ်းတစ်ခုကို လုပ်ကြံ ပြောခဲ့ရသည်။ ဇာတ်လမ်းထဲ၌ နတ်သူငယ်မလေးက ဇာတ်လိုက်၏လက်မောင်းထဲ၌ သေဆုံးသွားခဲ့ရပြီး ဇာတ်လိုက်ကို ဝိညာဉ်ဘာသာစကား လွှဲပြောင်းပေးခဲ့သည်။ နတ်သူငယ် မသေခင် ချစ်သူထံမှ စိတ်ဝိညာဉ်အငွေ့အသက် တစ်ခုခုကြောင့် ဖြစ်ပေမည်။ ဇာတ်လိုက်က မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားပြီး မိန်းမများကို စိတ်ဝင်စားမှု မရှိတော့ပေ။

ထိုနေရာ၌ ဇာတ်လမ်း အဆုံးသတ်သွား၏။ ထိုအချိန်က ချန်လွေ့သည် မှားယွင်းမှုကို အောင်အောင်မြင်မြင်နှင့် ကျော်လွှားနိုင်ခဲ့သော်လည်း ယခုတွင် အယ်လီဇာက နောက်ဆက်တွဲ ဇာတ်ကွက်တစ်ခု ဖန်တီးနေလေသည်။ သူက “ကြင်နာစွာဖြင့်” ခန္ဓာကိုယ်တောင့်တင်းသော ယောက်ျားနှင့် ချန်လွေ့ကို မိတ်ဆက်ပေးခဲ့သည်။ ပို၍ပင် ပြောစရာစကား မဲ့သွားစေသည်မှာ ပေါလ်နှင့် ဆင်တူသော တစ်ယောက်လည်း ပါနေခြင်းပင်။

သောက်တလွဲ။ သူက ငါ့ကို တကယ့်ကြီး အောက်မှာနေတဲ့သူလို့ မှတ်နေတာပဲ။ အနည်းဆုံးတော့ ငါက အပေါ်က ဖြစ်သင့်တယ်။ ထွီး။ ပေါက်ကရတွေ။ ငါ့တစ်ကိုယ်လုံးက မိန်းကလေးတွေကိုပဲ သဘောကျတာဟေ့။

ထို့ကြောင့် အယ်လီဇာ၏ အမြင်၌ ပေါလ်ကို ချန်လွေ့ သစ္စာရှိနေရခြင်းမှာ....သူ၏ စိတ်ထဲ၌ ပုန်းကွယ်နေသော အချစ်စိတ်ကြောင့် ဖြစ်၏။

အယ်လီဇာက ထိုသို့ သံသယဝင်လျှင် ချန်လွေ့က ချက်ချင်းပင် တွန်းလှဲပြီး လုပ်ရပ်များနှင့် သက်သေပြမည် ဖြစ်သည်။ သို့သော်လည်း အယ်လီဇာက ထိုကဲ့သို့ “ယောက်ျားလေး”များနှင့် မိတ်ဆက်ပေးခြင်းမှာ စမ်းသပ်ခြင်း ဟုတ်မဟုတ် ချန်လွေ့ မသေချာပေ။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူက ခန္ဓာကိုယ်ကို စတေးမည် မဟုတ်ပေ။

“မစ်-အယ်လီဇာက ကျူပ်....ကျုပ်ကို အထင်လွဲနေပြီနဲ့ တူတယ်။” ချန်လွေ့က နောက်ဆုံး၌ စကားတစ်ခွန်း ဆိုလိုက်သည်။

“မလွဲပါဘူး။ ရှင် ရှင်းပြစရာ မလိုပါဘူး။” အယ်လီဇာက “စာနာလျက်” ချန်လွေ့၏ပုခုံးကို ပုတ်လိုက်သည်။ “ကျွန်မ နားလည်ပါတယ်။”

လဗြွတ်ကို နားလည်။ ချန်လွေ့က ထခုန်ပြီး အယ်လီဇာ၏ တစ်မိသားစုလုံးကို ဆဲလိုက်ချင်မိသည်။

