← Chapters

လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၃

Vol. 11 Ch. 152

လက်ဝါးတစ်ချက်ဖြင့် ယွီပင်းကို သတ်ဖြတ်ခြင်း၊ အကြီးအကဲများကို အံ့ဩသွားစေခြင်း_၃

Vol. 11 Ch. 152

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်! ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ငယ်ငယ်လေးပဲ ရှိသေးတာကို!”

သင်္ဘောခေါင်းဆောင်၄သည် သင်္ဘောခေါင်းဆောင်၃ ပြောလိုက်သည့်စကားကို မယုံကြည်နိုင်ပေ။

သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။

“မဟုတ်ရင် နောက်ဆုံးတိုက်ကွက်ကို ဘယ်လိုရှင်းပြမလဲ!”

သင်္ဘောခေါင်းဆောင်၄ တိတ်ဆိတ်သွား၏။

ဟုတ်တာပဲ။ သူ အဲဒါကို ဘယ်လိုရှင်းပြမလဲ။

ထိုမျှ အင်အားကြီးမားသောတိုက်ကွက်ကို ထုတ်လွှတ်နိုင်သူမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအ‌ဆင့် သိုင်းပညာရှင်သာလျှင် ဖြစ်နိုင်ပေသည်။

ချန်ကျိုစစ်က တကယ်ပဲ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်လား။

ဒါပေမဲ့ သူအရင်က ဘာလို့ သူ့အရည်အချင်းကို ထုတ်မပြခဲ့တာလဲ။

သူ၏အင်အားနှင့် နည်းဗျူဟာများအရ စဉ်းစားကြည့်လိုက်သော် သင်္ဘောခေါင်းဆောင်၄မှာ ချွေးအေးများ စီးကျလာရသည်။

…

သူ ချန်ကျိုစစ်၏ လျှို့ဝှက်ပြီး ထောင်ချောက်မဆင်မိ၍ တော်သေးသည်။ အကယ်၍များ ချန်ကျိုစစ်သာ ငါ အဖျက်အမှောင့်တစ်ခုခုလုပ်တာကို သိသွားခဲ့ရင် ငါတော့ ဒုက္ခရောက်တော့မှာပဲ။

ငယ်ရွယ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ရဲ့ ရန်ငြိုးထားတာကိုသာ ခံရရင်တော့ကွာ…

သင်္ဘောခေါင်းဆောင်၄သည် သင်္ဘောခေါင်းဆောင်၃နှင့် အကြည့်ချင်းဖလှယ်လိုက်ကြရာ အချင်းချင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုကို မြင်တွေ့လိုက်ရသည်။

နီးကပ်သွားတယ်။ အကယ်၍များ မှားယွင်းလှုပ်ရှားမိပြီး အဲဒီတုန်းက ချန်ကျိုစစ်ကို ပြဿနာရှာခဲ့မိရင် အခုနေ ငါတို့မှာ နောင်တတရားတွေနဲ့ ခက်ခဲနေရလောက်ပြီ။ အခုတောင် တွေးလိုက်မိရင် ကြက်သီးထမိစေတယ်။

သို့သော် ယွီပင်းသည် ရှန်းထောင်မြို့တွင် နှစ်ပေါင်းများစွာတိုင် ရှိန်လောက်သောအင်အားကို ပိုင်ဆိုင်ထားသူဖြစ်ခဲ့၏။ သို့ဖြစ်ရာ ချန်ကျိုစစ်ထံတွင် ဤသို့ အလွယ်တကူ ရှုံးနိမ့်သွားပါမည်လော။

သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ မဟုတ်ဘူးလား။

ဒါပေမဲ့လည်း အဲဒီလီစန်းတင်းက ယွီပင်းရဲ့သိုင်းကွက်နှစ်ကွက်နဲ့ အရိုက်ခံရပြီး လဲသွားတာပဲလေ။ ခုနက ယွီပင်းကို တိုက်ခိုက်နိုင်လိုက်တဲ့ ချန်ကျိုစစ်ရဲ့စွမ်းရည်က ယွီပင်းက ပြိုင်ဘက်ကို အထင်မြင်သေးပြီး လျှော့တွက်ခဲ့တာကြောင့်ပဲ။ သူသာ ပြိုင်ဘက်ကို လျှော့မတွက်ခဲ့ရင် ချန်ကျိုစစ်အနေနဲ့ ယွီပင်းကို နောက်ဆုတ်သွားရစေဖို့ဆိုတာ ခက်ခဲလိမ့်မယ်။

