အယ်လီဇာ၏ နောက်ဆုံးအကြံအစည်
Vol. 43 Ch. 673
နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲ၏ နောက်ဆုံး အဖွဲ့လိုက်ပြိုင်ပွဲ စတင်လေပြီ။ ပြိုင်ပွဲဝင်များက ယခင်နှစ်ပွဲကဲ့သို့ ကိုယ်တိုင် မပါဝင်နိုင်ဘဲ အမိန့်ပေးရသည့်အတွက် ယှဉ်ပြိုင်မှုက အတော်လေး ပိုမိုပြင်းထန်ပေသည်။ သူတို့က တိုက်ခိုက်ရန်အတွက် စစ်သည်များကိုသာ အမိန့်ပေး စေလွှတ်နိုင်ကြသည်။ ထို့ကြောင့် စွမ်းအား ခြားနားချက်က မရှိသလောက်ဖြစ်သွားပြီး စမှတ် အတူတူ ပြန်ဖြစ်သွားကြတော့သည်။
တိုက်ခိုက်ရေး လက်နက်များအားလုံးကို အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ထိပြီးလျှင် ကွင်းအပြင်သို့ အလိုလို တယ်လီပို့ ခုန်သွားမည် ဖြစ်သည်။ ပြိုင်ဘက်၏ စစ်သည်များအားလုံးကို “ချေမှုန်း”လိုက်နိုင်သူ သို့မဟုတ် ပြိုင်ဘက်က အရှုံးပေးလျှင် ထိုသူက အနိုင်ရရှိပေမည်။
ပေါလ်က မြင်းစီးပြိုင်ပွဲတွင် ချန်ပီယံ ရရှိထားသည့်အတွက် ပထမအချီကိုကျော်ပြီး ၂၄ယောက် ယှဉ်ပြိုင်သော ဒုတိယအချီသို့ တစ်ခါတည်း ဝင်ရောက်နိုင်ခဲ့သည်။ သူက ပတ်လည်ယှဉ်ပြိုင်ရာ၌ ရှုံးပွဲမရှိသော ထိပ်ဆုံးလေးယောက်ထဲမှ တစ်ယောက် ဖြစ်လာသည်။
အကြိုဗိုလ်လုပွဲ၏ ပြိုင်ဘက်ကို မဲနှိုက်ပြီး ရွေးချယ်မည် ဖြစ်သည်။ ပေါလ်က ပြိုင်ဘက်ဟောင်း စတန်ဝဲလ်ကို ပြန်ရွေးခဲ့မိပြီး အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အနည်းငယ် ကပ်၍ ရှုံးနိမ့်သွားခဲ့သည်။ စတန်ဝဲလ်နှင့် နောက်တစ်ဦးဖြစ်သော ဆိုဗ်လင်တို့က ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။
ထိပ်ဆုံးလေးယောက် ရလာဒ်က အတော်လေး ကောင်းမွန်နေပြီး နတ်ဘုရားကျောင်း စစ်သည်တော်၏ မျှော်မှန်ထားသော ပန်းတိုင်ကို ရရှိခဲ့ပြီ ဖြစ်သော်လည်း ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်နှစ်ဦးတို့က ဗိုလ်လုပွဲကို လာရောက်ကြည့်ရှုကြမည် ဖြစ်သည့်အတွက် ပေါလ်က ဒေါသထွက်နေဆဲ ဖြစ်သည်။ သူက ချန်ပီယံ ဖြစ်ခဲ့ပါက တမန်တော်များ၏ အာရုံကို ဆွဲဆောင်နိုင်ပြီး စိတ်ကူး၍မရနိုင်သော အကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း သိဒ္ဓိမိန်းမပျိုက ပြောခဲ့ဖူးသည်။ သို့ရာတွင် ထိုအရာများအားလုံး ရေစုန်မျောသွားလေပြီ။
ပေါလ်က လမ်းဆုံမှ ကျိုးတိုကျဲတဲ လူရိပ်များကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ လူတိုင်း စောင့်မျှော်နေကြသော ဗိုလ်လုပွဲက ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်နှစ်ပါး၏ မျက်စိအောက်တွင် စတင်တော့မည် ဖြစ်သည်။ သူက ထိုစင်မြင့်ပေါ်၌ အားလုံးကို အစွမ်းပြနေသင့်သော်လည်း ယခုတွင် သူက အရှုံးသမားများကဲ့သို့ ပရိသတ်တစ်ယောက်သာ ဖြစ်နေခဲ့သည်။
