လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း
Vol. 11 Ch. 150
“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ်ပါ၊ ကျေးဇူးပြုပြီး သင်ပြပေးပါဦး!”
ချန်ကျဲ့သည် ပြိုင်ပွဲစင်ပေါ်သို့ တက်သွားပြီးနောက် စတင်တိုက်ခိုက်မည့် ကိုယ်နေဟန်ထားသို့ ပြောင်းလဲလိုက်သည်။
ချန်ကျဲ့မှ စင်ပေါ်သို့ တကယ်ကြီး တက်သွားသည်ကို မြင်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့သားများမှာ အံ့အားသင့်ကုန်ကြသည်။
“သူ သူတကယ်ကြီး တက်သွားရဲတယ်ဟ!”
သင်္ဘောခေါင်းဆောင်၃သည် ချန်ကျဲ့၏ရဲရင့်မှုကြောင့် အံ့ဩသွား၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွီပင်းမှာ ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်မှန်း ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ထိုသို့လူမျိုးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် မသန်စွမ်းသူဖြစ်ရန် ပြင်ဆင်ခြင်း သို့မဟုတ် အသက်သေဆုံးရန် ပြင်ဆင်လိုက်ခြင်းနှင့် တူညီ၏။
ကံကောင်းဖို့ရာ လုံးဝ မျှော်လင့်ချက်မရှိပေ။
တကယ်တမ်း ကံကောင်းမှုဆိုတာမျိုးက ဖြစ်နိုင်တယ်ဆိုရင် အားလုံးမှာ အရင်ကတည်းက မိမိကိုယ်ကိုယ် နာမည်ရရန် လုပ်ဆောင်ပြီးကြလောက်လေပြီ။
…
သင်္ဘောခေါင်းဆောင်၄သည် အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြော၏။
“သူ ခန်းမအရှင်သခင် ဒီနေရာမှာ ထိုင်နေတာနဲ့ ခေါင်းထဲ မူးနောက်သွားတာလား၊ ပြိုင်ပွဲစင်ပေါ်ကို တက်သွားရဲရအောင်အထိလေ? အနိုင်ရခဲ့ရင် ခန်းမအရှင်သခင်ရဲ့ အသိအမှတ်ပြုမှုကို ကျိန်းသေပေါက်ရမှာ မှန်ပေမဲ့ ရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
သင်္ဘောခေါင်းဆောင်၂သည် အိမ်နှင့်အလုပ်ကို စွန့်လွှတ်ပြီး အသွေးအသားဆေးလုံးများကို ဝယ်ယူကာ သူ၏ကျင့်ကြံဆင့်ကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ အတင်းအကျပ် တိုးတက်စေခဲ့သည်။ သို့တိုင် ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရမြဲဖြစ်ပြီး သိုင်းကွက်နှစ်ကွက်ကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။
သူက တကယ်ကြီး သူ့ကိုယ်သူ သင်္ဘောခေါင်းဆောင်၂ထက် ပိုပြီးသန်မာတယ်လို့ ထင်နေတာလား။
အခုအချိန်မှာ အဆင်အခြင်မဲ့ သွားလုပ်လိုက်ရင် သိုင်းကွက်တစ်ကွက်ကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါးဖမ်းကုန်သည်အဖွဲ့ကို ပိုလို့တောင် ဂုဏ်သိက္ခာကျဆင်းစေမှာ မဟုတ်ဘူးလား။
အဲဒီလိုမျိုးက ခန်းမအရှင်သခင်အတွက် ကောင်းမွန်တဲ့ပုံရိပ်ကို ကျန်ရစ်စေမှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေဖြင့် ဤအဖြစ်အပျက်ကြောင့် ဘယ်တော့မှ ရာထူးမတိုးရမည့်စာရင်းထဲသို့ ထည်ပစ်လိုက်နိုင်၏။ သို့ဖြစ်ပါက ဘဝမှာ လက်ရှိအခြေအနေအတိုင်း အဆုံးသတ်သွားပေလိမ့်မည်။
အဲဒီလူငယ်တွေကတော့ အရမ်း စိတ်မြန်လက်မြန်နိုင်ကြတာပဲ!
