လမ်းလွှဲတဲ့ဗျူဟာလား
Vol. 43 Ch. 676
ချန်လွေ့၏အကြံက သီးခြား လှုပ်ရှားရန် ဖြစ်သည်။ မူလခန္ဓာကိုယ်က နှင်းဒဲလက်ပန်း ရယူရန်အတွက် နှင်းတောင်ထွတ်စင်မြင့်သို့ ဦးတည်ပြီး အသူရာက အခြားလမ်းကြောင်းကို သွားပေမည်။ ထိုအရာက အယ်လီဇာနှင့်အတူ ဟန်ဆောင်ရန်သာမက တကယ့် ပန်းတိုင်မှာ သိဒ္ဓိအလင်းတောင်ထိပ် ဖြစ်၏။
သူတို့နှစ်ယောက်က သိဒ္ဓိကောင်းချီးခန်းမထဲ၌ သီးခြား လှုပ်ရှားကြသည်။ အလင်းဒြပ်စင်ဘုရင်ကို ချန်လွေ့ ရင်ဆိုင်နေရစဉ် အယ်လီဇာနှင့် ပေါလ်တို့ကို ရှင်းပစ်ပြီးသွားသော အသူရာက အဓိကဘုရားကျောင်းသုံးခုကို ဖြတ်ကျော်ကာ ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်နှစ်ဦးသာ ဝင်ခွင့်ရှိသော တားမြစ်နယ်မြေဖြစ်သည့် သိဒ္ဓိအလင်းတောင်ထိပ်မှ အလင်းနတ်ဘုရားကျောင်းသို့ တည့်တည့် သွားနေပြီ ဖြစ်သည်။
ဝင်ပေါက်မှ အစောင့်များကို ဖြတ်ကျော်ပြီးနောက် လမ်းတစ်လျှောက်တွင် အဟန့်အတား မရှိတော့ပေ။ ၎င်းက “တားမြစ်နယ်မြေ”ဟူသော နာမည်နှင့် မကိုက်ညီပုံရသည်။ သို့သော်လည်း လမ်းကြောင်းက အဆုံးမဲ့ ဖြစ်နေ၏။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူက တောင်ပေါ်တွင်သာ ရှိနေသည်။ တောင်ထိပ်က သိပ်မဝေးဟန်တူသော်လည်း အလွန်ပင် ဝေးကွာနေသကဲ့သို့ပင် အကွာအဝေး အတူတူပင် ရှိနေခဲ့သည်။
အသူရာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွား၏။ အလွန်ကြီးမားသော ပုံရိပ်တစ်ခုက မြေပြင်ကို ဖောက်ထွက်သွားပြီး သူ၏ နဂိုနေရာကို ရိုက်ချလိုက်ပြီး မာကျောသော ကျောက်လှေကားများ ရုတ်တရက် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ ထိုအရာက အချင်း လေးမီတာနှင့် အရှည် ဆယ်မီတာခန့်ရှိသော ဧရာမ ရွှေရောင်လက်တံတစ်ခု ဖြစ်သည်။ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ၎င်းက သုံးလေးမီတာခန့် ဆန့်ထုတ်ပြီး လေးထဲ၌ ပေါ်ထွက်လာသော အသူရာကို တည့်တည့် ရိုက်လိုက်သည်။ အသူရာ ရှောင်လိုက်ပြန်သည်။ မြေပြင်ပေါ်မှ လက်တံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တောင်ကုန်းတစ်ခုလုံးက အလွန်ကြီးမားသော ရေဘဝတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။
“ဒါက ‘သိဒ္ဓိသားရဲ’လား။” အသူရာက ကျောင်းတော်အကြောင်း မီရန်ဒါ ပြောခဲ့သည်ကို ပြန်တွေးလိုက်မိပြီး အထင်သေးစွာဖြင့် ပြုံးလိုက်သည်။ “စွမ်းအားကို အသာထားဦး။ အမြင်ပိုင်းနဲ့တောင် ဒါက အတော်လေး နိမ့်ကျတာပဲ။”
