ငါးဖမ်းကုန်သည်အဖွဲ့ ချန်ကျိုစစ်၊ ကျေးဇူးပြုပြီး မင်းရဲ့အသိပညာတွေကို မျှဝေပေးပါဦး_၆
Vol. 11 Ch. 149
“တကယ့်ကိုပဲ အဲဒီအနံ့ဆိုးတဲ့ တံငါသည်တွေအကုန်လုံးက အမှိုက်ကောင်တွေချည်းပဲ၊ အမှိုက်ကောင်တွေ!”
“တစ်ချက်လေးတောင် အရိုက်မခံနိုင်ဘဲနဲ့ ငါတို့ဦးစီးမှူးကို ပျက်ရယ်ပြုရဲသေးတယ်။ ငါတို့ဦးစီးမှူးက နှစ်ကွက်အတွင်း ရှုံးနိမ့်နိုင်တဲ့သူ မဟုတ်ဘူး၊ ဘယ်လိုတောင် ဂုဏ်သိက္ခာမရှိလိုက်သလဲ!”
…
“ချီးပဲ ချောင်ကုန်သည်အဖွဲ့ရဲ့ခွေးကောင်တွေ! သေချင်နေလားကွ!”
ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်ပြောဆိုလာကြသည်။ တစ်ယောက်ပြီးတစ်ယောက် အမျက်ဒေါသထွက်လာကြ၏။ ကနဦးတွင် သူတို့၏ သင်္ဘောခေါင်းဆောင်၂မှာ သိုင်းကွက်နှစ်ကွက်အတွင်း ရှုံးနိမ့်သွားသောကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင်တော့ ချောင်ကုန်သည်အဖွဲ့သားများ၏ ပျက်ရယ်ပြုမှုကြောင့် ဖြစ်သည်။ သင်္ဘောခေါင်းဆောင်၂ ရှုံးနိမ့်သွားသော်ငြား သူ၏စိတ်ဓာတ်ကို အားလုံးမြင်တွေ့နိုင်ကြပေသည်။
ထိုခိုင်မာသောစိတ်ဓာတ်သည် အဆုံး၌ မြင်တွေ့ရသူအပေါင်းကို စိတ်နှလုံးအတွင်းထဲထိ ခံစားသွားရစေပေသည်။
…
လီစန်းတင်းသည် ရှုံးနိမ့်သွားခဲ့သော်ငြား လူများသည် လီစန်းတင်းကို သဘောကျနှစ်ခြိုက်ကြသည်။ သူ ရှုံးနိမ့်ချိန်တွင် မရယ်မောနိုင်ကြချေ။
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ချောင်ကုန်သည်အဖွဲ့သားများမှာ ပြဿနာရှာလိုခြင်းဖြစ်ကြောင်း ခံစားမိကြ၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ ခန်းမအရှင်သခင်နှစ်ယောက်မှ အခြေအနေတည်ငြိမ်စေရန်အတွက် ကြားဝင်ထိန်းပေးရန် မလိုအပ်တော့ပေ။ ပြိုင်ပွဲစင်ပေါ်တွင် ရပ်နေသော ယွီပင်းမှ ပြောသည်။
“ဘာဖြစ်လို့လဲ ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်တို့၊ ရလဒ်ကို လက်မခံနိုင်ဘူးလား။ မင်းတို့ လက်မခံနိုင်ဘူးဆိုရင် စင်အောက်ကနေပဲ အော်မနေကြနဲ့လေ။ သတ္တိရှိရင် စင်ပေါ်တက်လာပြီး တိုက်ခိုက်ပေါ့။ မင်းတို့ အနိုင်ရခဲ့ရင် မင်းတို့ ငါ့ကို ကြိုက်သလောက် လှောင်ရယ်လို့ရတယ် ဟားဟားဟား…”
“မတိုက်ခိုက်ရဲဘူးဆိုရင်တော့ မင်းတို့အားလုံးက သူရဲဘောကြောင်တဲ့ကောင်တွေပဲ။ အဲဒီလိုဆိုမှတော့ မင်းတို့ဘာလို့ ဒီမှာလာဟောင်နေကြသေးတာလဲ”
“ခင်ဗျား…”
ယွီပင်း၏ မောက်မာထောင်လွှားမှုကို မြင်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ယွီပင်းကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။ အဖွဲ့သားတစ်ယောက်သည် ယွီပင်းကို လက်ညှိုးလျက် စကားထွက်မလာဘဲ ရှိနေသည်။ ယွီပင်းသည် ထိုအဖွဲ့သားကို ကြည့်လိုက်ပြီး ပြောသည်။
“လက်မခံနိုင်ဘူးလား။ ဒါဆို စင်ပေါ်တက်လာလိုက်လေ!”
