မီးအရင်းအမြစ်စွမ်းအား
Vol. 43 Ch. 672
စာချုပ်အလင်းရောင်များ ခဏတာ လက်ခနဲ ဖြစ်သွားပြီးနောက် တဖြည်းဖြည်း အရောင်ပြန်မှိန်သွားကာ စာချုပ်ချုပ်ပြီးသွားခြင်းကို ကိုယ်စားပြုနေ၏။
အလင်းသွေးသစ္စာစာချုပ်နှင့် ကျွန်-သခင် စာချုပ်တို့တွင် သခင်ဖြစ်သူက လက်အောက်ခံကို မသတ်ပစ်နိုင်သော်လည်း စာချုပ်၏စွမ်းအားကြောင့် အစေခံသူဖြစ်သူက သခင်ဖြစ်သူကို သစ္စာရှိရမည်ဖြစ်ပြီး မည်သို့သောအခါမှ သစ္စာဖောက်၍ မရနိုင်ပေ။ ထိုအရာက လူသားလောက၌ အသုံးအများဆုံးသော အဆင့်မြင့် စာချုပ် ဖြစ်ပေသည်။
သို့သော်လည်း ချန်လွေ့အတွက် ၎င်းမှာ အရှိန်အဝါသုံးပြီး အလွယ်တကူ ပယ်ဖျက်၍ရသော စိတ်ဝိညာဉ်ကွင်းဆက်တစ်ခုထက် မပိုပေ။
ယူဒိုရာ၏အကြည့်က အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ “စိုင်မွန်။ ဒါက မင်းရဲ့ နာမည်အရင်းလား။ ဒီလိုစာချုပ်စွမ်းအားက ငါ့အတွက် နည်းနည်းထူးဆန်းနေတယ်။ မင်း တစ်ယောက်ယောက်နဲ့ စာချုပ်ချုပ်ခဲ့ဖူးလား။”
ချန်လွေ့က အနည်းငယ် အံ့အားသင့်သွား၏။ သူ၏စာချုပ်စွမ်းအားက စိတ်ဝိညာဉ် ကွင်းဆက်တစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒီစာချုပ်စွမ်းအားက အတော်လေး ထူးခြားတယ်လို အသူရာ ပြောတာ မှတ်မိတယ်။ ဒါကို ယူဒိုရာ တကယ် အာရုံခံနိုင်မယ်လို့ မထင်ထားခဲ့ဘူး။
သူက စိတ်ကိုပြောင်းပြီး ပြန်ဖြေလိုက်သည်။ “ကျုပ်က ဂူဒန်မြို့က သင်းအုပ်ဆရာ မာနာနဲ့ ညီတူမျှတူစာချုပ် ချုပ်ခဲ့ဖူးတယ်။ နောက်တော့ သင်းအုပ်ဆရာ မာနာက လုပ်ကြံခံရပြီးတော့ စာချုပ် ပျက်သွားခဲ့တယ်။ အရှင်မရဲ့ ခံစားချက်က ကျုပ်ရဲ့ အထူးပါရမီတစ်ခုနဲ့ သက်ဆိုင်နေတာ ဖြစ်လောက်တယ်။ အဲဒါကြောင့်ပဲ နတ်သူငယ်မျိုးနွယ်စုရဲ့ ဝိညာဉ်ဘာသာစကားကို ကျုပ် ရခဲ့တာ။”
ယူဒိုရာရဲ့ တကယ့်စွမ်းအားက အစစ်အမှန် တိုင်းပြည်အဆင့်ကို မရောက်လောက်သေးဘူး။ SS- အဆင့်က ကြယ်ချီးမြှင့်စင်မြင့် ဒါမှမဟုတ် [ ယုံကြည်မှုချပ်ကာ ] ရဲ့ တိုးမြှင့်မှုနဲ့ ဆင်တူတဲ့ ဒီသိဒ္ဓိကောင်းချီးခန်းမရဲ့ စွမ်းအားကြောင့် ဖြစ်လောက်တယ်။ ကြည့်ရတယ်။ တကယ့် နတ်ဘုရား-တစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်က စိတ်ဝိညာဉ်ကွင်းဆက် စာချုပ်ရဲ့ ထူးခြားမှုကို အာရုံခံမိသွားတဲ့ပုံပဲ။ နောက်ပိုင်း ငါ သတိထားရမယ်။
