တိုက်ခိုက်လို့ပဲရမယ်
Vol. 44 Ch. 700
ချန်လွေ့ စိတ်ပြောင်းသွားခဲ့သည်။ [ ကြယ်ဂိတ် ] သို့ မဝင်ရောက်ခင် သူက တစ်ခုခု ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အားကောင်းသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက် လာသည်။ အားကောင်းသည့် ဖျက်ဆီးခြင်းအငွေ့အသက်များရှိသော အလင်းစက်လုံးများက ဖီနိုအီရာနှင့် မီရှယ်တို့ထံ တစ်ချိန်တည်း ရောက်ရှိလာ၏။
မျက်မြင်သက်သေကို သတ်ပစ်တာ။ မီရှယ်က မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ ဒီယုံကြည်ရတဲ့ မိတ်ဆွေက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ မျက်နှာအစစ်အမှန်ကို ပြနေတာပဲ။
သရုပ်မှန်ပေါ်သွားပြီးနောက် သဲလွန်စများ မကျန်စေရန်အတွက် မျက်မြင်သက်သေကို သတ်ပစ်ခဲ့သည်။ ယုတ်စအဆုံး...အပေါ်ယံ၌ ထိုကဲ့သို့ ဖြစ်သည်။
နတ်သူငယ်ဧကရီနှင့် ချန်လွေ့ ပထမဆုံး တွေ့ခဲ့စဉ်က တောင်နေလူပုများနှင့် ဘာမှမဆိုင်တော့ကြောင်း ပြောလိုက်သလိုမျိုးပင် ဖြစ်သည်။
[ အရုဏ်ဦးပစ်ချက် ] ကို ချန်လွေ့ မသုံးခင် စက္ကန့်အနည်းငယ်၌ ဖီနိုအီရာက စိတ်ထဲ၌ သတိပေးချက်တစ်ခုကို ကြားလိုက်ရပြီး မျက်လုံးထဲ၌ သဘောပေါက်မှု အငွေ့အသက်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ့ရှေ့တွင် ရေကဲ့သို့ မှော်လှိုင်းများ ထွက်ပေါ်လာပြီး အားလုံးကို ဝိုင်းရံလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ထက်မြက်သော အပြာရောင် အလင်းများ ထွက်ပေါ်လာပြီး ချန်လွေ့ကို ပြန်လည် တိုက်ခိုက်လိုက်သည်။
သို့ရာတွင် မမျှော်လင့်ထားသော အရာများ ဖြစ်သွား၏။ ချန်လွေ့၏ တိုက်ခိုက်မှု ဖြစ်စေ၊ ဖီနိုအီရာနှင့် အကာအကွယ်နှင့် တန်ပြန်တိုက်ခိုက်မှုများဖြစ်စေ၊ အားလုံးက လေထဲမှ အလင်းတန်းများကြောင့် ယိုင်ကုန်ကြသည်။ သူတို့က ဦးတည်နေရာသို့ မရောက်သွားကြဘဲ အဝေးသို့ “ယိုင်”သွားကြလေသည်။
ထိုဖြစ်စဉ်က နေရာလွတ် အကာအရံနှင့် ဆင်တူပြီး ချန်လွေ့ ရင်ဆိုင်ခဲ့ရသော သိဒ္ဓိတပည့် ကိုလီနာ၏ အကာအကွယ်တိုက်ကွက်နှင့် ဆင်တူသည်။ ကွဲပြားသည်က အလင်းတန်း ယိုင်သွားသည်မှာ အဆက်မပြတ် ဖြစ်နေခြင်းပင်။ ယိုင်သွားသောအချိန်တိုင်း စွမ်းအားက ကြီးကြီးမားမား အားလျော့သွား၏။ ချန်လွေ့၏ [ အရုဏ်ဦးပစ်ချက် ] က လေးကြိမ် ယိုင်သွားခဲ့ပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ နတ်သူငယ် မဟာဆရာသခင်၏ တန်ပြန် တိုက်ခိုက်မှုကလည်း ထိုအတိုင်းသာ ဖြစ်သည်။ သို့သော် အလင်းတန်း၏စွမ်းအားက ကိုလီနာထက် အဆ၁၀၀ ပိုအစွမ်းထက်ပေသည်။
