စစ်မှန်သောအနှစ်သာရ
Vol. 44 Ch. 695
ကျောက်စိမ်းသစ်တောပင်လယ်၊ ခရမ်းနှလုံးသားသစ်အိမ်ရှိ ယန္တရားခန်းထဲ၌ -
ဖီနိုအီရာနှင့် ဘန်းဒ်တို့က ချန်လွေ့ ခုနက ပြုလုပ်ခဲ့သော ဓားရှည်ကို သေသေချာချာ အကဲဖြတ်နေကြသည်။ အချိန် သိပ်မကြာလိုက်ပေ။ ပုံစံက အလွန်ရိုးရှင်းပြီး သာမန် ပန်းပဲဆရာ တစ်ယောက်ပင် ဖန်တီးနိုင်ပုံရသည်။ သို့ရာတွင် ယန္တရား မဟာဆရာသခင်နှစ်ယောက်၏ အကြည့်က အလွန်ပင် လေးနက်နေခဲ့သည်။
“ဒီဓားက အတော်လေးကောင်းတယ်။ မသေသပ်တဲ့ပုံပေါက်ပေမဲ့ ဆန်းကြယ်တဲ့ နိယာမတွေကို ဖုံးကွယ်ထားတယ်။ ယန္တရာစွမ်းရည်ရဲ့ အနှစ်သာရတွေလည်း ရှိတယ်။ အဆင့်က ထူးကဲအဆင့်ပဲ ဖြစ်ပေမဲ့ ထုတ်လုပ်တဲ့အဆင့်က ဆရာသခင်အဆင့်ကို ကျော်လွန်နေပြီ။” ဖီနိုအီရာ၏ မျက်လုံးများက ဖုံးကွယ်မထားသော ချီးမွမ်းမှုများနှင့် ပြည့်နှက်နေသည်။ “လက်စသတ်တော့ ဆာ-ရစ်ချက်က မှော်စက်ဝိုင်းနှင့် ယန္တရားပညာ နှစ်သွယ် မဟာဆရာသခင် တစ်စပိုင်း ဖြစ်နေတာကိုး။ ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။”
“ကျုပ်ရဲ့ လိုအပ်ချက်တွေကို စိတ်မရှိပါနဲ့။ မဟာဆရာသခင်တို့။” ထိုကဲ့သို့ ချီးမွမ်းခြင်း အစား ချန်လွေ့က အသုံးဝင်သော အမြင်များနှင့် ဝေဖန်ချက်များကိုပင် ကြားချင်နေခဲ့သည်။ “ကျုပ်ကို ထောက်ပြပေးပါဦး။”
ဘန်းဒ်က ဝိုင်တစ်ငုံ သောက်လိုက်သည်။ “စိတ်မပူနဲ့။ ကောင်လေ။ ဖီနိုအီရာဆိုတဲ့ ကောင်က အကျင့်ဆိုး တစ်ခု ရှိတယ်။ သူက မင်း အရင်မြှောက်သွားအောင် ချီးမွမ်းတယ်။ ပြီးမှ ညှာတာမှုကင်းမဲ့တဲ့ ဝေဖန်မှုတွေနဲ့ မင်းကို ချောက်ကမ်းပါးထဲ ကန်ချတာ။”
ချန်လွေ့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ကျုပ် မျှော်လင့်နေတာလည်း ဒါပါပဲ။”
အသေအချာပင် ဖီနိုအီရာ၏ မျက်နှာက တင်းမာနေ၏။ “ယန္တရားပညာအရတော့ မင်းရဲ့ ပညာရပ်၊ အသုံးချပုံနှင့် အခြားအပိုင်းတွေက အတော်လေး ကောင်းမွန်တယ်။ မင်းမှာ နားလည် သဘောပေါက်မှုအချို့တောင် ရှိနေပြီးတော့ အဆောင်ပစ္စည်း-ယောင် အဆင့်တွေကို ထုလုပ်တဲ့ မဟာဆရာသခင် တစ်ပိုင်းအဆင့်ကိုတောင် ရောက်နေပြီ။ ဒါပေမဲ့ မဟာဆရာသခင် တစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ မင်းက အခြေခံအကျဆုံး အမှားတစ်ခုကို လုပ်ခဲ့တာ။ ဒါကြောင့် ဒီဓားက အတော်လေး အရည်အချင်း မပြည့်မှီဘူး။ ဒါက အလောင်းကောင်လိုပဲ။ ဘာမှ တန်ဖိုးမရှိဘူး။”