ယူဒိုရာက ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ စိုင်မွန်မှာ ထူးခြားတဲ့ ပါရမီတစ်ခု ရှိတယ်။ ယခုလည်း အခု ကျွန်-သခင် စာချုပ်ကို ချုပ်ပြီးသွားပြီ။ သူပြောင်းလဲသွားမှာကို စိုးရိမ်းစရာ မလိုတော့ဘူး။ နောက်ပိုင်းမှာ တခြားပိုပြီးတော့ တန်ဖိုးရှိတဲ့သူတွေနဲ့ စာချုပ် ချုပ်ရမယ်ဆိုရင် ဒီလက်အောက်ငယ်သားကို တစ်ခါတည်း သတ်ပစ်လိုက်ရုံပဲ။
အမှန်တကယ်၍ သိဒ္ဓိမိန်းမပျို ဖုံးကွယ်ထားခဲ့သော သတ်ဖြတ်ချင်စိတ်က စာချုပ်ကို ချန်လွေ့ လက်ခံလိုက်ပြီးမှသာ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ဇာမဏီငှက်ဥက သူ၏ အရေးအပါဆုံး လျို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်သည်။ အကယ်၍ စိုင်မွန်၏ သားရဲထိန်းကျောင်း စွမ်းရည်ကသာ မအောင်မြင်ခဲ့လျှင် သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။
ချန်လွေ့က ထိုသတ်ဖြတ်ချင်စိတ်ကို ရေးရေးလေး အာရုံခံမိခဲ့သည်။ သူ အာရုံ မခံနိုင်သည့်တိုင် အကြမ်းဖျင်းအားဖြင့် ခန့်မှန်းကြည့်၍ ရနိုင်သည်။ သိဒ္ဓိမိန်းမပျိုက အပြစ်ကင်းတဲ့ မိန်းမလှ ဒါမှမဟုတ် ညှာတာတတ်တဲ့ နတ်ဘုရားမတော့ လုံးဝ မဖြစ်နိုင်ဘူး။ ကြမ်းတမ်းပြီးတော့ ရက်စက်တဲ့ လူတစ်ယောက်ပဲ။
ယူဒိုရာက ပေါလ် ယူလာခဲ့သော ပုလင်းငယ်လေးကို ထုတ်ယူလိုက်သည်။ ချန်လွေ့က ပါဆာလီသည် “ကျေပြီ”ဟု ပြောခဲ့ကြောင်း မှတ်မိသည်။ ထိုပုလင်းကို ယူဒိုရာ ဖွင့်လိုက်ရာ အထဲမှ တလက်လက် အနီရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး သန့်စင်ကာ ကြွယ်ဝသော မီးဒြပ်စင် စွမ်းအားများ ဖြာထွက်လာခဲ့သည်။ နန်းတော်တစ်ခုလုံးက အနီရောင် ရောင်ပြန်ဟပ်သွားပြီး အပူရှိန်က အဆ၁၀၀ ရုတ်တရက် ပိုတိုးသွားခဲ့လေ၏။
အဖြူလုံး၏ အေးစက်မှုက အဆုံးစွန်အထိ ရောက်နေပြီး မြူခိုးတစ်ခုက ချန်လွေ့၏ ခန္ဓာကိုယ်မှ ထွက်လာသည်။ သို့သော်လည်း ၎င်းက ချက်ချင်းပင် အငွေ့ပျံသွား၏။ ခုနက ယူဒိုရာ ပေးခဲ့သော မီးစွမ်းအား တိုက်စားမှုများကို ကြီးကြီးမားမား လျှော့ချနိုင်သည့် ဒဏ္ဍာရီလာအဆင့် လည်ဆွဲကြောင့်သာ မဟုတ်လျှင် ရစ်ချက်က တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ယူဒိုရာက အသာလေး လက်ဖျောက်တီးလိုက်သည်။ “မီးတောက်”အရည်များက ပုလင်းထဲမှ တဖြည်းဖြည်းထွက်လာပြီး ဇာမဏီငှက်ဥကို ဝိုင်းရံလိုက်သည်။ ယူဒိုရာ၏ လက်ချောင်းများက အလျင်အမြန် စတင်ပြောင်းလဲလာသည်။ ချန်လွေ့က ယူဒိုရာက အသိုက်အနီးမှ ရှေးမှော်စာများကို ချိန်ညှိနေပြီး အသက်သွင်းနေကြောင်း မြင်နိုင်သည်။ တဖြည်းဖြည်းနှင့် မီးတောက်အရည်များက သင်္ကေတများအဖြစ် ဖွဲ့စည်းသွားကာ အပူရှိန်လည်း ကြီးကြီးမားမား လျော့ကျသွား၏။ ဇာမဏီငှက်ဥ တစ်ခုတည်းကသာ အနီရောင်ဖျော့ဖျော့လေး ကျန်နေတော့သည်။
