← Chapters

စေ့စပ်ခြင်းနှင့် အတိတ်ဖြစ်ရပ်များ

Vol. 45 Ch. 713

စေ့စပ်ခြင်းနှင့် အတိတ်ဖြစ်ရပ်များ

Vol. 45 Ch. 713

အက်ဂ်လက်စ်က မိမိကို စိုက်ကြည့်နေသော သမက်လောင်းကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “အိုလီဖီးရက်စ်ရဲ့အမေက အစောကြီး ဆုံးပါးသွားခဲ့တာ။ သူက ဘာကိုမှ နားမလည်သေးတဲ့ ကောင်မလေး တစ်ယောက်ပဲ။ သူ့ရဲ့စိတ်နေသဘောထားက ရိုးရှင်းပြီးတော့ လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲတယ်။ သူက ကံကောင်းပြီးတော့ မင်းနဲ့ မတွေ့ခဲ့ဘူးဆိုရင် ငါသူ့ကို ပြန်မတွေ့ရလောက်ဘူး။”

ထိုစကားကြောင့် ချန်လွေ့ ရှက်သွားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူက အိုလီဖီးရက်စ်အား သက်တော်စောင့် ဖြစ်လာရန် လှည့်စားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စျေးအနိမ့်က “လူသားများ”ကိုပင် ဒေါသူပုန်ထသွားစေနိုင်၏။ “နဂါးများ”ကိုမူ ပြောစရာပင် မလိုပေ။

“အစ်ဇဘယ်လာက အ‌တော်လေး ပါးနပ်တဲ့ မိန်းမတစ်ယောက်ပဲ။ ငါက တစ်ခါမက သင်ခန်းစာ ရသွားပြီ။ သူက ငါ့ကို ဖြေရှင်းဖို့အတွက် မင်းကို အိုလီဖီးရက်စ်နဲ့ သေချာပေါက် လက်ထပ်ခိုင်းမယ်ဆိုတာ ငါ ခန့်မှန်းမိတယ်။ ဒါက လက်ရှိအခြေအနေနဲ့ အကျိုးအမြတ်အတွက် အသင့်တော်ဆုံး နည်းဗျူဟာ တစ်ခုပဲ။ ဒါပေမဲ့ မင်းက သူ့အစီအစဉ်ကို လိုက်နာမယ့်ပုံ မပေါ်ဘူး။ မင်းက ပုံမှန်အတိုင်း မလုပ်တတ်တာဆိုတော့ ငါ နားလည်ပေးလို့ရပါတယ်။ မင်းပြောခဲ့သလိုပဲ။ မင်းက အရူးတစ်ယောက်ပေါ့။” ရုတ်တရက် အက်ဂ်လက်စ်က ရှားရှားပါးပါး ကျေးဇူးတင်သော အမူအရာတစ်ခု ပြသလိုက်သည်။ “မင်းက တကယ့်ယောက်ျားတစ်ယောက်ပဲ။ ငါမင်းကို အတော်လေး လေးစားပါတယ်။ ကောင်းပြီ။ အိုလီဖီးရက်စ်ကို မင်းရဲ့ ဇနီးလောင်း အနေနဲ့ သတ်မှတ်လိုက်။ မင်းရဲ့ တာဝန်ယူနိုင်မှုကို ငါ ယုံကြည်တယ်။ အနာဂတ်ကိုတော့....ငါ ဂရုမစိုက်ဘူး။ မင်းဘာသာ ဆုံးဖြတ်လို့ရတယ်။”

ချန်လွေ့က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဆာ-နဂါးဧကရာဇ်က သူ့ကို ထိုပုံစံနှင့် စကားပြောသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ ဇနီးလောင်းကတော့....

