ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၅
Vol. 11 Ch. 148
ဖန်းရှစ်ကျုံးသည် အခြေအနေသိပ်မကောင်းမွန်လှသော လီစန်းတင်း မျက်နှာအသွေးအရောင်ကို အကဲခတ်ကြည့်နေခဲ့သည်။ သို့သော် သူ၏အတွေးမှာ ဆန့်ကျင်ဘက်ဖြစ်၏။
ကုချင်းဖုန်းမှ ဒေါသသံဖြင့် ပြောသည်။
“ဒီယွီပင်းက အရမ်းထောင်လွှားတာပဲ။ နောက်တစ်ကြိမ်ကျရင်တော့ သူ့လေသံကို နည်းနည်းလျှော့ဖို့ လိုနေပြီ။ သူ ဘယ်လိုလုပ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်တွေကို တစ်စက်လေးမှ မျက်နှာမထောက်တမ်း ပြောဆိုရတာလဲပဲ!”
ထိုစကားကိုကြားသောအခါ ဖန်းရှစ်ကျုံး၏မျက်နှာမှာ ဒေါသအရိပ်အယောင် အနည်းငယ် ထင်ဟပ်လာခဲ့၏။ သို့သော် သူသည် ဒေါသကို ဖိနှိပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျုပ်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့က သံမဏိလို မာကြောတဲ့ ယောင်္ကျားသားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျုပ်တို့အတွက် ဘယ်သူကမှ အလျှော့ပေးနေဖို့ မလိုပါဘူးလေ”
“ပြီးတော့ တိုက်ခိုက်မှုတောင် မ စတင်ရသေးတာ၊ ပြင်းပြင်းထန်ထန်တွေ ပြောနေဖို့ရာ အရမ်းစောသေးတယ် မဟုတ်ဘူလား”
ထိုအခါ ကုချင်းဖုန်းမှ ပြောသည်။
“ဟုတ်ပဗျာ၊ ကျုပ် စိတ်သဘောထား သေးသိမ်သွားမိပါတယ်”
ထို့နောက် ကုချင်းဖုန်းသည် ပြုံးရယ်လျက် ပြိုင်ပွဲစင်သို့ အကြည့်ပို့လိုက်တော့သည်။ သူသည် မိမိ၏ပြိုင်ဘက်အား အသာစီးရသည့် ခံစားချက်ကို အလွန်နှစ်ခြိုက်ပါ၏။
…
ထိုအချိန်၌ လီစန်းတင်းသည်လည်း ဒေါသထွက်နေခဲ့၏။ အထူးသဖြင့် လူအများကြီး၏ အကြည့်အောက်တွင်ဖြစ်သောကြောင့်ပင်။
သိုင်းကွက်သုံးကွက်တဲ့၊ ဒါက သက်သက် အရှက်ခွဲချင်နေတာပဲ။ ငါလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ပါပဲ။ ငါက ဘာလို့ သူ့ကိုကြောက်နေရမှာလဲ!
ထိုသို့အတွေးဖြင့် လီစန်းတင်းသည် ရှေ့သို့ ရုတ်ချည်း တစ်ဟုန်ထိုးပြေးဝင်သွားကာ တောင်ထောက်ပံ့ရိုက်ချက်ဖြင့် တိုက်ခိုက်သည်။
ထိုသိုင်းကွက်သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး အားကောင်း၏။ ပုံမှန်အားဖြင့် လူအများစုသည် နောက်ဆုတ်ရှောင်တိမ်းရန် ရွေးချယ်ကြမည်ဖြစ်သည်။ သို့သော် ယွီပင်းကတော့ မဟုတ်ပေ။ ထိုအစား သူသည်လည်း ရှေ့သို့ချီတက်၍ တောက်ဖျက်ဆီးအစီအရင်သိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
လီစန်းတင်း၏ တောင်ထောက်ပံ့ရိုက်ချက်သိုင်းကို အခွင့်ကောင်းယူလိုက်၏။
ဗုန်း ဗုန်း…
ခပ်အုပ်အုပ်အသံနှစ်ချက် အဆုံး၌ လီစန်းတင်း၏လက်များသည် ယွီပင်း၏ ဖမ်းချုပ်ခံလိုက်ရသည်။
လီစန်းတင်းသည် ကျယ်လောင်စွာ ဟစ်ကြွေး၏။
“ငါ့ကို ဒူးထောက်လိုက်စမ်း!”
ထိုသို့ပြောဆိုရင်း လီစန်းတင်းသည် လက်နှစ်စလုံးကို ဖိနှိပ်ခြင်းဖြင့် ယွီပင်း မြေပြင်သို့ ဒူးထောက်ကျသွားစေရန် ကြိုးပမ်းသည်။ သို့သော် ယွီပင်းသည် ဘယ်လိုလူမျိုးဖြစ်သနည်း။ သူသည် ထိုသို့ဖိအားမျိုးကို ကြောက်ရွံ့နေမည့်သူ မဟုတ်ပေ။
ထိုစဉ် ယွှီပင်းမှ အော်ဟစ်သည်။
“ဟား-ဟား လွင့်သွားစမ်း!”