“မစ်-အယ်လီဇာ။ ခင်ဗျား တကယ် အထင်လွဲနေတာပါ။ ကျုပ်က ယောက်ျားတွေကို လုံးဝ စိတ်မဝင်စားပါဘူး။” ချန်လွေ့က တုံ့ဆိုင်းလျက် ပြောသည်။ “တကယ်တော့ အဲဒီတုန်းက ကျုပ် လူသားမိန်းမတွေအပေါ် ထူးခြားတဲ့ ခံစားချက် တစ်ခုမှ မရှိတော့တာ။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ နောက်ထပ် နတ်သူငယ်တစ်ယောက် ရှာချင်တယ်။”

“နတ်သူငယ်လား။” အယ်လီဇာက အမှားတစ်ခု လုပ်လိုက်မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

နတ်သူငယ်မျိုးနွယ်စုမှ မိန်းမနှင့် ယောက်ျားတို့အားလုံးက ချောမောလှပကြသည်။ အထက်တန်း အရာရှိ အများအပြားက နတ်သူငယ်များ၏ အလှတရားကို မက်မောကြသော်လည်း နတ်သူငယ်မျိုးနွယ်စုက ကိုင်တွယ်ရ မလွယ်ကူပေ။ သူတို့က စွမ်းအားကြီးကြသည့်အပြင် သိဒ္ဓိအင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်သော ကျက်သရေပြာအင်ပါယာနှင့်လည်း မဟာမိတ် သဘောတူညီမှုစာချုပ်တစ်ခု ရှိသည်။ နတ်သူငယ်တစ်ယောက်ကို ဖမ်းဆီးသော မည်သူမဆိုက ကျက်သရေပြာအင်ပါယာ၏ ရန်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ကျောက်စိမ်းတောအုပ် ပင်လယ်နှင့် ကျက်သရေပြာအင်ပါယာတို့ အရေးယူခြင်းကို ခံရပေလိမ့်မည်။

ကျက်သရေပြာအင်ပါယာက မှော်ပညာရှင်ဌာနချုပ်ရှိရာ မှော်အင်ပါယာဟု အများက သိကြသည်။ ထိုနေရာတွင် လူသားလောကမှ ထိပ်တန်းအဖြစ်ဆုံးနှင့် လက်ရွေးစင် မှော်ပညာရှင်များ စုဝေးနေကြသည်။ မြို့တစ်မြို့စီတွင် မှော်ပညာရှင်မျှော်စင်နှင့် အမျိုးမျိုးသော မှော်ပစ္စည်းများ ရှိကြသည်။ နတ်သူငယ်မျိုးနွယ်စု၏ အထောက်အပံ့နှင့် ပေါင်းလိုက်လျှင် ကျက်သရေပြာအင်ပါယာက နဂါးလင်းလက်အင်ပါယာထက် အနည်းငယ်မျှ အားမနည်းပေ။

“နတ်သူငယ်မျိုးနွယ်စုနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း မကူညီပေးနိုင်ဘူး။” အယ်လီဇာက လက်ဖြန့်ပြလိုက်သည်။ “ဒါပေမဲ့ နတ်သူငယ်-တစ်ပိုင်း မိန်းကလေး တစ်ယောက်ကိုတော့ သိတယ်။ ဒါပေမဲ့ အဲဒီမိန်းမက ရက်စက်ပြီးတော့ ကောက်ကျစ်တယ်။ သူက ကျွန်မနဲ့လည်း သိပ်ပြီးတော့ မတည့်ဘူး.....”

အချစ်က အလွန်ပင် အံ့သြဖွယ်ရာ အရာတစ်ခုဖြစ်ပြီး မျိုးနွယ်တစ်ခုတည်းဖြင့် ကန့်သတ်၍ မရနိုင်ပေ။ သမိုင်း‌ကြောင်းထဲ၌ လူသားနှင့် နတ်သူငယ်တို့ ပေါင်းစည်းသော ဥပမာများစွာ ရှိခဲ့ဖူးလေသည်။ သို့သော်လည်း သက်တမ်းထောင်နှင့်ချီရှိသော နတ်သူငယ်နှင့်ယှဉ်လျှင် လူသားတို့၏ သက်တမ်းက တိုတောင်းလွန်းလှသည်။ ထို့ကြောင့် ထိုကဲ့သို့ လက်ထပ်မှုက အလွန်အမင်း သက်တမ်းတိုတောင်းလှပေ၏။