ချန်လွေ့ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် [ ကြယ်ဂိတ် ] ဆီသို့ လမ်းလျှောက်သွား၏။ ထိုခြေလှမ်းလှမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ် အနေအထားက ထူးဆန်းစွာပင် ရှေ့သို့ မသွားဘဲ နောက်ဆုတ်နေခဲ့သသည်။ သူက [ ကြယ်ဂိတ် ] နှင့် အဝေးကို ရောက်သွား၏။ ရှေ့သွားသွား နောက်သွားသွား အတူတူပင် ဖြစ်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက [ ကြယ်ဂိတ် ] နှင့် မီတာ၂၀ကျော် ကွာဝေးသွားခဲ့သည်။ ချန်လွေ့ မျက်မှောင်ကြုတ်ပြီး အာရုံခံမိလိုက်သည်။ ဒါက သာမန် မီတာ၂၀တော့ မဖြစ်နိုင်ဘူး။ မရေမတွက်နိုင်တဲ့ အပိုင်းပိုင်း လုပ်ထားတဲ့ နေရာလွတ်တွေပဲ။
ချန်လွေ့က နေရာလွတ်ကို ဖြတ်သန်းရန်အတွက် ချက်ချင်းပင် တယ်လီပို့ ခုန်ကြည့်သည်။ သို့သော်လည်း သူက ထိုနေရာ၌ပင် ရှိနေဆဲ ဖြစ်သည်။ သူက လက်မခံနိုင်ဘဲ [ ကြယ်ဂိတ် ] ကို အသက်သွင်းကြည့်ပြန်သည်။ သို့သော် သူက ယခင်ကကဲ့သို့ မဝင်နိုင်သေးပေ။ နီးလေလေ၊ အဝေးသို့ ရောက်သွားလေလေ ဖြစ်နေ၏။
ချန်လွေ့ ရင်မောသွားခဲ့သည်။ အချိန်မရွေး ထွက်ပြေးနိုင်တဲ့ အကြီးမားဆုံး ဝှက်ဖဲဖြစ်တဲ့ [ကြယ်ဂိတ်]က ဒီလိုနည်းလမ်းတဲ့ တကယ်ကြီး တားဆီးခံလိုက်ရပြီ။
ကောင်းကင်ထဲ၌ သုန်မှုန်သော အသံတစ်သံက လူတိုင်း၏နားထဲ၌ ထွက်ပေါ်လာ၏။ “ပုလိုစ်။ ဒါက မျိုးနွယ်စု စစ်ပွဲသာဆိုရင် ငါက ငွေလကောင်းကင်မြို့တော်ကို တစ်ခါတည်း သွားမှာပေါ့။ ဒီလိုနေရာမျိုးကို မလာဘူး။ ငါ ဒီကို ရောက်လာတာက ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ထားတဲ့ အပြစ်သားတစ်ယောက်ကို လာဖမ်းဖို့ပဲ။”
နက်ရှိုင်းသောအသံက မောက်မာမှု အငွေ့အသက် ရှိနေ၏။ “ဒါက လနတ်ဘုရားမရဲ့ ကျောက်စိမ်းသစ်တောပင်လယ်ပဲ။ သိဒ္ဓိအလင်းတောင် မဟုတ်ဘူး။ မင်းက ခွင့်ပြုချက် မရှိဘဲနဲ့ အစီအရင်ကို ဖျက်ဆီးတဲ့အပြင် ယန္တရား မဟာဆရာသခင်နဲ့ နတ်သူငယ်မျိုးနွယ်စုရဲ့ မင်းသမီးလေးကိုလည်း တိုက်ခိုက်ခဲ့တယ်။ ဒါက နတ်သူငယ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေတယ်။ မင်း ထွက်မသွားသေးဘူးဆိုရင် ငါကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့။”
“ပုလိုစ်။ အပိုစကားကို ဘေးဖယ်ထားလိုက်။ ကျောက်စိမ်းသစ်တောပင်လယ်က ဒီအပြစ်သားကို ကာကွယ်ပေးချင်နေတယ် ဆိုရင်တော့ စစ်ပွဲအတွက် တကယ် အသင့်ပြင် ထားရမယ်။”
