သိဒ္ဓိမိန်းမပျို
Vol. 43 Ch. 669
သိဒ္ဓိကောင်းချီးခန်းမ၏ အလွန်အမင်း ကြွယ်ဝလှသော ယုံကြည်မှုစွမ်းအားက ချန်လွေ့ကို စိတ်မထိန်းနိုင်လုနီးပါး ဖြစ်စေခဲ့သည်။ ဤနေရာ၌ တစ်ကိုက်စားလိုက်ခြင်းက သာမန်မြို့တစ်မြို့၌ တစ်ရက်နှစ်ရက် ခိုးယူခြင်းထက် ပိုနိုင်ပေသည်။
သို့သော်လည်း ယခုနေရာမှာ ပိုင်နက်တိုင်းပြည်အတွင်း ဖြစ်သည်။ ထိုတိုင်းပြည်စွမ်းအားက ချန်လွေ့ ယခင်က ကြုံတွေ့ခဲ့ဖူးသော ရေဘဝဲဘုရင်၊ တံလျှပ် နှင့် သေရွာပြန်ဘုရင်တို့၏ တိုင်းပြည်ထက် အားနည်းနေဟန်တူပြီး အသစ် တိုင်းပြည်ဖန်တီးထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေဟန်တူသော်လည်း ချန်လွေ့က ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။ ထို့ပြင် သူ၏ တကယ့်စွမ်းအားကို ထုတ်ပြရန် အချိန်လည်း မဟုတ်သေးပေ။
ချန်လွေ့က အတွေးများကို ဖိနှိပ်ရင်း ရှေ့သို့ ဆက်လက်လမ်းလျှောက်သွားလိုက်သည်။ သို့သော်လည်း သူက ဧရာမ တမန်တော်ရုပ်ထုနားသို့ နီးကပ်လာတိုင်း တစ်ခုခု လွဲနေကြောင်း ပို၍ ခံစားလာရသည်။ ထိုတမန်တော်ရုပ်ထုကို ဝိုင်းရံနေသော ယုံကြည်မှုစွမ်းအားက ထိုရုပ်ထုမှ ထုတ်လွှတ်နေခြင်း မဟုတ်ပေ။ ထိုရုပ်ထုက အထူးဝါးမျိုခြင်း စွမ်းအားတစ်ခုကို ပြသနေပြီး ယုံကြည်မှုစွမ်းအားကို တဖြည်းဖြည်း စုပ်ယူနေလေသည်။
နှေးကွေးသော စုပ်ယူမှုနှုန်းကြောင့် ယုံကြည်မှုစွမ်းအားက အခြားနေရာများမှ စီးဆင်းလာပြီး ရုပ်ထုက အမြဲပင် မမြင်နိုင်သော ပိုးအိမ်တစ်ခုသဖွယ် အလွန်သိပ်သည်းသော ယုံကြည်မှုစွမ်းအားများဖြင့် ရစ်ပတ်ခံထားရနေ၏။
ချန်လွေ့၏ စိတ်ထဲ၌ သံသယများ မြင့်တက်လာသည်။ ထိုအချိန်၌ သူတို့က ကျောက်လှေကားထစ် အဆုံးသို့ ရောက်ရှိလာခဲ့သည်။ သူတို့၏ရှေ့တွင် ကျယ်ပြောလှသော လမ်းဆုံတစ်ခု ရှိနေ၏။ မြေပြင်က အလွန်ချောမွေ့စွာ ခင်းကျင်းထားပြီး ချောမွေ့ပြီး လေးထောင့်ပုံစံ ကျောက်ပြားကြီးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဧရာမ တမန်တော်ရုပ်ထုက အလယ်တွင် ရှိနေပြီ ခန့်ညားသော အသွင်အပြင်နှင့် လေးနက်သောမျက်နှာ ရှိနေသည်။ ၎င်းက ညာလက်တွင် ဓားရှည်တစ်လက် ကိုင်ထားပြီး ဘယ်လက်၌ ဒိုင်းကာတစ်ခု ကိုင်ထားသည်။ ကျောဘက်တွင်လည်း တောင်ပံ ၁၂ခု ရှိနေ၏။ ၎င်းက အထွတ်အမြတ် အငွေ့အသက်တစ်ခု ရေးရေးလေး ထွက်ပေါ်နေပြီး ဝတ်ပြုချင်စိတ်များ ဖြစ်စေနိုင်လေသည်။