ထိုသို့တွေးတောလျက် ချန်ကျိုစစ်ဘက်မှ ဦးစွာတိုက်ခိုက်နိုင်ခဲ့သည့် အကျိုးရလဒ်ရှိသွားသော်ငြား နောက်ပိုင်းတွင်တော့ ချန်ကျိုစစ်သည် ယွီပင်းကို အနိုင်တိုက်နိုင်စွမ်းရှိလိမ့်မည်ဟု သူတို့ မယုံကြည်ပါချေ။

လူအများစုသည် ချန်ကျဲ့မှ ယွီပင်းကို ဤတစ်ကြိမ်တွင် တိုက်ခိုက်နိုင်လိုက်ခြင်းမှာ ယွီပင်း၏ ပြိုင်ဘက်အပေါ် အထင်သေးလျှော့တွက်မှုကြောင့်ဟု တွေးကြသည်။

“ရှောင်ဟူ ငါအမြင်မှားတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”

ကျိုးချူသည် သူ၏မျက်လုံးများကို အားဖြင့် ပွတ်သပ်နေ၏။

“ခုနက ခုနက ချန်ကျိုစစ်က ယွီပင်းကို နောက်ကို သုံးလှမ်း‌ဆုတ်သွားရအောင် လုပ်နိုင်လိုက်တာမလား”

“ဟုတ်ပါတယ်!”

ချန်ရှောင်ဟူသည် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်ပါသည်၊ သူ၏အစ်ကိုကျိုစစ်.. သူ၏အစ်ကိုကျိုစစ်သည် အင်အားအကြီးဆုံးဖြစ်၏။ သို့ဖြစ်ရာ ယွီပင်းကို ဘာများ စိုးရိမ်ကြောက်ရွံ့နေရန် လိုအပ်ပါအံ့နည်း။ အစ်ကိုကျိုစစ် အနိုင်ရလိမ့်မည်ဟု သူအမြဲ သိနေခဲ့သည်ပင်။

ထိုအခိုက်အတန့်၌ ကျိုးချူသည် စိတ်လျှော့ချလိုက်ပြီး ရှောင်ဟူအား စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောသည်။

“ရှောင်ဟူ၊ ကျိုစစ် ကျိုစစ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လား”

ချန်ရှောင်ဟူမှ ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

“ဒါပေါ့ဗျာ၊ မဟုတ်ရင် အစ်ကိုကျိုစစ်က ဘယ်လိုလုပ်ပြီး ပြိုင်ပွဲစင်ပေါ်ကို တက်သွားနိုင်ပါ့မလဲ”

“ဟားဟားဟား… တကယ်ကို အရမ်းတော်တာပဲ၊ ကျိုစစ်က အရမ်းတော်တာပဲ ဟားဟားဟား…”

ကျိုးချူသည် တက်ကြွပျော်ရွှင်စွာဖြင့် ပြောနေခဲ့၏။ သူ၏ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ချေ။

ကောင်းလိုက်တာ၊ ငါ့ရဲ့ညီနောင်ကောင်းလေးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ဖြစ်နေတာပဲ။ သူက ဒါကိုလျှို့ဝှက်ထားတော့ ငါ့မှာ စိုးရိမ်မှုလွန်ကဲသွားရတယ်!

“ကျိုစစ်က ဘယ်လိုနှိမ့်ချနေထိုင်ရမယ်‌ဆိုတာ ကောင်းကောင်းသိတာပဲ။ ငါ့ကိုတောင် ပြောမပြဘူး။ ကဲပါ၊ သူ ဒီတစ်ကြိမ် အနိုင်ရခဲ့ရင် သူငါ့ကို အစားအသောက်ကောင်းတွေနဲ့ ဧည့်ခံကျွေးမွေးမှ ဖြစ်တော့မယ်။ အဲဒီအခါကျ ငါ သူ့ရဲ့အိမ်‌ပါ အကုန်ပြောင်တဲ့အထိ စားပစ်မှာ!”

ကျိုးချူသည် ပျော်ရွှင်မြူးထူးလျက် ပြော၏။

ထိုစကားကိုကြားသည်တွင် ချန်ရှောင်ဟူ ပြုံးလိုက်သည်။

သို့သော် ကျိုးချူသည် ထိုစကားအဆုံး၌ ထပ်ပြောလာပြန်သည်။

“ဒါပေမဲ့ ကျိုစစ်က အန္တရာယ်ရှိနေတုန်းပဲ။ သင်္ဘောခေါင်းဆောင်၂ကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အင်အား ရှိတာပဲ။ ဒါပေမဲ့ သူ သိုင်းကွက်နှစ်ကွက်ပဲ ခံနိုင်ရည်ရှိခဲ့တယ်။ ပြီးတော့ ကျိုစစ် အခု အသာစီးရသွားတာက ယွီပင်းက သူ့ကို အထင်သေးထားခဲ့လို့ပဲ။ ယွီပင်းသာ အတည် တိုက်ခိုက်တော့မယ်ဆိုရင်…”