နက်ရှိုင်းသောအသံက အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်သည်။ “ချဲ့ကား ပြောနေတာပဲ။ ဒီကောင်လေးက အပြစ်သားလား။ သူက သိဒ္ဓိအလင်းတောင်နှင့် နတ်သူငယ် မျိုးနွယ်စုကို တကယ် စစ်ပွဲ ဖြစ်စေနိုင်တာလား။”
“သူ ဘာလုပ်ခဲ့လဲ သိလား။ သူက သိဒ္ဓိအလင်းတောင်ထဲ ခိုးဝင်ပြီးတော့ နှင်းဒဲလက်ပန်းပင် သုံးပင်ကို ဖျက်ဆီးခဲ့တယ်။” အစ်ဇ်ယိုရူး၏အသံက ပို၍ပင် အေးစက်လာသည်။ “ပုလိုစ်။ အခု မင်းငါ့ကို တားချင်သေးတား သေချာလား။”
အောက်မှလူများက ထိတ်လန့်သွားကြသည်။ လန်ဘိစ်သည်ပင် ပင့်သက်ရှိုက်လိုက်မိ၏။ သိဒ္ဓိအလင်းတောင်ရဲ့ သိဒ္ဓိပန်းပင်တွေဆိုတာ ဘာလဲ။ အဲဒါက ယုံကြည်မှု သင်္ကေတအပြင်ကို အံ့သြဖွယ်ရာတွေနဲ့ ဆက်နွှယ်နေနတဲ့ လျို့ဝှက်ချက်တွေ အများကြီး ပါဝင်နေတယ်။ အဆင့်အတန်း အရဆိုရင် အဲဒါက နတ်သူငယ်မျိုးနွယ်စုရဲ့ သဘာဝသစ်ပင်နဲ့ ဆင်တူတယ်။ ရစ်ချက်က ဒီလိုပြဿနာ ဖြစ်စေခဲ့မယ်လို့ မထင်ထားခဲ့ဘူး။ သူက သိဒ္ဓိပန်းပင် သုံးပင်ကို လုံးဝ ဖျက်ဆီးခဲ့တယ်။
နတ်သူငယ်မျိုးနွယ်စု၏ အထူးအစွမ်းထက်ပုဂ္ဂိုလ် ပုလိုစ်က တိတ်ဆိတ်သွား၏။ အတော် ကြာပြီးနောက် သူက မေးသည်။ “ဒီလူသားတစ်ယောက်တည်းလား။”
ထိုမေးခွန်းက နတ်သူငယ်မျိုးနွယ်စု၏ သဘောထားကို ပြသနေပြီး ဖြစ်သည်။
အဖြစ်အပျက်မှ ဝေးဝေးနေမည့် နတ်သူငယ်မျိုးနွယ်စု အထူးအစွမ်းထက်ပုဂ္ဂိုလ်၏ သဘောထားကို ချန်လွေ့ မျှောင့်ထားပြီးသား ဖြစ်သည်။ သူက မိတ်ဆွေများကို မထိခိုက် စေချင်ပေ။ သူ ကြိုမမြင်နိုင်ခဲ့သည်က [ ကြယ်ဂိတ် ] အလုပ်မဖြစ်ခြင်းကိုပင်။ ထိုကဲ့သို့ ဝှက်ဖဲကို ဆုံးရှုံးလိုက်ရသည့်အတွက် အသည်းအသန် တိုက်ခိုက်ရတော့မည် ဖြစ်သည်။
“ဟုတ်တယ်။ ဒီကောင်က အသွင်ပြောင်းတာနဲ့ ထွက်ပြေးတာ တော်တယ်။ သိဒ္ဓိတပည့်တွေတောင် လှည့်စားခံခဲ့ရတယ်။ အဲဒါကြောင့် ငါက အစီအရင်ကို ဖျက်ဆီးပြီးတော့ ဒီနေရာကို အကျဉ်းချဖို့ စွမ်းအားသုံးခဲ့တယ်။ ကျန်တဲ့သူတွေကတော့ လှည့်စားခံရတဲ့သူတွေပဲ။” အစ်ဇ်ယိုရူးက ချက်ချင်း ပြန်ဖြေလိုက်သည်။ အလင်းရောင် ဖျပ်ခနဲ လက်သွားပြီးနောက် လူတိုင်းက အပြင်ရောက်သွားကြပြီး အဝေးတစ်နေရာ၌ ပေါ်ထွက်လာကာ အလင်းတန်း နယ်မြေထဲ၌ ချန်လွေ့သာ ကျန်ရစ်ခဲ့သည်။
ထိုလုပ်ရပ်ကြောင့် ပုလိုစ်က စိတ်ပိုင်းဖြတ်လိုက်၏။ “ဒါဆို နတ်သူငယ်မျိုးနွယ်စုက ဒီကိစ္စကို ထပ်မနှောင့်ယှက်တော့ဘူး။ ဒါပေမဲ့ သိဒ္ဓိအလင်းတောင်က အစီအရင် ပျက်စီးတဲ့အတွက် လျော်ကြေးပေးရမယ်။”
