ဆင့်ခေါ်ခြင်း
Vol. 43 Ch. 668
အယ်လီဇာက ချန်လွေ့စိတ်ဝင်စားကြောင့် မြင်လိုက်ရာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်မ ရှင့်ကို ကူညီဖို့အတွက် အကောင်းဆုံး လုပ်ပေးမှာပါ။”
ချန်လွေ့က တုံ့ဆိုင်းသော အမူအရာတစ်ခု ပြုလုပ်လိုက်သည်။ “ဒါပေမဲ့ ကျုပ်က...”
“ကျွန်မပြောတာက ရှင့်ရဲ့ အထူးစွမ်းရည်ကို ဆရာမက အသိအမှတ် ပြုမယ်ဆိုရင် ဂုဏ်ပုဒ်က ပြဿနာမဟုတ်တော့မှာ အသေအချာပဲ။” အယ်လီဇာက သက်ပြင်းချလိုက်သည်။ “ရှင့်မှာ သတ္တိမရှိရင်တော့ မေ့လိုက်ပါ။ မဟုတ်ရင် ကျွန်မရဲ့ အားထုတ်မှုတွေအားလုံး အလကား ဖြစ်သွားလိမ့်မယ်။”
“မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ခုနကပြောခဲ့တာ....သူက ရက်စက်ပြီးတော့ ကောက်ကျစ်တယ်ဆို....”
အယ်လီဇာက ခေါင်းကို ပြတ်ပြတ်သားသား ခါရမ်းလိုက်သည်။ “ရှင် နားကြား မှားနေပြီ။ မီရန်ဒါက ကျွန်မရဲ့ အကြီးပဲ။ သူ့အကြောင်း ပြောနေတာ မဟုတ်ဘူး။ တစ်ခြား ကောက်ကျစ်တဲ့ ရန်သူတစ်ယောက်ကို ပြောတာပါ။ အဲဒီရန်သူလက်ထဲမှာ ကျွန်မက သေလုနီးပါး ဖြစ်ခဲ့ရတယ်။”
“အဲဒီလိုကိုး။” ချန်လွေ့က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် စိတ်ကို ဆုံးဖြတ်လိုက်ဟန်တူသည်။ “မစ်-အယ်လီဇာ။ သိဒ္ဓိအလင်းတောင်အကြောင်း တစ်ခုခု ပြောပြလို့ ရနိုင်မလား။ မစ်-မီရန်ဒါရဲ့ အခြေအနေ အပါအဝင်ပေါ့။”
“ပြောပြမှာပေါ့။” အယ်လီဇာက အပြုံးနှင့် ပြောသည်။ “ရှင့်ရဲ့ အသက်ကယ်ပေးတဲ့ ကျေးဇူးကို ဒီလိုမျိုး လောကနှစ်ခုလုံးရဲ့ အကောင်းဆုံးတွေ ပေါင်းစည်းပေတဲ့ နည်းလမ်းနဲ့ ပြန်ဆပ်ရတာ ဝမ်းသာပါတယ်။ ဆာ-ရစ်ချက်။”
ချန်လွေ့က အကြိမ်ကြိမ် ခေါင်းညိတ်နေရင်း မျက်လုံးများ အရောင်တောက်နေ၏။
ချန်လွေ့နှင့် အယ်လီဇာတို့က မြို့တစ်လျှောက် ပတ်သွားပြီးနောက် ငွေစံအိမ်သို့ ပြန်ရောက်လာကြသည်။ ချန်လွေ့ ပြန်ယူလာသော စာအုပ်က ပေါလ်ကို အတော်လေး ကျေနပ်စေခဲ့ပြီး ပေါလ်က သူ့ကို အတော်လေး ချီးမွမ်းခဲ့သည်။
“ဆာ-ပေါလ်။ ကျုပ်မှာ ပြောစရာ တစ်ခု ရှိတယ်။”
ချန်လွေ့ တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါ ပေါလ်က ရုတ်တရက် သိမ့်သိမ့်တုန်သွား၏။ “ရစ်ချက်။ နတ်ဘုရားကျောင်းစစ်သည်တော် ရွေးချယ်ပွဲ ပြီးတဲ့အထိ စောင့်လို့မရဘူးလား။”
ချန်လွေ့က အံ့သြသွားခဲ့သည်။ “ဘာလို့လဲ။ အဲဒီအချိန် နောက်ကျသွားမှာ စိုးရတယ်။ ဒီကိစ္စက ကျုပ်အတွက် အတော်လေး အရေးကြီးတာ။”
