သိဒ္ဓိအလင်းတောင်ထိပ်
Vol. 43 Ch. 677
ဗန်တီစ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားပြီး လူခြောက်ယောက် ကျန်ရှိခဲ့သည်။ အဓိက ရေဖျန်းဘုန်းတော်ကြီးသုံးဦး၏ တိုက်ခိုက်ရေးစွမ်းအားများက အတော်လေး အားနည်းသော်လည်း တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။ ကျက်သရေဆောင် ဓားဆရာသခင်ဟု လူသိများသော ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီက နှစ်ပေါင်းများစွာကြာအောင် နာမည်ကျော်ကြားခဲ့ပြီး တိုက်ခိုက်ရေး အတွေ့အကြုံမြင့်မားကာ ကြီးမားသော တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားသည်။ သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် ဂိုဏ်းချုပ် ပါစ်မီရာတို့၏ စွမ်းအားက S++ အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာက သူတို့၏ အိမ်ကွင်း ဖြစ်သော သိဒ္ဓိကောင်းချီးခန်းမနှင့် ကြယ်ခန်းမ မဟုတ်သည့်အတွက် သူတို့က မူလ စွမ်းအားများကိုသာ ထုတ်ပြနိုင်ကြပေမည်။ သို့သော်လည်း မည်သူကမှ အလွယ်တကူ ဖြေရှင်းနိုင်သော ပြိုင်ဘက်တစ်ယောက် မဟုတ်ချေ။
ပို၍ဆိုးသည်မှာ ဗန်တီစ်က အချိန်မရွေး ပြန်ရောက်လာနိုင်သည်ဖြစ်ရာ သူ မြန်မြန် လုပ်ရပေမည်။
ချန်လွေ့က အေးအေးဆေးဆေး ပြုံးနေရင်း နှင်းဒဲလက်ပန်းပင်ဆီသို့ ခြေတစ်လှမ်း နှစ်လမ်း တိုးသွားလိုက်သည်။ “အားလုံးက ကျောင်းတော်ရဲ့ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်တွေပဲ။ ကျုပ် ဒီကို ရောက်လာမှတော့ အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမဲ့ ကျုပ်မသေခင် ဒီသိဒ္ဓိပန်းပင် သုံးပင်ကိုလည်း ခေါ်သွားလို့ရတယ်။ ကျုပ် အလကားတော့ မသေနိုင်ဘူး။”
“ဒါက ငါတို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်တာလား။” ယူဒိုရာ၏အကြည့်က လုံးဝကို မည်းမှောင်နေ၏။ သူ့မျက်နှာကို သေသေချာချာ မမြင်နိုင်သော်လည်း ထိုအချိန်၌ သူ၏ မျက်နှာပေါ်၌ အမူအရာကို ခန့်မှန်းကြည့်နိုင်လေသည်။ သူက အမြဲပင် စိတ်ထက်မြက်ခဲ့သည်။ သို့သော်လည်း သူ့အနားသို့ ရောက်လာခဲ့သော “ရစ်ချတ်”၏ လှည့်စားခြင်းကို အလွယ်တကူ ခံခဲ့ရသည်။ သူက ရစ်ချက်အား သိဒ္ဓိအလင်း အစောင့်အရှောက်စစ်သည်တော် ရာထူးကိုပင် ချီးမြှင့်ခဲ့သေးသည်။ ထိုအရာက ရှက်စရာပင်။
