ပုံကြမ်းနှင့် ခရီးပန်းတိုင်
Vol. 43 Ch. 680
[ နက္ခတ်သဏ္ဌာန် ] နှင့် [ အသစ်ပြန်ဖြစ်ခြင်း ] တို့၏ အလိုအလျောက် ဝိသေသေ လက္ခဏာများနှင့်အတူ မဟာဆရာသခင်အဆင့် ကုသဆေးရည်တို့ကြောင့် ချန်လွေ့၏ ဒဏ်ရာများက အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။
နှင်းဒဲလက်ပန်းပင်၏ တိုးမြှင့်မှုက စူပါစနစ် [ ကြယ်စင်စုပိုင်နက် ] ထဲ၌ အလိုအလျောက် ထုတ်လုပ်သော ယုံကြည်မှုစွမ်းအားအပေါ်၌သာ သက်ရောက်မှု ရှိသည်။ ခိုးယူထားသော “အပြင်မှ အရာများ”ကတော့ ၎င်းထံမှ အကျိုးအမြတ် မရရှိနိုင်ပေ။ ယုံကြည်မှုသလင်းကျောက် ပြောင်းလဲမှုနှုန်းက သိပ်ပြီး မမြန်လှသည့်အတွက် စုစုပေါင်း ၁၀သိန်းရရှိရန် တစ်လ နှစ်လခန့် ကြာမြင့်နိုင်ပေသည်။ ကံကောင်းစွာပင် အစ်ဇဘယ်လာ၏ [ အလင်းချေမှုန်းချိပ်ပိတ် ] က နောက်ဆုံး အခြေအနေသို့ ရောက်ရှိရန် အချိန်ငါးလ ကျန်နေသေးသည့်အတွက် အချိန် ရှိနေသေးသည်။
အသူရာက ကိုယ်ပွားတစ်ယောက် ဖြစ်သည်။ သူက အလင်းခန်းမ စွမ်းအားကြောင့် ချေမှုန်းခံလိုက်ရသော်လည်း မူလခန္ဓာကိုယ် မပျက်စီးသရွေ့ သေဆုံးသွားမည် မဟုတ်ပေ။ အရှိန်အဝါ ပမာဏ အမြောက်အမြား သုံးစွဲပြီးနောက် စူပါစနစ်က ပြန်လည်ရှင်သန်နိုင်ချိန်မှာ ၁၂ရက် ကြာမြင့်မည်ဖြစ်ကြောင်း သတိပေးချက် ပြသလာသည်။
ယခုတစ်ခေါက် သိဒ္ဓိအလင်းတောင်ထဲ၌ ခိုးဝင်ရန် အပတ်တကုတ် ကြိုးစားပြီးနောက် သူက နောက်ဆံဒးတွင် နှင်းဒဲလက်ပန်းကို ရရှိခဲ့လေသည်။ နောက်တစ်ဆင့်မှာ ယုံကြည်မှု သလင်းကျောက်များက လိုအပ်သော ပမာဏအထိ ပြောင်းလဲနိုင်ရန် ဖြစ်သည်။ ယခင်ကဲ့သို့ ကြောက်စရာကောင်းသော နေ့ရက်များနှင့် ယှဉ်လိုက်လျှင် ယခုက အတော်လေးကို ပျင်းစရာ ကောင်းနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက ယခုအချိန်အတောအတွင်း ပြန်သွား၍ မရနိုင်သေးသည့်အတွက် လူသားလောက၌ လျှောက်ပတ်ကြည့်နေရန်သာ ရှိတော့သည်။
