ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၅
Vol. 11 Ch. 142
“ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်!”
ဝူဟုန် ရေရွတ်လိုက်သည်။ ဝူဟုန်သည် နီမန့်ဇစ်ကို ဆရာနှင့်အတူ လိုက်လံဖမ်းဆီးခဲ့သူ ၅ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့ကြောင့် ဝူဟုန်သည် ထိုနေ့က တိုက်ပွဲတွင် ကျဆုံးခဲ့သော ဟွမ်ကျိုးပြည်နယ်စံအိမ်တော်၏အရာရှိ ဟယ်ချွမ်တင်းရွှမ်း၏ အမှတ်တံဆိပ်ဖြစ်သော သိုင်းပညာကို မှတ်မိနေခဲ့သည်။ ထိုနေ့က တင်းရွှမ်းသည် နောက်ဆုံးတွင် နီမန့်ဇစ်၏ လက်ဝါးရိုက်ချက်ဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသော်ငြား သူ၏ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်မှ လက်ဝါးရိုက်ချက်သုံးချက်ဖြင့် နီမန့်ဇစ်ကို သေချာတိကျစွာ ထိမှန်စေနိုင်ခဲ့သည်။
တင်းရွှမ်း၏ ထိုလက်ဝါးသိုင်းသည့် ဝူဟုန်၏စိတ်တွင် ထင်ရှားစွာ စွဲကျန်ရစ်ခဲ့၏။
ကျိုစစ်က ဘယ်လိုလုပ်ပြီး အဲဒီလက်ဝါးသိုင်းကို သိနေရတာလဲ။
ဝူဟုန်သည် မျက်ခုံးတို့ကို သိသိသာသာ တွန့်ချိုးထား၏။ သို့သော် ဘာမျှမပြောဘဲ ချန်ကျဲ့ သိုင်းလေ့ကျင့်သည်ကို စောင့်ကြည့်နေခဲ့သည်။ ဤသို့ အရေးကြီးနေသည့် အခြေအနေတွင် သူ မနှောင့်ယှက်လိုပေ။
ဒီအချိန်မှာ နှောင့်ယှက်လိုက်ပါက ဆေးအာနိသင်ကို ဖြုန်းတီးလိုက်ခြင်းသာ ဖြစ်ချေလိမ့်မည်။
…
သို့ဖြင့် လူတစ်စုသည် ချန်ကျဲ့ကို ကြည့်နေခဲ့ကြသည်။
ချန်ကျဲ့ ရေထိန်းချုပ်လက်ဝါးသိုင်းကို ဘယ်နှကြိမ်တိုင် လေ့ကျင့်ခဲ့သည်အား မည်သူမျှ မသိနိုင်ပါလေ။ သို့သော် သူ၏သိုင်းပညာသည် ရုတ်တရက် သိသာထင်ရှားစွာ အားကောင်းပြင်းထန်လာကာ သူ၏အရှိန်အဝါသည်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
အားလုံးသည် စိတ်အားတက်ကြွသွားကြ၏။
အဆင့်တက်လှမ်းပြီ!
အဆင့်တက်လှမ်းပြီးနောက်တွင်လည်း ချန်ကျဲ့သည် မရပ်တန့်ပေ။
အားလုံးသည် အံ့ဩမင်သက်နေကြသည်–
သွေးအားဖြည့်ဆေးရဲ့ ဆေးအာနိသင်က အခုထိ မကုန်ခမ်းသေးဘူးလား။ ဘယ်တုန်းကများ အဲဒီဆေးရဲ့အာနိသင်က ဒီလောက်အထိ အားကောင်းသွားရတာလဲ။
ဝူဟုန်လည်း အရင်က သွေးအားဖြည့်ဆေးကို သောက်သုံးခဲ့ဖူး၏။ ထို့ကြောင့် ချန်ကျဲ့၏ဆေးအာနိသင်မှာ အနည်းငယ် သာလွန်နေကြောင်း သတိထားမိပေသည်။ သူ သောက်သုံးခဲ့စဉ်က ထိုဆေးအာနိသင်သည် ဤမျှ အားမကောင်းသည်မှာ သေချာပါ၏။
သမားတော်ပိုင်သည် ချန်ကျဲ့ကို စူးစိုက်ငေးမောကြည့်နေခဲ့သည်။
ဒီဆေးအာနိသင်က တကယ့်ကို ငါ့ရဲ့ဆေးညွှန်းထက် ပိုသာလွန်တာပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုသိသာထင်ရှားတဲ့ အကျိုးအာနိသင်မျိုး ရှိနိုင်ရတာလဲ။ မဟုတ်မှ လွဲရော?...