“ရစ်ချက်”က ထိုကဲ့သို့ နှင်းတောင်ထွတ်စင်မြင့်သို့ ခိုးဝင်ပြီး ပြဿနာရှာနိုင်ခြင်းမှာ သူ၏ တာဝန်တစ်ပိုင်း ပါဝင်နေ၏။ ထို့ပြင် ယူဒိုရာအတွက် အစိုးရိမ်ဆုံး အရာကတော့ မီးတောက် ခန်းမမှ ဇာမဏီငှက်ဥကိုပင် ဖြစ်လေသည်။
“သိဒ္ဓိမိန်းမပျို။ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် ဒီမှာ နေနေမှာ မဟုတ်ဘူး။” ချန်လွေ့၏ ရိုးစင်းသောစကားက ယူဒိုရာ၏ အရှိုက်တည့်တည့်ကို ထိသွားခဲ့သည်။ အမှန်တကယ်၌ ဇာမဏီငှက်ဥက သူ့၏ နေရာလွတ်လက်စွပ်ထဲ ရှိနေပြီဖြစ်ကာ မီးအရင်းအမြစ်စွမ်းအားကလည်း သိုလှောင်ဂိုဒေါင်ထဲ ရောက်နေလေပြီ။ မီးတောက်ခန်းမ၌ ပုံရိပ်ယောင်များ ဖန်တီးပေးသော ရှေးမှော်စာ အခင်းအကျင်းတစ်ခုသာ ကျန်ရစ်တော့သည်။
ယူဒိုရာ၏မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးများ ခဏတာ ဖျပ်ခနဲ လက်သွားပြီးနောက် တည်ငြိမ်သွားပြန်သည်။ “ဘာမှ လှည့်စားဖို့ မကြိုးစားနဲ့။ ငါ မင်းကို ကိုယ်တိုင် နှိမ်နင်းပစ်မယ်။”
စကားတစ်ခွန်းတည်းနှင့် ယူဒိုရာ ထွက်သွားမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ သူက အေးစက်စက်နှင့် ပြုံးလိုက်ပြီး ယူဒိုရာကို လျစ်လျူရှုထားလိုက်၏။
ထိုအချိန်၌ ရှေးသူရဲကောင်းခေါင်းဆောင် ပါဆာလီက ပြောသည်။ “ဆာ-ရစ်ချက်။ အခု မင်းကို ဒီလိုပဲ ခေါ်မယ်။ အနည်းဆုံး သူတော်စင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒီလိုခြိမ်းခြောက်မှုမျိုးက တုံးအလွန်းတယ်လို့ မထင်ဘူးလား။ ပါဆာလီစထရွန်ဆိုတဲ့ ကျုပ်က မင်းနဲ့ မျှမျှတတ တိုက်ခိုက်ချင်တယ်။”
“ခင်ဗျားက ကျုပ်ထက် ပိုပြီးတော့ တုံးအတာပဲ။ ဆာ-ပါဆာလီ။ ကျုပ်က ခင်ဗျားကို အနိုင်ယူနိုင်ရင်တောင် ဒီကနေ ထွက်သွားရမယ်လို့ အာမခံနိုင်လား။” ချန်လွေ့က ရယ်သည်။ “ခင်ဗျားတို့အားလုံးက ကျုပ်ကို သတ်ချင်နေတာ သိပါတယ်။ ဒီအပင်သုံးပင်က [ ကောင်းချီး အလင်းခန္ဓာ ] အသွင်ပြောင်းကျင့်စဉ်အတွက် အဓိက ကုန်ကြမ်းတစ်ခုပဲ။ ကျုပ်ကြောင့်နဲ့ ဒါကို လုံးဝ ဖြတ်တောက်နိုင်ရင် ကျုပ်သေရတာ တန်ပါတယ်။”
ချန်လွေ့က အလင်းဒြပ်စင်ဘုရင်ထံမှ နှင်းဒဲလက်ပန်းပင်အကြောင်းကို သိထားပြီး ဖြစ်သည့်အတွက် ယခုချက်ချင်းပင် အသုံးပြုလိုက်သည်။ အားလုံးက ပို၍ ကြောက်ရွံ့သော အမူအရာများ ပြသလိုက်ကြသည်။ သူတို့က ရှေ့ကိုပင် မတိုးရဲတော့ပေ။