ယခုတွင် ချန်လွေ့က လူသားလောက၌ နတ်ဆိုးဘုံကဲ့သို့ မျိုးနွယ်တစ်ခုတည်းသာ ဖွားမြင်မှု မရှိကြောင်း သိရှိသွားပြီ ဖြစ်သည်။ လူသားများထဲတွင် ကပြား အများအပြား ရှိနေကြသည်။ နတ်သူငယ်-တစ်ပိုင်းက နတ်သူငယ်နှင့် အခြားမျိုးနွယ်များ (အဓိကအားဖြင့် လူသားများ) ကြားမှ မျိုးရိုးအရောတစ်ခု ဖြစ်သည်။ နတ်သူငယ်-တစ်ပိုင်း၏ သက်တမ်းက သာမန် လူသားများထက် နှစ်ဆခန့်ပိုရှည်သော်လည်း တကယ့် နတ်သူငယ်လောက် မရှည်ပေ။ နတ်သူငယ်-တစ်ပိုင်းအများစု၏ အသွင်အပြင်က နတ်သူငယ်များ၏ ချောမောလှပမှုကို ယူထားသော်လည်း နားရွက်ကဲ့သို့ အစိတ်အပိုင်းများကတော့ ကွဲပြားပေသည်။

သို့ရာတွင် နတ်သူငယ်-တစ်ပိုင်းများက တကယ့်နတ်သူငယ်မျိုးနွယ်စုက အသိအမှတ် မပြုကြပေ။ ထို့ကြောင့် သူတို့အများစုက လူသားအသိုက်အဝန်း၌သာ နေနိုင်ကြသည်။ သူတို့၏ လှပသော အသွင်အပြင်များကြောင့် လူသားများက အလွယ်တကူ လက်ခံကြသော်လည်း နတ်သူငယ် သွေးမျိုးဆက်ကို ငြင်းပယ်တတ်ကြသည်။ သူတို့ကို နတ်သူငယ်မျိုးနွယ်စုက ကောင်းချီးမပေးသည့်အတွက် တစ်ခါတစ်ရံ၌ ကံဆိုးတတ်ကြ၏။

ထိုသို့တွေးလိုက်မိပြီးနောက် အယ်လီဇာ၏ မျက်လုံးများက အလင်းရောင်များ လက်ခနဲ ဖြစ်သွားကာ ပြုံးလိုက်သည်။ “ရှင် ကံကောင်းတယ်။ ရစ်ချက်။ ကျွန်မတို့ ပြောနေရင်းနဲ့ပဲ နတ်သူငယ်-တစ်ပိုင်း ရောက်လာပြီ။”

အယ်လီဇာ၏ လေသံနှင့် အမူအရာတို့ကို ကြည့်ခြင်းအားဖြင့် သူက အလွန်အမင်း ရန်လိုနေဟန်တူသည်။ သူ၏ အကြည့်အတိုင်း ကြည့်လိုက်ရာ သူတို့အရှေ့ ပလာဇာလေး တစ်ခုထံမှ လမ်းလျှောက်ထွက်လာသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေး ကျက်သရေရှိသော ခန္ဓာကိုယ်အနေအထားရှိပြီး အသားအရေ ချောမွေ့ကာ ဆံပင်ရှည်ရှည် ရွှေရောင်နှင့်ဖြစ်ပြီး မျက်နှာအသွင်အပြင်ကလည်း လှပပေသည်။ သို့ရာတွင် သူ၏ မျက်နှာပေါ်၌ “သူစိမ်းများ အနားမကပ်ရ” ဟူ၍ ရေးထားသကဲ့သို့ပင် သူက အေးစက်နေ၏။

“အစ်မ မီရန်ဒါ...” အယ်လီဇာက ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။ သူက ချန်လွေ့၏ လက်မောင်းကို ရင်းနှီးစွာကိုင်ထားရင်း ထိုမိန်းကလေးဆီသို့ လမ်းလျှောက်လာသည်။