သမားတော်ပိုင်၏ အကြည့်များသည် သံအိုးဆီသို့ ပြန်ရောက်သွားပြန်သည်။
“သံဓာတ်သွေးအားဖြည့်စွက်ခြင်း! တကယ်ပဲ သံဓာတ်သွေးအားဖြည့်စွက်ခြင်း နည်းလမ်းဆိုတာမျိုး ရှိနေခဲ့တာလား”
သမားတော်ပိုင်၏ မျက်နှာအမူအရာမှာ အနည်းငယ် မှုန်မှိုင်းနေသည်။
ချန်ယုံဝမ် အိုး ချန်ယုံဝမ်၊ ကျုပ် ခင်ဗျားကို ထပ်ရှုံးပြန်ပြီ။ ကျုပ် ဆေးဝါးတွေရဲ့ သဟဇာတဖြစ်မှုနဲ့ ဆန့်ကျင်မှုတွေကို နှစ်ပေါင်းများစွာ သုတေသနပြု လေ့လာနေခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက အရင်က အသုံးအဆောင်ပစ္စည်းတွေအပေါ် ကျိုးကြောင်းဆင်ခြင်ထားမှုကို ကျော်လွန်ပြီး ဆေးဖော်စပ်ရာမှာ အသုံးပြုတဲ့ ချက်ပြုတ်ရေးပစ္စည်းတွေရဲ့ လွှမ်းမိုးမှုကို စတင်လေ့လာခဲ့တာပဲ။ ချက်ပြုတ်ရေးပစ္စည်းတွေမှာ သက်ရောက်မှုရှိတယ်ဆိုရင် ကျုပ် အရင်က လျစ်လျူရှုထားခဲ့တဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ရာသီဥတုအခြေအနေတွေလို အချက်တွေကလည်း ဆေးအာနိသင်ကို သက်ရောက်မှုရှိနိုင်တယ် မဟုတ်လား။
သမားတော်ပိုင်သည် ၎င်းအချက်အလက်များကိုလည်း အနာဂတ် လေ့လာမှုများတွင် အပိုဆောင်း ထပ်ထည့်လေ့လာရန် စိတ်ထဲမှ စဉ်းစားနေခဲ့သည်။
ငါထပ်ပြီး ချန်ယုံဝမ်ထက် ခြေတစ်လှမ်းနောက်ကျကျန်ခဲ့ပြန်ပြီ!
ချန်ယုံဝမ် ခင်ဗျားက တကယ့်ကို ကျုပ်ဘဝသက်တမ်းတစ်လျှောက်လုံး လိုက်နေရမယ့် ရည်မှန်းချက်ကြီးပါပဲလား!
သမားတော်ပိုင်သည် ရှုံးနိမ့်သွားသည့် ခံစားချက်ကို စတင်ခံစားလာရသည်။
ကွယ်လွန်ပြီးသူထံ ရှုံးနိမ့်သွားခြင်းသည် ဂုဏ်ယူဝံ့ကြွားသင့်သည့်အရာ လုံးဝ မဟုတ်ပါလေ။
အချိန်မည်မျှကြာမြင့်သွားခဲ့ကြောင်း မည်သူမျှ သတိမထားမိလိုက်ကြပေ။ ချန်ကျဲ့သည် နောက်ဆုံးတွင်တော့ သူ၏လေရူးအလား လက်ဝါးသိုင်းကွက်များကို ရပ်တန့်လိုက်လေပြီ။ သူ၏မျက်လုံးများမှာ တောက်ပနေကြ၏။
သူ အဆင့်တက်လှမ်းသွားခဲ့လေပြီ– နောက်ဆုံးတွင်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေပြီ!
စွမ်းရည်ဇယား!
ချန်ကျဲ့ စနစ်ဇယားကို ဆင့်ခေါ်လိုက်သည်။
[ချန်ကျဲ့]
[ကျင့်ကြံဆင့် : ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်]
[ကျင့်စဉ်များ : ယန်ချွမ်ကျင့်စဉ် (တတ်မြောက်ခြင်းအဆင့်)၊ ရေထိန်းချုပ်လက်ဝါးသိုင်း (တတ်မြောက်ခြင်းအဆင့်)၊ ဘိုးဘေးကြီးလက်သီးသိုင်း (အောင်မြင်မှုကြီးအဆင့်)၊ လှိုင်းတံပိုးလက်ဝါးသိုင်း (အခြေခံအဆင့်)]
[သုံးသပ်ချက် : သင်အခု အင်အားကြီးမားလာနေပါပြီ။ သင်ရဲ့ လက်ရှိအင်အားအရ အဆင့်၃အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ သာမန်ဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာနိုင်ပါတယ်၊ ဂုဏ်ပြုပါတယ်!]