“ရတယ်။” အစ်ဇ်ယိုရူး၏ ပုံရိပ်က ချန်လွေ့၏အရှေ့၌ ပေါ်ထွက်လာသည်။ ထိုသူက ဆံပင်အညိုနှင့် မျက်လုံးအပြာရှိသည့် ခန့်ညားသော ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက မီးခိုးပြာရောင် ဝတ်ရုံကို ဝတ်ထားပြီး လက်မောင်းကြားထဲ၌ စာအုပ်တစ်အုပ် ညှပ်ထားကာ ယဉ်ကျေးသော စာသင်သားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
မျိုးနွယ် - လူသား (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - SS
ခန္ဓာအမျိုးအစား - SS
စွမ်းအား - SS
စိတ်ဝိညာဉ် - SS
အမြန်နှုန်း - SS
[စိစစ်ချက်] - မီးဂုဏ်သတ္တိ။ နေရာလွတ်စွမ်းရည်။
အန္တရာယ်သတ်မှတ်ချက် - အလွန်အမင်း အန္တရာယ်ရှိ။
SS အဆင့် စွမ်းအား။ အပြည့်အဝ တိုင်းပြည်ဖန်တီးထားတဲ့ အဆင့်။ နေပါဦး...သူ့မျိုးနွယ်က လူသားဆိုပါလား။ တမန်တော်မဟုတ်ဘူးလား။ ချန်လွေ့က အစ်ဇ်ယိုရူးသည် တောင်ပံ၄ခုနှင့် တမန်တော်ဖြစ်ကြောင်း မကရ သိဒ္ဓိတပည့် ခလာ့ခ်ထံမှ ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူ သိချင်သွားမိသည်။
မည်သို့ပင် ဆိုစေကာမူ ဤသည်က သူ့ဘဝ၌ ရင်ဆိုင်ခဲ့ဖူးသမျှ၌ အစွမ်းအထက်ဆုံး ရန်သူ ဖြစ်သည်။ ပြိုင်ဘက်က အထူးအဟုန်တစ်ခု မပြသခဲ့သော်လည်း ချန်လွေ့က “တောင်ပံ၄ခု တမန်တော်”၏ စွမ်းအားက ပင်လယ်သေမှ ရေဘဝဲဘုရင်နှင့် သေရွာပြန်ဘုရင်တို့ထက် သာလွန်မည်ဖြစ်ကြောင်း ခံစားမိနေ၏။
တိုင်းပြည် ဖျက်ဆီးခံလိုက်ရပြီး ဝိညာဉ်တစ်ပိုင်းတစ်စသာရှိသော သိဒ္ဓိနဂါး ရိုဒရီဂူးဇ်သည်ပင် လက်ရှိ အစွမ်းအထွတ်အထိပ် ရှိနေသော အစ်ဇ်ယိုရူးကို မယှဉ်နိုင်ပေ။
အစ်ဇ်ယိုရူးက ချန်လွေ့၏ ယခင်က မအောင်မြင်သော ကြိုးပမ်းမှုကို မြင်ခဲ့သည့်အတွက် အထင်သေးသော အမူအရာတစ်ခု ပြသလိုက်သည်။ “အချိန်ဖြုန်းမနေနဲ့။ မင်းမှာ ထူးခြားတဲ့ နေရာလွတ်ပါရမီရှိတာ ငါသိတယ်။ မင်းက သိဒ္ဓိအလင်းတောင်ကနေ ထွက်ပြေးပြီးတော့ ဒီလှည့်ကွက်နဲ့ ပုန်းအောင်းနေခဲ့တယ်။ ပြီးတော့ သိဒ္ဓိတပည့်တွေ ဝိုင်းတိုက်မှာကနေ လွတ်မြောက်ခဲ့တယ်။ ကံဆိုးချင်တော့ ငါ့မျက်လုံးထဲမှာ ဒီစွမ်းရည်က ပမွှားလေးပဲ။ ဒါက ငါ့တိုင်းပြည်။ သီးခြားနေရာလွတ်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်းရဲ့ နေရာလွတ် တံခါးကို ငါ့ရဲ့ တိုင်းပြည်စွမ်းအားကို သော့ခတ်လိုက်ပြီ။ မင်းငါ့ရဲ့ တိုင်းပြည်ကို အနိုင်မယူနိုင်ရင် ငါ မတိုက်ခိုက်ရင်တောင် နေရာလွတ်တံခါးကို မင်းဘယ်တော့မှ ဝင်လို့ရမှာ မဟုတ်တော့ဘူး။”
