လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၄
Vol. 11 Ch. 153
ကျင့်စဉ်နှင့် သိုင်းကွက်များ အနည်းငယ်ဆင်တူနေခြင်းသာ ဖြစ်သောကြောင့် သိုင်းကွက်လေး အနည်းငယ်မျှနှင့် ချန်ကျိုစစ်သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုနေသည်ဟု ပြောရန်မှာ တစ်ဖက်သတ်ဆန်လွန်းပေလိမ့်မည်။ ခြုံငုံလိုက်သော် ကျန်းလီယဲ့ ကိုယ်တိုင်လည်း သတိထားမိပါ၏။
လှိုင်းတံပိုးလက်ဝါးသိုင်းတွင် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် အလွန်ဆင်တူသော သိုင်းကွက် ၇ကွက်၊ ၈ကွက်ခန့် ပါဝင်လေသည်။
ထို့ပြင် လှိုင်းတံပိုးလက်ဝါးသိုင်းသည် လျှို့ဝှက်သိုင်းပညာလည်း မဟုတ်ပါချေ။ ချောင်ကုန်သည်အဖွဲ့ ဦးစီးမှူးများနှင့် မြစ်များတွင် ပိတ်ဆို့လုယက်လေ့ရှိသော သင်္ဘောဓားပြများအပါအဝင် လူအတော်များများသည် ထိုသိုင်းပညာကို သိထားကြ၏။
တစ်ချိန်က မှောင်ခိုဈေးကွက်တွင်လည်း ရေထိန်းချုပ်လက်ဝါးသိုင်းကျမ်းကို လျှို့ဝှက်ရောင်းချခဲ့ဖူးပေသည်။
သို့ဖြစ်ရာ ဤလူငယ်လေးအနေဖြင့် လှိုင်းတံပိုးလက်ဝါးသိုင်းကို သိရှိနေခြင်းမှာ မဖြစ်နိုင်သည့်အရာလည်း မဟုတ်ပါချေ။
ကျန်းလီယဲ့သည် လက်ဖက်ရည်ကိုသာ အေးအေးလူလူ သောက်နေခဲ့ပြီး ဘာမျှမပြောပေ။
…
ကျန်းလီယဲ့၏ အာရုံစူးစိုက်ရာသည် အခြားသူများနှင့် ကွဲပြား၏။ သူသည် ပြိုင်ပွဲရလဒ်ကို အထူးတလည် စိတ်ဝင်စားမှုမရှိဘဲ အသေးစိတ်အချက်အလက်များကိုသာ ပို၍ အာရုံစိုက်နေမိ၏။ သူ၏ ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ အလုပ်အကိုင်ကြောင့် ဖြစ်တည်လာသည့် အလေ့အကျင့်လည်း ဖြစ်နိုင်ပေသည်။
အကြီးအကဲသုံးဦးသည် ပြိုင်ပွဲစင်မြင့်ကို အာရုံစိုက်ကြည့်နေကြသည်။
သူတို့သည် ကိုယ်စီ မတူညီသော ခံစားချက်များကို စိတ်ထဲတွင် သိမ်းဆည်းထားကြသည်။ ထိုစဉ် ပြိုင်ပွဲစင်ပေါ်ရှိ ယွီပင်းသည် သူ၏ဘယ်လက်မှ သည်းမခံနိုင်လောက်အောင်သော နာကျင်မှုကို ခံစားနေရ၏။ ချန်ကျဲ့၏ ဒူးတိုက်ကွက်သည် သူ၏ဘယ်လက်ကို ကျိုးသွားစေခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ရောင်ရမ်းနေသည်မှာ သိသာထင်ရှားလှ၏။
သို့သော် ယွီပင်းသည် ဂရုမစိုက်ပေ။ သူသည် အမုန်းအာဃာတများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ချန်ကျိုစစ်ကို စူးရဲစွာ ကြည့်နေခဲ့သည်။
ယွီပင်းသည် အသက်ရှူသံမျှလေး ရေရွတ်၏။
“တကယ့်ကို မင်းဖြစ်နေတာပဲ။ မင်းပဲ!”