အလောင်းကောင်လိုပဲ ဟုတ်လား။ ဘန်းဒ် ခုနက ဆိုလိုသည်ကို နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ နတ်သူငယ် မဟာဆရာသခင်၏ ဝေဖန်မှုက အမှန်တကယ်ကို ပြင်းထန်လှပေသည်။ သူက မျက်နှာ လုံးဝမထောက်သော်လည်း ချန်လွေ့က စိတ်ပျက်အားလျော့ မသွားပေ။ ထိုအစား သူ၏မျက်လုံးများ အရောင်တောက်လာ၏။ “အသေးစိတ် ပြောပြပေးပါ။။”
ဖီနိုအီရာက တိတတိတ်လေး ခေါင်းညိတ်ပြီး ပြောသည်။ “ငါတို့တွေ ယန္တရားပညာရပ်ကို သင်ယူနေတုန်းက ခဏခဏ ပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်။ ယန္တရားပညာဆိုတာ အသက်တစ်ခုကို ဖန်တီးခြင်းပဲတဲ့။ ဒါပေမဲ့ တကယ်တမ်းမှာတော့ တော်တော်များများက ဒီစကားကို အမှန်တကယ်နားလည်ပြီးတော့ ယန္တရားပညာမှာ အသုံးမချနိုင်ကြဘူး။ မရေမတွက်နိုင်သော ယန္တရားပညာရှင်တွေနဲ့ ယန္တရားမဟာဆရာသခင်တွေက အဆောင်ပစ္စည်းကို မဟာဆရာသခင်ဖြစ်လာဖို့အတွက် တစ်ခုတည်းသော လိုအပ်ချက်အနေနဲ့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး မှားတယ်။ တကယ်တော့ ခဏခဏ ကြားနေရပြီး လျစ်လျူရှုခံရတဲ့ ဒီစကားက ယန္တရားပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ။ အဆောင်ပစ္စည်း-ယောင် အဆင့်ကို ဥပမာထားလိုက်။ မင်းရဲ့ ထုတ်လုပ်ရေးနည်းပညာနဲ့ အသေးစိတ်တွေကို ပြီးပြည့်စုံ လုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ ဂုဏ်သတ္တိတွေ ဘယ်လောက်ပဲမြင့်မြင့်၊ နောက်ဆုံးမှာတော့ အသက်မရှိတဲ့ အရာတစ်ခုသာသာပဲ။ အရည်အသွေးအရ ပြောင်းလဲမှု မဖြစ်နိုင်ဘူး။ အဲဒါကြောင့် မင်းရဲ့ဓားကို အလောင်းကောင်လို့ ငါ ပြောခဲ့တာ။”
အသက် ဟုတ်လား။ ထိုရင်းနှီးသောစကားကြောင့် ချန်လွေ့က တွေးတွေးဆဆ အမူအရာ ဖြစ်သွားခဲ့သည်။ ဘန်းဒ်က ပြောလိုက်၏။ “ငါက ဖီနိုအီရာလိုတော့ စကားပြော မကောင်းဘူး။ ဒါပေမဲ့ ခုနက သူပြောတဲ့အတိုင်းပဲ။ လူပုတွေမှာ စကားတစ်ခွန်း ရှိတယ်။ “တူက အမှန်အတိုင်း အပြောနိုင်ဆုံးပဲ”။ ငါမင်းကို ပြမယ်။”
ဘန်းဒ်က ထုလုပ်သောစင်သို့ ရောက်လာပြီး တူကို ကောက်ယူကာ ထုရိုက်လိုက်သည်။ သူက နီရဲရဲဖြစ်နေသော သံတစ်တုံးကို ညှပ်ယူပြီး စတင် ထုရိုက်တော့သည်။ ရိုက်နှက်နေရင်း ဓားက တဖြည်းဖြည်း ပုံပေါ်လာသည်။ သာမန်ပုံစံသာ ရှိပြီး လူပုအိုကြီး၏ ပညာရပ်ကလည်း မထူးခြားလှပေ။ သို့ရာတွင် ၎င်း၌ ချန်လွေ့၏ဓားတွင် မရှိသော စိတ်ဝိညာဉ်တစ်ခုခု ဖော်ပြနေသည်။
“ဘယ်ပစ္စည်းမဆို ထူးခြားတယ်။ အဆောင်ပစ္စည်း ဟုတ်ဟုတ် မဟုတ်ဟုတ်။” ဖီနိုအီရာ၏ အသံက ချန်လွေ့၏နားထဲ၌ ပေါ်ထွက်လာသည်။ “ဒါက အသက် လိုမျိုးပဲ။”