ပေါလ်၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။ “ဒီအကြောင်း မပြောခင် ငါပြောတာ အရင်နားထောင်ပါ။ တချို့ အတွေ့အကြုံတွေက မင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တာ ငါသိတယ်။ တချို့ကိစ္စတွေကို ငါ နားလည်နိုင်ပါတယ်။ ငါတို့က ညီအစ်ကိုတွေ မွေးချင်းတွေလိုမျိုးပဲ ရင်းနှီးခဲ့ကြတယ်။ ဒါပေမဲ့ ငါ့ရဲ့ ပတ်သက်မှုက ဒီလောက်အထိပဲ။ အမ်...ငါက မင်းနဲ့ တကယ် မသင့်တော်ပါဘူး။”
ချန်လွေ့၏မျက်နှာက ကြက်သေသေသွားပြန်သည်။ နောက်ဆုံးတော့ ပေါလ် ဘာလို့ သိမ့်သိမ့်တုန်နေတာလဲဆိုတာ နားလည်သွားပြီ။ ဒါက အယ်လီဇာ အထင်မှားနေသလိုမျိုးပဲ။ လဗြွတ်။ အဲဒီစွပ်ပြုတ် နတ်သူငယ်ဇာတ်လမ်းကိုပဲ အပြစ်တင်ရမယ်။
ချန်လွေ့က ပေါလ်ကို သေသည်အထိ ဆွဲထိုးချင်စိတ်ကို ထိန်းထားလိုက်ပြီးနောက် မီရန်ဒါအား “သဘောကျ”သော အကြောင်း ပြောလိုက်သည်။ ပေါလ်က နားထောင်နေရင်း သက်ပြင်းချနေလိုက်သည်။ ( ချန်လွေ့ - တောက်။ ဒါက ဝန်ထုတ်ဝန်ပိုကြီးတစ်ခု လွတ်ကျသွားသလိုပဲ။ )
“ဆာ-ပေါလ်။ ကျုပ် ဘာလုပ်သင့်တယ် ထင်လဲ။” ချန်လွေ့က ခေါင်းငုံ့ထားလိုက်သည်။ “ကျုပ်က စိတ်ကူးယဉ်နေတာပဲဆိုတာ သိပါတယ်။ ဒါပေမဲ့ မစ်-မီရန်ဒါကို ပထမဆုံးတွေ့တော့ တခြားလူသားမိန်းမတွေနဲ့ လုံးဝ ကွဲပြားနေခဲ့တယ်။ ကျုပ်ရဲ့ နှလုံးသားက ထိန်းချူပ်လို့မရဘဲ တဒိတ်ဒိတ် ခုန်နေခဲ့တယ်။ မစ်-အယ်လီဇာ ပြောတဲ့အတိုင်း လုပ်သင့်လား။ အဲဒါကြောင့် ခင်ဗျားရဲ့ အကြံဉာဏ်ကို ကျုပ် လာတောင်းတာပါ။”
“မီရန်ဒါကို ပိုးပန်းဖို့ အယ်လီဇာက ပြောလိုက်တာလား။” ပေါလ် မျက်မှောင်ကြုတ်လိုက်၏။ သူက လျို့ဝှက်အကြံအစည် တစ်ခုခုကို အာရုံခံမိသွားဟန်တူသည်။
“ဟုတ်တယ်။ မစ်-အယ်လီဇာက ကျုပ်ရဲ့ အကယ်ကယ်ပေးခဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် သူက ကျုပ်ကို သိဒ္ဓိမိန်းမပျိုနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတယ်။”
ပေါလ်က အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့ကို အလျင်အမြန် တွေးလိုက်သည်။ သူက ချန်လွေ့ကို မည်သည်မှ သတိမပေးခဲ့ဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ “အယ်လီဇာက ဒီလိုမျိုး ရည်ရွယ်ထားမှတော့ မင်း မီရန်ဒါကို တကယ် စိတ်ဝင်စားတယ်ဆိုရင် လုပ်သာလုပ်လိုက်။ မင်းရဲ့ မြင်မြင်ချင်းအချစ်ကို ငါ နားလည်တယ်။”