သို့ဖြင့် ယွီပင်းသည် လက်နှစ်ဖက်စလုံးတွင် အင်အားထည့်၍ လီစန်းတင်းကို မြေပြင်မှ မြောက်တက်သွားစေရန် ကြိုးပမ်းသည်။ အမျိုးသားနှစ်ဦးသည် လက်များကို တင်းတင်းဆွဲကိုင်ထားကြရင်း ရုန်းကန်နေကြပေသည်။
လီစန်းတင်း၏လက်မောင်းများ၌ ကြွက်သားများ လိမ်ကျစ်ကာ သွေးကြောများ ဖောင်းကားနေပြီး သွေးကြောများ ပြာနှမ်းလာသည်ကိုပင် မြင်နေရ၏။ လီစန်းတင်းမှာ အားကုန်သုံးနေရကြောင်း သိသာလွန်းလှပေသည်။
သို့သော် ယွီပင်းသည်တော့ အေးအေးလူလူပင် လီစန်းတင်း၏လက်မောင်းများကို ဆုပ်ကိုင်ထားလေသည်။
ယွီပင်းသည် ပြုံးရယ်လျက် ပြော၏။
“ဟားဟား ဒါကို သိုင်းကွက်တစ်ကွက်လို့ ရေတွက်တာပေါ့”
ချက် ချက် ချက်…
သို့ဖြင့် ယွီပင်းသည် လီစန်းတင်း၏လက်များကို အတင်းအကျပ် ပင့်မြှောက်လိုက်သည်။ လီစန်းတင်း၏မျက်နှာအမူအရာမှာ မယုံကြည်နိုင်ခြင်းသို့ ပြောင်းလဲသွား၏။
“ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ!”
သူတို့နှစ်ဦးလုံး၏ ကျင့်ကြံဆင့်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြစ်၏။
ဘယ်လိုလုပ်ပြီး အင်အားကွာခြားမှုက ဒီလောက်အထိ ကြီးမားနေရတာလဲ။
လီစန်းတင်း၏မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်မှုများ ထင်ဟပ်သွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ယွီပင်းမှ ရုတ်တရက် ဟစ်ကြွေးလိုက်၏။
“ပျက်စီးစေ!”
နောက်တဒင်္ဂတွင် ယွီပင်းသည် လီစန်းတင်း၏ ပူးကပ်ထားေသာ လက်မောင်းများကို အတင်းအကျပ် ခွာလိုက်ရာ ရင်ဘတ်နေရာကို လမ်းပွင့်သွားစေ၏။
လက်မောင်းနှစ်ဖက်လုံး ဆွဲခွာခံလိုက်ရသော လီစန်းတင်းသည် ကူကယ်ရာမဲ့နေသော ကြက်တစ်ကောင်ကဲ့သို့ ရင်ဘတ်နေရာမှာ အကာအကွယ်မရှိတော့ပေ။ ထိုအခါ ယွီပင်းသည် နှလုံးကြွေလက်ဝါးသိုင်းဖြင့် ရုတ်ချည်း တိုက်ခိုက်လိုက်တော့သည်။
ဗုန်း!
လက်ဝါးရိုက်ချက်သည် လီစန်းတင်း၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွား၏။
ဖူး…
လီစန်းတင်းသည် နောက်ပြန်လွင့်ထွက်သွားခဲ့ပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ထိုလက်ဝါးရိုက်ချက်သည် ပေါင်ရှစ်ရာအလေးချိန်ရှိသော တောဝက်ရိုင်းကိုပင် အသက်ဆုံးရှုံးစေနိုင်၏။ ထိုလက်ဝါးရိုက်ချက်၏ ကြောက်မက်ဖွယ်အင်အားမှာ အလွန်တရာ ထိတ်လန့်ချောက်ချားဖွယ် ကောင်းလှပေသည်။
လီစန်းတင်းသည် ဘေးဘက်မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့ကာ သွေးများ အန်ထွက်နေသည်။
လူအားလုံးသည် မျက်လုံးများပြူးကျယ်လျက် မင်သက်ကုန်ကြ၏။
အားကောင်းလိုက်တဲ့ လက်ဝါးရိုက်ချက်ပဲ။
ယွီပင်းသည် ဘာမျှမပြောဘဲ မြေပြင်တွင် လဲကျနေသည့် လီစန်းတင်းကိုကြည့်လိုက်သည်။ လီစန်းတင်းသည် မျက်လုံးပြူးကြီးများဖြင့် ယွီပင်းကို မလိုလားစွာ စူးစူးရဲရဲ စိုက်ကြည့်နေ၏– ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!