သူက စိတ်မကြည်မလင် ဖြစ်နေပြီး ပြိုင်ကွင်းသို့ပင် မသွားချင်ခဲ့ပေ။
“ပေါလ်...” နောက်မှနေ၍ ရင်းနှီးသော အသံတစ်သံက ချိုမြိန်စွာဖြင့် ပေါ်ထွက်လာ၏။
နောက်မလှည့်ကြည့်ဘဲနှင့် မည်သူဖြစ်ကြောင်း ပေါလ် သိသည်။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “အယ်လီဇာ။ ခင်ဗျားက ဘာလို့ ဒီမှာ ရှိနေတာလဲ။ ရစ်ချက်နဲ့ တစ်နေ့လုံး ရှိနေရမှာ မဟုတ်ဘူးလား။”
“ဘာလဲ။ ရှင်က မနာလိုတာလား။” အယ်လီဇာက ရယ်လိုက်သည်။ “ကျွန်မနဲ့ လိုက်ခဲ့။ ဒီနေရာက စကားပြောလို့ မကောင်းဘူး။”
ပေါလ်က ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “ရစ်ချက် ဘယ်မှာလဲ။”
“ကျွန်မ သူ့ကို ရှားပါးတဲ့ ရေခဲနှင်းဆီပြာတွေကို ပေးပြီးတော့ နတ်သူငယ်-တစ်ပိုင်းကို သွားပေးခိုင်းခဲ့တယ်။ ဒီအချိန် အတောအတွင်း သူက အတော်လေး ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ နတ်သူငယ်-တစ်ပိုင်းရဲ့ မျက်လုံးထဲမှာ သူက ရုပ်ဆိုးတဲ့ ယောက်ျား တစ်ယောက်ပါပဲ။”
ချန်လွေ့၏ အခြေအနေကို ကြားရပြီးနောက် ပေါလ်က ပို၍ပင် ပျော်ရွှင်သွားခဲ့သည်။ “ဘာလို့ ကျုပ်ကို ရှာနေတာလဲ။”
အယ်လီဇာက အနီးအနားကိုကြည့်ပြီးနောက် ရပ်လိုက်သည်။ “ရှင့်အတွက် အရေးကြီးတဲ့ ကိစ္စနှစ်ခု ရှိတယ်။ တစ်ခုကို အလကား ပြောပြမယ်။”
“ဒုတိယအတွက်အတွက် အခကြေးငွေ ပေးရမှာလား။” ပေါလ်က သံသယ ဝင်သွား၏။ “ပထမဆုံးကိစ္စကို အရင်ပြောပြကြည့်လေ။”
“ရှင် မသိသေးဘူး မဟုတ်လား။ ရှင့်ရဲ့ လက်အောက်ခံ ရစ်ချက်က သိဒ္ဓိမိန်းမပျို သူ့ကို ပထမဆုံး နေခဲ့ခိုင်းတုန်းက သိဒ္ဓိကောင်းချီးခန်းမရဲ့ သိဒ္ဓိအလင်း အစောင့်အရှောင် စစ်သည်တော် ဖြစ်သွားခဲ့ပြီ။”
ပေါလ်က ထိတ်လန့်သွား၏။ သူ၏မျက်လုံးထဲမှ အံ့အားသင့်မှု၊ သုန်မှုန်မှု နှင့် ဒေါသတိူ့က အလျင်အမြန် ရောယှက်သွားကြသည်။ သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်က အစောင့်အရှောက် စစ်သည်တော်များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး အထူးစွမ်းအားနှင့် အဆင့်အတန်း ပိုင်ဆိုင်ထားကာ ဂိုဏ်းအုပ်ကိုယ်တိုင်က တိုက်ရိုက် ခန့်အပ်ထားခြင်း ဖြစ်သည်။ သာမန် အစောင့်အရှောက်စစ်သည်တော်က ထိုကဲ့သို့အဆင့်အထိ မရောက်နိုင်ပေ။ ပေါလ်က ဆရာဖြစ်သူ ပါဆာလီ၏ မိုးကြိုးဘုရားကျောင်းမှ ပြောင်းရွှေ့ပြီး သိဒ္ဓိကောင်းချီးခန်းမသို့ ဝင်ရောက်ပြီးနောက် သူက နတ်ဘုရားကျောင်းစစ်သည်တော် လူရွေးပွဲ၌ အနိုင်ရသည့်တိုင် အလွန်ဆုံး ဒုတိယအဆင့် ငွေထည်ဝါအဆင့် အစောင့်အရှောက် စစ်သည်တော်သာ ဖြစ်ပေလိမ့်မည်။ ယခုတွင် သူက အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။ သူက အနိမ့်ဆုံး အဆင့်သာ ဖြစ်နိုင်တော့မည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ဂုဏ်ကျက်သရေရှိသော သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်က ယခင်လက်အောက်ခံဖြစ်သူကို အရိုအသေ ပြုရမည်ဟု ဆိုလိုခြင်းပေလား။ မာနကြီးသော ပေါလ်က ထိုအရာကို မည်သို့ လက်ခံနိုင်မည်နည်း။
