← Chapters

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့ပညာတွေကို မျှဝေပေးပါဦး

Vol. 11 Ch. 144

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့ပညာတွေကို မျှဝေပေးပါဦး

Vol. 11 Ch. 144

မနက်ခင်းအစောပိုင်း ၁၀နာရီခန့်၌ ရာသီဥတုမှာ တိမ်ကင်းစင်၍ နေသာနေသည်။ ပြိုင်ပွဲကွင်း၏ ပတ်ဝန်းကျင်တစ်ခွင်မှာ စိတ်လှုပ်ရှားဖွယ်သော ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြသည့် မြို့သူမြို့သားများဖြင့် ပြည့်နှက်နေသည်။

ထိုစဉ် လူတစ်ယောက်သည် စင်မြင့်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလျှောက်လာပြီး ကြည်လင်‌သောအသံဖြင့် ပြောသည်။

“အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ရဲ့ ရွာအကြီးအကဲရာထူးအတွက် ပြိုင်ပွဲကနေ ကြို‌ဆိုလိုက်ပါတယ်။

ထိုအခါ ပွဲကြည့်ပရိသတ်များ၏ မျက်လုံးများသည် ထိုစကားပြောဆိုသူထံသို့ ရောက်ရှိသွားကြပြီး ပြိုင်ဘက်နှစ်ဖွဲ့သည်လည်း လှည့်ကြည့်လာကြသည်။

စင်မြင့်ထက်တွင် အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သော လူအိုကြီးတစ်ယောက် ရပ်နေ၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် သန်မာကြံ့ခိုင်မြဲဖြစ်ပြီး မျက်လုံးအစုံတို့မှာ အားမာန်အပြည့် တောက်လောင်နေကြသည်။

လူတစ်ယောက်သည် ထိုလူအိုကြီးကို မှတ်မိလိုက်၏။ ထိုလူကြီးသည် မြို့ရှိ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်း စွင်းပုအာဖြစ်သည်။

ထိုလူအိုကြီး စွင်းပုအာသည်လည်း သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်သည်။ စွင်းပုအာသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ မရောက်ရှိခဲ့သည့်တိုင် သူ၏ အထွတ်အထိပ်သော အချိန်ကာလ၌ အမှောင်စွမ်းအင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ပြီး သံမဏိအရိုးအဆင့်ရှိ အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။

…

ကံအကြောင်းမလှစွာဖြင့် စွင်းပုအာသည် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အခြေအနေမှာ အရင်အချိန်များထက် စွမ်းရည်ကျဆင်းလာခဲ့ကာ အင်အားမှာလည်း လျော့ကျလာခဲ့သည်။

သို့သော် သူ၏အဆင့်အတန်းသည်တော့ မြင့်မားနေဆဲပင်။ အထူးသဖြင့် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းသည် ကျန်းနန်၏ နံပါတ်တစ်ကိုယ်ရံတော်အဖွဲ့အစည်းဖြစ်သော နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်းနှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့် ဖြစ်သည်။

သို့မဟုတ် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းကို နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်း၏ ဌာနခွဲတစ်ခုဟု ဆိုနိုင်ပေသည်။ ဟူပေလမ်းမကြီးတွင် ကိုင်တွယ်ဖြေရှင်းရမည့် အလုပ်တာဝန်များအတွက် လူအင်အား မလုံလောက်ပါက နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်းသည် ၎င်းအလုပ်တာဝန်များကို ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းသို့ တစ်ဆင့်ခံ တာဝန်ခွဲဝေပေးခြင်းဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း လုပ်ငန်းမှာ အတော်လေး အဆင်ပြေနေခဲ့သည်။

ထို့ပြင် နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်းသည် အလွန်ကြီးမားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အထူးသဖြင့် နောက်ခံအင်အားမှာ အလွန်ကြီးမား၏။ အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်ဖြစ်သူ တုသာ့ကျင်းသည် ရှောင်လင်ကျောင်းတော်၏ လောကီရေးရာနှင့် စပ်ဆိုင်သည့် တပည့်ဖြစ်သည်။ ရှောင်လင်ကျောင်းတော်၏ နောက်ခံကြောင့် သိုင်းလောကသားများသည် တုသာ့ကျင်းကို အနည်းငယ် လေးစားမှု ထားရှိရပေသည်။