အက်ဂ်လက်စ်က ရှေ့သို့ အနည်းငယ် လျှောက်လာပြီး အဝေးမှ ကောင်ကင်ကြီးကို ကြည့်နေလိုက်သည်။ “စွမ်းအားလမ်းစဉ်က ရေခဲပါးပါးလေးပေါ်မှာ လမ်းလျှောက်ရသလိုမျိုးပဲ။ နေရာတိုင်းမှာ အန္တရာယ်တွေရှိတယ်။ နတ်ဘုရားတစ်ပိုင်းအတွင်တောင် အချိန်မရွေး ချေမှုန်းခံရနိုင်မယ့် အန္တရာယ် ရှိနေသေးတယ်။ နတ်ဘုရားဘဝကို စုစည်းတာက နတ်ဘုရားတစ်ပိုင်းအတွက် ဘဝကို လောင်းကြေးထပ်သလိုမျိုးပဲ။ အနိုင်ရရင် နတ်ဘုရားအဆင့် ရောက်ဖို့အတွက် သတ်မှတ်ချက်ကို ရောက်နိုင်မယ်။ မအောင်မြင်ရင်တော့ စွမ်းအားတွေ ကြီးကြီးမားမား ထိခိုက်ပြီးတော့ အဆိုးဆုံး ဆိုရင်‌တော့ ချေမှုန်းခံရနိုင်တယ်။ ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အင်အားကြီး ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ငါ့ဝိညာဉ်က ပြန်မကောင်းသေးဘူး။ ဒီအခြေအနေက တစ်ဆို့မှုကို ချိုးဖောက်ဖို့အတွက် အတော်လေး အန္တရာယ်များတယ်။ ဒါပေမဲ့ အိုလီဖီးရက်စ်ရဲ့ အခြေအနေက တကယ့်ကို မတည်မငြိမ် ဖြစ်နေတယ်။ အစ်ဇဘယ်လာ နှစ်သိမ့်ပေးတာကလည်း အမှန်တကယ် မကုသနိုင်ဘူး။ ငါ့အတွက် အချိန်သိပ်မရှိတော့ဘူး။ အဲဒါကြောင့် အရဲစွန့်ချင်တယ်။”

ချန်လွေ့က တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။ လက်စသတ်တော့ အက်ဂ်လက်စ်မှာ ဒီလိုမျိုး လျို့ဝှက်အန္တရာယ်တွေ ရှိနေသေးတာကိုး။ သူက အလျင်အမြန် ပြောလိုက်သည်။ “ဆာ။ တကယ်ပဲ...”

“မင်း ငါ့ကို ‌ဖျောင်းဖျချင်တာ သိပါတယ်။” အက်ဂ်လက်စ်က စကားဖြတ်ပြောလိုက်သည်။ “ဒါပေမဲ့ အဖေတစ်ယောက်ရဲ့ ခံစားချက်ကို မင်း နားလည်မှာ မဟုတ်ဘူး။ အိုလီဖီးရက်စ်က ငါ့ရဲ့ တစ်ဦးတည်းသော မျိုးဆက်ပဲ။ ငါသူ့ကို မကယ်နိုင်ရင် နတ်ဘုရားဖြစ်လာတာက ငါ့အတွက် ဘာလုပ်လို့ရမှာလဲ။”

ချန်လွေ့က တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံး၌ ရင်ထဲထိသွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူက အက်ဂ်လက်စ်ကို အမှန်တကယ်‌ လေးစားလာခဲ့သည်။

“အဲဒါကြောင့် ငါ ချေမှုန်းခံလိုက်ရရင် မင်းတစ်ဘဝလုံးကို အိုလီဖီးရက်စ်ကို အကောင်းဆုံး ဂရုစိုက်ပေးပါ။ ကတိပေးမှာလား။” အက်ဂ်လက်စ်က သူ၏ ခက်ထန်သော နတ်ဘုရားတစ်ပိုင်း အမူအရာကို လုံးဝ ဘေးဖယ်ထားပြီး အဖေတစ်ယောက်အနေဖြင့် အသနားခံလိုက်၏။

ချန်လွေ့၏စိတ်ထဲ၌ “ဖေဖေ”ဟု အော်ခေါ်နေသော မရင့်ကျက်သော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူ၏မျက်လုံးများက အနည်းငယ် နီရဲသွားပြီး လွှတ်ခနဲ ပြောလိုက်သည်။ “ကောင်းပါပြီ။”