ချန်လွေ့ ထိတ်လန့်သွားခဲ့ပြီး စူပါစနစ်ရှိ ပုံကြမ်းများဖြင့် ပြုလုပ်သော အဆောင်ပစ္စည်း- ယောင် အဆင့်များကို ရုတ်တရက် တွေးမိလိုက်သည်။ မိုးခြိန်းသံ၊ မြောက်အဏ္ဏဝါ၊ စီရင်ချက်။ ဒီအဆောင်ပစ္စည်းတွေကို စူပါစနစ်က ထုတ်လုပ်ပေးထားတာ။ ပြီးတော့ ကုန်ကြမ်းတွေရဲ့ သန့်စင်နှုန်းကလည်း ၁၀၀%အထိ ရောက်နေပြီ။ လက်ရာက လုံးဝ ပြီးပြည့်စုံတယ်။ မဟာဆရာသခင်တောင် ဒီလောက် ပြီးပြည့်စုံတဲ့ အဆင့်အထိ မရောက်နိုင်ဘူး။ အဲဒါက အသေးစိတ် တစ်ခုတည်းက အပြစ်အနာအဆာ ကင်းမဲ့တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါက စစ်မှန်တဲ့ အဆောင်ပစ္စည်းကို မဖန်တီးနိုင်သေးဘူး။ တစ်ခုခု လိုအပ်နေသလိုမျိုး။ အခုတော့ ကြည့်ရတာ လိုနေတာတာ “စိတ်ဝိညာဉ်” ဒါမှမဟုတ် “ဝိညာဉ်”လို့ ခေါ်ရမလားပဲ။
ချန်လွေ့သည် ယခင်က လမ်းဆုံးသို့ မသိမသာ ရောက်နေခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ငါက အနှိုင်းမဲ့ ပြီးပြည့်စုံမှုနောက်ကို လိုက်နေခဲ့ပြီးတော့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး အရာကို လျစ်လျူရှုထားခဲ့တယ်။ ဒါက နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးတော့ နာမည်ကျော် ပန်းချီဆရာတွေရဲ့ လက်ရာတွေကို မူလအခြေအနေ နီးပါးအထိ ကူးနိုင်သလိုမျိုးပဲ။ ဒါပေမဲ့ သူက တကယ့် ဆရာသခင်တစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ထုတ်လုပ်တာနဲ့ ဖန်တီးတာက စကားလုံးပဲ ကွဲပြားပေမဲ့ တကယ်တော့ လောကကြီး ခြားနေတာ။
အခြားလောကရဲ့ စကားအတိုင်းဆိုရင် ဒါက “စွမ်းရည်” နဲ့ “လမ်းစဉ်” တို့ရဲ့ ခြားနားချက်ပဲ။
ချန်လွေ့က နက်နက်ရှိုင်းရှိုင်း တွေးနေခဲ့ပြီး သူ့မျက်လုံးများက ပို၍ပင် တောက်ပလာ၏။ အချိန်အတော်ကြာ အလုပ်များနေခဲ့သော လူပုအိုကြီးက အသစ်ထုလုပ်ထားသော ဓားနှင့်အတူ လမ်းလျှောက်လာသည်။ ထိုသူက ဓားကို ကြည့်ပင် မကြည့်နေသောအခါ လူပုအိုကြီးက စိတ်ဆိုးမိသွားသည်။
သို့သော် နတ်သူငယ် မဟာဆရာသခင်က အံ့အားသင့်သော အမူအရာတစ်ခု ပြသလိုက်သည်။ ချန်လွေ့ သတိပြန်ဝင်လာသောအခါ သူက မေးလိုက်၏။ “မင်း နားလည်သွားပြီလား။”
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ မူလက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သော လူပုအိုကြီးက ထိတ်လန့်သွားခဲ့သည်။ ထိုအရာကို နားလည်ရန် သူ့အတွက် နှစ်ပေါင်းရာချီ ကြာခဲ့သော် ထိုလူသားကောင်လေးက အလွန်လျင်မြန်စွာပင် အမှန်တကယ်...
