← Chapters

သိင်္ဂဿ

Vol. 44 Ch. 688

သိင်္ဂဿ

Vol. 44 Ch. 688

သုံးလေးရက်ကြာ ရက်လွှင့်ပြီးနောက် မိစ္ဆာထောင်ခြောက်သင်္ဘောက နောက်ဆုံးတွင် နေသောသော နံနက်ခင်းတစ်ခု၌ ကျောက်စိမ်းသစ်တောပငလယ် မြောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ကျောက်စိမ်းသစ်တောပင်လယ်က လူသားလောကရှိ အကျယ်ပြန့်ဆုံး သစ်တောနယ်မြေ တစ်ခုဖြစ်ပြီး ကျက်သရေပြာအင်ပါယာ၏ ပိုင်နက် သုံးပုံတစ်ပုံကို လွှမ်းမိုးထားလေသည်။ ကျက်သရေပြာအင်ပါယာ၏ အာဏာနှင့် နတ်သူငယ်မျိုးနွယ်စုကိုယ်တိုင်တို့၏ စွမ်းအားကြောင့် ကျောက်စိမ်းသစ်တောပင်လယ်က လူသားလောက၌ တစ်ခုတည်းသော နတ်သူငယ်တိုင်းပြည် ဖြစ်နေခဲ့သည်။ ထိုနေရာမှ နတ်သူငယ်တစ်ယောက်ကို ဖမ်းဆီးရဲသူက ကျက်သရေပြာ အင်ပါယာ၏ ရန်သူအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်ပြီး အပြင်းထန်ဆုံး အပြစ်ပေးမှုကိုလည်း လက်ခံရရှိမည်ဖြစ်သည်။

မှော်အင်ပါယာဟု လူသိများသော ကျက်သရေပြာအင်ပါယာက သိဒ္ဓိတိုင်းပြည်နှစ်ခုထဲမှ တစ်ခု ဖြစ်သည်။ ၎င်းတွင် ခေတ်အမီဆုံး မှော်အဖွဲ့အစည်းနှင့် မှော်စွမ်းအားများ ရှိကြသည်။ နတ်သူငယ်မျိုးနွယ်စု၏ ထောက်ပံ့ပေးမှုအပြင် ဧရာမနဂါးများ ထောက်ပံ့ပေးနေသော နဂါးလင်းလက်အင်ပါယာကို ဟန့်တားနိုင်သည်အထိ လုံလောက်သည့် ကြီးစွာသော အင်အားလည်း ရှိနေသည်။

ချန်လွေ့၏ ပုခုံးပေါ်၌ အနီရောင် ငှက်ငယ်လေးတစ်ကောင် ရှိနေ၏။ မရင့်ကျက်သော တောင်ပံများမှလွဲ၍ ကျန်ရှိသည်များက အမွှေးပွဖြစ်နေသည်။ ၎င်းက တီတီတာတာ လုပ်နေရင်း ချန်လွေ့၏ ခေါင်းပေါ်၌ ရံဖန်ရံခါ ခုန်ပေါက်နေခဲ့လေသည်။

ဇာမဏီငှက်ငယ်လေးက မွေးကတည်းက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သော်လည်း ၎င်းတွင် [ အသက်အောင့် ] စွမ်းရည်နဲ့ဆင်တူသော အရာတစ်ခု ရှိပုံရသည်။ ၎င်းက အပေါ်ယံ၌ အနိမ့်ဆင့် နတ်ဆိုး အဆင့်သာ ပြသနေသည်။ အသွင်အပြင်နှင့် စွမ်းအားအရ ၎င်းသည် ချစ်စရာ အိမ်မွေးငှက်‌လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဒဏ္ဍာရီထဲမှ အစွမ်းအထက်ဆုံး နတ်ဆိုးသားရဲဖြစ်သည့် “ဇာမဏီငှက်”နှင့် လုံးဝ မကိုက်ညီနေပေ။