အက်ဂ်လက်စ်က စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်ပြီး ချန်လွေ့၏ပုခုံးကို ပုတ်လိုက်ကာ နောက်ပြန်လှည့်လိုက်သည်။ သို့သော်လည်း သူ၏မျက်နှာက ပြုံးပြုံးကြီး ဖြစ်နေခဲ့သည်။ ဟမ့်...တကယ့် ငတုံးကောင်ပဲ။ ငါက လှည့်ကွက်လေး နည်းနည်း သုံးခဲ့တာ။ သူက လွယ်လွယ်နဲ့ အကွက်ထဲကျသွားတယ်။

ချန်လွေ့က စိတ်လိုက်မာန်ပါ သ‌ဘောတူလိုက်ပြီးနောက် တစ်ခုခုလွဲနေကြောင်း စိတ်ထဲ၌ ခံစားလိုက်မိသည်။ ထိုအကြောင်းကို မစဉ်းစားနိုင်ခင်မှာပင် အက်ဂ်လက်စ်က သူ့ကို နေရာလွတ် လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။ “ဒါက မင်းအတွက်။ ဇိုလာ လေ့ကျင့်ချင်တဲ့ [ဒြပ်စင်၆ခု ပိုင်နက်တိုင်းပြည်]က အစွမ်းထက်ဆုံး တိုင်းပြည်ပဲ။ ဒြပ်စင်စွမ်းအားတစ်ခုကို အောင်အောင်မြင်မြင် နားလည်သွားတိုင်း စွမ်းအားက တဟုန်ထိုး တိုးလာမယ်။ အန္တရာယ်ရောပဲ။ မင်းက ဒြပ်စင်အရင်းအမြစ်စွမ်းအားတွေကို စုဆောင်းနေတာ ငါသိတယ်။ ဒါပေမဲ့ ဒြပ်စင်ဘုရင်တွေကပဲ ဒြပ်စင်အရင်းအမြစ်စွမ်းအားကို ပိုင်ဆိုင်ကြတာ။ ၆ခုမပြောနဲ့ တစ်ခုတောင် တွေ့ဖို့က သာမန်လူတွေအတွက် လုံးဝ ခက်ခဲတယ်။ ဒီလက်စွပ်ထဲမှာ တိုင်းပြည်အဆင့် နဂါးစွမ်းအားအမြုတေ ဒြပ်စင်ရှိတယ်။ ဒါက သူ့ရဲ့တိုင်းပြည်စွမ်းအားကို အခြေခိုင်စေပြီးတော့ ဒြပ်စင်အရင်းအမြစ်စွမ်းအားတွေ ရှိရမယ့် အခြေခံပေါ်မှာ လေ့ကျင့်ဖို့အတွက် စွန့်စားရမှာတွေကို လျှော့ချ‌ေ၌းတယ်။”

သာမန်ရတနာသာဆိုလျှင် အဆင်ပြေနေသေးသည်။ သို့သော် ထိုအရာက ဇိုလာ၏ လေ့ကျင့်ရေးနှင့် အသက်အန္တရာယ်အတွက်ပင် ဆက်နွှယ်နေသည်။ ထို့ကြောင့် ချန်လွေ့က အလျင်အမြန် လက်ခံလိုက်၏။ အက်ဂ်လက်စ်က ပို၍ပင် ပြုံးဖြီးဖြီး လုပ်လိုက်သည်။ ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့အတွက် ညင်သာတဲ့ နည်းလမ်းတွေ သုံးရုံပဲ။ လောဘကြီးရင် အမြဲတမ်း ရှုံးမယ်ဆိုတာ စကားလိုပေါ့။

နဂါးစွမ်းအားအမြုတေက ရှေးအဂ္ဂိရတ်အဖွဲ့အစည်းခံတပ်ရှိ ဧရာမ သလင်းကျောက် သားရဲများအတွက်လည်း လိုအပ်ကြောင်း ချန်လွေ့ မှတ်မိလိုက်သည့်အတွက် သူက မေးသည်။ “ဆာ။ နဂါးစွမ်းအားအမြုတေအချို့ကို ကျုပ် လိုနေသေးတယ်။ တကယ်လို့...”