ချန်လွေ့က ပင့်သက်ရှိုက်လိုက်၏။ သူက ကြယ်စွမ်းအားက အရှိန်မြန်စွာ လည်ပတ်စေလိုက်ပြီး နောက်ဆုံး အသည်းအသန် တိုက်က်ခိုက်ရန် ပြင်နေပုံရသည်။
“ရူးမိူက်တဲ့ ပုရွက်ဆိတ်။ မင်းက ဘယ်လိုတည်ရှိမှုမျိုးကို ရင်ဆိုင်နေရတာလဲဆိုတာ မသိသေးဘူးလား။” အစ်ဇ်ယိုရူး၏ မျက်လုံးများက ရွံရှာမှုများ ပြည့်နှက်နေ၏။ “အပြစ်သား။ ငါ တောင်ပံ၄ခု တမန်တော်က မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ နှင်းဒဲလက်ပန်း ဘယ်မှာရှိလဲပြော။ ငါမင်းကို နာကျင်မှုကင်းကင်းနဲ့ သေနိုင်အောင် လုပ်ပေးမယ်။ မဟုတ်လို့ကတော့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ထာဝရ နာကျင်နေရလိမ့်မယ်။”
“တမန်တော် ဟုတ်လား။” ချန်လွေ့က သရော်သော အမူအရာ ပြသလိုက်သည်။ “လူသားဆိုတဲ့ သရုပ်ကို စွန့်လွှတ်ရအောင် ဘာကလုပ်ခဲ့လဲတော့ ကျုပ် မသိဘူး။ ဒါမှမဟုတ် ဒါက ခင်ဗျားကိုယ် ခင်ဗျား၊ ဒါမှမဟုတ် တခြားသူတွေကို လှည့်စားဖို့ လှည့်ကွက်များလား။ အပြစ်သား ဆိုတဲ့အတွက်ကတော့...ယုံကြည်မှုစွမ်းအား ခိုးယူတဲ့ အဲဒီလူတွေနဲ့ယှဉ်ရင် ကျုပ်က အလင်းနတ်ဘုရားရဲ့ သစ္စာအရှိဆုံး ယုံကြည်သူလို့ သတ်မှတ်လို့ရတယ်။”
အစ်ဇ်ယိုရူး၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုပုရွက်ဆိတ်က “တမန်တော်”၏ အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခု ထုတ်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်က အားအင်များ ပြည့်နေပြီး ချစ်ချစ်တောက် နီရဲနေသော အလင်းတောင်ပံ၄ခုက သူ့နောက်တွင် ပေါ်ထွက်လာသည်။ အလင်းတန်းများ ဖြန့်ကျက်နေသော နေရာတစ်ခုလုံးက ချက်ချင်းပင် ချစ်ချစ်တောက် အငွေ့အသက်များနှင့် ပြည့်နှက်သွားသည်။ ကြောက်မက်ဖွယ်ရာ အကြပ်ကိုင်မှုကြောင့် ချန်လွေ့က ကျောက်တုံးကြီးဖြင့် အဖိခံရသလို ဖြစ်နေသည်။ S+ အဆင့် စွမ်းအားရှိသော်လည်း သူက အမှန်တကယ်ပင် မလှုပ်ရှားနိုင်တော့ပေ။
“ငါမင်းနဲ့ အပိုတွေ မပြောတော့ဘူး။ နောက်ဆုံးတစ်ခေါက် မေးမယ်။ နှင်းဒဲလက်ပန်း ဘယ်မှာလဲ။” အစ်ဇ်ယိုရူး၏အသံက တိုင်းပြည်စွမ်းအားကို အသုံးပြုနေပြီး ချန်လွေ့၏စိတ်ထဲသို့ ဖောက်ဝင်သွားခဲ့သည်။ သူက ၎င်းကို ခုခံရန် စိတ်စွမ်းအား မရှိလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ နတ်သူငယ်မျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်များက သတင်းကြားပြီးနောက် ချဉ်းကပ်လာကြသည်။ ခေါင်းဆောင်က ဧကရီလစ်ဗ် ဖြစ်သော်လည်း သူ့ကို ပုလိုစ်က ရှေ့မထွက်လာရန် ချက်ချင်း သတင်းပေးခဲ့သည်။ သူက မီရှယ်ဘေးနားသို့သာ ရောက်လာ၏။