ချန်ကျဲ့သည်လည်း မျက်လုံးတို့မှေးကျုံ့၍ ယွီပင်းကို ကြည့်နေသည်။ ယွီပင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆို၏။
“အဲဒီနေ့က တောင်ပေါ်မှာ ငါ့သားစန်းလျို့ကို သတ်ခဲ့တဲ့သူက မင်းပဲ၊ ဟုတ်တယ်မလား။ ဟုတ်တယ်မလား”
“ခင်ဗျား ဘယ်လိုသိတာလဲ”
ချန်ကျဲ့ မဝန်ခံပေ။
“မင်းရဲ့အင်အားကြောင့်လေ။ ငါမင်းကို အမြဲ သံသယဝင်နေခဲ့တာ ဒါပေမဲ့ မင်းက အရမ်းအားနည်းတဲ့ပုံစံ ဖြစ်နေခဲ့တယ်။ မင်းလိုအရည်အချင်းမျိုးနဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ငါ့သားကို သတ်နိုင်ရတာလဲ။ ဒါပေမဲ့ ခုနက မင်းရဲ့ကျင့်ကြံဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ။ မင်း တကယ်ကြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့တာပဲ!”
“ဟုတ်တယ် မင်းပဲ၊ သေချာပေါက် မင်းပဲ ဖြစ်လိမ့်မယ်!”
ယွီပင်း၏မျက်လုံးများတွင် အမျက်ဒေါသများနှင့် သားဖြစ်သူ အသတ်ခံရခြင်းအတွက် ရန်ငြိုးအာဃာတများ ပြည့်လျှမ်းနေခဲ့သည်မှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေတော့သည်။
ချန်ကျဲ့ ယွီပင်းကိုကြည့်၍ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ အင်အားတစ်ခုတည်းအပေါ် မူတည်ပြီး ပြောနေတာကို ကျွန်တော် ဝန်ခံမှာ မဟုတ်ဘူး”
“ငါ မင်းရဲ့ဝန်ခံမှုကို မလိုအပ်ဘူး။ မင်းမှာ အဲဒီလိုအင်အားရှိနေမှတော့ ငါမင်းကို သေစေချင်တယ်၊ မင်း သေချာပေါက် သေရမယ်!”
ချန်ကျဲ့သည် စိတ်ကယောင်ချောက်ချားဖြစ်နေသော ယွီပင်းကို ခပ်ဖျော့ဖျော့ လှောင်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို သတ်ချင်တယ်ပေါ့လေ၊ ခင်ဗျားရဲ့အင်အားလောက်လေးနဲ့များ?”
ယွီပင်းမှ အော်ဟစ်၏။
“ထောင်လွှားနေလိုက်တာ! ငါခုနက ထိခိုက်သွားခဲ့တာက ငါ သတိလက်လွတ်ဖြစ်နေခဲ့လို့ပဲ။ အခု နှလုံးကြွေလက်ဝါးသိုင်းက ဘာလဲဆိုတာ ငါမင်းကို သေချာလေး ပြပေးမယ်!”
ချန်ကျဲ့ မျက်လုံးတို့မှေးကျုံ့လိုက်ပြီး ပြောသည်။
“ဪ?”