ချန်လွေ့က ယုံကြည်မှုစွမ်းအား၏ ထူးခြားသော ပြောင်းလဲမှုများကို သတိထားမိ သွားသည့်အခါ ထိုကဲ့သို့ အထွတ်အမြတ်စွမ်းအားက ချန်လွေ့၏ အာရုံထဲ၌ အလွန်ထူးဆန်း သွားဟန်တူသည်။
လမ်းဆုံအဆုံးတွင် တမူထူးခြားသော ခန်းမတစ်ခု ရှိနေပြီး နောက်တွင် အဆောက်အအုံငယ် အများအပြားရှိနေသည်။ ထိုအရာက သိဒ္ဓိအလင်းတောင်၏ အဓိက တောင်ထွတ်တစ်ခုဖြစ်သော သိဒ္ဓိကောင်းချီးခန်းမပင် ဖြစ်လေ၏။
ချန်လွေ့က ပေါလ်နှင့် အယ်လီဇာတို့နောက် လိုက်သွားပြီး လမ်းဆုံသို့ ဝင်ရောက် သွားခဲ့သည်။ ဧရာမ တမန်တော်ရုပ်ထုကို ဖြတ်သန်းသွားသောအခါ [ သရုပ်ခွဲမျက်လုံး ] ၌ ရုတ်တရက် ပေါ်လာသော အချက်အလက်က ချန်လွေ့၏စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။
မျိုးနွယ် - မဆုံးဖြတ်နိုင်။
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
[ စိစစ်ချက် ] - အလွန်အမင်း အန္တရာယ်ရှိ။
ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ ဝင်ရောက်လာပြီးနောက် “မဆုံးဖြတ်နိုင်သော” ပစ်မှတ်တစ်ခုကို ချန်လွေ့ ယခုမှ ကြုံတွေ့ရခြင်း ဖြစ်သည်။ ထို့ပြင် ထိုပစ်မှတ်ကလည်း အမှန်တကယ်ပင် အသက်မဲ့သော ရုပ်ထုတစ်ခု ဖြစ်နေ၏။
သူ၏အာရုံအရ [ သရုပ်ခွဲမျက်လုံး ] မပါဘဲနှင့်ပင် ထိုပြိုင်ဘက်အဆင့်ကို ခန့်မှန်းနိုင်သည်။ သို့သော်လည်း သူ၏ S++ အဆင့် စိတ်ဝိညာဉ်စွမ်းအားကပင် ထိုရုပ်ထုကို ဖောက်မမြင်နိုင်ခဲ့ပေ။ သူက ယုံကြည်မှုစွမ်းအား၌ မူမမှန်မှု တစ်ခုကိုသာ အာရုံခံမိခဲ့သည်။ [ သရုပ်ခွဲမျက်လုံး ] ၏ စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ထိုရုပ်ထုတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားမျိုး ရှိလိမ့်မည်ဟု သူ လုံးဝ သိလိမ့်မည် မဟုတ်ပေ။
ဒီတမန်တော်ရုပ်ထုက ဘာကြီးလဲ။ တိုက်ခိုက်ရေးစက်လား။ ဒါမှမဟုတ် အထဲမှာများ...