“ရစ်ချက်”က အားနည်းတဲ့ သားရဲထိန်းကျောင်းသူ တစ်ယောက်ပဲ။ သူ့ကို သိဒ္ဓိမိန်းမပျို အလေးထားဖို့အတွက် ဘာနည်းလမ်းတွေ သုံးခဲ့တာလဲ။ ပေါလ်က သူ့ကို ထိုအကြောင်း “ရစ်ချက်” ဖုံးကွယ်ထားသည်ကို တွေးလိုက်မိသည့်အခါ မကျေမနပ် ဖြစ်သွားခဲ့သည်။ အဲဒီကောင်က သိဒ္ဓိအလင်းတောင်ကို ဝင်ရောက်ဖို့အတွက် ငါ့ကို အသုံးချပြီးတော့ သူ့ရဲ့ အဆင့်အတန်းကို တိုးမြှင့်ဖို့အတွက် အစကတည်းက စဉ်းစားထားတာလား။
ထိုသို့စဉ်းစားမိပြီးနောက် မကျေနပ်ချက်များက အေးစက်သော သတ်ဖြတ်ချင်စိတ် အဖြစ်သို့ ပြောင်းလဲသွားသည်။ အမှန်တကယ်၌ ပေါလ်၏ “အထင်လွဲမှု”က တစ်ဝက် မှန်ကန်ပေသည်။ ချန်လွေ့က သိဒ္ဓိအလင်းတောင်သို့ ဝင်ရောက်ရန်အတွက် ပေါလ်ကို အမှန်တကယ် အသုံးချခဲ့ခြင်း ဖြစ်သည်။
ပေါလ်၏စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်ကို ခံစားမိသည့်အခါ အယ်လီဇာက ပို၍ပင် ပြုံးလိုက်သည်။ “ရှင် ဘာတွေ စဉ်းစားနေတာလဲ။ နောက်ပိုင်း ရစ်ချက်ကို ဦးညွှတ်ချင်လား။”
“ဟမ့်....” အနာကို ပုတ်ခံလိုက်ရသည့်အတွက် ပေါလ်၏မျက်နှာက သုန်မှုန်သွား၏။ “မစ်-အယ်လီဇာ။ ဒါက ဒုတိယ ကိစ္စလား။”
ထိုကဲ့သို့ အခေါ်အဝေါ်က ပေါလ်၏ အလွန်အမင်း မကျေနပ်ချက်ကို ဖော်ပြနေပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အယ်လီဇာက ဆက်လက်၍ ပြုံးနေခဲ့သည်။ “တကယ်လို့ ရှင်က သူ့ရဲ့အရိပ်အောက်မှာ ခေါင်းငုံ့ပြီးတော့ ဆက်မနေချင်ဘူးဆိုရင် ဒုတိယကိစ္စကို ပြောလို့ရတယ်။”
“အိုး။ ခင်ဗျားက သူ့ကို ဆန့်ကျင်တော့မှာလား။ ခင်ဗျားက အခုတလော သူ့နဲ့ နီးနီးကပ်ကပ် နေနေတာ မဟုတ်ဘူးလား။” ပေါလ်က နားကြားမှားသယောင် ထင်လိုက်မိသည်။ ရုတ်တရက် အယ်လီဇာက ဂျိုအန်နာနှင့် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြောင်းကို သူ တွေးမိလိုက်သည်။ သို့သော် ဂျိုအန်နာက မသိခင်မှာပင် အယ်လီဇာက ဂျိုအန်နာကို မုန်တိုင်းကျွန်းကဲ့သို့ သေစေနိုင်သော နေရာတစ်ခုထံ ပို့ပေးခဲ့လေသည်။
အယ်လီဇာ ပြုံးဖြီးဖြီး လုပ်နေသည်ကို မြင်သည့်အခါ ပေါလ်က ကြက်သီးထသွားပြီး တဖြည်းဖြည်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ “သူ့ကို အခု သိဒ္ဓိမိန်းမပျိုက တန်ဖိုးထားနေတယ်။ မတော်တဆ တစ်ခုခုဖြစ်ခဲ့လျှင် သိဒ္ဓိမိန်းမပျိုက ဒါကို စုံစမ်းမှာပဲ...”