“ဒါဆိုလည်း ဦးစီးမှူးယွီရဲ့ ထူးခြားပြောင်မြောက်လှပါတဲ့ သိုင်းကွက်ကို မြင်တွေ့ပါရစေ”
ထိုသို့ပြောလျက် ချန်ကျဲ့သည် လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ထို့နောက် လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်၏။
ယွီပင်း မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းသည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ”
ထိုအခါ ချန်ကျဲ့မှ အေးစက်စွာ ပြောသည်။
“သိုင်းကွက်နှစ်ကွက်၊ ခင်ဗျား ကျွန်တော့်ရဲ့ ငါးဖမ်းကုန်သည်အဖွဲ့က ညီနောင်ကို သိုင်းကွက်နှစ်ကွက်နဲ့ အနိုင်ယူခဲ့တယ်လေ။ အဲဒါကြောင့် ကျွန်တော် ခင်ဗျားကို သိုင်းကွက်နှစ်ကွက်နဲ့ အနိုင်ယူမယ်! မလုပ်နိုင်ခဲ့ရင်တော့ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်မယ်”
ချန်ကျဲ့၏စကားများကို ကြားလိုက်ရသော စင်အောက်ရှိ ပရိသတ်များမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြ၏။
ချန်ကျိုစစ်က အရမ်းထောင်လွှားနေတာပဲ။ ယွီပင်းကို သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်ယူမယ်တဲ့– ဘယ်လိုတောင် အဆင်အခြင်မဲ့ ထောင်လွှားနေတာလဲ။
ချန်ကျိုစစ်က သူ့ကိုယ်သူ ယွီပင်းကို သိုင်းကွက်နှစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မယ့် အရည်အချင်းရှိတဲ့သူလို့ ထင်နေတာလား။ အခွန်မဆောင်ရတိုင်း လေထွားနေတာပဲ!
ငါးဖမ်းကုန်သည်အဖွဲ့သားများပင်လျှင် ချန်ကျဲ့သည် အလွန်ထောင်လွှားလွန်းသည်ဟု ခံစားလိုက်ရပေသည်။
သူတို့တွေးနေကြသည်မှာ ချန်ကျဲ့အနေဖြင့် ယွီပင်းနှင့် နောက်ထပ် သိုင်းကွက်အနည်းငယ် ယှဉ်ပြိုင်တောင့်ခံနိုင်လျှင်ပင် လုံလုံလောက်လောက် ကောင်းမွန်နေပြီဟူ၍ ဖြစ်သည်။ အကယ်၍ အချိန်ကြာကြာ ဆွဲထားနိုင်ခဲ့လျှင်လည်း အံ့အားသင့်ဖွယ်ကောင်းသည့် အကျိုးအမြတ်ဖြစ်လိမ့်မည်။ အနိုင်ရသည်အထိ ကံကောင်းနိုင်ခဲ့လျှင် ကျေးဇူးတင်ခြင်းကို ဖော်ပြသည့်အားဖြင့် အမွှေးရနံ့ပူဇော်သင့်သည့် ကိစ္စရပ်အလား ဖြစ်ပေလိမ့်မည်။
သို့သော် ချန်ကျဲ့သည် သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်ရယူမည်ဟု ကြွေးကြော်လိုက်၏။ သို့ဖြင့် လူအုပ်ကြီးသည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားကြပြီး ချန်ကျဲ့မှာ ရူးနှမ်းနှမ်းဖြင့် စိတ်ကူးယဉ်နေသည်ဟု တွေးလိုက်ကြတော့သည်။
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ကြီးမားကျယ်ပြန့်မှုလောက်ကို မောက်မာထောင်လွှားနေတော့တာပဲ!
ကျိုးချူသည်တော့ သူ့ပေါင်သူ ရိုက်၍ ရယ်မောလေသည်။
“ဟားဟားဟား ငါနားလည်ပြီ၊ ထက်မြက်တယ် အရမ်းထက်မြက်တယ်!”
ချန်ရှောင်ဟူသည် ကျိုးချူကို နားမလည်နိုင်စွာကြည့်၍ မေးမြန်းသည်။
“အစ်ကိုကျိုး၊ အစ်ကို ဘာကိုဆိုလိုတာလဲ။ ဘာက ထက်မြက်တာလဲ”
ရယ်မောနေဆဲဖြင့် ကျိုးချူမှ ပြောသည်။
“ငါပြောတာက ကျိုစစ်က အရမ်းထက်မြက်တယ်လို့!”
