ဥ
Vol. 43 Ch. 671
ချန်လွေ့က သိဒ္ဓိမိန်းမပျို၏ ရက်ရောလှသော ကတိကို အံ့အားသင့်သွားခဲ့သည်။ ထို့ပြင် သူက ပေါလ်အား ပြန်ခိုင်းခဲ့ပြီး ချန်လွေ့အား တစ်ယောက်တည်း နေခဲ့စေသည်။ စကားပုံ အတိုင်းပင် လုပ်ရပ်တစ်ခုနောက်ကွယ်၌ အကျိုးအမြတ်တစ်ခု ရှိရပေမည်။ “ရစ်ချက်”က သားရဲထိန်းကျောင်းစွမ်းရည်ရှိသော “အားနည်းသူ”တစ်ယောက်သာ ဖြစ်သည်။ သိဒ္ဓိမိန်းမပျို အခွင့်ကောင်း ယူနိုင်သောအရာ တစ်ခုခု ရှိနေ၍လား။
ချန်လွေ့က အလျင်အမြန် တုံ့ပြန်ပြီး ချက်ချင်းပင် စိတ်အားတက်ကြွသော အမူအရာ ပြုလုပ်လိုက်သည်။ “ကြိုက်တဲ့ လိုအပ်ချက်သုံးခုလား။”
“ဟုတ်တယ်။ ဒါပေမဲ့ မင်းက တစ်ခုခုကိုတော့ ပြီးမြောက်အောင် လုပ်ပေးရမယ်။”
“ကိစ္စမရှိပါဘူး။ ကျုပ် သိဒ္ဓိကောင်းချီးခန်းမထဲ ဝင်ပြီးတော့ အရှင်မတွက် အလုပ်လုပ်ပေးပါ့မယ်။” ချန်လွေ့က မမျှော်လင့်ဘဲ ပိုက်ဆံများ ရသွားသကဲ့သို့ပင် အလွန်အမင်း စိတ်လှုပ်ရှားနေဟန်တူသည်။ သိဒ္ဓိမိန်းမပျိုက မည်သည့်အရာ ပြုလုပ်စေချင်ကြောင်း မသိသေးသော်လည်း ထို “ကြိုက်သော”လိုအပ်ချက်သုံးခုက အကန့်အသတ်မရှိ မဟုတ်လောက်ပေ။ ဥပမာပြောရလျှင် သူက နှင်းဒဲလက်ပန်းကို လိုအပ်ချက် အနေဖြင့် ပြောခဲ့ပါက ချက်ချင်း အဖမ်းခံရပေလိမ့်မည်။
ယူဒိုရာက အောက်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ချန်လွေ့ကို သုံးလေးခေါက် ကြည့်လိုက်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “မင်း ခဏနေ မြင်ရမယ့်အရာနဲ့ ငါမင်းကို လုပ်ခိုင်းမယ့်အရာကို ပေါလ် အပါအဝင် ဘယ်သူ့ကိုမှ မပြောပြရဘူး။ မဟုတ်ရင် မင်းမျှော်လင့်ထားတဲ့ အရာအားလုံး ပျောက်ကွယ်သွားရလိမ့်မယ်။ မင်းရဲ့အသက်ရောပေါ့။”
“နားလည်ပါပြီ။ အရှင်မ။”
ထိုအရာက ခြိမ်းခြောက်မှုသက်သက် ဖြစ်သော်လည်း သိဒ္ဓိမိန်းမပျို၏အသံက လူအများကို ဆန့်ကျင်ရန် ခံစားချက် မဖြစ်စေနိုင်သော မှော်ဆန်သည့် စွမ်းအားတစ်မျိုး ရှိနေဟန်တူသည်။
“ဒါကို ယူထား။ မလွှတ်ချလိုက်နဲ့။” ယူဒိုရာ လက်ဝှေ့ရမ်းလိုက်သောအခါ ပင်ပေါင်ဘောလုံး အရွယ်ခန့်ရှိသော အဖြူရောင်အလုံးတစ်ခုက ချန်လွေ့၏အရှေ့တွင် ပေါ်ထွက် လာခဲ့သည်။ “ငါနဲ့လိုက်ခဲ့။ သေချာမှတ်ထား။ ငါ့နားကနေ ၅မီတာမှာပဲ နေနေ။”