“ကျေးဇူးပါပဲ။ ဆာ။” ချန်လွေ့က အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ဒါနဲ့ ဒီတစ်ခေါက် သိဒ္ဓိအလင်းတောင်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု သိတယ်။ မလိုအပ်တဲ့ အမှားတွေ မလုပ်မိစေဖို့ပါ။ ဆာ ပြောပြလို့ ရနိုင်မလား။”
“ရတာပေါ့။” ပေါလ်က စိတ်ထဲ၌ သံသယ မဝင်ဘဲ ပြောလိုက်သည်။
သိဒ္ဓိအလင်းတောင်၏ အဓိက တောင်ထိပ်သုံးခုတွင် ခန်းမ၃ခု အသီးသီး ရှိကြသည်။ နာမည်အားဖြင့် ပုပ်ရဟန်းမင်း ဗန်တီစ်၏ ကောင်းကင်ချိပ်ပိတ်ခန်းမ၊ ဂိုဏ်းချုပ် ပါစ်မီရာ၏ ကြယ်စုဝေးခန်းမ၊ သိဒ္ဓိမိန်းမပျို ယူဒိုရာ၏ သိဒ္ဓိကောင်းချီးခန်းမတို့ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် ခန်းမ၃ခုက ကျောင်းတော် တစ်ခုလုံး၏ အင်အားကို ကိုယ်စားပြုပြီး အလင်းနတ်ဘုရားကျောင်းဟု ခေါ်ကြသည်။ သို့သော်လည်း သူတို့က အမှန်တကယ် အလင်းနတ်ဘုရားကျောင်း မဟုတ်ပေ။
တကယ့် အလင်းနတ်ဘုရားကျောင်းမှာ သိဒ္ဓိအလင်းတောင်ထိပ်တွင် တည်ရှိပြီး နတ်ဘုရားဆန္ဒနှင့် ချိတ်ဆက်ထားသော အထွတ်အမြတ် နယ်မြေတစ်ခုဟု ပြောကြသည်။ ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းအုပ်နှစ်ယောက်သော ဝင်ခွင့်ရှိကြသည်။ အလင်းနတ်ဘုရားက သူ၏ စိတ်ဆန္ဒများကို ဝေမျှခြင်း သို့မဟုတ် အံ့သြဖွယ်ရာများကို အလင်းနတ်ဘုရားကျောင်းမှတစ်ဆင့် ပြသတတ်ပြီး တစ်ခါတစ်ရံ၌ တမန်တော်များကို စေလွှတ်သည်။ သိဒ္ဓိအလင်းမြို့တော်ရှိ မြို့သူ/သားများက အံ့သြဖွယ်ရာများကို တစ်ကြိမ်ထက်အနည်း မြင်ခဲ့ဖူးသည့်အတွက် ၎င်းကို ယုံမှားသံသယ ရှိစရာ မလိုပေ။
နှင်းဒဲလက်ပန်း တည်ရှိသော နှင်းထောင်ထွတ်စင်မြင့်က ကောင်းကင်ချိပ်ပိတ်ခန်းမ အနီးတွင် ရှိနေသော ကောင်းကင်ချိပ်ပိတ်တောင်ထွတ်တွင် ရှိနေသည်။ နှင်းဒဲလက်ပန်းကို သိဒ္ဓိပန်းဟုလည်း သိကြသည်။ ၎င်းက အသန့်စင်ဆုံး အလင်းယုံကြည်မှုမှ ဖြစ်တည်လာပြီး မှော်ဆန်ပြီး စွမ်းအားကြီးသော အလင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းက ဆိုးယုတ်သော စွမ်းအားများအားလုံးကို ဖယ်ရှားနိုင်သည်ဟု ပြောကြသည်။ သိဒ္ဓိအလင်းတောင်ရှိ နှင်းတောင်ထွတ်စင်မြင့်တွင် အပင်သုံးပင်သာရှိပြီး အလွန်အမင်း ရှားပါးလှသည်။ သိဒ္ဓိအလင်းတောင်၏ သင်္ကေတတစ်ခု ဖြစ်သည့်အလျောက် နတ်ဘုရားကျောင်း စစ်သည်တော်များကို နှင်းဒဲလက်ပင်များအောက်၌ ကျင်းပနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။