“ဖေဖေ...ဖေဖေ...” ယခင်နေ့ရက်များ၌ ချန်လွေ့၏ အပတ်တကုန် အမှန်ပြင်မှုများကြောင့် ဇာမဏီငှက်ငယ်လေးက “မေမေ”ဟူသော စကားလုံးကို နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ထိုကလေးလေးက အတော်လေး ဆိုးလှ၏။ အိပ်ချန်မှလွဲ၍ ပြဿနာ ရှာတတ်သည်။ ချန်လွေ့က ထိုဇာမဏီငှက်ငယ်လေးအား သော်သော်ဟု နာမည်ပေးထားခဲ့သည်။ ထိုသူ၏ နာမည်မပေးတတ်မှုကို မပြောပါနှင့်တော့။ သူသည် မူလက အပျင်းတစ်ပြီး ၎င်းကို “အနီရောင် ငှက်ငယ်လေး” ဟုသာ ခေါ်ချင်နေခဲ့သည်။

(အိမ်တစ်အိမ်ရှိ မြင်းနက်လေးကတော့ ဒေါသတကြီးနှင့် မကျေနပ်စွာ ဟီနေလေပြီ....)

သော်သော်က ချန်လွေ့၏ ပုခုံးနှင့်ခေါင်းကို တက်လိုက်ဆင်းလိုက် လုပ်နေပြီး ဆံပင်များကို ဆွဲဆိတ်ကာ ခေါင်းပေါ်မှဆင်းလိုက် တခြားပုခုံးပေါ် ပြန်တက်လိုက် လုပ်နေခဲ့သည်။ “ဖေဖေ။ ဗိုက်ဆာပြီ။‌ လောက်လေးဂိမ်း ကစားချင်တယ်။”

လောက်လေးဂိမ်းဆိုသည်မှာ သီးသန့်ပြုလုပ်ထားသော လောက်လေးကြီးကိုယူပြီး ပစ်မှတ်အား ဇာမဏီငှက်လေးကို ကျည်ဆန်အဖြစ် ပစ်ရသော ကစားနည်း ဖြစ်သည်။ ပစ်မှတ်မှာ ဝက်ခေါင်းပုံစံ ထွင်းထားသော မီးသလင်းကျောက် ဖြစ်၏။

ဇာမဏီငှက်လေးက ဥမှပေါက်ခါစသာ ရှိသေးပြီး အပျံသိပ်မတော်သေးပေ။ သူက အဓိကအားဖြင့် လေဟုန်သာ စီးတတ်သည်။ ထိုဂိမ်းက ပျင်းစရာကောင်းပြီး မရိုးသားသော မွေးစားအဖေက “လေယာဉ်ပျံ ဗုံးပစ်လေ့ကျင့်ရေး”မှ ကူးထားခြင်း ဖြစ်သည်။ ပို၍ ပြောစရာစကား မဲ့စေသည်က မစ်-သော်သော်က ထိုဂိမ်းကို အတော်လေး ကြိုက်နေခြင်းပင်။ ၎င်းကို “အစာမစားခင်” တစ်ခေါက် ကစားရမည် ဖြစ်သည်။ ဝသည်အထိ ဆော့ပြီးတော့ သူက ဝက်ခေါင်း သလင်းကျောက်အား ရိုက်ပြီး စားတော့သည်။ ထို့ကြောင့် ထိုဂိမ်းကို “ဟန်းဂရီးဘတ်ဒ်” ဟူ၍လည်း ခေါ်နိုင်ပေသည်။

မစ်-သော်သော်က အစားကြီးသည်။ သူက အရာအားလုံး နီးပါးကို စားတတ်သည်။ ချန်လွေ့က အဖေတစ်ယောက် ဖြစ်ရခြင်း၏ အတွေ့အကြုံများကို လုံးဝ မသိရှိထားပေ။ မကျွေးရမည့် ကလေးစာများကို မွေးစားသမီး၏ ပါးစပ်ထဲသို့ ပစ်ထည့်တတ်သည်။ အဓိက စားစရာဖြစ်သော မီးဒြပ်စင်သလင်းကျောက်အပြင် ကြယ်စင်စု ဥယျာဉ်က ထုတ်လုပ်သော အရှိန်အဝါ သစ်သီးများနှင့် ချန်မိသားစုက ထုတ်လုပ်သော ကိတ်မုန့်၊ အချိုပွဲ စသည်တို့ကိုလည်း ဖြည့်စွက်စာအဖြစ် စားတတ်လေသည်။

