← Chapters

သွေးမျက်လုံး

Vol. 44 Ch. 698

သွေးမျက်လုံး

Vol. 44 Ch. 698

မသိမသာနှင့် အချိန်သုံးရက် ကုန်ဆုံးသွား၏။

လန်ဘိစ်က ချန်လွေ့ထံ ထပ်မရောက်လာခဲ့ပေ။ သူက တိတ်ဆိတ်မှုကြောင့် အလွန်ပင် ကျေနပ်နေ၏။ ထိုသုံးရက်အတွင်း ချန်လွေ့က ခရမ်းနှလုံးသား သစ်အိမ်သို့ နှစ်ကြိမ် သွားခဲ့သည်။ တိုးတက်မှုတိုင်း နားလည်မှုတိုင်းက ဖီနိုအီရာနှင့် ဘန်းဒ်တို့ကို ထိတ်လန့်သွားစေပြီး ထိုအရာများက နှစ်ပေါင်းများစွာကြာအောင် လေ့လာပြီး နားလည်လာသကဲ့သို့ ဖြစ်နေ၏။ မဟာဆရာသခင်နှစ်ယောက်က စူပါစနစ်ကဲ့သို့ ထူးခြားသော တည်ရှိမှုတစ်ခုရှိကြောင်း မသိကြပေ။ ချန်လွေ့က ချန်လွေ့ကို “ပါရမီရှင်”ဟူ၍သာ မှတ်ယူထားခဲ့သည်။

ဖီနိုအီရာ၏တပည့် တာရန်နာလည်း အတော်လေး အကျိုးအမြတ် ရရှိခဲ့သည်။ နတ်သူငယ် ဆရာသခင်က အတော်လေး အခြေခိုင်နေပြီ ဖြစ်သည်။ ဆရာဖြစ်သူ ဖီနိုအီရာနှင့် လုံးဝ ကွဲပြားသော လူသားရှုထောင့်မှ လမ်းညွှန်မှုများ ရရှိပြီးနောက် သူက ကျဉ်းမြောင်းသထလက် ကျဉ်းမြောင်းလာသောလမ်းသည် ရုတ်တရက် ပွင့်သွားသလို ခံစားလိုက်ရသည်။ ထိုလူသားအပေါ် သူ၏ မောက်မာမှုကလည်း စစ်မှန်သော လေးစားမှု ဖြစ်လာခဲ့သည်။

လှပပြီး အေးချမ်းလှသော လရောင်အောက်တွင် ဘလန့်ချ်က မီးမွှေးပြီး စားစရာကင် နေကာ ချန်လွေ့က တစ်ခုခုကို တွေးတောနေ၏။ သူတို့နှစ်ယောက်လုံး စကား မပြောကြပေ။ ဘလန့်ချ်က ဝါးတက်ကင်တစ်ချောင်းကို ကမ်းပေးလိုက်ရာ ချန်လွေ့က ယူပြီး တစ်ကိုက် ကိုက်ကာ ချီးမွမ်းလိုက်၏။ “ကောင်းလိုက်တာ။”

သိုလှောင်ဂိုဒေါင်ထဲ၌ စားစရာ ပြတ်လပ်မှု မရှိသော်လည်း ထိုအရာက ဘလန့်ချ်၏ စေတနာ ဖြစ်သည်။ ထို့ပြင် ထိုသတ်သတ်လွတ်ဟင်းများက ဘလန့်ချ် ချက်ပြုတ်သည့်အခါ အမှန်တကယ် အရသာရှိလေသည်။

ချန်လွေ့၏ ချီးမွမ်းမှုကို ကြားသည့်အခါ ဘလန့်ချ်၏ မျက်လုံးတစ်လုံးက အရောင်တောက်သွားခဲ့သည်။ သို့သော်လည်း အလျင်အမြန်ပင် ပြန်မှိန်သွားခဲ့သည်။ သူက ရှားရှားပါးပါး မေးလိုက်၏။ “ရှင် မနက်ဖြန် ထွက်သွားတော့မှာလား။”

ယခင်သုံးရက်အတွင်း နတ်သူငယ်တစ်ပိုင်းက လူသားကို စကား၁၀ခွန်းထက် ပိုမပြောခဲ့သော်လည်း ချန်လွေ့အတွက် ၁၀ခုမက လုပ်ပေးခဲ့သည်။ စောင့်ကြပ်ပေးခြင်း၊ ရှင်းလင်းပေးခြင်း၊ စားစရာရှာပေးခြင်း၊ သော်သော်ကို ဂရုစိုက်ပေးခြင်း စသဖြင့်....