“ဒါပေမဲ့ အမှန်တရားကို နားလည်တာက တကဏ္ဍ၊ အသုံးချနိုင်တာက တကဏ္ဍပါ။ ကျုပ်က စမှတ်အသစ်ကို ရှာတွေ့သွားပြီလို့ ထင်တယ်။ ကျုပ်က ယန္တရားပညာရပ်တွေ အပြင်ကို ထပ်ပြီးတော့ နားလည်ဖို့ လိုဦးမယ်။” ချန်လွေ့က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူက အဓိကအချက်ကို နားလည်သော်လည်း အချိန်တိုအတွင်း အရည်အသွေးအရ အဆင့်တက် နိုင်လိမ့်မည်ဟု မဟုတ်သည်မှာ သေချာပေသည်။ မည်သို့ပင် ဆိုစေကာမူ ထိုအရာက သူ၏ ယန္တရားပညာရပ်၌ အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်စေနိုင်ခဲ့သည်။
“မင်း...တကယ် နားလည်တာလား။” ဘန်းဒ်က ဒေါသထွက်သွားခဲ့သည်။ “ကြည့်ရတာ ငါ တကယ်ကို အသက်ကြီးနေပြီပဲ....ဖီနိုအီရာ။ မင်း ဘာရယ်တာပဲ။ အသက်အရွယ်အရဆိုရင် ငါက မင်းထက် ပိုငယ်တယ်။”
“ဆာ-ဖီနိုအီရာ။ ကျုပ် ကျောက်စိမ်းသစ်တောပင်လယ်မှာ ခဏလောက်နေမယ်။ ဒီရက်ပိုင်းမှာ ခင်ဗျားဆီလာပြီးတော့ ဆွေးနွေးလို့ ရနိုင်မလား။”
နတ်သူငယ် မဟာဆရာသခင် ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ ချန်လွေ့က အလွန် ပျော်ရွှင်သွားပြီး လူပုအိုကြီးကို ပြောလိုက်သည်။ “ဆာ-ဘန်းဒ်။ ကျုပ်ကို ဒီဓား ပေးလို့ရမလား။”
“နောက်ဆုံးတော့ မင်းက ဒီဓားအကြောင်း တွေးမိပြီပေါ့။ ဟမ့်။ စဉ်းတောင် မစဉ်းစားနဲ့။ ကောက်ကျစ်တဲ့လူသား။” လူပုအိုကြီးက ဓားကို ဖိထားလိုက်သည်။ “မင်းမှာ လဲလှယ်ပြီး ပစ္စည်းကောင်းကောင်း မရှိဘူးဆိုရင်တော့...သေရည်ဆိုရင် ပိုကောင်းတယ်။ ဒီကောင်ရဲ့ သစ်ခွသေရည်က အတော်လေး အရသာကောင်းပေမဲ့ သိပ်မပြင်းဘူး။ လူပုတွေ ကြိုက်တာက.....”
