← Chapters

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၄

Vol. 11 Ch. 141

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၄

Vol. 11 Ch. 141

“ဒီလိုအရေးကြီးတဲ့ ကိစ္စရှေ့မှာ ငါတို့အနေနဲ့ တည်ငြိမ်မှုကို ဦးစားပေးသင့်တယ်။ ငါ့ရဲ့ဆေးညွှန်းနဲ့ ဆေးကို ပုံမှန်အတိုင်း ပြင်ဆင်မယ်ဆိုရင် သေချာပေါက် ပြဿနာမရှိနိုင်ဘူး။ အဲဒီအတွက် ငါ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်”

“ဒါပေမဲ့ မင်းဒီလိုမျိုး လျှောက်ပြီး စမ်းလုပ်ကြည့်နေရင်းက ဘာမှ အသုံးမဝင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

သမားတော်ပိုင်မှ လေးနက်စွာပြောသည်။

ချန်ကျဲ့သည် တိတ်ဆိတ်နေ၏။ စနစ်၏အချက်အလက်သည် မမှားယွင်းနိုင်ကြောင်း သိသော်ငြား သမားတော်ပိုင်၏ စကားများမှာ ငြင်းဆန်၍မရနိုင်အောင် မှန်ကန်သည်။ ဤသို့ အရေးကြီးသောအချိန်၌ သံအိုးကို အသုံးပြု၍ ဆေးဖော်စပ်ခြင်းသည် အမှန်တကယ်ပင် စွန့်စားရာကျလွန်း၏။

ချန်ကျဲ့ ကျိုးနွံစွာ ပြောသည်။

“ဒါဆို ဆရာ၊ အခုနေ ဆေးကျိုတာကို ရပ်လိုက်ပြီး ဆေးကို အသစ်ကနေ ပြန်ပြင်ဆင်လိုက်ရမလား”

သမားတော်ပိုင်မှ ပြောသည်။

“မလိုဘူး။ အခုအချိန်မှ အားလုံးပြောင်းလဲလိုက်ရင် ကောင်းတာထက် ဆိုးတာဖြစ်နိုင်ခြေ ပိုများတယ်။ ဒီတိုင်း စောင့်ကြည့်ကြတာပေါ့”

…

သမားတော်ပိုင်မှ အလေးအနက်ပြောသည်။ ထိုအခါ ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့ နှစ်ဦးစလုံးသည် ဆေးပြင်ဆင်ရာတွင် သေချာအာရုံစိုက်လိုက်ကြသည်။

သမားတော်ပိုင်သည် ဆေးရည်၏ အရောင်အဆင်းကို စောင့်ကြည့်နေသည်။

အိုးထဲရှိ သွေးအားဖြည့်ဆေးရည်သည် နို့နှစ်ရောင်မှသည် အနီရင့်ရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေပြီး နွားဦးချိုငါးသည် အရိုးများ စတင်ကွာကျလာသည်။

သမားတော်ပိုင်မှ ရေရွတ်သည်။

“အရောင်းအဆင်းကတော့ အဆင်ပြေပုံပဲ”

သမားတော်ပိုင်မှာ ပြောသည်။

“ကျိုစစ် အရိုးထုတ်လိုက်”

ထိုအခါ ချန်ကျဲ့သည် တူကိုသုံး၍ ငါးခေါင်းကို ညှပ်ယူလိုက်ကာ အသာဆွဲလိုက်ခြင်းဖြင့် ငါးတစ်ကောင်လုံးကို အရိုးထုတ်လိုက်သည်။ အသားများသည် အရိုးဖယ်ထုတ်လိုက်သောအခါ ဆေးရည်ထဲသို့ ကျဆင်းသွားသည်။

သမားတော်ပိုင်မှ ပြောသည်။

“ပြီးရင် အရိုးကို သေချာသိမ်းဆည်းဦး၊ လမ်းဘေးကြောင်တွေ လာဆွဲသွားဦးမယ်။ မနက်ဖြန်ကျ နေပြင်းပြင်းလေး ပြပေးလိုက်။ အခြောက်ခံပြီးရင် အမှုန့်ကြိတ်ပြီး ကျောက်စိမ်းပုလင်းထဲမှာ ထည့်သိမ်းထားလိုက်ပါ”

“ဟုတ်ကဲ့”

ချန်ကျဲ့ ပြန်ဖြေလိုက်ပြီးနောက် သမားတော်ပိုင်ကို ပြောလိုက်သည်။

“ဆရာ၊ ဒီငါးအရိုးကို ဆရာ ယူလိုက်ပါလား။ ကျွန်တော့်မှာ တကယ် အသုံးမလိုဘူး”