မရေမတွက်နိုင်သော လက်တံများ လိမ်ယှက်သွားပြီး အသူရာ၏ပုံရိပ်က အလျင်အမြန် တလက်လက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ တလက်လက် လှုပ်ရှားမှုများ ပြီးနောက် ထိုလက်တံများက အချင်းချင်း ချိတ်မိသွားပြီး အမှန်တကယ်ပင် အထုံးသေ ဖြစ်သွားတော့သည်။ အပြင်းအထန် ရုန်းကန်နေခြင်းကြောင်း မြေပြင်လည်း အဆက်မပြတ် တုန်ခါနေပြီး အက်ကြောင်းများ ပေါ်ထွက်လာသည်။ သို့ရာတွင် ၎င်းက အထုံးသေမှ မလွတ်မြောက်နိုင်ပေ။
“ဒီလိုမြင်ကွင်းမှ ကာတွန်းတွေမှာပဲ မြင်ရတတ်တာပဲ။ ဒါက လက်တံတွေကို အနိုင်ပိုင်းနိုင်တဲ့ အကွက်တစ်ခုပဲ.....” အသူရာက ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပြီးနောက် သူ၏လေသံ ရုတ်တရက် မြင့်သွားခဲ့သည်။ “ထွက်လာခဲ့တော့။ ပွဲကြည့်နေတဲ့သူကြီး။ ဒီလမ်းက လှည့်ကွက်ကို ခင်ဗျားလုပ်ထားတာ ဖြစ်မယ်။ ဟုတ်တယ်မလား။ ကျုပ် ခင်ဗျားကို သတ်နိုင်ရင် တောင်ထိပ်ကို သွားပြီးတော့ ရှုခင်းကြည့်လို့ရပြီ။”
“အတော်လေး အတင့်ရဲတဲ့ စကားပဲ။” လေထဲမှ ယောက်ျားတစ်ယောက်၏ပုံရိပ် ပေါ်ထွက်လာသည်။ ရွှေရောင်ဝတ်ရုံဝတ်ထားပြီး ဆံပင်ငွေရောင်နှင့်ယောက်ျားတစ်ယောက် ဖြစ်ပြီး မျက်နှာပေါ်၌ နက်ရှိုင်းသော အမူအရာများ ရှိနေသည်။ “မသိနားမလည်တဲ့ ကျူးကျော်သူ တစ်ယောက် မတွေ့ရတာ အတော်လေး ကြာခဲ့ပြီ။ ဒီသိဒ္ဓိကျက်သရေမှာ ငါမင်းကို သုတ်သင်ရှင်းလင်းပစ်မယ်။”
မီးတောက်မီးလျှံတစ်ခုက ဝှစ်ခနဲ ရောက်ရှိလာသည်။ အသူရာ၏မျက်လုံးက အနီရောင် လက်ခနဲ ဖြစ်သွားပြီးနောက် လက်မောင်းကို ဝှေ့ရမ်းကာ ထိုမီးတောက်ကို လမ်းကြောင်း ပြောင်းလိုက်သည်။ ၎င်းက အောက်ကျသွားပြီး အလွန်ကြီးမားသော လက်တံများပေါ်သို့ ရောက်ရှိသွားပြီးနောက် ထိုလက်တံများ ပြာကျသွားတော့သည်။
အသူရာက ထိုသူ၏ မီးတောက်ကို လမ်းကြောင်းပြောင်းနိုင်ခဲ့သော်လည်း သူက နောက်ဘက်သို့ အနည်းငယ် ဆုတ်ခွာသွားရသေးသည်။ သူ၏လက်မောင်း၌ ထုံကျင်မှုတစ်ခုကို ခံစားခဲ့ရသည်။ “ဟမ့်။ အားတော့ နည်းနည်းရှိသားပဲ။”
“မင်းက ငါ့လို ဆာ-ရာဒါမာရိုရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်ဆိုတော့ အစွမ်းနည်းနည်း ရှိမှာပဲ။ စိတ်မပူပါနဲ့။ ငါ မလှုပ်ရှားရတာ နှစ်ပေါင်းသောင်းနဲ့ချီ ကြာနေပြီ။ ငါမင်းကို မြန်မြန် မသေခိုင်းဘူး။” ထိုသို့ပြောလိုက်ပြီးနောက် ရာဒါမာရိုက အသူရာအရှေ့၌ ပေါ်ထွက်လာပြီ ဖြစ်သည်။ သူ၏လက်များက အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ အသူရာကို ဝိုင်းရံလိုက်၏။
အသူရာက ဘယ်ညာ ယိမ်းထိုးနေပြီး ကာကွယ်နိုင်ရုံသာ ရှိနေသော်လည်း မခုခံနိုင်သေးပေ။ သူ၏ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။ ရာဒါမာရို၏ အမူအရာက ရွံရှာမှုများ ပြည့်နှက်နေခဲ့သည်။ “အတော်လေး စိတ်ပျက်စရာ.....”
