← Chapters

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၃

Vol. 11 Ch. 146

ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၃

Vol. 11 Ch. 146

ကြွက်သားများ တင်းမာသွား၍ ခန္ဓာကိုယ်နှစ်ခု ထိခတ်သွားကြသည်။ ဤသို့အခြေအနေတွင် ရိုက်ချက်ကို‌ ခံနိုင်ရည်ရှိသူသည် အင်အားအကြီးဆုံးဖြစ်သည်။

ပြိုင်ဘက်တစ်ယောက်ကို ဒဏ်ရာရစေရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် စိတ်ကူးငယ်သိုင်းသည် အချိန်နောက်ကျမှ အင်အားသက်ရောက်စေခြင်းကို အလေးပေး၏။

ဆိုလိုသည်မှာ လူတစ်ယောက်ကို တိုက်ခိုက်သည့်အခါတွင် ဦးစွာ လက်ကို အယောင်ပြဆန့်တန်းလိုက်သည်။ ထိုလက်ဝါးရိုက်ချက် သို့မဟုတ် လက်သီးထိုးချက်သည် အင်အားများစွာ မပါဝင်ပေ။ သို့သော် တစ်ဖက်လူ၏ ခန္ဓာကိုယ်သည်တော့ သွက်လက်တက်ကြွစွာဖြင့် စတင် ခုခံလာလိမ့်မည်။ ၎င်းရိုက်ချက်တစ်ချက် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်သည် အန္တရာယ်ရှိသော အခြေအနေကို ကျော်လွန်သွားခဲ့ပြီဟု ခံစားရလိမ့်မည်– ထို့နောက် ရုတ်တရက်ပင် စိတ်ကူးငယ်သိုင်းမှ အင်အားအပြင်းအထန် ထုတ်လွှတ်လိုက်မည်ဖြစ်သည်။

၎င်းနောက်ထပ်ရိုက်ချက်မှာမူ ပြိုင်ဘက်၏ခန္ဓာကိုယ် စိတ်အေးသက်သာဖြစ်သွားချိန်မှ ကျရောက်သွားမည်ဖြစ်ပြီး ထိခိုက်မှု ပို၍ပြင်းထန်ပေသည်။

“စိတ်ကူးငယ်သိုင်းက ဘယ်လိုတောင် ထက်မြက်လိုက်တဲ့ သိုင်းပညာလဲ၊ စိတ်ဝင်စားစရာပဲ”

ကျန်းလီယဲ့သည် အဓိက ထိုင်ခုံနေရာတွင် ထိုင်လျက် မျက်လုံးအကြည့်တို့မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတစ်ဦးအတိုင်း စူးရှနေ၏။ ကျန်းလီယဲ့သည် စိတ်ကူးငယ်သိုင်း၏ တီထွင်ဖန်တီးပုံ ထက်မြက်မှုကို ရုတ်ချည်း လေ့လာသိရှိသွားခဲ့ပြီးနောက် မထိန်းချုပ်နိုင်စွာ အသိအမှတ်ပြု ရေရွတ်မိလေသည်။

…

သို့သော် ကျန်းလီယဲ့သည် မကြာမီတွင် အံ့အားသင့်စွာဖြင့် မြည်တမ်းမိရပြန်သည်။

ဦးစီးမှူးမှ စိတ်ကူးငယ်သိုင်းကို အသုံးပြု၍ လီစန်းတင်း၏ရင်ဘတ်ကို ရိုက်လိုက်သော်ငြား ၎င်းအင်အားဖျော့ဖျော့သည် လီစန်းတင်းကို နောက်သို့ မတွန်းနိုင်လိုက်ကြောင်း မြင်တွေ့လိုက်ရသည်။

ဦးစီးမှူးသည်လည်း အံ့အားသင့်သွားခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွား၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ခုနကပဲ ပြိုင်ဘက်ရဲ့ကြွက်သားတွေ ပြေလျော့နေတာကို ငါ ခံစားမိခဲ့တယ်လေ။ အဲဒါကို ငါဘာလို့ သူ့ကို မတွန်းလိုက်နိုင်ရတာလဲ!