အဖြူလုံးကို ကိုင်ထားရင်း ချန်လွေ့က ထိုအလုံးမှ အေးစက်မှုများကို ခံစားနေရင်း သိမ့်သိမ့်တုန်သွားခဲ့သည်။ သူက ခန်းမနောက်ဘက်သို့ ယူဒိုရာနှင့်အတူ လိုက်သွားတော့သည်။
သူတို့နှစ်ယောက်က အကွေ့အကောက်များ သွားပြီးနောက် လမ်းကြောင်းများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကြသည်။ အမှန်တကယ်၌ ယူဒိုရာ သုံးကွေ့သာ သွားရသေးကြောင်း ချန်လွေ့ သေသေချာချာ မြင်နေရသည်။ အခြားအကွေ့များမှာ မှော်စက်ဝိုင်း တစ်ခုက ဖန်တီးသော ပုံရိပ်ယောင်များ ဖြစ်သည်။ မှော်စက်ဝိုင်းအပြင်...ရှေးမှော်စာများလည်း ရှိနေ’။
ရှေးမှော်စာများကို နတ်ဘုရားဘာသာစကားဟု ခေါ်ကြပြီး နတ်ဘုရားများ၏ လျို့ဝှက် ဆန်းကြယ်မှုများကို တစ်ပိုင်းတစ်စ မြင်နိုင်ရန် အသုံးပြုနိုင်သည်ဟု ပြောကြသည်။ ချစ်စရာကောင်းပြီး အပြစ်ကင်းသော ရာဖယ်ရယ်က သိဒ္ဓိကောင်းချီးခန်းမနောက်တွင် ရှိနေသည်။ ထိုနေရာ၌ ရှေးမှော်စာများ ရှိနေသည်မှာ အံ့သြစရာမဟုတ်ချေ။ သို့သော်လည်း အနီးအနားရှိ ရှေးမှော်စာများကတော့ အလွန်ပင် လေးနက်လှသည်။ အချိူ့စာကြောင်းများနှင့် ဖွဲ့စည်းပုံများကို ဇိုလာပင် မသိနိုင်ပေ။ ချန်လွေ့က စိတ်ကို အမြန်လှုပ်ရှားလိုက်ရင်း အလျင်အမြန် စစ်ဆေးကာ မှတ်တမ်းတင်ရန်အတွက် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်၏။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် လျို့ဝှက်ထောင်ခြောက်များ အမျိုးမျိုးရှိသော လျှောက်လမ်းတစ်ခုကို ဖြတ်သွားပြီးနောက် သူ့အရှေ့တွင် တံခါးတစ်ခု ပေါ်ထွက်လာသည်။ ယူဒိုရာက စိတ်ကို စေစားလိုက်ရာ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။
တံခါးပွင့်သွားသည်နှင့် ချန်လွေ့ မျက်နှာပေါ်သို့ အပြေးဝင်လာသော ခြစ်ခြစ်တောက် အပူတစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်၌ အဖြူရောင်အလုံးမှ လေအေးများက ထိုအပူက ချက်ချင်းပင် ဖယ်ရှားပေးလိုက်ပြီး သူက အတော်လေး သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
ထိုနန်းတော်အသေးလေးက မီးတောက်ပတ်ဝန်းကျင်ကဲ့သို့ပင် အစီအစဉ် ပြုလုပ်ထားပြီး ကြောက်မက်ဖွယ်ရာ အပူရှိန်ကို ထုတ်လွှတ်နေ၏။ အဖြူရောင်အလုံး၏ အအေး အကာအကွယ် ကြောင့်သာမဟုတ်လျှင် “ရစ်ချက်”က နတ်ဆိုးဘုရင်အဆင့်စွမ်းအားဖြင့် ၎င်းကို ခုခံနိုင်မည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
