ဥပေါက်ခြင်း
Vol. 44 Ch. 687
သိဒ္ဓိအလင်းတောင် သိဒ္ဓိကောင်းချီးခန်းမဝယ် -
“အမှိုက်ကောင်တွေ.....” အစ်ဇ်ရိုယူးက အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ပထမတစ်ခေါက်က သိဒ္ဓိတပည့်လေးယောက်မှာ နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရပြီးတော့ နှစ်ယောက် သေသွားခဲ့တယ်။ ဒုတိယတစ်ခေါက်ကတော့ သိဒ္ဓိတပည့်ရှစ်ယောက်က အရူးလုပ်တာ ခံခဲ့ရတယ်။ သူတို့က အဆုံးမှာတောင် ရန်သူကို မထိနိုင်ခဲ့ဘူး။”
သိဒ္ဓိမိန်းမပျို ယူဒိုရာနှင့် ဂိုဏ်းချုပ် ပါစ်မီရာတို့က ခေါင်းကို ငုံ့ထားပြီး ဘာမှ မပြောခဲ့ကြပေ။ ကြေးမုံကြည်လင်မြို့၌ ကရကဋ် သိဒ္ဓိတပည့် မူရက်ဗ်နှင့် ကုံ သိဒ္ဓိတပည့် ကိုလီနာတို့ သေဆုံးသွားခဲ့ကြပြီး မကရ သိဒ္ဓိတပည့် ခလာ့ခ်နှင့် ဗြိစ္ဆာ သိဒ္ဓိတပည့် အေပရယ်တိူ့က အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ဂိုဏ်းအုပ်အချုပ် ဖေးလ် သေဆုံးသွားသော သတင်းက လိုယာအင်ပါယာ၏ ကျောင်းတော်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေသည်။ သိဒ္ဓိအလင်းတောင်က ထိုလျို့ဝှက်ဆန်းကြယ်သော ရန်သူ၏စွမ်းအားကို ပြန်လည် သတ်မှတ်ရတော့မည် ဖြစ်သည်။
ဗန်တီစ်က ကျန်ရှိသော သိဒ္ဓိတပည့်ရှစ်ယောက်ကို ကြေးမုံကြည်လင်မြို့သို့ ဆင့်ခေါ်ပြီး အသင့်နေခိုင်းထားကာ သိဒ္ဓိအလင်းတောင်၏ အာဏာကိုသုံးကာ အင်ပါယာများ၏ [ တယ်လီပို့ လမ်းကြောင်း ] ကို အသုံးပြုခဲ့သည်။ သူတို့က တယ်လီပို့လမ်းကြောင်းကို အသုံးပြုပြီး ရန်သူ၏ တည်နေရာသို့ အချိန်မရွေး အမြန်သွားရောက်ရန် အသင့်ဖြစ်နေခဲ့ကြသည်။ သိဒ္ဓိတပည့် ရှစ်ယောက်က နောက်ဆုံးတွင် အစ်ဇ်ရိုယူး၏ [ ကောင်းကင်ထောက်လှမ်းခြင်း ] မှတစ်ဆင့် သတင်းအချက်အလက် ရရှိသွားပြီး လိုယာအင်ပါယာရှိ ပါလာမြို့၌ အလစ်တိုက်ခိုက်ရန် ပြင်ဆင်သည်။ သို့ရာတွင် ရန်သူက လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွား၏။
တစ်မြို့လုံးကို ကျောင်းတော်က ချိပ်ပိတ်ပြီး အတွင်းအပြင် ရှာဖွေသော်လည်း ဘာကိုမှ မတွေ့ခဲ့ရပေ။
“ဆာ-အစ်ဇ်ရိုယူး။ ဒေါသကို ထိန်းပါဦး။” ပုပ်ရဟန်းမင်း ဗန်တီစ်က ပြောသည်။ “ရန်သူက ဉာဏ်များပေမဲ့ ယေဘုယျ ဦးတည်ချက်ကတော့ အရှေ့ဘက်ကိုပဲ။ သူက အဝေးကြီး မရောက်နိုင်သေးပါဘူး။ ဆာ။ သူ ဘယ်ရောက်နေလဲဆိုတာကို ရှာဖို့အတွက် [ ကောင်းကင် ထောက်လှမ်းခြင်း ] ကို အသုံးပြုပေးပါ။”