လီစန်းတင်းသည် ထိုသို့မလိုလားသည့်စိတ်ဖြင့် ယွီပင်းကို မလွှဲတမ်း စိုက်ကြည့်လျက် ပြန်ထရပ်ရန် ကြိုးပမ်းနေခဲ့သည်။
လီစန်းတင်းသည် အသွေးအသားဆေးလုံးအတွက် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ပုံအောရင်းနှီးထားခဲ့သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ ကျင့်ကြံဆင့်တက်လှမ်းနိုင်မည့် အနာဂတ်သိုင်းပညာတိုးတက်မှုကိုပါ စွန့်လွှတ်ခဲ့၏။ ထိုအရာအားလုံးသည် ခန်းမအရှင်သခင်၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ဝင့်ကြွားနိုင်ကာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။
ဆိုးဆိုးရွားရွား ရှုံးနိမ့်ရမည်ဆိုလျှင်သော်မှ လက်ခံနိုင်ပါ၏။
သို့သော် သိုင်းကွက်သုံးကွက်တည်းဖြင့်တော့ အရှုံးမခံနိုင်ပေ။
ဒီသတင်းသာ ပျံ့နှံ့သွားခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့က တခြားသူတွေကို ဘယ်လိုရင်ဆိုင်ပါတော့မလဲ။ ငါကိုယ့်ငါရော ဘယ်လိုများ ရင်ဆိုင်ရပါ့မလဲ!
ရှန်းထောင်မြို့က ငါးဖမ်းကုန်သည်အဖွဲ့ကို ဘယ်လိုမြင်သွားမလဲ။ ငါ့ကိုရော ဘယ်လိုတွေးမြင်မလဲ။
မဖြစ်ဘူး၊ ငါဒီလို ရှုံးနိမ့်သွားလို့ မဖြစ်ဘူး။ သုံးကွက်တည်းနဲ့တော့ မဖြစ်ဘူး။ သိုင်းကွက်လေးကွက်အထိလောက်ပဲ တောင့်ခံနိုင်မယ်ဆိုရင်ရော…
ငါဒီလို အရှက်ကွဲမခံနိုင်ဘူး။ ဒါက ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ!
အဟွတ် အဟွတ်…
လီစန်းတင်းသည် အသည်းအသန် ပြန်ထရပ်ရန် ကြိုးပမ်း၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေခဲ့သည်။
စင်အောက်ရှိ ငါးဖမ်းကုန်သည်များသည်လည်း စတင်အော်ဟစ်ကြ၏။
“ထ ထ!”
“သင်္ဘောခေါင်းဆောင်၂ သင်္ဘောခေါင်းဆောင်၂!”
“ထပါ!”
အဟွတ် အဟွတ်…
ထ! ထ!
လီစန်းတင်းသည် တစ်ကိုယ်လုံး တုန်ရီနေသော်ငြား ခက်ခက်ခဲခဲဖြင့် ပြန်ထရပ်ရန် ကြိုးပမ်းသည်။
ယွီပင်းသည် လီစန်းတင်းအား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေ၏။
ငါ့ရဲ့ နှလုံးကြွေလက်ဝါးသိုင်း တည့်တည့်ထိမှန်သွားတာတောင် ပြန်ထရပ်နိုင်ဦးမယ် ထင်နေတယ်ပေါ့လေ။
အဲဒီတောဝက်ရိုင်းကြီး ဘယ်လောက်တောင် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရလဲဆို မသိဘူးလား။
ထစမ်းပါ ထလိုက်စမ်းပါ၊ အဲဒီလိုဆို မင်းလည်း ကျိုးကျိုးနွံနွံနဲ့ ငါ့လက်ထဲမှာ သေသွားနိုင်တာပေါ့လေ။
ယွီပင်းသည် လှောင်ပြုံးနေ၏။ တစ်ဝက်တစ်ပျက်ခန့် ထရပ်နိုင်ပြီးသော လီစန်းတင်းသည် ဒုန်းခနဲ အသံနှင့်အတူ ပြိုင်ပွဲစင်၏ သစ်သားတန်းပေါ်သို့ ပြန်လဲကျသွား၏။ လီစန်းတင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိသာလှပေသည်။
စွင်းပုအာသည် မျက်နှာဖြူဆုတ်သွားသော ဖန်းရှစ်ကျုံးကို ကြည့်လိုက်သည်။