သူ့မှတ်ဉာဏ်ထဲမှ အာသာ၏ မသိစိတ်က နဂါးလင်းလက်အင်ပါယာနှင့် “မျက်လုံး”တစ်စုံ ပိုင်ရှင်ထံသို့ ပြန်ရန် ပြင်းပြသော ဆန္ဒရှိနေသော်လည်း ချန်လွေ့က ထိုသို့ မပြုလုပ်ချင်ပေ။ ထိုခန္ဓာကိုယ်က ကိစ္စအများအပြားနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအပြင် ဆွေမျိုးများ၊ အဆင့်အတန်း၊ အာဏာ၊ နယ်မြေ... အစရှိသဖြင့်။ ချန်လွေ့က အစပိုင်းတွင် ရယ်ရိုဒီရှာမြို့တော်မှ ပြတ်ပြတ်သားသား ထွက်သွားခဲ့သလိုမျိုးပင် အတိတ် “အာသာ” နှင့် လုံးဝ မပတ်သက်ချင်တော့ပေ။ ယခုတွင် သူက လွဲချော်သွားပြီ ဖြစ်သည့်အတွက် နောက်ပြန်လှည့်ကြည့်တော့မည် မဟုတ်ချေ။
“မရဏနက်နောက်လိုက်”ပေါ်လာသော နေရာများထဲမှ တစ်ခု ဖြစ်သည့်အလျောက် ဥယျာဉ်မြို့တော်မှ ကျောင်းတော်က ခုံသမာဓိအဖွဲ့၏ အဓိက စုံစမ်းရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ယန်ရှောင်အင်ပါယာကလည်း နယ်မြေများနှင့် မြို့တော်များအားလုံးကို ကျောင်းတော်နှင့် အပြည့်အဝ ပူးပေါင်းပြီး မရဏနက်နောက်လိုက်ကို ဖယ်ရှားရန်အတွက် အမိန့်ပေးထားသည်။
ကျောင်းတော်၏ အလင်းစစ်သည်တော်များနှင့် စစ်သားများ ကင်းလှည့်ပြီး စစ်မေးနေကြသည်ကို ရံဖန်ရံခါ မြင်နိုင်ပေသည်။ ချန်လွေ့က လူသားလောကသို့ ရောက်ခါစ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူက အင်္ကျီပေါ်၌ ကြေးစားတံဆိပ်ပြားကို ဝတ်ထားပြီး E အဆင့် စွမ်းအားရှိသော တောင့်တောင့်တင်းတင်းနှင့် ယောက်ျားတစ်ယောက်ပုံစံ ရုပ်ဖျက် လိုက်သည်။ သူက ဓားကို ကိုင်ထားပြီး ခန့်ညားသော အမူအရာကို ရှေ့ကို လျှောက်လာသည်။
ကြေးစားတံဆိပ်ပြားက “ရစ်ချက်”၏ အထူးလက်ဗွေရာ ပါရှိသော်လည်း သိဒ္ဓိအလင်းတောင်ထဲ၌ “ရစ်ချက်”၏ “သတ္တိရှိသော လုပ်ရပ်များ”က ဥယျာဉ်မြို့တော်ထဲ၌ မပျံ့နှံ့သွားသေးပေ။ ထို့ပြင် ပုပ်ရဟန်းမင်းနှင့် အခြားသူများ၏ မျက်လုံးထဲ၌ မရဏနက် နောက်လိုက်ဖြစ်နိုင်သော ထိုလူက သိဒ္ဓိအလင်းတောင်သို့ ခိုးဝင်ပြီး သိဒ္ဓိပန်းပင်များကို ဖျက်ဆီးနောက် သဲလွန်စများ အားလုံးကို ဖျောက်လိုက်မည်ဖြစ်သည်။ ထို့ကြောင့် ထိုသူက နဂို သရုပ်အတိုင်း အသုံးပြုသည်အထိ “ရူးမိုက်”ရန် မဖြစ်နိုင်ပေ။
