လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၂
Vol. 11 Ch. 151
ကုချင်းဖုန်းသည် ချန်ကျဲ့ကို ကြည့်လျက် ပြော၏။
“ဝိုး လူငယ်လေးက ငယ်ငယ်လေးရှိသေးပေမဲ့ ပြိုင်ပွဲစင်ပေါ်ကို ယှဉ်ပြိုင်ဖို့ တက်လိုက်တာပဲ။ မျိုးဆက်သစ်လူငယ်တွေက တကယ့်ကို အကြောက်တရားကင်းကြတယ်နော်”
“လောင်ဖန်း ခင်ဗျားရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကတော့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပါပဲလား ဟက်!”
ထိုစကားများကို ကြားနေရသည်တွင် ဖန်းရှစ်ကျုံး၏မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။ ကုချင်းဖုန်း၏ စကားများသည် ခနဲ့ခြင်းသော စကားလုံးများကို တန်ဆာဆင်ထားခြင်းဖြစ်၏။
'ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတယ်'ဆိုတဲ့ စကားက ဘာကိုဆိုလိုတာဖြစ်မလဲ။ အဲဒါက သူ့ရဲ့ငါးဖမ်းကုန်သည်အဖွဲ့မှာ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှမရှိလို့ မျိုးဆက်သစ်လူငယ်လေးတစ်ယောက်ကို အတင်းအကျပ် ယှဉ်ပြိုင်ခိုင်းပြီး ဟန်လုပ်ခိုင်းတယ်လို့ ထိုးနှက်တဲ့စကားဆိုတာ သိသာနေတာပဲလေ။
ကုချင်းဖုန်း၏ စကားများသည် လူတစ်ယောက်ကို သွယ်ဝိုက်၍ ဝေဖန်နေခြင်းသာ ဖြစ်၏။
အမှန်အတိုင်းဆိုရသော် ဖန်းရှစ်ကျုံးသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပါ၏။
ဝူကျုံးသည် ပုံမှန်အားဖြင့် ကိစ္စများကို ကိုင်တွယ်ရာတွင် အတော်လေး အရည်အချင်းရှိသူဖြစ်သည်။
သူ ဘာလို့များ ဒီလိုအချိန်မှာ လူငယ်လေးတစ်ယောက်ကို တိုက်ပွဲထဲ စေလွှတ်လိုက်ရတာလဲ။ ဒါကြီးက ကုန်သည်အဖွဲ့အတွက် အရမ်းအရှက်ရစရာကြီး မဟုတ်ဘူးလား။
အကယ်၍များ အဲဒီလူငယ်လေး အရိုက်ခံရပြီး ပြိုင်ပွဲစင်ကနေ လွင့်ထွက်သွားခဲ့ရင် ငါ ဖန်းရှစ်ကျုံးကတော့ ရှိသမျှ အရှက်သိက္ခာ အကုန်ကုန်ပြီပဲ။
…
သို့သော် ဖန်းရှစ်ကျုံးသည် သူ၏မျက်နှာအမူအရာကို ပုံမှန်အတိုင်း ထိန်းသိမ်းထားကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ဖန်းရှစ်ကျုံးသည် နှိမ့်ချဟန်ဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း မြင်သောအခါ ကုချင်းဖုန်းသည် ကျန်းလီယဲ့သို့ လှည့်ပြီး မေးမြန်း၏။
“အကြီးအကဲကျန်းရော ဘယ်လိုထင်ပါသလဲ”
ထိုအချိန်တွင် ကျန်းလီယဲ့သည် အောက်ဘက်ရှိ ချန်ကျဲ့ကို မျက်လုံးအိမ်တို့မှေးကျုံ့၍ ကြည့်နေပေသည်။ ကျန်းလီယဲ့မှ ပြောသည်။
“လေးစားလောက်စရာ သတ္တိပဲ!”
ထိုအခါ ကုချင်းဖုန်းသည် ရယ်မောလိုက်၏။
“လေးစားလောက်စရာ သတ္တိ ဟားဟား… ဒါက တကယ့်ကို အတော်လေး သင့်တော်တဲ့ အကဲဖြတ်မှုပဲ။ တကယ့်ကို လေးစားလောက်စရာ သတ္တိပါပဲ!”