“သော်သော်။ လိမ်လိမ်မာမာနေနော်။ သိပ်မကြာခင် ကမ်းကပ်တော့မယ်။ နောက်တစ်ခါမှ ကစားမယ်နော်။”

“ဖေဖေ။ မရဘူး။ အခုပဲ ကစားမယ်။ အခုပဲ ကစားမယ်။”

ထိုကလေးမလေးက အနည်းဆုံး တစ်နာရီ နှစ်နာရီခန့် စကားတတ်ကြောင်း ချန်လွေ့ သိသည်။ သူက မျက်လုံးလှန်လိုက်သည်။ “လှုပ်နေတဲ့ပစ်မှတ်ကို ပစ်တဲ့ဂိမ်း ကစားမလား။ အဲဒါက A- အဆင့် ခက်ခဲမှု ရှိတယ်။”

“ဟုတ်....”

သနားစရာ မီးဒြပ်စင်သလင်းကျောက် ဝက်ခေါင်းက မရိုးဖြောင့်သော မွေးစားအဖေ၏ ပစ်တင်ခြင်းကို ခံလိုက်ရပြီး ကမ်းခြေဘက်သို့ ရောက်ရှိသွားခဲ့သည်။ မွေးစားသမီးလေးက လောက်လေးမှ စိတ်လှုပ်ရှားစွာဖြင့် ပစ်လွှတ်လိုက်ပြီး ဝက်ခေါင်းကို ကျွမ်းကျင်စွာဖြင့် တိတိကျကျ ဆိတ်လိုက်သည်။ သင်္ဘောက ချောချောမွေ့မွေ့ ဆိုက်ရောက်သွားခဲ့၏။

ချန်လွေ့လည်း နတ်ဆိုးဘုံရှိ “သစ်တောပင်လယ်” အနည်းငယ်သို့ သွားခဲ့ဖူးသည်။ သို့သော် ကျောက်စိမ်းသစ်တောပင်လယ်သို့ ရောက်သောအခါ သူ ရောက်ခဲ့ဖူးသည်များက မြစ်များ၊ ချောင်းတက်များ ထက် မပိုကြောင်း သ‌ဘောပေါက်လိုက်သည်။ ထိုအရာက တကယ့်ပင်လယ် ဖြစ်ပေသည်။ သစ်တော ပင်လယ်။

စိမ်းလန်းစိုပြည်နေပြီး သစ်ရွက်များက နွေးထွေးသော နေရောင်ကို အလင်းတန်များအဖြစ် ဖြာထွက်နေစေသည်။ ပန်းများနှင့် သစ်ရွက်များ၏ လက်ဆတ်သော ရနံ့များက လေထဲတွင် ပြည့်နှက်နေပြီး အပင်များကလည်း စိတ်ဝိညာဉ်များ ရှိနေဟန်တူသည်။ ၎င်းတို့က အတော်လေး မြူးကြွနေပုံရသည်။ ထိုအရာက ယခင်က ထိုသစ်တောထဲ၌ ချန်လွေ့ လုံးဝ မမြင်ဖူးခဲ့သော အရာတစ်ခု ဖြစ်ပေသည်။

ချန်လွေ့က သတိလက်လွတ် မနေပေ။ ကျောက်စိမ်းသစ်တောပင်လယ်က ကျယ်ပြောလှ၏။ နတ်သူငယ်မျိုးနွယ်စုအပြင် အခြားသော မျိုးနွယ်များနှင့် သတ္တဝါများ များအပြား ရှိနေပြီး အချို့က အလွန်စွမ်းအားကြီးကာ အန္တရာယ်များသည်။ သူက ယခုတွင် အပြင်ဘက် နယ်မြေကိုသာ ရောက်နေသေးသော်လည်း သတိလွတ်၍ မရနိုင်ပေ။