ချန်လွေ့ ပင့်သက်ရှိုက်လိုက်မိသည်။ သူက အလျင်အမြန်ပင် မျက်လုံးထဲမှ အံ့သြနေမှုများကို ဖယ်ရှားပြီး မယုံကြည်နိုင်စွာဖြင့် ပတ်ပတ်လည်သို့ လျှောက်ကြည့်နေလိုက်၏။
အယ်လီဇာက သံသယ မဝင်ခဲ့ပေ။ ထိုချစ်စရာကောင်းပြီး အပြစ်ကင်းသော ရုပ်ထုက သိဒ္ဓိကျောင်းချီးခန်းမ၏ သင်္ကေတ ဖြစ်သည်။ လူအများအပြားက ထိုနေရာသို့ ပထမဆုံး ရောက်လာသောအခါ ထိုရုပ်ထု၏ ခန့်ညားမှုနှင့် အထွတ်အမြတ် အငွေ့အသက်တို့ကြောင့် ဆွဲဆောင်ခံရပြီး အံ့သြသွားကြလေသည်။
ခဏအကြာ၌ သူတို့က လမ်းဆုံကို ကျော်ဖြတ်လာပြီး သိဒ္ဓိကောင်းချီးခန်းမသို့ ဝင်ရောက်လာခဲ့သည်။
ခန်းမထဲ၌ ချန်လွေ့က နောက်ဆုံးတွင် သိဒ္ဓိအလင်းတောင်၏ ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သော ဂိုဏ်းချုပ် သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် တွေ့ရပြီ ဖြစ်သည်။
ယူဒိုရာအပေါ် ချန်လွေ့၏ ပထမဆုံးအမြင်က ထူးကဲသာလွန်ခြင်း ဖြစ်သည်။ သူက လောကရှိ ရုပ်ဝတ္ထုဆွဲဆောင်မှုထက် ကျော်လွန်နေဟန်တူသည်။ ထူးခြားသော စိတ်နေသဘောထား ကလည်း ထာဝရစွမ်းအားကို ရေးရေးလေး ပေါ်ထွက်နေကာ သာမန်လောကနှင့် တသီးတခြား ဖြစ်နေခဲ့သည်။ ထိုအရာက လူအများကို မော့ကြည့်ချင်စိတ် ဖြစ်နေစေ၏။
အမှန်တကယ်၌ ယူဒိုရာက အလွန်အမင်း သွယ်လျသည့်အတွက် ချန်လွေ့က မော့ကြည့်ရန် လိုအပ်ခဲ့သည်။ သူက ချန်လွေ့ထက် အရပ်ပိုမြင့်ပြီး နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ရှည်လျားသော အပြာဖျော့ရောင် ဆံပင်က အနည်းငယ် ကွေးနေပြီး အပြာရောင်မျက်လုံးများကလည်း အရည်လဲ့သော အဖြူရောင်အလွှာတစ်ခုဖြင့် ဖုံးကွယ်ခြင်းကို ခံထားရသည်။ ပန်းပုထုထားဟန်တူသော လှပသည့်မျက်နှာကို ရေးရေလေး မြင်နိုင်ပေ၏။
အကြောင်းတစ်ခုခုကြောင့် ချန်လွေ့က ယူဒိုရာကို မြင်သောအခါ ရင်းနှီးမှု အငွေ့အသက်တစ်ခု ရရှိခဲ့သည်။ သူက ယူဒိုရာကို တစ်နေရာရာ၌ မြင်ခဲ့ဖူးခြင်းလား၊ သို့မဟုတ် “အာသာ”၏ အသိစိတ် သို့မဟုတ် သူ၏ ကိုယ်ပိုင်မှတ်ဉာဏ်မှလား ဆိုသည်ကို သူ မမှတ်မိနိုင်တော့ပေ။
သို့သော်လည်း သူ၏အာရုံက [ သရုပ်ခွဲမျက်လုံး ] ၏ အချက်အလက်ထံမှ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
မျိုးနွယ် - လူသား
စွမ်းအားအကဲဖြတ်မှု - SS- (S++)
ခန္ဓာအမျိုးအစား - S+ (S)
စွမ်းအား - S+ (S)
စိတ်ဝိညာဉ် - SS- (S++)
အမြန်နှုန်း - S+ (S)
[ စိစစ်ချက် ] – အလင်းဒြပ်စင်။
အန္တရာယ်အဆင့် - အလွန်အန္တရာယ်များ။