ဂိုဏ်းချုပ် ပါစ်မီရာက မျက်မှောင်ကြုတ်လိုက်သည်။ “စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ မင်း နှင်းဒဲလက်ပန်းကို မထိဘူးဆိုရင် သိဒ္ဓိအလင်းတောင်ကနေ ဘေးကင်းကင်းနှင့် ထွက်သွားခွင့် ပေးမယ်လို့ အာမခံတယ်။”
နှင်းဒဲလက်ပန်းကို မထိနဲ့ ဟုတ်လား။ ငါက ဒီအတွက် ရောက်လာတာလေ။
“အရှင် ပါစ်မီရာ။ ကျုပ်က သုံးနှစ်သားကလေး ထင်နေတာလား။ ကျုပ် ဒီနေရာကနေ ထွက်သွားရင် ခင်ဗျားတို့အားလုံး ဝိုင်းတိုက်ကြမှာပေါ့။” ချန်လွေ့က နှာမှုတ်လိုက်ပြီး နှင်းဒဲလက်ဆီသို့ လက်ကို ဆန့်တန်းရင်း ခြိမ်းခြောက်နေလိုက်သည်။ မြူဖျော့ဖျော့လေး ထွက်လာပြီး နှင်းဒဲလက်ပန်းပင် အပြင်ဘက်မှ မြူများနှင့် ရောနှောသွား၏။ ထိုအရာ ကြယ်ဥယျာဉ်၏ စွမ်းအား ဖြစ်ပေသည်။
စူပါစနစ်က အသိပေးချက် ပေါ်ထွက်လာ၏။ “အမည်မသိ ယုံကြည်မှုသတ္တဝါ။ ကြယ်ဥယျာဉ်၌ ပြောင်းရွှေ့စိုက်ပျိုး၍ မရနိုင်။”
ယုံကြည်မှုသတ္တဝါ။ ပြောင်းရွှေ့စိုက်ပျိုးလို့ မရဘူး။ ဟုတ်လား။ ချန်လွေ့ စိတ်ဓာတ် ကျသွားခဲ့သည်။ သို့သော်လည်း အသိပေးချက်က မပြီးသေးပေ။ “၎င်းကို ကြယ်ချီးမြှင့်စင်္ကြံသို့ ပြောင်းရွှေ့၍ရသည်။ ပြောင်းရွှေ့မှုက မိနစ်၂၀ကြာမြင့်ပြီး ယုံကြည်မှုသလင်းကျောက် တစ်သိန်း ကုန်ကျမယ်။ ပြောင်းရွှေ့ချင်ပါသလား။”
လက်စသတ်တော့ ကြယ်ချီးမြှင့်စင်္ကြံမှာ ဒီလိုလုပ်ဆောင်ချက်မျိုးတောင် ရှိနေတာကိုး။ ချန်လွေ့က အလွန် ပျော်ရွှင်သွားခဲ့သည်။ ယုံကြည်မှုသလင်းကျောက် သုံးရမှာကလည်း တော်တော်များတာပဲ။ ဒါပေမဲ့ ဒီထက်များရင်တောင် တန်တယ်။
လမ်းတစ်လျှောက်၌ ယုံကြည်မှုစွမ်းအား အများအပြားကို ခိုးယူရန် အသူရာ၏ စွမ်းအားကို အသုံးပြုခဲ့သည့် ကျေးဇူးကြောင့် ဖြစ်သည်။ ယန်ရှောင်မြို့တော်မှ ရရှိထားခဲ့သော ယုံကြည်မှု စွမ်းအားကို အသွင်ပြောင်းပြီးနောက် စူပါစနစ်က အလိုအလျောက် ထုတ်ပေးနေမှုများနှင့် ပေါင်းလိုက်သည့်အခါ စုစုပေါင်း ယုံကြည်မှုသလင်းကျောက်က သုံးသိန်းနားကပ်သွားပြီး ထိုကဲ့သို့ စျေးကြီးသော ပြောင်းရွှေ့နှုန်းအတွက် ကာမိရန် လုံလောက်ပေသည်။
“လုပ်မယ်။” ချန်လွေ့က စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်သည်။ ကြယ်ကဲ့သို့ တောက်ပမှုများက နှင်းဒဲလက်ပန်းကို ဖောက်ထွင်းမြင်ရသော အလင်းပိုးအိမ်တစ်ခုကဲ့သို့ လွှမ်းခြုံသွားလေသည်။
စနစ်သတိပေးချက်။ ပြောင်းလဲခြင်း စတင်ပါပြီ။ ထိန်းချုပ်သူက ပြောင်းရွှေ့မှု၏ မီတာ၁၀၀အကွာအဝေးမှ မထွက်သွားရ။ သို့မဟုတ်ပါက ပြောင်းရွှေ့ခြင်း ကျရှုံးမည်။ လက်ရှိ တိုးတက်နှုန်း ၁%။