ဤသည်က “မိတ်ဆွေ”ဟူသော စကားလုံးကို ‌ဖော်ပြရန်အတွက် တိတ်ဆိတ်မှုကို အသုံးချကာ လုပ်ရပ်နှင့် စကားပြောသော မိန်းကလေးပင် ဖြစ်သည်။ ချန်လွေ့က ကျေးဇူးတင်ကြောင်း အများကြီး မပြောသော်လည်း မိတ်ဆွေများအကြားရှိ ယုံကြည်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကိုသာ ပြသခဲ့သည်။

“အင်း...” ချန်လွေ့က ခေါင်းညိတ်သည်။ တစ်ရက်ကြာပြီးရင် ယုံကြည်မှု သလင်းကျောက်က ၁၀သိန်း ပြည့်ပြီ။ အဲဒီအချိန်ကျရင် ငါ [ ကြယ်ဂိတ် ] ကို အသက်သွင်းပြီး အချိန်အကြာကြီး စောင့်နေခဲ့ရတဲ့ နတ်ဆိုးဘုံကို ပြန်တော့မယ်။

အယ်ဇဘယ်လာဆီ နှင်းဒဲလက်ပန်းကို ယူသွားရမယ်။

“အိုး...” နတ်သူငယ်ကောင်မလေးက မစ်-သော်သော်ကို အကင်တစ်ခု ပေးလိုက်သည်။ သူက ခေါင်းကိုငုံ့ပြီး ခြင်းတောင်းထဲမှ မှိုများကို ကောက်ယူကာ မေးသည်။ “နောက်ကျရင် ကျောက်စိမ်းသစ်တောပင်လယ်ကို လာဦးမှာလား။”

“အင်း။ ဒါပေမဲ့ အခွင့်အရေးတော့ နည်းသွားလိမ့်မယ်...” ချန်လွေ့က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ ယခုတစ်ခေါက် အစ်ဇဘယ်လာကို ကုသရန် ပြန်ပြီးနောက် သူက နောက်ပိုင်းတွင် ယုံကြည်မှုသလင်းကျောက် သိန်း၂၀ စုဆောင်းပြီး ဇိုလာအတွက် အလင်းနှင့် လေ အရင်းအမြစ်စွမ်းအားကို ရယူနိုင်ရန် လူသားလောကသို့ ပြန်လာမည် ဖြစ်သည်။ သူက လူသားလောက၌ မိတ်ဆွေ အနည်းငယ်သာ ရှိသည်။ ဘလန့်ချ်နှင့် သိကျွမ်းရသည်မှာ အချိန်အကြာကြီး မဟုတ်သော်လည်း မိတ်ဆွေဖြစ်ထိုက်သူတစ်ယောက် ဖြစ်၏။ နောက်တစ်ကြိမ်တွင် သူက သစ်တောပင်လယ်သို့ သေချာပေါက် လာရောက်ပြီး သူ့ဆီကို လာလည်မည် ဖြစ်ပေသည်။

ဒါပေမဲ့ ဒြပ်စင်အရင်းအမြစ် စွမ်းအားနှစ်ခုကို ရပြီးရင်တော့...နောက်တစ်ကြိမ်ဆိုတာ မရှိလောက်တော့ဘူး။

“အင်း...” နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်သည်။ သူ၏ မျက်နှာအမူအရာကို ရေးရေးလေးသာ မြင်နိုင်တော့သည်။

“ဒါက မင်းအတွက်...” ချန်လွေ့က ပုလင်းတစ်လုံး ကမ်းပေးလိုက်သည်။

နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ပုလင်းထဲမှ ဖောက်ထွင်းမြင်ရသော အရည်ကို အံ့အားသင့်စွာဖြင့် ကြည့်နေလိုက်သည်။ “ဒါက ဘာလဲ။”

“အသက်ဓာတ်ရေစင်။ ဒီမှော်ပုလင်းထဲမှာ သုံးလလောက် ထားထားလို့ရတယ်။”