အမှန်တကယ်၌ ချန်လွေ့က သက်ဆိုင်ရာ အချက်အလက်များကို အယ်လီဇာထံမှ ရရှိခဲ့ပြီး ဖြစ်သည်။ ပေါလ်ထံ ရောက်လာရသော ရည်ရွယ်ချက်မှာ သတိထားရန် ဖြစ်သည်။ ပေါလ်ပြောသည်က အယ်လီဇာနှင့် ဆင်တူလျှင် ပို၍ နားလည်နိုင်ပေမည်။ ဒီတော့ နှင်းဒဲလက်ပန်းက ကောင်းကင်ချိပ်ပိတ်တောင်ထွတ်ရဲ့ နှင်းတောင်ထွတ်စင်မြင် အရှေ့မှာ ရှိတယ်ဆိုတာ သေချာသွားပြီ။
လျို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်တမန်သုံးပါးအပြင်ကို သိဒ္ဓိအလင်းတောင်မှာ နတ်ဆိုးအရှင်သခင်အဆင့်ထက် ကျော်လွန်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသေးလား ငါ မသိဘူး။ အခု ရှိနေတဲ့ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေတောင် ကိုင်တွယ်ရတာ မလွယ်ဘူး။ နှင်ဒဲလက်ပန်းကို ခိုးယူဖို့အတွက် အခွင့်အရေး တစ်ခုပဲ ရနိုင်လိမ့်မယ်။ အဲဒါကြောင့် နည်းနည်းမှ မှားယွင်းလို့ မဖြစ်ဘူး။
ထိုသို့ စဉ်းစားပြီးနောက် ချန်လွေ့က ပထမဆုံး စိတ်အေးအေးထားရန် ဆုံးဖြတ်ကာ ပတ်ဝန်းကျင်နှင့် ပစ်မှတ်တည်နေရာနှင့် ပိုမိုရင်းနှီးရန် ဆုံးဖြတ်လိုက်သည်။ လူအများကို အာရုံဆွဲဆောင်နိုင်ဆုံးဖြစ်သည့် နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်မှု ပြီးသည်နှင့် သူက တစ်ခါတည်း အောင်မြင်ရန်အတွက် လှုပ်ရှားတော့မည် ဖြစ်သည်။
ထိုအချိန်၌ လူရွေးပွဲမစခင် နှစ်ရက်ပင် မလိုတော့ချေ။ ပေါလ်က တံခါးပိတ် လေ့ကျင့်နေပြီး စိတ်ကို တည်ငြိမ်အောင် ပြုလုပ်နေခဲ့သည်။ ချန်လွေ့က လက်အောင်ငယ်သား တစ်ယောက် အနေဖြင့် သတင်းလိုက်လံစုဆောင်းနေသည်။ သူက အခြား လက်အောက်ငယ်သားများနှင့် စကားစမြည်ပြောရင်း သတင်းအချို့ ရရှိလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ဆုံး၌ နတ်ဘုရားကျောင်းစစ်သည်တော် လူရွေးပွဲ စတင်လာတော့သည်။
ယခုတစ်ခေါက်တွင် နတ်ဘုရားကျောင်းစစ်သည်တော် လူရွေးပွဲ၌ ယှဉ်ပြိုင်သူ စုစုပေါင်း အယောက်၂၀၀ကျော် ရှိသည်။ အားလုံးက နေရာအသီးသီးမှ လက်ရွေးစင်များ ဖြစ်ကြသည်။ ပြိုင်ပွဲကို အမျိုးအစားသုံးခု ခွဲထားပြီး သိုင်းပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲနှင့် အဖွဲ့ပြိုင်ပွဲ ဟူ၍ ရှိသည်။
သိုင်းပညာပြိုင်ပွဲက တစ်ဦးချင်းတိုက်ပွဲဖြစ်ပြီး တစ်ဦးချင်းစွမ်းအားကို ယှဉ်ပြိုင်ရသည်။