နန်းတော်ထဲ၌ နောက်ထပ်လူတစ်ယောက် ရှိနေ၏။ ထိုသူက အယ်လီဇာ ပင်။
ထိုအချိန်၌ အယ်လီဇာ၏ အဝတ်အစားများက အတော်လေး လှစ်ဟာပြနေ၏။ သူ၏ ခန္ဓာကိုယ်မှ အဆင်တန်ဆာ အနည်းငယ်မှလွဲ၍ သူက လုံးဝနီးပါးကို အတွင်းခံများဖြင့်သာ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်က မျက်နှာထက် အနည်းငယ် ပိုမို ရင့်ကျက်နေသည်။ သူ၏ ရင်သားများက ဆယ်လင်းလောက် မဖွံ့ဖြိုးသော်လည်း တစ်လုံးတစ်ခဲ ဖြစ်နေဆဲ ဖြစ်သည်။ သူက ကျက်သရေရှိသောခန္ဓာကိုယ်နှင့် အသားဖြူကာ ချွေးများစို့နေ၏။ ထိုအရာက ဆွဲဆောင်မှုတစ်မျိုး ရှိနေလေသည်။
ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] က အယ်လီဇာ၏ လည်ဆွဲ၊ လက်ပတ်၊ လက်ကောက်နှင့် ခြေချင်းမှာ စိတ်ဝိညာဉ်စွမ်းအားနှင့် အာရုံခံစွမ်းအားတို့ကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ကြောင့် မြင်နိုင်ပေသည်။
အယ်လီဇာက နန်းတော်၏ ဗဟိုတွင် ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်က အဖြူရောင် အငွေ့များ ထွက်နေဟန်တူပြီး လက်များကလည်း .... ငှက်သိုက်တစ်ခုနှင့်တူသော အရာတစ်ခုဆီသို့ အားကောင်းသော စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်နေသည်။ အသိုက်ထဲ၌ အုန်းသီးအရွယ် လုံးဝန်းသော အရာတစ်ခုရှိပြီး အဖြူရောင်မြူများ ရစ်ပတ်ထားနေသည်။
“အယ်လီဇာ။ အခြေအနေ ဘယ်လိုရှိလဲ။”
“ဆရာမ။” အယ်လီဇာက ထရပ်ပြီး အရိုအသေ ပြုလိုက်သည်။ “အရင်နေ့တွေမှာ မှော်စာတွေကို နှစ်ဆတိုးပြီးသွားပါပြီ။ ဒါပေမဲ့ အရင်ကနဲ့ အတူတူ ဖြစ်နေတုန်းပဲ။ ဘာလှုပ်ရှားမှုမှ မခံစားရဘူး။”
ယူဒိုရာက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ရစ်ချက်။ မင်းရဲ့ ဝိညာဉ် ဘာသာစကားနဲ့ သားရဲထိန်းကျောင်းစွမ်းရည်က မြင်းစီးပြိုင်ပွဲမှာ မယုံနိုင်စရာ မှော်ဆန်တဲ့ သက်ရောက်မှုတွေရှိတာကို ပြသခဲ့ပြီးပြီ။ အဲဒါကြောင့် မင်းရဲ့စွမ်းအားကို အားကိုးဖို့ ဆုံးဖြတ်ခဲ့တာ။ မင်းမြင်တဲ့အတိုင်းပဲ..ဒီနတ်ဆိုးသားရဲဥက ငါ့အတွက် အတော်လေး အရေးပါတယ်....”