ချန်လွေ့က အေးအေးဆေးဆေးပင် စစ်ဆေးခြင်းကို ကျော်ဖြတ်သွားနိုင်ခဲ့သည်။ နေရာတိုင်း၌ ကြေးစားများ ရှိနေသော ကြေးစားအင်ပါယာထဲ၌ သူ့ကဲ့သို့ “အာလူးလေး”များ အများအပြား ရှိကြသည့်အတွက် သူ့ကို လုံးဝ သတိထားမိရန် မဖြစ်နိုင်ပေ။
လက်တလောတွင် ဥယျာဉ်မြို့တော်က ကိစ္စကြီးနှစ်ခုအကြောင်း ဆွေးနွေး နေကြသည်။ ပထမတစ်ခုက ချန်လွေ့ ကြုံတွေ့ခဲ့ရသော လုပ်ကြံသူအဖွဲ့အစည်း အကြောင်းဖြစ်ပြီး ၎င်းက မရဏနက်နောက်လိုက်နှင့် ဆက်နွှယ်နေသည်ဟု သံသယဝင်ခံရကာ ခုံသမာဓိအဖွဲ့က အမြစ်လှန်ပစ်လိုက်ပြီ ဖြစ်သည်။ ခေါင်းဆောင်အချို့ ပျောက်ဆုံးနေခြင်းကလွဲလျှင် အခြားအဖွဲ့ဝင်များအားလုံးက အဖမ်းခံခဲ့ရပြီး လူပုံအလယ်၌ မီးရှို့ပြီး အသတ်ခံရသည်။ မည်သူ့ကိုမှ မသက်ညှာခဲ့ပေ။
ဓားမြှောင်ညီနောင်အဖွဲ့က အင်ပါယာပါ တစ်ခုနှစ်ခုတွင် လွှမ်းမိုးမှုရှိပြီး အတော်လေး လျို့လျို့ဝှက်ဝှက် လှုပ်ရှားကြသော်လည်း အလွန်ကြီးမားသော ကျောင်းတော်ရှေ့၌ အားနည်းနေသေးသည်။ ဓားမြှောင်ညီနောင်အဖွဲ့ဖြစ်စေ၊ မရဏနက်နောက်လိုက် ဖြစ်စေ၊ သူတို့အားလုံးက အသူရာအတွက် အပြစ်ခံလိုက်ရခြင်းသာ ဖြစ်သည်။ အမှန်တကယ်၌ ဓားမြှောင်ညီနောင်အဖွဲ့မှာ အယ်လီဇာ သို့မဟုတ် သိဒ္ဓိမိန်းမပျိုက ထိန်းချုပ်သော အင်အားစုတစ်ခု ဖြစ်နိုင်ကြောင်း ပေါလ်နှင့် အယ်လီဇာတို့ ပြောနေသည့်စကားများထဲမှ ချန်လွေ့ ခန့်မှန်းမိခဲ့သည်။ မာနာကို သတ်ပစ်ရခြင်းမှာ ယန်ရှောင်မြို့တော်၏ ဂိုဏ်းအုပ်ရာထူးအတွက် ဖြစ်နိုင်ပြီး နောက်လာမည့် ကျောင်းတော်အင်အားစု အပြောင်းအလဲ၌ ပါစ်မီရာမိသားစုကို အားနည်းနေစေရန် ဖြစ်သည်။ သို့သော်လည်း မာနာက အယ်လီဇာအား ကယ်တင်ရှင်ဟု ထင်မှတ်နေခဲ့သည်။ သို့ရာတွင် သူက နောက်ဆုံး၌ ကြောက်စရာကောင်းသော လူသတ်သမား အဖြစ်သို့ ပြောင်းလဲသွား၏။ သို့ရာတွင် ဓားမြှောင်ညီနောင်အဖွဲ့က ရှင်းပြ၍မရဘဲ မရဏနက် နောက်လိုက်နှင့် ချိတ်ဆက်သွားသည့်အတွက် ယူဒိုရာ သို့မဟုတ် အယ်လီဇာက ကိစ္စကြီးများကို ကယ်တင်နိုင်ရန်အတွက် အသေးလေးများကို ချက်ချင်း စတေးခဲ့သည်။ ဓားမြှောင်ညီနောက်အဖွဲ့ လုံးဝ သုတ်သင်ခံလိုက်ရ၏။ သူတို့၏ နည်းလမ်းများအရ အနာဂတ်တွင် မည်သည့် ပြဿနာမှ မချန်ခဲ့မည်မှာ အသေအချာပင်။
