လန်ဘိစ်
Vol. 44 Ch. 691
နောက်တစ်နေ့ နံနက်စောစော၌ ညင်သာသော နံနက်ခင်းအလင်းရောင်က ပြတင်းပေါက်ကို ဖြတ်သန်းပြီး အခန်းထဲသို့ ရောက်ရှိလာသည်။ ချန်လွေ့လည်း ဝေဝါးနေသော မျက်လုံးများ ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
သူ ပထမဆုံး မြင်လိုက်ရသည်မှာ ဇာမဏီငှက်မလေး၏ နွေးထွေးသော ခန္ဓာကိုယ်ကို ဖြစ်သည်။ သာမန်ငှက်များက ခေါင်းကို တောင်ပံကြားထဲ၌ထားကာ ရပ်ပြီး အိပ်တတ်သော်လည်း မစ်-သော်သော်က လှဲလျောင်းပြီး မျက်နှာကို ဖခင်ဖြစ်သူ၏မျက်နှာနှင့် ကပ်ထားတာ အိပ်တတ်သည်။ ထိုအရာက အတော်လေး ချစ်ရာ ကောင်းလှပေသည်။
ချန်လွေ့က သော်သော်၏ ငှက်မွှေးများကို အသောလေး ထိပြီး အိပ်ယာပေါ်မှ ထလိုက်သည်။ ထိုအခန်းပုံစံက အတော်လေး ထူးခြား၏။ ဧည့်သည့်မဟုတ်ဘဲ ဥယျာဉ်ငယ်လေး တစ်ခုနှင့် ပိုတူနေသည်။
ထိုအခန်းက သဘာဝဆန်ပြီး ကျပမ်းဖြစ်သလို ဖြစ်နေသော်လည်း ထောင့်တိုင်း ပန်းပွင့်တိုင်းနှင့် အလှဆင်ပစ္စည်း တစ်ခုစီတိုင်းကို သေသေချာချာ စီစဉ်ထားခြင်း ဖြစ်သည်။ အခန်းတစ်ခုလုံးက ကျယ်ပြန့်လှပြီး မသေသပ်ဟန်တူသော အနုပညာလက်ရာတစ်ခုသဖွယ် ဖြစ်နေ၏။ နတ်သူငယ်မျိုးနွယ်စုကသာ ထိုကဲ့သို့ ကျော့ရှင်းပြီး ဂရုစိုက်မှုမျိုး ပြုလုပ်ပေးနိုင်လေသည်။ နတ်သူငယ်က သဘာဝ အနုပညာရှင်တစ်ယောက် ဖြစ်သည်။ တစ်ခါတစ်ရံ ပြီးပြည့်စုံခြင်းအပေါ် သူတို့၏ လိုအပ်ချက်များက ကြမ်းတမ်းလွန်းလှသည်။ အတော်လေး သက်တမ်းကြာရှည် သည့်အတွက် ဘဝကို ခံစားပြီး သဘာဝကို ခံစားခြင်းက သူတို့၏ အဓိက အမူအကျင့်များ ဖြစ်လာခဲ့သည်။ နတ်သူငယ်များက လူသားတို့၏ အလုပ်များခြင်းကို နားမလည်သလို လူသားများကလည်း နတ်သူငယ်များ၏ ပြတင်းပေါက်ပုံစံကွက်တစ်ခုကို တစ်လကြာ ထွင်းထုခြင်း၊ တစ်နေ့လုံး ရေပွက်သံကို နားထောင်ခြင်း ကဲ့သို့သော မယုံနိုင်စရာ အရာအချို့ပေါ်၌ “အချိန်ဖြုန်းခြင်း”ကို နားမလည်နိုင်ကြပေ။