“မသေမျိုးဧရာမနဂါးနဲ့ စမ်းသပ်ဖို့လား။ ဒါက ဧရာမနဂါးရဲ့ ခန္ဓာကိုယ်ကို အသရေဖျက်တာပဲ။” အက်ဂ်လက်စ်က မျက်မှောင်ကြုတ်လိုက်သည်။ “အိုလီဖီးရက်စ်အတွက် အရင်က မသေမျိုး ဧရာမနဂါးကိစ္စကို ဆက်မပြောတော့ဘူး။ ဒါ‌ပေမဲ့ ဒုတိယတစ်ကောင်တော့ ခွင့်မပြုဘူး။ သ‌ဘောပေါက်လား။”

ချန်လွေ့က ခေါင်းခါသည်။ “ဒါက မသေမျိုးစမ်းသပ်ချက်အတွက် မသုံးမှာကို လုံးဝ အာမခံနိုင်ပါတယ်။ ဒါက ကျုပ်ရဲ့ လျို့ဝှက်ချက်တစ်ခုနဲ့ သက်ဆိုင်နေတယ်။ တကယ်တော့ ကျုပ်က ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ ဆက်ခံသူတစ်ယောက်ပါ။ ပြီးတော့ ကျုပ်က ခံတပ်မှာ ကျန်ခဲ့တာတွေကို ပြန်ပြင်ဖို့အတွက် နဂါးစွမ်းအားအမြုတေ လိုအပ်တယ်။ တကယ်လို့ ဆာက အဲဒါကို ထောက်ပံ့ပေးနိုင်မယ်ဆိုရင် မိစ္ဆာသစ်သီး၊ အသက်ဓာတ်ရေစင်၊ ဒါမှမဟုတ် ဆေးရည်မည်းလို ရှားပါးတဲ့ ရတနာတွေနဲ့ လဲလှယ်ပေးနိုင်တယ်။”

ထိုအလဲအလှယ် ရတနာများက အက်ဂ်လက်စ်ကို အံ့အားသင့်သွားစေသည်။ “လက်စသတ်တော့ မင်းက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ ဆက်ခံသူ ဖြစ်နေတာကိုး။ ဒါကြောင့် မင်းမှာ ဒီလိုမျိုးအစွမ်းနဲ့ ပါရမီမျိုး ရှိနေတာပဲ။ မသေမျိုးစမ်းသပ်ချက်အတွက် မသုံးဘူးလို့ ကတိပေးမယ်ဆိုရင် အလဲအလှယ်က ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ငါ့မှာ နဂါးစွမ်းအား အမြုတေတွေ ထပ်မရှိတော့ဘူး။ နဂါးကျွန်းကို ပြန်ပြီးတော့ အကြီးအကဲတချို့နဲ့ ဆွေးနွေးရဦးမယ်။”

“ကောင်းပါပြီ။” ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွား၏။ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အခက်ခဲဆုံး ပြဿနာကို ဖြေရှင်းနိုင်သွားမယ်လို့ မထင်ထားခဲ့ဘူး။ အဂ္ဂိရတ်ခံတပ် “ကြယ်မြို့တော်”ကို လုံးဝ ပြင်ဆင်လို့ ရလောက်ပြီ။ ဒီတစ်ခေါက် ပင်လယ်သေကို သွားပြီးတော့ ကြယ်ပြာရေပြင်း၊ တစ္ဆေသန္တာ‌ကျောက်တွေ ရတာနဲ့ ဧရာမ သလင်းကျောက်သားရဲနဲ့ စုစည်းရုပ်သေးတွေကို ထုတ်လုပ်လို့ရပြီ။ ဒါတွေက အင်အားကြီး တိုက်ခိုက်ရေး စွမ်းအားတွေပဲ။

“မင်းနဲ့ အိုလီဖီးရက်စ်တို့....စေ့စပ်ပွဲအခမ်းအနား လုပ်ရမယ်။” အက်ဂ်လက်စ်က မျက်လုံးလှန်လိုက်ပြီး နောက်ဆုံး၌ လိုရင်းကို ပြန်ရောက်လာသည်။ “ဒါမှ ငါလည်း စိုးရိမ်တာတွေကို ဘေးဖယ်ထားနိုင်ပြီးတော့ နဂါးကျွန်းဆီပြန်ပြီး နတ်ဘုရားအဆင့်ကို ရောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားနိုင်မယ်။”