ထို“နတ်ဆိုးသားရဲဥ”ကို ဖျပ်ခနဲ ကြည့်လိုက်ရာ ချန်လွေ့၏နှလုံးသား ရုတ်တရက် တုန်လှုပ်သွား၏။ ထိုအသေးစိတ်ကို ယူဒိုရာက ချက်ချင်းပင် သတိထားလိုက်မိသည်။ သူ၏ မျက်လုံးများက အရောင်လက်သွား၏။ သူက ပြောလိုက်တော့မည့် အချိန်တွင် ချန်လွေ့က ရင်ဘက်ကို အုပ်လိုက်ကာ နာကျင်သော အမူအရာတစ်ခု ပြသလိုက်သည်။ အချိန် အတော်ကြာမှသာ သူ ပြန်ကောင်းလာခဲ့သည်။
“အရှင်မ။ အဲဒါက ဘာနတ်ဆိုးသားရဲဥကြီးလဲ။” ချန်လွေ့က ဆိုးဆိုးဝါးဝါး တုန်လှုပ်နေပုံရသည်။
“မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အဲဒါက အာရုံခံနိုင်တာလား။” ယူဒိုရာ၏ မျက်လုံးများ အရောင်တောက်သွား၏။
“နည်းနည်းပါပဲ။ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အဲဒါက ထိလိုက်တာနဲ့ ကျုပ်ရဲ့ ဝိညာဉ်က အဆုံးမဲ့မီးတောက်တွေကြောင့် သေတဲ့အထိ လောင်ကျွမ်းတော့မလို ဖြစ်သွားတယ်။ တကယ် ကြောက်စရာပဲ။”
“လောင်ကျွမ်းတဲ့ ခံစားချက်လား။” ယူဒိုရာက ပင့်သက်ရှိုက်လိုက်သည်။ “သိပ်ကောင်းတယ်။ မင်းမှာရှိတဲ့ ဝိညာဉ်ဘာသာစကားက ငါထင်ထားတာလက် ပိုပြီးတော့ ထက်မြက်တဲ့ပုံပဲ။”
အချိန်တကယ်၌ ချန်လွေ့က ခုနက အပြင်းအထိ ဓာတ်လိုက်သွားခဲ့ခြင်း ဖြစ်သည်။ နာကျင်သွားသော ပုံစံက သူ ထိတ်လန့်သွားသည်ကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်လေသည်။
[ သရုပ်ခွဲမျက်လုံး ] ၌ ထိုဥ၏ အချက်အလက်များ ပေါ်ထွက်လာသည်။
မျိုးနွယ် - ဇာမဏီငှက် (ဥ)
စွမ်းအားအကဲဖြတ်မှု - မသိ
[ စိစစ်ချက် ] - အိပ်ပျော်နေ၊ ဥပေါက်နိုင်။
သိဒ္ဓိမိန်းမပျိုမှာ တကယ်ကြီး ဇာမဏီငှက်ဥ ရှိနေတာပဲ။
“ဇာမဏီငှက်”ဆိုသည်မှာ ကမ္ဘာမြေမှ တရုတ်လူများများနှင့် မစိမ်းလှပေ။ ၎င်းက ငှက်များ၏ ဘုရင် ဖြစ်သည်။ ဇာမဏီငှက် ပေါ်ထွက်လာခြင်းက အတိတ်နိမိတ်ကောင်းခြင်းကို ကိုယ်စားပြုပြီး မျိုးနွယ်စုတိုတမ်တစ်ခုလည်း ဖြစ်ပေသည်။
ထိုမှော်လောက၌ ဇာမဏီငှက်လည်း ရှိနေ၏။ ချန်လွေ့က ထိုနာမည်ကို ဇိုလာနှင့် ပါ့ဂ်လီအိုတို့ထံမှ တစ်ခါတစ်ရံသာ ကြားခဲ့ဖူးသည်။ ထိုသတ္တဝါက ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့သော ရှေးဟောင်းသတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်းက ဧရာမနဂါးမိသားစုထက်ပင် သက်တမ်းရင့်လှသည်။ ထိပ်တန်းသတ္တဝါ ဖြစ်ခဲ့သည့်အလျောက် ၎င်းက လျို့ဝှက်ဆန်းကြယ်ပြီး ဗိုလ်ကျသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ အချိန်ကြာလာသည်နှင့်အမျှ မှတ်တမ်း အများအပြားက မပြည့်မစုံ ဖြစ်သွားကြပြီး မီးတောက်စွမ်းအားအကုန်ပြီးကာ မီးတောက်ထဲမှ အသက်ပြန်ရှင်နိုင်သည်ဟူသော ဝိသေသလက္ခဏာနှစ်ခုကိုသာ သိရှိတော့သည်။
