အလင်းဒြပ်စင်ဘုရင်
Vol. 43 Ch. 675
[သရုပ်ခွဲမျက်လုံး]၌ ပြသသော အချက်အလက်ကြောင့် ချန်လွေ့ ရပ်တန့်သွား၏။ လူသားလောက၌ အလင်းဒြပ်စင်ကောင်များကို တွေ့ရသည်မှာ ထူးဆန်းသည် မဟုတ်ပေ။ အထူးသဖြင့် အလင်းဒြပ်စင်မှော်ပညာ ဇစ်မြစ်ဟု သိကြသော သိဒ္ဓိအလင်းတောင်၌ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ အချက်အလက်ရှိသော အလင်းဒြပ်စင်ကောင်တွင် အလင်းဒြပ်စင်ဘုရင် ဟူသော ဂုဏ်ပုဒ်တစ်ခုသာ ရှိနေခြင်းပင်။
အလင်းဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးက အဖြူရောင်အလင်းများ ပြည့်နေပြီး အတွင်းထဲ၌ လူသားပုံရိပ်တစ်ခု ပေါ်လာသည်။ မျက်နှာအသွင်အပြင်ကို မြင်ရရန် ခက်ခဲလှသည်။ အလင်းရောင်များက ထူးထူးခြားခြား လင်းလက်မနေသော်လည်း အချိန်အတော်ကြာ စိုက်ကြည့်လျှင် မျက်စိစူးသော ခံစားချက်မျိုး ဖြစ်စေသည်။ ထိုအရာက အလင်းဒြပ်စင်ကောင်များ၏ ဝိသေသလက္ခဏာတစ်ခုဖြစ်ပြီး သူတို့ကို အရင်ဦးစွာ တိုက်ခိုက်စေနိုင်သည်။
ယခုအထိ ချန်လွေ့က ဒြပ်စင်ဘုရင်၅ပါးနှင့် တွေ့ခဲ့ရပြီ ဖြစ်သည်။ မီးဒြပ်စင်ဘုရင်မှလွဲ၍ သူသည် ဒြပ်စင်ဘုရင်အားလုံးကို ဆုံခဲ့ပြီးလေပြီ။ ဆုံခဲ့ရုံသာမက အမှောင်ထုဘုရင် သုံးပါးထဲ၌ မိုးရီက သူ၏ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်၏။
အလင်းဒြပ်စင်ဘုရင်က နှင်းဒဲလက်ပန်းပင် အရှေ့၌ ကာနေသည်။ လက်ရှိတွင် [တိတ်တဆိတ်] စွမ်းရည်က မိနစ်အနည်းငယ် ကျန်နေသေးသည်။ ချန်လွေ့က ကိစ္စများကို ပိုမို မရှုပ်ထွေးနေစေချင်ပေ။ သသူက တစ်ဖက်သို့ သေသေချာချာ လမ်းလျှောက်သွားလိူက်သည်။ သို့သော်လည်း သူက အလင်းထဲမှ လှောင်သံတစ်ခုကို ကြားလိုက်ရသည်။ “အရှက်မရှိတဲ့ကောင်။ မင်းရဲ့ ပုန်းကွယ်တဲ့ ပါရမီက ဘယ်လောက်ပဲ ကောင်းကောင်း၊ ငါ့မျက်လုံးထဲကနေ ဘယ်အရာမှ မလွတ်မြောက်နိုင်ဘူး။”
ထိုသို့ ပြောလိုက်သည်နှင့် တလက်လက် အလင်းရောင်ကို ဖျပ်ခနဲ ဖြစ်သွားပြီးနောက် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအလင်းတစ်ခုကို အလျင်အမြန် ပစ်လွှတ်လိုက်သည်။ ပစ်မှတ်က ပုန်းကွယ်နေသော ချန်လွေ့ကို ဖြစ်၏။