ထိုအခိုက်အတန့်၌ လီစန်းတင်းမှ ပြုံးရယ်လျက် ပြောသည်။

“ဟားဟား တတိယညီနောင်ကျန်း၊ ငါ မင်းရဲ့ စိတ်ကူးငယ်သိုင်းအတွက် ပြင်ဆင်လာခဲ့တာ အတော်လေး ကြာနေခဲ့ပြီရယ်။ လွန်ခဲ့တဲ့သုံးရက်က ဆိုရင်တော့ ငါအခုနေ ရှုံးသွားလောက်ပြီ၊ ဒါပေမဲ့ အခုတော့ မင်းငါ့ကို လုံးဝ အနိုင်မရနိုင်ဘူးပဲ”

ထိုသို့ပြောဆိုရင်း လီစန်းတင်းသည် ကြွက်သားများကို ရုတ်ချည်း တင်းမာစေလိုက်သည်။

ကြောက်မက်ဖွယ်သော ရုပ်ခန္ဓာအင်အားသည် ဦးစီးမှူးကို ခြေလှမ်းသုံးလှမ်း နောက်ဆုတ်သွားစေခဲ့သည်။ ဦးစီးမှူးသည် မယုံကြည်နိုင်သော အမူအရာဖြစ်နေခဲ့၏။

“မင်းကခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ။ မင်းက တကယ်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေခဲ့ပြီလား”

“ဟားဟားဟား… အခုတော့ ငါ့အလှည့်ပဲ။ ၁၈မျိုးသိုင်း၊ တောင်အထောက်အပံ့ရိုက်ချက်!”

သို့ဖြင့် လီစန်းတင်းသည် ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ဦးစီးမှူကို လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။

အဟွတ် အဟွတ်…

ဦးစီးမှူးသည် လေပေါ်မြောက်တက်သွားရပြီး ပါးစပ်အပြည့် သွေးတစ်ပွက်အန်ထွက်သွားခဲ့လေရာ ပွဲကြည့်ပရိသတ်များမှာ မျက်လုံးပြူးကျယ်ကုန်ကြသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ။ သင်္ဘောခေါင်းဆောင်၂က တကယ်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဖြစ်နေပြီပဲ!

“ဟားဟားဟား… ငါတို့နိုင်ပြီ၊ ငါတို့အနိုင်ရပြီ!”

သင်္ဘောခေါင်းဆောင်၂မှ ထိုသို့အင်အားကို ထုတ်ဖော်ပြသလိုက်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် မထိန်းချုပ်နိုင်စွာဖြင့် အော်ဟစ်အားပေးလာကြသည်။ ဝူကျုံး၏ဒဏ်ရာကြောင့် သူတို့သည် ငါးဖမ်းကုန်သည်အဖွဲ့များထဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်မရှိတော့ဟု ယုံကြည်ထားကြပြီး ချောင်ကုန်သည်အဖွဲ့ကို လုံးဝ ရှုံးနိမ့်တော့မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ယခုတွင်တော့ သူတို့ဘက်တွင်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေလေပြီ။

အဲဒါက ရွာအကြီးအကဲရာထူးကို သူတို့ကုန်သည်အဖွဲ့ဘက်က ရယူနိုင်ချေရှိသေးတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။

သို့ဖြင့် ကုန်သည်အဖွဲ့သားများ၏ စိတ်အားထက်သန်မှုမှာ တောက်လောင်လာခဲ့တော့သည်။

ကနဦး၌ ငါးဖမ်းကုန်သည်အဖွဲ့သည် ဤသည်မှာ ရှုံးနိမ့်တော့မည့်ပြိုင်ပွဲဟု တွေးထားခဲ့ပြီး အရမ်းစိတ်မလှုပ်ရှားခဲ့ပေ။ သို့ဖြင့် အားပေးရုံမျှ အားပေးနေခဲ့ကြသည်။

“ကောင်းတယ်၊ သင်္ဘောခေါင်းဆောင်၂ မိုက်တယ်~”

“သူ့ကိုရိုက်ပစ်၊ သင်္ဘောခေါင်းဆောင်၂ သူ့ကိုရိုက်ပစ်~”

“သင်္ဘောခေါင်းဆောင်၂ နိုင်ရမယ်၊ သင်္ဘောခေါင်းဆောင်၂ နိုင်ရမယ်!”

စင်အောက်မှ အားပေးသံများကို ကြားသောအခါ လီစန်းတင်း၏မျက်နှာထက်မှာ စိတ်လှုပ်ရှားတက်ကြွမှုများ ထင်ဟပ်လာခဲ့သည်။

ငါ့တစ်သက်တာလုံး ရုန်းကန်လာခဲ့ရတာ အားလုံးက ဘာအတွက်များလဲ။ ဒီလိုအောင်ပွဲအခိုက်အတန့်အတွက်ပဲ မဟုတ်လား။