ယွီပင်း၏ထိုစကားကြောင့် အရေပြားသန့်စင်ခြင်းအဆင့်ကိုပင် မရောက်ရှိသေးသော ငါးဖမ်းကုန်သည်အဖွဲ့သားသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။ သို့သော် စင်ပေါ်သို့ တက်မသွားရဲချေ။
ပွဲကြည့်စင်မြင့်ထက်ရှိ ကုချင်းဖုန်းသည် ယွီပင်း၏ မောက်မာထောင်လွှားမှုကို ကြည့်နေခဲ့ရင်း လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး ရယ်မော၏။
“ညီနောင်ဖန်း၊ ဒီလူငယ်တွေက ကျင့်ဝတ်ထုံးတမ်းတွေကို နားမလည်ဘူးရယ်၊ သူတို့ကို စိတ်ထဲမထားပါနဲ့”
“ယွီပင်း!”
“ခန်းမအရှင်သခင်!”
ကုချင်းဖုန်းမှ လှမ်းခေါ်လိုက်သည်။ ယွီပင်းသည် ရုတ်ချည်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ကုချင်းဖုန်းအား အပြုံးဖြင့် ပြောသည်။
“ယွီပင်း အရမ်းထောင်လွှားမနေစမ်းနဲ့၊ ခန်းမအရှင်သခင်ဖန်း ဒီမှာရှိနေတယ်လေ။ မင်းဒီလိုမျိုး ပျက်ရယ်ပြုနေတာက ခန်းမအရှင်သခင်ဖန်းရဲ့မျက်နှာကို ဖြတ်ရိုက်နေသလိုပဲ မဟုတ်ဘူးလား။ ခန်းမအရှင်သခင်ဖန်းကို မြန်မြန်တောင်းပန်လိုက်စမ်း!”
ထိုအခါ ယွီပင်းသည် ချက်ချင်းတောင်းပန်စကားဆိုသည်။
“ခန်းမအရှင်သခင်ဖန်း ကျွန်တော် ရင့်ကျက်မှုမရှိတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ဖန်းရှစ်ကျုံး၏မျက်နှာအမူအရာသည် အေးစက်နေ၏။
ဒါက တောင်းပန်တာလား။
၎င်းမှာ ပြောင်ပြောင်တင်းတင်း ပျက်ရယ်ပြုနေခြင်းသာ ဖြစ်၏။ ဖန်းရှစ်ကျုံးသည် မိမိမှာ အမျက်ဒေါသများ လှိမ့်တက်လာသည်ဟု ခံစားလိုက်ရသည်။ သို့သော် ကုချင်းဖုန်းမှ ပြောလာ၏။
“ညီနောင်ဖန်း စိတ်အေးအေးထားပါ။ ငါးဖမ်းကုန်သည်အဖွဲ့က လွန်ခဲ့တဲ့နှစ်တွေမှာ တိုးတက်မှုမရှိခဲ့ဘူးဆိုတာကို အားလုံး သိထားကြပါတယ်။ အဲဒါကြောင့် ဒီလောက်ကြီးဖြစ်နေဖို့ မလိုပါဘူး၊ ညီနောင်ဖန်း စိတ်အေးအေးထားပါ”
“ဒီမြို့သေးသေးလေးက ဘာမှအရေးမပါလှပါဘူး ဟုတ်တယ်မလား”
ဖန်းရှစ်ကျုံးသည် မျက်လုံးအိမ်တို့မှေးကျုံ့၍ သူ၏အင်အားအာဏာကို ကြွားလုံးထုတ်နေသည့် ကုချင်းဖုန်းကို ကြည့်နေခဲ့သည်။ သူသည် တကယ့်ကို ဒေါသထွက်နေပါ၏။ သို့သော် သူ၏လက်အောက်ငယ်သားများမှာအမှန်တကယ် စိတ်ပျက်အားငယ်နေကြသောကြောင့် ပြန်လည်၍ မချေပနိုင်ပေ။
ဤအခြေအနေတွင် သူ၏ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ပါ၏။
ဖန်းရှစ်ကျုံးသည် ရှုံးနိမ့်ခြင်းအတွက် စိတ်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သို့သော် သိုင်းကွက်နှစ်ကွက်ကိုပင် ခံနိုင်ရည်မရှိဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခြင်းကိုမူ သူ မျှော်လင့်မထားခဲ့ပေ။
ဤသတင်းသာ ကုန်သည်အဖွဲ့ချုပ်အထိ ပြန်ရောက်ပျံ့နှံ့သွားခဲ့ပါက သူ၏ဆရာတူညီလေးသည် သူ့ကို ပြဿနာရှာလိမ့်ပေဦးမည်။