ဘလန့်ချ် ထိတ်လန့်သွားခဲ့သည်။ ဒီပုလင်းထဲမှာ တကယ်ပဲ သဘာဝသစ်ပင်ကို ကယ်တင်နိုင်တဲ့ အသက်ဓာတ်ရေစင် အပြည့် ရှိနေတယ်။ သဘာဝသစ်ပင်ဆိုသည်မှာ နတ်သူငယ်မျိုးနွယ်စု၏ သိဒ္ဓိသစ်ပင်ဖြစ်ပြီး အံ့သြဖွယ်ရာစွမ်းအားများ ရှိသော်လည်း နှစ်သောင်းချီ ကြာလာပြီးနောက် တဖြည်းဖြည်း ညှိုးနွမ်းလာနေခဲ့သည်။ အသက်ဓာတ်ရေစင်ကသာ ၎င်းကို ပြန်လည်အသက်ပြန်ရှင်စေနိုင်မည် ဖြစ်သည်။ ဘလန့်ချ်၏အဖေက နတ်သူငယ်မျိုးနွယ်စု၏ အသိအမှတ်ပြုခံရရန်အတွက် ဒဏ္ဍာရီလာ အသက်ဓာတ်ရေစင်ကို ရှာဖွေရန်အတွက် မတုံ့ဆိုင်းဘဲ အိပ်မက်ဆိုးတောနက်ထဲသို့ သွားခဲ့သည်။ သို့သော်လည်း သူက မည်သည်ကိုမှ မတွေ့ခဲ့သည့်အပြင် ကံမကောင်းစွာဖြင့် မီးတောင်ထဲကျသွားကာ အလောင်းပင် မကျန်တော့ပေ။

ဒီလူသားက အသက်ဓာတ်ရေစင် ပိုင်ဆိုင်မယ်လို့ မထင်ထားခဲ့ဘူး။ သူက နတ်သူငယ် မျိုးနွယ်စုကို အသက်ဓာတ်ရေစင် ပေးလိုက်မယ်ဆိုရင် သေချာပေါက် အဖိုးရန်ရတနာတွေနဲ့ အကျိုးအမြတ်တွေ အများကြီး ရနိုင်မှာ။ ဒါပေမဲ့က သူက ငါ့ကို ပေးခဲ့တယ်။

“နတ်သူငယ် ဧကရီက မင်းရဲ့အဒေါ်လို့ ပြောလို့ရတယ်လို့ မီရှယ်က ပြောခဲ့တယ်။ သူက မသေခင် မင်းရဲ့အမေ မသေခင်မှာ မင်းကို သစ်တောပင်လယ်မှာ ထားထားဖို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ နတ်သူငယ်မျိုးနွယ်စုရဲ့ ကန့်ကွက်မှုတွေကြောင့် သူက မင်းကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး။ မင်းက ရေစင်ကို နတ်သူငယ် ဧကရီဆီ ပေးလိုက်မယ်ဆိုရင် နတ်သူငယ် မျိုးနွယ်စုအတွက် ကြီးမားတဲ့ အကျိုးပြုမှုတစ်ခု လုပ်နိုင်လိမ့်မယ်။ အနာဂတ်မှာ မင်းက ခွဲခြားမခံရတော့ဘဲနဲ့ မမျှမတ ဆက်ခံရတော့မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ အခြေအနေက လက်ရှိထက် အများကြီး ပိုကောင်းလာမှာပါ။” ချန်လွေ့က အလေးအနက်‌ ပြောလိုက်သည်။ “မင်း ငါ့ကို မိတ်ဆွေအနေနဲ့ သဘောထားတယ်ဆိုရင် ဒါကို လက်ခံရမယ်။ ဒါပေမဲ့ မှတ်ထားဦး။ ငါသွားပြီးမှပဲ ဒါကို ပေး။ အပိုပြဿနာတွေ ငါ မဖြစ်ချင်ဘူး။”

