← Chapters

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၆

Vol. 11 Ch. 143

ယွီပင်း : ချန်ကျိုစစ် ငါမင်းကို စိန်ခေါ်တယ်၊ တိုက်ခိုက်ရဲသလား_၆

Vol. 11 Ch. 143

၎င်းနေရာသည် ဒီနေ့ပြိုင်ပွဲကို တက်ရောက်ကြမည့် အဆင့်အတန်းမြင့် ပုဂ္ဂိုလ်ကြီးသုံးဦးအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

သူတို့၏အောက်ဘက်တွင် ဝါးတိုင်များဖြင့် ပြုလုပ်ထားသော ယာယီစည်းရိုးတစ်ခုရှိပြီး ၎င်း၏အနီးတစ်ဝိုက်ရှိ နေရာများမှာ ငါးဖမ်းကုန်သည်အဖွဲ့သားများနှင့်၊ ချောင်ကုန်သည်အဖွဲ့သားများအတွက် စောင့်ဆိုင်းနေရာဖြစ်သည်။

ကုန်သည်အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြင်းအထန် ဆန့်ကျင်နေကြပြီး လေထုအခြေအနေမှာ ဓားများ ဆွဲထုတ်ချိန်ရွယ်ထားသည့်အလား၊ လေးကြိုးများဆွဲတင်ချိန်ရွယ်ထားပြီးသည် မြားတံများ ပြည့်နှက်နေသည့်အလား တင်းမာနေပေသည်။

ကုန်သည်အဖွဲ့နှစ်ဖွဲ့၏ လက်အောက်ငယ်သားများသည် တစ်ဖက်နှင့်တစ်ဖက် စူးစိုက်ကြည့်နေကြ၏။

ထိုစဉ် မနီးမဝေးရှိ သီးခြား လက်ဖက်ရည်ဆောင်နှစ်ခု၌

ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့၏ အဆင့်အတန်းမြင့်မားသူများသည် သူတို့၏ သက်ဆိုင်ရာ နေရာအသီးသီးတွင် ထိုင်နေကြသည်။

…

ငါးဖမ်းကုန်သည်အဖွဲ့၏အဆောင်၌

ဝူကျုံးသည် အလွန်အားနည်းဖျော့တော့နေပုံဖြင့် ဂုဏ်သရေရှိထိုင်ခုံတွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ်လူကြီးကို အရိုအသေပြုနေသည်။ ထိုလူကြီးသည် ဝူကျုံးထက် အသက်၅နှစ်သာ ကြီးသော်ငြား မနှိုင်းယှဉ်ဝံ့လောက်အောင် ရာထူးအဆင့်အတန်းမြင့်မား၏။

တစ်ဦးမှာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးအဆင့်မျှသာ ဖြစ်ပြီး တစ်ဦးမှာ ငါးဖမ်းကုန်သည်အဖွဲ့၏ ခန်းမဆောင်ကြီးလေးခုထဲမှ ကျားဖြူခန်းမအရှင်သခင်တစ်ဦးဖြစ်လေသည်။

ထိုလူကြီးသည် မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်လည်း ဖြစ်ပါသည့် တံငါသည်ဖန်းရှစ်ကျုံးဖြစ်သည်။

ထိုအချိန်တွင် ဖန်းရှစ်ကျုံးသည် အေးအေးလူလူပင် လက်ဖက်ရည်တစ်ငုံးကို သောက်သုံးနေ၏။ သူ၏ဘေးတွင်တော့ လူငယ်နှစ်ဦးရှိနေသည်။

ထိုလူငယ်နှစ်ဦးသည် ဖန်းရှစ်ကျုံး၏ မွေးစားသားနှစ်ဦးဖြစ်ပြီး ကျားဖြူခန်းမတွင် အလွန်အဆင့်အတန်းမြင့်မားသော ဦးစီးမှူးများလည်း ဖြစ်ကြသည်။

လက်ဝဲဘက်ရှိ လူငယ်သည် ဖုန်းရွှမ်ဖြစ်ပြီး လက်ယာဘက်ရှိလူငယ်သည် ကျန်းချွမ်ဖြစ်သည်။

လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီးနောက် ဖန်းရှစ်ကျုံးသည် အနည်းငယ် စိတ်လှုပ်ရှားပူပန်နေသည့် ဝူကျုံးကိုကြည့်လာခဲ့ပြီး မေးမြန်းသည်။

“ဦးစီးမှူးကြီး ခင်ဗျား အဆင်ပြေနေရဲ့လား”