ကျိုးချူသည် အနည်းငယ် ပူပန်နေဆဲပင်။

ကျိုစစ်၏ အနိုင်ရနိုင်ခြေမှာ ၃၀ရာခိုင်နှုန်းထက် မပိုပေ။

တကယ်တမ်း ထိုသို့ထင်ရခြင်းမှာ မကြာမီက ယွီပင်းမှ သင်္ဘောခေါင်းဆောင်၂ကို အနိုင်ယူလိုက်ပုံသည် အလွန် အံ့ဩထိတ်လန့်ဖွယ်ကောင်းခဲ့သောကြောင့် ဖြစ်သည်။

ချန်ရှောင်ဟူသည် ကျိုးချူ၏စကားတွင် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုလေးတစ်စ ဖြတ်ပြေးသွား၏။ သို့သော်ငြား ချန်ရှောင်ဟူသည်

“အစ်ကိုကျိုစစ် သေချာပေါက် အနိုင်ရမှာ!”ဟု ပြောခဲ့မြဲပင်။

“မင်း သူ့ကို အဲဒီလောက်တောင် ယုံကြည်တယ်လား”

ကျိုးချူသည် ချန်ရှောင်ဟူကို ကြည့်လိုက်သည်။

“အစ်ကိုကျိုစစ်က ကျွန်တော့်ကို ပြောခဲ့ဖူးတာ မှန်သမျှကို တကယ်ဖြစ်မြောက်အောင် လုပ်ခဲ့တယ်။ သူ ကျွန်တော့်ကို လိမ်မှာ မဟုတ်ဘူး။ သူ အနိုင်ရမယ်လို့ ပြောရင် သေချာပေါက် အနိုင်ရမှာပဲ!”

ချန်ရှောင်ဟူ၏ စကားတို့ကို နားထောင်ပြီးနောက် ကျိုးချူ တိတ်ဆိတ်သွားခဲ့သည်။

ထိုစဉ် ချောင်ကုန်သည်အဖွဲ့ဘက်၌ လက်အောက်ငယ်သား အဖွဲ့သားအားလုံးသည် မင်သက်နေကြသည်။

ငါတို့ရဲ့ဦးစီးမှူးယွီက ခြေသုံးလှမ်းနောက်‌ဆုတ်သွားအောင် အတွန်းခံလိုက်ရတယ်ပေါ့လေ။ ဘယ်လိုဖြစ်နိုင်မှာလဲ!

ချန်ကျိုစစ်က တကယ်ပဲ အဲဒီလောက်တောင် တော်တာလား။

သူတို့သည် ချန်ကျိုစစ်ကို အရင်က လောင်းကစားရုံကို လာရောက်ခဲ့ခြင်းကြောင့် သိကြသည်။ ချန်ကျိုစစ်သည် ဆိုးရွားလှသည့် လောင်းကစားသမားဖြစ်ကြောင်းကို လူတိုင်းသိ၏။ ထို့ပြင် အချို့သော အဖွဲ့သားများသည် ချန်ကျိုစစ်၏အိမ်ကို အကြွေးသွားတောင်းရင်း ချန်ကျိုစစ်နှင့် ရင်ဆိုင်ဖူးကြ၏။

ချန်ကျိုစစ်သည် နောက်ဆုံးတစ်ကြိမ်က ချောင်ကုန်သည်အဖွဲ့သားအချို့ကို ရိုက်နှက်ခဲ့ဖူးသော်ငြား ၎င်းမှာ မည်မျှအဓိပ္ပာယ်ရှိပါအံ့နည်း။

ထိုနေ့က ရိုက်နှက်ခံခဲ့ရသော အိမ်အစေခံများ၏ ပြောစကားအရ ချန်ကျိုစစ်သည် အရေပြားသန့်စင်ခြင်းအဆင့်ပင် မရောက်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကို အလစ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မဟုတ်ပါက သူတို့တွင် တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးရှိနိုင်ကောင်းသည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ရက်အနည်းငယ်လေးအတွင်း၌ ချန်ကျိုစစ်သည် ဦးစီးမှူးယွီကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်အထိ အင်အားကြီးမားသွားခဲ့သည်လော။

ဦးစီးမှူးယွီနဲ့ ယှဉ်ပြိုင်နိုင်တဲ့အထိလေ?

ထိုသို့တွေးတောလျက် ချောင်ကုန်သည်အဖွဲ့သားများသည် အံ့ဩလွန်း၍ စကားမပြောနိုင်ကြတော့ချေ။

တကယ့်ကိုပဲ စစ်သည်တော်တစ်ယောက်ဆိုတာ သုံးရက်လေး ခြားသွားတာနဲ့ လေးစားမှုအသစ်နဲ့ အလေးထားခံသင့်တာပါပဲလား!