နောက်ထပ် အဖြစ်အပျက်တစ်ခုမှာ လော့ဒ်-ဝယ်လီက မြို့တော်ထံသို့ မြို့တော်ဝန် ခရော့ထ်သည် မရဏနက်နောက်လိုက်နှင့် ပူးပေါင်းပြီး အယ်လီဇာနှင့် မာနာတို့ကို လုပ်ကြံခဲ့ကြောင်း သတင်းပို့ခဲ့သည်။ ရလာဒ်အနေဖြင့် ခရော့ထ်က ချက်ချင်းပင် တာဝန်များ ရပ်ဆိုင်းခံရပြီး စုံစမ်းခံရတော့သည်။ ယခုတွင် သူက မြို့တော်၌ အကျဉ်းကျ နေခဲ့သည်။ မြို့တော်က ဥယျာဉ်မြို့ ကိစ္စများကို ကိုင်တွယ်ရန်အတွက် ယာယီ ကိုယ်စားလှယ်အနေဖြင့် သံတမန်တစ်ယောက် စေလွှတ်ခဲ့သည်။ ထိုအဖြစ်အပျက်၏ ဇစ်မြစ်က ယန်ရှောင်အင်ပါယာ၏ နိုင်ငံရေး အချေအတင်များကြောင်း ဖြစ်နိုင်ပေသည်။ ဝတုတ်က မရဏနက်နောက်လိုက် ဖြစ်ကြောင်း ချန်လွေ့က မသေချာသော်လည်း လော့ဒ်-ဝယ်လီက သူ့ကို အတော်လေး ဆိုးဆိုးဝါးဝါး နောက်ကျောကိုဓားနှင့် ထိုးခဲ့သည်မှာ သေချာပေသည်။ ယခင်က လုပ်ကြံခံရဖူးသည့် အဖြစ်အပျက်များ ရှိခဲ့ဖူးသည့်အတွက် ဝတုတ်က ထိုကဲ့သို့ အရေးကြီးသော အချိန်အခိုက်အတန့်၌ ခက်ခဲနေတော့မည် ဖြစ်သည်။
လူများရှိလျှင် ရန်ငြိုးနှင့် စေတနာများ ရှိလာပေမည်။ မည်သည့်လောက၌မဆို ထိုအတိုင်း အတူတူသာ ဖြစ်၏။
ထိုအရာများက ချန်လွေ့နှင့် မသက်ဆိုင်ပေ။ သူက မြို့ထဲမှ အကြီးဆုံး အပေါင်ဆိုင်ကို သွားခဲ့သည်။ နောက်ဆုံးတစ်ခေါက်က သူသည် ဥယျာဉ်မြို့တော်၌ အယ်လီဇာအတွက် လမ်းပြ ဖြစ်ခဲ့သည်။ သူက ထိုဆိုင်သို့ ရောက်ခဲ့ဖူးပြီး မီးဒြပ်စင်ကုန်ကြမ်းများ ရှိနေကြောင်း မှတ်မိသည်။ ထိုမီးဒြပ်စင်အသုတ်က အတော်လေး အရည်အသွေး မြင့်မားလှပြီး သာမန် မှော်ဆိုင်များက ရောင်းချသည်ထက်ပင် သာလွန်သည်။ သို့ရာတွင် အညစ်အကြေးများက ကိုင်တွယ်ရ ခက်ခဲလှသည့်အတွက် သန့်စင်သည့်ကုန်ကျစရိတ်က ကြီးမားနေရာ ၎င်းတို့အား အပေါင်ဆိုင်များသို့သာ စျေးအနိမ့်ဖြင့် ရောင်းချကြလေသည်။