ဝူကျုံး ထိတ်လန့်သွားပြီးနောက် ပြန်ဖြေသည်။

“ကျွန်တော် အဆင်ပြေပါတယ်”

“အမ်း ဝူကျုံး မင်းဒီတစ်ကြိမ်တော့ တကယ့်ကို စိတ်လက်မာန်ပါ ဖြစ်လွန်းသွားတယ်။ ရွာအကြီးအကဲရွေးချယ်ပွဲက ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို မင်းသိရဲ့သားနဲ့၊ အဲဒါတောင်မှ မင်းကိုယ်မင်း ဒီလိုမျိုး ဒဏ်ရာအပြင်းအထန်ရစေခဲ့တာက ငါ့ကို အတော်လေး အံ့အားသင့်စေတယ်”

“ခန်းမအရှင်သခင် ဒါ ကျွန်တော့်အမှားပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ”

“အပြစ်ပေးရမယ်?”

“ဟက် မင်းကို အပြစ်ပေးလိုက်လို့ရော ဘာတွေများ ကောင်းမွန်သွားနိုင်မှာလဲ။ ပြီးတော့လည်း မင်းက သမားတော်ကြီးပိုင်ရဲ့ သားမက်ဖြစ်နေတော့ သမားတော်ကြီးပိုင်ရဲ့ မျက်နှာကိုထောက်ထားပြီး ငါလည်း မင်းကို ပြင်းပြင်းထန်ထန် ပြုမူလို့ မဖြစ်ချေဘူး”

“ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ် ရွာအကြီးအကဲရွေးချယ်ပွဲမှာ ရှုံးတာက လက်ခံလို့ရတယ်။ ဒါပေမဲ့ ငါတို့ကို ဂုဏ်သိက္ခာကျဆင်းစေလို့တော့ မရဘူး။ ကုန်သည်အဖွဲ့ခေါင်းဆောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင်စုံစမ်းမေးမြန်းလာခဲ့တယ်လေ”

“ခန်းမအရှင်သခင် စိတ်ချထားလိုက်ပါ။ ကျွန်တော် အစီအစဉ်ချထားပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော် ခန်းမအရှင်သခင်ရဲ့ အကူအညီကို လိုအပ်ပါတယ်”

“အို ပြောပါဦး”

“ခန်းမအရှင်သခင် ကျွန်တော့်ရဲ့ ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းက ကျွန်တော့်အစား ပြိုင်ပွဲဝင်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ ပြီး‌တော့လည်း လီစန်းတင်းက ဒီပြိုင်ပွဲအတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ကျင့်ကြံဆင့်တက်လှမ်း‌ဖို့ရာအတွက် အသွေးအသားဆေးလုံးကို ဝယ်ယူခဲ့ပါတယ်”

“အို?”

ထိုအခါ ဖန်းရှစ်ကျုံးသည် အနည်းငယ် တွန့်ဆုတ်တွေဝေသွား၏။ ထို့နောက် သက်ပြင်းချလိုက်ပြီး ပြောသည်။

“ငါ အဲဒီလီစန်းတင်းကို သိတယ်။ သူက သင်္ဘောခေါင်းဆောင်၂ ရာထူးမှာ ရှိနေခဲ့တာ ကြာပြီ။ သူက ဒီပြိုင်ပွဲအတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်ပေါ့လေ။ ကောင်းပြီ၊ ဒါဆိုလည်း သူ့ကို ပြိုင်ပွဲဝင်ခွင့်ပေးလိုက်တာပေါ့။ ပြီးတော့ သူ့ကိုပြောလိုက်ပါ၊ ပြိုင်ပွဲမှာ ရှုံးသည်ဖြစ်စေ၊ အနိုင်ရသည်ဖြစ်စေ သင်္ဘောခေါင်းဆောင်းကြီးနေရာကို သူ့ကိုပေးအပ်ဖို့ အာမခံတယ်လို့။ အနိုင်ရခဲ့ရင်တော့ ဒီထက်ပိုကောင်းတဲ့ အခွင့်အ‌ရေးတက်လမ်းတွေကို ပိုင်ဆိုင်လာနိုင်မယ်ဆိုတာ မေးခွန်းထုတ်ဖို့တောင် မလိုအပ်ပါဘူးလို့”

“ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ ခန်းမအရှင်သခင်၊ သူ့ကို ကျွန်တော့်အစား ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ဆိုရင် ပြိုင်ပွဲစည်းမျဉ်းကို ပြောင်းလဲဖို့ လိုအပ်မယ် မဟုတ်လားဗျ”