သူ စကားပြော မပြီးသေးခင်မှာပင် အသူရာ၏ အပိုင်းပိုင်းဖြစ်သွားသော မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခုကို မြင်လိုက်ရပြီး ချက်ချင်း သဘောပေါက်သွားခဲ့သည်။ “ပုံရိပ်ယောင်လား။”
ရာဒါမာရို မတုံ့ပြန်နိုင်ခင်မှာပင် သတိပေးသော အာရုံခံများ လှိမ့်တက်လာသည်။ သူက နောက်မှ လေပြင်းကြောင့် လွင့်ထွက်သွားခဲ့ရသည်။ သူလွင့်ထွက်သွားပြီး တစ်ချိန်တည်းမှာပင် တစ္ဆေသဖွယ် ပုံရိပ်တစ်ခုက လေထဲ၌ ဟန်ချက်ပျက်နေသော သူ့ကို တိုက်ခိုက်လိုက်သည်။ “ဘုန်း ဘုန်း ဘုန်း....” နားကွဲလုမတတ် အသံများ ထွက်ပေါ်လာ၏။ ရာဒါမာရိုက ထိုကဲ့သို့ အဆက်တိုက် တိုက်ခိုက်မှုများကြောင်း အနည်းငယ် ကြက်သေသေသွားခဲ့သည်။ လွင့်ထွက်သွားသော သူ့ခန္ဓာကိုယ်က ပြန်ဆွဲယူခံလိုက်ရပြီး အားကောင်းသော အင်နားရှားနှင့်အတူ မိုးပေါ်သို့ လွင့်ပစ်ခံလိုက်ရပြန်သည်။ အသူရာ၏ပုံရိပ်က အမြင့်ဆုံးနေရာတွင် ချက်ချင်း ပေါ်ထွက်လာ၏။ သူက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီးနောက် အလွန်ကြီးမားသော စွမ်းအားဖြင့် အောက်သို့ ထိုးချလိုက်တော့သည်။
“ဝုန်း....” အငွေ့များ ပျောက်ကွယ်သွားပြီးနောက် ဥက္ကာပျံတစ်ခု ကျထားသကဲ့သို့ပင် မြေပေါ်၌ အပေါ်တစ်ခု ဖြစ်နေခဲ့သည်။ ရာဒါမါရိုက တဖြည်းဖြည်း ထလာပြီး အံကြိတ်ကာ ကောင်းကင်မှ ရန်သူကို ကြည့်လိုက်သည်။ ထိုအချိန်၌ တလက်လက်ဖြစ်နေခဲ့သော ရွှေရောင်ဝတ်ရုံက စုတ်ပြတ်သွားခဲ့ပြီ ဖြစ်သည်။ သူက ဖုန်မှုန့်များနှင့် ပေကျံနေပြီး ပင်ပန်းနေသောပုံစံ ဖြစ်နေခဲ့သည်။
အသူရာကို အာရုံစိုက်သွားစေသည်မှာ အဆက်မပြတ် တိုက်ခိုက်ခံရသော်လည်း ရာဒါမာရို၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတစ်ခုမှ ရှိမနေခြင်းပင်။ သူ့ရဲ့ တိုက်ခိုက်ရေး ခုခံရေး စွမ်းရည်တွေက အံ့အားသင့်စရာ ကောင်းလောက်အောင် မြင့်မားတာပဲ။
အပြန်အလှန် တိုက်ခိုက်မှုတွင် သူတို့က အလွန်လျင်မြန်စွာပင် မရေမတွက်နိုင်အောင် တိုက်ခိုက်ပြီးကြပြီ ဖြစ်သည်။ ထိုအချိန်၌ ရာဒါမာရိုက အသူရာကို အထင်မသေးရဲတော့ပေ။ ထိုရန်သူက သူနှင့် စွမ်းအားအဆင့်တူ ရှိနေရုံသာမက ပုံရိပ်ယောင်တွင်လည်း ကျွမ်းကျင်သည်။ ထိုကဲ့သို့ အစစ်အမှန်နှင့် ပုံရိပ်ယောင် အရောအနှောက သူ့ကို အပြင်းအထန် ထိခိုက်စေခဲ့သည်။