ဘန်းဒ် စကားမပြောပြီးခင်မှာပင် ပြင်းထန်လှသော သေရည်ရနံ့ကြောင့် မျက်လုံးများ ပြူးသွားခဲ့သည်။ “သိပ်ကောင်းတဲ့ အနံ့ပဲ။”
ဖီနိုအီရာသည်ပင် ချန်လွေ့၏လက်ထဲမှ သေရည်ပုလင်းကို ကြည့်လိုက်မိသည်။ လူပုအိုကြီးက ချန်လွေ့ထံသို့ သူ့အရပ်နှင့် မကိုက်ညီသော ခြေလှမ်းများဖြင့် အမြန်ရောက်လာ၏။ သူက ချန်လွေ့၏လက်ထဲ၌ ဓားကို တွန်းပို့လိုက်ပြီး သေရည်ပုလင်းကို ဆွဲကိုင်လိုက်သည်။ ထိုအချိန်၌ အနီရောင်ပုံရိပ်တစ်ခုက လူပုအိုကြီးလက်ဆီသို့ လှစ်ခနဲ ရောက်လာ၏။ ထိုအရာမှာ ယခင်က လိမ်လိမ်မာမာ နေနေခဲ့သော မစ်-သော်သော်ပင် ဖြစ်လေသည်။
မစ်-သော်သော်က အမြဲပင် ပျင်းနေခဲ့သည်။ ယခုတွင် တစ်စုံတစ်ယောက်၏ သူ့အဖေဖေ၏ ပစ္စည်းကို လုရဲကြောင်း မြင်သည့်အခါ သူက ချက်ချင်းပင် တိုက်ခိုက်လိုက်၏။
လူပုအိုကြီးက အံ့အားသင့်သွားဟန်တူသော်လည်း မစ်-သော်သော်၏ တိုက်ခိုက်မှုက အနည်းငယ် လွဲချော်သွားခဲ့သည်။ သေရည်ပုလင်းက လူပုအိုကြီး၏ လက်ထဲသို့ ကျသွားခဲ့သည်။ “ဟေး။ မင်းမွေးထားတဲ့ငှက်က တော်တော် ဆိုးတာပဲ။ ဒါက သေရည်တစ်ပုလင်းပဲ မဟုတ်လား။ မင်း ဖီနိုအီရာကနေ တခြားအရာတွေ သင်ယူလို့ရတယ်။ ဒီလိုသဘောထားသေးတဲ့ ပုံစံမျိုးကို မသင်ယူင်သင့်ဘူး။”
မစ်-သော်သော် နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့် အချန်၌ ချန်လွေ့က လက်ဖြင့် အသာအယာဖမ်းပြီး နှစ်သိမ့်လိုက်သည်။
“ဖေဖေ။ အဲဒါဘာလဲ။ သော်သော်လည်း လိုချင်တယ်။”
ချန်လွေ့က မွေးစားသမီးအား ကလေးကတည်းမှ သောက်တတ်သည့်အကျင့် မဖြစ်စေချင်ပေ။ ထို့ကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။ “အဲဒါကို သော်သော် စားလို့ မရဘူး။ ခဏနေကျရင် ဖေဖေ မီးဒြပ်စင်သလင်းကျောက်တွေ ကျွေးမယ်နော်။ ဟုတ်ပြီလား။”
“မရဘူး။ အဲဒီပုလင်းကို သော်သော် လိုချင်တယ်။”
“မီးသလင်းကျောက်နဲ့ ငါးကင်ကျွေးမယ်။”
“ပူတင်းရော ထပ်ထည့်။”
မွေးစားသမီးက သင်ပေးစရာမလိုဘဲ စျေးဆစ်တတ်နေမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ သူ ရှက်နေချိန်၌ လူပုအိုကြီးက မစောင့်နိုင်တော့ဘဲ တစ်ငုံသောက်လိုက်၏။ သောက်ပြီးနောက် သူက အတော်လေး ယစ်မူးသွားပုံရပြီး ချီးမွမ်းခန်းဖွင့်တော့သည်။ “ငြိမ့်နေတာပဲ။ အရသာက အတော်လေးကောင်းတယ်။ အထူးသဖြင့် နောက်ဆက်တွဲ အရသာ ကျန်နေခဲ့တယ်။ ဒါက ဘယ်လိုသေရည်မျိုးလဲ။ ငါ သေရည်သောက်တာ နှစ်ပေါင်းရာချီပြီ။ ဒီလောက်ကောင်းတဲ့ သေရည်မျိုးကို အခုမှ သောက်ဖူးတာ။ ဒါနဲ့ယှဉ်ရင် သစ်ခွရနံ့သေရည်က ရေကို ကျိုထားသလိုပဲ။”