ထိုအချက်အလက်က အလွန် ထူးဆန်းလှသည်။ ချန်လွေ့က SS အဆင့်ကို ယခုမှ တွေ့ဖူးခြင်းဖြစ်သော်လည်း ထိုအရာက တိုင်းပြည်ဖန်တီးပြီးသော ပုဂ္ဂိုလ်များ၏အဆင့် ဖြစ်နိုင်ကြောင်း သဘောပေါက်သည်။ S++ အဆင့်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှင့် တိုင်းပြည်ဖန်တီးခြင်းကြားမှ အဆင့် ဖြစ်နိုင်သည်။ ယခုတွင် ချန်လွေ့၏ စိတ်ဝိညာဉ်စွမ်းအားက S++ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထူးဆန်းသည်က အစွမ်းထက်ပုဂ္ဂိုလ်များသည် ပုံမှန်အားဖြင့် အစွမ်းများကို ကွယ်ဝှက် ထားတတ်ကြသည်။ ဥပမာပြောရလျှင် ချန်လွေ့၏ S+ အဆင့်ကို C အဆင့်အဖြစ် ဖုံးကွယ်ထားပြီး [သရုပ်ခွဲမျက်လုံး] က C (S+) ဟု ပြသမည် ဖြစ်သည်။ သို့ရာတွင် သိဒ္ဓိမိန်းမပျို၏ အချက်အလက်က ပြောင်းပြန်ဖြစ်နေ၏။ အပေါ်ယံ၌ သူက တိုင်းပြည်ဖန်တီးပြီးသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသော်လည်း အမှန်တကယ်၌ သူက တကယ့် တိုင်းပြည်ကို မဖန်တီးရသေးပေ။
ဘာက ဒီလိုအခြေအနေမျိုးကို ဖြစ်စေတာလဲ။ အပြင်က တောင်ပံ၁၂ခုရှိတဲ့ တမန်တော် ရုပ်ထုကြောင့်လား။ ဒါမှမဟုတ် ဒီခန်းမကြောင့်လား။
ထိုအကြောင်း တွေးနေစဉ် သူ့အရှေ့မှ အယ်လီဇာက ယူဒိုရာကို အရိုအသေ ပြုလိုက်သည်။ “ဆရာမ။ ပေါလ်နဲ့ ရစ်ချက်တို့ကို ခေါ်လာပါပြီ။”
ချန်လွေ့က ပေါလ်နှင့်အတူ အရိုအသေ ပြုလိုက်သည်။ သိဒ္ဓိမိန်းမပျိုက ပေါလ်ကိုကြည့်ပြီး ခေါင်းညိတ်ကာ ချီးမွမ်းလိုက်သည်။ “ပါဆာလီရဲ့ ပါရမီရှင်တပည့်ဆိုတဲ့ အတိုင်းပဲ၊ အသက်၃၀ပဲ ရှိသေးတဲ့ နဂါးလင်းလက်အင်ပါယာက နာမည်ကျော် ပါရမီရှင်ငယ်လေးက သူတော်စင်-တစ်ပိုင်းရဲ့ ပထမဆုံး အဆင့်ငယ်လေးဆီကို ရောက်တော့မယ်။ ပြောရရင်တော့ လူရွေးပွဲကို အဆင့်တက်ဖို့ မျှော်လင့်လို့ ရနိုင်လောက်တယ်။ ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ တကယ့္ သူတော်စင်အဆင့် ရောက်ဖို့က သိပ်မလိုတော့ဘူး။”
ထိုအသံက အစပိုင်း၌ ခြောက်က်ပြီး ဝေဝေဝါးဝါး ဖြစ်နေသော်လည်း လူအများကို ဖော်ရွေစေနိုင်သော ညင်သာမှုနှင့် လှုပ်ရှားမှုများ ရှိနေခဲ့သည်။
ပေါလ်က အလျင်အမြန်ပင် နှိမ့်ချသော စကားများ ဆိုလိုက်သည်။ ယူဒိုရာက ပြောသည်။ “မင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ မလိုပါဘူး။ မင်းရဲ့ အလားအလာကို ငါအတော်လေး အကောင်းမြင်တယ်။ ဒီတစ်ခေါက် လူရွေးပွဲမှာ မင်းတောက်ပလာမယ်လို့ ငါ ယုံကြည်တယ်။ မင်း နတ်ဘုရားကျောင်းစစ်သည်တော် ဖြစ်လာရင် သိဒ္ဓိကောင်းချီးတောင်ထွတ်မှာ အစောင့်အရှောက် စစ်သည်တော် ဖြစ်လာချင်လား။”