အလင်းရောင် ပေါက်ကွဲသွားပြီးနောက် လူသားပုံရိပ် ပေါ်ထွက်ာလာသော်လည်း တလက်လက် အလင်းရောင်က လက်ဝါးတစ်ခုပေါ်၌ အလျင်အမြန် ငြိမ်းသွားကာ အစအနပင် မကျန်တော့ပေ။
အလင်းဒြပ်စင်ဘုရင်၏ အဖြူရောင်မျကလုံးများက ဖျပ်ခနဲ လက်သွားပြီး သူ၏ တိုက်ခိုက်မှုအား လက်တစ်ဖက်တည်းဖြင့် ခုခံလိုက်သောသူကို စိုက်ကြည့်နေလိုက်သည်။ သူက စိတ်ကို စေစားလိုက်ရာ မရေမတွက်နိုင်သော အဖြူရောင်အလင်းများက ထိုသူထံသို့ အလျင်အမြန် ပြေးဝင်သွားကြပြီး အလင်းရောင်များက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထိုသူက ခုခံသည့် အနေအထား၌သာ ရပ်နေပြီး ထိခိုက်မှု လုံးဝ မရှိပေ။
“မင်းက ဘယ်သူလဲ။” အလင်းဒြပ်စင်ဘုရင်က ဇဝေဇဝါ အမူအရာတစ်ခု ပြသလိုက်သည်။ “သူတော်စင်အဆင့် ထိပ်သီးပိုင်းစွမ်းအားထက် မင်းရဲ့ ခန္ဓာအမျိုးအစားက ငါ့ကို ပိုပြီးတော့ အံ့အားသင့်စေတယ်။ မင်းက တကယ်ကြီး ငါ့ရဲ့တိုက်ခိုက်မှုကို စုပ်ယူနိုင်တာလား။ [ ကောင်းချီးအလင်း ခန္ဓာ ] လား။ မဟုတ်ဘူး။ အဲဒါက ဒီလောက် အားကောင်းတဲ့ အစွမ်းမျိုး သေချာပေါက် မရှိဘူး....”
“ကျုပ်နာမည်က ရစ်ချက်ပါ။” ချန်လွေ့က အနည်းငယ် ဦးညွှတ်လိုက်သည်။ “ဒြပ်စင်ဘုရင်ကို တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ကျုပ် ပထမဆုံး ပြောချင်တာကတော့ ကျုပ်က အရှင်မင်းကြီးရဲ့ ရန်သူ ဖြစ်ချင်စိတ် မရှိပါဘူး။”
“ငါ့က အလင်းဒြပ်စင်ဘုရင် ဒယ်ကတ်စ်ပဲ။ မင်းရဲ့အမြင်က မင်းရဲ့စွမ်းရည်လိုပဲ အထင်ကြီးစရာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ သတ္တိကတော့ အားလုံးထက် ပိုသာနေတယ်။ မင်းက ဒီကိုတောင် ခိုးဝင်ရဲတာပဲ။ ဒီမှာ ရှုခင်းကြည့်ဖို့တော မဟုတ်ဘူးမလား။ မင်းရဲ့ ပန်းတိုင်က... ဟမ့်။ အဲဒါက နှင်းဒဲလက်ပန်းအတွက် မဟုတ်လား။”
ချန်လွေ့၏အကြံ ချက်ချင်း ပေါ်သွားခဲ့သည်။ သူက ၎င်းကို မငြင်းဘဲ ပြောသည်။ “နှင်းဒဲလက်ပန်းက ကျုပ်အတွက် အတော်လေး အရေးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျူပ်ကို ကူညီပေးပါ။ အရှင်မင်းကြီး ဒယ်ကတ်စ်။ အရှင်မင်းရဲ့ ကျေးဇူးကို မှတ်ထားပြီးနောက် သေချာပေါက် ပြန်ဆပ်ပေးပါ့မယ်။”