“အင်း။ သိပါပြီ။” ဘလန့်ချ်က ပုလင်းကို တုန်တုန်ယင်ယင်နှင့်ယူပြီး ခြင်းတောင်းထဲ ထည့်လိုက်သည်။ သူက ကျေးဇူးတင်ကြောင့် မပြောဘဲ ခေါင်းကိုငုံ့ကာ မိမိ၏ မျက်လုံးနီနီကို ချန်လွေ့ မတွေ့စေရန်အတွက် မှိုများကို ဆက်ကင်နေခဲ့သည်။ သုံးလေးခေါက် လူးလှိမ့်ပြီးနောက် မှိုများကို ဝါးဖြင့် ထိုးကာ မီးကင်တော့သည်။

သူတို့နှစ်ယောက်က ထိုအချိန်၌ ပြောစရာစကား မဲ့နေခဲ့သည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေးက ဝါးတက်နှင့် မှိုများကို ကင်ပြီးနောက် ကိုယ်တိုင်စားရန်အတွက် အရွက် စွပ်ပြုတ်လုပ်လိုက်သည်။ အများစုကတော့ ချန်လွေ့၏ သော်သော်တို့၏ ဗိုက်ထဲသို့ ရောက်သွားကြလေသည်။

“ကျွန်မ ရှင့်အတွက် တေးသွားတစ်ခု တီးပြမယ်။ သူက ကျွန်မအမေ ချန်ထားတဲ့ တစ်ခုတည်းသော မှတ်ဉာဏ်ပဲ။” နတ်သူငယ်တစ်ပိုင်း ကောင်မလေးက အစိမ်းရောင် သစ်ရွက် တစ်ရွက်ကိုထုတ်ပြီး နှုတ်ခမ်းပေါ် တင်လိုက်သည်။ ကြွပ်ရွရွ အသံတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာ၏။

ထိုအရာက နတ်သူငယ်မျိုးနွယ်စု၏ ကလေး‌ချော့တေး ဖြစ်သည်။ သစ်ရွက်က သာမန်ဟုသာ ထင်ရသော်လည်း အသံက ပလွေနှင့် အနည်းငယ် ဆင်တူသည်။ အသံက အေးချမ်းပြီး ကျက်သရေရှိကာ လူအများကို အေးဆေးစေသည်။ သာမန်အားဖြင့် တက်ကြွသော ဇာမဏီငှက်လေးသည်ပင် မျက်လုံးများကို အသာလေး ပိတ်ထား၏။

ချန်လွေ့က နတ်သူငယ်တစ်ပိုင်း ကောင်မလေးသည် သေသေချာချာ တီးမှုတ်နေကြောင်း ကြားနိုင်သည်။ အသက်ဓာတ်ရေစင်ကဲ့သို့ အဖိုးတန်လက်ဆောင်အတွက် သူက မည်သည့်အရာမှ ပြန်မပေးနိုင်ခဲ့ပေ။ သူက ကျေးဇူးတင်ကြောင်း ဖော်ပြရန်အတွက် မိတ်ဆွေဖြစ်သူကို တေးသွားတစ်ပုဒ်သာ တီးမှုတ်ပြနိုင်လေသည်။

ချန်လွေ့က မျက်လုံးများကို အသာလေး မှိတ်ထားလိုက်သည်။ ထိုအရာက လူသား လောက၌ သူရရှိခဲ့သော အဖိုးတန်ဆုံး လက်ဆောင်များထဲမှ တစ်ခု ဖြစ်လောက်ပေသည်။

ထိုအချိန်၌ တေးသံက အနည်းငယ် စတင်၍ ထူးဆန်းသွားသည်။ နောက်ဆုံး၌ တစ်ခုခု လွဲနေကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ သူ မျက်လုံးဖွင့်လိုက်ရာ ဘလန့်ချ်က ပြင်းထန်သော ဝေဒနာတစ်ခုကို ဖိနှိပ်ကာ အကောင်းဆုံး ကြိုးစားနေကြောင်း မြင်လိုက်ရသည်။ သူ၏နဖူးမှ ချွေးစီးများပင် ပြည့်နေသော်လည်း သူက ထိုတေးသံကို အဆုံးသတ်ရန် ကြိုးစားနေခဲ့သည်။

“ဘလန့်ချ်...”

နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ လက်ထဲရှိ သစ်ရွက်က မြေပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေလေသည်။ “မဖြစ်ဘူး...”