“ဆရာမ တန်ဖိုးထားတာက ရစ်ချက်ရဲ့ အထူးတန်ဖိုး တစ်ခုကိုပဲ။ အဲဒီတန်ဖိုးက မရှိတော့ရင်ပဲ ဖြစ်ဖြစ်၊ ပြောင်းသွားရင်ပဲဖြစ်ဖြစ်၊ သူ့ကို တန်ဖိုးထားစရာ အကြောင်း မရှိတော့ဘူး။” အယ်လီဇာ၏အပြုံးက ကောက်ကျစ်မှု အငွေ့အသက် ရှိနေခဲ့သည်။ “ကျွန်မရဲ့ အကြံအစည် အောင်မြင်သွားတာနဲ့ မီရန်ဒါကော၊ ရစ်ချက်ကောက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး။ ပြီးတော့ ဆရာမကလည်း ကျွန်မတို့ကို အပြစ်တင်မှာ မဟုတ်ဘူး။ အခု လိုနေတဲ့ တစ်ခုတည်းသော အရာက အကူအညီတစ်ယောက်ပဲ။”
“ကျုပ် ဘာရနိုင်မှာလဲ။” တစ်ဖက်လူက အယ်လီဇာ ဖြစ်သည့်အတွက် ပေါလ်က အပိုမပြောဘဲ အကျိုးအမြတ်များကို တစ်ခါတည်း မေးလိုက်သည်။
“ငွေထည်ဝါ အစောင့်အရှောက်စစ်သည်တော်။ လိုမန်မိသားစုအတွက် အပြည့်အဝ ထောက်ပံ့မှု၊ အနာဂတ်မှာ ရှင့်ကို သိဒ္ဓိအလင်း အစောင့်အရှောက်စစ်သည်တော် ဖြစ်လာဖို့ ကူညီပေးမယ်။”
“ဒါပဲလား။”
“မလုံလောက်သေးဘူးလား။ ကျွန်မကို ရှင် တာဝန်ယူစရာ မလိုဘဲနဲ့ ရစ်ချက်ကို ကူညီဖြေရှင်းပေးနေတာနော်။ ပြီးတော့ မီရန်ဒါကို ဖယ်ရှားဖို့အတွက်လည်း အခွင့်အရေး ယူရတာပေါ့။ ဒါက နှစ်ဖက်လုံး အကျိုးအမြတ်ရတဲ့ အခြေအနေတစ်ခုပဲလေ။” အယ်လီဇာက ပေါလ်ကို အသာလေး ကြည့်လိုက်သည်။ “ပြီးတော့ ကျွန်မ ရှင့်ကို ကတိပေးခဲ့တာက ကျွန်မရဲ့ လုပ်နိုင်စွမ်းအတွင်းကပဲ။ တကယ်လို့ ကျွန်မက ပိုကောင်းတဲ့ အကျိုးအမြတ်တွေကို ကတိပေးခဲ့ရင် ရှင် ယုံကြည်မှာလား။”
ပေါလ်က ခဏတွေးလိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြသည်။ “ဘယ်တော့ လှုပ်ရှားမှာလဲ။”
အယ်လီဇာ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။ “အခုပဲ။”
သူ့တို့နှစ်ယောက်နောက်တွင် ပုန်းကွယ်နေသော ပုံရိပ်တစ်ခုက တိတ်တိတ်လေး ထွက်သွားသည်ကို သူတို့ နှစ်ယောက်က လုံးဝ မသိခဲ့ကြပေ။
သိဒ္ဓိအလင်းတောင်၊ သိဒ္ဓိကောင်းချီးခန်း၏ ဥယျာဉ်အိမ်၌ ဖြစ်သည်။
ထိုနေရာက ပန်းပင်များစွာ ရှိနေသော ဥယျာဉ်ကြီး တစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်က လန်းဆန်းသော ရနံ့များနှင့် ပြည့်နှက်နေပြီး ဥယျာဉ်ထဲ၌ သစ်ပင်အများအပြား ရှိနေကြသည်။
“ရှင် ဒီမှာ ဘာလာလုပ်ပြန်တာလဲ။” နတ်သူငယ်-တစ်ပိုင်း မီရန်ဒါက ဥယျာဉ် အပေါက်ဝတွင် ရပ်နေပြီး ချန်လွေ့ကို အေးစက်စက်နှင့် ကြည့်နေခဲ့သည်။ ချန်လွေ့၏ လက်များက နောက်ဘက်တွင် ရှိနေပြီး သူက နှင်းဆီပြာ တစ်စည်းကို ကိုင်ထား၏။
“ဒါက...ခင်ဗျားအတွက်...” ချန်လွေ့က နောက်ဘက်တွင် ကွယ်ဝှက်ထားသော နှင်းဆဲပြာများကို ကမ်းပေးလိုက်သည်။
“ရေခဲနှင်းဆီပြာတွေလား။” မီရန်ဒါက အနည်းငယ် အံ့အားသင့်သွား’။ “ရှင် ဘယ်က ရလာတာလဲ။”
ချန်လွေ့က အယ်လီဇာ သင်ကြားပေးခဲ့သော စကားလုံးများအတိုင်း အလိုက်သင့် ပြောခဲ့သည်။ “ခက်ခက်ခဲခဲနဲ့ ဝယ်ခဲ့ရတာပါ။ ဒီရေခဲနှင်းဆီပြာက အတော်လေး ရှားပါးပြီး အသက်ရှင်အောင် တစ်ခါတည်း စိုက်ရတယ်လို့ ပြောကြတယ်။ ခင်ဗျားက ပန်းတွေကို သဘောကျတယ် မဟုတ်ဘူးလား....”