“နှင်းဒဲလက်ပန်းရဲ့ အရေးအပါဆုံး တာဝန်က [ ကောင်းချီးအလင်းခန္ဓာ ] အသွင်ပြောင်းတဲ့ အခမ်းအနားမှာ လိုအပ်တဲ့ ကုန်ကြမ်းထဲက တစ်ခုပဲ။ မင်းရဲ့ ခန္ဓာအမျိုးအစားအတွက် ဘာမှ သက်ရောက်မှု မရှိဘူး။” ဒယ်ကတ်စ်က သရော်ပြုံး ပြုံးလိုက်သည်။ “နှင်းဒဲလက်ပန်းက သာမန် မဟုတ်ဘူး။ ယုံကြည်မှုအလင်း ပန်းပွင့်ပဲ။ ကောင်းကင်ယုံကြည်မှုချိပ်ပိတ်ကို ရရှိထားတဲ့ ဗန်တီစ်ကပဲ ဒါကို လျို့ဝှက်နည်းလမ်းနဲ့ ခူးဆွတ်နိုင်တာ။ မဟုတ်ဘဲနဲ့ မင်းခူးလိုက်မယ် ဆိုရင်တောင် အချိန်တိုအတွင်း စွမ်းအားမဲ့တဲ့ သာမန်ပန်းပွင့်တစ်ခု ဖြစ်သွားမှာပဲ။ မင်းဒါကို မသိဘဲနဲ့ ဘယ်လိုလုပ် ဒီကို တစ်ယောက်တည်း ခိုးဝင်လာရဲတာလဲ။ ဒြပ်စင်ဘုရင်ကို အရူးလုပ်ဖို့ မကြိုးစားနဲ့။ မင်းငါ့ကို အနိုင်မယူနိုင်ရင် နှင်းဒဲလက်ပန်းပင်ကို ထိရဖို့ စဉ်းတောင် မစဉ်းစားနဲ့။”
ထိုလျို့ဝှက်ချက်များကို ချန်လွေ့က ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ အယ်လီဇာနှင့် အခြားသူများပင် ထိုအကြောင်းကို မသိကြပေ။ လက်စသတ်တော့ [ ကောင်းချီးအလင်းခန္ဓာ ] ကို မျိုးဆက်တွေကအပြင် အစီအရင်တွေကတစ်ဆင့် ပြောင်းလဲလို့လည်း ရတာကိုး။ နှင်းဒဲလက်ပန်းက တကယ် လိုအပ်တဲ့ ကုန်ကြမ်းတစ်ခုပဲ။ ပြဿနာ အဖြစ်ဆုံးကတော့ ယုံကြည်မှုချိပ်ပိတ်တစ်ခုရှိတဲ့ ပုပ်ရဟန်းမင်း ဗန်တီစ်ပဲ ဒါကို ခူးလို့ရတာ။ မဟုတ်ရင် ခဏလေးနဲ့ အာနိသင် ပျောက်ကွယ်သွားမှာ။ ငါ ပုပ်ရဟန်းမင်းကိုခေါ်ပြီး ခူးခိုင်းလိုက်ရမှာလား။
သိဒ္ဓိမိန်းမပျို ယူဒိုရာရဲ့ စွမ်းအားကို ကြည့်ရမယ်ဆိုရင် သူက သူတော်စင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီ။ ဒါက တိုင်းပြည်အဆင့်နဲ့ အတော်လေး နီးကပ်နေပြီ။ ပြီးတော့ သူ့ကို သိဒ္ဓိကောင်းချီးတောင်ထွတ်ပတ်လည်မှာ လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတချို့က အားဖြည့်ထားပေးထားတယ်။ ပုပ်ရဟန်းမင်း ဗန်တီစ်လည်း အတူတူပဲ။ သူ့စွမ်းအားကတော့ ယူဒိုရာထက် ပိုသာလောက်တယ်။ ဒါကြောင့် ဒါက လုံးဝ မဖြစ်နိုင်ဘူး။ အခု ငါက ကြယ်ဥယျာဉ်ရဲ့ စွမ်းအားနဲ့ပဲ စမ်းကြည့်လို့ ရမယ်။ နှင်းဒဲလက်ပန်းပင် တစ်ခုလုံးကို ယူသွားမယ်။ ဇိုလာနဲ့ မိုးရီတို့မှာ နည်းလမ်းတစ်ခုခု ရှိမလား ကြည့်ရတာပေါ့။