ချန်လွေ့က အမြန်ရှေ့တက်လာပြီး မေးသည်။ “ဘာဖြစ်တာလဲ။”

“ဘာလို့ အခုမှလဲ....” ဘလန့်ချ်က ဘယ်မျက်လုံးကို အတင်းဖိထားလိုက်သည်။ သူ၏ လက်သည်းများက နဖူးကို သွေးထွက်သည်အထိ ကုန်ခြစ်နေ၏။ သူက အံကြိတ်နေသည်။ “မဖြစ်ပါနဲ့တော့..”

မီရှယ် ပြောခဲ့သည်ကို ချန်လွေ့ ရုတ်တရက် သတိရလိုက်သည်။ ဘလန့်ချ်က မျက်လုံးကာကို ဝတ်ထားရသည်မှာ မျက်လုံးကွယ်နေခြင်းကြောင့် မဟုတ်ဘဲ သူ့ဘယ်မျက်လုံးက ဖခင်ဖြစ်သူ၏ သွေးမျိုးဆက်မှ ဆက်ခံထားပြီး သန္ဓေပြောင်းလဲမှု တစ်ခုခု ရှိနေကော တားမြစ် ကျိန်စာစွမ်းအားတစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ တားမြစ်စွမ်းအားက ညအချိန်၌ ရံဖန်ရံခါ အသက်ဝင်လာတတသည်။ နတ်သူငယ်ဧကရီနှင့် ဘလန့်ချ်ကိုယ်တိုင်၏ အပြင်းအထန် တောင်းဆိုမှုကြောင့် မီရှယ်က ညပိုင်းတွင် ဘလန့်ချ်၏ နေအိမ်သို့ တစ်ခါမှ မလာရဲခဲ့ပေ။ နောက်ဆုံးတစ်ခေါက် မီရှယ်က ချန်လွေ့ကို ငွေလကောင်းကင်မြို့တော်ဆီ ခေါ်သွားချိန်က ညအချိန်ဖြစ်၏။ ထိုစဉ်က မီရှယ်သည် နတ်သူငယ် ဧကရီ၏ ဆူပူခြင်းကို ခံခဲ့ရလေသည်။

“ရစ်ချက်။ ဒီကနေ အမြန်ထွက်သွားတော့။ ကျွန်မ မထိန်းထားနိုင်တော့ဘူး။”

“ငါမင်းကို ကူညီပေးနိုင်တယ်။ မင်းရဲ့မျက်လုံးတွေ ပြကြည့်။” ချန်လွေ့က ဘလန့်ချ်အား ထိုတားမြစ်ကျိန်စာကို ဖယ်ရှားပေးရန် ကူညီပေးချင်သည်။ သူက နဖူးကိုဖိထားသော ဘလန့်ချ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် [ သရုပ်ခွဲမျက်လုံး ] ကိုသုံးပြီး သော်သော်အား သစ်အိမ်သို့ ပြန်ကာ ပြန်မထွက်လာရန် ပြောခဲ့သည်။

“မဖြစ်ဘူး။ အခုပဲ သွားတော့။” နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏အသံက ထူးထူးဆန်းဆန်း အော်သံပေါက်နေ၏။

ရုတ်တရက် ချန်လွေ့က ဘလန့်ချ်၏ မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း စွမ်းအားတစ်ခု လှိမ့်တက်လာသည်ကို ခံစားမိလိုက်သည်။ မျက်လုံးကာက အမှန်တကယ်ပင် အရည်ပျော်သွားခဲ့သည်။ သူ၏လက်လည်း လွင့်ထွက်သွားပြီး သွေးယိုစီးကျိနေသော အနီရောင် မျက်လုံးတစ်လုံးက ပေါ်ထွက်လာသည်။ ‌ဘေးတစ်ဖက်တွင် နက်ပြာရောင်မျက်ဆံရှိနေပြီး အခြားတဖက်ကတော့ သွေးနီရောင်မျက်ဆံ ဖြစ်နေ၏။ သူတို့က အတော်လေး ထူးဆန်းပေသည်။