ချန်လွေ့က ပြတင်းပေါက်ကို ဖွင့်လိုက်ရာ လန်းဆန်းသော သဘာဝ လေပြည်က သူ့မျက်နှာထံ ရိုက်ခတ်လာသည်ကို ခံစားမိလိုက်သည်။ အတော်လေး သက်တောင့်သက်သာ ဖြစ်ရ၏။ သူမြင်ခဲ့ဖူးသော မြို့တော်များက အထပ်မြင့်များ၊ ပဲစေ့ပုံစံအကွေးများ၊ ရောင်ခြယ် အဆောက်အအုံများနှင့် သံမဏိတောများ ဖြစ်သည်။ ရံဖန်ရံခါ၌ အချို့အစိမ်းရောင်များကပင် သဘာဝအတိုင်း စိုက်ပျိုးထားခြင်း မဟုတ်ပေ။ သို့သော်လည်း ထိုကဲ့သို့ သဘာဝကို အဓိကထားသော မြို့တော်မျိုးကို သူ အခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပေသည်။
လင်းထိန်နေသော အပြာရောင်ကောင်းကင်အောက်တွင် လှပသော အိမ်များ ရှိနေကြသည်။ အများစုက ထူးခြားသောပုံစံရှိသည့် သစ်ပင်အိမ်များ ဖြစ်ကြပြီး အစိမ်းရောင် တောင်တန်း၊ အစိမ်းရောင်ရေများနှင့် ပေါင်းစပ်နေခဲ့သည်။ တစ်ခါတစ်ရံ လေပြည်ထဲ၌ ငှက်တေးသံများနှင့် ဂီတသံများကိုပင် ကြားရတတ်သည်။ အဝေးမှနေ၍ အောက်သို့ တည့်တည့် စီးကျနေသော ရေတံခွန် တစ်ခုကိုလည်း မြင်နိုင်၏။ မြို့များအကြားရှိ မြူဖျော့ဖျော့လေးကလည်း ကမ္ဘာပေါ်မှ နတ်သမီးနယ်မြေသို့ ရောက်လာသည့်အခါ ခံစားမိစေသည်။ ဤသည်က နတ်သူငယ်မျိုးနွယ်စု၏ ငွေလကောင်းကင်မြို့တော်ပင် ဖြစ်သေလည်။
ချန်လွေ့က အံ့သြမှင်သက်နေစဉ် ဇာမဏီငှက်ငယ်လေးက နိုးသွားပြီ ဖြစ်သည်။
သော်သော် မနက်တိုင်း နိုးလာပြီးနောက် ပြုလုပ်သောအရာကို အဖေကို ရှာခြင်း ဖြစ်သည်။ ပြတင်းပေါက်နားမှ ချန်လွေ့ကို တွေ့လိုက်သောအခါ ချက်ချင်း တောင်ပံခတ်သွားပြီး သူ၏ ပုခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
“ဖေဖေ။ မနက်စာ စားမယ်။ မနက်စာ....”
ချန်လွေ့က မီးသလင်းကျောက်တစ်ခု ထုတ်တော့မည့်အချိန်၌ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ “သော်သော်။ မင်း အခု ပျံတတ်သွားပြီလား။”
ခုနက ဇာမဏီငှက်လေးက တောင်ပံခတ်ပြီး တည့်တည့် ပျံသွားခဲ့ကာ အတော်လေး တည်ငြိမ်ပြီး ယခင်ထက် ပိုမို အားကောင်းနေ၏။ တောင်ပံငယ်လေးက ပိုမိုရှည်လာပုံရသည်။
“ဝိုး...ဖေဖေ....သော်သော် ပျံတတ်သွားပြီ။” ဇာမဏီငှက်ငယ်လေးက တောင်ပံခတ်ရင်း ချန်လွေ့ကို အဝိုင်းပတ်နေလိုက်သည်။ ထို့နောက် သူ့ပုခုံးပေါ်သို့ ပြန်ရောက်လာပြီး သူ့မျက်နှာနားကို ချစ်မြတ်နိုးစွာဖြင့် ကပ်လာသည်။