ရှောင်လင်ကျောင်းတော်နှင့် ဝူတန်ဂိုဏ်းတို့သည် ခေတ်ပြိုင်သိုင်းလောက၏ ထိုက်ရှန်းပေသုန်(အမြင့်တကာ့ အမြင့်ဆုံး)များ ဖြစ်ကြသည်ကို မည်သည့်သိုင်းလောကသားကများ မသိဘဲ ရှိပါအံံနည်း။

ထိုသူတို့ကို အပြစ်ပြုမိပါက သိုင်းလောကတွင် လှည့်လည်သွားလာရန် ခက်ခဲပေလိမ့်မည်။

တုသာ့ကျင်းသည် သူ၏ထိုသရုပ်ကို အသုံးချ၍ သိုင်းလောကတွင် ဩဇာကြီးမား၏။ လူများစွာတို့သည် သူ့အား လေးစားမှု ထားရှိကြလေရာ ထို့ကြောင့်ပင် သူ၏လုပ်ငန်းသည် ကျယ်ပြန့်သည်။ ရှောင်လင်ကျောင်းတော်၏ လောကီရေးရာတပည့်ဟူသော ဂုဏ်သတင်းကြောင့် လူများစွာတို့သည် တုသာ့ကျင်း၏ ဝန်ဆောင်မှုကို အထူးတလည် ရှာဖွေကြသည်။

ထိုအကြောင်းအရင်းများကြောင့် နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်းသည် လုပ်ငန်းရပ်တန့်ခြင်း မရှိခဲ့ပေ။ ခေါင်းဆောင်ဟောင်း စွင်းပုအာသည် ငယ်ရွယ်စဉ်အချိန်က တုသာ့ကျင်း၏ဖခင်ဖြစ်သူ၏ လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူး၏။

နောက်ပိုင်း၌ စွင်းပုအာသည် သိုင်းပညာတိုးတက်လာခဲ့ပြီး မိခင်နာမကျန်းဖြစ်သောကြောင့် ကျန်းနန်မှ ထွက်ခွာကာ ဟူပေသို့ ရောက်လာခဲ့သည်။ တုမိသားစု၏ တိတ်တဆိတ်ခွင့်ပြုချက်ဖြင့် စွင်းပုအာသည် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။

သို့ဖြင့် သူသည် တုမိသားစုနှင့် ထုတ်ဖော်မပြောနိုင်သော ရှင်းလင်းပြတ်သားမှုမရှိသော ဆက်ဆံရေးဖြင့် ချည်နှောင်နေခဲ့သည်။

ထိုဆက်ဆံရေးကြောင့် မျန့်ရွှေစီရင်စု၏ အဓိက အင်အားစုကြီးနှစ်ခုဖြစ်သော ချောင်ကုန်သည်အဖွဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့တို့သည် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းကို ဂရုတစိုက်ဖြင့် ကောင်းမွန်စွာ ဆက်ဆံကြသည်။ ခန်းမအရှင်သခင်များ၏ အဆင့်အတန်းနှင့် ညီတူညီမျှနီးပါး ဆက်ဆံပေသည်။

ဤသို့ ကုန်သည်အဖွဲ့နှစ်ခုကြား ပြိုင်ပွဲများ၌ ကြားလူတစ်ဦးကို ခုံသမာဓိအဖြစ် ဖိတ်ကြားလေ့ရှိသည်။ သို့ဖြင့် ခေါင်းဆောင်ဟောင်း စွင်းပုအာမှ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။

ခေါင်းဆောင်ဟောင်း စွင်းပုအာ၏အသံသည် အတွင်းအားများ ပြည့်လျှံနေသော ခေါင်းလောင်းသံကြီးကဲ့သို့ ကျယ်လောင်၍ ပဲ့တင်ထပ်နေသည်။

အောက်ဘက်ရှိ လူအုပ်ကြီး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ခေါင်းဆောင်ဟောင်းစွင်းသည် အနည်းငယ် အသံမြှင့်၍ ပြော၏။

“ပြိုင်ပွဲအချိန် ကျလုနီးပြီ။ လူကြီးမင်းအပေါင်းတို့ ဒီနေ့ကျင်းပတဲ့ ချောင်ကုန်သည်အဖွဲ့နဲ့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ပြိုင်ပွဲဟာ နောင်၅နှစ်အတွင်း ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးကို ပိုင်ဆိုင်ရမယ့်သူကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီရာထူးရဲ့ အရေးပါပုံကိုတော့ ကျုပ်အနေနဲ့ ထပ်ရှင်းပြနေဖို့ မလိုအပ်လောက်ဘူး ထင်ပါတယ်”

“အဲဒါကြောင့် လူငယ်ပြိုင်ပွဲဝင်များအနေနဲ့ ကိုယ့်ရဲ့ကုန်သည်အဖွဲ့အတွက် ဒီရာထူးကို ရယူနိုင်ဖို့ရာ မိမိတို့ရဲ့ မိသားစုပိုင် ထူးခြားသိုင်းပညာတွေကို ထုတ်ဖော်အသုံးပြုပေးကြဖို့ တောင်းဆိုချင်ပါတယ်”

“ကောင်းတယ်!”