ဘလန့်ချ်၏ ဘယ်မျက်လုံးကို ဗဟိုပြု၍ ပြင်းထန်သော အငွေ့အသက်များ ထွက်လာသည်။ ထိုအငွေ့အသက်က နတ်ဆိုးဘုရင်အဆင့်ထက် များစွာကျော်လွန်နေပြီး S အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ နတ်သူငယ်တစ်ပိုင်း ကောင်မလေး၏ ခန္ဓာကိုယ်က သွေးရောင် မီးတောက် အလင်းတန်းများ စတင်ထွက်ပေါ်လာပြီးနောက် သုသာန်ရှိ အပင်များကလည်း စတင် ညှိုးနွမ်းကာ အလျင်အမြန် နီရဲသွားတော့သည်။ ထူးဆန်းပြီး အားကောင်းသော ဖျက်ဆီးခြင်း စွမ်းအားက ချန်လွေ့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိသွားပြီး အရာအားလုံးက စတင် ဖျက်ဆီးတော့သည်။ သို့သော် စူပါစနစ်က အသက်ဝင်လာပြီး ထိုဖျက်ဆီးခြင်းစွမ်းအားကို တားဆီးကာ ဝါးမျိုနေလိုက်သည်။

ချန်လွေ့ မော့ကြည့်လိုက်ရာ လသည် သွေးနီရောင်ပြောင်းသွားကြောင်း မြင်လိုက်ရသည်။ သူက ထိတ်လန့်သွားခဲ့ပြီး ပတ်ဝန်းကျင်မြင်ကွင်းများက တဟုန်ထိုး ပြောင်းလဲသွားကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။

ချက်ချင်းပင် လရောင်၊ သုသာန် နှင့် သစ်အိမ်တို့အားလုံး မရှိတာ့ပေ။ သွေးပင်လယ်ကဲ့သို့ အရည်ပျော်နေသော ချော်ရည်များ အပြည့်သာ ရှိနေ၏။ ထိုမြင်ကွင်းက မြင့်မားလှသော အပူချိန်ထဲ၌ ရှုံ့တွနေပြီး လေထုကလည်း အသက်ရှူကြပ်စေသော အပူရှိန်များ ပြည့်နှက်နေခဲ့သည်။

ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းက ချန်လွေ့ကို ထိတ်လန့်သွားစေသည်။ သူက ရှေ့မှ ငိုသံ ယဲ့ယဲ့လေးကို ကြားလိုက်ရပြီး ချက်ချင်းပင် အော်ပြောလိုက်သည်။ “ဘလန့်ချ်။ မင်း ဘယ်မှာလဲ။”

ငိုသံက မရှင်းမလင်း ဖြစ်နေပြီး ချော်ရည်သံများ ဆူပွက်နေခြင်းကြောင့် ဖုံးလွှမ်းနေ၏။ ချန်လွေ့က ထိုနေရာတွင် မိမိ၏ အသက်ဓာတ် တဖြည်းဖြည်း အားနည်းလာပြီး အသက် ဆက်တိုက်လျော့နေသော ဂိမ်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ရန်သူများ မပေါ်ထွက်လာလျှင်ပင် သူက အသက်ကုန်ပြီး နောက်ဆုံး သေသွားပေလိမ့်မည်။

ချန်လွေ့က စိတ်ကို စေစားလိုက်ရာ မျက်လုံးထဲ၌ သွေးရောင်အနည်းငယ် ပေါ်ထွက်လာသည်။ သူ့တစ်ကိုယ်လုံးက ဖျက်ဆီးခြင်း အငွေ့အသက် ပြည့်နှက်နေသော လောကနှင့် ပေါင်းစပ်သွားဟန်တူသည်။ တိုက်စားမှုစွမ်းအားက သူ၏အသက်ဓာတ်ပေါ် သက်ရောက်မှု မရှိတော့ပေ။ ထိုအရာက ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲပြီးနောက် သူ နားလည်ထားခဲ့သော လျို့ဝှက်ဆန်းကြယ်မှု အသစ်တစ်ခု ဖြစ်သည်။ အသူရာကို ကိုယ်ပွားအဖြစ် အသုံးမပြုသည့်အခါ မူလခန္ဓာက အသူရာ၏စွမ်းအားကို အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်၏။

ရှေ့တွင် ထူးဆန်းသော ပုံရိပ်အများအပြား ရုတ်တရက် ပေါ်ထွက်လာသည်။ သူတို့က ရွှေနီရောင် ချပ်ကာဝတ်ဆင်ထားပြီး ကြာပွတ်ရှည်တစ်ခု ကိုင်ထားပြီး မီးတောက်နှင့် လျှပ်စီး အလင်းများ ဝိုင်းရံထားကာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။