ဘုရားကျောင်းတစ်ခုစီတွင် ကိုယ်ပိုင် အစောင့်အရှောင် ရှိကြသည်။ နတ်ဘုရားကျောင်း စစ်သည်တော်များသာ အစောင့်အရှောင် စစ်သည်တော်များ ဖြစ်လာနိုင်ကြသည်။ ဘုရားကျောင်း တစ်ခုကို ရွေးချယ်ခြင်းက အဖွဲ့ရွေးချယ်ခြင်းနှင့် အတူတူပင် ဖြစ်၏။
ပေါလ်က ဥယျာဉ်မြို့တော်မှာကတည်းက စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်သည်။ သူက အရိုအသေ ပြုလိုက်၏။ “ပေါလ်လိုမန်က သိဒ္ဓိကောင်းချီးခန်းမရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာချင်ပါတယ်။”
“မင်းရဲ့ ရွေးချယ်မှုအတွက် ငါ အတော်လေးကို ဝမ်းသာမိတယ်။” သိဒ္ဓိမိန်းမပျိုက အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ဒီရွေးချယ်မှုက မင်းရဲ့ ဆရာကို ဒေါသထွက် စေနိုင်လောက်တယ်။”
ပါဆာလီက အဓိကဘုရားကျောင်းသုံးခုမှ မည်သည်ကိုမှ မပူးပေါင်းဘဲ ကြားနေခဲ့သည်။ အကယ်၍ သူ တန်ဖိုးထားရသော သူ၏ဆက်ခံသူ ပေါလ်ကသာ သူ၏ဆန္ဒမပါဘဲ သိဒ္ဓိကောင်းချီးခန်းမကို ရွေးချယ်ခဲ့ကြောင်း သိလိုက်ရလျှင် သေချာပေါက် ဒေါသူပုန် ထပေလိမ့်မည်။
ပေါလ်က ခေါင်းငုံ့နေလိုက်သည်။ “ကျုပ် ဆရာ့ကို ရှင်းပြလိုက်ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့ ရွေးချယ်မှုအတိုင်းပဲ လုပ်မှာပါ။”
“မင်းရဲ့ စိတ်ပြတ်သားမှုကို ငါမြင်ခဲ့ရပြီ။ အစောင့်အရှောင်စစ်သည်တော် အလောင်းအလျာ။” သိဒ္ဓိမိန်းမပျိုက လက်ကို အသာလေး ဝှေ့ရမ်းလိုက်ရာ ပေါလ်အရှေ့သို့ ဘူးအသေးလေးတစ်ခု တဖြည်းဖြည်း လွင့်ပျံလာခဲ့သည်။ “မင်းဆရာကို ဒီပစ္စည်း ကမ်းပေးလိုက်။ ဒါဆိုရင် သူမင်းကို စိတ်မဆိုးလောက်တော့ဘူး။”
ပေါလ်က ဘာမှမမေးဘဲ လက်နှစ်ဖက်ဖြင့် တရိုတလေ လက်ခံလိုက်သည်။
ယူဒိုရာ၏ မျက်လုံးများက ချန်လွေ့ထံ ရောက်လာသည်။ “မင်းရဲ့နာမည်က ရစ်ချက်လား။”
“ဟုတ်ပါတယ်။ အရှင်မ။” ချန်လွေ့က ကြောက်နေဟန်တူပြီး ခေါင်းကို ငုံ့ထားသည်။
“မင်းမှာ နတ်သူငယ်မျိုးနွယ်စုရဲ့ အထူးလက်ရွေးစင်တွေမှာပဲရှိတဲ့ ဝိညာဉ်ဘာသာစကား တစ်ခု ရှိတိယ်လို့ အယ်လီဇာ ပြောတာ ကြားတယ်။ မင်းက ဘယ်နတ်ဆိုးသားရဲကိုမဆို ထိန်းချုပ်နိုင်တယ်ဆို။ ပြီးတော့ မင်းက မိုးကြိုးငှက်တစ်ယောက်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တယ်။ ဟုတ်လား။”
“အရှင်မ....ပြဿနာ...မ..ဖြစ်စေဖို့..အတွက် ကျုပ်က မိုးကြိုးငှက်ကို...မယူ..မယူလာမိ ပါဘူး။ တကယ်တော့ ဘယ်..ဘယ်...နတ်ဆိုးသားရဲကိုမဆို....အာ....တောင်းပန်ပါတယ်...” ချန်လွေ့၏လေသံက ခံစားချက်များ ပြည့်နေပြီး အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့သည်။ ထိုအရာက ပေါလ်၏ တည်ငြိမ်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