ဖန်းရှစ်ကျုံးနှင့် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းသည် ယခင်က ဆရာတူတပည့်များ ဖြစ်ခဲ့ကြသည်။ ထိုအချိန်က ဖန်းရှစ်ကျုံးသည်လည်း ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာအတွက် လျာထားခံရသော အားကောင်းသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။ သို့သော် နန်ပါးထျန်းသည် ခေါင်းဆောင်နေရာကို အောင်နိုင်ရန်အတွက် တန်ကြေးတစ်ခု ပေးဆပ်ခဲ့သည်။ ထို့ကြောင့် နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးအား အမြဲလိုလို အခက်တွေ့အောင် ပြုလုပ်လေ့ရှိပြီး သူ၏ခေါင်းဆောင်ဟူသော ရာထူးဂုဏ်ပုဒ်ဖြင့် ဗြောင်ကျကျ ဖိနှိပ်ရန်လည်း မဝံ့ရဲဘဲ လူကို မွန်းကျပ်အောင်သာ လုပ်ဆောင်လေသည်။
သို့ဖြစ်သည့်တိုင် ခေါင်းဆောင်၏ စိတ်မကျေနပ်မှုသည်လည်း အကြောင်းပြချက် လိုအပ်သေး၏။
သို့ဖြစ်ရာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဩဇာသက်ရောက်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ဤသို့အဖြစ်အပျက်မျိုးသည် ခေါင်းဆောင်မှ သူ့ကို ဖိနှိပ်ရန်အတွက် အကောင်းဆုံးလက်နက်ပင် မဟုတ်ပါလော။
ဖန်းရှစ်ကျုံး၏မျက်နှာမှာ ဖြူဆုတ်နေတော့သည်။
ကုချင်းဖုန်းသည် ဖန်းရှစ်ကျုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယွီပင်းကို အကြည့်ဖြင့် အချက်ပြလိုက်သည်။ ယွီပင်းသည် ချက်ချင်း နားလည်လိုက်၏။
ယွီပင်းသည် ရုတ်ချည်း ရယ်မောလိုက်၏။
“ဟားဟား… ငါးဖမ်းကုန်သည်အဖွဲ့က အရမ်းဂုဏ်သတင်းကြီးမားပေမဲ့ မင်းတို့လက်ထက်မှာတော့ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ! ဒီလောက်ကျယ်ပြောတဲ့ ရှန်းထောင်မြို့ရဲ့ ငါးဖမ်းကုန်သည်အဖွဲ့မှာ ငါ့ရဲ့သိုင်းကွက်သုံးကွက်ကို ခံနိုင်ရည်ရှိမယ့် လူတစ်ယောက်တောင်မှ မရှိရှာဘူး”
“တကယ့်ကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ယုတ်လျော့လာနေတာပဲ!”
“မင်း!”
ထိုစကားကိုကြားသောအခါ ဝူကျုံးပင်လျှင် ဒေါသထွက်သွားရပြီး ဒေါသတကြီး အော်လိုက်မိလေသည်။ ထိုအခါ ယွီပင်းသည် ဝူကျုံးကိုကြည့်၍ ပြောသည်။
“ညီနောင်ဝူ၊ ခင်ဗျား စင်ပေါ်တက်လာပြီး ကျုပ်ကို သင်ပြပေးချင်လို့လား။ ထားလိုက်ပါလေ၊ ခင်ဗျားရဲ့ ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်နဲ့ဆို ကျုပ်ရဲ့ လက်ဝါးရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိမှာ စိုးရိမ်ရတယ်ဗျ”
“အကယ်၍များ ခင်ဗျားကို ထိခိုက်အောင်လုပ်မိသွားရင် ခင်ဗျားရဲ့ယောက္ခထီးကြီးက ကျုပ်ကို လက်စားလာချေနေဦးမယ်။ ကျုပ် တကယ်ကို ခင်ဗျားကို အပြစ်ပြုဖို့ မတတ်နိုင်ပါဘူး”
“ငါ…”
ဝူကျုံးသည် ဒေါသထွက်လွန်းသည်မှာ ယွီပင်း၏ ထိုပုတ်ခတ်ပြောဆိုသော စကားများကြောင့် အသေအကြေ တိုက်ခိုက်ချင်စိတ်များ ပေါက်ဖွားလာရသည်။ သို့သော် ချန်ကျဲ့မှ သူ့ကိုဟန့်တားလိုက်၏။
သူတို့အနီးရှိ သင်္ဘောခေါင်းဆောင်၅သည်လည်း ဒေါသထွက်နေပေသည်။
“အဲဒီယွီပင်းက အရမ်းမောက်မာထောင်လွှားနေတာပဲ။ ကျွန်တော်သာ အခုထက်ပိုပြီး သန်မာခဲ့ရင် ချက်ချင်း စင်ပေါ်တက်သွားပြီး သူ့ကို သင်ခန်းစာပေးလိုက်တယ်!”