“အမ်း အဲဒါက ရိုးရှင်းပါတယ်။ ငါ ကုချင်းဖုန်းကို သွားပြောလိုက်ရင် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”

“ဒါဆို ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားလိုက်ပါဦးမယ်”

ဝူကျုံးသည် အရိုအသေပြုခဲ့ပြီး ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် ကျန်းချွမ်မှ ပြော၏။

“မွေးစားအဖေ ဒီဝူကျုံးက တကယ့်ကို အမှားအမှန်ကို မခွဲခြားတတ်ဘူးပဲ၊ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေရတယ်လို့။ ကျွန်တော်တို့ ဒီတစ်ကြိမ်မှာ အရှက်ရစရာဖြစ်ခဲ့ရင် ကုန်သည်အဖွဲ့ခေါင်းဆောင်က ပြဿနာထပ်ရှာလိမ့်ဦးမယ်”

ဖန်းရှစ်ကျုံးမှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“အဆင်ပြေပါတယ်။ သူက သူ့သားအတွက် အရမ်းစိုးရိမ်ပူပန်သွားခဲ့လို့ပါ”

ထို့နောက် ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်သို့ လှည့်၍ ပြောသည်။

“သားအကြီးရေ အဲဒီသစ္စာဖောက်ကျောင်းရွှမ်ကို ဖမ်းမိပြီလား”

ထိုအခါ ဖုန်းရွှမ်သည် ကျန်းချွမ်သို့ တစ်ချက်ကြည့်လိုက်၏။ ထို့နောက်မှ ပြန်ဖြေသည်။

“‌မွေးစားအဖေ ကျွန်တော် အခုရက်ပိုင်း အရမ်းအလုပ်များနေတာနဲ့ အဲဒီကိစ္စကို ညီလေး၂ကို လွှဲပြောင်းပေးထားခဲ့ပါတယ်”

“အို? သားငယ် ၂ မင်း ကျောင်းရွှမ်ကို ဖမ်းမိပြီလား”

ကျန်းချွမ်၏ မျက်နှာအမူအရာသည် ခတ္တမျှ မည်းမှောင်သွား၏။ သို့သော် အလျင်အမြန် ပြန်ပြောခဲ့သည်။

“ကျွန်တော်တို့ ဖမ်းမိတော့မှာပါ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမ်း ငါတို့ ဒီကိစ္စကို နှောင့်နှေးစေလို့ မဖြစ်ဘူး။ ငါတို့ကို အတွင်းထဲကနေ သစ္စာဖောက်ပြီး အထက်လူကြီးကို လုပ်ကြံတာ၊ ဒီလိုလုပ်ရပ်မျိုးကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး။ ဒါနဲ့ ငါမှတ်မိသလောက်တော့ အဲဒီကျောင်းရွှမ်က မင်းနဲ့ နည်းနည်း ပတ်သက်ဆက်နွယ်မှုရှိသလားလို့၊ ဟုတ်တယ်မလား”

“ဟုတ်ပါတယ်။ သူက ကျွန်တော်နဲ့ ယောက်ဖတော်စပ်ပါတယ်။ ဒါပေမဲ့ မွေးစားအဖေ စိတ်ချပါ။ ဒီလိုသေသင့်တဲ့ပြစ်မှုမျိုးကို ကျူးလွန်ထားခဲ့တာကို သူက ကျွန်တော့်ရဲ့ သွေးရင်းညီနောင်ဖြစ်နေခဲ့ရင်တောင်မှ ကျွန်တော့်အနေနဲ့ သက်ညှာပေးမှာ မဟုတ်ပါဘူး”

“အရမ်းကောင်းတယ်၊ ဒီကိစ္စအတွက် မင်းကိုဒုက္ခများစေရလို့ စိတ်မကောင်းပါဘူး”

“မွေးစားအဖေ စိတ်ချနေရစ်ပါ”

ကျန်းချွမ်သည် တုံ့ပြန်ပြောဆိုပြီးနောက် အနည်းငယ် ပြုံးယောင်သန်းနေသည့် ဖုန်းရွှမ်ကို ကြည့်လိုက်သည်။

ထိုစဉ် တစ်ဖက်အဆောင်ခန်း၌ ယွီပင်းသည် နေရာတွင်ထိုင်၍ လက်ဖက်‌ရည်‌ေသာက်‌ေနသည့် ကုချင်းဖုန်းကို အကဲခတ်ကြည့်နေသည်။