မြင်းစီးပြိုင်ပွဲက မြင်းစီး၍ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ သူတို့၏ ခွန်အားနှင့် တိုက်ခိုက်ရေး စွမ်းရည်များအပြင် မြင်းစီးစွမ်းရည် လိုအပ်ချက်ကလည်း အတော်လေး မြင့်မားသည်။
အဖွဲ့ပြိုင်ပွဲမှာ အမိန့်ပေးသော အရည်အသွေးကို စစ်ဆေးခြင်း ဖြစ်သည်။ ယှဉ်ပြိုင်သူများက အရေအတွက်တူညီသော အလင်းစစ်သည်တော်များကို အမိန့်ပေးပြီး တဖွဲ့တိုက်ပွဲ ရလာဒ်အတွက် အဖြေရှာကြရသည်။
သိုင်းပညာပြိုင်ပွဲကို အုပ်စု၅စု ခွဲထားသည်။ ထိုငါးဖွဲ့က မဲနှိုက်ပြီး ရှုံးထွက် တိုက်ခိုက်ကြရသည်။ ထိုပွဲစဉ်များမှာ တစ်ဦးချင်း ဖြစ်သည်။ ရှုံးနိမ့်သူက ထွက်ရမည်ဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်၍ မရတော့ပေ။ အနိုင်ရရှိသူက နောက်တစ်ဆင့်ကို ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မှီမည် ဖြစ်သည်။ သူတို့က နောက်ဆုံး အောက်နိုင်သူ ပေါ်လာသည့် အချိန်အထိ တစ်ဆင့်ချင်း တက်သွားပေမည်။
၅ဖွဲ့တွင် အနိုင်ရရှိသူ ၅ဦး ပေါ်ထွက်လာပြီး ထို၅ယောက်က တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဖြစ်ကာ နိုင်ပွဲအများဆုံးလူက နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာမည် ဖြစ်သည်။
သိုင်းပညာပြိုင်ပွဲတွင် ထွက်သွားရသော ပထမအဖွဲ့က တစ်ခါတည်း ထုတ်ပယ်ခံရပြီးနောက် ကျန်ရှိသော တစ်ဝက်က နောက်ထပ်ပွဲစဉ်ဖြစ်သော မြင်းစီးပြိုင်ပွဲတွင် ပါဝင်ရမည် ဖြစ်သည်။ သိုင်းပညာပြိုင်ပွဲနောက်ဆုံးသို့ ရောက်ရှိခဲ့သော ၅ယောက်က မြင်းစီးပြိုင်ပွဲ ဒုတိယအချီတွင် တစ်ခါတည်း ယှဉ်ပြိုင်ရပေမည်။
မြင်းစီးပြိုင်ပွဲက အဖွဲ့တိုက်ပွဲမတိုင်ခင် အဖွဲ့အများအပြားကို ထွက်သွားရစေနိုင်သည်။ လူ၂၀၀ကျော်တွင် ၉၀% ပတ်လည်က ထွက်သွားရပေမည်။ ၂၀ခန့်သာ နောက်ဆုံး အောင်နိုင်သူများ ဖြစ်လာကြပေမည်။ ပုပ်ရဟန်းမင်းက သူတို့ကို နတ်ဘုရားကျောင်း စစ်သည်တော်များအဖြစ် ကိုယ်တိုင် ချီးမြှင့်မည် ဖြစ်သည်။ ယှဉ်ပြိုင်မှုက အသေအချာပင် ရက်စက်ပေလိမ့်မည်။
အချို့သူများက ခွန်အားရှိကြသော်လည်း ကံမကောင်းပေ။ ပထမတစ်ချီတွင်ပင် အစွမ်းအထက်ဆုံး ပြိုင်ဘက်ကို ရင်ဆိုင်ရပြီးနောက် ထွက်သွားကြရသူများလည်း ရှိသည်။ သို့သော် ကံတရားကလည်း စွမ်းအားတစ်မျိုး ဖြစ်သည်။ ရှုံးနိမ့်ခြင်းနှင့် အနိုင်ရခြင်းတွင် ဖြစ်စဉ် မရှိဘဲ ရလာဒ်များသာ ရှိသည်။ မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးအထိ တောင့်ခံနိုင်ကြသော လူအယောက်၂၀က သေချာပေါက် အငြင်းပွားဖွယ်ရာ မရှိသော စစ်မှန်သည့် လက်ရွေးစင်များ ဖြစ်ကြပေသည်။