ချန်လွေ့က ဖီနိုအီရာကို နောက်ထပ် တစ်ပုလင်းပေးပြီး ပြန်ဖြေလိုက်သည်။ “ဒါကို ရနံ့မွှေး ပြောင်းဆန်သေရည်လို့ခေါ်တယ်။ ဒါကို...ကျုပ်ရဲ့ အဘိုးက ချန်ထားတာ။ ဒါက လျို့ဝှက်ဖော်မြူလာ တစ်ခုနဲ့ ချက်လုပ်ထားတာပဲ။”
ထိုကဲ့သို့ ထိပ်တန်းအရည်အသွေးရှိသော ရနံ့မွှေး ပြောင်းဆန် သေရည်က နတ်ဆိုးဘုံ၌ ထုတ်လုပ်ခြင်း ဖြစ်သည်။ ချန်လွေ့က သေရည်ကို ထုတ်လိုက်စဉ် စိတ်ထဲ၌ လူများအကြောင်းကို တွေးလိုက်မိသည်။ နောက်သုံးလေးရက်ကြာရင် ယုံကြည်မှုသလင်းကျောက်က ၁၀သိန်း ပြည့်တော့မယ်။ ပြီးရင် နတ်ဆိုးဘုံကို ပြန်ပြီးတော့ ငါ့မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ပြန်ဆုံနိုင်ပြီ။ အဲဒီမတိုင်ခင်တော့ ငါ့ရဲ့ယန္တရားစွမ်းရည် တိုးတက်ဖို့ရော ဆရာ ထယ်တင်းနစ်ရဲ့ အသက်ရှင်နိုင်ချေ တိုးတက်ဖို့အတွက်ရော၊ ဒီမဟာဆရာသခင်နှစ်ယောက်ဆီကနေ ပိုပြီးတော့ လေ့လာရယ်။
“သဘောတူတယ်။” လူပုအိုကြီးက စားပွဲကို အားနှင့် ရိုက်ချလိုက်သည်။ “ငါလည်း ဒီရက်ပိုင်း ခရမ်းနှလုံးသား သစ်အိမ်မှာ နေမယ်။ ငါမင်းကို ဖီနိုအီရာနဲ့အတူ လမ်းညွှန်မှုတွေ လုပ်ပေးမယ်။ ဒါပေမဲ့ ငါလာတဲ့အချိန်တိုင်း ဒီလိုမျိုး ရနံ့မွှေး ပြောင်းဆန် သေရည်တစ်ပုလင်း ရရမယ်။”
“မဟုတ်ဘူး။ နှစ်ပုလင်း။” ဖီနိုအီရာက ထပ်ပြောလိုက်ပြီး သုံးယောက်သား အချင်းချင်း ပြုံးလိုက်ကြ၏။
သုံးလေးနာရီကြာပြီးနောက် ခရမ်းသစ်တောရှိ စမ်းသပ်ချက်ထဲမှ ကျောင်းသူ/သားများက သူတို့၏ ပတ်ပတ်လည်ရှိ လျို့ဝှက်ဆန်းကြယ်သော အားစက်ကွင်း မတည်ငြိမ်မှုများကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။ ကြီးမားလှသောစွမ်းအားကြောင့် သူတို့က ဝင်ပေါက် ရှိရာကို ပြန်ပို့ခံလိုက်ရ၏။
ကျောင်းသူ/သားများက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။ “စမ်းသပ်ချက် အချိန်က တစ်နေကုန်လုံး ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ စောစော ပြီးသွားရတာလဲ။”
တည်ငြိမ်သော အသံတစ်သံ ထွက်လာသည်။ “ရိုးရှင်းပါတယ်။ စမ်းသပ်ချက်ရဲ့ မှော်စက်ဝိုင်း ၆ခုကို ကျောင်းသား မဟုတ်တဲ့ တစ်ယောက်ယောက်က ချိုးဖျက်သွားခဲ့တယ်။ အဲဒီတော့ တရားမျှတဖို့အတွက် စောစော အဆုံးသတ်လိုက်တာ။ လက်ရှိရလာဒ်ကို နောက်ဆုံး အနေနဲ့ မှတ်ယူမယ်။”
“မင်း ပြောတဲ့အတိုင်း ဘာလို့ ဖြစ်ရမှာလဲ။ ဆရာသခင် တာရန်နာ။ သူကို ဘယ်သူလဲ။” ထိုသူက စားသောက်ဆိုင်ထဲ၌ ချန်လွေ့နှင့် ပြဿနာတက်ခဲ့သော မသိနားမလည်သည့် လူငယ်လေး တစ်ယောက် ဖြစ်သည်။
“မီလိုဒန်။ ပါးစပ်ပိတ်ထား။” ဖေးလီက ပြောလိုက်ခြင်း ဖြစ်သည်။ နတ်သူငယ် ဆရာသခင်က “ထိုသူ”ကို တရိုတသေနှင့် ဦးညွှတ်လိုက်၏။ “ဆာ-ဖီနိုအီရာ...”