ကျောင်းတော်မှ အားလုံးက သူသည် အပင်များနှင့်အတူ ရော၍ အဆုံးသတ်ချင်ကြောင်း တွေးလိုက်မိကြပြီး အော်ပြောလိုက်သည်။ “ခဏနေပါဦး။”
ချန်လွေ့က ပြောင်းရွှေ့ခြင်းကို ပထမဆုံး အသုံးပြုလိုက်ပြီး ထိုကဲ့သို့ အုတ်အော်သောင်းတင်း ဖြစ်သွားလိမ့်မည်ဟု မသိခဲ့ပေ။ သူက စိတ်ထဲ၌ လွမ်းဆွတ်မိသွား၏။ ပါဆာလီ၊ ပါစ်မီရာနှင့် ယူဒိုရာတို့ ရှေ့တက်လာကြသည်။ သူက အလျင်အမြန်ပင် အော်ပြောသည်။ “အခု ချက်ချင်း နောက်ဆုတ်ကြ။ မဟုတ်ရင် နှင်းဒဲလက်ပန်းပင်ကို အခုပဲ ဖျက်ဆီးပစ်မယ်။”
သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။ ပါဆာလီက ဒေါသတကြီးနှင့် အော်ပြောသည်။ “မင်း နှင်းဒဲလက်ပန်းပင်ကို ဘာလုပ်လိုက်တာလဲ။”
“ဒါက အကာအကွယ် နည်းလမ်းတစ်ခုပါ။ ကျုပ် ဒီကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းတစ်ခု စဉ်းစားမိပြီ။ အဲဒါက ခင်ဗျားတို့အားလုံးကို အနိုင်ယူဖို့ပဲ။” ချန်လွေ့က အချိန်ဆွဲရန်အတွက် တမင်တကာပင် အကြောင်းရင်းတစ်ခု ဖန်တီးလိုက်သည်။
ပါစ်မီရာက မျက်မှောင်ကြုတ်လိုက်၏။ “မင်းမှာ ဒီလိုစွမ်းရည်မျိုးရှိတာ သေချာလား။”
“ရှိလာတော့ မသေချာဘူး။ ဒါပေမဲ့ မရှိဘူးဆိုလားတော့လည်း မသေချာဘူး။” ချန်လွေ့၏ အပြုံးက ကြီးမားသော ယုံကြည်ချက်ကို ပြသနေသည်။ “ကျုပ်မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ တစ်ယောက်ချင်း တိုက်ခိုက်မယ်။ ခင်ဗျားတို့မှာ သတ္တိရှိလား။”
ပါဆာလီ၏ မျက်လုံးများ အရောက်လက်သွား၏။ “သိပ်ကောင်းတဲ့ စိတ်ဓာတ်ပဲ။ ဒါဆိုလည်း တစ်ယောက်ချင်း တိုက်ကြတာပေါ့။”
“ဆာ-ပါဆာလီက ကျုပ်ကို တစ်ယောက်တည်း တိုက်ခိုက်ချင်နိုင်ပေမဲ့ တခြားသူတွေ ဝိုင်းမတိုက်ခိုက်ဘူးလို့ အာမ မခံနိုင်ဘူး။ အဲဒါကြောင့် ကြိုတင်ကာကွယ်မှုတွေ လိုအပ်တယ်။”
ချန်လွေ့၏လက်ထဲ၌ စက်လုံး သုံးလေးလုံး ပေါ်ထွက်လာပြီး နှင်းဒဲလက်ပန်းပင် ပတ်ပတ်လည်၌ လွင့်မျောနေတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းများကလည်း လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို ရေးဆွဲနေ၏။ “ဒါက စိတ်နဲ့ အသက်သွင်းလို့ရတဲ့ မှော်မိုးကြိုးပဲ။ ပေါက်ကွဲသွားတာနဲ့ သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တောင် သေချာပေါက် ဒဏ်ရာရနိုင်တယ်။ အကာအကွယ် မှော်စက်ဝိုင်း မရှိတော့တဲ့ နှင်းဒဲလက်ပန်းကိုတော့ ပြောနေစရာတောင် မလိုဘူး။ ခင်ဗျားတို့က အလစ်တိုက်ခိုက်ချင်ရင်ပဲဖြစ်ဖြစ်၊ အုပ်စုလိုက် တိုက်ခိုက်ချင်ရင်ပဲဖြစ်ဖြစ်၊ ဒီမှာ်မိုးကြိုးတွေကို ဖောက်ခွဲပစ်ပြီးတော့ နှင်းဒဲလက်ပန်းပင်ကို ပြာဖြစ်အောင် လုပ်ပစ်မယ်။”