“ဆရာဦးလေး”

ယွီပင်း ခေါ်လိုက်သည်။ ယွီပင်း၏ဆရာဖြစ်သူ ကုချင်းရှန်းသည် ကုချင်းဖုန်း၏အစ်ကိုဖြစ်သောကြောင့် ကုချင်းဖုန်းကို ဆရာဦးလေးဟု ခေါ်ဆိုခြင်းမှာ သင့်တော်ပေသည်။

ကုချင်းဖုန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မေးသည်။

“ဒီပြိုင်ပွဲအတွက် မင်းဘယ်လောက်အထိ ယုံကြည်မှုရှိလဲ”

“ဆရာဦးလေး ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ။ ပြိုင်ပွဲမှာ သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး။ ရှန်းထောင်မြို့က ဆရာဦးလေးအပိုင် ဖြစ်လာမှာပါ”

ကုချင်းဖုန်းမှ ခေါင်းညိတ်သည်။

“ယုံကြည်မှုရှိတာ ကောင်းတယ်။ ရှန်းထောင်မြို့က အရေးကြီးတယ်၊ ဆုံးရှုံးလို့ မဖြစ်ဘူး။ နားလည်လား”

“ဆရာဦးလေး စိတ်ချထားလိုက်ပါ။ လွဲချော်မှု မရှိစေရပါဘူး”

“ကောင်းတယ်”

ကုချင်းဖုန်းသည် ခပ်သာသာ ခေါင်းညိတ်၏။ ယွီပင်းမှ ပြောသည်။

“ဆရာဦးလေး ကျွန်တော့်မှာ တခြားတင်ပြစရာ ရှိပါသေးတယ်”

“ပြောလေ”

ကုချင်းဖုန်းသည် ယွီပင်းကို ကြည့်နေသည်။ ယွီပင်းမှ ပြောသည်။

“ဆရာဦးလေး ဒီပြိုင်ပွဲမှာ ကျွန်တော့်တို့ရဲ့ ရန်သူတွေ အများကြီးရှိနေမှာပါ။ ကျွန်တော် ဒီအခွင့်အရေးကို အသုံးချပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှာ သွေးကြွေးကို လက်တုံ့ပြန်ချင်ပါတယ်။ ကျွန်တော် ပြိုင်ပွဲမှာ ညှာတာမှုမရှိဘဲ တိုက်ခိုက်လို့ရနိုင်မလား သိချင်ပါတယ်”

“ဟမ်?”

ကုချင်းဖုန်းသည် ထိုစကားကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။

ထို့နောက် ပြန်ပြောလိုက်သည်။

“ခွင့်ပြုပါတယ်။ ပြိုင်ပွဲထဲမှာ လက်သီးနဲ့ခြေထောက်တွေက အမှုမဲ့အမှတ်မဲ့ လူကို ထိခိုက်စေနိုင်တာ‌ပဲလေ၊ တစ်ခါတလေမှာ အသက်အန္တရာယ်လည်း ဖြစ်သွားစေနိုင်တာပဲပေါ့”

“ဆရာဦးလေးကို ကျေးဇူးတင်ပါတယ်။ ဆရာဦးလေးရဲ့စကားတွေကနေ ကျွန်တော် လုပ်သင့်တဲ့အရာကို နားလည်သွားခဲ့ပါပြီ”

ကုချင်းဖုန်းသည် သူပြောသင့်သည်ကို ပြောခဲ့ပြီးနောက် လက်ဖက်ရည် နောက်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် နောက်ဆုံးတစ်ကြိမ် သတိပေးစကားပြောဆိုသည်။

“မင်းဘာမင်း လက်စားချေတာဖြစ်ဖြစ်၊ တခြားကိစ္စဖြစ်ဖြစ် ငါ့ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ မင်း ဒီနေ့ပြိုင်ပွဲကို ကျိန်းသေပေါက် အနိုင်ရရမယ်။ ငါတို့ ရှန်းထောင်မြို့ကို ဆုံးရှုံးလို့ မဖြစ်ဘူး”

“ဆရာဦးလေး စိတ်ချထားပါ။ ကျွန်တော့်ရဲ့ နှလုံးကြွေလက်ဝါးသိုင်းက အောင်မြင်မှုငယ်အဆင့်ကို ရောက်နေပါပြီ။ ဒီပြိုင်ပွဲမှာ ဘယ်သူကမှ ကျွန်တော့်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး”