ထိုအခါ သမားတော်ပိုင်မှ ပြောသည်။

“ဒီလို တန်ဖိုးကြီးတဲ့ပစ္စည်းကို– ဘာလို့ ငါ့ကိုပေးမှာလဲ။ အဲဒီအရိုးသန်မာဆေးလုံးဆိုတာက အရမ်းကောင်းမွန်တဲ့ ဆေးဝါးပဲ။ အဲဒီဆေးအတွက် အဓိကထောက်ကူပစ္စည်းကို များများရှာထားနိုင်တယ်ဆိုရင် မင်းအတွက် နောက်ပိုင်းပြဿနာ အတော်များများကို ရှောင်ရှားနိုင်လိမ့်မယ်”

ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

သမားတော်ပိုင်မှ ဆက်ပြောသည်။

“အခုလောက်ဆို ရလောက်ပြီ။ ပူတုန်းလေး သောက်လိုက်”

ထိုအခါ စူးယွင်ကျင်းသည် သွေးအားဖြည့်ဆေးရည်တစ်ခွက်ကို ချက်ချင်းယူလာပေးသည်။ ကြွေပန်းကန်လုံးထဲရှိ ဆေးရည်မှာ အသားများ၊ အခြားဆေးဖက်ဝင်အပင်များ ပြည့်နှက်နေပေသည်။

ချန်ကျဲ့ ဆေးရည်ပန်းကန်လုံးကို ယူလိုက်သည်။ သမားတော်ပိုင်မှ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ကျိုစစ်”

“ဟမ် ဆရာ?”

ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။

“အမ်း ဒီသွေးအားဖြည့်ဆေးရည်က တစ်ခုခု မူမမှန်ဖြစ်နေခဲ့ရင် မသောက်လိုက်နဲ့ဦး”

သမားတော်ပိုင်သည် ဆေး၏အကျိုးအာနိသင်မှာ မသေချာနိုင်သောကြောင့် စိုးရိမ်နေခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်သည်။

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“ဆေးရည်မှာ မူမမှန်တာ မရှိသင့်ပါဘူးလေ”

ချန်ကျဲ့ တစ်ကျိုက်တည်း အကုန်သောက်လိုက်သည်။

သမားတော်ပိုင်သည် ချန်ကျဲ့ ဆေးသောက်ပြီးသောအခါ ချန်ကျဲ့ကို အနီးကပ် သေချာအကဲခတ်လေ့လာကြည့်သည်။ ထို့နောက် ချန်ကျဲ့ကို သွေးခုန်နှုန်းစမ်းသည်။

ကနဦး၌ သွေးခုန်နှုန်းသည် အလွန်တည်ငြိမ်၏။ သို့သော် ရုတ်တရက်ဆန်လှစွာ သွေးခုန်နှုန်းမြန်ဆန်လာပြီး အားပြင်းလာသည်။ ၎င်းသွေးစီးဆင်းနှုန်းမှာ ရေကာတာကိုပင် ကျိုးပျက်နိုင်လောက်မည့် ရေကြီးမှုအလားပင်။

ဤသည်မှာ သွေးစွမ်းအင်များ တစ်ဟုန်ထိုးစီးဆင်းနေသည်အား ခံစားသိရခြင်းဖြစ်၏။

ဒုတ် ဒုတ် ဒုတ်…

ချန်ကျဲ့သည် မိမိ၏နှလုံးမှာ ပြင်းပြင်းထန်ထန် ခုန်နေကြောင်းကို ခံစားမိနေသည်။ သူ၏နှလုံးသည် အင်အားကုန်ဖြင့် မောင်းနှင်နေသည့် ရေစုပ်စက်တစ်လုံးဖြစ်သွားသည့်အလား သွေးစွမ်းအင်လှိုင်းများသည် နှလုံးဆီသို့ အမြန်နှုန်းဖြင့် စီးဆင်းနေသည်။ ထို့နောက် နှလုံးသည် လေဖိစက်အလား ၎င်းသွေးစွမ်းအင်ကို အပြင်းထန်ဆုံးသော အင်အားဖြင့် ဖိညှစ်ထုတ်နေပေသည်။

၎င်းမှာ မီးတောင်ပေါက်ကွဲမှုအလားပင်။ ထို့နောက် ၎င်းကြောက်မက်ဖွယ်အင်အားကြီးသည် သွေးစွမ်းအင်ကို ခန္ဓာကိုယ်၏ တော်ရုံ မရောက်ရှိနိုင်သော သွေးကြောမျှင်များသို့ တွန်းပို့စီးဆင်းစေခဲ့သည်။