ဒါပေမဲ့ အရင်ဆုံးတော့ အလင်းဒြပ်စင်ဘုရင်ကို ရှင်းပစ်ရမယ်။
ချန်လွေ့၏ [ ကျက်သရေအလင်းခန္ဓာ ] က မှော်ဒြပ်စင်ထိခိုက်မှု အများစုကို စုပ်ယူနိုင်ပြီး အခြား ဒြပ်စင်ဘုရင်၅ပါးထက် အလင်းဒြပ်စင်ဘုရင်ကို တိုက်ခိုက်ရာ၌ အသာစီး ရစေသည်။ ပြဿနာက ထိုအဟန့်အတားဖြင့်ပင် စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့က S++ အဆင့် ရောက်နေသော ဒယ်ကတ်စ်ကို အချိန်တိုအတွင်း အနိုင်မယူနိုင်ခြင်းပင်။ အကယ်၍ ထိုအရာက တောာင်အောက်မှ ခေါင်းဆောင်ကြီးများကို သတိထားမိသွားစေခဲ့လျှင် ပြဿတက်ပေမည်။
ဒြပ်စင်ကောင်များ၌ ကိုယ်ပိုင် စရိုက်လက္ခဏာများရှိကြောင်း မိုးရီက ပြောခဲ့ဖူးသည်။
မြေဒြပ်စင်ကောင်များက တည်ငြိမ်သော စရိုက်ရှိသည်။ အခြားသူများက ရန်မစလျှင် ဘာမှ မလုပ်ပေ။
အမှောင်ဒြပ်စင်ကောင်များက အာဃာတကြီးမားပြီး လက်စားချေလိုစိတ် ပြင်းပြသည်။ (ချန်လွေ့က ၎င်းကို ကိုယ်တိုင် ကြုံတွေ့ပြီးပြီ ဖြစ်သည်။)
ရေဒြပ်စင်ကောင်များက အတွေးကောင်းပြီး သဘာဝအရ သံသယများသည်။
လေဒြပ်စင်ကောင်များက အမြဲပြောင်းလဲနေပြီး အလွယ်တကူ စိတ်ပြောင်းတတ်သည်။
မီးဒြပ်စင်ကောင်များက တဲ့တိုးဆန်ပြီး စိတ်ဆတ်သည့်အပြင် တိုက်ခိုက်လိုစိတ်လည်း ပြင်းပြကြသည်။
အလင်းဒြပ်စင်များက မာနကြီးပြီး ဂုဏ်သိက္ခာကို ဂရုစိုက်ကြသည်။
ချန်လွေ့၏ အတွေးများ ပြောင်းလဲသွားပြီးနောက် ရှေ့သို့ တဖြည်းဖြည်း လမ်းလျှောက်လာသည်။ သူက အသံကျယ်ကျယ်နှင့် ပြောသည်။ “ထူးဆန်းတယ်။ မာနကြီးတဲ့ အလင်းဒြပ်စင်ဘုရင်က ဘာလို့ ကျောင်းတော်ရဲ့အစောင့် ဖြစ်သွားတာလဲ။”
ဒယ်ကတ်စ်က အသေအချာပင် ဒေါသထွက်သွားခဲ့သည်။ သူက မျက်တောင်ခတ်ပြီး ချန်လွေ့အရှေ့၌ ပေါ်ထွက်လာကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ “ငါက အစောင့်လို့ ဘယ်သူပြောလဲ။ ငါက နှင်းဒဲလက်ပန်းရဲ့ အလင်းဒြပ်စင်စွမ်းအားကို စုပ်ယူပြီးတော့ လက်ရွေးစင် အလင်းဒြပ်စင်ကောင်တွေ ပိုပြီးတော့ မွေးထုတ်အာင် လုပ်နေတာ။”