“အို နှလုံးကြွေလက်ဝါးသိုင်းက အောင်မြင်မှုငယ်အဆင့်ကို ရောက်နေပြီလား။ အဲဒါကတော့ တကယ့်ကို အသိအမှတ်ပြုလောက်စရာပါပဲ”

ကုချင်းဖုန်းသည် မထိန်းချုပ်နိုင်စွာ ခေါင်းညိတ် အသိအမှတ်ပြုမိရ၏။ နှလုံးကြွေလက်ဝါးသိုင်းသည် သင်ယူရန်လွယ်ကူသော်ငြား ကျွမ်းကျင်တတ်မြောက်ရန် ခက်ခဲသည်။ အလယ်အလတ်မျှ အောင်မြင်နိုင်လျှင်ပင် နှလုံးကြွေလက်ဝါးသိုင်း ကျင့်ကြံသူ၏အင်အားသည် သာမန် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ အင်အားထက် များစွာပို၍ သာလွန်ပေသည်။

‌မည်သို့ပင်ဖြစ်စေ နှလုံးကြွေလက်ဝါးသိုင်းသည် အမှောင်စွမ်းအင်အထွတ်အထိပ်အဆင့်ရှိ သိုင်းကျင့်စဉ်တစ်ခု မဟုတ်ပါလော။

ကျင့်ကြံဆင့်တူညီသူများအနေဖြင့် ယွီပင်းကို အနိုင်ယူလိုပါက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းကျင့်စဉ်ကို လိုအပ်ပေလိမ့်မည်။ သို့သော် ထိုသို့ထိပ်တန်းအဆင့် သိုင်းကျင့်စဉ်သည် တော်သင့်ရုံမျှသော ရှန်းထောင်မြို့ကလေး‌တွင် တည်ရှိနိုင်ပါမည်လော။

ထိုသို့အတွေးဖြင့် ကုချင်းဖုန်းသည် စိတ်အေးသက်သာဖြစ်သွားခဲ့သည်။ ဤပြိုင်ပွဲအတွက် ယုံကြည်မှုအပြည့်ရှိ၍ အနိုင်ရရှိရန် သေချာသည်ဟု ခံစားလိုက်ရပေသည်။

ထိုသို့ရှုမြင်သုံးသပ်ချက်ဖြင့် ကုချင်းဖုန်းသည် ရှန်းထောင်မြို့၏ ဆိပ်ကမ်းသည် သူ့အပိုင်ဖြစ်တော့မည်ဟု စိတ်ချလက်ချရှိနေခဲ့ကာ…

ထိုသို့အတွေးများဖြင့် ကုချင်းဖုန်းသည် လက်ဖက်ရည် နောက်တစ်ငုံ သောက်သုံးလိုက်သည်။ ထို့နောက် ပြောသည်။

“အခုတော့ သွားနားနေလိုက်ဦး။ ငါ ငါးဖမ်းကုန်သည်အဖွဲ့ကလူတွေ ဖရိုဖရဲနဲ့ ထွက်ပြေးကြရတဲ့အထိ သတ်ဖြတ်ခံရတာကို မြင်ချင်တယ်။ ပြီးတော့ ရွာအကြီးအကဲရာထူးကို သေချာပေါက် ရယူနိုင်ရမယ်”

“ဟုတ်ကဲ့ပါ၊ ဆရာ‌ဦးလေး စိတ်ချထားလိုက်ပါ။ ရွာအကြီးအကဲရာထူးက ကျွန်တော့်အပိုင် ဖြစ်လာမှာပါ”

ယွီပင်းသည် အရိုအသေပြု၍ ထွက်ခွာသွားခဲ့သည်။ အပြင်ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ဆူညံနေကြသော ချောင်ကုန်သည်အဖွဲ့သားများကို မြင်တွေ့လိုက်ရသည်။ ထို့နောက် လူအုပ်ကြီးအလယ်ရှိ မျက်လုံးများဖိမှိတ်ထားသည့် လူငယ်တစ်ဦးကို သတိထားမိလိုက်သည်။

ချန်ကျိုစစ်!

လူငယ်လေးသည် ယွီပင်း၏အကြည့်များကို အာရုံခံစားမိသည့်အလား ယွီပင်းကို ပြန်ကြည့်လာခဲ့သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့ပြီး လေထုမှာ အေးခဲသွားသည့်အလားပင်။

ထို့နောက် နှစ်ဦးစလုံးသည် အေးစက်စွာ ပြုံးလိုက်ကြ၏။

All Chapters