အစ်ဇ်ရိုယူးက လက်ကိုလှန်လိုက်ရာ သွေးနီရောင်ပုတီးတစ်လုံး ပြန်ပေါ်လာသည်။ မူလက အနီရောင်ရင့်ဖြစ်နေရာက အနီရောင်ဖျော့သွားပြီး အချိန်မရွေး ပျောက်ကွယ်တော့မည့်အလား အလွန်အမင်း ပါးလွှာလာခဲ့သည်။ “[ကောင်းကင်ထောက်လှမ်းခြင်း]က နောက်ဆုံးတစ်ကြိမ်ပဲ အသက်သွင်းလို့ ရတော့မယ်။ ဒါကို လွယ်လွယ်နဲ့ အလကား အဖြစ်ခံလို့ မရဘူး။ နှင်းဒဲလက်ပန်းက အဲဒီကောင်ရဲ့ လက်ထဲမှာ ရှိနေလောက်သေးတယ်။ ကြည့်ရတာ ငါကိုယ်တိုင် လှုပ်ရှားရတော့မယ့်ပုံပဲ။”
ဗန်တီစ်က အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ဆာကိုယ်တိုင် လှုပ်ရှားမယ် ဆိုရင်တော့ ဒီရန်သူကို သေချာပေါက် အလဲထိုးနိုင်မှာပါ။ အောင်မြင်ပါစေလို့ ကြိုပြီးတော့ ဆုတောင်းပါတယ်။”
“ဒါပေါ့။” အစ်ဇ်ရိုယူးက ဂုဏ်ယူလျက် ပြောသည်။ “ငါ့ကို ဆာ-ရာဖယ်ရယ် ပေးထားတဲ့ အဆောင်ပစ္စည်းစွမ်းအားနဲ့ ပေါင်းစပ်ဖို့ အချိန်လိုသေးတယ်။ အရင်ဆုံး လိုယာအင်ပါယာရဲ့ နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားဖို့ အမိန့်ပေးလိုက်။ ပြီးရင် သိဒ္ဓိတပည့်တွေက ပါလာမြို့မှာ ယာယီ နေရမယ်။ လမ်းမရှုပ်စေနဲ့။ ငါ ပေါင်းစည်းခြင်း ပြီးတော့ အရှေ့ဘက်နယ်မြေကို ရောက်လာတဲ့ အချိန်ကျရင် သူ့ကို အာရုံခံဖို့အတွက် [ ကောင်းကင်ထောက်လှမ်းခြင်း ] ကို အသုံးပြုမယ်။ သူက ဘယ်လောက်ပဲ ဉာဏ်များပါစေ၊ ငါ့ဆီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ကျောင်းတော်မှ လူများက ချန်လွေ့သည် ထိုအချိန်၌ လိုယာအင်ပါယာ၌ စိုးရိမ်တကြီး မဖြစ်နေကြောင်း မသိခဲ့ကြပေ။ သူက [ တယ်လီပို့လမ်းကြောင်း ] မှတစ်ဆင့် ကြယ်အလင်း အင်ပါယာသို့ လာခဲ့သည်။ သူက ပထမဆုံးအနေဖြင့် တယ်လီပို့အမှတ်ကို ကြေးမုံကြည်လင်မြို့၌ အသုံးပြုပြီး ကြယ်အလင်းအင်ပါယာ ဗီးနပ်စ်မြို့သို့ ရောက်လာခဲ့သည်။ ထို့နောက် သူက ဗီးနပ်စ်မြို့၌ ကြယ်အမှတ်တစ်ခု ထားခဲ့ကာ ကြေးမုံကြည်လင်မြို့သို့ ပြန်လာသည်။ သူက ပါလာမြို့သို့ တစ်လျှောက်လုံး သွားခဲ့သည်။ သိဒ္ဓိတပည့်များက အမှန်တကယ်ပင် အရူးလုပ် ခံခဲ့ရလေသည်။ သူတို့က အင်အားစုစည်းပြီး ချန်လွေ့ကို ဝိုင်းရံလိုက်ချိန်၌ သူက [ ကြယ်ဂိတ် ] ဖြင့် ကြယ်အလင်းအင်ပါယာသို့ ပြန်သွားကာ မျက်နှာကို ပြောင်းလဲပြီး ဗီးနပ်စ်မြို့ရှိ ကျောင်းတောင် ဂိတ်တံခါး၌ ပြောင်ပြောင်တင်းတင်း လျှောက်သွားနေတော့သည်။ မည်သူမှ သူ့ကို အာရုံမစိုက်ခဲ့ကြပေ။