ထိုအချိန်က ချန်လွေ့သည် ထိုကုန်ကြမ်းများကို မလိုအပ်ခဲ့သော်လည်း ယခုတွင် နေရာလွတ်လက်စွပ်ထဲ၌ မီးစွမ်းအင်စားသုံးသူကြီး ဇာမဏီငှက်ဥ ရှိနေပြီ ဖြစ်သည့်အတွက် မတူတော့ပေ။
ဇာမဏီငှက်ဥကို မီးအရင်းအမြစ်စွမ်းအား ခိုးယူစဉ် ရရှိထားခြင်း ဖြစ်သည်။ အစပိုင်း၌ မီးအရင်းအမြစ်စွမ်းအားက ဇာမဏီငှက်ဥ လိုအပ်သော စွမ်းအားကို ထောက်ပံ့ပေးရန် လုံလောက်သည်။ သို့သော်လည်း ချန်လွေ့က မီးအရင်းအမြစ်စွမ်းအားကို ဇိုလာအတွက် သိမ်းထားရမည် ဖြစ်ရာ ၎င်းကို သိုလှောင်ဂိုဒေါင်ထဲ၌သာ ထားထားခဲ့သည်။ ထို့ကြောင့် ၎င်းကို ဇာမဏီငှက်ဥက မသုံးစွဲနိုင်တော့ပေ။ ထို့ကြောင့် “ဆာလောင်နေသော” ဇာမဏီငှက်ဥက နေရာလွတ်လက်စွပ်ထဲ၌ ထူးစွမ်းသော စွမ်းအားများကို အသုံးပြုပြီး လှုပ်ရမ်းကာ နေ့စဉ်နေ့တိုင်း “အစာတောင်း” နေခဲ့သည့်အတွက် ချန်လွေ့က မီးစွမ်းအင်ကို စုဆောင်းရတော့သည်။
အမှန်တကယ်၌ ဇာမဏီငှက် ပေါက်သွားသည့်တိုင် နတ်ဆိုးဘုံသို့ ခေါ်သွားရန် ခက်ခဲပေသည်။ သို့ရာတွင် ချန်လွေ့က ၎င်းကို ယူဒိုရာထံ မချန်ထားခဲ့ချင်ပေ။ အကြောင်းမှာ ယူဒိုရာ၏ ရည်ရွယ်ချက်က ပိုမို ရက်စက်၍ပင်။ ဥပေါက်ပြီးနောက် သူက လျို့ဝှက်ပညာရပ်ဖြင့် ၎င်းကို ဝါးမျိုကာ ဇာမဏီငှက်ငယ်လေးကို စားသုံးမည် ဖြစ်သည်။
တစ်ခါကို ခြေတစ်လှမ်း လှမ်းတာပဲ ကောင်းမယ်။ အလုပ်မဖြစ်ရင် ဇာမဏီငှက် အခြေချဖို့အတွက် ဘေးကင်းတဲ့ နေရာတစ်ခုကို ရှာပေးလိုက်မယ်။
အပေါင်ဆိုင်သို့ ရောက်လာသောအခါ ဒုက္ခပေးသော မီးဒြပ်စင်ကုန်ကြမ်းများက မရောင်းထွက်သေးပေ။ ချန်လွေ့က မည်သူမှ ဂရုမစိုက်ကြသော ကုန်ကြမ်းများကို မေးသောအခါ ဆိုင်ပိုင်ရှင် ပါဗိုက အလွန်ပျော်ရွှင်သွားဟန်တူသည်။ နှစ်ဖက်လုံးက စျေးနှုန်းကို သဘောတူညီမှု အလျင်အမြန် ရရှိသွားခဲ့ကြသည်။ ချန်လွေ့က ထိုကုန်ကြမ်းများက အတော်လေး နိမ့်ပါးသော စျေးနှုန်းဖြင့် ရရှိခဲ့၏။ မည်သို့ပင်ဆိုစေကာမူ စူပါစနစ်ထဲ၌ သန့်စင်ခြင်းအခန်း ရှိနေသည်။ ထိုမီးဒြပ်စင်ကုန်ကြမ်းများကို အသန့်စင်ဆုံး သလင်းကျောက်တုံးများအဖြစ် သန့်စင်နိုင်မည်မှာ အနှေးနှင့်အမြန်သာ ဖြစ်ပေသည်။