'လေးစားလောက်စရာ သတ္တိ'ဟူသည် အဘယ်အဓိပ္ပာယ်နည်း။ ဆိုလိုသည်မှာ သတ္တိမှအပ ထိုလူတွင် ဘာမျှမရှိဟူ၍ ဖြစ်၏။
ဖန်းရှစ်ကျုံးသည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး မကြည်လင်လှသော မျက်နှာအမူအရာဖြင့် ပြောသည်။
“ယှဉ်ပြိုင်မှုက မစတင်ရသေးပါဘူး။ ဘယ်လိုဖြစ်ပြီး အဆုံးသတ်ကို ကျော်ပြီး ချက်ချင်းကြီး ကောက်ချက်ချနေတာများလဲ”
ထိုအခါ ကုချင်းဖုန်းသည် ရယ်လိုက်ပြီး ပြန်ပြော၏။
“ဟုတ်ပါရဲ့ လောင်ဖန်းပြောတာ မှန်တယ်။ ကျုပ်တို့က ဘယ်လိုလုပ်ပြီး အဲဒီလူငယ်လေးက သိုင်းကွက်တစ်ကွက်ပဲ ခံနိုင်ပါမယ်လို့ ကြိုတင်မှန်းဆပြီး ပြောဆိုရဲပါ့မလဲ။ တစ်ကွက်တောင် မခံနိုင်တာလည်း ဖြစ်နိုင်တယ်လေ ဟားဟား…”
ထိုသို့ပြောပြီးနောက် ကုချင်းဖုန်းသည် အောက်ဘက်ရှိ ဒိုင်လူကြီးကိုကြည့်၍ ပြောသည်။
“ခေါင်းဆောင်ဟောင်းစွင်း ပြိုင်ပွဲ စလို့ ရပါပြီ”
ထိုအခါ စွင်းပုအာသည် ထရပ်လိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက် ယွိပင်းနှင့် ချန်ကျဲ့ကိုကြည့်၍ မေးမြန်းသည်။
“နှစ်ယောက်လုံး အဆင်သင့်ဖြစ်ကြပြီလား”
ချန်ကျဲ့ အပြုံးဖြင့် ဖြေလိုက်သည်။
“ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ အကြီးအကဲ”
“ကျုပ်လည်း အဆင်သင့်ဖြစ်ပြီ”
ယွီပင်းသည် တဂျွတ်ဂျွတ်အသံမည်အောင် လည်ချိုးအကြောလျှော့သည်။ ထို့နောက် လက်တစ်ဖက်ကို ကျောနောက်ဘက်တွင်ထား၍ လက်တစ်ဖက်သာ ရှေ့ထားသည့်အနေအထားဖြင့် မောက်မာထောင်လွှားစွာ ရပ်နေ၏။
ယွီပင်းသည် ချန်ကျဲ့ကို လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်ရန် ရည်ရွယ်ခြင်းဖြစ်၏။
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်– ရိုင်းပျလိုက်တာ!
သို့သော် ချန်ကျဲ့ ဒေါသမထွက်ပါ။
သူဒီနေ့ ယွီပင်းနှင့် အသေအကြေတိုက်ခိုက်ရမည်ဖြစ်သည်။ သေခြင်းရှင်ခြင်းရှေ့မှောက်၌ အခြားအရာအားလုံးသည် အသေးအဖွဲသာ ဖြစ်၏။
ချန်ကျဲ့သည် ခါးတွင်ချိတ်ဆွဲထားသော ပစ္စည်းအိတ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအိတ်ထဲတွင် သံပုရာမှုန့်များ အပြည့်ထည့်ထား၏။ စည်းမျဉ်းကို ချိုးဖောက်ခြင်း မဖြစ်ပါက ချန်ကျဲ့သည် ယွီပင်း၏မျက်နှာကို ထိုအမှုန့်ဖြင့်ပက်နိုင်မည့် နည်းလမ်းကို စဉ်းစားထားခဲ့လိမ့်မည်ဖြစ်၏။
ပြိုင်ပွဲဝင်နှစ်ဦးလုံး နေရာယူပြီး အဆင်သင့်ဖြစ်ကြောင်း မြင်သောအခါ စွင်းပုအာသည် လက်ဝှေ့ရမ်း၍ ကြေညာလိုက်သည်။
“ပြိုင်ပွဲ စတင်ပြီ!”