အစ်ဇ်ရိုယူးက [ ကောင်းကင်ထောက်လှမ်းခြင်း ] ကို အကြိမ်မည်မျှ အသုံးပြုခဲ့ကြောင်း ချန်လွေ့ အတိအကျ မသိပေ။ သို့သော် ထိုကဲ့သို့ ဝိုင်းရံခြင်းကို ကြည့်ရမည်ဆိုလျှင် အနည်းဆုံး တစ်ခေါက် အသုံးပြုပြီးသွားလေပြီ။ နောက်တစ်ခါ သုံးပြီးသည်နှင့် ကြားခံပစ္စည်းက ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် နောက်ထပ်တစ်လ အချိန်ဆွဲပြီး နတ်ဆိုးဘုံသို့ တစ်ခါတည်း ပြန်၍ ရနိုင်သည်။ ချန်လွေ့က အစ်ဇ်ရိုယူး၌ နတ်ဆိုးဘုံအထိ လိုက်နိုင်ရန် စွမ်းရည်ရှိလိမ့်မည်ဟု မယုံကြည်ပေ။ သူက [ ကောင်းကင်ထောက်လှမ်းခြင်း ] ကို အသုံးပြုပြီး A- အဆင့် နေရာလွတ်ကို ဖြတ်ပြီး မြင်နိုင်သော်လည်း စိုက်ကြည့်ရုံသာ ကြည့်နိုင်မည် ဖြစ်သည်။
ချန်လွေ့က ကြယ်အလင်းအင်ပါယာ တောင်ဘက်ရှိ ကြယ်ပြာမြို့သို့ သွားနေသည်။ ကျောင်းတော်မှလူများကို အချိန်ဆွဲနေသည့်အပြင် ထိုခရီး၌ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိသည်။ ထိုအရာက ကြယ်ပြာမြို့ ဆိပ်ကမ်းမှ ထွက်ခွာပြီး ရေခဲပင်လယ်ကို ဖြတ်ကျော်ကာ နတ်သူငယ်မျိုးနွယ်စု တည်ရှိရာ ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားရောက်ရန်ပင်။
နတ်ဆိုးဘုံသို့ မပြန်ခင် သူက နတ်သူငယ်မျိုးနွယ်စုမှ မဟာဆရာသခင် ဖီနိုအီရာထံ သွားလည်ရန် လိုအပ်ပေသည်။
ကြေးမုံကြယ်လင်မြို့ ပထမဆုံးတိုက်ပွဲ၌ ချန်လွေ့က မမျှော်လင့်ဘဲနှင့် ဂိုဏ်းအုပ်အချုပ် ဖေးလ်ထံမှ မီးစွမ်းအင် အများအပြားကို လက်ခံရရှိခဲ့သည်။ သင်းအုပ်ဆရာ ခလိုင်ဒီက အရည်အသွေးမြင့်မားသော မီးဒြပ်စင်သလင်းကျောက်များကို လာဘ်ထိုးခဲ့ရုံသာမက မီးဒြပ်စင် လေ့ကျင့်ခြင်းကို အထူးပြုသော ဖေးလ်တွင်လည်း မီးဒြပ်စင်သလင်းကျောက်များ အများအပြား ရှိနေခဲ့သည်။ ထိုထဲတွင် မီးအမြုတေကျောက်စိမ်းနှင့် ဖန်ကျောက်နီတို့လည်း ပါဝင်ပြီး ထိုအရာများက မီးတောက်နှလုံးသား ကျောက်တုံးထက် အရည်အသွေး မနိမ့်ကျပေ။ မီးတောက်နှလုံးသား ကျောက်ပုတီးကြိုးအား အမှတ်တရအဖြစ် ချန်ထားလိုက်ပြီး ချန်လွေ့က ကျန်ရှိသော အရာများကို ဇာမဏီငှက်ဥရှိရာ နေရာလွတ်လက်စွပ်ထဲသို့ သိပ်ထည့်ထားလိုက်၏။