“သဘောကျပါတယ်။ ဒါပေမဲ့ ရှင်ပို့ပေးတဲ့ ပန်းတွေက ဘာပဲဖြစ်ဖြစ် ရွံစရာကောင်းတယ်။” မီရန်ဒါက အေးစက်စွာဖြင့် ချန်လွေ့ကို စကားဖြတ်ပြောလိုက်သည်။
“နှောင့်ယှက်မိတဲ့အတွက်...တောင်းပန်ပါတယ်..။ စမ်-မီရန်ဒါ...” ချန်လွေ့က စိတ်ပျက်သော အမူရာတစ်ခု ပြသလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ပန်းတွေမှာတော့ ဘာအမှားမှ မရှိပါဘူး။ ကျုပ်ကပဲ မှားတာပါ။ ခင်ဗျား ဒါတွေကို သဘောကျတာ သိပါတယ်။ ကျုပ် မသွားခင် ဒီရေခဲနှင်းဆီပြာတွေကို လက်ခံပေးပါလား။ ကျုပ် ဒါတွေကို ဘယ်လိုမျိုး ထိန်းသိမ်းရမလဲ မသိလို့ပါ။ ခင်ဗျားလည်း သူတို့ကို ဒီအတိုင်း မညှိုးခြောက်သွားစေချင်ဘူး မဟုတ်လား။”
မီရန်ဒါ၏ အေးစက်မှု အနည်းငယ် ပြေလျော့သွားခဲ့ပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။ ရေခဲနှင်းဆီပြာက အလွန်အမင်း ရှားပါးသော ပန်းတစ်မျိုး ဖြစ်သည်။ ထို့ပြင် ပန်းရနံ့နှင့် ဝတ်မှုန်တို့က သူ၏ လေ့ကျင့်မှုအတွက် အတော်လေး အကူအညီ ဖြစ်စေသည်။
နတ်သူငယ်-တစ်ပိုင်းက ချန်လွေ့ ကမ်းပေးသော ပန်းများကို ယူပြီး အနံ့ခံ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက အနီးကပ် ကြည့်လိုက်ပြီး နှင်းဆီပန်းများမှ အပြာရောင်မျက်အချို့ကို ဆွဲနှုတ်လိုက်သည်။ သူက မျက်နှာ အမူအရာက တမုဟုတ်ချင်း ပြောင်းလဲသွား၏။ “စိတ်ကြွမြက်...”
စိတ်ကြွမြက်က ရေခဲနှင်းဆီပြာထက်ပင် ပိုမိုရှားပါးသည်။ သို့သော်လည်း ၎င်း၏ ဂုဏ်သတ္တိက ဖြားယောင်းခြင်း ဖြစ်သည်။ ၎င်းက အနံ့ခံမိသွားသော သူများကို စွမ်းအားများ အလျင်အမြန် ဆုံးရှုံးစေပြီး စိတ်ကြွစေနိုင်သော့ ဂုဏ်သတ္တိတစ်ခုလည်း ပါရှိသည်။
“အရှက်မရှိတဲ့ကောင်။” မီရန်ဒါက ချက်ချင်းပင် တုံ့ပြန်လိုက်ရာ စိတ်ကြွမြက်က ဒေါသတကြီး အော်သံကြောင် ပြာဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့က အလွန်ကြီးမားသော စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားခဲ့သည်။ သူ အောက်မကျခင်မှာပင် ပုံရိပ်တစ်ခုက သူ့ကို ဖမ်းလိုက်၏။ ထိုသူက အယ်လီဇာပင်။
“မီရန်ဒါ။ ရှင် ဘာလုပ်နေတာလဲ။”
“ဒီ ယုတ်မာတဲ့ကောင်ကို ငါ သတ်တော့မယ်။” မီရန်ဒါက အလွန် ဒေါသထွက်နေ၏။ “ရစ်ချက်”က ထိုမျှရဲတင်းပြီး အရှက်ကင်းမဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရစ်ချက်က စိတ်ကြွမြက်ကို သုံးပြီး သူ့ကို ထိခိုက်အောင် လုပ်ရဲခဲ့သည်။ သူက စိတ်ကြွမြက်ရနံ့ကို မတော်တဆ ရှူမိသွားခဲ့သည့်အတွက် သူ၏စွမ်းအားများက အားနည်းလာသည့် လက္ခဏာများ စတင်ပြသလာ၏။
“ရစ်ချက်က ငါ့ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပဲ။ သူ ပိုးပန်းတာကို ရှင် လက်မခံလို့ရတယ်။ ဒါပေမဲ့ ဘယ်လိုလုပ် သတ်ရဲရတာလဲ။” အယ်လီဇာက ဒဏ်ရာ အပြင်းအထန် ရထားပြီး ဖြူဖျော့နေသော “သူငယ်ချင်းကောင်း”ကို အောက်ချလိုက်သည်။ သူက လက်ကို ဖြန့်လိုက်ရာ အဖြူရောင်အလင်း တိမ်တိုက်တစ်ခုက ချန်လွေ့ကို ရစ်ပတ်သွားခဲ့၏။ ထို့နောက် သူက မီရန်ဒါထံသို့ ခုန်ဝင်သွားတော့သည်။
မီရန်ဒါ ဘာမှ မပြောနိုင်ခင်မှာပင် အယ်လီဇာက အလျင်အမြန် ချဉ်းကပ်လာနေရာ သူက ရင်ဆိုင်ရတော့သည်။ ကျက်သရေရှိသော ပုံရိပ်နှစ်ခုက အလျင်မြန် တိုက်ခိုက်နေကြပြီး လှုပ်ရှားမှုများကို မမြင်နိုင်လုနီးပါး ဖြစ်စေခဲ့သည်။ တိုက်ခိုက်မှု နောက်ဆက်တွဲကြောင်း ပန်းများနှင့် သစ်ရွက်များက ကောင်းကင်အနှံ့ လွင့်ပျံနေလေသည်။
“ဝုန်း....”