ယူဒိုရာက အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “မင်းရှုံးတဲ့အခါ မှော်မိုးကြိုးကို ဖောက်ခွဲပြီးတော့ နှင်းဒဲလက်ပန်းပင်တွေကို အပါမခေါ်သွားဘူးလို့ ဘယ်လို အာမခံမှာလဲ။”
ချန်လွေ့က အချိန်ဆွဲနိုင်သည်ကို ပို၍ပင် ကျေနပ်နေခဲ့သည်။ “တကယ်လို့ ခင်ဗျားတို့မှာ အစွမ်းအစ ရှိရင် ကျုပ် အဲဒါကို အသက်မသွင်းနိုင်ခင်မှာပင် ကျုပ်ကို သတိလစ်အောင်ပဲဖြစ်ဖြစ်၊ သေအောင်ပဲဖြစ်ဖြစ် လုပ်နိုင်တာပဲ။ ဒါမှမဟုတ် တခြားဖြစ်နိုင်တာတွေကို ပြောကြမလား။”
ပါစ်မီရာက အနည်းငယ် စဉ်းစားလိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုလည်း တစ်ယောက်ချင်း တိုက်ခိုက်ကြတာပေါ့။ မင်း ငါတို့၆ယောက်ကို တစ်ယောက်ချင်း အနိုင်ယူနိုင်ရင်တော့ ဒီကနေ အေးအေးဆေးဆေး ထွက်သွားလို့ရပြီ။”
ယူဒိုရာက ပါစ်မီရာကို ဖျပ်ခနဲကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားဟန်တူသည်။ သူက ထပ်မပြောတော့ပေ။
ပါဆာလီက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး လက်နှစ်ဖက်၌ မဟာဓား တစ်လက်ကို ကိုင်ထား၏။ “ငါက မင်းရဲ့ ပထမဆုံး ပြိုင်ဘက်ပဲ။”
“ပထမဆုံးတိုက်ပွဲမှာ ကျက်သရေဆောင် ဓားဆရာသခင်နဲ့ တိုက်ခိုက်ရတာ ဂုဏ်ယူစရာပါပဲ။” ချန်လွေ့က ပုခုံးတွန့်လိုက်ပြီး ပြောင်းရွှေ့ခြင်းတိုးတက်နှုန်းကို တိတ်တိတ်လေး တွက်ချက်နေလိုက်သည်။ “ဒီတိုက်ပွဲမစခင် မဆိုင်တဲ့သူတွေအားလုံး မီတာ ၁၀၀ အပြင်ဘက်ကို နောက်ဆုတ်ပေးကြပါ။”
သိဒ္ဓိအလင်းတောင်ထိပ်ရှိ တောင်ကုန်းတစ်ခုပေါ်၌ ဖြစ်သည်။ “[ စူပါနိုဗာ ပေါက်ကွဲခြင်း]” ထပ်နေသော အသံ၃ခု ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် အားကောင်းသော အလင်းရောင်ခြည်တစ်ခုက တောင်ထိပ်ပေါ်မှ မြင့်တက်လာသည်။ ထိုအရာက နေထက်ပင် တောက်ပနေပြီး ကြယ်ပေါက်ကွဲနေသကဲ့သို့ ဖြစ်နေလေသည်။ တောင်ထိပ်တစ်ခုလုံး တုန်ခါသွားပြီးနောက် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကာ ရုတ်တရက် ပိုပုသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အလွန်ကြီးမားသော