စွင်းပုအာသည် ယခုအချိန်တွင် ပြိုင်ပွဲစင်သို့ တက်သွား၍ရသလို၊ တက်မသွားလည်း ရ၏။ အကယ်၍ ငါးဖမ်းကုန်သည်အဖွဲ့မှ ရှုံးနိမ့်မှုကို လက်မခံနိုင်သေးလျှင် ဆက်လက်တိုက်ခိုက်နိုင်သည်။ သို့သော် ယခုအခြေအနေတွင် ဆက်လက်တိုက်ခိုက်ပါက အသက်ဆုံးရှုံးရပေလိမ့်မည်။
ဖန်းရှစ်ကျုံးသည် မျက်နှာကြီး မှုန်မှိုင်းနေသည်မှာ အလွန်တရာ စိတ်အခြေအနေမကောင်းကြောင်း သိသာလှ၏။ သို့သော် မည်သို့ပင်ဖြစ်စေ စွင်းပုအာကို ခေါင်းညိတ်ပြလိုက်၏။
စွင်းပုအာသည် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားလိုက်ပြီး လဲကျနေသော လီစန်းတင်းကိုကြည့်၍ ပြောလိုက်သည်။
“မင်း ရှုံးသွားပြီ”
အဟွတ် အဟွတ်…
“ကျွန်တော် မရှုံးသေးဘူး။ ကျွန်တော့်ကို သူနဲ့ နောက်ထပ်နှစ်ကွက်ပဲ ထပ်တိုက်ခွင့်ပေးပါ။ ကျွန်တော် နောက်ထပ် နှစ်ကွက်ကို ခံနိုင်ရည်ရှိသေးတယ်”
စွင်းပုအာ သက်ပြင်းချလိုက်ပြီး ပါးစပ်မှ သွေးများ စီးကျနေဆဲဖြစ်သော လီစန်းတင်းကို ပြောလိုက်သည်။
“တော်လောက်ပြီ။ မင်းအခု ကုသမှုမခံယူရင် သေသွားလိမ့်မယ်!”
“သေမယ်၊ ကျွန်တော် သေမှာ မကြောက်ပါဘူး။ ကျွန်တော် လုပ်နိုင်ပါတယ်၊ ကျွန်တော်…”
စွင်းပုအာ သက်ပြင်းချလိုက်ပြန်ကာ ပြန်ထရပ်ရန် ကြိုးပမ်းနေသည့် လီစန်းတင်းကိုကြည့်၍ ပြောလိုက်သည်။
“တစ်ယောက်ယောက် လာခဲ့စမ်း၊ သူ့ကို ခေါ်သွားလိုက်”
“မဖြစ်ဘူး။ ကျွန်တော့်ကို ဆက်တိုက်ခွင့်ပေးပါ၊ ကျွန်တော့်ကို ဆက်တိုက်ခွင့်ပေးပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်တိုက်ခွင့်ပေးပါ။ ကျွန်တော် မဖြစ်…”
သို့သော် သူ၏စကားများကို မည်သူမျှ ဂရုမစိုက်ကြပေ။ ချက်ချင်းပင် လူနာထမ်းစင်တစ်ခု ရောက်လာခဲ့ပြီး လီစန်းတင်းကို သယ်ထုတ်သွားတော့သည်။
လူနာထမ်းစင်ပေါ်တွင် လဲလျောင်း၍ သယ်ထုတ်သွားခံရသည့် လီစန်းတင်း၏မျက်လုံးများမှာ မျက်ရည်များ ဝဲတက်နေခဲ့၏။ အသင့်စောင့်ဆိုင်းနေသော သမားတော်သည် လီစန်းတင်းကို အမြန်လာရောက်စစ်ဆေးသည်။
ထိုစဉ် ယွီပင်းသည် ပြိုင်ပွဲစင်ထက်တွင် အားရပါးရ ရယ်မောနေ၏။
“လီစန်းတင်း၊ ငါမင်းကို အရမ်းအထင်ကြီးမိခဲ့တာပဲ။ မင်းက သိုင်းကွက်နှစ်ကွက်လေးကိုတောင် ခံနိုင်ရည်မရှိရှာဘူးပဲ ဟားဟား…”
ယွီပင်း၏ မျက်နှာပြောင်ကာ အတင့်ရဲလှသော အပြုအမူကိုမြင်သောအခါ ချောင်ကုန်သည်အဖွဲ့သားများသည်လည်း ရယ်မောကြလေသည်။
“ဒါက ဘယ်လိုသင်္ဘောခေါင်းဆောင်၂မျိုးလဲ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ တစ်ချက်လောက်လေး အရိုက်ခံလိုက်ရတာနဲ့ လဲသွားရောတဲ့လား။ အဲဒီလို အမှိုက်ကောင်ကများ ငါတို့ဦးစီးမှူးနဲ့ ယှဉ်ပြိုင်ရဲသေးတယ် ဟားဟားဟား… ဘယ်လိုတောင် အမှိုက်ကောင်လဲကွာ”