ထိုအချိန်၌ ချန်လွေ့က မိမိ၏ကလေး တဖြည်းဖြည်း ကြီးပြင်းလာပြီး ပညာများ တစ်ဆင့်ချင်း သင်ယူနေသည်ကို မြင်တွေ့နေရသော မိဘတစ်ယောက်သဖွယ် ဖော်ပြ၍မရသော ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်။ ထိုခံစားချက်က ယခင်ဘဝနှင့် ယခုဘဝမှပါ အဖေ မဖြစ်ခဲ့ဖူးသော သူ့အတွက် မယုံနိုင်စရာနှင့် အံ့သြစရာ ခံစားချက်တစ်ခုပင် ဖြစ်လေသည်။ ဇာမဏီငှက်လေးက ချန်လွေ့၏ နှလုံးသားထဲ၌ မသိမသာ နေရာယူလာခဲ့ပြီး သူ၏ သမီးအရင်း တစ်ယောက်ကဲ့သို့ ဖြစ်လာနေခဲ့သည်။
သူက ရုတ်တရက် နတ်ဆိုးဘုံသို့ပြန်ပြီး အသီနာနှင့် အခြားသူများနှင့်အတူ ပြီးပြည့်စုံသော မိသားစုတစ်ခု တည်ဆောက်ချင်မိခဲ့သည်။ သူတို့တွေလည်း ဒီလိုချစ်စရာသမီးလေးကို သဘောကျမယ်လို့ ယုံကြည်တယ်။
ပြဿနာကတော့ [ ကြယ်ဂိတ် ] က သက်ရှိတွေကို ခေါ်သွားလို့ မရတာပဲ။ အတိအကျ ပြောရရင်တော့ [ ကြယ်ဂိတ် ] က သက်ရှိကို အကန့်အသတ်အဆင့်နဲ့ပဲ ခေါ်သွားလို့ရတာ။ တကယ်လို့ ဇာမဏီငှက်လေးက ဥထဲမှာပဲ ရှိနေဦးမယ်ဆိုရင်တော့ [ ကြယ်ဂိတ် ] ကနေ သွားလို့ ရနိုင်တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဥထဲပြန်ဖို့ မဖြစ်နိုင်တော့ပေ။ (မစ်-သော်သော်က ဥခွံကို ဘာမှ မကျန်အောင် ဝါးစားလိုက်ပြီလေ။)
နတ်သူငယ်မျိုးနွယ်စုမှာ နတ်ဆိုးဘုံရှိ တိုက်ရိုက် ပို့ပေးနိုင်တဲ့ ဆရာသခင်တွေ ရှိတယ်လို့ ဆမ်မြူရယ်ပြောတာ ကြားဖူးတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက တော်တော်လေး အန္တရာယ်များတယ်။ တခြားနေရာလွတ် ဒါမှမဟုတ် နေရာလွတ် မတည်မငြိမ်မှုထဲ ရောက်သွားပြီးတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်။ ထိုအရာက ယုံကြည်မှုသလင်းကျောက် မလုံလောက်လျှင် ချန်လွေ့က နဂိုက ရွေးချယ်မည့် နောက်ဆုံးအရာ ဖြစ်သည်။ အခုတော့ ယုံကြည်မှုသလင်းကျောက် ၁၀သိန်းကို ရွေးချယ်နိုင်ဖို့က အနှေးနဲ့အမြန်ပဲ။ အဲဒါကြောင့် ဒီလိုစွန့်စားဖို့ မလိုတော့ဘူး။ ငါကလည်း ဇာမဏီငှက်လေးကို မစွန့်စား စေချင်ဘူး။ ပြီးတော့လည်း ဇာမဏီငှက်က [ ကြယ်ဂိတ ] စွမ်းရည် မရှိဘူး။ သူက နတ်ဆိုးဘုံကို ဘေးကင်းကင်းနဲ့ ရောက်သွားရင်တောင် သူ ဘယ်ကို ရောက်သွားမလဲ ငါ မသိနိုင်ဘူး။