မီးပြီးကာ ပြန်လည်မွေးဖွားခြင်းဟူသော ထိုလက္ခဏာနှစ်မျိုးကပင် မူမမှန်နေပြီ ဖြစ်၏။
“ဒါကို ဝတ်ထား။ ဒါဆို မင်းရဲ့ခုခံမှုကို တိုးပေးနိုင်လောက်တယ်။” ယူဒိုရာက လည်ဆွဲ တစ်ခုကို ထုတ်လိုက်ပြီး ချန်လွေ့ကို ပေးလိုက်သည်။ “အခု မင်းရဲ့စွမ်းအားကို ချိန်ညှိပြီးတော့ မင်းရဲ့ဝိညာဉ်ဘာသားကားနဲ့ အာရုံခံဖို့ ကြိုးစားကြည့်။”
ချန်လွေ့က အမှန်တကယ်ပင် ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာ ဖြစ်နေသော လည်ဆွဲကို ယူလိုက်သည်။ ထိုအရာက ဝတ်ဆင်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ၃၀% တိုးစေပြီး စိတ်ဝိညာဉ်လှိုင်များကို ကာကွယ်ကာ စိတ်ခုခံမှုကို တိုးစေလျက် မီးဒြပ်စင်တိုက်ခိုက်မှုကို ၅၀% လျှော့ချပေးနိုင်သည်။ သိဒ္ဓိမိန်းမပျို ရက်ရောနေသည်မှာ အသေအချာပင် ဖြစ်၏။
ချန်လွေ့က လည်ဆွဲကို ချက်ချင်း ဝတ်လိုက်ပြီး ဇာမဏီငှက်ဥကို [ သရုပ်ခွဲမျက်လုံး ] ဖြင့် အမှန်တကယ် စကားပြောရန် ကြိုးစားကြည့်သည်။ တဖြည်းဖြည်းနှင့် လုံးဝ မတုံ့ပြန်သော ဇာမဏီဥက သူ့ထံမှ ရင်းနှီးသော စွမ်းအားတစ်မျိုးမျိုးကို ခံစားနေရဟန်တူပြီး အနည်းငယ် မတည်ငြိမ်မှုများ စတင်ထွက်ပေါ်လာခဲ့သည်။
အယ်လီဇာသည်ပင် ထိုကဲ့သို့ ထူးခြားသော မတည်ငြိမ်မှုကို ခံစားမိနိုင်သည်။ ယူဒိုရာ၏ မျက်လုံးများက ရုတ်တရက် အရောင်တောက်သွားပြီးနောက် သူ၏ အဝတ်အစားများက အနည်းငယ် လွင့်ပျံသွားကာ သူ၏စိတ်လှုပ်ရှားနေမှုကို ဖိနှိပ်လိုက်ဟန်တူသည်။ တိတ်ဆိတ် နေခဲ့တဲ့ ဇာမဏီငှက်ဥက ဒီလိုမျိုး သိသာထင်ရှားတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်လာခဲ့တာပဲ။
ချန်လွေ့က ထိုမတည်မငြိမ်မှုထဲ၌ ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ထိုအရာက သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သဟဇာတ ဖြစ်နေပုံရသည်။ [ သရုပ်ခွဲမျက်လုံး ] ကလည်း ထိုအချိန်၌ ရင်းနှီးသော ခံစားချက်များကို ထုတ်ပေးနေသည်။ သူက အနည်းငယ် အံ့သြမိသွားသည်။ ဒီအငွေ့အသက်...ဒါက နိဗ္ဗာန်စွမ်းအားပဲ...