ထို့ကြောင့် ချန်ကျဲ့၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးစွမ်းအင်များ သက်ဝင်လှုပ်ရှားလာခဲ့သည်။

ထိုအချိန်၌ ချန်ကျဲ့၏မျက်နှာမှာ နီရဲနေပြီဖြစ်၏။

သမားတော်ပိုင်သည် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသော်ငြား ချီသွေး၏အင်အားသည် အထင်ကြီးရလောက်အောင် အားကောင်းပြီး ဤဆေးရည်တစ်ခွက်၏ အကျိုးအာနိသင်သည် ပုံမှန်ထက် အများကြီးပို၍ အားကောင်းပုံရပေသည်။

သမားတော်ပိုင်သည် အရင်က ငါးဖမ်းကုန်သည်အဖွဲ့တွငါ ဤဆေးညွှန်းနှင့် ဆင်တူဆေးရည်ကို ကုန်သည်အဖွဲ့သား မြောက်များစွာအတွက် ပြင်ဆင်ပေးခဲ့ဖူးသည်။ နွားဦးချိုငါးကို အသုံးပြု၍ ပြင်ဆင်ပေးခဲ့သည်မှာလည်း အကြိမ်ရေ ဒါဇင်ကျော်သည်။ သို့သော် ထိုဆေးများ၏အာနိသင်သည် ဤတစ်ကြိမ် ချန်ကျဲ့၏ဆေးမျှသော အားကောင်းသည့် သက်ရောက်မှုမျိုး မရှိခဲ့ပေ။

ဆေးညွှန်းအားလုံးသည် သူ ကြိုတင်မှန်းဆထားသည့် အကျိုးသက်ရောက်မှုနှုန်းအတွင်း ရှိခဲ့သော်ငြား ထိုဆေးများ၏အကျိုးသက်ရောက်မှုသည် သူ မှန်းဆထားခဲ့သော သက်ရောက်မှုနှုန်း၏ အောက်ခြေအဆင့်သာ ဖြစ်ခဲ့သည်။ ချန်ကျဲ့၏ဆေးသည်တော့ သူ မှန်းဆထားသည့် အကျိုးသက်ရောက်မှုနှုန်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ကိန်းဂဏန်းများဖြင့် ဖော်ပြသော်

သမားတော်ပိုင်၏ မှန်းဆထားသော အကျိုးသက်ရောက်မှုနှုန်းသည် ၈-၁၀ အထိ ဖြစ်သည်။ အခြားဆေးညွှန်းများသည် ယေဘုယျအားဖြင့် ၈သို့ ရောက်ရှိကြပြီး အနည်းငယ်သာလျှင် ၉သို့ ရောက်ရှိနိုင်ခဲ့လိမ့်မည်။ သို့သော် ချန်ကျဲ့၏ဆေးသည် ၁၀ သို့ ရောက်ရှိနိုင်ခဲ့ပြီး သူ၏မှန်းဆနှုန်းထားကို အနည်းငယ်ကျော်လွန်၍ ၁၀.၅၊ ၁၁ခန့်အထိပင် သတ်မှတ်နိင်ပေသည်။

ဤပြောင်းလဲမှုသည် နွားဦးချိုငါး၏သက်တမ်းကြောင့် ဖြစ်နိုင်၏။ သို့သော် သမားတော်ပိုင်သည် အရင်က သက်တမ်းနှစ်၃၀နီးပါးရှိ နွားဦးချိုငါးကို အသုံးပြုခဲ့ဖူးသည်။ ထိုတစ်ခေါက်ကပင် အကျိုးသက်ရောက်မှုနှုန်းသည် ၉ ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ အကျိုးသက်ရောက်မှုသည် နွားဦးချိုငါးကြောင့် တိုးတက်သွားခဲ့ခြင်း မဟုတ်ပေ–

ပေါင်းထည့်ဖော်စပ်တဲ့ ထောက်ကူဆေးပင်တွေကြောင့်များလား။

သမားတော်ပိုင် ခေါင်းခါလိုက်သည်။

ထိုအထောက်အကူအဖြစ် ပေါင်းထည့်ထားသော ဆေးပင်များ၏အာနိသင်သည် အဓိကပါဝင်ပစ္စည်းထက် အာနိသင်နည်းပါးကြ၏။

ဒါဆို ဆေးထဲမှာ ပါဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကြောင့် မဟုတ်ရင် မဟုတ်မှလွဲရော?

သမားတော်ပိုင်သည် သံအိုးကို ရုတ်ချည်း လှမ်းကြည့်လိုက်သည်–

အဲဒီသံအိုးကြောင့်များလား။

“သံဓာတ်သွေးအားဖြည့်စွက်ခြင်း??”