ချန်လွေ့က ခေါင်းကိုက်နေရင်း သော်သော်၏ တီတီတာတာအသံ ထွက်ပေါ်လာပြန်သည်။ “သော်သော် ဒီလိုမျိုး မပျံချင်ဘူး။ ဒီလိုပျံရတာပဲ ကြိုက်တယ်။”
မစ်-သော်သော်က စပရင်ကဲ့သို့ ခုန်ပျံနေသည်ကိုမြင်သည့်အခါ မရိုးဖြောင့်သော ဖခင် ဖြစ်သူက ချွေးများ ပြန်လာတော့သည်။ နောက်ဆုံး၌ ခပ်ဆိုးဆိုး ကလေးတစ်ယောက် မွေးလိုက်မိသည့်အတွက် စိတ်ကုန်သွားခဲ့သည်။
“သော်သော်...အဲ....အခုက လေ့ကျင့်ရေး ပြီးသွားပြီ။ အခု ငါတို့က တကယ် ပျံတော့မှာ။ ဖေဖေလည်း ပျံတာကို တွေ့တယ်မလား။ ဖေဖေနဲ့အတူ လိုက်ပျံ။ ဟုတ်ပြီလား။” ချန်လွေ့က စွမ်းအားကို ဖြည်းဖြည်းချင်း ထိန်းချုပ်ပြီး လေထဲ၌ လွင့်မျောနေလိုက်သည်။
“မဟုတ်ဘူး။ ဖေဖေ့ရဲ့ တောင်ပံတွေက မလှုပ်နေဘူး။”
ချန်လွေ့က ကြောင်သွား၏။ ခဏတာ တုံ့ဆိုင်နေပြီး နောက်ဆုံး၌ သူက လက်ကို ဝှေ့ရမ်းပြီး “တောင်ပံ”ဖြင့် ပျံနည်းကို စတင်သင်ပေးတော့သည်။ ဖခင်ဖြစ်သူ၏ သရုပ်ပြမှုနှင့်အတူ သော်သော်က တောင်ပံခတ်လာပြီး သူ့ဘေးတွင် ပျံသန်းနေတော့သည်။ သော်သော်က စိတ်လှုပ်ရှားစွာဖြင့် အော်နေလိုက်ပြီး မနက်စာစားရန်ပင် မေ့လျော့သွားခဲ့သည်။
အခန်း သိပ်မကျယ်လှပေ။ ကံကောင်းစွာပင် ချန်လွေ့၏ စွမ်းအားထိန်းချုပ်မှုက သိမ်မွေ့သည့် အတွက်ကြောင့် မည်သည်ကိုမှ မထိခိုက်ခဲ့ပေ။ ထိုအချိန်၌ တံခါးက ရုတ်တရက် ပွင့်လာသည်။ “ရစ်ချက်။ ရှင့်နဲ့ ငှက်ကလေးကို လာကြည့်တာ။”
နောက်ထပ်စက္ကန့်ပိုင်းအတွင်း၌ -
မီရှယ်နှင့် ဘလန့်ချ်တို့က လေထဲ၌ ချန်လွေ့၏ “ကျက်သရေရှိသော” အနေအထားကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေလိုက်သည်။
မီရှယ် “.......”
ဘလန့်ချ် “.......”
ချန်လွေ့ “.......”
သော်သော် “ဖေဖေ။ မြန်မြန်ပျံလေ။ တောင်ပံတွေ မလှုပ်တော့ဘူး။”
နောက်ထပ် စက္ကန့်ပိုင်းအတွင်း၌ -
မီရှယ်က စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်သည်။ “ရစ်ချက်။ ကျွန်မလည်း ရှင်နဲ့ ရှင့်ငှက်နဲ့အတူ ပျံချင်တယ်။”
ဘလန့်ချ် “.....”
ချန်လွေ့ “.....”