ကျောက်စိမ်းသစ်တောပင်လယ်က မှော်မြေပုံကဲ့သို့ အရာများကို အနှောင့်အယှက် ဖြစ်စေနိုင်သော အထူးစွမ်းအားတစ်ခု ရှိနေသည်။ ကံကောင်းစွာပင် ချန်လွေ့တွင် [ အထူးစိစစ်မှု ] စွမ်းရည်ရှိနေ၏။ သူက လမ်းလျှောက်ပြီး လမ်းမ‌ပျောက်ရန်အတွက် သေသေချာချာ မှတ်တမ်း တင်နိုင်သည်။ ထို့နောက် သူက တောနက်ထဲသို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။

ဇာမဏီငှက်ငယ်‌လေးက မခုန်ပေါက်နေတော့ပေ။ သူက ချန်လွေ့၏ ပုခုံးပေါ်၌သာ နေနေပြီး သစ်တောထဲမှ အရာအားလုံးကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်နေတော့သည်။

ချန်လွေ့က ဖိအားအချို့ ထုတ်လွှတ်လိုက်ပြီး လမ်းတစ်လျှောက် ချဉ်းကပ်လာချင်သော မဖိတ်ခေါ်ထားသည့် ဧည့်သည်များကို‌ ခြောက်လွှတ်လိုက်သည်။ သို့သော်လည်း ကျောက်စိမ်း သစ်တောပင်လယ်က ကျယ်ပြန့်လွန်းလှသည်။ နံနက်ခင်း ကျောက်စိမ်းသစ်တောပင်လယ်သို့ ဝင်ရောက်ပြီး ယခု နေဝင်သည်အထိ နတ်သူငယ် အရိပ်အယောင်ကိုမှ မတွေ့ရသေးပေ။

အဝေးမှနေ၍ တောင်ခြေတစ်ခုတွင် ရေကန်ငယ်လေးတစ်ခုကို ရေးရေးလေး မြင်နေရပြီး တောအုပ်တိုင်းပြည်ထဲ၌ ကြေးမုံတစ်ခု မြှုပ်ထားသကဲ့သို့ ဖြစ်နေ၏။ သော်သော်က ရေကန်ကို မြင်လိုက်သည့်အခါ ရေသောက်ရန် ပူဆာသည်။ မည်သို့ပင်ဆိုစေကာမူ ယခုတွင် ချန်လွေ့က ဦးတည်ရာမဲ့ လျှောက်သွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဇာမဏီငှက်ငယ်လေးကို ယူပြီး ရေကန်ငယ်‌လေးဆီသို့ ပြေးသွားလိုက်၏။

ရေကန်နားသို့ ချဉ်းကပ်လာရင်း ချန်လွေ့၏ ခြေလှမ်းများ ရုတ်ချည်း ရပ်သွားခဲ့သည်။ အကြောင်းမှာ သူက အရင်ရောက်လာသော “ဧည့်သည်”တစ်ယောက် ရှိနေပြီး ရေသောက်နေကြောင်း မြင်လိုက်ရ၍ပင်။

ထိုဧည့်သည်က အဖြူရောင် မြင်းတစ်ကောင် ဖြစ်သည်။ သာမန်မြင်းများကဲ့သို့ မဟုတ်ဘဲ ထိုမြင်း၏ ဦးခေါင်းတွင် ငွေရောင်ချိုတစ်ချောင်း ရှိနေသည်။ ချန်လွေ့၏ အမြင်အာရုံဖြင့် ထိုချိုပေါ်၌ ခရုပတ်ပုံစံကွက်များကို ရေးရေးလေး မြင်နိုင်ပေသည်။

ချန်လွေ့က မည်သည့်ကိုမှ မသိသော လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သူက ထို “မြင်း”မှာ A အဆင့် သိင်္ဂဿဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