မွေးထုတ်တာလား။ ဒြပ်စင်ကောင်များက လိင်ကွဲပြားမှု မရှိသော်လည်း ဒယ်ကတ်စ်က ယောက်ျားတစ်ယောက်ပုံစံ ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ ချန်လွေ့က ဓာတ်လိုက်သွားသလို ခံစားလိုက်ရသည်။ သူက ထိုလက်သီးချက်ဖြင့် ထိလုမတတ် ဖြစ်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ဒယ်ကတ်စ်က သနားညှာတာမှု ကင်းမဲ့လှသည်။ တိုက်ခိုက်မှုက မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ [ ကျက်သရေအလင်းခန္ဓာ ] ရှိနေသော်လည်း S++ စွမ်းအားက အမှန်တကယ် ခုခံရန် ခက်ခဲလှသည်။ ချန်လွေ့က အတင်း မခုခံခဲ့ပေ။ သူက ရှောင်တိမ်းရန်ကိုသာ အာရုံစိုက်နေပြီး တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် တိုက်ပွဲက နှင်းဒဲလက်ပန်းပင်ဘက်သို့ ရွေ့လာခဲ့လေသည်။
အဓိက ဘုရားကျောင်းနယ်မြေ သုံးခုရှိ မှော်အစီအရင်စွမ်းအားက သာမန်နေရာများထက် သာလွန်လှသည်။ သူတို့နှစ်ယောက်၏ စွမ်းအားဖြင့်ပင် မြေပေါ်၌ အက်ကြောင်း အနည်းငယ်သာ ဖြစ်စေခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူတို့က အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် သုံးလေးကွက် တိုက်ခိုက်ပြီးသွားပြီ ဖြစ်သည်။ အနီးအနား၌ ပရိသတ်များ ရှိနေလျှင် သူတို့က သေချာပေါက် မျက်စိကျိန်းသွားပေလိမ့်မည်။
“လက်ရွေးစင် အလင်းဒြပ်စင်ကောင်တွေလား။ ခဏနေပါဦး။” ချန်လွေ့က ရုတ်တရက် အော်ပြောလိုက်သည်။ “အလင်းဇစ်မြစ်အပိုင်းအစ။”
ဒယ်ကတ်စ်၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်သွားခဲ့သည်။ ချန်လွေ့က အကွာအဝေးကို အခွင့်ကောင်းယူပြီး ပြုံးလိုက်သည်။ “တကယ်လို့ အလင်းဇစ်မြစ်အပိုင်းအစ မရှိဘူးဆိုရင် လက်ရွေးစင်အလင်းဒြပ်စင်ကောင် အများကြီး ရှိရင်တောင် အရည်အသွေးအရ ပြောင်းလဲမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား။ အရှင်မင်းကြီး ဒယ်ကတ်စ်။”
ဒယ်ကတ်စ်၏လေသံက အသေအချာပင် အံ့သြနေခဲ့သည်။ “မင်း ဘယ်လိုသိတာလဲ။”
ချန်လွေ့က နှင်းဒဲလက်ပန်းပင်ကို ကျောခိုင်းပြီး စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ သို့သော်လည်း သူ့ကို တစ်နည်းနည်းနှင့် ဟန့်တားထားသလို ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်သွားသော်လည်း သူ့စကားများက မရပ်ခဲ့ပေ။ “အခြေအနေ သုံးခုရှိမယ်။ ကျုပ် ခင်ဗျားကို အလင်းဇစ်မြစ်အပိုင်းအစ ပေးနိုင်တယ်။”