သင်္ဘာခေါင်းဆောင်၄သည် ခေါင်းခါရမ်းလိုက်၏။ သူသည် ချန်ကျဲ့ ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခြင်းအပေါ် ကောင်းမွန်သည့်အမြင် မရှိပေ။
ကြည့်ရတာ လူငယ်လေးက လူအထင်ကြီးမယ့်ပုံရိပ်တစ်ခု ဖန်တီးချင်ပုံပဲ။ သူသည် ချန်ကျဲ့မှာ သေလမ်းရှာနေသည်ဟုသာ ခံစားရပေသည်။
ယွီပင်းနဲ့ သူ့ရဲ့ နှလုံးကြွေလက်ဝါးသိုင်းက ဘယ်လောက်တောင် အင်အားကြီးမားလိုက်သလဲ။ သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းတောင်မှ သူ့ရဲ့သိုင်းကွက်နှစ်ကွက်လေးကို ခံနိုင်ရည်မရှိခဲ့ဘူး။
သူက ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။ ပြီးတော့ သူ့ရဲ့အဆင်အခြင်မဲ့မှုက သူ့အသက်တစ်ခုတည်းကိုပဲ ထိခိုက်မှာမဟုတ်ဘူး။
ထိုအချိန်တွင် သင်္ဘောခေါင်းဆောင်၅သည်လည်း မျက်မှောင်ကြုတ်လျက် ပြိုင်ပွဲစင်ပေါ်သို့ တက်သွားသည့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
သူ အော်ပြောလိုက်သည်။
“ညီနောင်ကျိုစစ်၊ ညီနောင်ကျိုစစ်၊ ဆင်းလာခဲ့ ပြန်ဆင်းလာခဲ့! ဒါက နောက်ပြောင်စရာ မဟုတ်ဘူး၊ မင်း အသက်သေသွားနိုင်တယ်!”
ကျိုးချူသည် ချန်ကျဲ့၏အင်အားအကြောင်း မသိထားပေ။
ကျိုးချူသည် ချန်ကျဲ့အင်အားမှာ အများဆုံးရှိနိုင်မှ သူနှင့်တန်းတူဖြစ်သော အရေပြားသန့်စင်ခြင်းအဆင့်ဟု တွေးထင်ထားခြင်းဖြစ်သည်။
သို့သော် ရှောင်ဟူမှ ပြောလိုက်သည်။
“သင်္ဘောခေါင်းဆောင်၅ မစိုးရိမ်ပါနဲ့။ ကျွန်တော့်အစ်ကိုကျိုစစ်က သူဘာလုပ်နေလဲဆိုတာ သူသေချာသိပါတယ်”
“သိရအောင် ဘာကိုသိတာလဲ။ ယွီပင်းက ဘယ်လောက်တောင် ရက်ရက်စက်စက်တိုက်ခိုက်လဲဆိုတာ မင်းလည်းမြင်တာပဲ။ မင်း ကျိုစစ်ရဲ့ ပိန်လှီနေတဲ့ခန္ဓာကိုယ်ကိုလည်း ကြည့်စမ်းပါဦး!”
ကျိုးချူသည် အလွန်စိတ်ပူနေ၏။ ရှောင်ဟူသည် ရယ်မောလျက် ပြန်ပြောသည်။
“သင်္ဘောခေါင်းဆောင်၅က အစ်ကိုကျိုစစ်အကြောင်း ဘာမှမသိသေးဘူးပဲ!”
“ငါကလား! ကောင်းပြီ၊ ငါမင်းနဲ့ ပြိုင်မငြင်းတော့ဘူး။ နောက်မှ တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင် ငါတို့ ကျိုစစ်ကိုကယ်ဖို့ ပြေးတက်သွားကြမယ်၊ ပြီးရင် အရှုံးပေးတယ်လို့ပြောလိုက်! ဟုတ်ပြီလား”
ရှောင်ဟူသည် ကျိုးချူကို ကြည့်နေ၏။ ကျိုးချူသည် အလွန်အမင်းစိုးရိမ်နေသော မျက်နှာအမူအရာကိုမြင်သောအခါ ခေါင်းညိတ်လိုက်သည်။
“သိပါပြီ”
ထိုအခါမှ ကျိးချူသည် အနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ သို့သော် စိတ်ထဲတွင် အနည်းငယ် မကျေမချမ်းလည်း ခံစားနေရ၏။
ကျိုစစ်က ဘာလို့ ဒီလိုအချိန်မှာမှ ရှေ့ထွက်ရတာလဲ။