သိင်္ဂဿများက လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများရှိသည့် အမြင့်ဆင့် နတ်ဆိုးသားရဲ ဖြစ်သည်။ ၎င်းတို့၏ အားကောင်းသော ခန္ဓာကိုယ်နှင့် လေကဲ့သို့ အရှိန်များကြောင့် သူတို့က ကုန်းမြေစီးစရာများအားလုံးကို ကျော်လွှားနိုင်ကြသည်။ သိင်္ဂဿအများစုက [ မိုးကြိုး ] သခင်များ ဖြစ်ကြပြီး ရန်စလာသူများကို အပစ်ပေးရန်အတွက် [ မိုးကြိုး ] ကို အလွယ်တကူ ထုတ်လွှတ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအပြင် ထိုထက်မြက်သော ဦးချိုကလည်း အလင်းဒြပ်စင် မှော်အစွမ်း [ လျှပ်တပြက် ] ကဲ့သို့သော အမြင်ကွယ်သွားစေနိုင်သည့် အစွမ်းတစ်ခုကို ထုတ်လွှတ်နိုင်ပြီး လူအများကို မမြင်နိုင် ဖြစ်သွားစေနိုင်သည်။

သိင်္ဂဿက ငြိမ်းချမ်းမှုကို မြတ်နိုးသော သတ္တဝါတစ်မျိုးဖြစ်ပြီး ညင်သာသော စရိုက် ရှိသည်။ သို့ရာတွင် ၎င်းက မသိမ်မွေ့ပေ။ အားထားရသူ ဟူ၍ပင် သတ်မှတ်နိုင်သည်။ အသန့်စင်ဆုံး အပျိုစင်/လူပျိုများကသာ ၎င်းတို့၏ ရင်းနှီးမှုကို ရရှိနိုင်သည်ဟု ပြောကြသည်။ သူတို့က တောအုပ်ထဲ၌ လွတ်လွတ်လပ်လပ် လျှောက်သွားရသည်ကို မြတ်နိုင်းကြသော်လည်း အမှောင်သတ္တဝါများနှင့် အမှောင်စွမ်းအားကိုတော့ သဘာဝအလျောက် မုန်းတီးကြသည်။ သူတို့က သာမန်အဆိပ်နှင့် ကျိန်စာများပြီးသည်။ ရှေးမှတ်တမ်းများ၌ ၎င်းတို့ကို သိဒ္ဓိ ကိုယ်စားပြု ရုပ်ပုံများအဖြစ် ဖော်ကျူးတတ်ကြသည်။

သိင်္ဂဿများ၏ စွမ်အားနှင့် အမြန်နှုန်းကို ယှဉ်နိုင်သည့် တစ်ခုတည်းသော မြင်းအမျိုးအစား နတ်ဆိုးဆိုးသားရဲမှာ နတ်ဆိုးဘုံရှိ နတ်မိစ္ဆာသားရဲ ဖြစ်၏။ ချန်လွေ့တွင် တစ်ကောင် ရှိသည်။

သူ့ရှေ့တွင် ရှိနေသော သိင်္ဂဿက သိပ်ပြီး အရွယ်မရောက်သေးပုံရသည်။ ၎င်း၏ စွမ်းအားက နတ်ဆိုးဘုရင်အဆင့်သာ ရှိနေသည်။ သို့သော်လည်း ၎င်း၏ အခြေအနေက သိပ်ပြီး မကောင်းလှပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ သွေးကွက်အများအပြား ရှိနေပြီး အလွန်အမင်း ဒဏ်ရာရထားဟန်တူသည်။

ဒဏ္ဍာရီထဲက အတိုင်းဆိုရင် သိင်္ဂဿနဲ့ နတ်သူငယ်တွေရဲ့ ရင်းနှီးမှုက အတော်လေး နီးစပ်တယ်။ ဒီသိင်္ဂဿက နတ်သူငယ်တွေရဲ့ တည်နေရာကို ‌ရှာတွေ့နိုင်မယ့် သော့ချက်တစ်ခု ဖြစ်လာနိုင်တယ်။ ချန်လွေ့က စိတ်ကိုပြောင်းပြီး သိင်္ဂဿနှင့် ဆက်သွယ်စကားပြောရန် ရှေ့သို့ လှမ်းသွားလိုက်သည်။ သို့သော် မစ်-မွေးစားသမီးက “လောက်လေး”မပါဘဲ ပြေးဝင်သွားလိုက်ပြီ ဖြစ်သည်။ ထိုအရာက မရိုးဖြောင့်သော မွေးစားအဖေ၏ “အပျံ”သင်ကြားရေး၏ ရလာဒ် အတိအကျပင် ဖြစ်၏။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ၎င်းက ဇာမဏီငှက် ဖြစ်တော့မည်မဟုတ်ဘဲ လှံတံငှက် သို့မဟုတ် ရွှံ့ခုန်အဖြစ် ဆင့်ကဲပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့စဉ်းစားလိုက်မိပြီးနောက် ချန်လွေ့က နဖူးမှချွေးကို သုတ်လိုက်မိသည်။