သမားတော်ပိုင်သည် ထိုအယူအဆနည်းလမ်းကို လက်ခံရန် ဝေခွဲမရဖြစ်နေခဲ့သည်– ဒီလိုဖြစ်နိုင်ခြေမရှိတဲ့အရာက တကယ်ပဲ ဖြစ်နိုင်ပါ့မလား။

သို့သော် အားမာန်အပြည့်သော သွေးစွမ်းအင်နှင့် ချန်ကျဲ့ ခံစားနေရသည့် အားကောင်းသော အကျိုးသက်ရောက်မှုသည် ၎င်းအယူအဆနည်းလမ်းမှာ မှန်ကန်ကြောင်း သက်သေပြနေပေသည်။

ထို့နောက်တွင် ချန်ကျဲ့၏ သွေးစွမ်းအင်သည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သမားတော်ပိုင်သည် ချန်ကျဲ့၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ ချန်ကျဲ့ အသာအယာ ခေါင်းညိတ်လိုက်သည်။

ချန်ကျဲ့သည် ခြံဝင်ထဲသို့ အပြေးသွား၍ ရေထိန်းချုပ်လက်ဝါးသိုင်းကို စတင်လေ့ကျင့်တော့သည်။

ခြံဝင်းထဲမှ ဆူညံသံများကို ကြားသောအခါ ဝူဟုန်နှင့် ဝူကျုံးတို့၏ အခန်းပြတင်းတံခါးများ ပွင့်ဟလာခဲ့သည်။

သူတို့သည် အိပ်မပျော်ကြသေးရာ အပြင်ဘက်မှ အသံများကိုကြားသောအခါ ထွက်ကြည့်ကြသည်။

ထိုအချိန်၌ ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို ပေါ့ပါးလန်းဆန်းသည့် ခံစားချက်အပြည့်ဖြင့် လေ့ကျင့်နေခဲ့သည်။ သို့သော် လူအများကြီးမှ သူ့ကို ဝိုင်းကြည့်နေကြလေရာ ရေထိန်းချုပ်လက်ဝါးသိုင်းသည် သူ၏ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သောကြောင့် ချန်ကျဲ့သည် လှိုင်းတံပိုးလက်ဝါးသိုင်းကို ပြောင်းလဲလေ့ကျင့်ရန် တွေးလိုက်သည်။

သို့သော် လှိုင်းတံပိုးလက်ဝါးသိုင်းသို့ ရုတ်တရက်ပြောင်းလဲလိုက်ပါက ဆေးအာနိသင်စုပ်ယူခြင်းမှာ အကောင်းဆုံးအခြေအနေ မဖြစ်နိုင်လောက်တော့ဟု တွေးမိလိုက်သည်။

ထို့ပြင် ဝူသားအဖ၏ ရှေ့တွင် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုလိုက်သည့်တိုင် ဝူသားအဖသည် အဆင်အခြင်မဲ့ ပြောဆိုတတ်ကြသူများ မဟုတ်ပေ။ သူတို့နှင့် အတူရှိလာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ရာ ချန်ကျဲ့ ယုံကြည်ချက်ရှိသည်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို ယန်ချွမ်ကျင့်စဉ်၏ အသက်ရှူနည်းလမ်းနှင့် ပေါင်းစည်း၍ အဆက်မပြတ် လေ့ကျင့်သည်။ ခြံဝင်းထဲ၌ လက်ဝါးသိုင်းကို အလျင်အမြန် လေ့ကျင့်နေစဉ်အတွင်း သူ၏အင်အားများ အလွန်လျင်မြန်စွာဖြင့် တိုးတက်နေသည်ကို ခံစားမိလိုက်၏။

“လက်ဝါး တစ်ချက်၊ နှစ်ချက်…”

ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်ကို မရပ်မနား ထုတ်လွှတ်လေ့ကျင့်နေသည်။

ချန်ကျဲ့၏လက်ဝါးသိုင်းကို ကြည့်နေရင်း ဝူကျုံးသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“ဒါက လှိုင်းတံပိုးလက်ဝါးသိုင်းလား။ ဘာလို့ အရမ်းအားကောင်းပြင်းထန်တဲ့ပုံပေါက်နေရတာလဲ”

ထိုစဉ် တစ်ဖက်အခန်း၌ ဝူဟုန်သည် ထိုလက်ဝါးသိုင်းကို မှတ်မိသွားသောကြောင့် မျက်နှာအမူအရာမှာ သိသိသာသာ‌ ပြောင်းလဲနေခဲ့သည်။

All Chapters