ထိုသို့တွေးလျက် လီစန်းတင်းသည် မြေပြင်ပေါ် လဲကျသွားရာမှ ပြန်ထရပ်ကာစ ဖြစ်သော ဦးစီးမှူးသို့ တစ်ဟုန်ထိုးဦးတည်သွားခဲ့သည်။

လီစန်းတင်းသည် လက်သီးထိုးချက်တစ်ချက် ထုတ်လွှတ်လိုက်၏။ ဦးစီးမှူးသည် ဟန့်တားရန်ကြိုးပမ်းခဲ့သော်ငြား လေထဲသို့ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်သည်။

“အရမ်းကောင်းတယ်~”

ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ပျော်ရွှင်တက်ကြွစွာ အားပေးကြကုန်သည်။ ထိုစဉ် ချောင်ကုန်သည်အဖွဲ့သားများမှာမူ ထိတ်ထိတ်ပျာပျာဖြစ်နေကြသည့်တိုင် သူတို့ ကူညီနိုင်သည့်အရာ ရှိမနေချေ။

ခုနက လီစန်းတင်း၏ တောင်ထောက်ပံ့ရိုက်ချက်သည် ဦးစီးမှူးကို မူးနောက်သွားစေခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်လက်သီးထိုးချက်ကို ခုခံလိုက်ခြင်းမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။

ရှုံးနိမ့်ခြင်းကို ရှောင်လွှဲမရနိုင်တော့ပေ။

ထိုစ‌ဉ် ပွဲကြည့်စင်ထက်၌ ကုချင်းဖုန်းသည် ဖန်းရှစ်ကျုံးကို သာမန်ကာလျှံကာမျှ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့က တကယ့်ကို ပုန်းကွယ်နေတဲ့ နဂါး၊ ဝပ်ကုပ်နေတဲ့ ကျားတွေရဲ့ အသိုက်အမြုံပါပဲ။ ဒီလိုသိုင်းပညာရှင်တစ်ဦး ပုန်းကွယ်တည်ရှိနေတာ အထင်ကြီးစရာကောင်းလှပါပေတယ် အထင်ကြီးစရာကောင်းလှပါပေတယ်”

ဖန်းရှစ်ကျုံးသည် ပြုံးလိုက်၏။

“ညီနောင်ကု အဲဒီအကြောင်း မပြောပါနဲ့ဦး၊ လက်ဖက်ရည်လေး သုံးဆောင်ပါ”

ကုချင်းဖုန်း တိတ်ဆိတ်သွား၏။ ဖန်းရှစ်ကျုံးသည်တော့ မျက်နှာမှာ အပြုံးတို့ ရှိနေဆဲဖြစ်သည်။

ထိုစဉ် လီစန်းတင်းသည် သဲကြီးမဲကြီး စတင်တိုက်ခိုက်ခြင်းဖြင့် ဦးစီးမှူးအား အတင်းအကျပ် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားစေသည်။ လီစန်းတင်းသည် အပြင်းအထန် ရိုက်နှက်ရန် ပြင်ဆင်‌လိုက်၏။ သို့သော် ထိုအချိန်တွင် လဲကျနေသော ဦးစီးမှူးမှ တစ်ခုခု ရေရွတ်လိုက်သည်ကို မြင်လိုက်ရသည်။ အားလုံး၏ ဇဝေဇဝါဖြစ်နေ‌ကြသော အကြည့်များအောက်၌ ဦးစီးမှူးသည် ပြိုင်ပွဲစင်ပေါ်မှ လှိမ့်ဆင်းလိုက်ပြီး လက်နှစ်ဖက်မြှောက်လျက် :

“ငါ အရှုံးကို ဝန်ခံပါတယ်!”

ဟမ်?

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်ကုန်ကြသည်။

ဘယ်လိုလုပ်ပြီး ပြိုင်ဘက်က အပြင်းအထန် တိုက်ခိုက်ခါနီးမှာ အရှုံးပေးနိုင်ရတာလဲ။ အဲဒီလိုအပြူအမူမျိုးက ယောက်ျားမပီသဘူး။ တိုက်ခိုက်တာကဖြင့် အခုထိ စိတ်လှုပ်ရှားဖို့‌ကောင်းတဲ့ခံစားချက်မျိုး မရသေးဘူးကို။