ယခုတွင် တစ်ဖက်လူက အတော်လေး ဖွင့်ဟပြောခဲ့ပြီ ဖြစ်ရာ ချန်လွေ့က မငြင်းတော့ပေ။ “ဆာ-အက်ဂ်လက်စ် ဆန္ဒရှိသလိုသာ လုပ်ပါ။ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ ကျုပ်နဲ့အတူ ပင်လယ်သေကို လိုက်ခဲ့ပေးပါလား။”

“ပင်လယ်သေကိုလား။”

ချန်လွေ့က ပင်လယ်သေအကြောင်း အကြမ်းဖျင်း ပြောပြခဲ့သည်။ အမုန်းတရား နယ်မြေ အကြောင်း ပြောနေသည့်အချိန်တွင် အက်ဂ်လက်စ်၏မျက်လုံးများ အရောင်တောက်သွား၏။ “အမှောင်နဂါးဧကရာဇ်။ ရိုဒရီဂူးဇ်လား။”

ချန်လွေ့က အက်ဂ်လက်စ်၏ တုံ့ပြန်မှုကို မြင်လိုက်သည်။ “ဆာက ရိုဒရီဂူးဇ်ကို သိတာလား။”

အက်ဂ်လက်စ်က မုန်းတီးသော အမူအရာတစ်ခု ပြသလိုက်သညသ်။ “အဲဒီတုန်းက ငါ ရင်ဆိုင်ခဲ့ရတဲ့ အင်အားကြီး ရန်သူက ရိုဒရီဂူးဇ်ပဲ။ သူက လူသားလောကမှာ အစွမ်းအထက်ဆုံး သိဒ္ဓိနဂါးပဲ။ သူက နတ်ဆိုးဘုံဆီကို အကြောင်းရင်းတချို့ကြောင့် ရောက်လာပြီးတော့ နဂါးနက်တွေတွေကိုသတ်ပြီး ခေါ်သွားခဲ့တယ်။ အဲဒီအချိန် နဂါးဧကရာဇ်က ငါ့အဖေ ခရူဆာပဲ။ သူက နဂါးဧကရာဇ်ရဲ့ ပထမဆက်ခံသူပဲ ရှိသေးတယ်။ ဒီအဖြစ်အပျက်ကို စုံစမ်းနေရင်း ရိုဒရီဂူးဇ်နဲ့ ငါ ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့စွမ်းအားက ငါ့ထက် အများကြီးသာတယ်။ သူ့ကြောင့် ငါ့ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ ကံကောင်းချင်တော့ ငါ့အဖေက အချိန်မီ ရောက်လာခဲ့ပြီး ရိုဒရီဂူးဇ်နဲ့ ၃ရက် ၃ည တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ သူက [နဂါးနတ်ဘုရားမျက်လုံး] ကို သုံးပြီး‌တော့ ရိုဒရီဂူးဇ်ရဲ့ ခန္ဓာကိုယ်နဲ့ တိုင်းပြည်ကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ဝိညာဉ်က လွတ်မြောက်သွားတယ်။ ငါ့အဖေကလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ဒါပေမဲ့ ငါနဲ့အဖေက နဂါးကျွန်းပေါ်ကို ပြန်ရောက်တော့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။”

ခရူဆာက ရိုဒရီဂူးဇ်ကို သတ်ပစ်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး အက်ဂ်လက်စ်ထံ ထီးနန်းလွှဲပြောင်းပေးရန် စီစဉ်ထားခဲ့သည်။ သို့သော် ဒုတိယ ဆက်ခံသူ အက်ဂ်လက်စ်၏ညီ အူးကလီရက်စ်က ၎င်းကို အငြိုးထားပြီ ဖခင်ဖြစ်သူကို အမှန်တကယ် သတ်ပစ်ကာ အက်ဂ်လက်စ်ကို အပြစ်ပုံချခဲ့၏။ လိုက်လံဖမ်းဆီးခံနေရစဉ် အက်ဂ်လက်စ်က ကိုယ်ဝန်ရှိသော ဇနီးဖြစ်သူ လီယာနာကို အသည်းအသန် ကာကွယ်ပေးနေခဲ့သည်။ ထို့နောက် သူ့ကို အူးကလီရက်စ်က အကျဉ်းချဲ့သည်။ အက်ဂ်လက်စ်က ဖခင်ဖြစ်သူ လွှဲပေးခဲ့သော [နဂါးနတ်ဘုရားမျက်လုံး]ကို အကောင်းဆုံး အသုံးချကာ ထွက်ပြေးခဲ့ပြီး လျို့ဝှက်နေရာတစ်ခု၌ ပုန်းအောင်းနေခဲ့သည်။ နောက်ဆုံး၌ သူက နဂါးကျွန်းကို ပြန်ရောက်လာပြီး အူးကလီရက်စ်ကို ကြီးမားလှသောစွမ်းအားဖြင့်အနိုင်ယူကာ ထီးနန်းကို ပြန်ရယူခဲ့သည်။ ကံဆိုးစွာပင် သူက ပျောက်ဆုံးသွားသော မိန်းမ လီယာနာနှင့် ကလေးကို လုံးဝ ရှာမတွေ့ခဲ့ပေ။