နောက်ပိုင်းနေ့ရက်များ၌ ဇာမဏီငှက်ဥက နေရာလွတ်လက်စွပ်ထဲ၌ ငြိမ်ငြိမ်နေနေပြီး မီးသလင်းကျောက်များကို အေးအေးဆေးဆေး စားသုံးနေကာ ပြဿနာ မရှာခဲ့ပေ။ ထိုကဲ့သို့ တိတ်ဆိတ်မှုက ရေခဲပင်လယ်၏ မြေပုံကို ချန်လွေ့ မယူလာခင်အထိ ဆက်လက်တည်ရှိ နေခဲ့သည်။ သူက တတိယမြောက်နေ့တွင် ပင်လယ်ပြာဆိပ်ကမ်းမှ ထွက်သွားခဲ့ပြီး ထိုနေ့က အသူရာ အသက်ပြန်ရှင်လာသော ဒုတိယမြောက်နေ့လည်း ဖြစ်ပေသည်။
အသူရာက သိဒ္ဓိအလင်းတောင်ထိပ်၌ အလင်းနတ်ဘုရားကျောင်းစွမ်းအားကြောင့် ချေမှုန်းခံလိုက်ရသည်။ ချန်လွေ့က အရှိန်အဝါ အများအပြား အသုံးပြုပြီးနောက် သူက နောက်ဆုံးတွင် ပြန်လည် မွေးဖွားလာခဲ့သည်။ အသူရာနှင့် ချန်လွေ့၏ ကိုယ်ပိုင် အစွမ်းဖြင့်ဆိုလျှင် သူက သိဒ္ဓိတပည့်ရှစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရသည့်တိုင် အလွယ်တကူ ထွက်ပြေးနိုင်မည် ဖြစ်သည်။ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လို့တော့ ရနိုင်လောက်တယ်။ ဒါပေမဲ့ ငါ သွေးစက်တွေဖြစ်ဖြစ် တစ်ခုခု ကျန်ခဲ့မယ်ဆိုရင်တော့ အဲဒီ “ထူးဆန်းတဲ့မျက်လုံး”က ရသွားရင် ပြဿနာတက်လိမ့်မယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီလိုမျိုး စောင့်ကြည့်စွမ်းရည်နဲ့ဆို ငါက နတ်ဆိုးဘုံ ပြန်ရောက်ရင် “အိပ်ယာ”ပေါ်မှာ ထောက်လှမ်းခံရလို့ကတော့ ကြီးကြီးမားမား ဆုံးရှုံးရမှာပဲ။
နာမည်အတိုင်းပင် ရေခဲပင်လယ်၏ ရေအပူချိန်က အတော်လေး နိမ့်ကျလှသည်။ ပင်လယ်နေရာရှိ ကျွန်းများပေါ်၌ ရေခဲစိုင် အများအပြား ရှိနေသည်။ ထူးဆန်းသည်က သုညဒီဂရီ အောက်ရှိနေသော ရေမျက်နှာပြင်က ခဲမနေသည့်အတွက် မိစ္ဆာထောင်ခြောက်သင်္ဘောအတွက် သွားလာရန် လွယ်ကူနေခြင်းပင်။ လှုပ်ရှားနေသော သတ္တဝါ အများအပြား ရှိနေပြီး အထူးသဖြင့် တောရိုင်းငန်းများနှင့် တူနေသော ငွေငါးပျံများက ရေပေါ်၌ လေဟုန်စီးနေကြလေသည်။ ၎င်းက အတော်လေးကို ရင်သပ်ရှုမောဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