ရာဒါမာရိုက ထိုးဟန်ဆောင်ပြီး နောက်သို့ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက ရုတ်တရက် မိုးထိုးလာသည်။ အနီးအနား နေရာလွတ်ကလည်း မီးတောက်ကြောင့် ထူးဆန်းသော ပျက်ယွင်းမှုတစ်ခု ဖြစ်လာပြီး လောင်ကျွမ်းနေသည်။ ကောင်းကင်ပေါ်ရှိ အနက်ရောင် တိမ်တိုက်များကလည်း လောကကြီးကို ဖျက်ဆီးနိုင်သော ပိုင်နက်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေ၏။
ထိုအချိန်၌ အသူရာ၏ အငွေ့အသက်က အဆုံးစွန်အထိ ဖိနှိပ်ခံလိုက်ရဟန်တူသည်။ ရာဒါမာရို၏ ပြင်းထန်းသောအသံ ထွက်ပေါ်လာသည်။ “[ ကြယ်မှုန် မိုးမှုန်တိုင်း ]”
ကောင်းကင်ပေါ်ရှိ အနက်ရောင် တိမ်တိုက်များ ပေါက်ကွဲထွက်ကုန်သည်။ မရေမတွက်နိုင်သော လျှပ်စီးများနှင့် တောက်ပနေသော အလွန်ကြီးမားသည့် မိုးရေစက်များက အသူရာထံ စီးကျလာသည်။ သူက မရှောင်တိမ်းနိုင်တော့ပေ။ ရာဒါမာရို၏ ပိုင်နက်စွမ်းအားအပြင် ထိုတိုက်ခိုက်မှု၌ အထူးအစွမ်းတိုးမှုတစ်ခု ပါဝင်နေသည်။ အကယ်၍ ချန်လွေ့သာ ရှိနေခဲ့လျှင် [သရုပ်ခွဲမျက်လုံး] သုံးပြီး ရာဒါမာရို၏စွမ်းအားက S++ အဆင့်ရောက်နေကြောင်း ပြောနိုင်မည် ဖြစ်သည်။
အသူရာက ထိုတိုက်ခိုက်မှုမှ အလွန်ကြီးမားသာ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများ အနီရောင်ဖြစ်သွား၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့ကို [ ကြယ်မှုန် မိုးမုန်တိုင်း ] စွမ်းအားက လုံးဝ ဝိုင်းရံသွားခဲ့သည်။ သို့သော်လည်း ရာဒါမာရိုကို အံ့အားသင့်သွားစေသော အရာတစ်ခု ဖြစ်သွားခဲ့သည်။ [ ကြယ်မှုန် မိုးမုန်တိုင်း ] လမ်းကြောင်းက ရုတ်တရက် ထူးထူးဆန်းဆန်း ပြောင်းလဲသွား၏။ ၎င်းက တစ်ခုခုကြောင့် အပြင်းအထန် ဆွဲငင်ခံနေဟန် တူသည်။ အသူရာက ပါးစပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး လျှပ်စီးနှင့် မိုးများကို အမှန်တကယ် “ဝါးမျို”နေလေသည်။
ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ အသူရာက လက်ကို ဆန့်ထုတ်ပြီး [ ကြယ်မှုန် မိုးမုန်တိုင်း ] ဟု အော်ပြောလိုက်ခြင်းပင်။
မရေမတွက်နိုင်သော လျှပ်စီးများနှင့် မိုးများက ရာဒါမာရိုထံ ရောက်လာကြသည်။ ရာဒါမာရိုက ကြောက်သွား၏။ ထိုအရာက သူ၏ သတ်ဖြတ်ခြင်းတိုက်ကွက် ဖြစ်၏။
ပုံရိပ်ယောင်လား။
အားကောင်းသော အာရုံတစ်ခုက ၎င်းသည် လုံးဝ ပုံရိပ်ယောင် မဟုတ်ကြောင်း သူ့ကို ပြောပြနေသည်။
ပြင်းထန်သော ကြယ်မိုးများက တောင်ချွန်းပေါ်၌ အရူးအမူး ဖျန်းပက်လိုက်ပြီး တောင်ချွန်းတစ်ခုလုံးက မျက်စိတစ်မှိတ် အတွင်းမှာပင် ဖွတ်ဖွတ်ညက်ညက် ကြေသွား၏။