ယူဒိုရာနှင့် အယ်လီဇာတို့က ဇာမဏီငှက်၏ ချန်လွေ့အပေါ် တရင်းတနှီး ခံစားချက်ကို အာရုံမခံမိကြပေ။ လည်ဆွဲ၏ စိတ်အနှောင့်အယှက်ကို ကာကွယ်ပေးနိုင်မှုနှင့် ချန်လွေ့၏ ကိုယ်ပိုင် S++ အဆင့် စိတ်ဝိညာဉ်စွမ်းအားပြင် [ အသက်အောင့် ] စွမ်းရည်တို့ကြောင့် ယူဒိုရာသည်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအား မူမမှန်မှုကို မသိနိုင်ပေ။ သို့သော်လည်း ဇာမဏီငှက်ဥ၏ ပြောင်းလဲမှုများက သူတို့နှစ်ယောက်ကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။
ချန်လွေ့က စိတ်ဝိညာဉ်စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ပင်ပန်းနေသော အမူအရာ ပြသလိုက်သည်။ “အရှင်မ။ ကျုပ်ရဲ့ ဝိညာဉ်ဘာသာစကား အဲဒါရဲ့ အသက်နဲ့ တည်ရှိမှုကိုပဲ အာရုံခံနိုင်တယ်။ ကြည့်ရတာ ကျုပ်က အရှင်မ မျှော်လင့်ထားတဲ့အတိုင်း မလုပ်နိုင်ခဲ့တဲ့ပုံပဲ။”
“မဟုတ်ဘူး။ မင်းရဲ့စွမ်းရည်ကို ငါ အတော်လေး ကျေနပ်တယ်။” ယူဒိုရာက ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ကျက်သရေရှိစွာဖြင့် ခေါင်းခါလိုက်သည်။ “မင်းသိလား။ ဒီတစ်ခေါက် မြင်းစီးပြိုင်ပွဲ အပြောင်းအလဲဖြစ်တာက ငါ့ကြောင့်ပဲ။ ရည်ရွယ်ချက်က မင်းရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့အတွက်ပဲ။ ငါမင်းကို ပြောခဲ့သလိုပဲ။ မင်းရဲ့စွမ်းရည်အတွက် အကောင်းဆုံးကို ပေးမယ်။ မင်းသာ ဒီဥကိုပေါက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် အရင်က ကတိအတိုင်း.....မီရန်ဒါ အပါအဝင် မင်းရဲ့ ဘယ်လိုအပ်ချက်ကိုမဆို ဖြည့်ဆည်းပေးမယ်။”
ချန်လွေ့ အံ့အားသင့်သွားသည်။ ထိုအချိန်မှသာ မြင်းစီးပြိုင်ပွဲ၏ မူလစည်းမျဉ်းကို သိဒ္ဓိမိန်းမပျိုက သူ၏စွမ်းရည်ကို စမ်းသပ်ရန်အတွက် တမင်ပြောင်းလဲခဲ့ကြောင်း သိလိုက်ရ၏။ ရည်ရွယ်ချက်က ဇာမဏီငှက်ဥကြောင့်ဆိုတာ အသေအချာပဲ။ ပြီးတော့ မီရန်ဒါက ယူဒိုရာရဲ့ တပည့်ပဲ။ ပြီးတော့ ယူဒိုရာက သူ့ကို ဘာမှမစဉ်းစားဘဲ အပေးအယူအနေနဲ့ ပစ်ထုတ် ပေးလိုက်တယ်။ ဒါက လုံးဝကို ရက်စက်ပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့သူတွေ ပုံစံလိုမျိုးပဲ။ ပြီးတော့ “ရစ်ချက်”က ဥကို တကယ်ပေါက်အောင် လုပ်နိုင်ခဲ့ရင် သိဒ္ဓိမိန်းမပျိုက ကတိတည်မလား၊ ငါ့ကို သတ်မလားဆိုတာ၊ သောက်အလင်းနတ်ဘုရားပဲ သိလိမ့်မယ်။
သို့သော်လည်း “ရစ်ချက်”က လူသစ်တစ်ယောက် မဟုတ်တော့ပေ။ အဲဒီအချိန် ဘယ်သူက ရယ်မလဲ၊ ဘယ်သူက ငိုမလဲဆိုတာ သောက်အလင်းနတ်ဘုရားတောင် သိလောက်မှာ မဟုတ်ဘူး။