ထိုကဲ့သို့ အင်အားကြီးပြီး ကြောက်မက်ဖွယ်ရာ သတ္တဝါများကို တစ်နေရာရာ၌ ယခင်က မြင်ခဲ့ဖူးသည့်အတွက် ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ချစ်ချစ်တောက် မီးစုန်း။

သို့သော်လည်း ယခု ချန်လွေ့၏အစွမ်းဖြင့် ထိုအရာများက ပုံရိပ်များသာဖြစ်ကြောင်း မြင်နိုင်သည်။ သူ၏မျက်လုံးထဲမှ အလင်းရောင်များ ပြောင်းလဲသွားပြန်ပြီး တံလျှပ်မှ မှော်စွမ်းအားက နေရာလွတ်ကို ဖောက်ထွင်းသွားခဲ့သည်။

တဖြည်းဖြည်းနှင့် ချစ်ချစ်တောက် မီးစုန်း ပုံရိပ်များ ပျောက်ကွယ်သွားပြီး သွေးပင်လယ် အရောင်ကလည်း တဖြည်းဖြည်း မှိန်သွားကာ မြင်ကွင်းက တဖြည်းဖြည်း စတင် ကြည်လင်လာခဲ့သည်။ ရှေ့ဘက်ရှိ လေထဲ၌ ကောင်မလေးတစ်ယောက် လွင့်ပျံနေ၏။

ကောင်မလေးက အသက် ၃၊၄ နှစ်အရွယ်ရှိပြီး အပြာရောင်နှင့် အနီရောင် မျက်ဆံများ ရှိနေသည်။ သူ့ပုံစံက နူးညံ့ပြီး ချစ်စရာကောင်းသော်လည်း ဘလန့်ချ်၏မျက်နှာနှင့် ရေးရေးလေး ဆင်တူနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းသော မီးတောက်များ ရှိနေပြီး ငိုနေ၏။

“မေမေ..ဘယ်ရောက်နေလဲ။”

“ဘလန့်ချ်ကို မထားခဲ့ပါနဲ့...”

“ဘလန့်ချ် ကြောက်တယ်....”

“သူများတွေ ဘလန့်ချ်ကို အနိုင်ကျင့်ကြတယ်.....”

“အဟင့်....”

“ဘလန့်ချ်...” ချန်လွေ့က တဖြည်းဖြည်း ပျံတက်လာသော်လည်း ဘလန့်ချ်အငယ်လေးက သူ့ကို မြင်နိုင်ပုံ မရပေ။ သူက ငိုသာ ငိုနေခဲ့သည်။

“ဘလန့်ချ်။ ငါမင်းကို ကာကွယ်ပေးမယ်။” ချန်လွေ့က လက်ကို ဖြန့်လိုက်ပြီးနောက် မှော်စက်ကွင်းတစ်ခုက ဘလန့်ချ် အငယ်လေးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

ဘလန့်ချ် အငယ်လေးက တစ်ခုခုကို ကြားသွားဟန်တူသည်။ ထိုကဲ့သို့ နွေးထွေးသော စွမ်းအား၏ နှစ်သိမ့်မှုနှင့်အတူ သူက တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ သွေးပင်လယ် မြင်ကွင်းကလည်း အလျင်အမြန် ပျောက်ကွယ်သွားပြီးနောက် မူလအတိုင်း လရောက်အောက်မှ သုသာန်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဘလန့်ချ်က ချန်လွေ့၏ လက်မောင်းထဲ၌ လှဲလျောင်းနေခဲ့သည်။ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားက အစအနမကျန် ပျောက်ကွယ်သွား၏။ သူ၏ လှပသောမျက်နှာက ငြိမ်းချမ်းသော အမူအရာရှိနေပြီး မျက်လုံးများကို ညင်ညင်သာသာ ပိတ်ထား၏။ သူ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် မြင့်တက်နေခဲ့သည်။ သူက အာကာသထဲမှ ကောင်မလေးတစ်ယောက်ကဲ့သို့ပင် အိပ်စက်နေ၏။

All Chapters