ရုတ်တရက် ရိုဒရီဂူးဇ်က ရာဖယ်ရယ်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိပြီး နတ်ဆိုးဘုံသို့ ရောက်လာပြီးနောက် အင်အားကြီး ရန်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရကာ ခန္ဓာကိုယ်နှင့် တိုင်းပြည်ပျက်စီးသွားခဲ့ကြောင်း ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသွားသည်။ လက်စသတ်တော့ အဲဒါက အက်ဂ်လက်စ်ရဲ့အဖေ ဖြစ်နေတာကိုး။

သားအဖနဲ့ ညီအစ်ကိုတွေ ထီးနန်းအတွက် အချင်းချင်းသတ်ဖြတ်တာကတော့ အတော်လေး အိုဟောင်းနေတဲ့ ဇာတ်ကွက်တစ်ခုပဲ။ ဒါပေမဲ့ ဒီကိစ္စက ရှေးကတည်းကနေစပြီး ပုံမှန်လိုဖြစ်နေပြီ။ နဂါးတွေအတွက်တောင်မှပေါ့။

အူးကလီရက်စ်။ ဒီနာမည်ကို ရင်းနှီးနေသလိုပဲ။ ချန်လွေ့က သိမ့်သိမ့်တုန်သွားသော်လည်း သူ့အာရုံက နောက်ထပ်မေးခွန်းတစ်ခုဆီ ရောက်သွားခဲ့သည်။ “ဆာ-အက်ဂ်လက်စ်။ ရိုဒရီဂူးဇ် ကိစ္စက နှစ်ပေါင်းသောင်းနဲ့ချီ ကြာလောက်ပြီ။ အမ်..အဲဒီထက်တောင် ပိုကြာနိုင်တယ်။ ဒါဆိုရင် မေးလို့ရမလား။ အိုလီဖီးရက်စ်က ....... အသက်ဘယ်လောက် ရှိနေပြီလဲ။”

“ဟမ့်။ နဂါးတွေ ကိုယ်ဝန်ရတာနဲ့ ဥပေါက်ဖို့ကြား ကြာချိန်က သုံးလေးနှစ်ကနေ နှစ်ပေါင်းထောင်နဲ့ချီတဲ့အထိ ကြာနိုင်တာ မင်းမသိဘူးလား။” အက်ဂ်လက်စ်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။ “အိုလီဖီးရက်စ်က အခု ကလေးငယ်ငယ်လေး အရွယ်ပဲ။ ဇိုလာထက် အများကြီးငယ်တယ်။”

ချန်လွေ့က ခဏတာ ကြောင်သွားခဲ့သည်။ သူက ပါးပါးနပ်နပ်ပင် ထိုကိစ္စကို မေးခွန်း ထပ်မထုတ်တော့ပေ။ “ဆာ-အက်ဂ်လက်စ်။ ဒါဆို ပင်လယ်သေကို ဘယ်တော့ သွားကြမလဲ။”