“ဒါက မီးအရင်းအမြစ်စွမ်းအားပဲ။ သတိထား။ လုံးဝမထိနဲ့။ အဲဒီမှာပါတဲ့ စွမ်းအားက အတော်လေး ကြောက်စရာကောင်းတယ်။ မင်းကို ချက်ချင်း ပြာဖြစ်အောင် လုပ်နိုင်တယ်။ မင်းလုပ်ရမှာက ဒီနတ်ဆိုးသားရဲဥနဲ့ စကားပြောပြီးတော့ အမြန်ဆုံးဥပေါက်အောင် မီးအရင်းအမြစ်စွမ်းအား စုပ်ယူခိုင်းဖို့ပဲ။”
“အမိန့်အတိုင်းပါ။ အရှင်မ။” ချန်လွေ့က ဦးညွှတ်လိုက်သည်။ သူက ဦးညွှတ်လိုက်ရာ မျက်လုံးများက အရောင်တောက်နေ၏။ ဒါက လုံးဝ မထင်ထားတဲ့အရာပဲ။ မထင်ထားတဲ့ အံ့အားသင့်စရာ တစ်ခုပဲ။ လက်စသတ်တော့ မီးအရင်းအမြစ်စွမ်းအားက ပါဆာလီရဲ့ ပုလင်းထဲမှာ ရှိနေတာကိုး။ ငါက အဝေးကြီး လိုက်ရှာနေခဲ့ပြီးတော့မှ ဒီမှာ ကံကောင်းပြီး တွေ့လိုက်ရတယ်။
“နတ်ဘုရားကျောင်းစစ်သည်တော်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အဖွဲ့လိုက် ပြိုင်ပွဲကို မနက်ဖြန်စတင်မယ်။ ဗိုလ်လုပွဲမှာ ပုပ်ရဟန်းမင်း ဗန်တီစ်၊ ပါစ်မီရာနဲ့ငါ တက်ရောက်မယ်။ ပေါလ်ရဲ့ အရင်ရလာဒ်တွေအရဆိုရင် သူက ဗိုလ်လုပွဲရဲ့ ဒုတိယအချီကို တစ်ခါတည်း တက်ရလိမ့်မယ်။ ရစ်ချက်။ ပေါလ် မပြိုင်တဲ့အချိန်မှာ အယ်လီဇာက မင်းကို ဒီမီးတောက်ခန်းမဆီ ခေါ်သွားပေးမယ်။ အယ်လီဇာ၊ ရစ်ချက်က ကုန်ကြမ်းတစ်ခုခု ပစ္စည်းတစ်ခုခု လိုတယ်ဆိုရင် မင်း အပြည့်အဝ ပူးပေါင်းပေးလိုက်။ ပြီးတော့ တစ်ခုခု ပြောင်းလဲတာရှိရင် ငါ့ကို အချိန်မရွေး သတင်းပို့။ မင်းတို့နှစ်ယောက်လုံး သွားလို့ရပြီ။ ငါ မှော်စက်ဝိုင်း ခင်းကျင်းရဦးမယ်။”
အယ်လီဇာနှင့် ချန်လွေ့တို့ ထွက်သွားလိုက်သည်။ လမ်းတစ်လျှောက်၌ အယ်လီဇာက လှစ်ဟာပြနေသော ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်အတွက် ဝတ်ရုံတစ်ခု ဝတ်လိုက်သည်။ သူက ချန်လွေ့ကို အပြုံးနှင့် ကြည့်လိုက်သည်။ “ဂုဏ်ယူပါတယ်။ သိဒ္ဓိအလင်းအစောင့်အရှောင် စစ်သည်တော် ဆာ-စိုင်မွန်။ အိုး။ ကျွန်မ ရှင့်ကို “ရစ်ချက်”လို့ပဲ ဆက်ခေါ်မယ်နော်။ ဒါနဲ့ အစောင့်အရှောက် စစ်သည်တော်မှာ ရွှန်းလဲ့အဖြူ၊ ငွေထည်ဝါ နဲ့ သိဒ္ဓိအလင်း ဆိုပြီးတော့ အဆင့်သုံးဆင့် ရှိတယ်။ သိဒ္ဓိအလင်းက အမြင့်ဆုံးအဆင့်ပဲ။ ကြည့်ရတာ ဆရာမက ရှင့်ကို ထင်ထားတာထက် ပိုပြီးတော့ အရေးပေးနေတဲ့ပုံပဲ။ ဒါပေမဲ့ ပေါလ်က နတ်ဘုရားကျောင်း စစ်သည်တော် လူရွေးပွဲမှာ အနိုင်ရရင်တောင် သူက အလွန်ဆုံး ငွေထည်ဝါအဆင့် အစောင့်အရှောင် စစ်သည်တော်ပဲ ဖြစ်လာနိုင်မယ်။ အဲဒါကြောင့် သူ့ရဲ့ အဆင့်အတန်းက ရှင့်ထက် နိမ့်နေလိမ့်မယ်။”
ချန်လွေ့က အံ့အားသင့်သွားသည်။ ဒါက ပေါလ်ကို အရှက်ရစေပြီးတော့ “ရစ်ချက်”က ပေါလ်ကို မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်ဘူး။ သူတို့က ရန်သူတွေတောင် ဖြစ်သွားနိုင်တယ်။ အယ်လီဇာနဲ့ မီရန်ဒါတို့ရဲ့ကြားက ရန်လိုမှုကို ကြည့်မယ်ဆိုရင် သိဒ္ဓိမိန်းမပျိုက ခွဲခြားမှုကို ကျင်းသားရနေတဲ့ပုံပဲ။ သူက တပည့်တွေကို အချင်းချင်း ယှဉ်ပြိုင်ခွင့် ပေးထားကြတယ်။ နောက်ပိုင်းတွေ အဖွဲ့ကွဲလေလေ ခြိမ်းခြောက်မှု ပိုနည်းလေလေး ဖြစ်ပြီးတော့ သူတို့ကို ထိန်းချုပ်ဖို့ ပိုလွယ်ကူလေလေပဲ။
“စိတ်မပူပါနဲ့။ နောက်တော့ တစ်ခုခု လိုအပ်ရင် ကျွန်မကို ပြောလိုက်ပါ။” အယ်လီဇာက ချန်လွေ့၏ အံ့အားသင့်နေသောအကြည့်ကို ကြည့်ပြီး ပျော်ရွှင်စွာဖြင့် ပြုံးနေလိုက်သည်။ “ရှင်က အခု သိဒ္ဓိအလင်း အစောင့်အရှောက်စစ်သည်တော် ဖြစ်သွားပြီဆိုတော့ မီရန်ဒါကို ပိုးပန်းရတာက ပြဿနာ မဟုတ်တော့ဘူး။ ဒီကိစ္စမှာတော့ ကျွန်မလည်း ရှင့်ကို အများကြီး မကူညီနိုင်ဘူး။”
ချန်လွေ့၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်။ မစ်-အယ်လီဇာ။ ကျုပ်ကို ဘာလို့ ဒီလိုမျိုး ကူညီပေးရတာလဲ။ ခင်ဗျားရဲ့ ကျေးဇူးကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်တော့ပါဘူး။”
“ကျွန်မကို အယ်လီဇာလို့ပဲ ခေါ်ပါ။” အယ်လီဇာက ချိုမြိန်စွာ ပြုံးပြသည်။ “ကျွန်မ ရှင့်ကို သဘောကျတယ်။ ဒါပေမဲ့ အထင်မလွဲပါနဲ့။ ရိုးရိုး သဘောကျရုံပါ။ ဥယျာဉ်မြို့တော်က စပြီးတော့ ရှင်က ကျွန်မဆီကနေ တစ်ခုခု ရယူဖို့ ကြိုးစားနေတဲ့သူတွေထက် ပိုပြီးတော့ မျက်စိထဲ ကြည့်လို့ ပိုကောင်းလာတယ်။ ကျွန်မက ရှင့်ရဲ့ အယုံကြည်ရဆုံး မိတ်ဆွေ ဖြစ်ရဖို့ မျှော်လင့်တာပါ။”
“အခုလည်း ဖြစ်နေပါပြီ။ မစ်-အယ်လီဇာ..အဲ...အယ်လီဇာ။” ချန်လွေ့က ရိုးသားသော အမူအရာတစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်သည်။