အုတ်အုတ်ကျက်ကျက် အသံများ ပြိုင်ပွဲကွင်းအတွင်း ပြည့်နှက်သွား၏။

ပုံမှန်ပြိုင်ပွဲစည်းမျဉ်းများအောက်၌ တစ်ယောက်ယောက်မှ မိမိ၏သဘောဆန္ဒအလျောက် အရှုံးပေးလိုက်ခြင်းမှာ မကြားဖူးလု နီးပါးပင်။ သေရေးရှင်ရေး အခြေအနေသို့ မရောက်သ၍၊ တစ်ဖက်ဖက်မှ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ မရောက်သေးသ၍ ဆက်လက်တိုက်ခိုက်ကြ၏။ ဤသို့ ပြိုင်ပွဲစင်ပေါ်မှ လှိမ့်ဆင်းပြီး အရှုံးပေးလိုက်ခြင်းသည် လှောင်ရယ်ဖွယ်အတိ ဖြစ်တော့သည်။

သို့ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သားများနှင့် အခြားပွဲကြည့်ပရိသတ်များသည် လှောင်ပြောင်ကြကုန်သည်။

“ဘယ်လိုတောင် အားနည်းလိုက်တဲ့လူလဲ၊ နည်းနည်းလောက်လေးပဲ ထိုးနှက်ခံရသေးတာကို အဲဒီလိုကြီး အရှုံးပေးလိုက်တယ်တဲ့”

“ဟုတ်ပ ဟုတ်ပ၊ ငါတို့မှာတော့ ခက်ခဲကျပ်တည်းတဲ့တိုက်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်နေခဲ့တာလေ။ ဒါပေမဲ့ သူက ငါတို့သင်္ဘောခေါင်းဆောင်၂ကြောင့် ဒီလိုမျိုး အကျပ်ရိုက်သွားရတယ်တဲ့လား။ ရှက်ဖို့ကောင်းလိုက်တာနော်!”

“ဟားဟား သူ့အကြောင်း ပြောမနေပါနဲ့တော့။ ချောင်ကုန်သည်အဖွဲ့သားတွေ အားလုံးက

အကုန် ငကြောက်ကောင်တွေပဲ ဟားဟားဟား…”

…

“ချီးပဲ မင်းဘယ်သူ့ကို ငကြောက်ကောင်‌လို့ ခေါ်နေတာလဲ၊ သေချင်နေလား!”

ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ ခနဲ့စကားများကို ကြားသောအခါ ချောင်ကုန်သည်အဖွဲ့သားများသည် သည်းမခံနိုင်တော့ဘဲ ရုတ်ချည်း နှုတ်ဖြင့်တုံ့ပြန်ပြောဆိုကြသည်။

“ငါပြောပါဦးမယ်၊ ဘာလဲ ငါတို့က ဒီပြိုင်ပွဲကို အသက်ရင်းပြီး တိုက်ခိုက်နေရမှာလား”

“လာစမ်းပါ အသက်ရင်းဆိုလည်း ရင်းတာပေါ့၊ ငါက မင်းကိုကြောက်နေရမှာလား”

“ငါလည်း မင်းကိုကြောက်မနေပါဘူး!”

ကုန်သည်အဖွဲ့နှစ်ဖွဲ့၏ အဖွဲ့သားများမှာ အငြင်းပွားနေကြလေပြီ။ ထိန်းချုပ်မှုကင်းလွတ်နေသော အခြေအနေကို မြင်သောအခါ ကုန်သည်အဖွဲ့နှစ်ဖွဲ့၏ ခန်းမအရှင်သခင်နှစ်ပါးသည် လှောင်ရယ်လိုက်ကြ၏။

“တိတ်တိတ်နေကြစမ်း!”

ထို့နောက်တွင် အားကောင်းလှစွာသော အတွင်းအားလှိုင်းတစ်ခု လေထုတစခွင်သို့ ပျံ့နှံ့လာခဲ့ပြီး ငြင်းခုန်နေကြသော ကုန်သည်အဖွဲ့သားများ၏ နားစည်ထဲတွင် ကြည်လင်သည့်ကောင်းကင်မှ မိုးခြိမ်းသံအလား မြည်ဟီးသွားခဲ့သည်။ ဆူပူမှု ဖန်းတီးလုနီးပါးသော ကုန်သည်အဖွဲ့သားများအားလုံးမှာ နေရာ၌ ငြိမ်သက်တောင့်ခဲသွားကြပြီး မလှုပ်ရှားကြတော့ပေ။

သူတို့မှာ အသိပြန်ကပ်နိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။

ချန်ကျဲ့သည် ခန်းမအရှင်သခင်နှစ်ဦး၏ ခနဲ့ဟန်သော လှောင်ရယ်သံကို ကြားလိုက်ရသည်။ အသံလှိုင်းများကြား အတွင်းအားသယ်ဆောင်စေသည့် ဤနည်းလမ်းသည် တကယ့်ကို အင်အားကြီးမားလှပေသည်။

All Chapters