သော်သော် “ဖေဖေ ဘာလို့ ပြုတ်ကျသွားတာလဲ။”
စက္ကန့်ဒါဇင်ခန့် ကြာပြီးနောက် -
ချန်လွေ့က မစ်-သော်သော်၊ မီရှယ်နှင့် ဘလန့်ချ်တို့ကို အခန်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။ သူက မျက်နှာအရည်ထူသည့်တိုင် ခုနက အလွန်အမင်း အရှက်ရသွားခဲ့သည်။ ၎င်းမှာ နတ်သူငယ် မျိုးနွယ်စု၏ ထူးခြားကောင်းမွန်သော အသံလုံ အစီအရင်များ၏ အပြစ်ကြောင့်ပင်။ ထို့ပြင် သားအဖနှစ်ယောက်က ပျံနေကြသည့်အတွက် သူက တုံ့ပြန်ရန် အချိန်မရခဲ့ပေ။
“ရစ်ချက်။ ငါနင့်ကို ရွက်စိမ်းကိတ်မုန့် ကျွေးမယ်။ သော်သော်ကို ပေးကိုင်မလား။” မီရှယ်က ချန်လွေ့၏ခေါင်းပေါ်မှ ဇာမဏီငှက်လေးကို ကြည့်နေလိုက်သည်။
ဘလန့်ချ်က သူ့ကို သတိပေးလိုက်သည်။ “ဧကရီအရှင်မက အမိန့်ပေးထားတယ် မဟုတ်လား။ သံတမန်က မနက်စာစားပြီးရင် သူ့ကို နန်းတော်ဆီ ချက်ချင်း ခေါ်သွားရမယ်။ အရှင်မကို အကြာကြီး မစောင့်ခိုင်းတာ ကောင်းမယ်။”
“သိပါတယ်။ ငါက ကိုင်ကြည့်ချင်.....” ဘလန့်ချ်က မီရှယ်၏စကား မဆုံးသေးခင်မှာပင် ပါးစပ်ကို ဖမ်းပိတ်လိုက်သည်။
ချန်လွေ့က အသာလေး ပြုံးလိုက်ပြီး မီရှယ်နှင့် စကားဆက်မပြောတော့ပေ။ သူက ဒုတိယထပ်ရှိ စားသောက်ဆိုင်သို့ တည့်တည့် လမ်းလျှောက်သွားလိုက်သည်။
ဒုတိယထပ်ရှိ စားသောက်ဆိုင်ထဲ၌ ဧည့်သည့်အချို့လည်း ရှိနေသည်။ ချန်လွေ့အတွက် အံ့အားသင့်စရာပင် သူတို့က လူသားများ ဖြစ်နေကြသည်။
ဆယ်ယောက်ကျော်ခန့်ရှိပြီး အများအပြားက ချောမောလှပကြသည်။ ချန်လွေ့က မိန်းကလေးတစ်ယောက်ကို ဖျပ်ခနဲ မြင်လိုက်ရသည်။ ထိုကောင်မလေး၏ အသွင်အပြင်နှင့် စိတ်နေသဘောထားက ထူးခြားလွန်းလှသည်။ ချန်လွေ့မဟုတ်ဘဲ အခြားသူသာဆိုလျှင်လည်း ပတ်ပတ်လည်၌ လူပေါင်းရာချီ ရှိနေသည့်တိုင် သူ့ကို သတိထားမိနေဦးမည် ဖြစ်သည်။ အချို့လူများက ကျယ်ပြောလှသော လူအုပ်ကြီးထဲ၌ပင် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ ထိုမိန်းကလေးက ထိုကဲ့သို့ ပုံစံမျိုး ဖြစ်ပေသည်။
မျက်နှာအသွင်အပြင်အရ ထိုကောင်မလေးက ကတ်သရင်းနှင့် ဇိုလာတို့ အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ပြီး ရှီရာနှင့် အစ်ဇဘယ်လာတို့ကပင် သူ့ထက် နိမ့်ကျသည်။ ပြီးပြည့်စုံလုနီးပါး ဖြစ်နေသော မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်၊ ခရမ်းပြာရောင် တဘက်ဆံပင်နှင့် ကြေးမုံကဲ့သို့ မျက်လုံးများ ရှိနေ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ငြိမ်းချမ်းပြီး ကျော့ရှင်းသော အငွေ့အသက်များ ပြသနေလေသည်။ အားနည်းချက်တစ်ခုကို ပြရမည်ဆိုလျှင် သူ၏အကြည့်က အနည်းငယ် ပြတ်သားပြီး ညင်သာမှု မရှိနေခြင်းပင်။