အယ်လီဇာက နှုတ်ဆက်ပြီးနောက် ချန်လွေ့က သိဒ္ဓိအလင်းမြို့တော်သို့ ပြန်လာသည်။ ငွေစံအိမ် အခန်းထဲသို့ ရောက်လာသောအခါ သူက တံခါးတွင် ပေါ်လ်နှင့် တွေ့လိုက်ရသည်။
“အရှင်မ သိဒ္ဓိမိန်းမပျိုက မင်းကို ဘာပြောခဲ့တာလဲ။” ပေါလ်က တည့်တည့် မေးလိုက်သည်။
ချန်လွေ့က တုံ့ဆိုင်းနေသော အမူအရာ ပြသလိုက်သည်။ “ဆာ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အရှင်မက ဘယ်သူ့ကိုမှ မပြောပြဖို့ အထူးတလည် ပြောထားလို့ပါ။”
ပေါလ်က ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောဘဲ လမ်းလျှောက်ထွက်သွားလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးများက အနည်းငယ် မရှင်းမလင်း ဖြစ်နေခဲ့သည်။ “ရစ်ချက်”က အခုတလော နာမည်ကျော်ကြားနေခဲ့တယ်။ သူက သိဒ္ဓိမိန်းမပျိုရဲ့ အာရုံကိုတောင် ဖမ်းစားနိုင်ခဲ့ပြီးတော့ အရေးကြီးတဲ့ ကိစ္စတချို့အတွက် သူ့ကို နေခိုင်းခဲ့တယ်။ တစ်ဖက်မှာတော့ သူ့ရဲ့ သခင်ဖြစ်တဲ့ငါက လျစ်လျူရှု ခံထားရတယ်။
ချန်လွေ့က ပေါလ်၏ သံသယများကို ခံစားမိသော်လည်း မစဉ်းစားချင်ပေ။ ပေါလ်၏ စွမ်းအားနှင့်ဆိုလျှင် သူက နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်ပြီး သူ၏ တန်ဖိုးက သိပ်မကြာခင် ကုန်တော့မည် ဖြစ်သည်။
သိဒ္ဓိမိန်းမပျိုနှင့် တွေ့ဆုံခြင်းက ချန်လွေ့အတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ထိုအရာက အဖြူလုံးနှင့် ဒဏ္ဍာရီလာအဆင့် လည်ဆွဲတို့ကို ဆိုလိုခြင်းမဟုတ်ဘဲ မီးအရင်းအမြစ်စွမ်းအားကို ဆိုလိုခြင်း ဖြစ်သည်။ အစပိုင်းတွင် သူက ဘယ်ရောက်နေမှန်း မသိသော မီးဒြပ်စင်ဘုရင်နှင့်တွေ့မှသာ မီးအရင်းအမြစ်စွမ်းအားကို ရရှိနိုင်မည်ဟု ထင်ထား၏။ သို့သော် ယခုတွင် မီးဒြပ်စင်စွမ်းအားက ပါဆာလီ၏ လက်ထဲ၌ ပေါ်ထွက်လာပြီး ယူဒိုရာထံ ပေးခဲ့လေသည်။
မီးအရင်းအမြစ်စွမ်းအားက ဇိုလာ၏ ဒြပ်စင်တိုင်းပြည် တည်ထောင်ရန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၎င်းကို ရရှိရပေမည်။ ဇာမဏီငှက်ဥအတွက် ချန်လွေ့က ၎င်းကိုယူပြီး ထွက်ပြေးရန် အကြံရှိနေသည်။ စူပါစနစ်၏ သိုလှောင်ဂိုဒေါင်က သက်ရှိများကို မသိမ်းနိုင်သော်လည်း နေရာလွတ်ကိရိယာက ထို မပြည့်စုံသေးသော “သက်ရှိ”ကို သိုလှောင်နိုင်သည်။ ယခင် မန်တီကိုးဥများကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ထိုနှစ်ခုက ဖြည့်ဖက်များဟု သတ်မှတ်၍ ရနိုင်ပေသည်။