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ချန်ကျဲ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ခြုံငုံကြည့်လိုက်သော် ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်လာချိန်မှ စတင်၍ အဖွဲ့သားဖြစ်လာခဲ့သော်ငြား အနည်းငယ်မျှသာ ထင်ပေါ်မှုရှိခဲ့သည်။ သူသည် ငါးဖမ်းကုန်သည်အဖွဲ့ကို ရောက်သည်နှင့် အဖွဲ့သားအချို့ကို နှုတ်ဆက်ပြီးနောက် မြစ်ထဲသို့ ဆင်းသွားလေ့ရှိသည်။ ချန်ကျဲ့သည် ဝူကျုံးနှင့် အဆက်အသွယ်ရှိသည်ဟူသည့် အချက်မှလွဲ၍ သူတို့သည် ချန်ကျဲ့အကြောင်း များများစားစား သိထားခြင်း မရှိပေ။
ယခုတွင် ချန်ကျဲ့ ပြိုင်ပွဲစင်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့ဩမင်သက်ကုန်ကြရ၏။
ဒီကောင်လေးက တကယ်ပဲ ဘာလုပ်နေတာလဲ။
သူ့ကိုသူ လှည့်စားနေတာလား။
ဒါပေမဲ့ ချန်ကျဲ့က ပြိုင်ပွဲစင်ပေါ်ကို တက်သွားလိုက်ပြီးနေပြီ– ငါတို့က ဘာများ သွားပြောနိုင်ဦးမှာလဲ။
သို့ဖြစ်ရာ အဖွဲ့သားအားလုံးသည် ဘာမျှမပြောကြတော့ပေ။ သူတို့၏စိတ်ထဲတွင် ချန်ကျဲ့သည် ကိုယ်ပိုင်အင်အား အနည်းငယ်သာရှိသော အဖွဲ့သားတစ်ဦးသာဖြစ်သည်။ ထိုအင်အားသည် သာမန်အဖွဲ့သားလေးများနှင့် ယှဉ်လျှင်သော်မှ မများလှသည့် အင်အားလေးမျှ ဖြစ်လိမ့်မည်ဟု တွေးထင်နေခဲ့ကြသည်။
ချန်ကျဲ့သည် သင်္ဘောခေါင်းဆောင်များ၏အဆင့်နှင့် နီးပင် မနီးစပ်သော အဆင့်ဟုသာ သတ်မှတ်ထားကြ၏။
အချိန်တစ်ခုအထိ အဖွဲ့သားအားလုံးမှာ ချန်ကျဲ့အပေါ် ကောင်းမွန်သည့်အမြင် မရှိခဲ့ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချောင်ကုန်သည်အဖွဲ့သားများသည် ချန်ကျဲ့ ပြိုင်ပွဲစင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ အရမ်းအံ့ဩမသွားကြပေ။ ထိုနေ့က ဝက်သားပွဲတော်နေ့တွင် ချန်ကျဲ့သည် ယွီပင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရဲ၏။
တကယ်တမ်း အရည်အချင်းမရှိဘဲနှင့် ဘယ်သူကများ ထိုသို့ပြုမူရဲပါအံ့နည်း။
သို့သော် သူတို့သည် ချန်ကျဲ့ အနိုင်ရမည်ဟုလည်း မထင်ပါချေ။
အဘယ်ကြောင့်ဆိုသော် သင်္ဘောခေါင်းဆောင်၂သည်လည်း ရှုံးနိမ့်သွားခဲ့သောကြောင့်ပင်။ ခုနက လီစန်းတင်းမှ ထုတ်ဖော်ပြသခဲ့သော အင်အားသည် အားနည်းသည်ဟု မသတ်မှတ်နိုင်သည့်အပြင် အနည်းငယ်ပင် တစ်မူထူးခြားစွာ သန်မာအားကောင်းလေသည်။
သူတို့၏ဦးစီးမှူးကျန်းသည် လီစန်းတင်း၏ သိုင်းကွက်အနည်းငယ်မျှကိုသာ ခံနိုင်ရည်ရှိခဲ့ပြီး ပြိုင်ပွဲမှ နောက်ဆုတ်ထွက်ခွာသွားခဲ့၏။
သူတို့အားလုံးသည် ဦးစီးမှူးကျန်း၏အင်အားကို တွေ့ကြုံခံစားဖူးပေသည်။
ထိုသို့သော ဦးစီးမှူးကျန်းကို အနိုင်ယူနိုင်ခဲ့သည့် လီစန်းတင်းပင်လျှင် ဦးစီးမှူးယွီ၏လက်ထဲတွင် သိုင်းကွက်နှစ်ကွက်ထက်ပို၍ ခံနိုင်ရည်မရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသည်။
အဲဒါကို ဒီချန်ကျဲ့က ဘယ်လို အထူးစွမ်းရည်တွေများ ပိုင်ဆိုင်ထားလို့ သူ့ကိုယ်သူ ဦးစီးမှူးယွီနဲ့ တိုက်ခိုက်နိုင်မယ်လို့ တွေးရတာလဲ။ သူက သိုင်းကွက်တစ်ကွက်တောင် ခံနိုင်ရည်ရှိပါ့မလား။