ချန်လွေ့၏ နှလုံးသားထဲ၌ ရင်းနှီးသော ခံစားချက် အငွေ့အသက်တစ်ခု ရှိနေသည်။ ထိုအရာက အာသာ၏ နဂိုမှတ်ဉာဏ်အပိုင်းအစ ဖြစ်နိုင်ပေသည်။ သိူ့သော်လည်း သူက နဂါးလင်းလက်အင်ပါယာ၌ ပင်လယ်ပြာမျက်လုံးများကို မြင်ခဲ့ရသလိုမျိုး တနုံ့နုံ့ ခံစားချက်မျိုး မခံစားရတော့ပေ။ ထိုအစား နောက်ထပ် ထူးခြားသည့် ဖော်ပြ၍မရသော ခံစားမှုမျိုး ဖြစ်နေခဲ့သည်။
ထိုမိန်းကလေးက ပြိုင်ဘက်ကင်းသော မျက်နှာသွင်ပြင်ရှိသော်လည်း ချန်လွေ့က ရှုစားနေခြင်းသာ ဖြစ်သည်။ အမျိုးသမီးများက ချောမောခန့်ညားသော ယောက်ျားလေးများကို မြင်ချင်သကဲ့သို့ ဖြစ်သည်။ ယောက်ျားလေးများအတွက်လည်း မိန်းမလှများကို ကြည့်ချင်ခြင်းက သာမန်သာ ဖြစ်သည်။ အခြားသောအကြံများကတော့ ချန်လွေ့တွင် အမှန်တကယ် မရှိပေ။
လမ်းတစ်လျှောက်၌ အရှေ့အနောက်ကို ကြည့်သော ဆရာသခင် ပါ့ဂ်လီအိုကဲ့သို့ ဖြစ်သည်။ သူက မိန်းမလှများကို မြင်လျှင် လှည့်ကြည့်ပေမည်။ နောက်ဆုံးတွင်တော့ သူက လိမ်လိမ်မာမာနှင့် အိမ်ပြန်လာပြီး မစ်-မြစိမ်းနဂါးကို ညစာဝယ်ကျွေးမည် ဖြစ်သည်။
သိပ္ပံနည်းကျလေ့လာချက်များအရ သလင်းကျောက် မောင်းမဆောင် အရေအတွက် ပိုများလေလေ ဇာတ်လိုက်မင်းသားက ရဲတင်းဖြင့် အပိုင်းပိုင်း ခုတ်ခံရရန် အခြေအနေ ပိုများလေလေ ဖြစ်သည်။ လျှာနှင့် သွားသည်ပင် အချင်းချင်း ထိနိုင်ကြသေးသည်။ လိုက်ဖက်ညီသော မောင်းမဆောင်မိသားစု နှင့် မိန်းမများအားလုံးကို အယုံသွင်းခံထားရပြီး ဇာလိုက်မင်းသားကိုသာ စွဲလမ်းနေခြင်းမျိုးက ယုံတမ်းပုံပြင်များတွင်သာ ရှိကြလေသည်။
သူတို့တွေက မနေ့ညတုန်းက မြို့တော်ဂိတ်တံခါး အစောင့်ခေါင်းဆောင် နာ့နာပြောတဲ့ သူတွေပဲ ဖြစ်သည်။ သူတို့က ကျောက်စိမ်းသစ်တောပင်လယ်ကို လေ့ကျင့်ဖို့အတွက် ရောက်လာတဲ့ ကြယ်အလင်းကောလိပ်က ကျောင်းသားတွေပဲ။ သူတို့ထဲမှာ ကျက်သရေပြာ အင်ပါယာက တော်ဝင်မိသားစုတွေ ပါလောက်တယ်။ ကျက်သရေပြာ အင်ပါယာနှင့် နတ်သူငယ် မျိုးနွယ်စုက စာချုပ်ချုပ်ထားကြတယ်။ ဒါကြောင့် ဒီလူသားတွေက နတ်သူငယ်မျိုးနွယ်စုရဲ့ အထူး ဧည့်ခံခြင်းကို ခံရတာ။