“အစ်ကိုကျိုစစ်က ဘယ်လိုထက်မြက်တာလဲ”
ချန်ရှောင်ဟူသည် ဘယ်လိုမှ နားမလည်နိုင်ပေ။
ကျိုးချူမှ ပြောသည်။
“မင်းက ငတုံးလား? ကျိုစစ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြစ်ပေမဲ့လည်း ယွီပင်းနဲ့ ရင်ဆိုင်ရာမှာတော့ ခက်ခဲဦးမယ့် အခြေအနေပဲ။ ခုနက အခြေအနေမှာ ကျိုစစ်က အသာစီးရသွားတယ်လို့ ထင်ရပေမဲ့ ကျိုစစ်လည်း ယွီပင်းရဲ့အင်အားကို တိုင်းတာမိလိုက်ပြီး သေချာပေါက် ထိတ်လန့်သွားတယ်”
“ကျိုစစ် သူ့ကိုယ်သူ ယွီပင်းကို အနိုင်မရနိုင်မှန်း သိလိုက်တယ်။ အဲဒါကြောင့်မို့လို့ ယွီပင်းကို သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်ယူမယ်၊ မလုပ်နိုင်ခဲ့ရင် ရှုံးကြောင်း ဝန်ခံမယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောလိုက်တာပဲ”
“ဟားဟား ကျိုစစ်က သူ ယွီပင်းကို သိုင်းကွက်နှစ်ကွက်အတွင်း အနိုင်မရနိုင်တာကို သိတယ်။ အဲဒါကြောင့် စကားကို ပြင်းပြင်းထန်ထန်တွေပြောပြီး သိုင်းကွက်နှစ်ကွက်တိုက်၊ ပြီးရင် မြန်မြန်ဆန်ဆန်ပဲ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်မယ်ပေါ့။ အဲဒီလိုဆို သူ့အတွက် ထိခိုက်မှုလည်း နည်းပါးသွားနိုင်ပြီး သူ့ပြောတဲ့စကားတိုင်းက ရွှေလိုပဲ အဖိုးတန်တယ်ဆိုတာကို သက်သေပြပြီး ဖြစ်သွားမယ်။ အဲဒီလိုနည်းနဲ့ ဂုဏ်သိက္ခာကိုရော ဖြောင့်မတ်မှုကိုရော ထိန်းသိမ်းနိုင်မယ်”
“ထက်မြက်တယ်၊ တကယ့်ကို အရမ်းထက်မြက်တယ်။ ရှောင်ဟူ၊ မင်းရဲ့အစ်ကိုကျိုစစ် တစ်ယောက်တည်းကလေ မင်းရဲ့တစ်ဘဝလုံးစာ သင်ယူဖို့ လုံလောက်တယ်ကွ!”
“အမ်?”
ရှောင်ဟူသည် လုံးဝ ဝေခွဲမရပေ။
တကယ်ပဲ အဲဒီလိုလား။
ရှောင်ဟူသည် ကျိုးချူ၏စကားများကို လုံးဝ ဝေခွဲမရနိုင်ဖြစ်နေ၏။ ထို့နောက် ကျိုးချူမှ ထပ်ပြောသည်။
“ငါ့ရဲ့မှန်းဆချက်က ဘယ်လိုလုပ်ပြီး မှားယွင်းနိုင်မှာလဲ။ လုံးဝ သံသယဝင်စရာကို မလိုဘူး”
“ဒါပေမဲ့ ငါဝန်ခံပါတယ်။ ကျိုစစ်က အထင်ကြီးလောက်စရာ အင်အားရှိရုံတင်မကဘူး၊ ဉာဏ်ရည်ကလည်း သူမတူအောင် အရမ်းထက်မြက်တယ်။ တကယ်ကို အထင်ကြီးလေးစားလောက်ပါပေတယ်!”