တိုက်ခိုက်မှုအလယ်၌ မိမိ၏ သတ်ဖြတ်ခြင်းတိုက်ကွက်ဖြင့် ထိသွားခဲ့သော ရာဒါမာရိုက သွေးပေါက်များ ပြည့်နှက်နေပြီး သွေးအလိမ်းလိမ်း ဖြစ်နေခဲ့သည်။ ကြောက်လန့်ပြီး ဒေါသထွက်နေသော ရာဒါမာရိုက သားရဲသဖွယ် ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အလျင်အမြန် ယောင်ကိုင်းလာပြီးနောက် ကျောဘက်မှ တောင်ပံနှစ်ခု ထွက်လာခဲ့သည်။
အသူရာ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ရှိနေခဲ့သည်။ သွေးများ မထွက်သော်လည်း ထိခိုက်မှုက မသက်သာသည်မှာ အသေအချာပင်။ အမှန်တကယ်၌ ရာဒါမာရို၏ စွမ်းအားက မနည်းလှပေ။ “ကိုယ့်စွမ်းအားဖြင့် တန်ပြန်ထိစေသော”စွမ်းရည်ကို အသက်သွင်းပြီးနောက် သူက ပြင်းထန်သော ထိခိုက်မှုကို ခံစားခဲ့ရသည်။
“လက်စသတ်တော့ ခင်ဗျားက တကယ့် “သိဒ္ဓိသားရဲ”ကိုး။ ခင်ဗျားကို သိဒ္ဓိနဂါးလို့ ခေါ်ရမယ်ထင်တယ်။ အတိအကျ ပြောရရင်တော့ ခင်ဗျားက ကျုပ်တွေ့ဖူးတဲ့ ဒုတိယမြောက် သိဒ္ဓိနဂါးပဲ။”
အသူရာက အသာလေး ပြုံးလိုက်ပြီး ရာဒါမာရို၏ ပြောင်းလဲမှုများကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။ သူ၏မျက်လုံးထဲ၌ ကြယ်များပေါ်ထွက်လာပြီးနောက် သူ၏ပုံရိပ်က ဝေဝါးသွားခဲ့သည်။ ထို့နောက် သူ၏ပုံရိပ်များ အထပ်လိုက် ပေါ်လာတော့သည်။
“[ ကြယ်မှုန် မိုးမုန်တိုင်း ] က လေပြည်လေး၊ မိုးဖွဲလေးပဲ။ တကယ့် ကြယ်ပေါက်ကွဲမှုက ဘာလဲဆိုတာ ပြမယ်။”
နှင်းတောင်ထွတ်စင်မြင့်ရှိ ကောင်းကင်ချိပ်ပိတ်ခန်းမ၌ ဖြစ်သည်။
ချန်လွေ့၏ လက်ချောင်းများ တင်းကြပ်နေပြီး နှင်းဒဲလက်ပန်းရှေ့တွင် အလင်းရောင်များ လင်းလက်နေခဲ့သည်။ နှင်းဒဲလက်ပန်း၏ ရှေးမှော်စာ မှော်စက်ဝိုင်းက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအရာကို အဖြေရှာရန် နေ့တစ်ဝက် ကြာနိုင်သော်လည်း ယခုတွင် မိမိ၏ တည်နေရာကို သိသွားကြပြီဖြစ်ရာ ချန်လွေ့က အမြန်ဆုံးနည်းလမ်းဖြစ်သော မှော်စာများ အချင်းချင်း ထိခိုက်စေသည့်နည်းကို အသုံးပြုကာ နောက်ဆုံးတွင် အကာအကွယ် မှော်စက်ဝိုင်းများကို အလျင်အမြန် ပယ်ဖျက်နိုင်ခဲ့လေသည်။