ထိုလူများက ချန်လွေ့ကို မြင်သောအခါ အံ့အားသင့်သော အမူအရာများ ပြသလိုက်သည်။ နတ်သူငယ်မျိုးနွယ်စု၏ တော်ဝင်ဟိုတယ်နှင့် ညီမျှသော ထိုအိမ်စိမ်း၌ နောက်ထပ် လူသား တစ်ယောက် နေနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
“ဟေ့ကောင်လေး။ မျက်လုံးကို သတိထား။ မဟုတ်ရင် ငါ ဖောက်ထုတ်ပေးမယ်။” နားဝင်မချိုသော အသံတစ်သံ ထွက်ပေါ်လာသည်။
စကားပြောလိုက်သူမှာ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက် ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုသူက လူပုံအလယ်၌ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ခြင်းကို သဘောကျသော ရူးကြောင်ကြောင်ကောင် ဖြစ်ကြောင်း သိနိုင်ပေသည်။ ချန်လွေ့က ထိုကဲ့သို့ အသေးအဖွဲကောင်ကို ဂရုမစိုက်ခဲ့ပေ။ သူက ထိုသူကို ကြည့်ပင်မကြည့်ဘဲ လူမရှိသော စားပွဲတစ်ခုစီ တည့်တည့်သွားလိုက်သည်။
ထိုသူက ကောင်မလေးကို ကျေနပ်ရန်အတွက် တော်ဝင်အဆင့်အတန်းနှင့် ထိုအရာကို အသုံးချရန် ကြိုးစားခဲ့သော်လည်း ခေါင်းပေါ်၌ ငှက်တစ်ကောင်ရှိနေသော ထိုသူက သူ့ကို လုံးဝ လျစ်လျူရှုသွားမည်ဟု မထင်ထားခဲ့ပေ။ သူက လူပုံအလယ်၌ အထူးသဖြင့် မိန်းမလှအရှေ့၌ အရှက်ရသွားခဲ့သည်။ သူက စတိုင်ကျကျဖြင့် ခုန်ထွက်လာပြီး ချန်လွေ့၏စားပွဲသို့ ရောက်ရှိလာသည်။ “ခွေးကောင်။ ငါ ပြောတာ မကြားဘူးလား။ ငါဘယ်သူလဲ မင်းသိလား။”
“သိပါတယ်။ မင်းက နာမည်ကြီးပဲ။” ချန်လွေ့က လေးလေးနက်နက် ပြောလိုက်သည်။ “ငါဘယ်သူလဲ”က ခဏတာ ကြက်သေသေသွားခဲ့သည်။ “မင်းက အွန်လိုင်းဝတ္ထုတွေထဲမှာ အမြဲတမ်း ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းတို့အားလုံးက ဇာတ်လိုက်မင်းသားရဲ့ မျက်နှာအနင်းခံရမယ့်ကောင်တွေပဲ။ အခု မင်းရဲ့စားပွဲဆီ လိမ်လိမ်မာမာနဲ့ ပြန်သွားတော့။ ဒီလိုဆိုရင် တချို့မိန်းမလှတွေက မင်းကို အမြင်ပြောင်းသွားနိုင်တယ်။”
ထိုသူက ချန်လွေ့ ပြောသည်များကို သိပ်နားမလည်သော်လည်း ထေ့ငေါ့နေခြင်းကို ကြားလိုက်ရသည်။ သူက ဒေါသထွက်မိသွားပြီး ပေါက်ကွဲရန် ပြင်လိုက်စဉ် တံခါးမှ အသံတစ်သံ ထွက်လာ၏။ “ရစ်ချက်။ ကျွန်မကို စောင့်ဦး။”
အစိမ်းရောင် ကိတ်မုန့်တစ်ပန်းကန် ကိုင်ထားသော နတ်သူငယ် ကောင်မလေးက ချန်လွေ့ထံ ပြေးဝင်လာသည်။