မစ်-သော်သော်၏ ပစ်လွှတ်လိုက်သော သူရဲကောင်းသဖွယ် အမူအရာက အတော်လေး လှပသည်။ ထိုအရာက အမှန်တကယ်ပင် A- အဆင့် ခက်ခဲမှုရှိသော ကျွမ်းကျင်အဆင့်ပင် ဖြစ်သည်။ ကံဆိုးစွာပင် ပစ်လွှတ်မှု အရှိန်ကုန်ပြီးနောက် မဖွံ့ဖြိုးသေးသော ‌တောင်ပံများက တဖျပ်ဖျပ် ခပ်နေကာ တိမ်းစောင်းပျံသန်းနေပြီး ယခင်အမြင့်တိုင်း မရောက်‌တော့ပေ။ သို့သော် နောက်ဆုံး၌ သူက ရေကန်နားသို့ ရောက်လာခဲ့သည်။

ဇာမဏီငှက်ငယ်လေး ပေါ်ထွက်လာခြင်းက မနီးမဝေးမှ သိင်္ဂဿကို သတိထားသော အမူအရာ ဖြစ်သွားစေသည်။ မစ်-သော်သော် (သူနှင့်ယှဉ်လျှင်) အကောင်ကြီးကြီးကို အထင်သေးစွာဖြင့် ဖျပ်ခနဲ ကြည့်လိုက်သည်။ သူက သရုပ်ပြကာ နှစ်ခေါက် မြည်တွန်လိုက်ပြီး စတင်၍ ရေသောက်တော့သည်။

သိင်္ဂဿက သော်သော်ကို ခဏကြာ စိုက်ကြည့်လိုက်ပြီးနောက် သတိမထားနေပေ။ သို့သော်လည်း တစ်ချက်ချက် ကြည့်နေဆဲ ဖြစ်သည်။ ၎င်းက ရေအနည်းငယ် သောက်နေရင်း ဇာမဏီငှက်ငယ်လေးကို ကြည့်နေရသည်။

“ဖေဖေ။ သော်သော် အသီးစားချင်တယ်။”

ဇာမဏီငှက်ငယ်လေးက ခေါင်းလှည့်ကာ နှစ်ခေါက် မြည်တွန်လိုက်သည်။ ချန်လွေ့က အငွေ့အသက်ကို ဖုံးကွယ်ထားပြီး နောက်တွင် ပုန်းအောင်းချင်နေခဲ့သည်။ သူက ဇာမဏီငှက်လေးကို လျစ်လျူရှုထားလိုက်ပြီး နတ်သူငယ်မျိုးနွယ်စုကို ရှာဖွေရန်အတွက် အသင့်တော်ဆုံး နည်းလမ်းကို သိင်္ဂဿများ မည်သို့ မေးမြန်ရမည်ကို တွေးနေခဲ့သည်။ မစ်-သော်သော်က ပို၍ ထိန်းချုပ်၍မရနိုင်ဘဲ တွန်ကျူးနေတော့သည်။ ဖေဖေဖြစ်သူ မတုံ့ပြန်ကြောင်း မြင်သည့်အခါ သူက မြေပြင်ပေါ်၌ ထိုင်ချပြီး အမွှေးပွပွနှင့် ဝမ်းဗိုက်ကို ကော့လိုက်၏။ သူ၏ တောင်ပံနှစ်ဖက်ကတော့ ခတ်နေဆဲ ဖြစ်သည်။ “လိုချင်တာ မပေးရန် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်မယ်”ဟူသော အနေအထားကို မြင်သည့်အခါ ချန်လွေ့ ကြက်သေသေသွားသည်။ ဒီကောင်မလေးက ဒီလှည့်ကွက်ကို ဘယ်တုန်းက သင်ခဲ့တာလဲ။ ကလေးတိုင်းက ဒီလို “အရည်အချင်း”မျိုးကို ကိုယ်တိုင် တတ်ကြတာလား။