အယ်လီဇာက နောက်ပြန်လွင့်ပြီး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့၏။
စိတ်ကြွမြက်၏ ဆေးအစွမ်းကြောင့် နတ်သူငယ်-တစ်ပိုင်းက တိုက်ပွဲကို အချိန်မဆွဲ ချင်တော့ပေ။ သူက မန္တန်များကို အလျင်အမြန် ရွတ်ဖတ်လိုက်ရာ လက်ထဲ၌ အဖြူရောင် အလင်းတစ်ခု တောက်ပလာသည်။ သူက အယ်လီဇာကို ခုခံရန်အတွက် [ အလင်းပျက်သုန်း ] ကို အသုံးပြုချင်နေသည်။ ထိုအချိန်တွင် သူ၏စိတ်ထဲ၌ သတိပေးသော သင်္ကေတတစ်ခု ဖြစ်လာပြီး ထိုမန္တန်ကို ရုတ်တရက် နှောင့်ယှက်လိုက်သည်။ သူက ခုန်လွှားပြီး သေစေနိုင်သော ခုတ်ပိုင်းမှု တစ်ခုကို ရှောင်တိမ်းလိုက်၏။ သို့သော်လည်း သူက လက်ကျန်အားဖြင့် ထိသွားဆဲ ဖြစ်သည်။ သွေးများက သူ၏ပါးစပ်မှ စီးကျလာနေပြီး သူ၏ကျောဘက်တွင် ကြောက်စရာကောင်းသော အနီရောင် အမှတ်အသားကြီးတစ်ခုက ပျံ့နှံ့သွားခဲ့သည်။
မီရန်ဒါက ညည်းတွားသော အမူအရာ ပြသလိုက်သည်။ အဓိကအားဖြင့် မန္တန်ကို အတင်း ပယ်ဖျက်လိုက်ရသော စိတ်ဝိညာဉ်စွမ်းအား တန်ပြန်မှုကြောင့် ဖြစ်သည်။ သူက ခြေမချ နိုင်ခင်မှာပင် ရှေ့မှ လေတိုးသံကို ကြားလိုက်ရသည်။ သူက ၎င်းကို မရှောင်နိုင်တော့သည့် အတွက်ကြောင့် လက်ဖြင့်ပင် ခုခံလိုက်သည်။
“ဂွတ်.....”
အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူက အလွန်ကြီးမားသော အားတစ်ခုကြောင့် တုန်လှုပ်ကာ လွင့်ထွက်သွားပြီး လမ်းတစ်လျှောက်မှ ပန်းပွင့်များနှင့် သစ်ပင်များကို ပျက်စီးသွားစေခဲ့သည်။ နောက်ဆုံး၌ သူက အကြီးမားဆုံးသော ရှေးဟောင်းသစ်ပင်ပေါ်သို့ ကျသွားလေသည်။ ရှေးဟောင်းသစ်ပင်ကြီးက တုန်ခါသွားပြီး မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် သစ်ရွက်များ ကျလာ၏။ နတ်သူငယ်-တစ်ပိုင်းက ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ ဒဏ်ရာများက ပြင်းထန်လွန်းလှသည့်အတွက် သူက မတ်တပ်ပင် မရပ်နိုင်တော့ပေ။
သူ့ကို တိုက်ခိုက်နေသော အယ်လီဇာနှင့် ပေါလ်တို့ကိုကြည့်ရင်း မီရန်ဒါက နောက်ဆုံး၌ သဘောပေါက်သွားခဲ့သည်။ ရေခဲနှင်းဆီပြာတွေ၊ စိတ်ကြွမြက်၊ အလစ်တိုက်ခိုက်တာ.... ဒါတွေက ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုတစ်ခုပဲ။ ဒီလျို့ဝှက်ကြံစည်မှု နောက်ကွယ်မှာ ရှိနေတာက အယ်လီဇာပဲ။ “ရစ်ချက်”က အသုံးချခံခဲ့ရတာ။
“ဒီတော့ နင့်မှာ [ ကောင်းချီးအလင်းခန္ဓာ ] ရှိတော့ကော ဘာဖြစ်လဲ။ ဒါကို ခုခံနိုင်လား။” အယ်လီဇာက လက်ထဲမှ လက်ကိုင်ရိုးရှည်တူကြီးကို မြှောက်လိုက်ပြီး သူ၏ ခနဲ့သော အပြုံး၌ မဖုံးကွယ်ထားသောမာနက ပြသလိုက်သည်။ “ဒါက အရင်တစ်ခေါက် နင်သုံးခဲ့တဲ့ ဆူးချွန်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။ ငါ ဒီလောက်မြန်မြန် ပြန်လုပ်မယ်လို့ မထင်ထားဘူး မဟုတ်လား။ အကူအညီခေါ်ဖို့ ကြိုးစားမနေနဲ့။ ဆရာမက နတ်ဘုရားကျောင်း စစ်သည်တော် လူရွေးပွဲ သွားကြည့်ဖို့အတွက် တောင်အောက်ကို ဆင်းသွားပြီ။ ပြီးတော့ အနီးအနားမှာရှိတဲ့ အစောင့်အရှောင် စစ်သည်တော်တွေနဲ့ အစေခံတွေကိုလည်း သွားခိုင်းထားပြီးပြီ။”