နတ်ဆိုးဘုံနှင့် လူသားလောကတို့၏ ငွေကြေးက အတူတူပင် ဖြစ်သည်။ ကွာခြားချက်မှာ နတ်ဆိုးဘုံရှိ သလင်းကျောက်ဒင်္ဂါးများက အမှောင်အငွေ့အသက်ပါရှိပြီး ရှင်းလင်းရန် လိုအပ်ခြင်းသာ ဖြစ်သည်။ ချန်လွေ့က “ချာလီစ်”အဖြစ် ဟန်ဆောင်ပြီး အိုဆိုင်ဒန်ကို “ရန်ပုံငွေ အလိမ်အညာ” ပြုလုပ်ခဲ့စဉ်က ထိုကဲ့သို့ ပစ္စည်းမျိုးကို ဖန်တီးဖူးသည်။ ထို့ကြောင့် အမှောင် အငွေ့အသက်များကို ဖယ်ရှားရန်က လွယ်ကူလှပေသည်။
မီးဒြပ်စင်ကုန်ကြမ်း စျေးနှုန်းအကြောင်း ညှိနှိုင်းပြီးနောက် ဆိုင်ရှင် ပါဗိုက အခြားသော ထုတ်ကုန်များအား ချန်လွေ့ထံ အကြံပြုသည်။ သို့ရာတွင် ကံဆိုးစွာပင် ချန်လွေ့အတွက် မျက်စိကျစရာ တစ်ခုမှ ရှိမနေခဲ့ပေ။ သို့သော်လည်း ထောင့်တစ်နေရာမှ တစ်ခုခုက ချန်လွေ့၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအရာက ထူးဆန်းသော မျဉ်းကြောင်းများ သိပ်သည်းစွာ ရေးဆွဲထားသော အဝါရောင် စက္ကူဟောင်းတစ်ရွက် ဖြစ်သည်။
“မိတ်ဆွေ။ ဒါက လျို့ဝှက်ဆန်းကြယ်တဲ့ ရတနာမြေပုံလို့ ပြောကြတယ်။ ဒီထဲမှာ မှတ်တမ်းတင်ထားတာက....”
“ဟုတ်ပါပြီ။ ကျုပ်က အခုက ကြေးစားလုပ်လာတဲ့ လူသစ်တစ်ယောက် မဟုတ်ဘူး။ ဒါက ပုံကြမ်းတစ်ခုဆိုတာ အသေအချာပဲ။ ပြီးတော့ ဒါက မပြီးပြည့်စုံတဲ့အတွက် ဘာမှတန်ဖိုး မရှိဘူး။ ကျုပ်က သူ့အသားကိုပဲ စိတ်ဝင်စားတာ။ ဒါက ပုစဉ်းရင်ကွဲဝါ သစ်ရွက်စက္ကူ ဖြစ်ရမယ်။ မိတ်ဆွေတစ်ယောက်ရဲ့ သလင်းကျောက်ဖြူတာဝန်က ဒါကို လိုအပ်နေတယ်။ ခင်ဗျား ဒါကို ရတနာမြေပုံအနေနဲ့ ရောင်းမယ်ဆိုရင်တော့ ကျုပ်က မီးဒြပ်စင်ကုန်ကြမ်းတွေကို မလိုချင်တော့ဘူး။ ပိုကောင်းတဲ့ ဝယ်သူတစ်ယောက်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုအရာက သလင်းကျောက်ဖြူအဆင့် တာဝန်တစ်ခုသာ ဖြစ်ကြောင်း ကြားသည့်အခါ ဆိုင်ရှင် ပါဗိုက ၎င်းကို ရှားပါးပစ္စည်းအဖြစ် မြင်သောအမြင်ကို ချက်ချင်း ဖယ်ရှားလိုက်၏။ မီးဒြပ်စင်ကုန်ကြမ်း စီးပွားရေး ပျက်စီးသွားမည်ကို စိုးသည့်အတွက် သူက အလျင်အမြန်ပင် ခေါင်းခါကာ ပြောလိုက်လေသည်။ “မိတ်ဆွေလေး။ မင်း အထင်လွဲနေပါပြီ။ ဒီလိုပါ။ ဒီပုံကြမ်းစုတ်ကို မြို့တော်ဝန် ခရော့ရဲ့ အိမ်တော်ထိန်း တူကိုက လာပေါင်ခဲ့တာ။ အဲဒီတုန်းက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးပဲ။ အဲဒါက မြို့တော်ဝန် ရာထူးကနေ အဖြုတ်မခံရခင် ညပိုင်းကပဲ။ သူက လာဘ်ထိုးဖို့အတွက် ငွေအများကြီး အရေးတကြီး လိုနေတဲ့ပုံပဲ။ မင်းသိတဲ့ အတိုင်းပဲ။ အခု မြို့ထဲမှာ အမှောင်ဂိုဏ်းအကြောင်း ပျံ့နှံ့နေတယ်။ မြို့တော်ဝန်က ရာထူးကနေ ဖြုတ်ခံရပြီးတော့ စစ်ဆေးခံနေရတယ်။ ငါ့ကို ရတနာမြေပုံလို့ လိမ်ခဲ့တဲ့ တူကိုကိုပဲ ငါ အပြစ်ရမယ်..... ”
မြို့တော်ဝန် ခရော့ထ်ရဲ့ အိမ်တော်ထိန်းလား။ ချန်လွေ့က သဘောပေါက်သော အမူအရာတစ်ခု ပြသလိုက်သည်။
အမှန်တကယ်၌ ထိုပုံကြမ်းက စက္ကူစုတ်တစ်ခု မဟုတ်ပေ။ တန်ဖိုးဖြုတ်၍မရအောင် အဖိုးတန်၏။ ၎င်းက တောင်နေလူပုများ၏ အဂ္ဂိရတ် မဟာဆရာသခင်ဟောင်း ရစ်ခ်နှင့် နတ်သူငယ်မျိုးနွယ်စု အဂ္ဂိရတ်မဟာဆရာသခင် ဖီနိုအီရာတို့ ပူးပေါင်းကာ သုတေသနပြုလုပ်ထားသော ရလာဒ်တစ်ခု ဖြစ်သည်။ ၎င်းက ယခင်တစ်ခေါက် ကျောက်နက်တောင်ရှိ မြေထူရဲတိုက်ထဲ၌ ခိုးယက်မှု ဖြစ်ခဲ့စဉ် ပျောက်ဆုံးသွားတော့ အရာ ဖြစ်သည်။ ထိုအချိန်က ခေတ်မီဆန်းသစ်သော ချပ်ကာများလည်း အခိုးခံခဲ့ရသည်။ ထိုခိုးယက်မှုက အမှန်တကယ်၌ မြို့တော်ဝန် ခရော့ထ် ကြံစည်ထားခြင်း ဖြစ်နေ၏။ တကယ့် ရည်ရွယ်ချက်မှာ ချပ်ကာများကို ဖြစ်နိုင်သည်။ အစပိုင်း၌ ချန်လွေ့က မြို့တော်ဝန်အား မရဏနက် နောက်လိုက်အဖြစ် ထောက်ခြောက်ဆင်ခံမိသည့်အတွက် သနားမိနေခဲ့သည်။ ယခု စဉ်းစားကြည့်လိုက်ရာ သူက ထိုက်တန်ပေသည်။
“ဧည့်သည်....” ဆိုင်ရှင် ပါဗိုက မျက်နှာပေါ်၌ အပြုံးဖြင့် သေသေချာချာ မေးလိုက်သည်။
ချန်လွေ့က ပုခုံးတွန့်လိုက်သည်။ “ကောင်းပြီလေ။ ဒီကုန်ကြမ်းတွေကိုတော့ ခုနက သဘောတူထားသလိုပဲ ကျုပ် အကုန်လိုချင်တယ်။ ကျုပ်ကို သလင်းကျောက်ဖြူတာဝန် အတွက် ဒီပုံကြမ်းစုတ်ကိုလည်း ပေးပါ။ အဲဒီကောင်မလေးဆီကနေ အနမ်းတစ်ပွင့်ချင်တယ်....”