သူ၏ဘေးရှိ သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။
“ညီနောင်၅ရယ် မင်း၊ ငါ၊ ပြီးတော့ ညီနောင်၄၊ ငါတို့အားလုံး ဘယ်သူမှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဦးစီးမှူးကလည်း အပြင်းအထန်ဒဏ်ရာရထားတယ် ဟူး… ဒီနေ့တော့ သူ ငါတို့ကို ပျက်ရယ်ပြုတာကိုပဲ ကြည့်နေရတော့မယ်!”
ထိုအခါ သင်္ဘောခေါင်းဆောင်၅မှ ပြောသည်။
“ငါတကယ် စိတ်တိုလိုက်တာ!”
“အင်အားချင်း မယှဉ်နိုင်မှတော့ ရွေးချယ်စရာမှ မရှိဘဲ။ သည်းခံရမှာပေါ့”
သင်္ဘောခေါင်းဆောင်၄သည် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ထပ်ပြော၏။
“ဒါပေမဲ့ ညီနောင်၂ကို ဒီလိုရိုက်နှက်လိုက်တာ ချီး… တကယ့်ကို သည်းမခံနိုင်စရာပဲ!”
ထို့နောက် ယွီပင်းမှ ဆက်ပြောသည်။
“တကယ်ပဲ စင်ပေါ်တက်လာမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား။ ငါကြားဖူးတာတော့ မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့မှာ ချန်ကျိုစစ်လို့ခေါ်တဲ့ အရမ်းတော်တဲ့သူ ရှိတယ်ဆို။ ချန်ကျိုစစ် မင်းဘာလို့ စင်ပေါ်တက်မလာရဲရတာလဲ”
“ကျိုစစ်?!”
ယွီပင်းမှ နာမည်တပ်ပြောလိုက်သောအခါ လူအားလုံး၏အကြည့်တို့သည် ချန်ကျဲ့ဆီသို့ ကျရောက်လာကြသည်။
အားလုံးသည် အချိန်တစ်ခုကြာမြင့်သည်အထိ ပွဲကြည့်စင်မြင့်ပေါ်ရှိ ချန်ကျဲ့ကို ကြည့်နေခဲ့ကြသည်။ ဖန်းရှစ်ကျုံးသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၍ ယွီပင်းမှ နာမည်တပ်ပြောလိုက်သူကို လှည့်ကြည့်လိုက်သည်။
ယွီပင်းက ဘာလုပ်ချင်နေတာလဲ။ ဒီလိုအချိန်ကြီးမှာ အဖွဲ့သားလေးတစ်ယောက်ကို နာမည်တပ်ခေါ်နေတာ?
သို့သော် ကုချင်းဖုန်းသည်တော့ ယွီပင်း၏ရည်ရွယ်ချက်ကို နားလည်၏။
သူက ယွီပင်းရဲ့ရန်သူလား။
ချန်ကျဲ့သည် စကားမဆိုပေ။ ယွီပင်းမှ သူ့ကို နာမည်တပ်ခေါ်လိုက်သည်တွင် သူသည်လည်း ခေါင်းမော့ကြည့်လိုက်ပြီး ယွီပင်းနှင့် အကြည့်ချင်းဆုံလိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
“ဦးစီးမှူးယွီ၊ ခင်ဗျားက အရမ်းဆန္ဒရှိနေမှတော့ ကျွန်တော်လည်း ခင်ဗျားနဲ့အတူ ကစားပေးရတာပေါ့!”