ချန်လွေ့က ရေခဲပင်လယ်၏ အံ့သြဖွယ်ရာများကို ငေးမောကြည့်နေရင်း လက်စွပ်က ရုတ်တရက် အပြင်းအထန် တုန်ခါလာသည်ကို ခံစားမိလိုက်သည်။ သူက မီးဒြပ်စင် သလင်းကျောက်များ ကုန်သွားပြီဟု တွေးမိလိုက်ပြီးနောက် စိတ်ဖြင့် အလျင်အမြန် ရှာဖွေ ကြည့်လိုက်ရာ မီးဒြပ်စင်သလင်းကျောက် အများစု ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သို့သော် မနေ့ကတည်းက ကုန်ခမ်းနေပြီဖြစ်သော မီးဒြပ်စင်ကျောက်စိမ်းနှင့် အနီရောင်ဖန်ကျောက် ကဲ့သို့သော အရည်အသွေး အကောင်းစားများက ပျောက်ကွယ် သွားခဲ့သည်။ ဇာမဏီငှက်ဥက ကြီးကြီးမားမား တုန်ခါနေပြီး နေရာလွတ်လက်စွပ်က ပေါက်ကွဲထွက်တော့မည့် အန္တရာယ် ရှိလာသည်။ ထို့ကြောင့် ချန်လွေ့က ဥကို အလျင်အမြန် ထုတ်လိုက်သည်။
ဥကို ထုတ်လိုက်သည်နှင့် အနီးနားရှိ အေးစက်သော လေထုထဲ၌ ခြစ်ခြစ်တောက် အပူရှိန်တစ်ခုကို ခံစားလိုက်ရသည်။ အဝေးမှ ငွေရောင် ငါးပျံများကလည်း ကြောက်မက်ဖွယ်ရာ တစ်ခုခုကို ခံစားလိုက်ရပြီး ထိတ်လန့်စွာဖြင့် ထွက်ပြေးသွားတော့သည်။
အနီဖျော့ဖျော့ ဇာမဏီငှက်ဥက ကြက်သွေးရောင်ပြောင်းလာပြီး ကြောက်မက်ဖွယ်ရာ အပူလှိုင်းတစ်ခု ထုတ်လွှတ်လိုက်၏။ အနီးအနားရှိ ရွက်များက စတင် မီးတောက်လာသည်။ ချန်လွေ့ ထိတ်လန့်သွား၏။ သူက အလျင်အမြန်ပင် သဲလူသားများအား သင်္ဘောမှ ရွက်များကို သိမ်းခိုင်းလိုက်သည်။ ထို့အပြင် သင်္ဘောကလည်း အလျင်အမြန် အပူရှိန် တိုးလားသည်။ ကံကောင်းစွာဖြင့် သင်္ဘောကို ပြုလုပ်ထားသော ကုန်ကြမ်းများက ထူးခြားလှသည့်အတွက် ကျန်ရှိသော သင်္ဘောအစိတ်အပိုင်းများက မပူလာခဲ့ပေ။ အနီးအနားရှိ ရေခဲသဖွယ် ပင်လယ်ရေမှ အငွေ့အများအပြား ထွက်လာလေသည်။
ချန်လွေ့က ဇာမဏီငှက်ဥမှ ထုတ်လွှတ်သော အားကောင်းသည့် အသက်ဓာတ် တစ်ခုကို အာရုံခံမိသည်။ ၎င်းက ဥပေါက်တော့မည် ဖြစ်လောက်သည်။ သူက အလျင်အမြန်ပင် သဲလူသားများအား အရေးပေါ် မှော်သလင်းကျောက်စွမ်းအား ဒုံးစက်ကို အပြည့်အဝ အသက်သွင်းကာ အနီးဆုံးရေခဲကျွန်းဆီသို့ မောင်းခိုင်းသည်။
အကယ်၍ အနီးအနား၌ တစ်ယောက်ယောက်သာ ရှိနေလျှင် သင်္ဘောကြီးတစ်စင်းက အငွေ့အများအပြား ထွက်နေရင်း မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရှေ့ဆက်သွားနေသည်ကို မြင်ရမည် ဖြစ်သည်။ သင်္ဘောဖြတ်သွားသော ရေထဲ၌ ငါးအများအပြားက ဗိုက်ဖြူပြီး ပေါလောပေါ်လာကြသည်။