“အမ်?”
အဆင့်၃ အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ သာမန်တပည့်တစ်ယောက်လား။ အတော်လေး နိမ့်ပါးတာပဲ။
သို့သော် ချန်ကျဲ့သည် စိတ်ဓာတ်ကျမသွားပေ။ သူသည် အဆင့်၃အဆင့်ရှိ ဂိုဏ်းတစ်ခု၏ သာမန်ဂိုဏ်းသားတစ်ဦးမျှသာ ဖြစ်နိုင်သော်ငြား ငါးဖမ်းကုန်သည်အဖွဲ့တွင်တော့ ဒေသအသေးလေးတစ်ခု၏ ဦးစီးမှူးအဆင့်၏အင်အားမျှ ရှိနေပြီဖြစ်သည်။
သာမန်လူများ၏အမြင်၌ ၎င်းသည် ဆရာကြီးတစ်ဦးအဆင့်ဖြစ်နေပြီ ဖြစ်သည်။
သူသည် ခြေတစ်ချက် ဆောင့်နင်းလိုက်ရုံဖြင့် မြို့သူမြို့သားများအားလုံး၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှုမျာား ကြီးစိုးသွားစေနိုင်သူတစ်ဦး ဖြစ်လာနိုင်ပေသည်။
ချန်ကျဲ့ ဆန္ဒရှိပါက သူ၏လက်ရှိအင်အားဖြင့် ရှန်းထောင်မြို့ကို လွှမ်းမိုးနေနိုင်ပြီဖြစ်သည်။
ဒုတိယမြောက်သော သခင်ကြီးယွီဖြစ်လာနိုင်ပေသည်။
သို့သော် ချန်ကျဲ့သည် ထိုမျှနှင့် စိတ်မကျေနပ်သေးပေ။ မြို့တစ်မြို့၌ ဩဇာလွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခြင်းသည် စီရင်စု၊ပြည်နယ်များမှ လူများ၏အမြင်တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ တစ်နေ့တွင် စီရင်စု၊ပြည်နယ်များမှ လာရောက်လည်ပတ်သော အရေးပါသူတစ်ဦး၏ ခြေထောက်အောက်တွင် နင်းသတ်ခံရနိုင်ပေသည်။
ချန်ကျဲ့ ပို၍သန်မာလာရပေမည်။
သူသည် အစ်ကိုနီအား နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံကြချိန်တွင် သေချာပေါက် သူ့ကို အထင်ကြီးလေးစားစေရမည်ဟု ကတိပေးထားခဲ့သည်။
သူသည် ယခုမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ စတင်ရောက်ရှိရုံသာ ရှိသေး၏–
ငါဒီထက်ပိုပြီး သန်မာလာဖို့လိုတယ်၊ ငါ ပိုပြီး သန်မာလာရမယ်!
ထိုသို့တွေးလျက် ချန်ကျဲ့သည် ဇယားကို ဆက်လက်ကြည့်နေခဲ့သည်။
သူ၏ကျင့်စဉ်အားလုံး အဆင့်မြင့်သွားကြောင်း မြင်တွေ့လိုက်ရသည်။
ယန်ချွမ်ကျင့်စဉ်နှင့် ရေထိန်းချုပ်လက်ဝါးသိုင်းတို့သည် တတ်မြောက်ခြင်းအဆင့်သို့ တိုးတက်သွားခဲ့ကြသည်။
သိုင်းပညာများတွင် များသောအားဖြင့် တတ်ကျွမ်းမှုအဆင့် ၅ဆင့် ရှိတတ်ကြသည်။
အခြေခံအဆင့်၊ တတ်မြောက်ခြင်းအဆင့်၊ အောင်မြင်မှုငယ်အဆင့်၊ အောင်မြင်မှုကြီးအဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့်ဟူ၍ ဖြစ်သည်။
အခြေခံအဆင့်သည် အရေပြားသန့်စင်ခြင်းအဆင့်နှင့် ကိုက်ညီသည်ဟုဆိုသော် တတ်မြောက်ခြင်းအဆင့်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် ကိုက်ညီပေသည်။ အောင်မြင်မှုငယ်အဆင့်သည် လျိုကျင့်နယ်ပယ်အဆင့်နှင့် ကိုက်ညီကာ အောင်မြင်မှုကြီးအဆင့်သည် သံမဏိအရိုးအဆင့်နှင့် ကိုက်ညီသည်။ ထို့နောက် ပြီးပြည့်စုံခြင်းအဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့် ကိုက်ညီပေလိမ့်မည်။
ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းကျင့်စဉ်ဖြစ်ပေသည်။