ပွဲကြည့်ပရိသတ်များသည် ချန်ကျိုစစ် မတ်တပ်ထရပ်လာသည်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့သည် ချန်ကျိုစစ်မှာ အဆက်အသွယ်ကောင်းများရှိသည်ဟု သိထားကြသော်ငြား ထိုသို့ ချောမောလှပသည့် ကောင်ငယ်လေးသည် တိုက်ခိုက်နိုင်ပါမည်လော။
သူက သမားတော်ပိုင်ဆီမှာ ဆေးပညာသင်ယူနေတဲ့သူ မဟုတ်လား။
ဟုတ်တယ်။ သမားတော်တစ်ယောက်ကို တိုက်ခိုက်ဖို့စေလွှတ်တာ၊ အဲ့လိုက အလုပ်ဖြစ်ပါ့မလား။
သင်္ဘောခေါင်းဆောင်များသည်လည်း ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့သည် ချန်ကျဲ့မှ တကယ်ကြီး သွားတိုက်ခိုက်ရန် ပြင်ဆင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကျိုးချူမှ ပြော၏။
“ကျိုစစ်၊ မင်း ကိုယ့်ကိုယ်ကို ဖိအားမပေးစမ်းနဲ့!”
“ဟုတ်တယ် ကျိုစစ်၊ မင်း အန္တရာယ်များနိုင်တယ်!”
သင်္ဘောခေါင်းဆောင်၃မှလည်း ပြောသည်။
ချန်ကျဲ့ ပြုံးလိုက်သည်။
“အားလုံးပဲ ကျွန်တော့်ကို မစိုးရိမ်ကြပါနဲ့။ ကျွန်တော် ငါးဖမ်းကုန်သည်အဖွဲ့ကို ဂုဏ်သိက္ခာ မကျဆင်းစေရပါဘူး”
ဝူကျုံးသည် ချန်ကျဲ့၏ လုပ်ဆောင်နိုင်စွမ်းကို သိထားသည့်တိုင် စိုးရိမ်ပူပန်နေခဲ့၏။
သူက အခုမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းကာစ ရှိသေးတယ်။ သူတကယ်ပဲ ကိုင်တွယ်နိုင်ပါ့မလား။
ဝူကျုံးလည်း မသေချာပေ။ သို့သော် လက်ရှိအခြေအနေအရ ချန်ကျိုစစ်ကို ရှေ့ထွက်စေခြင်းမှတစ်ပါး တခြားရွေးချယ်စရာ မရှိပါချေ။
“ဂရုစိုက်ပါ”
ဝူကျုံးသည် မှာကြားလိုသည့်စကားများ အများကြီးရှိနေခဲ့သော်ငြား အဆုံးတွင်တော့ ‘ဂရုစိုက်ပါ’ဟုသာ ပြောဖြစ်ခဲ့သည်။
ချန်ကျဲ့ အသာအယာ ခေါင်းညိတ်လိုက်ပြီး ပြိုင်ပွဲစင်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည်။ ထိုစဉ် သူ၏အဝတ်များကို တစ်ယောက်ယောက်မှ ဆွဲလိုက်သည်အား ရုတ်တရက် ခံစားလိုက်ရသည်။
ချန်ကျဲ့ ခေါင်းငုံ့ကြည့်လိုက်သောအခါ မျက်နှာထက်တွင် မျက်ရည်များစီးကျနေသော လီစန်းတင်းကို မြင်လိုက်ရသည်။
“မရှုံးနဲ့ မရှုံးစေနဲ့!”
လီစန်းတင်းမှ ပြောသည်။ သူ၏မျက်နှာမှာ ခံစားချက်များစွာ ထင်ဟပ်နေခဲ့၏။
ချန်ကျဲ့ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ညီနောင်လီ မစိုးရိမ်ပါနဲ့။ ကျွန်တော် မရှုံးစေရပါဘူး”
လီစန်းတင်းသည် ချန်ကျဲ့၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏…
ထိုအခိုက်အတန့်၌ သူတို့နှစ်ဦးလုံးသည် အချင်းချင်း၏ရည်ရွယ်ချက်များကို နားလည်လိုက်ကြပေသည်။
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး မြေပြင်ကို ခြေတစ်ချက်ထောက်၍ ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သာမန်ကာလျှံကာမျှသော ကိုယ်နေဟန်ထားဖြင့် ရပ်လိုက်၏။
“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ်ပါ၊ ကျေးဇူးပြုပြီး သင်ပြပေးပါဦး!”