“ဟမ့်။ မင်း အချိန်ဖြုန်းမနေနဲ့။ နှင်းဒဲလက်ပန်းပင်ကို စွမ်းအားကြီးတဲ့ မှော်စက်ဝိုင်း အကာအကွယ်နဲ့ ဝိုင်းရံထားတာ။ သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး တိုက်ခိုက်ရင်တောင် ဖောက်ဝင်နိုင်မှာ မဟုတ်ဘူ။” ဒယ်ကတ်စ်၏ အံ့အားသင့်မှုက ဂုဏ်ယူသော အမူအရာသို့ ပြောင်းလဲသွား၏။ “ဇစ်မြစ်အပိုင်းအစဆိုတဲ့ အသုံးအနှုန်းကို မင်းဘယ်ကနေ ကြားလာလဲတော့ ငါမသိဘူး။ မင်းရဲ့ လှည့်ကွက်လေးတွေကို ဘေးဖယ်ထား။ ငါ့ကို လှည့်စားဖို့ စဉ်းစားမနေနဲ့။”
အလင်းဒြပ်စင်ဘုရင်က မာနကြီးသော်လည်း ဉာဏ်မရှိသည် မဟုတ်ပေ။ သူက ချက်ချင်းပင် ချန်လွေ့၏ အကြံအစည်ကို မြင်လိုက်သည်။ ချန်လွေ့က တိတ်တိတ်လေး ကျိန်ဆဲမိလိုက်သည်။ သို့သော်လည်း သူ့အပြုံးက ပုံမှန်အတိုင်း ရှိနေဆဲပင်။ “ဒါက ၂၃ယွမ် ရှေးမှော်စာ မှော်စက်ဝိုင်လေးတစ်ခုပဲကို။ အချိန်နည်းနည်းလောက်ပေးလိုက်ရင် ပယ်ဖျက်ဖို့ မခက်ပါဘူး။ အလင်းဇစ်မြစ်အပိုင်းအစကတော့.... လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရိုဒရီဂူးဇ်လို့ခေါ်တဲ့ သိဒ္ဓိနဂါးအကြောင်း အရှင်မင်းကြီး ကြားဖူလား မသိဘူး။”
ချန်လွေ့က ရှေးမှော်စာ၏ အဆင့်အတိအကျကို ပြောပြလိုက်ရာ ဒယ်ကတ်စ်က အံ့အားသင့်သွားသည်။ ထို့နောက် “ရိုဒရီဂူးဇ်”ဟူသော နာမည်ကို ကြားလိုက်သောအခါ သူက ထိတ်လန့်သွား၏။ “သူ ဘယ်မှာလဲဆိုတာ မင်း သိလား။”
ချန်လွေ့က လက်ကိုနောက်ပစ်ကို အလျင်အမြန် လှုပ်ရှားနေပြီး နှင်းဒဲလက်ပန်းပင် တစ်ဝိုက်မှ ရှေးမှော်စာ မှော်စက်ဝိုင်းကို ပယ်ဖျက်ရန် ကြိုးစားနေခဲ့သည်။ သူက ပြန်မေးလိုက်၏။ “ကျုပ်က လှည့်စားနေတယ်လို့ အရှင်မင်းကြီး သံသယ ဝင်နေတုန်းပဲလား။”
“အဲဒီတုန်းက အလင်းဇစ်မြစ်အပိုင်းအစကို ကျောင်းတော်က ရသွားတုန်းက သဘောတူညီမှု အရဆိုရင် ငါ ပိုင်ဆိုင်သင့်တာ။ ဒါပေမဲ့ သိဒ္ဓိနဂါးက ခိုးယူသွားမယ်လို့ မထင်ထားခဲ့ဘူး။ သူ ဘယ်ရောက်သွားလဲဆိုတာ ခုထိ မသိရသေးဘူး။ ရိုဒရီဂူးဇ် ဘယ်မှာ ရှိလဲဆိုတာ ငါ့ကို ပြောပြမယ်ဆိုရင် ကျောင်းတော်နဲ့ငါ သဘောတူထားတာကို စွန့်ပယ်ပြီးတော့ မင်းကို ဘာမှ မလုပ်ဘဲ ထွက်သွားပေးမယ်။”