ယခုတစ်ခေါက်တွင် ကြီးကြပ်ရေးမှူး ၄ယောက် ရှိလိမ့်မည်။ နာမည်အားဖြင့် ရေဖျန်းဘုန်းတော်ကြီး သုံးပါးနှင့် ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီတို့ ဖြစ်၏။ မူလက တရားသူကြီးချုပ် စီရက်စ်သည်လည်း ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်သည်။ သို့ရာတွင် မရဏနက် နောက်လိုက် အရေးပေါ်ကိစ္စကြောင့် စီရက်စ်က ထိုအဖွဲ့ကို ချေမှုန်းရန်အတွက် သမာဓိခုံအဖွဲ့ လက်ရွေးစင်များကို ဦးဆောင်သွားခဲ့သည်။ ထို့ကြောင့် သူက လူရွေးပွဲတွင် ပါဝင်ရန် အချိန်မရှိခဲ့ပေ။
မဲနှိုက်ပြီးနောက် လူရွေးပွဲ စတင်တော့သည်။ နာမည်နှင့် မဲပေါက်သူများကို အလွန်ကြီးမားသော မှော်ဆိုင်းဘုတ်များ၌ စာရင်းမှတ်ထား၏။ ပေါလ်က အဖွဲ့(၅)သို့ ကျရောက်ခဲ့သည်။
ပထမဆုံးအဆင့် ရှုံးထွက်ပွဲစဉ်များကို အမျိုးမျိုးသော နေရာများ၌ တစ်ချိန်တည်းမှာပင် ပြုလုပ်လေသည်။ ပြိုင်ပွဲတစ်ခုချင်းစီတွင် အဖြေကို ဆုံးဖြတ်ရန် ဒိုင်တစ်ယောက်ရှိပြီး မှော်ကိရိယာများနှင့် မှတ်တမ်းတင်နေကြသော ဝန်ထမ်းများ ရှိကြသည်။ မကျေနပ်သော သူများက ကြီးကြပ်ရေးမှူများကို သနားခံစာတင်နိုင်သည်။
ပြိုင်ပွဲဝင်အများစုက B- အဆင့်သာ ရှိကြပြီး လက်တစ်ဆုပ်စာသာ A- အဆင့် ဖြစ်သည်။ ချန်လွေ့က ထိုကဲ့သို့ တိုက်ပွဲအဆင့်မျိုးကို အမှန်တကယ် စိတ်ဝင်စားသည်။ ပေါလ်က ကံကောင်းခဲ့သည်။ နှစ်ရက်ကြာ ယှဉ်ပြိုင်ပြီးနောက် သူ ပြိုင်ဘက်ကို အနိုင်ယူခဲ့ပြီးနောက် နောက်တစ်ချီတွင် ကွက်လပ်နေရာကို မဲနှိုက်မိခဲ့သည်။ ဆိုလိုသည်မှာ သူက နောက်တစ်နေ့ နေ့တစ်ဝက် အနားယူနိုင်မည် ဖြစ်သည်။ သူက နောက်ထပ်၂ပွဲ အနိုင်ရသည်နှင့် အဖွဲ့ထဲ၌ ပထမဆုံး နောက်တစ်ဆင့် တစ်ခါတည်း တက်မည့်လူ ဖြစ်လာပေမည်။
ညနေခင်း၌ အယ်လီဇာ ရောက်ရှိလာပြီး သိဒ္ဓိမိန်းမပျို ယူဒိုရာက ဆင့်ခေါ်ကြောင်း သတင်းစကား လာပို့သည်။
ပေါလ်အပြင် လက်အောက်ခံ ချန်လွေ့ကိုလည်း ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
အယ်လီဇာက ချန်လွေ့နှင့် ပေါလ်တို့ကို သိဒ္ဓိအလင်းမြို့တော်မှ ခေါ်ထုတ်သွားပြီး သိဒ္ဓိအလင်းတောင်တစ်လျှောက် ဝင်သွားခဲ့သည်။