တစ်ချိန်တည်းနီးပါးမှာပင် ချန်လွေ့၏ မြင်ကွင်းထဲ၌ ငွေဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခုက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရောက်ရှိလာသည်။ ထိုသူက အသက်၆၀အရွယ် ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်မွှေးရှိသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ အဝတ်အစားနှင့်သရဖူကို ကြည့်ခြင်းအားဖြင့် ထိုသူက သိဒ္ဓိအလင်းတောင်၏ အန္တိမအုပ်စိုးသူ ဖြစ်သော ကျက်သရေဆောင် ပုပ်ရဟန်းမင်း ဗန်တီစ် ဖြစ်လောက်ပေသည်။
မျိုးနွယ် - လူသား။
စွမ်းအားအကဲဖြတ်မှု - SS- (S++)
ခန္ဓာအမျိုးအစား - S- (S)
စွမ်းအား - S+ (S)
စိတ်ဝိညာဉ် - SS- (S++)
အမြန်နှုန်း - S++ (SS-)
[ စိစစ်ချက် ] - အလင်းဂုဏ်သတ္တိ။
အန္တရာယ်အဆင့် - မြင့်မား။
ဗန်တီစ်၏ စွမ်းအားက သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် ဆင်တူသည်။ သူ၏ တကယ့်စွမ်းအားက တိုင်းပြည်အဆင့်ကို မရောက်သေးသော်လည်း ထိုကောင်းကင်ချိပ်ပိတ်ခန်းမတွင် တိုင်းပြည်အဆင့် စွမ်းအားကို အသုံးပြုနိုင်နေသည်။ အကယ်၍ ချန်လွေ့ ထိပ်တိုက်ရင်ဆိုင်ရလျှင် သေချာပေါက် ပြိုင်ဘက်ဖြစ်လိမ့်မည် မဟုတ်ပေ။
“အရှင် ဗန်တီစ် ဖြစ်နေတာကိုး။” ချန်လွေ့၏ လက်ဝါးတွင် ဖျက်ဆီးခြင်း အဖြူရောင်အလင်းတစ်ခု ရှိနေပြီး သူက နှင်းဒဲလက်ပန်းပင်ကို ချိန်ထားနေသည်။ “မလောပါနဲ့။ အရှင်ဗန်တီစ်မှာ ကျုပ်ကို ချက်ချင်း သတ်နိုင်တဲ့စွမ်းရည် ရှိရင်ရှိမယ်။ ဒါပေမဲ့ ကျုပ်ကို အဖော်ပြုဖို့အတွက် ဒီအထွတ်အမြတ်အပင် သုံးပင်ကိုလည်း ခေါ်သွားနိုင်တဲ့စွမ်းရည် ကျုပ်မှာ ရှိတယ်။”
ဗန်တီစ်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။ “မင်းက ဘယ်သူလဲ။ မင်းက ဘာလို့ သိဒ္ဓိအလင်းတောင်ကို ဖောက်ဝင်လာတာလဲ။”
ချန်လွေ့က သူ၏ရည်ရွယ်ချက်မှာ လက်ရှိ “ဓားစာခံ”ဖြစ်သော နှင်းဒဲလက်ပန်း ဖြစ်ကြောင်း မပြောပြနိုင်ပေ။ သူက အေးအေးဆေးဆေး အမူအရာသာ ပြသလိုက်သည်။ “ကျုပ်က ရှုခင်းလာကြည့်တာပဲလို့ပြောရင် အရှင် ယုံကြည်မှာလား။”
ထိုအချိန်၌ နောက်ထပ် ပုံရိပ်များ ရောက်ရှိလာပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။ ထိုထဲတွင် သိဒ္ဓိမိန်းမပျို ယူဒိုရာ၊ ရှေးသူရဲကောင်းခေါင်းဆောင် ပါဆာလီနှင့် ရေဖျန်းဘုန်းတော်ကြီး သုံးပါးလည်း ပါဝင်သည်။ ယူဒိုရာနှင့်အတူ တွဲလာသော သက်လတ်ပိုင်း လူတစ်ယောက်လည်း ရှိသည်။ ထိုသူက အန္တိမခေါင်းဆောင်သုံးဦးထဲမှ တစ်ဦး ဖြစ်သော ကြယ်ခန်းမ အရှင်သခင် ဂိုဏ်းအုပ် ပါစ်မီရာ ဖြစ်လောက်သည်။ အပြင်ဘက်၌ မရဏနက်နောက်လိုက်ကို ဖယ်ရှားနေသော တရားသူကြီးချုပ် စီရက်စ်မှ လွဲ၍ သိဒ္ဓိကျောင်းတော်မှ အဆင့်မြင့်ဆုံးများအားလုံး ဤနေရာတွင် ရောက်လာကြသည်။