“ခင်ဗျားရဲ့ အပေးအယူက နည်းလွန်းတယ်။ အရှင်မင်းကြီး ဒယ်ကတ်စ်။” ချန်လွေ့က ခေါင်းခါသည်။ “တကယ်တော့ ရိုဒရီဂူးဇ်က ကျုပ်မိတ်ဆွေကြောင့် ရှုံးနိမ့်သွားပြီးတော့ အလင်းဇစ်မြစ်အပိုင်းအစကလည်း ကျုပ်လက်ထဲမှာ ရောက်နေပြီ။ ကျုပ် ခင်ဗျားကို ပေးနိုင်တယ်။ ဒါပေမဲ့ ခုနက ခင်ဗျားပြောတဲ့ သတ်မှတ်ချက် အပြင်ကို ကျုပ် နောက်ထပ် သုံးခု လိုချင်သေးတယ်။”
အလင်းဒြပ်စင်ကောင်များအတွက် အလင်းဇစ်မြစ်အပိုင်းအစက အရေးပါလွန်းလှသည့် အတွက် ဒယ်ကတ်စ်က စျေးမဆစ်ပေ။ သူက မစဉ်းစားဘဲ ပြောလိုက်သည်။ “ဘယ်သုံးခုလဲ။”
“ပထမနှစ်ခုက အလင်းအရင်းအမြစ်စွမ်းအားနဲ့ လေအရင်းအမြစ်စွမ်းအား။ ပထမနှစ်ခုကို ရတဲ့အခါ တတိယတစ်ခုကို ပြောပြမယ်။ စိတ်မပူပါနဲ့။ ကျုပ်ရဲ့စိတ်ရင်းကို ပြသဖို့အတွက် အလင်းဇစ်မြစ်အပိုင်းအစကို ထုတ်ပြမှာပါ။”
ဇိုလာက ရေအရင်းအမြစ်စွမ်းအားနှင့် မြေအရင်းအမြစ်စွမ်းအားကို ရရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် မီးတောက်ခန်းမမှ မီးအရင်းအမြစ်စွမ်းအားကိုလည်း ရရှိခဲ့လေပြီ။ စုစုပေါင်း သုံးခုရှိပြီ ဖြစ်သည်။ ယခုတစ်ခေါက် ပြန်သွားပြီးလျှင် သူက ပင်လယ်သေသို့သွားပြီး ဟီဂယ်ကို ကယ်တင်မည် ဖြစ်သည်။ ထို့ကြောင့် အမှောင်အရင်းအမြစ်စွမ်းအားကလည်း ပြဿနာ မဟုတ်ပေ။ အကယ်၍ သူက အလင်းအရင်းအမြစ်စွမ်းအားနှင့် လေအရင်းအမြစ်စွမ်းအားကို ရရှိနိုင်ခဲ့လျှင် နတ်မိမယ်နဂါး လိုအပ်သော အရင်းအမြစ်စွမ်အား၆ခု ပြီးပြည့်စုံပြီ ဖြစ်သည်။
ချန်လွေ့ပြောပြမည့် တတိယ လိုအပ်ချက်က မြေဇစ်မြစ်အပိုင်းအစအကြောင်း သဲလွန်စ ဖြစ်သည်။ မြေဒြပ်စင်ဘုရင်က အမှောင်ထုဘုရင်သုံးပါးထဲမှ တစ်ပါး ဖြစ်သည်။ အကယ်၍ သူက ထိုအချက်ကို ယခုပြောခဲ့လျှင် ဒယ်ကတ်စ်၏ သံသယနှင့် ရန်လိုခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည့်အတွက် တမင်တကာ မပြောခဲ့ခြင်း ဖြစ်သည်။
ဒယ်ကတ်စ်က မျက်မှောင်ကြုတ်လိုက်သည်။ “အလင်းအရင်းအမြစ်စွမ်းအားက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ လေအရင်းအမြစ် စွမ်းအားကတော့....ငါက လေဒြပ်စင်ဘုရင် မဟုတ်ဘူး။”