စွင်းပုအာ၏ ထိုစကားများအဆုံး၌ စင်အောက်ဘက်ရှိ လူအုပ်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။ ထိုလူများထဲတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ ကျိုးချူသည် အသံအကျယ်ဆုံးဖြစ်၏။

ကျိုးချူသည် ချန်ကျဲ့ကို ကြည့်လိုက်ပြီး ပြော၏။

“ကျိုစစ် မင်းနားမလည်ဘူးဆိုရင် ငါ့နောက် လိုက်ပြီးသာ အော်လိုက်၊ အဆင်ပြေတယ်!”

ကျိုးချူသည် အော်ဟစ်နေရင်း လက်ခုပ်လည်း တီးနေသေး၏။

ချန်ကျဲ့သည် နားမလည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။ ထိုစဉ် ကျိုးချူ၏ တံတောင်ဆစ်ဖြင့် တိုက်ခံလိုက်ရသော ရှောင်ဟူသည်လည်း လက်ခုပ်တီး၍ အော်ဟစ်အားပေးတော့သည်။

ခေါင်းဆောင်းဟောင်းစွင်းသည် သူတို့ရှိရာဘက်သို့ လှည့်ကြည့်လာသော်ငြား ဘာမျှမပြောပေ။

ထို့နောက် စွင်းပုအာမှ ကြေညာသည်။

“ကောင်းပြီ၊ အခု ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြတဲ့ ကုန်သည်အဖွဲ့နှစ်ဖွဲ့က အကြီးအကဲတွေကို ကြိုဆိုလိုက်ကြရအောင်ပါ”

သို့ဖြင့် မနီးမဝေးနေရာမှ လူသုံးဦးသည် ဘေးချင်းယှဉ်လျက် စင်မြင့်ပေါ်သို့ တက်လာကြသည်။ ကုန်သည်အဖွဲ့သားများသည် ထိုသုံးဦးကိုမြင်သောအခါ ဝမ်းသာအားရ လက်ခုပ်တီး၍ အော်ဟစ်အားပေးကြသည်။

“သူတို့ကတော့ အစောင့်အရှောက်ကြီး၁၃ဦးထဲက မျန့်ရွှေစီရင်စုရဲ့ ကာကွယ်ရေးဦးစီးချုပ် ကျန်းလီယဲ့၊ ချောင်ကုန်သည်အဖွဲ့ ရွေ့ကျင်းခန်းမအရှင်သခင် တစ္ဆေလက် ကုချင်းဖုန်းနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမအရှင်သခင် တံငါသည် ဖန်းရှစ်ကျုံးတို့ပဲ ဖြစ်ပါတယ်”

စွင်းပုအာသည် ဤသို့ပြိုင်ပွဲကြီးများတွင် အစီအစဉ်တင်ဆက်သူလုပ်ရခြင်းကို အတွေ့အကြုံရှိပုံရ၏။ ပြိုင်ပွဲကို အဆင်ပြေချောမွေ့စွာ စီစဉ်ကိုင်တွယ်နိုင်ပေသည်။

ထို့နောက် ဧည့်သည်တော်သုံးဦးသည် အထက်စင်မြင့်ပေါ်သို့ တက်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ကျန်းလီယဲ့သည် ဧည့်သည်တစ်ဦးဖြစ်ပြီး တရားရုံးတော်၏ ကိုယ်စားပြုအနေဖြင့် တက်ရောက်လာခြင်းဖြစ်သောကြောင့် ဦးစွာ နေရာယူခဲ့သည်။ ဤအချိန်ကာလတွင် သိုင်းလောကသားများသည် တရားရုံးတော်ကို များများစားစား ဂရုမထားကြသော်ငြား အထူးတလည်အားဖြင့် ဟန့်လူမျိုးအရာရှိများကိုမူ မျက်နှာသာပေးရန် လိုအပ်မြဲ ဖြစ်ပေသည်။