သိမြင်နားလည်မှုဘုရင်ကြီး ကျိုးချူသည် ချန်ကျဲ့၏နည်းဗျူဟာကို သူနားလည်ပါသည်ဟု ပြောဆိုလေသည်။– ဘုရားသခင်လို အကွက်လေးတစ်ခု ရွှေ့လိုက်တာပါပဲ။ ဂုဏ်သိက္ခာကိုရော ခန္ဓာကိုယ်အင်အားကိုရော ထိန်းသိမ်းနိုင်မယ့် အကွက်ပေါ့။ ကောင်းတယ် အရမ်းကောင်းတယ်!
ချန်ရှောင်ဟူသည် စိတ်ရှုပ်ထွေးနေ၏။
သူ၏အစ်ကိုကျိုစစ်သည် ထိုသို့လူမျိုး မဟုတ်သည်မှာ သေချာပါ၏။
ထိုစဉ် ပွဲကြည့်စင်ပေါ်ရှိ ကုချင်းဖုန်းသည် မျက်လုံးအိမ်တို့မှေးကျုံ့သွားခဲ့၏။
“ကောင်းတယ် ကောင်းတယ်၊ တကယ့်ကို ငယ်ရွယ်မှုရဲ့ အားမာန်ပါပဲလား။ ညီနောင်ဖန်း ခင်ဗျားရဲ့ငါးဖမ်းကုန်သည်အဖွဲ့က တကယ်ကြီး ပါရမီရှင်ကို မွေးထုတ်ပေးထားတာပဲဗျာ။ ယွီပင်းကို သိုင်းကွက်နှစ်ကွက်နဲ့ အနိုင်ယူမယ်လို့တောင် ပြောထွက်တယ်။ ကျုပ်ရဲ့တူလေးက အထူးတလည် အသိအမှတ်ပြုလောက်စရာအထိတော့ မဟုတ်ပေမဲ့ ဒီလိုမျိုး သေးနုပ်သိမ်ငယ်အောင် အပြောခံရသင့်တဲ့သူတော့ မဟုတ်ဘူးရယ်!”
ဖန်းရှစ်ကျုံးမှ အရေးမထားဟန် ပြန်လည်တုံ့ပြန်သည်။
“ခင်ဗျား ငယ်ရွယ်တုန်းကရော အားမာန် မတက်ကြွခဲ့လို့လား။ ခင်ဗျား ငယ်ရွယ်တုန်းကဆို ပိုလို့တောင် မောက်မာထောင်လွှားသေးတယ်!”
ကုချင်းဖုန်းမှ ပြန်ပြောသည်။
“မောက်မာထောင်လွှားတယ်ဆိုတာလည်း အကန့်အသတ်ရှိသင့်တယ်။ ဒီကောင်လေးကတော့လား…”
ဖန်းရှစ်ကျုံးမှ ပြန်လည်ချေပသည်။
“စမ်းမကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ”
သူတို့နှစ်ဦးသည် အသံတိတ်တိုက်ပွဲဝင်နေသည့်အလား တစ်ဖန် အကြည့်ချင်းဆုံလိုက်ကြ၏။
ခဏကြာပြီးနောက် ကျန်းလီယဲ့မှ ရုတ်တရက် ပြောလာသည်။
“စနေပြီ!”
ထို့နောက် တဒင်္ဂတွင် ယွီပင်းနှင့် ချန်ကျဲ့တို့နှစ်ဦးသည် တကယ်ကြီး မျက်နှာချင်းဆိုင်လျက် တစ်ဟုန်ထိုးချီတက်ကြလေသည်။ ယွီပင်းသည် နှလုံးကြွေလက်ဝါးသိုင်းမှ ‘ရဲရဲတောက် နှလုံးလောင်ကျွမ်းမီးလျံ’ကို ထုတ်လွှတ် အသုံးပြု၏။
၎င်းလက်ဝါးသိုင်းကွက်သည် အရှိန်ပြင်းလှစွာသော မီးတောက်မီးလျံများအလား တောမီးကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာဖြင့် ထိတ်လန့်ချောက်ချားဖွယ်ကောင်းလောက်အောင် ချန်ကျဲ့ဆီသို့ ဦးတည်သွားခဲ့သည်။
စာစဉ်ပြီး၏