“စတင်ပြီ”ဟူသော စကားဆုံးသည်နှင့်တစ်ပြိုင်နက် ယွီပင်းသည် ရန်လိုစွာဖြင့် စတင်တိုက်ခိုက်သည်။ ရှေ့သို့ချီတက်လာခဲ့ပြီး ချန်ကျဲ့၏မျက်နှာတည့်တည့်သို့ လက်ဝါးရိုက်ချက်တစ်ချက်ကို ဦးတည်လာခဲ့၏။
မျက်နှာချင်းဆိုင်လက်ဝါးရိုက်ချက်– ဤလက်ဝါးသိုင်းကွက်တွင် အားကောင်းသော ခန္ဓာကိုယ်အတွင်းသို့ ချင်းနင်းဝင်ရောက်နိုင်သည့် စွမ်းရည်ရှိသည်။ သူ၏ ပထမဆုံးရည်ရွယ်ချက်မှာ ပြိုင်ဘက်၏အင်အားကို စမ်းသပ်ရန်ဖြစ်သည်။ ဤလက်ဝါးရိုက်ချက် ထိမှန်သွားခဲ့ပါက မျက်စိအမြင် ဝေဝါးလာပြီး မူးဝေလာခြင်းကို ခံစားရပေမည်။
ချန်ကျဲ့သည် ယွီပင်းမှ မျက်နှာချင်းဆိုင်လက်ဝါးရိုက်ချက်ဖြင့် အသုံးပြုတိုက်ခိုက်သည်ကို မြင်တွေ့လိုက်၏။
ထိုအခါ ယွီပင်းသည် သူ့အား အထင်မြင်သေးနေသည်ကို နားလည်လိုက်သည်။
ငါ့ကို သူနဲ့ အဆင့်တူပြိုင်ဘက် မဟုတ်ဘူးလို့ သဘောထားနေတာပဲ။ ဒီလိုဆိုမှတော့…
ချန်ကျဲ့၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ရုတ်ချည်း ဖုံးလွှမ်းသွား၏။
[ရေထိန်းချုပ်လက်ဝါးသိုင်း– ဒူးဆစ်သိုင်းကွက်!]
ချန်ကျဲ့လည်း ရှေ့သို့ ချီတက်သွားလိုက်ပြီး လက်များကို အထက်ကောင်းကင်အား ထောက်ကူလိုက်သည့်အလား ပင့်မြှောက်လိုက်ခြင်းဖြင့် ယွီပင်း၏ မျက်နှာချင်းဆိုင်လက်ဝါးသိုင်းကို ဟန့်တားလိုက်သည်။
တစ်ပြိုင်နက်တည်းပင် ရှေ့သို့တိုးသွား၍ ညာဒူးကို တိတိပပ ပင့်မြှောက်လိုက်သည်။ ၎င်းဒူးဆစ်သည် ယွီပင်း၏ပေါင်ခြံသို့ ပြင်းထန်စွာ တိုက်ပစ်ရန် ဦးတည်နေခဲ့သည်။
လှုပ်ရှားမှုများသည် စုတ်ချက်ရေးဆွဲသည့်အလား လျင်မြန်တိကျကာ ကြမ်းကြုတ်သည်။ အကန့်အသတ်တစ်ခုအထိ ဖိနှိပ်ထားပြီးနောက် ရုတ်တရက်ဆန်လှစွာ ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ကန်ထွက်လာ၏။
ဝှစ်…
ထိုတစ်ချက်သည် အကြင်နာကင်းမဲ့စွာ အားကောင်းလွန်း၏။ ထိုဒူးတိုက်ချက်သာ ထိမှန်သွားခဲ့ပါက ယွီပင်း၏ အနာဂတ် အမျိုးသားဆိုင်ရာ အရေးကိစ္စများအတွက် ဆိုးကျိုးသက်ရောက်မှုမှာ လုံးဝ ပြင်းထန်ပေလိမ့်မည်။
ရက်စက်ကြမ်းကြုတ်လွန်းလှသော ထိုတိုက်ကွက်ကို မျက်မြင်တွေ့လိုက်ရသည်တွင် ပွဲကြည့်နေကြသော အမျိုးသားအားလုံးမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြ၏။
ထိုတိုက်ကွက်သည် မည်မျှထိ နာကျင်စေနိုင်မည်အား စိတ်ကူးယဉ်ကြည့်နိုင်ပေသည်။
ကြောက်စရာကြီး!
ယွီပင်းသည် ထိုတိုက်ခိုက်မှုကြောင့် အံ့ဩထိတ်လန့်သွား၏။ သူ၏ မျက်နှာချင်းဆိုင်လက်ဝါးရိုက်ချက်ကို ချန်ကျဲ့မှ ဟန့်တားနိုင်ခဲ့လေရာ အန္တရာယ်ကို ခံစားမိလိုက်သည်။ သူ ချန်ကျိုစစ်ကို အထင်သေး၍ လျှော့တွက်မိခဲ့လေပြီ။ ချန်ကျိုစစ်၏ နောက်ထပ်တိုက်ကွက်ကို မှန်းဆကြည့်နေစဉ်၌ပင်…
ချန်ကျဲ့၏အင်အားမှ ရက်စက်ကြမ်းကြုတ်မှုကို ခံစားလိုက်ရ၏။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ သူက တကယ်တော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ! ဒီကောင်စုတ်လေးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ!