ခန္ဓာကိုယ်က လေထဲမှ ပြုတ်ကျလာသည်။ ထိုအရာက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ ဖန်များကဲ့သို့ပင် အမှန်တကယ် အပိုင်းပိုင်း ဖြစ်သွား၏။ အလွန်ကြီးမားသော ဧရာမနဂါးခေါင်းကြီးက တစ်ခုတည်းအဖြစ် တဖြည်းဖြည်း ပေါင်းစည်းလာနေသော ပုံရိပ်တစ်ခုထံသို့ လိမ့်သွားလေသည်။ ပြိုလဲလုမတတ်ဖြစ်နေသော ဒေါင်လိုက်မျက်လုံးသူငယ်အိမ်က မယုံကြည်နိုင်မှုနှင့် ကြောက်လန့်မှုများ ပြည့်နေခဲ့သည်။
ခြေထောက်တစ်ချက် လှုပ်ရှားလိုက်ပြီးနောက် ဧရာမနဂါးကောင်း လွင့်ထွက်သွားပြီး လေထဲတွင်ပင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့၏။
အသူရာ၏ အထင်သေးသောအသံ ထွက်ပေါ်လာသည်။ “ဟမ့်။ သိဒ္ဓိနဂါးက အစွမ်းအထက်ဆုံးနဂါးလို့ သိကြတယ်။ ဒါပေမဲ့ ဒီလောက်ပါပဲ။ ပြီးတော့ မင်းက ကိုယ်မပိုင်တဲ့ စွမ်းအားနဲ့ အစွမ်းတိုးနေတဲ့ ဖောင်းကြွကောင်တစ်ကောင်ပဲ။”
အစောင့် သိဒ္ဓိနဂါး ရာဒါမာရိုကို သတ်ပစ်နိုင်ခဲ့သော်လည်း အသူရာ၏ ခန္ဓာကိုယ်က ဒဏ်ရာများနှင့် စွမ်းအား ဆုံးရှုံးမှုကြောင့် အပြင်းအထန် ထိခိုက်နေခဲ့သည်။ သို့သော်လည်း သူ၏ အနီရောင် မျက်လုံးများက အေးအေးဆေးဆေး ဖြစ်နေဟန်တူသည်။ သူ၏ ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်သွားပြီးနောက် ရှေ့မှ တောင်လမ်းကြောင်ပေါ်သို့ အလျင်အမြန် ရောက်လာသည်။ သူက တောင်ထိပ်ပေါ်သို့ အလျင်အမြန် ဆက်လက် လမ်းလျှောက်သွားတော့သည်။
ရှေ့တွင် သူ မည်သည်ကိုမှ မခံစားရသော်လည်း သိဒ္ဓိအလင်းတောင်ထိပ်ကို ချဉ်းကပ်နေစဉ်၌ အန္တရာယ်ကို ခံစားမိခဲ့သည်။ မမြင်နိုင်သော ဖိအားတစ်ခုက တဖြည်းဖြည်း တိုးလာသည့်အတွက် အသူရာက ၎င်းကို သေသေချာချာ အာရုံခံနိုင်လာသည်။ ၎င်းက ယုံကြည်မှု စွမ်းအား ဖြစ်၏။
ယခင်နှင့် မတူသည်က ထိုယုံကြည်မှုစွမ်းအားက မညင်သာတော့ပေ။ ထိုအစား ၎င်းတွင် အားကောင်းသော ကြမ်းကြုတ်မှုနှင့် ဖျက်ဆီးခြင်းတို့ ပါရှိနေသည်။ ၎င်းကို ပြင်ပအားတစ်ခုကို ဆွဲယူပြီး ပြောင်းလဲလိုက်ပုံရသည်။ သာမန်ရက်များ၌ နူးညံ့ပြီး ညင်သာသော ရေများက လည်မျိုကို အလွယ်တကူ ဖြတ်တောက်နိုင်သော ရေခဲများအဖြစ် ရုတ်တရက် ပြောင်းလဲသွားပုံ ရလေသည်။
တောင်လေက အသူရာ၏မျက်နှာကို တိုက်ခတ်လာ၏။ “ရွှတ်”ခနဲ အသံနှင့်အတူ သူ၏ မျက်နှာက လေကြောင့် ပြတ်ရှဒဏ်ရာတစ်ခု ဖြစ်သွားခဲ့သည်။
ရွှတ်...ရွှတ်...ရွှတ်..