ကြယ်အလင်းကောလိပ်မှ စမ်းသပ်ချက်အဖွဲ့ကလည်း လန်ဘိစ်ဆီ ရောက်လာသည်။ သူတို့က အဝေးမှ အလင်းတန်းနယ်မြေထဲရှိ လူနှစ်ယောက်ကို ကြည့်နေကြသည်။ ကြယ်အလင်း ကောလိပ်မှ ဆရာနှင့် ကျောင်းသူ/သားများက မသိနားမလည်သူများ မဟုတ်ကြပေ။ အစ်ဇ်ယိုရူး၏ ပုံရိပ်နှင့် မမြင်နိုင်သော ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုက လူတိုင်းကို ထိတ်လန့် သွားစေခဲ့သည်။ ဒဏ္ဍာရီထဲက တမန်တော်။ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်။
လူသားလောက၌ သူတော်စင်အဆင့်က လူသားများ ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့် ဖြစ်သည်။ သို့သော်လည်း သူတော်စင်အဆင့် အထက်၌ နတ်ဘုရားအဆင့်နှင့် နီးကပ်သော နတ်ဘုရားတစ်ပိုင်းအဆင့် ရှိသည်။ ထိုအရာက နတ်ဆိုးဘုံကဲ့သို့ အခေါ်အဝေါ် ဖြစ်သည်။ ထိုအဆင့်ကို ရောက်ရှိသူ သို့မဟုတ် ချဉ်းကပ်နိုင်သူများကသာ တိုင်းပြည်ဖန်တီး၊ [ယုံကြည်မှုချပ်ကာ] နှင့် နတ်ဘုရားယောင် ဟူသော အဆင့်သုံးဆင့်ရှိကြောင်း သိနိုင်ပေသည်။
ကြယ်အလင်းကောလိပ်မှ ဆရာများနှင့် ကျောင်းသူ/သားများကို အံ့အားသင့်စေသည်က နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် မျက်နှာချင်းဆိုင်တွင် မုန်းတီးစရာကောင်းသော ရစ်ချက် ရှိနေခြင်းပင်။ သို့သော် လက်ရှိအခြေအနေအရ ရစ်ချက်က တမန်တော်၏ ချေမှုန်းခြင်းကို ခံရတော့မည် ဖြစ်ရာ လူအများအပြားက အားရကျေနပ်နေကြသည်။
“ထွက်ပြေးလို့ မရမှတော့...” ချန်လွေ့က အကြောက်အလန့်မရှိဘဲ အစ်ဇ်ယိုရူးကို တည့်တည့် ကြည့်လိုက်သည်။ သူ၏အဟုန်က တဖြည်းဖြည်း စတင်တိုးမြင့်လာသည်။ “...ခင်ဗျားကို ဆွဲခေါ်သွားရုံပဲ ရှိတော့တာပေါ့။”
ယခုတွင် နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ တိုက်ခိုက်ရုံသာ လုပ်နိုင်တော့သည်။
“ဒါက မင်းရဲ့အဖြေလား။” အစ်ဇ်ယိုရူးက သိမ့်သိမ့်တုန်သွားပြီးနောက် အရယ်ရဆုံး ပြက်လုံးတစ်ခု ကြားလိုက်ရသလိုမျိုးပင် ရယ်လိုက်သည်။ ပတ်ဝန်းကျင်နေရာလွတ်က ရယ်သံအောက်တွင် အနည်းငယ် တုန်ခါသွားခဲ့သည်။
အဝေးမှ “ပရိသတ်များ” အထူးသဖြင့် ကြယ်အလင်းကောလိပ်မှ ဆရာများနှင့် ကျောင်းသူ/သားများက ချန်လွေ့၏ စကားများကို ကြားသည့်အခါ တိုးတိုးလေး ပျက်ရယ်ပြုလိုက်မိသည်။ ရစ်ချက်က သူတော်စင်အဆင့် ထပ်သီးပိုင်းကို ရောက်နေရင်တောင် သူတော်စင်အဆင့်နဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်က ခြားနာချက် ကြီးကြီးမားမား ရှိနေတယ်။ အလွယ်လေး ချေမှုန်းလို့ရတဲ့ သာမန်ဆရာသခင်အဆင့် နဲ့ စစ်သည်တော်အဆင့်တွေကို သူတော်စင်အဆင့်က ရင်ဆိုင်နေရလိုပဲ။