ရူးကြောင်ကြောင်ကောင်က ထိုမိန်းကလေးမှာ နတ်သူငယ်မျိုးနွယ်စု၏ မင်းသမီးလေး မီရှယ်ဖြစ်ကြောင်း မှတ်မိလိုက်သည့်အတွက် အံ့အားသင့်သွားခဲ့သည်။ မီရှယ်က အုတုတုနှင့် ပြောလိုက်သည်။ “ဒါက ကျွန်မ ကိုယ်တိုင်လုပ်ထားတဲ့ ရွက်စိမ်းကိတ်မုန့်ပဲ။ စားကြည့်။”
ချန်လွေ့က တစ်တုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ထိုကိတ်မုန့်က နူးညံ့သော အထိအတွေ့ရှိသော လန်းဆန်းစေသော အရသာ ရှိသည်။ ၎င်းက သူ၏ ပါးစပ်ထဲ၌ အရည်ပျော်သွား၏။ သူက ချီးမွမ်းလိုက်သည်။ “မဆိုးပါဘူး။”
“ရစ်ချက်။ ကျွန်မ ရှင့်ကို ကောင်းကောင်း ဧည့်ခံတယ်ဆိုတော့ အဲဒါ ပေးကိုင်နော်။”
လူတိုင်းက ကြက်သေသေလုနီးပါး ဖြစ်သွားခဲ့သည်။ ကျက်သရေရှိတဲ့ နတ်သူငယ် မင်းသမီးလေးက တကယ်ကြီး ......
ချန်လွေ့က သော်သော်ကို ခေါ်လိုက်ရာ ဇာမဏီငှက်ငယ်လေးက သူ၏ လက်ဖဝါးထံ ပျံသန်းလာသည်။ သူက ရွက်စိမ်းကိတ်မုန့်ကို ရွံရှာစွာ ကြည့်လိုက်ပြီးနောက် ခေါင်းပေါ်သို့ ပျံသွားကာ အရှိန်အဝါသစ်သီးကို ဆက်စားနေလိုက်သည်။ ချန်လွေ့က ပုခုံးတွန့်ပြလိုက်ပြီး ရွက်စိမ်းကိတ်မုန့်ကို သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။
မီရှယ်က စိတ်ပျက်သော အမူအရာ ပြသလိုက်ပြီး ရုတ်တရက် မျက်လုံးလှန်လိုက်သည်။ “အမေက အခု ရှင့်ကို နန်းတော်မှာ စောင့်နေတယ်။ ဆုံတွေ့တာပြီးရင် ကျွန်မ ရှင့်ကို ဆရာ ဖီအိုအီရာဆီ ခေါ်သွားပေးမယ် ဟုတ်ပြီလား။”
နတ်သူငယ် ဧကရီက ထိုကဲ့သို့ သာမန်ထင်ရသော ကောင်လေးကို ဆင့်ခေါ်ပြီး ထိုကောင်လေးက အပြင်ဧည့်သည် မတွေ့သော ဒဏ္ဍာရီလာ ယန္တရား မဟာဆရာသခင် ဖီအိုနီရာနှင့် ဆက်စပ်နေဟန် တူကြောင်း ကြားလိုက်သည့်အခါ အားလုံးက အံ့သြသွားကြသည်။ မီရှယ်က “တွေ့ဆုံခြင်း”ဟူသော စကားလုံးကို အသုံးပြုခဲ့ကြောင်း သတိထားမိသွားသည့်အခါ ကောင်မလေးက အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ သူက လျှောက်လာပြီး ရူးကြောင်ကြောင် ကောင်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထိုသူက သူ့ကို တည့်တည့် မကြည့်ရဲဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။
“ကျွန်မက လန်ဘိစ်ပါ။ ကြယ်အလင်းကောလိပ်ရဲ့ လက်ထောက်ဆရာမ တစ်ယောက်ပါ။ ကျွန်မရဲ့ ကျောင်းသား မယ်လိုဒန် ခုနက ရိုင်းပျမိခဲ့တယ်။ သူ့ကိုယ်စား တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ။”