သူ၏ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအရာများက လေများဟုတ်မနေဘဲ မရေမတွက်နိုင်သည့် ထက်မြက်လှသော ဓားသွားများကဲ့သို့ ဖြစ်နေလေသည်။
လေသာမက သစ်ပင်များ၊ ကျောက်တုံးများနှင့် အလင်းရောင်သည်ပင်.......ထိုနေရာမှ အရာအားလုံးက သေစေနိုင်သော လက်နက်တစ်ခု ဖြစ်နေခဲ့သည်။
အသူရာ၏မျက်လုံးများက အနီရောင် လက်ခနဲ ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်သွားက တွင်းနက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ တွင်းနက်က ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လာသည်။ အနီးအနားရှိ တိုက်ခိုက်နိုင်သော ယုံကြည်မှုစွမ်းအားများက ဝါးမျိုခံလိုက်ရ၏။
ထိုယုံကြည်မှုစွမ်းအားများအားလုံးက သန့်စင်ပြီး သိပ်သည်းထားသော စွမ်းအားများ ဖြစ်ကြသည်။ အရည်အသွေးက ဘုရားကျောင်းသုံးခုထက်ပင် သာလွန်သည်။ ထိုအရာက သိဒ္ဓိအလင်းမြို့တော်နှင့် ယန်ရှောင်မြို့တော်ထက်ပင် များစွာ သာလွန်၏။ ကုန်ခမ်းသွားပြီ ဖြစ်သော “စုဆောင်းမှု”က ချက်ချင်းပင် ပြန်ပြည့်သွားခဲ့သည်။ သို့သော်လည်း ရှေ့ဆက်သွားလေလေ၊ ယုံကြည်မှုစွမ်းအား ပိုအားကောင်းလေလေ ဖြစ်နေသည်။ တွင်းနက်၏ အလွန်အမင်းအစွမ်းထက်သော ဝါးမျိုခြင်းဂုဏ်သတ္တိများဖြင့်ပင် စုတ်ပြတ်တော့မည့် အလားအလာ အနည်းငယ် ရှိလာခဲ့သည်။
ဖျက်ဆီးခြင်း အငွေ့အသက်ရှိသော တွင်းနက်ထဲ၌ အနီရောင်အလင်းတစ်ခု ရေးရေးလေး ပေါ်လာ၏။ အသူရာက ပုံရိပ်ယောင်၊ ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်းစွမ်းအားတို့ကို တစ်ခုတည်း အနေဖြင့် ပေါင်းစည်းခဲ့သည်။ သူက ရှေ့ဆက်ပြီး သိဒ္ဓိအလင်းတောင်ထပ်သို့ တက်နိုင်ရန်အတွက် တွင်းနက်စွမ်းအားကို အသက်သွင်းရန် အကောင်းဆုံး ကြိုးစားနေသည်။
သူက အဖြူရောင် အလင်းများ ဝိုင်းရံနေသော တောင်ထိပ်ပေါ်ရှိ ခန်းမတစ်ခုကို ရေးရေးလေး မြင်နိုင်နေပြီဖြစ်သည်။ လေထဲ၌ ထူးခြားသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုထူးခြားသော အငွေ့အသက်က အသူရာကို ဖော်ပြ၍မရသော ချုပ်တည်းမှုတစ်ခု ဖြစ်စေခဲ့သည်။ သူ၏ ဖျက်ဆီးခြင်းစွမ်းအားက အနိမ်ဆုံးအဆင့်အထိ ဖိနှိပ်ခံလိုက်ရသည်။ သူက တွင်းနက်ပုံစံ မထိန်းထားနိုင်တော့ဘဲ လူသားအသွင်သို့ ပြန်ရောက်သွားတော့သည်။
လူသားအသွင် ပြန်ပြောင်းသွားသည်နှင့် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည် ပြိုကွဲလာပြီး ပြာများကဲ့သို့ ပြန့်ကျဲလာသည်။ ထိုအရာက နေကိုချဉ်းကပ်နေသော ရေခဲနှင့် နှင်းများကဲ့သို့ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ဗန်တီစ်၏ ဒေါသတကြီး အော်သံက နောက်မှ ထွက်လာ၏။
အလင်းနတ်ဘုရားကျောင်းအပေါ်တွင် လင်းလက်သော အရာတစ်ခု ရှိနေဟန်တူသည်။ ၎င်းက ယုံကြည်မှုစွမ်းအား အားလုံး၏ အရင်းအမြစ်ဖြစ်ပြီး အထူးအငွေ့အသက်၏ အရင်းအမြစ်လည်း ဖြစ်သည်။ သို့ရာတွင် ၎င်း၏ အသေးစိတ် ပုံစံကိုတော့ မမြင်နိုင်ပေ.....
ထိုအရာက အသူရာ နောက်ဆုံး မြင်လိုက်ရသောအရာဖြစ်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူက ပြာအဖြစ် ပြောင်းကာ လွင့်ပျံသွားတော့သည်။