ထိုစဉ် ပွဲကြည့်စင်မြင့်ထက်၌ အကြီးအကဲသုံးဦးသည် ကိုယ်စီ အတွေးများကို သိမ်းဆည်းထားကြသည်။

ကုချင်းဖုန်း၏ မျက်နှာအမူအရာသည် မောက်‌မာထောင်လွှားမှု မရှိတော့ပေ။ မျက်ခုံးနှစ်လွှာကို သိသိသာသာ တွန့်ချိုးထားလျက် မျက်လုံးအကြည့်တို့ စူးတောက်နေကာ ပြောလာ၏။

“လောင်ဖန်း မဆိုးဘူးပဲ။ ခင်ဗျားတို့ငါးဖမ်းကုန်သည်အဖွဲ့က ပါရမီရှင်တွေကို သေ‌ချာလေး ဖုံးကွယ်ထားတာပဲ။ ဒီလိုလူမျိုးတောင် ထွက်ပေါ်လာတယ်ဆိုတော့လေ!”

“ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နေတဲ့အပြင် အရည်အချင်းလည်း ပြည့်ဝတယ်။ တကယ့်ကို အလားအလာကောင်းမွန်တဲ့ ပါရမီရှင်ပဲ!”

ဤတစ်ကြိမ်တွင် ဖန်းရှစ်ကျုံးသည် အေးဆေးတည်ငြိမ်စွာ လက်ဖက်ရည်ကို ‌အရသာခံ သောက်သုံးနေခဲ့သော်ငြား သူ၏မျက်လုံးများသည်တော့ ချန်ကျဲ့ကို အာရုံစူးစိုက်နေခဲ့သည်။

တကယ့်ကို အလားအလာကောင်းမွန်တဲ့ ပါရမီရှင်ပါပဲ!

တစ်ချိန်လုံး တိတ်တဆိတ်နေခဲ့ပြီး လှုပ်ရှားလိုက်တဲ့အချိန်မှာတော့ လူတွေကို အလွန်အမင်း အံ့အားသင့်သွားစေတယ်။ ဒီလူငယ်လေးက စိတ်ဝင်စားစရာပဲ။

တစ်ပြိုင်နက်တည်းပင် ဖန်းရှစ်ကျုံး၏ မျက်ခုံးနှစ်လွှာကြား တင်းမာမှုသည် ပြေလျော့သွားခဲ့ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ဟားဟား အလစ်တိုက်ခိုက်တာကို သူရဲကောင်းအဖြစ် မသတ်မှတ်နိုင်ပါဘူးလေ။ ဒါပေမဲ့ ခင်ဗျားရဲ့ယွီပင်းကလည်း တော်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေမှာ တုံ့ပြန်နိုင်ခဲ့ပြီး တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်။ အဲဒီလိုတုံ့ပြန်မှုနှုန်းက သာမန် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တွေ မယှဉ်နိုင်လောက်မယ့် အတိုင်းအတာပဲ!”

ထိုအခါ ကုချင်းဖုန်းသည် ဖန်းရှစ်ကျုံးကို ကြည့်လိုက်ပြီး ထောက်ခံလိုက်သည်။

“အမှန်ပါပဲ!”

ထိုအချိန်တွင် အဓိက ထိုင်ခုံနေရာတွင် ထိုင်နေသည့် ကျန်းလီယဲ့သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်နေပေသည်။

နောက်ဆုံးသိုင်းကွက်က ရင်းနှီးနေသလိုပဲ။

အဲဒီသိုင်းပညာများလား?

“ရေထိန်းချုပ်လက်ဝါးသိုင်း?”

ကျန်းလီယဲ့သည် ဟွမ်ကျိုးစီရင်စုမှ ရောက်လာခဲ့သည့် ဟယ်ချွမ်တင်းရွှမ်းနှင့် အပြန်အလှန်ပြောဆိုဆက်ဆံမှု ရှိခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းလီယဲ့သည် တင်းရွှမ်းမိသားစု၏ လက်ဝါးသိုင်း၏ သိုင်းကွက်အချို့ကို ရင်းနှီးကျွမ်းဝင်မှုရှိ၏။ ဥပမာ ခုနက ချန်ကျဲ့အသုံးပြုလိုက်သည့် သိုင်းကွက်ဆိုလျှင် တင်းရွှမ်း အသုံးပြုသည်ကို မြင်ဖူးနေသကဲ့သို့ ခံစားရပေသည်။

ဒါပေမဲ့ ငါအထင်မှားနေတာပဲ နေမှာပါလေ။

All Chapters