ဇာမဏီငှက်ဥ၏ အပူရှိန်က မြင့်တက်လာနေဆဲ ဖြစ်သည်။ ချန်လွေ့ကပင် အကာအကွယ် အတွက် စွမ်းအားကို သုံးရတော့သည်။ သင်္ဘောက အနီရောင်သမ်းလာပြီး သဲလူသားများ၏ ခြောက်ကပ်ကပ် ခန္ဓာကိုယ်ကလည်း ပြိုလဲလုမတတ် ဖြစ်လာသည်။ ကြည့်ရသည်မှာ သူတို့က တောင့်မခံထားနိုင်တော့ပေ။
ချန်လွေ့က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး သဲလူသားများကို သဲကျောက်တုံး အမြုတေထဲ ချက်ချင်း သိမ်းထားလိုက်ကာ မိစ္ဆာထောင်ခြောက်သင်္ဘောအား သိုလှောင်ဂိုဒေါင်ထဲသို့ ထည့်ထားလိုက်သည်။ သူက ကြောက်မက်ဖွယ်ရာ အပူရှိန် ထုတ်လွှတ်နေသော ဇာမဏီငှက်ဥကို ကိုင်ထားရင်း ရေခဲကျွန်းဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
အလင်းတန်းများ ခဏကြာ ပျံသန်းသွားပြီးနောက် [ အသံဗုံး ] တစ်ခု ထွက်ပေါ်လာကာ သူက ရေခဲကျွန်းပေါ် ရောက်လာခဲ့သည်။ သူ ဖြတ်သွားသော နေရာတိုင်း နှစ်ထောင်ပေါင်းများစွာ အရည်မပျော်ခဲ့သော ရေခဲများ အရည်ပျော်သွား၏။ ချန်လွေ့ကိုယ်တိုင်ပင် ထိုကဲ့သို့ အပူရှိန်ကို မခံနိုင်တော့ပေ။
သူက ဇာမဏီငှက်ဥကို မြေပေါ်၌ တင်ထားတော့မည့် အချိန်၌ မမျှော်လင့်ဘဲနှင့် ဥထံမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး သူ့လက်နှင့် ကပ်နေခဲ့သည်။ ထိုအရာက ပိုမိုအားကောင်းလာပြီး ချန်လွေ့၏ ခန္ဓာကိုယ်မှ စွမ်းအားများကို [ ကြယ်ဝါးမျိုခြင်း ] ကဲ့သို့ပင် စုပ်ယူနေခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ်က စုပ်ယူခြင်းမှ ရုန်းထွက်ချင်သော်လည်း ဇာမဏီငှက်ဥ၏ ထူးဆန်းသော စိတ်အခြေအနေ လှုပ်ရှားမှုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူက ၎င်းမှာ ဥမပေါက်ခင် ဇာမဏီငှက်ဥအတွက် စွမ်းအင်စုဆောင်းခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ထိုအချိန်၌ သူသည် မခုခံဘဲ ပြင်းထန်လှသော အပူရှိန်ကို တောင့်ခံထားနေခဲ့သည်။
အပူရှိန်က မြင့်သထက် မြင့်လာပြီး လေထုကလည်း မီးဒြပ်စင်များ ပြည့်နှက်လာကာ ဇာမဏီငှက်ဥက မီးတောက်ဖျော့ဖျော့တစ်ခု တောက်လာသည်။ မီးတောက်များက ဖျပ်ခနဲ ပျောက်သွားပြီး မှိန်သွားခဲ့သည်။ ၎င်းက သာမန်သာ ထင်ရသော်လည်း အလွန်အမင်း ကြောက်စရာကောင်းသော အပူရှိန် ပါရှိနေသည်။ ချန်လွေ့၏ အရေပြားက ၎င်းကို မခံနိုင်တော့ဘဲ နီရဲကာ အရည်ကြည်ထလာသည်။ သူ၏ဆံပင်ကလည်း ညှော်နံ့ထွက်လာ၏။ [ မှော်-ဆန့်ကျင် ] နှင့် အလိုလိုကုသနိုင်သော ခန္ဓာအမျိုးအစားကြောင့်သာ မဟုတ်လျှင် သူက ထိုကဲ့သို့ အနီးကပ် နေရုံဖြင့် မီးသွေးတုံး ဖြစ်သွားပေလိမ့်မည်။