ချန်လွေ့၏ တိုးမြင့်လာသာ အဟုန်က ထင်ထားသည်ထက် ကျော်လွန်လာကြောင်း ခံစားမိသည့်အခါ အစ်ဇ်ယိုရူး၏အပြုံးက ရုတ်တရက် အေးခဲသွား၏။ ထို့ပြင် ထိုအိရာက ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုခု ဖော်စပ်နေသကဲ့သို့ပင် တိုးမြင့်နေဆဲ ဖြစ်သည်။ ထိုအရာက သူ့ကို အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
ခဏအကြာ အစ်ဇ်ယိုရူးက အလင်းရောင်ကို မြင်လိုက်သည်။ အားလုံးက အလင်းကို မြင်လိုက်ရသည်။
ပြင်းထန်လှသော အပြာရောင်အလင်းရောင်က မရေမတွက်နိုင်သော တောက်ပမှုနှင့်အတူ ပေါက်ကွဲထွက်သွားဟန်တူသည်။ သစ်တောတစ်ခုလုံးက တစ်ချိန်တည်းမှာပင် လင်းထိန်သွားပြီး အနီးရှိ ငွေလ ကောင်းကင်မြို့တော်သည်ပင် ထိုတောက်ပမှုကို ခံစားလိုက်ရသည်။
တောက်ပသော အလင်းရောင်က ပုံရပ်အဖြစ် စုစည်းသွားသည်။ ထိုပုံရိပ်ကို အားလုံး မမြင်နိုင်ခင်မှာပင် ထိုပုံရိပ်က ရုတ်တရက် လှုပ်ရှားလိုက်သည်။
ချက်ချင်းပင် လူတိုင်းက အစ်ဇ်ယိုရူးထံ ဥက္ကာပျံတစ်ခု ပျံသွားသော ပုံရိပ်ယောင်တစ်ခု ဖြစ်လိုက်ရ၏။
ဥက္ကာပျံ၏ လှုပ်ရှားမှု အသေးစိတ်ကို သာမန်မျက်လုံးက မလိုက်မှီနိုင်တော့ပေ။ သူတို့က တောက်ပပေါက်ကွဲမှုကိုသာ ခံစားနိုင်ကြသည်။ ပြင်းထန်သော တုန်ခါမှုပြီးနောက်တိုင် လူတိုင်းက အတွင်းထဲမှ အခြေအနေကို မြင်နိုင်တော့သည်။
အစ်ဇ်ယိုရူးက နောက်သို့ ခြေလှမ်း၅၀ ဆုတ်သွားရသည်။ သူ့မျက်နှာပေါ်က အထင်သေးမှု ကိုလည်း လေးနက်မှုက အစားထိုးသွား၏။ မြေပြင်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဆွဲရာနှစ်ခု ရှိနေပြီး တလက်လက် ပုံရိပ်တစ်ခုက အစ်ဇ်ယိုရူး၏ မူလကနေရာတွင် ပေါ်ထွက်လာကြကာ ချပ်ကာ ဝိုင်းရံထားသော လက်သီးကို မြှောက်ထားနေ၏။
ထိုအချိန်၌ နတ်သူငယ်ဖြစ်စေ၊ လူသားဖြစ်စေ၊ လူပုဖြစ်စေ၊ ပရိသတ်အားလုံးက တပြိုင်နက်တည်းပင် အသက်အောင့်ထားလိုက်မိကြသည်။ တမန်တော်က တကယ်ကြီး သူ လက်သီးနဲ့ထိုးတာ ခံလိုက်ရတယ်။
ဒါက သူတော်စင်အဆင့် စွမ်းအားလား။ လူအများအပြားက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။ အထူးသဖြင့် လန်ဘိစ်၏ လှပသော မျက်လုံးထဲ၌ မယုံနိုင်သော အလင်းများ တလက်လက် ဖြစ်နေခဲ့သည်။ ရစ်ချက်က....နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်ပဲ။