မီရန်ဒါက ယောက်ျားတစ်ယောက်နှင့်အတူ အယ်လီဇာ လမ်းလျှောက်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ “အယ်လီဇာ။ ကိစ္စတစ်ခုခု ရှိလို့လား။”

သူ၏အသံက မျက်နှာအနေအထား ကဲ့သို့ပင် အေးစက်နေ၏။

“ဘာကိစ္စမှမရှိလဲ နှုတ်ဆက်လို့ မရဘူလား။ အစ်မကြီး။ ကျွန်မတို့ နှစ်ယောက်လုံးက ဆရာမရဲ့ တပည့်တွေပဲလေ။ ဒီလိုမျိုး စိတ်ပုပ်နေရင် ကျွန်မ စိတ်မကောင်း ဖြစ်ရလိမ့်မယ်။”

သိဒ္ဓိမိန်းမပျိုရဲ့ နောက်ထပ်တပည့်တစ်ယောက်လား။

[ သရုပ်ခွဲမျက်လုံး ] မှ ပြသသော အချက်အလက်က ချန်လွေ့၏ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားစေသည်။ ဒါကြောင့် ရင်းနှီးသလို ခံစားနေရတာကိုး။ လက်စသတ်တော့....

“စိတ်မကောင်း ဖြစ်မယ် ဟုတ်လား။” မီရန်ဒါ၏ အစိမ်းရောင်မျက်လုံးများက ထော့ငေါ့သော အမူအရာ ပြုလုပ်လိုက်ပြီး ပုခုံးပေါ်၌ မိုးကြိုးငှက်ငယ်လေး ရှိနေသော ချန်လွေ့ဘက် လှည့်ကြည့်လိုက်သည်။ “သူက ဘယ်သူလဲ။”

“သူ့ကို မသိသေးဘူးလား။” အယ်လီဇာက စကားလှည့်ဖြင့် ပြောလိုက်သည်။ “အိုး ဟုတ်သား။ အခုမှ ရှင်တို့နှစ်‌ယောက် ပထမဆုံး တွေ့ဖူးတာပဲ။ ကျွန်မ မိတ်ဆက်ပေးမယ်။ ဒါက ကျွန်မရဲ့ သူငယ်ချင်းအသစ် ရစ်ချက်ပဲ။ အလားအလာကောင်းတဲ့ အရန် အလင်းစစ်သည်တော် တစ်ယောက်ပေါ့။ အရင်တစ်ခေါက် ဥယျာဉ်မြို့‌တော်မှာ သူ့ကြောင့်သာ မဟုတ်ရင် အဲဒီ ကောက်ကျစ်တဲ့ လုပ်ကြံသူကြောင့် ကျွန်မ သေသွား‌လောက်ပြီ။ ရစ်ချက်။ ဒါက နတ်သူငယ်-တစ်ပိုင်းဖြစ်တဲ့ ကျွန်မရဲ့ လှပတဲ့ အစ်မကြီး မီရာဒါ ပါ။”

ဇာတ်ကောင်နှင့် လိုက်ဖက်အောင် ချန်လွေ့က မီရာဒါ၏မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူက အရိုအသေပြုပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြောသည်။ “မစ်-မီရာဒါ။ ခင်ဗျားရဲ့ အလှတရား...က...ကောင်းကင်ပေါ်က လမင်းနှင့်တောင် ယှဉ်လို့ ရတာပဲ။”

“ငါ လုပ်စရာ ရှိသေးတယ်။ အရင်သွားဦးမယ်။” မီရာဒါက ရှက်ရွံ့သော အမူအရာတစ်ခု ပြသလိုက်ပြီး ချန်လွေ့ကို လျစ်လျူရှုကာ အယ်လီဇာကို ပြောကာ လှည့်ထွက်သွား၏။