ချန်လွေ့က စိတ်ကို စေစားလိုက်ရာ မီးတောက်နက်တစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်၌ ကျွမ်းလောင်လာသည်။ ထိုအရာက နိဗ္ဗာန်မီးတောက် ဖြစ်၏။
နိဗ္ဗာန်မီးတောက် ပေါ်ထွက်လာသည်နှင့် လောင်ကျွမ်းသွားသော အစိတ်အပိုင်းများက တဖြည်းဖြည်း ပြန်ကောင်းလာပြီး ဇာမဏီငှက်က မီးတောက်က ခြစ်ခြစ်တောက် ဖြစ်လာကာ နိဗ္ဗာန်မီးတောက်နှင့် တသားတည်း ဖြစ်သွားတော့သည်။ ထိုအရာက ချန်လွေ့ကို အတူတူ ချိတ်ဆက်သော ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့ပြီး ချန်လွေ့က ထိုကဲ့သို့ မြင့်မားသော အပူရှိန်ကို အမှန်တကယ်ပင် ဖြည်းဖြည်းချင်း အသားကျလာခဲ့သည်။
ဇာမဏီငှက်ဥထံမှ “ဒုတ် ဒုတ်”အသံ ထွက်ပေါ်လာသည်။ အတွင်းထဲမှ တစ်ခုခု ထိုးနေဟန်တူပြီး နောက်ဆုံး၌ အက်ကြောင်းတစ်ခု ဖြစ်လာ၏။ ချွန်ထက်သော ပါးစပ်သေးသေးလေး၏ အားထုတ်မှုကြောင့် အက်ကြောင်းက တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ ထို့နောက် ဥခွံတစ်ခုလုံး ပွင့်ထွက်သွားတော့သည်။
ကြည်လင်ပြတ်သားသော ဇာမဏီငှက်၏ ပကျိပကျိအသံ ထွက်ပေါ်လာသည်။ ချန်လွေ့က အလွန်ကြီးမားသော မီးဇာမဏီငှက် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ပင် မီးတောက်ပင်လယ် တစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။ ၁၀ကီလိုမီတာ အဝန်းအဝိုင်းအတွင်း ရေခဲနှင့် နှင်းများက အရည်အဖြစ်သို့ ချက်ချင်း ပျော်ကျသွားပြီးနောက် အလျင်အမြန် အငွေ့ပျံသွားခဲ့သည်။
ဇာမဏီငှက်၏ ပုံရိပ်ယောင်များနှင့် မီးတောက်များ တဖြည်းဖြည်း ကွယ်ပျောက် သွားပြီးနောက် အပူရှိန်ကလည်း ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း ပြန်ဖြစ်သွားသည်။ ချန်လွေ့၏ လက်ထဲ၌ ပေါ်ထွက်လာသည်မှာ အနီရောင် ငှက်ငယ်လေးတစ်ကောင် ဖြစ်၏။
ထိုငှက်ငယ်လေးက မွေးကင်းစ ကြက်ပေါက်တစ်ကောင်နှင့် အရွယ်အစား အတူတူပင် ဖြစ်ပြီး အမွှေးပွပွ မီးတောက်အနီရောင် ငှက်တောင်များနှင့် ဖုံးလွှမ်းထားသည်။ ၎င်းက အတော်လေး ချစ်စရာကောင်းလှသည်။ သို့သော်လည်း မည်သည့်နေရာကမှ ဇာမဏီငှက် တစ်ကောင်နှင့် မတူနေပေ။