မီရန်ဒါက လက်ကျန်စွမ်းအားကို အသုံးချပြီး သေခါနီး တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန် ပြုလုပ်ချင်နေခဲ့သည်။ သို့သော်လည်း စိတ်ကြွမြက်က အစွမ်းကုန် ပြနေပြီ ဖြစ်သည်။ သူ၏ ဒဏ်ရာအပြင်းအထန် ရထားသော ခန္ဓာကိုယ်က စွမ်းအား လုံးဝ စုစည်း၍ မရတော့ပေ။ ထိုအစား ထူးဆန်းသော အပူတစ်ခုက ထုတ်လွှတ်နေ၏။
“စိတ်ကြွမြက်အစွမ်းက ခဏလောက် ဆက်ရှိနေဦးမှာပဲ။ ပေါလ်။ ရှင် သူ့ကို အရင်သွားကြည့်ထား။ အခုတော့ သူ့ကို မသတ်နဲ့ဦး။ နောက်ကျရင် သူ့ကို လိုသေးတယ်။”
ပေါလ်က ခေါင်းညိတ်ပြီး လမ်းလျှောက်လာသည်။ သူ၏လက်ထဲရှိ ခမ်းနားခြင်းအလင်း မဟာဓားကလည်း အေးစက်စက် အလင်းရောင်များ တောက်နေ၏။
အယ်လီဇာ၏ခန္ဓာကိုယ် ဖျပ်ခနဲပျောက်သွားပြီး ရစ်ချက် အရှေ့သို့ ရောက်ရှိလာသည်။ အဖြူရောင်အလင်းကို ဖယ်ရှားပြီးနောက် သူက ပင့်သက်ရှိုက်နေပြီး လှဲလျောင်းနေသော ရစ်ချက်ကို မြင်လိုက်ရသည်။ အယ်လီဇာက ချန်လွေ့ကို ကူညီ၍ ထပေးလိုက်သည်။ “ရစ်ချက်။ အဆင်ပြေရဲ့လား။”
ချန်လွေ့က မျက်လုံးများကိုသာ ဖွင့်ရုံ ဖွင့်နိုင်နေသည်။ “ခုနက ဘာဖြစ်သွားတာလဲ။”
“အဲဒီကောင်မဟုတ် မီရန်ဒါက ရှင့်ကို သတ်ပစ်ချင်ခဲ့တာ။ အခု သူ ထွက်ပြေးသွားပြီ။” အဖြူရောင်အလင်းက “ရစ်ချက်”၏ အငွေ့အသက်ကို ထိန်းထားပေးရုံသာမက ကန့်သတ်ပေးသော သက်ရောက်မှုတစ်ခုလည်း ဖြစ်စေသည်။
“မစ်-မီရန်ဒါ....” ချန်လွေ့၏ မျက်လုံးများက ပို၍နက်မှောင်သွားပြီး သူ၏ အသံက ပိုပို၍ အားနည်းလာခဲ့သည်။ “သူ ဘာလို့ ဒီလို လုပ်ရတာလဲ။”
“သူက ရှင်နဲ့ မတန်ဘူး။” အယ်လီဇာက လက်ထဲ၌ အလင်းရောင်ဖျော့ဖျော့ ရှိနေပြီး ချန်လွေ့၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “ရှင့်မှာ ကျွန်မ ရှိပါသေးတယ်။ ကျွန်မတို့က အကောင်းဆုံး သူငယ်ချင်းတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ဘေးနားမှာ ရှိနေမှာပါ။”
တလက်လက်ဖြစ်နေသော စွမ်းအားက ချန်လွေ့ကို အလွန်ပင် သက်တောင့်သက်သာ ဖြစ်နေစေသည်။ သူ၏ မျက်လုံးများက တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွား၏။ “ကျေးဇူးပါပဲ။ အယ်လီဇာ။ ကျုပ် တောင့်မခံနိုင်တော့မှာ စိုးမိတယ်။”
“စိတ်အေးအေးထားပါ။ ကျွန်မ ရှိနေပါတယ်။ ရှင့်ကို ကုသပေးဖို့ အကောင်းဆုံး ကြိုးစားမှာပါ။” အယ်လီဇာ၏ လေသံက ပို၍တိုးလာသည်။ “ကျွန်မက ရှင့်ရဲ့ အယုံကြည်ရဆုံး မိတ်ဆွေနဲ့ အနီးဆုံးလူပါ။”
“အယုံကြည်ရဆုံးမိတ်ဆွေ...” ချန်လွေ့က နောက်မှ လိုက်ရေရွတ်နေသည်။ “အနီးဆုံးလူ...အယ်လီဇာ...”
“ရှင် တကယ် သေတော့မှာလား....”
“တကယ် သေတော့မှာလား....”
“တောင့်ခံထားလို့ မရဘူးလား။ ဒီအတိုင်း ရှင်သေသွားလို့ မဖြစ်ဘူး။”
‘ငါ တောင့်မခံနိုင်တော့ဘူး။ ငါ ဒီလိုမျိုး သေလို့ မဖြစ်ဘူး....’
အယ်လီဇာ၏ မျက်လုံးများက ထူးဆန်းစွာ အရောင်တောက်နေပြီး ချန်လွေ့ကို တစ်ဆင့်ချင်း လမ်းညွှန်နေခဲ့သည်။ “အနီးဆုံးလူကို ဝိညာဉ်ဘာသာစကား လွှဲပေးရမယ်....”
“အနီးဆုံးလူကို ဝိညာဉ်ဘာသာစကား လွှဲပေးရမယ်.....”
“အနီးဆုံးလူက ဘယ်သူလဲ။”
“အယ်လီဇာ.....”
အယ်လီဇာက ရွှင်ပျသော အပြုံးတစ်ခု ရှိနေခဲ့သည်။ သူက တစ်ဖက်လူ၏ စိတ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သော စိတ်ဝိညာဉ်စွမ်းအားတစ်မျိုး ရှိနေသည်။ သို့သော် ထိုကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားက အကြွင်းမဲ့ မဟုတ်ပေ။ တစ်ဖက်လူက ဆန္ဒမရှိလျှင်၊ တစ်ဖက်လူ၏ စိတ်စွမ်းအားက ပိုအားကောင်းလျှင် ခုခံမှု ပိုများမည် ဖြစ်သည်။ ကျရှုံးသွားသည်နှင့် သူက ကြောက်မက်ဖွယ်ရာ တန်ပြန်မှုတစ်ခုကို ခံစားရမည် ဖြစ်သည့်အတွက် အလွယ်အကူ အသုံးမပြုခဲ့ပေ။
ဥယျာဉ်မြို့တော်၌ ဝိညာဉ်ဘာသာစကား ဆက်ခံမှုနှင့် ၎င်းကို အတည်ပြုပြီးနောက် အယ်လီဇာက ထိုအကြံကို စတင်စီစဉ်ထားခဲ့သည်။ သူက ချန်လွေ့အား လက်အောက်ခံအဖြစ် ပြုလုပ်ပြီး ဝိညာဉ်ဘာသာစကား စွမ်းအားကို လုယူချင်နေသည်။ မမျှော်လင့်ဘဲနှင့် ချန်လွေ့က နောက်ဆုံးတွင် ပေါလ်ကို ရွေးချယ်ခဲ့သည်။ သို့သော် အယ်လီဇာက လက်မလျှော့သေးဘဲ အကြံအစည်များ စတင်ခဲ့သည်။ ချန်လွေ့က ဇာမဏီငှက်ဥနှင့် ဆက်သွယ်၍ အစွမ်းအစ ပြခဲ့ပြီးနောက် အယ်လီဇာက ပို၍ စိတ်ပိုင်းဖြတ်လိုက်ပြီး ပြဇာတ်တစ်ခု ပြုလုပ်ခဲ့သည်။ ယခုတွင် အောင်မြင်သော အဆုံးသတ် ရောက်ရှိရန် နီးကပ်နေလေပြီ။
ဒီတစ်ခေါက် ငါ ဝိညာဉ်ဘာသာစကားကိုလည်း ရနိုင်သလို ငါ့ရဲ့ ဝိပါက်ဖြစ်တဲ့ မီရန်ဒါကိုလည်း ဖယ်ရှားပစ်နိုင်မယ်။ ဒါက ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင် ပစ်သလိုမျိုးပဲ။ ယူဒိုရာက ဒါကို ရှာတွေ့သွားရင်တောင် ဝိညာဉ်ဘာသာစကားကြောင့် ငါ့ကို တန်ဖိုးထားနေမှာပဲ။
“ဝိညာဉ်ဘာသာစကားကို အယ်လီဇာဆီ လွှဲပေးလိုက်။” အယ်လီဇာ၏အသံက ပို၍ပင် ပျော့ပျောင်းသွားပြီး ဆွဲဆောင်မှုများ အပြည့် ဖြစ်နေခဲ့သည်။
“အယ်လီဇာကို လွှဲပြောင်းပေးရမယ်...” ချန်လွေ့၏ မျက်လုံးများက တဖြည်းဖြည်းနှင့် အနီရောင် လင်းလက်လာ၏။