“ရိုဒရီဂူးဇ်က ငါ့ရန်သူပဲ။ သူ့ကို ငါ သေချာပေါက် အလွတ်မပေးဘူး။ ပြီး‌တော့လည်း အခု သူက တိုင်းပြည်နဲ့ခန္ဓာကိုယ် မရှိတော့ဘူး။ သူက စွမ်းအား တစ်စိတ်တစ်ပိုင်း ပြန်ရလာရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။” အက်ဂ်လက်စ်က ချန်လွေ့က ဖျပ်ခနဲကြည့်ပြီး သရော်ပြုံး ပြုံးလိုက်၏။ “စကားလမ်းကြောင်း မပြောင်းနဲ့။ အရင်ဆုံး အိုလီဖီးရက်စ်နဲ့ စေ့စပ်ဖို့ ပြောကြတာပေါ့။”

ဒီအဘိုးကြီးက ကိုင်တွယ်ရ မလွယ်ဘူး။ ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ ယခုတွင် သူ့၌ ရွေးချယ်စရာ ထပ်မရှိတော့ပေ။ ထို့ပြင် အိုလီဖီးရက်စ်ကိစ္စ ပြီးသွားသည်နှင့် အစ်ဇဘယ်လာက နှင်းဒဲလက်ပန်းကို ကျိန်စာကုသရန် စိတ်အေးလက်အေး အသုံးပြုနိုင်ပြီ ဖြစ်သည်။

အိုလီဖီးရက်စ်နှင့် စေ့စပ်ခြင်းက အမှန်တကယ် အလွန်ရိုးရှင်းလှသည်။ လူတိုင်းအရှေ့၌ အိုလီဖီးရက်စ်ကို လက်စွပ်တစ်ကွင်း ပေးရန်သာ ဖြစ်၏။ မစ်-နဂါးက်အတွက် အလကားရသည့် အရာများက အကြိုဆိုဆုံး ဖြစ်သည်။ ထို့ကြောင့် သူက အလွန်ပင် ပျော်နေခဲ့သည်။

အိုလီဖီးရက်စ်က “စေ့စပ်တာက စားလို့ရလား” ဟု လေးလေးနက်နက် မေးလာသောအခါ ချန်လွေ့က ရိုးသားသော ကောင်မလေးတစ်ယောက်ကို လှည့်စားရသည့် အပြစ်မျိုး ရုတ်တရက် ခံစားမိခဲ့ရသည်။

သို့သော်လည်း ဆာ-နဂါးဧကရာဇ်က သူ့သမီးကို “စားလို့ရတယ်”ဟု ပြောလိုက်သောအခါ ချန်လွေ့က အလိမ်ခံလိုက်ရကြောင်း ရုတ်တရက် ခံစားလိုက်မိ၏။

ချန်လွေ့ကို ခေါင်းကိုက်သွားစေသည်မှာ အသီနာ၊ ဇိုလာနှင့် ခီရာတို့၏ အကြည့်များပင် ဖြစ်သည်။ ကြည့်ရသည်မှာ....သူက သူတို့နှင့် စေ့စပ်ပွဲအခမ်းအနား မလုပ်ခဲ့ရပေ။ မိန်းမများက ယှဉ်ပြိုင်ရသည်ကို အကြိုက်ဆုံး ဖြစ်ပုံရသည်။

အစ်ဇဘယ်လာကတော့ ပို၍နားလည်နေပုံရပြီး ချန်လွေ့ကို ကူညီပေးနေခဲ့သည်။ သို့သော် အခမ်းအနား ပြီးဆုံးသွားပြီး သူတို့နှစ်ယောက် ခဏတာ အတူတူ ရှိနေချိန်၌ မဒမ်-ဒေါ်လေးက ချက်ချင်းပင် စိတ်ရင်းအမှန်များ ပြသတော့သည်။

“ဒီတစ်ခေါက် ပင်လယ်သေခရီးကနေ ပြန်လာရန် ရှင်အရင်ဆုံးထိတွေ့တဲ့ မိန်းမက ကျွန်မပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျွန်မ အက်ဂ်လက်စ်နဲ့ လက်ထပ်ပြီးတော့ အိုလီဖီးရက်စ်လိုမျိုး ကျွန်မကို အမေလို့ ခေါ်ခိုင်းမယ်။”

အဆိပ်ပြင်းလိုက်တာ။ သူက တကယ့်ကို မိစ္ဆာထောင်ခြောက်ပဲ။ ချန်လွေ့က ချက်ချင်းပင် ငိုကြွေးလိုက်မိတော့သည်။

All Chapters