ချန်လွေ့က သူတစ်ယောက်တည်းသာ [ ကြယ်ဂိတ် ] ကို အသုံးပြုနိုင်သည့်အတွက် ထိုမိုးကြိုးငှက်ငယ်လေးကို လက်လျှော့ရမည် ဖြစ်သည်။ ထိုငှက်ငယ်လေးကလည်း ဥအဖြစ် ပြန်ပြောင်းနိုင်သည် မဟုတ်ပေ။
နောက်ပိုင်းနေ့ရက်များ၌ ချန်လွေ့က သိဒ္ဓိကောင်းချီးခန်းမသို့ သွားရောက်ကာ သိဒ္ဓိမိန်းမပျို၏ ညွှန်ကြားချက်အတိုင်း ဇာမဏီငှက်ဥအား ဝိညာဉ်ဘာသာစကားဖြင့် နေ့စဉ် သွားရောက် စကားပြောသည်။ သို့သော် အယ်လီဇာက လမ်းပြပေးပြီး အကြိမ်တိုင်း “ကူညီ”ပေး၏။
အားလပ်သော အချိန်များ၌ ချန်လွေ့သည် နတ်သူငယ်-တစ်ပိုင်း မီရန်ဒါအား ပိုးပန်းသည်။ မီရန်ဒါက ဖုံးကွယ်၍ပင်မထားဘဲ ချန်လွေ့ကို အလွန်ပင် ရွံရှာနေသည်ဖြစ်ရာ ချန်လွေ့အတွက် အတော်လေး အချိန်ကုန် သက်သာစေခဲ့သည်။ ထိုအချိန်အတောအတွင်း ချန်လွေ့က အယ်လီဇာနှင့် အတော်လေး ရင်းနှီးသွားခဲ့သည်။ ထို့ကြောင့် သူက မီရန်ဒါကို ပိုးပန်းရန်အတွက် အကြံတစ်ခု ရလာခဲ့ပြီး သူက ချန်လွေ့အား စိတ်ပြေလက်ပျောက် ဖြစ်စေရန် လျှောက်သွားကြလေသည်။ အကယ်၍ ချန်လွေ့က အယ်လီဇာ၏ နဂိုစိတ်ရင်းကို မသိခဲ့လျှင် သူ့ကို စိတ်အားထက်သန်သော ညီမတစ်ယောက်ကဲ့သို့ အမှန်တကယ် ထင်မိပေလိမ့်မည်။
“စိတ်အားထက်သန်သော ညီမ”ဖြစ်သူ၏ အကူအညီနှင့်အတူ ချန်လွေ့က နတ်သူငယ်-တစ်ပိုင်း မီရန်ဒါကို ကပ်နေနိုင်သည့်အပြင် “လျှောက်သွားနေရင်း” သိဒ္ဓိအလင်းတောင်၏ မြေအခြေအနေကိုလည်း ပိုမိုရှင်းရှင်းလင်းလင်း သိရှိလာသည်။ ကံဆိုးစွာပင် သူက အခြား ဘုရားကျောင်းနှစ်ခု၏ ကုန်းတွင်းပိုင်းကို မဝင်ရောက်နိုင်သေးပေ။
သူ့တွင် အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိမှုတစ်ခု ရှိခဲ့သည်။ ထိုရက်ပိုင်းအတွင်း ချန်လွေ့၏ လေ့လာမှုများ၊ တွက်ချက်မှုများအရ သိဒ္ဓိကောင်းချီးခန်းမ၏ လမ်းဆုံအောက်တွင် အလွန်ကြီးမားပြီး ရှုပ်ထွေးသော မှော်စက်ဝိုင်းတစ်ခု ရှိနေ၏။ ထိုမှော်စက်ဝိုင်းက ယုံကြည်မှုစွမ်းအားကို စုပ်ယူကာ ကိုင်းဆက်ပြီး တခြားနေရာများမှ ယုံကြည်မှုစွမ်းအားကို ချစ်စရာကောင်းပြီး အပြစ်ကင်းသော ရာဖယ်ရယ် ရုပ်ထုံ ပြောင်းရွှေ့ပေးနေသည်။ ရှင်းရှင်းပြောရရင်တော့ ဒါက အသူရာနဲ့အတူတူပဲ။ ယုံကြည်မှု ခိုးယူနေတာ။
ခြားနားချက်က သူတို့တွေ ပြောင်ပြောင်တင်းတင်း လုပ်နေတာပဲ။ ဒါနဲ့ယှဉ်ရင် အသူရာ ခိုးကြောင်ခိုးဝှက် လုပ်နေတာက ဘာမှ မပြောပလောက်ဘူး။