ငှက်ငယ်လေး၏ ပိတ်ထားသော မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ၎င်းတို့က ပြင်ပအလင်းရောင်နှင့် အသားမကျသေးပုံရသည်။ ၎င်း၏ မျက်ဆံများက ရွှေရောင်ဖျော့ဖျော့ ဖြစ်နေသည်ကို မြင်နိုင်ပြီး ဥခွံပေါ်မှ ချွဲကျိများက ချန်လွေ့၏ လက်ထဲမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားခဲ့သည်။ မူလက လောင်ကျွမ်းရာများနှင့် အရေပြားတို့က မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်ကောင်းသွားခဲ့လေသည်။
မျိုးနွယ် - ဇာမဏီ။
စွမ်းအားအကဲဖြတ်မှု - A-
ခန္ဓာအမျိုးအစား - A
ခွန်အား - A-
စိတ်ဝိညာဉ် - A
အမြန်နှုန်း - A-
ဂုဏ်သတ္တိ - မီးဂုဏ်သတ္တိ။ နိဗ္ဗာန်။
ဇာမဏီငှက် ဆိုသည်အတိုင်းပင် ၎င်းက မွေးလာကတည်းက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ရှိနေပြီ ဖြစ်သည်။ အရွယ်ရောက်လာသည့်အခါ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိရန်သာ သေချာပေါက် ပြဿနာ မဟုတ်နိုင်ပေ။
အနီရောင် ငှက်ငယ်လေးက ချန်လွေ့ကို မြင်လိုက်ပြီးနောက် နားထဲ သာယာဖွယ်ဖြစ်သော ပကျိပကျိ အသံများ ပြုလုပ်လိုက်၏။ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ ထိုအရာက ကလေးမလေး၏ မရင့်ကျက်သောအသံ ဖြစ်လာခဲ့သည်။ “မေမေ...”
မွေးကင်းစ တိရစ္ဆာန်အများအပြားတွင် အထူးသဖြင့် ငှက်များက ပထမဆုံး မြင်ရသော သတ္တဝါကို အမေအဖြစ် အလွယ်တကူ သတ်မှတ်ကြကြောင်း ချန်လွေ့ သိသည်။ သူက ခေါင်းကို ကုတ်ပြီး အမှန်ပြင်လိုက်သည်။ “ငါက မင်းရဲ့အမေ မဟုတ်ဘူး။”
“မေမေ...မေမေ....”
“ငါက....အဲ..ငါက မင်းရဲ့ ဖေဖေပါ။”
“သိပါပြီ။ မေမေ...”
“...”
ထိုဇာမဏီငှက်ငယ်လေးက လိမ္မာပြီး ချစ်စရာကောင်းကာ သဘောကျစရာ ဖြစ်သည်။ ချန်လွေ့က ၎င်းကို နတ်ဆိုးဘုံသို့ ပြန်ခေါ်သွားချင်သော်လည်း ကံဆိုးစွာပင် ၎င်းက ဥပေါက်သွားပြီး နေရာလွတ်ကိရိယာထဲ ထည့်၍ မရနိုင်တော့ပေ။ သူက သက်ပြင်းချလိုက်သည်။ “မင်းသာ ဥခွံထဲ ပြန်ဝင်နိုင်မယ်ဆိုရင်....”
“ဥခွံ..ဥခွံ...သိပါပြီ။ မေမေ....”
ဇာမဏီငှက်ငယ်လေးက ဥခွံဆီသို့ အမှန်တကယ်ပင် လမ်းလျှောက်သွားနေသည်။ ချန်လွေ့ အံ့အားသင့်သွား၏။ တကယ်ပဲ ဥခွံထဲကို ပြန်သွားနိုင်တာလား။
ဇာမဏီငှက်ငယ်လေးက ဥခွံကို အလျင်အမြန်ပင် စားပစ်လိုက်၏။