“သိပ်ပြီးတော့ ကြောက်မနေပါနဲ့။” သိဒ္ဓိမိန်းမပျို၏ အသံက ပို၍ပင် ညင်သာသွားခဲ့သည်။ “မင်းမှာ အယ်လီဇာ ပြောတဲ့အတိုင်း တကယ့်စွမ်းရည် ရှိမယ်ဆိုရင် မင်းရဲ့စွမ်းရည်ကို တကယ့် ထုတ်ပြနိုင်ဖို့အတွက် လုပ်ပေးမယ်။ မင်းလုပ်ချင်တယ် ဆိုရင်ပေါ့။”
“လုပ်ချင်ပါတယ်...အရှင်မ...” ချန်လွေ့က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဒီနှစ်ရဲ့ မြင်စီးပြိုင်ပွဲမှာ အသစ်ထပ်ထည့်ထားတဲ့ စစ်ဆေးမှုတစ်ခု ရှိတယ်။ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ မင်းမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိမယ်။ အဲဒီအချိန် မင်းနဲ့ ပေါလ်တို့ရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်မျှော်နေမယ်။”
ချန်လွေ့နှင့် ပေါလ်တို့ နှစ်ယောက်လုံးက အံ့အားသင့်နေသော အမူအရာများ ပြသ လိုက်ကြသည်။ လက်အောက်ငယ်သားတွေလည်း ပါဝင်ယှဉ်ပြိုင်မှာလား။ မည်သို့ပင် ဆိုစေကာမူ သူတို့က အရိုအသေ ပြုလိုက်ကြပြီး နားလည်သဘောပေါက်ကြောင်း ဖော်ပြလိုက်ကြသည်။
သိဒ္ဓိမိန်းမပျို၏ ဆင့်ခေါ်မှု ပြီးဆုံးသွားခဲ့သည်။ အယ်လီဇာက သူတို့နှစ်ယောက်နှင့်အတူ သိဒ္ဓိအလင်းတောင်မှ ဆင်းသွားပြီး ချစ်စရာကောင်းပြီး အပြစ်ကင်းသည့် ရာဖယ်ရယ် ဖြစ်လောက်သော ဧရာမရုပ်ထုကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ ချန်လွေ့က စိတ်ထဲ၌ အမြန် စဉ်းစားနေသည်။ သိဒ္ဓိအလင်းတောင်ပေါ်၌ သူမြင်ခဲ့သော စွမ်းအားများမှာ ရေခဲတုံးကြီး၏ ထိပ်ပိုင်းမျှသာ ဖြစ်သော်လည်း သူ့ကို သတိထားစေရန် လုံလောက်နေသည်။ သိဒ္ဓိအလင်းတောင်က စိတ်ကူးနိုင်တာထက် ကျော်လွန်နေတဲ့ လျို့ဝှက်ချက်တွေ စွမ်းအားတွေ ရှိနေတယ်။ ကြည့်ရတာ နဂိုအကြံအစည်ရဲ့ အဆင့်တွေကို ပြန်ညှိရတော့မယ့်ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ နှင်းဒဲလက်ပန်းကို ရအောင်လုပ်မယ်။
အယ်လီဇာက သူတို့နှစ်ယောက်ကို တောင်ခြေသို့ ပို့ပေးလိုက်ပြီးနောက် ချန်လွေ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ “ရစ်ချက်။ ရှင် ကြိုးစားရမယ်နော်။”
ထိုသို့ပြောပြီးနောက် သူက ပေါလ်ကို ခေါင်းညိတ်ပြလိုက်ပြီး တောင်ပေါ်သို့ ခုန်ဆွခုန်ဆွ တက်သွားတော့သည်။
ပေါလ်က ချန်လွေ့ကို သေသေချာချာ ကြည့်နေလိုက်သည်။ “ရစ်ချက်။ မင်း ဘာတွေ စဉ်းစားနေတာလဲ။”
ချန်လွေ့က ခေါင်းကုတ်လိုက်သည်။ “ဘာလို့ မစ်-မီရန်ဒါကို မတွေ့ရတာလဲလို့ စဉ်းစားနေတာ။”