ထိုသို့စဉ်းစားမိပြီးနောက် ချန်လွေ့က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ။ အရှင်မ။”
“ဒီလိုဆိုမှတော့ ဒီစာချုပ်အတိုင်း အလင်းသွေးသစ္စာဆိုလိုက်။” သိဒ္ဓိမိန်းမပျို၏ စိတ် လှုပ်ရှားသွားပြီးနောက် ချန်လွေ့၏အရှေ့တွင် စာချုပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ချန်လွေ့က အလင်းသွေးသစ္စာနှင့် ပတ်သက်၍ သူစိမ်းမဟုတ်ပေ။ ဆမ်မြူရယ်က ထိုစာချုပ်ကို အသုံးပြုကာ ချန်လွေ့၏ အစေခံ ဖြစ်လာခဲ့သည်။
“အရှင်မ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျုပ်က ဆာ-ပေါလ် နတ်ဘုရားကျောင်း စစ်သည်တော် ဖြစ်လာရင် လက်အောက်ခံစာချုပ်ချုပ်မယ်လို့ ကတိပေးခဲ့ဖူးတယ်။” ချန်လွေ့က အနည်းငယ် စဉ်းစားနေပြီး တုံ့ဆိုင်းသော အမူအရာ ပြသလိုက်သည်။
“ငတုံး...” အယ်လီဇာက အော်ပြောလိုက်သည်။ “လူတွေအများကြီးက ဆရာမရဲ့ တပည့် ဖြစ်ချင်နေခဲ့တာ။ ဒါတောင် ရှင်က တုံ့ဆိုင်းနေသေးတာလား။ ဆရာမက ရှင့်ကို ပေါလ် ပေးနိုင်တာထက် အဆတစ်ရာ ပိုပေးနိုင်တယ်။”
“ကျုပ်သိပါတယ်။ ပြီးတော့ အရှင်မရဲ့ ယုံကြည်မှုက ကျုပ်ကို ငြင်းမရအောင် လုပ်နေတယ်။” ချန်လွေ့က စိတ်ရင်းနှင့် ပြောလိုက်သည်။ “ကျုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ကျုပ် အလင်းသွေးသစ္စာ စာချုပ်ချူပ်ပြီးရင် နတ်ဘုရားကျောင်း စစ်သည်တော် ပြိုင်ပွဲပြီးတဲ့အထိ ဆာ-ပေါ်ကို အဖော်ပြုပေးချင်တယ်။”
“ကိစ္စမရှိပါဘူး။” ယူဒိုရာ၏ စကားသံက ချီးမွမ်းသံ အငွေ့အသက် ပါဝင်နေသည်။ “ဒီလိုမျိုး စခဲ့တာ အဆုံးအထိလုပ်တဲ့ အရည်အသွေးကို ငါ လေးစားမိတယ်။ မင်းလိုမျိုး လက်အောက်ခံ တစ်ယောက် ရတာကို ငါ ဝမ်းသာပါတယ်။ အခုက စပြီးတော့ မင်းက သိဒ္ဓိကောင်းချီးခန်းမထဲမှာ သိဒ္ဓိကောင်းချီးတောင်ထွတ်ကို ဝင်ထွက်သွားလာခွင့်ရှိတဲ့ အဆင့်အမြင့်ဆုံး သဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်ပဲ။ ဒါပေမဲ့ ဒီမီးတောက်ခန်းမကို ဝင်ဖို့အတွက်ကတော့ ငါ့ရဲ့ ခွင့်ပြုချက် လိုသေးတယ်။ မဟုတ်ရင် သူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖောက်ဝင်ရင်တောင် လမ်းတစ်လျှောက်က ထောင်ခြောက်တွေကြောင် သေသွားမှာပဲ။”
“ကျုပ် အရှင်မကို အလုပ်အကျွေး ပြုပါ့မယ်။” ချန်လွေ့က လေးလေးနက်နက် အရိုအသေ ပြုလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ အလင်းသွေးသစ္စာ စာချုပ်ထံသို့ လက်ကိုဆန့်ထုတ်လိုက်၏။