ဆိုင်ရှင် ပိုဗိုက ကုန်ကြမ်းများထံမှ အချီကြီး ရခဲ့ပြီ ဖြစ်သည်။ “ပုံကြမ်းစုတ်”ကို အလကား ပေးလိုက်ရသည့်တိုင် သေချာပေါက် တန်ပေ၏။
ချန်လွေ့အတွက် ပိုက်ဆံက ပြဿနာ မဟုတ်ပေ။ အဖိုးတန်သော ကုန်ကြမ်းတစ်ခုကို ရှာတွေ့ခဲ့ခြင်းက အမှန်တကယ် တန်ဖိုးရှိလှသည်။ လူပုဘုရင် အိုဗ်ဂီက သူ့ကို ခိုးယူခံရသော ကုန်ကြမ်းအား ရှာဖွေရန်နှင့် နတ်သူငယ်မျိုးနွယ်စု၏ ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားကာ သံတမန်ရေးရာကိစ္စတစ်ခု ပြီးမြောက်ရန်အတွက် အဂ္ဂိရတ် မဟာဆရာသခင် ဖီနိုအီရာအား ထိုပုံကြမ်းကို အစိမ်းရောင်တံဆိပ်ပြားနှင့်အတူ ပေးအပ်ရန် တာဝန်ပေးခဲ့သည်။
ထိုအချိန်က ချန်လွေ့ သဘောတူခဲ့ခြင်းမှာ တောင်နေလူပုများ၏ အကောင်းမြင်မှုကို ရရှိစေရုံသာမက သင်ကြားမှုတစ်ခုခုသို့မဟုတ် ဉာဏ်အလင်း တစ်ခုခု ရရှိရန်အတွက် နတ်သူငယ်မျိုးနွယ်စု၏ အဂ္ဂိရတ်မဟာဆရာသခင် ဖီနိုအီရာကိုလည်း မြင်တွေ့ချင်၍လည်း ဖြစ်သည်။ ထိုအရာက သူ၏ အဂ္ဂိရတ်ပညာများကို တိုးမြှင့်ရန် အတွက်သာ မဟုတ်ပေ။ အရေးကြီးဆုံးမှာ ဆရာဖြစ်သူ ထယ်တင်းနစ်နှင့် ထိုဆာမန်တို့ကြားမှ သူသေကိုယ်သေ တိုက်ပွဲအတွက် ဖြစ်၏။
အကယ်၍ ချန်လွေ့က မဟာဆရာသခင် ဖြစ်နိုင်လျှင် သို့မဟုတ် မဟာဆရာသခင်၏ ဉာဏ်အလင်းများကို ပြန်ယူလာပြီး ထယ်တင်းနစ်ကို အဆင့်တက်နိုင်အောင် ပြုလုပ်ခဲ့လျှင် သေချာပေါက် ရှုံးနိမ့်းမည့်ပြိုင်ပွဲက အနိုင်ရနိုင်ချေ ရှိလာမည် ဖြစ်သည်။
ထို့ကြောင့် နောက်ထပ် ခရီးစဉ်တွင် ရှင်းလင်းသော ပန်းတိုင်တစ်ခု ရှိနေ၏။ ထိုနေရာက နတ်သူငယ်မျိုးနွယ်စု၏ ကျောက်စိမ်းသစ်တောပင်လယ်ပင် ဖြစ်လေ၏။