“မင်းပဲ။” “ရစ်ချက်”မျက်နှာ ရှိနေသော ချန်လွေ့ကိုကြည့်နေရင်း ယူဒိုရာက မယုံကြည်နိုင် ဖြစ်သွားသည်။ ထိုသူက သူကိုယ်တိုင် ခန့်အပ်ထားခဲ့သသော သိဒ္ဓိအလင်း အစောင့်အရှောက် စစ်သည်တော်ဖြစ်သည်ဟု အသေအချာပင် ဖြစ်သည်။ ချန်လွေ့က မြင်းစီးပြိုင်ပွဲတွင် တောက်ပခဲ့ဖူးသည့်အတွက် သူ့ကို မှတ်မိသော ပါဆာလီနှင့် အခြားသူများက အံ့အားသင့် သွားကြသည်။
ထိုအချိန်တွင် အလင်းသွေးသစ္စာ စာချုပ်စွမ်းအား ရုတ်တရက် ပြတ်တောက်သွားကြောင်း ခံစားမိလိုက်သည့်အခါ ယူဒိုရာက ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ စာချုပ်ကို ပယ်ဖျက်နိုင်တာ ဆိုတော့ သူက နတ်ဘုရား-တစ်ပိုင်းအဆင့် စွမ်းအား ရှိရမယ်။ ဒီ ရစ်ချက်က တကယ်ပဲ......
“သူက ဘယ်သူလဲ။” ဗန်တီစ်က မျက်မှောင်ကြုတ်လိုက်သည်။
ယူဒိုရာက ပြန်ဖြေသည်။ “သူ့နာမည်က ရစ်ချက်။ သူ့ရဲ့ နာမည်အရင်းက စိုင်မွန် ဖြစ်လောက်တယ်။ သူက ပါဆာလီတပည့်ရဲ့ လက်အောက်ခံအနေနဲ့ ဟန်ဆောင်ပြီးတော့ နတ်ဘုရားကျောင်း စစ်သည်တော် ရွေးချယ်ပွဲမှာ ပါဝင်ခဲ့တာ။ သူက ကျွန်မကို လှည့်စားပြီးတော့ သိဒ္ဓိကောင်းချီးခန်းမရဲ့ အစောင့်အရှောက် စစ်သည်တော် ဖြစ်လောအောင် လုပ်ခဲ့တယ်။ သူက သူလျှိုဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“စိုင်မွန်။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။”
“လမ်းလွှဲတဲ့ဗျူဟာဆိုတာကို ကြားဖူးလား။ ပြောရမယ်ဆိုရင် ကျုပ်မှာ ကြံရာပါ ရှိနေသေးတယ်။ ပြီးတော့ ကျုပ်က ခင်ဗျားတို့ကို အာရုံလွှဲရုံပဲ....” ချန်လွေ့၏လက်က နှင်းဒဲလက်ပန်းကို ဖျက်ဆီးရန် ပြင်ဆင်နေဆဲ ဖြစ်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့ရဲ့ တကယ့် ပန်းတိုင်ကို ခန့်မှန်းကြည့်ပေါ့....”
ထိုသို့ပြောလိုက်ပြီးနောက် ချန်လွေ့က ချန်လွေ့က တမင်တကာပင် တိမ်တိုက်ထဲမှ တောင်ထွတ်ကို တမင်တကာ ကြည့်လိုက်သည်။ ထိုသို့ ပြောလိုက်သည်နှင့် ဗန်တီစ်၊ ယူဒူရာနှင့် ပါစ်မီရာတို့အားလုံးက တုန်လှုပ်သွားကြသည်။ ဗန်တီစ်၏ပုံရိပ်က အဝေးတွင် ချက်ချင်း ပေါ်ထွက်လာပြီးနောက် သူ၏ ဒေါသထွက်နေသောအသံကို ကြားလိုက်ရ၏။ “ငါ အလင်း နတ်ဘုရာကျောင်းကို သွားကြည့်လိုက်မယ်။ ဒီနေရာကို မင်းတို့ ဖြေရှင်းထားလိုက်။”