ဒါက နတ်သူငယ်မျိုးနွယ်စုရဲ့ ယန္တရား မဟာဆရာသခင်ကိုး။ ကြယ်အလင်းကောလိပ်မှ ဆရာသုံးယောက်က အံ့အားသင့်သွားပြီး အလျင်အမြန် အရိုအသေ ပြုလိုက်ကြသည်။ ချန်လွေ့က နတ်သူငယ် မဟာဆရာသခင်၏ ဘေးနားတွင် ရှိနေကြောင်း လန်ဘိစ်က မြင်လိုက်ရသည်။ ခုက “မှော်စက်ဝိုင်း၆ခု”ဟူသော စကားကို တွေးမိလိုက်သည့်အချိန်၌ သူ ထိတ်လန့်သွားခဲ့သည်။
“ဆရာ။ ရစ်ချက်။” ပျင်းပျင်းနှင့် စောင့်နေသော မီရှယ်က ရေကန်သို့ နောက်ကျမှ ရောက်လာသော ဘလန့်ချ်နှင့် ကစားနေခြင်း ဖြစ်သည်။ ဖီနိုအီရာနှင့် ချန်လွေ့တို့ ထွက်လာသည်ကို မြင်သည့်အရာ သူက အပြေးလေး ရောက်လာ၏။
“မီရှယ်။ မရိုင်းနဲ့။ မင်း ရစ်ချက်ကို “ဆာ”တပ်ပြီး ခေါ်ရမယ်။ တာရန်နာ။ ဆာ-ရစ်ချက်က ခရမ်းသစ်တောထဲကို အကြောင်းမကြားဘဲ ဝင်နိုင်ထွက်နိုင်တယ်။ သူက ကောင်းကင်မြို့မှာ အချိန်တစ်ခုအထိ နေလိမ့်မယ်။ မင်းမှာ အခွင့်အရေးရှိရင် သူ့ဆီကနေ လေ့လာသင့်တယ်။ မင်း အကျိုးအမြတ်တွေ အများကြီး ရလိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်။”
ထိုလူသား လူငယ်လေးအပေါ် ဆရာဖြစ်သူ၏ ဂုဏ်ပုဒ်ကို ကြားသည့်အခါ တာရန်နာက တစ်ဖက်လူ၏အဆင့်မှာ ဆရာသခင်အဆင့်ကို ကျော်လွန်ပြီး အနည်းဆုံး မဟာဆရာသခင် အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ချန်လွေ့ကို လေးလေးနက်နက်နှင့် အရိုအသေပြုလိုက်ပြီး သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ရှိနေခဲ့သည်။
ချန်လွေ့က တာရန်နာကို အရိုအသေ ပြန်ပြုပြီး ပြောသည်။ “ဆာ-ဖီနိုအီရာက ချီးမွမ်းလွန်းနေပါပြီ။ ကျုပ်မှာ အခွင့်အရေး ရမယ်ဆိုရင် ဆရာသခင် တာရန်နာနဲ့ စကားပြောကြည့်မှာပါ။ အရှင်မင်းသမီး မီရှယ်နဲ့ မစ်-ဘလန့်ချ်တို့ကတော့.... သူတို့ရဲ့ ကျေးဇူးကြောင့်ပဲ ကျုပ်က ငွေလကောင်းကင်မြို့တော်ကို ရောက်နိုင်ခဲ့တာ။ ကျုပ်တို့က မိတ်ဆွေတွေပါ။ အဲဒါကြောင့် ယဉ်ကျေးနေဖို့ မလိုပါဘူး။”
“မိတ်ဆွေ”ဟူသော စကားလုံးကို ကြားသည့်အခါ ဘလန့်ချ်၏ မျက်လုံးများက အနည်းငယ် တုန်ခါသွားပြီး တိတ်ဆိတ်စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ ဖီနီုအီရာ ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မည်သူ့ကိုမှ စကားမပြောဘဲ နောက်လှည့်ကာ သစ်တောထဲသို့ လမ်းလျှောက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။
လောင်းကြေးအကြောင်း ချန်လွေ့ပြောသည်ကို မစောင့်ဘဲ လန်ဘိစ်က ရောက်လာသည်။ “ဆာ-ရစ်ချက်။ ခုနက ကျွန်မတို့ရဲ့ ကျောင်းသူ/သားတွေ ရိုင်းပျခဲ့မိတယ်။ သူတို့ရဲ့ကိုယ်စား ဆာနဲ့ အရှင်မင်းသမီး မီရှယ်ကို အခုပဲ တောင်းပန်ပါတယ်။”