ချန်လွေ့က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ “အလင်းရောင် ဘုရင်သုံးပါးအနေနဲ့ လေဒြပ်စင်ဘုရင်က ဒြပ်စင်စစ်ပွဲမှာ ဇစ်မြစ်အပိုင်းအစရဲ့ အရေးပါမှုကို မသိတာ မဖြစ်နိုင်ဘူး။ ခင်ဗျားက မုန်တိုင်းကျွန်းကို ကိုယ်တိုင်သွားမယ်ဆိုရင် လေအရင်းအမြစ်စွမ်အားကလည်း ပြဿနာ မဟုတ်လောက်ပါဘူး။”
ဒယ်ကတ်စ်က ထိတ်လန့်သွားပြန်သည်။ “မင်းက ဒြပ်စင်စစ်ပွဲနဲ့ အလင်းရောင် ဘုရင်သုံးပါးအကြောင်းလည်း တကယ်သိနေတာပဲ။ မင်းက ဘယ်သူလဲ။”
“မပြောပလောက်တဲ့ အပြင်လူ ရစ်ချက်ပါ....” ချန်လွေ့က ဒြပ်စင်စစ်ပွဲမှ အစစ်အမှန် အတွင်းရေး ဇာတ်လမ်းကို သေချာ မသိသေးပေ။ သူက ပင်လယ်နက်ကျွန်း၌ အမှောင်ဒြပ်စင်ဘုရင်သုံးပါး ပြောခဲ့သည်များမှ တစ်လုံးစ နှစ်လုံးစ ကြားခဲ့ခြင်းသာ ဖြစ်သည်။
ချန်လွေ့ ပြောလာလေလေ၊ ဒယ်ကတ်စ်က ပို၍ စဉ်းစားရ နက်နဲလာလေလေ ဖြစ်လာသည်။ သူက ခဏစဉ်းစားပြီး ပြောလိုက်သည်။ “လုပ်လို့တော့ ရပါတယ်။ ဒီက ကိစ္စတွေကိုလည်း ငါ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့....”
အလင်းဒြပ်စင်ဘုရင်၏ တောက်ပနေသော မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး သူ့ပုံရိပ်က တဖြည်းဖြည်း ဝေဝါးသွားခဲ့သည်။ “ငါ့ကို ငတုံးလို့ ထင်မနေနဲ့။ မင်းက စကားအကြာကြီး ပြောနေပေမဲ့ ဒါက ဘယ်မှ မရောက်နေဘူး။ ဒီစမ်းသပ်ချက်ကို ကျော်လွှားနိုင်ရင်တော့ မင်းပြောတာကို ငါ တကယ် ယုံကြည်ပေးမယ်။”
“စမ်းသပ်ချက် ဟုတ်လား။” ချန်လွေ့က ကြက်သေသေသွား၏။ ရုတ်တရက် လူသုံးလေးယောက်က ဤနေရာသို့ လာနေကြောင်း စိတ်ဝိညာဉ်အာရုံထဲ၌ ခံစားလိုက်ရသည်။ အတော်လေး မြန်လွန်းလှပြီး ပထမဆုံးတစ်ယောက်က မယုံနိုင်စရာ အဆင့်တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်လွေ့ တုန်လှုပ်သွား၏။ အလင်းဒြပ်စင်ဘုရင်၏အသံ ထွက်ပေါ်လာသည်။ “ငါ ခုနက မင်းကို ပြောပြဖို့ မေ့သွားတယ်။ ဗန်တီစ်မှာ နှင်းဒဲလက်ပန်းပင်နှင့် စိတ်ဝိညာဉ်ချိတ်ဆက်မှု ရှိတယ်။ ခုနက မှော်စက်ဝိုင်းကို မင်း ပယ်ဖျက်ဖို့ ကြိုးစားတုန်းက သူ့ကို သတိထားမိသွားအောင် လုပ်လိုက်မိတာပဲ။”
“လခွမ်း....” ချန်လွေ့က မထိန်းနိုင်တော့ဘဲ ဆဲလိုက်မိတော့သည်။