ထိုသို့တွေးတောနေရင်း ချန်ကျဲ့၏ကြမ်းကြုတ်ပြင်းထန်သော ဒူးတိုက်ချက်ကို မြင်လိုက်ရရာ ယွီပင်းမှာ ချွေးအေးများပင် ထွက်သွားရသည်။
ယွီပင်းသည် ထိတ်ထိတ်ပျာပျာဖြင့် ချောင်ကုန်သည်အဖွဲ့သားများကြား ပျံ့နှံ့နေခဲ့သော ချန်ကျဲ့၏ နာမည်ပြောင်ကို အမှတ်ရလိုက်၏။ ဥခွဲဘုရင်!
ချီး!
ယွီပင်းသည် အခြေအနေမကောင်းတော့ကြောင်း ရုတ်ချည်း နားလည်လိုက်၏။ သူ့တွင် သားသမီးရှိပြီးသားဖြစ်သော်ငြား ကုန်းကုန်းဖြစ်ဖို့ရာတော့ ဆန္ဒမရှိပါချေ။
သူ၏မိတ်ဆွေကြီးကို အလိုရှိဆဲဖြစ်ပါ၏။
ထိုသို့တွေးတောလျက် ယွီပင်း အမြန်တုံ့ပြန်လိုက်သည်။ ကျောနောက်မှ ဘယ်လက်ကို လျင်မြန်စွာ လှုပ်ရှား၍ သူ၏ပေါင်ခြံကို အသည်းအသန် ကာကွယ်လိုက်ရပေသည်။
ဂျွတ်!
ပြင်းထန်သော ထိခတ်မှုနှင့်အတူ ယွီပင်းသည် ကန်ထုတ်ခံလိုက်ရပြီး လွင့်ထွက်သွားတော့သည်။ သူ၏ပေါင်ခြံကို ကာကွယ်ရန် အသုံးပြုလိုက်သော ဘယ်လက်သည် နာကျင်မှုကြောင့် တဒုတ်ဒုတ် ကိုက်ခဲနေ၏။ လက်ကောက်ဝတ်အရိုး ကြေမွသွားသည့်အလား ခံစားနေရသည်။
ပြင်းလှစွာသော နာကျင်မှုကြီး တိုးဝင်လာခဲ့သည်။
ယွီပင်းသည် နောက်သို့ သုံးလှမ်းမျှ နောက်ဆုတ်သွားရပြီးနောက်မှ ရပ်တန့်သွားခဲ့သည်။
ထိုအခိုက်အတန့်၌ ပြိုင်ပွဲကွင်းကြီးတစ်ခုလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။
ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ။
သူတို့ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ပါ၏– ချန်ကျိုစစ်က တကယ်ကြီး ယွီပင်းကို ကန်ထုတ်ပစ်လိုက်တာပဲ!
သူ ယွီပင်းကို ကန်ပစ်လိုက်တာပဲ!
ယွီပင်းက ချန်ကျိုစစ်ကို လက်ဝါးရိုက်ချက်တစ်ချက်နဲ့ လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်တာမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား။
ဇာတ်လမ်းက ဘယ်လိုလုပ်ပြီး အလှည့်အပြောင်း ဖြစ်သွားရတာတုန်း?
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် မျက်လုံးအပြူးသားဖြင့် ကြောင်အ,နေကြ၏။
ဘာဖြစ်သွားတာလဲ။ ချန်ကျိုစစ်က ယွီပင်းကို ကန်ထုတ်လိုက်တာလား! ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူ ဘယ်လိုလုပ်လိုက်တာလဲ?
အားလုံးသည် အံ့ဩမင်သက်နေကြကာ တစ်ယောက်တစ်ပြန် ကြည့်နေကြလေသည်။
သို့သော် ခဏအကြာတွင်မူ အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
“ကောင်းတယ်!”
ဘာက ဘယ်လိုဖြစ်သွားကြောင်း နားမလည်ကြသော်ငြား ကြည့်ရသည်မှာ မိမိတို့ဘက်မှ အသာစီးရနေသည်ဟု ထင်ရ၏။ သို့ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် စိတ်လှုပ်ရှားတက်ကြွလာကြကာ စိတ်အားထက်သန်စွာဖြင့် ထောက်ခံအားပေးကြလေသည်။
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့သားများကြား၌
သင်္ဘောခေါင်းဆောင်၃သည် အံ့အားသင့်စွာဖြင့် ပြောသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ တကယ်ကြီး ယွီပင်းကို နောက်ဆုတ်သွားရအောင် လုပ်နိုင်ခဲ့တယ်။ သူ ဘယ်လိုလုပ်လိုက်တာလဲ”
“ဟုတ်တယ်၊ သူခုနက ပြသလိုက်တဲ့အင်အားက အရေပြားသန့်စင်ခြင်းအဆင့်နဲ့ လုံးဝ မတူဘူး။ သင်္ဘောခေါင်းဆောင်၂ထက်တောင် ပိုအားကောင်းသေးတယ်။ မဟုတ်မှ မဟုတ်မှလွဲရော သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်လား!”