အရပ်မြင့်မြင့် နောက်ကျောပုံရိပ် လမ်းလျှောက် ထွက်သွားသည်ကို ကြည့်နေရင်း ချန်လွေ့၏စိတ်က ထင်ရှားသွားခဲ့သည်။ သူ့ရဲ့အရပ်အမြင့်နဲ့ အသံက ပြောင်းသွားပေမဲ့ မီရာဒါက အရင်တစ်ခေါက် ဥယျာဉ်မြို့တော်မှာ အယ်လီဇာကို သတ်လုနီးပါး ဖြစ်သွားတဲ့ လုပ်ကြံသူ အမျိုးသမီးဆိုတာ သေချာတယ်။ ဒါနဲ့ [ ကိုယ်ပွား ] ကလည်း အဲဒီ နတ်သူငယ်-တစ်ပိုင်း အမျိုးသမီးကနေ “အထူး” အကျိုးအမြတ်လေးတစ်ခု စုပ်ယူခဲ့သေးတယ်....

သိဒ္ဓိမိန်းမပျိုအဖွဲ့က အချင်းချင်း တိုက်ခိုက်နေကြတာလား။ ဒါက ပုဂ္ဂိုလ်ရေးကြောင့်လား။ ဒါမှမဟုတ် ပိုမြင့်မားတဲ့ အကျိုးအမြတ်ကြောင့်လား။ နှစ်ယောက်လုံးက ဥယျာဉ်မြို့တော်က အဖြစ်အပျက်အကြောင်း သိနေလောက်တယ်။ ဒါပေမဲ့ သူတို့က ဘာမှ မဖြစ်ခဲ့သလိုပဲ။

“သူက သွားလိုက်ပြီ။ ရှင်က ဘာတွေ ကြည့်နေသေးတာလဲ။” အယ်လီဇာက ချန်လွေ့၏ လက်မောင်းကို ဆွဲဆိတ်ပြီး မကျေမနပ်နှင့် ပြောလိုက်သည်။

ချန်လွေ့က ရယ်လိုက်သည်။ “အဲဒီ မစ်-မီရန်ဒါက...အမ်...သူက တကယ်ပဲ နတ်သူငယ်-တစ်ပိုင်းလား။”

“သူက [ကောင်းချီးအလင်းခန္ဓာ]ရှိတဲ့ နတ်သူငယ်-တစ်ပိုင်းပဲ။” အယ်လီဇာက သတ်ဖြတ်ချင်စိတ်နှင့် မနာလိုမှုများ ရောနှောနေသော ခံစားချက်ဖြင့် ပြောလိုက်ပြီးနောက် သူ၏ အပြုံးက ပြန်ရောက်ရှိလာသည်။ “ရှင်က သူ့ကို စိတ်ဝင်စားနေတဲ့ပုံပဲ။”

“ကျုပ်....” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဝိညာဉ်ဘာသာစကားရဲ့ စွမ်းအားကြောင့်လားတော့ မသိဘူး။ ကျုပ်မှာ မစ်-မီရန်ဒါအတွက် ရင်းနှီးတဲ့ ခံစားချက်တချို့ ရှိနေတယ်။ ဒါပေမဲ့ ကျုပ်က အရန် အလင်းစစ်သည်တော် တစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စိတ်ကူးယဉ်ရဲမှာလဲ။”

အယ်လီဇာက ပြုံးလိုက်သည်။ “ဂုဏ်ပုဒ်တွေက ပြဿနာ မဟုတ်ပါဘူး။ ရှင့်ရဲ့ ပါရမီက တကယ်ထူးခြားတယ်။ ကျွန်မ ရှင့်ကို ဆရာမ ယူဒိုရာဆီ မိတ်ဆက်ပေးမယ်။ မီရန်ဒါ အတွက်ကတော့....ရှင့်မှာ သတ္တိရှိတယ်ဆိုရင် ကျွန်မရှင့်ကို ကူညီပေးမယ်။ ကျွန်မကို အသက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တယ်လို သဘောထားလိုက်ပါ။”

ချန်လွေ့က မိမိကို အယ်လီလာ အသုံးချနေခြင်းမှာ လျို့ဝှက်အကြံအစည် တစ်ခုခု ရှိနေကြောင်း သဘောပေါက်လိုက်သည်။ သူက အမြန်စဉ်းစားလိုက်ပြီး မျှော်လင့်နေသော အမူအရာတစ်ခု ပြသလိုက်သည်။ “တကယ်ပဲလား။”

All Chapters