ချန်ကျဲ့၏ ဘိုးဘေးကြီးလက်သီးသိုင်းသည်လည်း အောင်မြင်မှုကြီးအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ဘိုးဘေးကြီးလက်သီးသိုင်းသည် အခြေခံကျသောသိုင်းကျင့်စဉ်တစ်ခုဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိမှသာ အမှောင်စွမ်းအင်အဆင့်၏ အစွန်းဖျားလေးဖြစ်သော လျိုကျင့်အဆင့်၏ အစွန်အဖျားလေးကို ထိစပ်နိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ၎င်းကို ယေဘုယျအားဖြင့် အမှောင်စွမ်းအင်အဆင့်သိုင်းကျင့်စဉ်အဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော် ၎င်း၏ တိုးတက်မှုအလားအလာ နိမ့်ပါးမှုကြောင့် မင်ကျင့်အစောပိုင်းအဆင့် သိုင်းကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး အခြေခံအုတ်မြစ်တည်ဆောက်ရန်အတွက် အသုံးပြုကြသည်။
တစ်ဖက်ရှိ လှိုင်းတံပိုးလက်ဝါးသိုင်းသည်တော့ အနည်းငယ်မျှသာ တိုးတက်မှုရှိခဲ့သည်။ အကြောင်းမှာ ၎င်းသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ရန်အတွက် အသုံးပြုခြင်းသာဖြစ်သောကြောင့် ချန်ကျဲ့သည် တမင် မလေ့ကျင့်ထားခဲ့ခြင်းဖြစ်သည်။
လှိုင်းတံပိုးလက်ဝါးသိုင်းမှာလည်း မဆိုးလှပါချေ။ ၎င်းကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါက သံမဏိအရိုးအဆင့်သို့ တက်လှမ်းနိုင်စွမ်း၏။ ၎င်းသည် ကောင်းမွန်သည့် အမှောင်စွမ်းအင်အဆင့် သိုင်းကျင့်စဉ်တစ်ခု ဖြစ်သည်။
သို့သော် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် နှိုင်းယှဉ်လိုက်သော် ၎င်းသည် အတော်လေး အဆင့်နိမ့်ပါးသောကြောင့် နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ရန်အတွက် မထိုက်တန်ပေ။
ချန်ကျဲ့သည် စွမ်းရည်ဇယားကို နောက်ဆုံးတစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် ဖယ်ရှားလိုက်တော့သည်။ သူ၏လက်ရှိကျင့်ကြံဆင့်နှင့် အင်အားတို့သည် လုံလောက်မှုရှိ၏။ ယခုတွင် သူသည် ရွာအကြီးအကဲရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်လေပြီ။ ယွီပင်းနှင့် ကိစ္စရပ်များကို ဖြေရှင်းရန် အချိန်ကျလေပြီ
…
အချိန်သည် မျက်တောင်တစ်ခတ်မျှအချိန်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နောက်သုံးရက်ကြာမြင့်ပြီးနောက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော ရှန်းထောင်မြို့၏ ရွာအကြီးအကဲရွေးချယ်ပွဲနေ့ကြီး ကျရောက်လာခဲ့လေပြီ။
ထိုနေ့တွင် ရှန်းထောင်မြို့၏ အဓိကအင်အားစုကြီးများဖြစ်ကြသော ချောင်ကုန်သည်အဖွဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့တို့သည် ရှန်းထောင်မြို့၏ ဟင်းသီးဟင်းရွက်ဈေးတွင် သိုင်းပြိုင်ပွဲအတွက် စင်မြင့်တစ်ခုကို ဆောက်လုပ်ခဲ့ကြသည်။
လမ်းတစ်လမ်းလုံးကို အနီရောင်စက္ကူများ၊ အမျိုးမျိုးသော ပန်းချီစာတန်းကြီးများဖြင့် အလှဆင်ထားကြသည်။
စင်မြင့်ထက်၌ “ရွာအကြီးအကဲ”ဟူသော စာလုံးကြီးများရေးဆွဲထားသည့် အလံကြီးတစ်ခုကို လွှင့်ထူထား၏– ၎င်းသည် အနိုင်ရရှိသူအတွက် ဆုလာဘ်ဖြစ်ပြီး ထိုအချိန်မှစတင်၍ မြို့ကို ထိုသူတို့မှ ဦးဆောင်မည်ဟု ဆိုလိုပေသည်။
စင်မြင့်နှင့် မနီးမဝေး၌ ပို၍မြင့်မားသော စင်မြင့်များရှိသည်။ အထင်ရှားဆုံးနေရာတွင် နတ်ဘုရားရှစ်ပါးစားပွဲ သုံးလုံးကို စီစဉ်ထားရှိသည်။