သူက အင်အားကြီးမားတယ်ပဲဆိုပါဦးတော့ သူတို့ကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးနဲ့ သင်္ဘောခေါင်းဆောင်၂ထက် သာလွန်နိုင်ပါ့မလား။ သူက လီစန်းတင်းထက် ပိုပြီးအင်အားကြီးမားတယ်ဆိုရင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းအရဆို အရေပြားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်ဆိုရင်ပဲ သင်္ဘောခေါင်းဆောင်အဖြစ် တိုက်ရိုက် ရာထူးတက်သွားနိုင်နေပြီ။ အဲဒီလိုသာဆို သူက မြစ်ကင်းလှည့်အလုပ်သမား မဟုတ်ဘဲ သင်္ဘောခေါင်းဆောင်တစ်ဦး ဖြစ်နေသင့်တာ မဟုတ်ဘူးလား။
အဲဒီတော့ သူ့ရဲ့ကျင့်ကြံဆင့်က အများဆုံးမှ အရေပြားသန့်စင်ခြင်းအဆင့်ပဲ ရှိဦးမှာ၊ အဲဒီအဆင့်လေးက ဘယ်လောက်များ တော်နိုင်မှာမို့လို့လဲ။
ထို့ကြောင့် သူတို့သည် ချန်ကျဲ့မှာ သူတို့၏သခင်ကြီး၏ သိုင်းကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားရသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ချောင်ကုန်သည်အဖွဲ့သားများသည် အချင်းချင်း တီးတိုးပြောဆိုနေကြ၏။ ချန်ကျဲ့ မည်မျှအထိ ဆိုးဆိုးရွားရွား အရိုက်ခံရနိုင်မည့်အကြောင်းကို ဆွေးနွေးပြောဆိုနေကြခြင်းဖြစ်သည်။
ထိုစဉ် ပွဲလာကြည့်ကြသော သာမန်မြို့သူမြို့သားများသည် ချန်ကျဲ့ကို သတိထားမိသွားကြပြီး တစ်ယောက်သည် ချန်ကျဲ့ကို မှတ်မိသွားခဲ့ကာ ပြော၏။
“ဟေး အဲဒါက ချန်ယုံဝမ်ရဲ့မြေး ချန်ကျိုစစ် မဟုတ်လား”
“ချန်ကျိုစစ်လား? အဲဒီသုံးစားမရတဲ့ အမှိုက်ကောင်က ချန်မိသားစုရဲ့ သူ့သက်တမ်းတစ်ဝက်စာလောက်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ၆လအတွင်း ဖြုန်းတီးပစ်ခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်တယ် သူပဲ!”
“သူက ပြိုင်ပွဲထဲဝင်ပြီး ဘာလုပ်နေတာလဲ”
“ဟေး ခင်ဗျား မသိသေးဘူးလား။ ကျုပ်ကြားမိတာတော့ ချန်ကျိုစစ်က သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ပြီး သမားတော်ပိုင်ဆီကနေ ဆေးပညာတောင် သင်ယူလိုက်သေးတယ်တဲ့။ အခု သူက ငါးဖမ်းကုန်သည်အဖွဲ့မှာ မြစ်ကင်းလှည့်အလုပ်သမားဖြစ်နေပြီတဲ့လေ။ ဒါပေမဲ့ အဲဒါက အမှန်ဟုတ်၊မဟုတ်တော့ ကျုပ်လည်း သေချာမသိဘူး”
“အမှန်ဟုတ်၊မဟုတ်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူ့ရဲ့ အဲဒီပိန်လှီနေတဲ့ခန္ဓာကိုယ်လေးနဲ့ဆို ယွီပင်းရဲ့ရိုက်ချက်နဲ့ လွင့်ပျံထွက်သွားလိမ့်မှာပဲ မဟုတ်ဘူးလား”
“အမှန်ပဲ၊ သမားတော်ပိုင်ဆီမှာ ပညာသင်ယူကြတယ်ဆို အတွေ့အကြုံမရင့်ကျက်သေးတဲ့ သမားတော်လေးတွေပဲလေ။ သူက သိုင်းပညာပြိုင်ပွဲစင်ပေါ်တက်ပြီး ဘာလုပ်နေတာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ”
ထိုအခါ အားလုံးသည် သဘောတူထောက်ခံကြ၏။
“ဟုတ်တယ် တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”
လူစူများစွာ၏ ဆွေးနွေးပြောဆိုမှုများအလယ်၌ ပွဲကြည့်စင်မြင့်ထက်ရှိ အကြီးအကဲသုံးဦးသည်လည်း ပြိုင်ပွဲစင်ပေါ်ရှိ ချန်ကျဲ့ကို ကြည့်နေခဲ့ကြသည်။