ကျန်းလီယဲ့ပြီးနောက် ကုချင်းဖုန်း နေရာယူရမည့်အလှည့်ဖြစ်သည်။ ကုချင်းဖုန်း၏ ထိုင်ခုံနေရာသည် အနည်းငယ် ပိုဝေးသောကြောင့် အရင်နေရာယူရခြင်းဖြစ်သည်။ နောက်ဆုံးတွင်တော့ လှေကားနှင့် နီးသော ထိုင်ခုံနေရာရသည့် ဖန်းရှစ်ကျုံးသည် နောက်ဆုံးနေရာယူခဲ့သည်။

ထိုသို့နည်းလမ်းဖြင့် အားလုံးမှာ အပြန်အလှန် ယဉ်ကျေးမှုထားရှိ၍ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်ကြပေသည်။

အောက်ဘက်ရှိ တိုက်ခိုက်မှုများ မည်မျှပင် ပြင်းထန်ပါစေ အထက်ရှိလူများသည်တော့ အမြဲတစေ ပြုံးနေရပေမည်။ စိတ်ခံစားချက်များကို ထိန်းချုပ်ထားကာ ရင်းနှီးဖော်ရွေနေရပေမည်။

ဤသည်မှာ လူမှုအဖွဲ့အစည်းမှ ထိပ်တန်းပုဂ္ဂိုလ်ကြီးများ၏ ‘ကိုယ်ကျင့်သိက္ခာ’ဖြစ်ပေသည်။

တစ်ယောက်ကိုတစ်ယောက် စိတ်ထဲတွင် သေစေချင်နေလျှင်သော်မှ ‘အသက်ရာကျော်ရှည်ပါစေ’ဟု မရိုးဖြောင့်စွာ ဆုတောင်းစကား ဆိုကြရပေသည်။

ဤသည်မှာ အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ သူတော်ကောင်းယောင်ဆောင်ခြင်းသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ ကျယ်လောင်စွာ ဆဲရေးခြင်း၊ ဆူပူသောင်းကျန်းခြင်းများကို အရေးမပါလှသော သေးနုပ်သည့် လူရမ်းကားများအတွက် ချန်ထားပေး၏။ အစစ်အမှန်သော လူမိုက်ခေါင်းဆောင်များသည် အမြဲလိုလို ယဉ်ကျေးသိမ်မွေ့ကြပြီး ရံဖန်ရံခါ ပညာရှိကြီးများထက်ပင် ပို၍ စာပေပညာရှင်ပုံစံမျိုး ရှိတတ်ပေသည်။

ဥပမာဆိုရသော် ယခင်က ထိပ်တန်းလူမိုက်ကြီး၃ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သော ခေါင်းဆောင်တုကဲ့သို့ ဖြစ်ပေသည်။

ဒီနေ့တွင် ကျန်းလီယဲ့သည် ပုံမှန် ရာဇဝတ်သားဖမ်းဆီးရေးအရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး ကုချင်းဖုန်းနှင့် ဖန်းရှစ်ကျုံးတို့နှစ်ဦးသည်တော့ ဝတ်ရုံရှည်များ ဝတ်ဆင်ထားကြသည်။

ဤလူမှုအဖွဲ့အစည်း၌ ဝတ်ရုံရှည်သည် အဆင့်အတန်းကို ပြသ၏။

အဝတ်အစားဖြင့် အာဏာနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ကိုယ်စားပြုဖော်ပြခြင်းလည်း ဖြစ်သည်။

ခန်းမအရှင်သခင်နှစ်ဦးသည် ကိုယ်စီ နေရာသို့ ရောက်ရှိကြသည်နှင့် သူတို့၏ ဝတ်ရုံအနားစများကို ခပ်သာသာ ပင့်မြှောက်လိုက်ပြီး ဂုဏ်သရေတင့်တယ်စွာ ထိုင်လိုက်ကြသည်။

အောက်ဘက်ရှိ ကုန်သည်အဖွဲ့သားများသည်တော့ သူတို့၏ ခန်းမအရှင်သခင်များကို အရူးအမူး အားပေးအော်ဟစ်နေကြသည်။

ခန်းမအရှင်သခင်နှစ်ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်ကြပြီးနောက် ကျန်းလီယဲ့ဘက်သို့ လှည့်၍ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်များကို ကောက်ယူလိုက်ကာ ဦးညွတ်နှုတ်ဆက်သည်။ ထို့နောက် လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ကြသည်။

All Chapters