ဒီလိုရှာတွေ့တာက အတော်လေး ဒေါသထွက်စရာကောင်းတယ်။ တကယ့် ရာဖယ်ရယ်က အလင်းနတ်ဘုရားရဲ့ ကောင်းကင်တမန်တစ်ပါးဆိုရင် “ခိုးယူ”တာက ဘာကို ဆိုလိုတာလဲ။ ရာဖယ်ရယ်အပြင် မိုက်ကယ်နှင့် ဂေဘရီရယ်တို့လည်း အတူတူပဲလား။ ဘာလို့ အလင်းနတ်ဘုရား အစေခံတွေက ဒီလိုမျိုး လုပ်နေကြတာလဲ။
ချန်လွေ့က အလွန်ကြီးမားသော လျို့ဝှက်ချက်တစ်ခု၏ ထောင့်တစ်နေရာကို ဖော်လိုက်သကဲ့သို့ ခံစားမိလိုက်သည်။ သို့သော်လည်း ယခုတွင် အစ်ဇဘယ်လာ၌ အချိန်အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် ထိုသိချင်စိတ်ကို ဖြည့်ဆည်းနိုင်ရန် အချိန်မရှိပေ။
အခြားသူများက မခံစားမိလောက်ပေ။ သို့သော် [ ကြယ်စင်စုပိုင်နက် ] ၌ ယုံကြည်မှုမျှော်စင်တစ်ခု ရှိနေသော ချန်လွေ့က ယုံကြည်မှုစွမ်းအား စီးဆင်းမှုကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ ရာဖယ်ရယ်ရုပ်ထု စုပ်ယူသော ယုံကြည်မှုစွမ်းအား အရင်းအမြစ်က သိဒ္ဓိအလင်းတောင်တွင် အမြင့်မားဆုံးနေရာမှ ဖြစ်နိုင်သည်။ ထိုနေရာက သိဒ္ဓိအလင်းတောင်ထိပ်ပေါ်တွင်ရှိသော အလင်း နတ်ဘုရားကျောင်းမှ ဖြစ်ရန်များသည်။ အလင်းနတ်ဘုရားကျောင်းမှာ ဘုရားသခင်က မိန့်ကြားချက်များ ပေးအပ်ပြီး အံ့သြဖွယ်ရာများ ပြသသော သိဒ္ဓိအလင်းတောင်၏ တားမြစ်နယ်မြေ ဖြစ်သည်။ ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ် နှစ်ယောက်သာ ဝင်ရောက်ခွင့်ရှိသည်။
အဲဒါက သိဒ္ဓိအလင်းတောင်နဲ့ လူသားလောက တစ်ခုလုံးမှာ အလင်းယုံကြည်မှု အများဆုံး ရှိတဲ့နေရာ ဖြစ်လောက်တယ်။ တကယ်လို့ အသူရာက အဲဒီမှာ ခိုးယူနိုင်မယ်ဆိုရင် နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ယုံကြည်မှုသလင်းကျောက် ၁၀သိန်းရဖို့အချိန်က အတော်လေး တိုတောင်းသွားမှာပဲ။
နှင်းဒဲလက်ပန်း။ ယုံကြည်မှုစွမ်းအား၊ မီးအရင်းအမြစ်စွမ်းအားနဲ့ ဇာမဏီငှက်ဥ။ ထိုအချိန်၌ ချန်လွေ့က သူ၏ ပန်းတိုင်များကို ရေတွက်နေရင်း မျက်လုံးများက အရောင်လက်နေခဲ့သည်။
နတ်ဘုရားကျောင်း စစ်သည်တော်တွေရဲ့ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို သိဒ္ဓိအလင်းမြို့တော် ပြိုင်ကွင်းမှာ ကျင်းပမှာ။ ယူဒိုရာက အဲဒီပွဲမှာ ခေါင်းဆောင်ကြီးသုံးဦး တက်ရောက်မယ်လို့ ပြောဖူးတယ်။ အဲဒီအချိန် သိဒ္ဓိအလင်းတောင်က သိဒ္ဓိအလင်းမြို့တော်ရဲ့ ပြိုင်ကွင်းကိုပဲ အာရုံစိုက်နေမှာ။ အဲဒီအချိန် လှုပ်ရှားဖို့ အကောင်းဆုံးပဲ။