ပေါလ်က ပြုံးလိုက်ပြီး ချန်လွေ့ကို ပုခုံးပုတ်သည်။ “သိဒ္ဓိမိန်းမပျို ပြောခဲ့တယ်မလား။ ဒီတစ်ခေါက် မြင်းစီးပြိုင်ပွဲမှာ စစ်ဆေးမှု အသစ်တွေ ထပ်ထည့်ထားတယ်။ ပြီးတော့ ဒီတစ်ခေါက် မင်းလည်း ဝင်ပြိုင်ရမယ်။ သိပ်အများကြီး စဉ်းစားမနေနဲ့။ ပြင်ဆင်ဖို့အတွက် အာရုံစိုက်ထား။ အရှင်မက ငါတို့ရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေတယ်။”
“အာ....ဆာ-ပေါလ်အတွက် ...ပြီးတော့ မစ်-မီရန်ဒါ အတွက်။” ချန်လွေ့က စိတ်တက်ကြွအောင် ပြုလုပ်ပြီး လက်သီးကို မြှောက်လိုက်သော်လည်း သူ၏ စိတ်ထဲ၌ အော်ပြောနေသည်။ “လျို့ဝှက်ထောက်လှမ်းရေးခေါင်းဆောင် မဒမ် ရင်းနီ အတွက်။”
နတ်ဘုရားကျောင်းစစ်သည်တော် ရွေးချယ်ပွဲ ပထမအဆင့်ဖြစ်သော တစ်ဦးချင်း သိုင်းပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။
ပေါလ်က ပဉ္စမမြောက်အဖွဲ့အထိ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအဆင့်သို့ ဝင်ရောက်နိုင်သော အောင်နိုင်သူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူက ၅ယောက် နောက်ဆုံးပွဲတွင် အစွမ်းထက်သော ပြိုင်ဘက်များနှင့် တွေ့ခဲ့ရပြီး နှစ်ယောက်ကို ရှုံးနိမ့်သွားကာ နောက်ဆုံး၌ တတိယနေရာ ရရှိခဲ့သည်။
ပထမပြိုင်ပွဲ၌ နောက်ဆုံးအဆင့် ရောက်ခဲ့သောသူများ ဖြစ်သည့်အလျောက် ပေါလ်က မြင်းစီးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲ မတိုင်ခင်အဆင့်သို့ တစ်ခါတည်း တက်ရောက်သွားခဲ့သည်။
သိဒ္ဓိမိန်းမပျို ပြောခဲ့သည့်အတိုင်းပင် ယခုတစ်ခေါက်၌ မြင်းစီးပြိုင်ပွဲကို အနည်းငယ် ပြောင်းလဲထားခဲ့သည်။ မူလမြင်းစီးပြိုင်ပွဲက ပြိုင်ပွဲဝင်တစ်ယောက်စီက မြင်စီးများ တိုက်ခိုက်ရမည် ဖြစ်သော်လည်း ယခုတွင် ပြိုင်ပွဲဝင်များက မြင်း၅ကောင်ဆွဲသော စစ်ရထားကို စီးကာ ပြိုင်ဘက်များကို တိုက်ခိုက်ရန်အတွက် အထူးပြုလုပ်ထားသော မှော်လှံတံတစ်ခုကို အသုံးပြုရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် တစ်ယောက်စီတွင် လှံတံ အချောင်း(၅၀) ရှိမည်ဖြစ်ပြီး အများဆုံး တိတိကျကျ ပစ်နိုင်သူက အနိုင်ရရှိမည် ဖြစ်သည်။
ပြိုင်ပွဲဝင်များက မြင်းမောင်းရန်အတွက် အကူတစ်ယောက်ကို ခန့်ထားနိုင်ပြီး သင့်တော်သော အကူမရှိပါက ကြီးကြပ်ရေးမှူးချုပ်က အလင်းစစ်သည်တော် တစ်ယောက်ကို အကူအနေနှင့် ခန့်အပ်ပေးမည် ဖြစ်သည်။ နောက်ဆုံး၌ ချန်လွေ့က လက်အောက်ငယ်သားလည်း စွမ်းရည်ထုတ်ပြနိုင်မည်ဟူသော စကားကို မည်သည့်အတွက်ကြောင့် သိဒ္ဓိမိန်းမပျို ပြောခဲ့ကြောင်း သဘောပေါက်သွားတော့သည်။