ကြံရာမရသည့်အဆုံး မွေးစားအဖေက ရွေးစရာ မရှိ‌တော့ဘဲ အရှိန်အဝါ သစ်သီးတစ်လုံး ပစ်ပေးလိုက်သည်။ ကလေးမလေးက ခက်ခဲမှုမြင့်မားသော လှုပ်ရှားမှုဖြင့် ထွက်သွားပြန်သည်။ သူက ၎င်းကို ဂုဏ်ယူစွာပင် နှုတ်သီးသေးသေးလေးဖြင့် အရယူပြီး မြေပြင်ပေါ်၌ ထိုးဆိတ် နေတော့သည်။

ရလာဒ်အနေဖြင့် ချန်လွေ့ တည်ရှိနေကြောင်း ချက်ချင်း ပေါ်သွားတော့သည်။ သိင်္ဂဿက ထိတ်လန့်သွား၏။ ၎င်း၏ လည်ဆံများ ထောင်မတ်သွားပြီးနောက် ခေါင်းပေါ်ရှိ ချိုကလည်း တလက်လက် ဖြစ်လာကာ လျှပ်စီးပွင့်များ ထွက်လာတော့သည်။

ချန်လွေ့က ချက်ချင်းပင် [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် စိတ်ကောင်းစေတနာ ဖော်ပြသော်လည်း သိင်္ဂဿက အလွန်အမင်း ရန်လိုနေဟန်တူပြီး ထိုကဲ့သို့ စိတ်မျိုးကို လုံးဝ လက်မခံခဲ့ပေ။ ထိုအစား ၎င်းက သံရှည်ဆွဲကာ ဟီလိုက်၏။ အပြာရောင် လျှပ်စီးတစ်ခု လက်သွားပြီး ချန်လွေ့ကို ဝိုင်းရံလိုက်သည်။

ထိုကဲ့သို့ လျှပ်စီးအဆင့်က ချန်လွေ့အပေါ်၌ မည်သည့် သက်ရောက်မှုမှ မရှိပေ။ သူ၏ ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီးနောက် ချက်ချင်းပင် သိင်္ဂဿဘေးနားတွင် ပေါ်ထွက်လာကာ ကျောကုန်းပေါ် လက်တင်လိုက်၏။ ထိုလက်က အဆုံးမရှိသော စွမ်းအား ပိုင်ဆိုင်ထားသကဲ့သို့ ၎င်းက အာရုံခံလိုက်သည်။ တစ်ကိုယ်လုံး လှုပ်မရတော့ပေ။ ၎င်း၏နဖူးပေါ်၌ ချိုက ရုတ်တရက် တောက်ပသွားခဲ့ပြီး [ မျက်ကွယ် ] ပါရမီကို အသက်သွင်းလိုက်တော့သည်။

ထိုပါရမီက [ လျှပ်တပြက် ] အလင်းဒြပ်စင်မှော်အစွမ်းထက် ပိုမိုအားကောင်းကြောင်း ချန်လွေ့ အာရုံခံမိသည်။ သူ၏ မျက်လုံးများသာမက စိတ်ဝိညာဉ်စွမ်းအားသည်ပင် အတိုင်းအတာ တစ်ခုအထိ သက်ရောက်နိုင်ခဲ့သည်။ ထိုအရာက အလွန်ထူးခြားသော ပါရမီတစ်ခု ဖြစ်သည်မှာ သံသယ ဖြစ်စရာ မရှိပေ။ သို့ရာတွင် S++ အဆင့် စိတ်ဝိညာဉ်စွမ်းအားရှိသော သူ့အတွက်က ကင်မရာမှ မီးဖလှပ်ကဲ့သို့ ဖြစ်နေပြီး ထိရောက်မှု မရှိခဲပေ။