သိဒ္ဓိအလင်းတောင်အပေါ် ပထမဆုံး အမြင်မှာ ကျယ်ဝန်းပြီး လှေကားအရှည်များ ရှိနေကာ အားလုံးကိုး အဖိုးတန်သော ဖလော်ရိုက်တ်သတ္တုများဖြင့် ခင်းထား၏။ ရိုးစင်းသော ပုံစံက ခမ်းနားကြီးကျယ်လှသည်။
ချန်လွေ့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်မှာ ထိုနေရာရှိ ယုံကြည်မှုစွမ်းအားက သိဒ္ဓအလင်းမြို့တော်ထက် ပိုမိုအားကောင်းနေခြင်းပင်။ သို့သော်လည်း ယခုမှာ ကျားမြှီးသွားဆွဲရန် အချိန်မဟုတ်သည့်အတွက် ချန်လွေ့က ဆွဲဆောင်မှုကို ခုခံနေလိုက်ရသည်။
ချန်လွေ့က ယခုမှ သိဒ္ဓိအလင်းတောင်သို့ ပထမဆုံး ခြေချဖူးသည့်အတွက် တစ်ခါတစ်ရံ မေးခွန်းများ မေးတတ်ကြသည်။ အယ်လီဇာက စိတ်ရှည်ရှည်နှင့် ပြန်ဖြေ၏။ သို့သော်လည်း ချန်လွေ့က သတင်းထဲမှ ရထားသော အချက်များပေါ်တွင် အခြေခံထားသည့် စိတ်ကူးမြေပုံနှင့် တစ်ချက်ချင်း အတည်ပြုနေကြောင်း သူ မသိခဲ့ပေ။
ရှေ့မှ ကျောက်လှေကားတစ်များကို သုံးခု ပိုင်းထားလေသည်။ အယ်လီဇာက ပြုံးလိုက်သည်။ “ဘယ်ဖက်လမ်းကြောင်းက ကြယ်စုဝေးခန်းမပဲ။ အလယ်က ကောင်းကင်ချိပ်ပိတ်ခန်းမ။ ညာဖက်က သိဒ္ဓိကောင်းချီးခန်းမ။ ဒါက ကျွန်မတို့သွားမယ့် နေရာပဲ။ ရစ်ချက်။ သိဒ္ဓိမိန်းမပျိုက ရှင့်လို စကားများတဲ့သူကို သဘောမကျဘူး။ အဲဒါကြောင့် နောက်ကျရင် ရှင်မေးတဲ့ မေးခွန်းတွေကို ကျွန်မ ဖြေနိုင်မှာ မဟုတ်တော့ဘူး။”
“နားလည်ပါပြီ။ ကျေးဇူးပါပဲ။ ဘာလုပ်ရမလဲ ကျုပ် သိပါတယ်။ မစ်-အယ်လီဇာ။”
အယ်လီဇာတွင် ချန်လွေ့အတွက် အခြားအကြံအစည်များရှိကြောင့် ပေါလ် သိသော်လည်း မိမိ၏ လက်အောက်ငယ်သားကို ထိုကဲ့သို့ အရေးပေးနေကြောင်း ကြားရသည့်အခါ ပေါလ်က မကျေမနပ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ခံစားချက်မျိုးကို သူ့စိတ်ထဲတွင်သာ သိမ်းထားလိုက်၏။
ချန်လွေ့က သိဒ္ဓိကောင်းချီးခန်းမနှင့် နီးကပ်သွားသောအခါ ပို၍ပြင်းထန်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ အသက်တစ်ခါရှူသွင်းလိုက်တိုင်း အထူးအာရုံခံ တစ်ခုအတွင်း ရှိနေခြင်း ဖြစ်နေသည်။ တိုင်းပြည်စွမ်းအားပဲ။
ချန်လွေ့က ခေါင်းကိုမော့လိုက်ရာ အဝေးမှ ထူးခြားသော ခန်းမတစ်ခုကို မြင်လိုက်ရသည်။ ခန်းမအရှေ့တွင် တောင်ပံ၆ဖက်ရှိသော အလွန်ကြီးမားသည့် အဖြူရောင် ရုပ်ထုတစ်ခု ရှိနေ၏။ ခန်းမတစ်ခုလုံးက ပြည့်ဝပြီး ယှဉ်၍မရသော ယုံကြည်မှုစွမ်းအားနှင့် ပြည့်နှက်နေကာ တောင်လမ်းတစ်လျှောက်ထက် အဆ၁၀၀ ပိုများနေလေသည်။