နောက်ဆုံးတိုက်ကွက်က အသုံးမဝင်ကြောင်း မြင်သည့်အခါ သိင်္ဂဿက ဝမ်းနည်းစွာဖြင့် မြည်ဟီးလိုက်သည်။ ရုတ်တရက် တစ်ဖက်လူ၏ လက်ထဲမှ အေးမြသော စွမ်းအားများ ထွက်လာကြောင်း ခံစားလိုက်မိသည်။ ထိုကဲ့သို့ စွမ်းအားက တက်ကြွသော စွမ်းအားများ ပြည့်နှက်နေပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ ထို့ပြင် ၎င်း၏ ခန္ဓာကိုယ်မှ ဒဏ်ရာများက အလျင်အမြန်ပင် စတင် ပြန်ကောင်းလာသည်။

ချန်လွေ့က လက်ကို သိင်္ဂဿ ကျောကုန်းပေါ်မှ မြှောက်လိုက်သည်။ ၎င်းက နောက်သို့ ဆုတ်သွားခဲ့သည်။ သို့သော်လည်း မတိုက်ခိုက်သလို ထွက်လည်း မထွက်ပြေးခဲ့ပေ။

သိင်္ဂဿက အသိဉာဏ် အတိုင်းအတာတစ်ခုအထိ ရှိသော နတ်ဆိုးသားရဲတစ်မျိုး ဖြစ်သည်။ ၎င်းက ထိုလူသားတွင် ကြီးစွာသောစွမ်းအား ရှိသော်လည်း ၎င်း၏ ဒဏ်ရာများကို ကုသပေးခဲ့ကြောင်း သိသည်။ ထိုကဲ့သို့ ကြင်နာမှုမျိုးက အတုအယောင် မဟုတ်လောက်ပေ။

ဇာမဏီငှက်ငယ်လေးက ချန်လွေ့၏ ပုခုံးပေါ်သို့ ခုန်တက်သွားပြီး သိင်္ဂဿကို ဒေါသတကြီး ပိကျိပိကျိ လုပ်နေတော့သည်။ ပတ်ဝန်းကျင်လေထုက စတင်၍ ပူလောင်လာသည်။ သိင်္ဂဿက အန္တရာယ်ကို ခံစားမိလိုက်ပြီး အံ့အားသင့်စွာဖြင့် ‌နောက်အနည်းငယ် ဆုတ်လိုက်၏။

ချန်လွေ့က အလျင်အမြန်ပင် မွေးစားသမီးကို ကျေနပ်စေရန်အတွက် အရှိန်အဝါ သစ်သီးနှစ်လုံး ထုတ်ပေးလိုက်သည်။ သိင်္ဂဿက ၎င်း ကြီးထွားရန်အတွက် အတိအကျ လိုအပ်နေသော သန့်စင်သည့် သဘာဝစွမ်းအားများ ပြည့်လျှံနေသော သစ်သီးကို ထိုးဆိတ်နေသည့် သော်သော်အား ကြည့်နေခဲ့သည်။ ထိုကဲ့သို့သစ်သီး၏ စွမ်းအားက ကျောက်စိမ်းသစ်တောပင်လယ်၌ ရှိသည့်အရာများထက် အဆများစွာ ပိုမို အစွမ်းထက်ပေသည်။

စောင့်ကြည့်နေသော ချန်လွေ့က ချက်ချင်းပင် သစ်သီးတစ်လုံး ပစ်ပေးလိုက်သည်။ သေသေချာချာ စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် သိင်္ဂဿက အရှိန်အဝါ သစ်သီးကို စားတော့သည်။ တစ်ဖက်၏ ရန်လိုမှု ကြီးကြီးမားမား လျော့ကျလာကြောင်း မြင်သည့်အခါ ချန်လွေ့က တိတ်တိတ်လေး ပျော်သွားခဲ့သည်။

ထိုအချိန်တွင် ချန်လွေ့က ရုတ်တရက် နောက်လှည့်လိုက်ပြီး သူ့ကို ပစ်လိုက်သော အရာကို ဖမ်းလိုက်၏။ မြားတစ်စင်းပင်။

All Chapters