အခြေအနေအလုံးစုံကို သက်ရောက်စေနိုင်သော အပြောင်းအလဲတစ်ခု
Vol. 46 Ch. 732
သစ်သီးနီဟိုတယ်မှ ထွက်သွားသော ချန်လွေ့က လမ်းကြားများထဲ၌ လမ်းလျှောက်နေရင်း စိတ်ပျံ့လွင့်နေခဲ့သည်။
သံလက်သီးနယ်မြေရှိ သစ်တောထဲ၌ ဖြစ်ခဲ့သည့်အရာကို သူမသိသလို မိုးရေထဲ၌ တကိုယ်တည်း လမ်းလျှောက်နေသော ဘုရင်တစ်ပါး ရှိနေခြင်းကိုလည်း မသိခဲ့ပေ။ သူက တစ်ခုကိုသာ နားလည်၏။ ကတ်သရင်းက အလွန်နီးကပ် နေသော်လည်း လက်မလှမ်းမိနိုင်ခြင်းပင်။
ရှင်က ကျွန်မ ခံစားချက်ရှိတဲ့ တစ်ဦးတည်းသော ယောက်ျားပဲ။
တကယ်လို့ ရှင်က အရိပ်နက်အင်ပါယာကို သိမ်းပိုက်ပြီးတော့ ရှင့်ရဲ့ ရူးမိုက်တဲ့ ဆန္ဒကို ပြည့်ဝချင်တယ်ဆိုရင်တော့ ရှင် အောင်မြင်သွားရင်တောင် ကျွန်မရဲ့ အလောင်းကိုပဲ ရမယ်။
ဝေးသထက် ဝေးသွားမှာလား။ အထီးကျန် အရိပ်လေး။ ချန်လွေ့က နောင်တ မရသည့်တိုင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု လှိမ့်တက်လာ၏။ ရှေ့တွင် သူ့ကို တစ်စုံတစ်ယောက် စောင့်နေသည့်အတွက် သူက သိမ့်သိမ့်တုန်သွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ ခုနက ထွက်သွားခဲ့သူက သူ၏ပထမဆုံးမိန်းမဆီမှ ဆိုလျှင် ယခုမှာ သူ ချစ်မိသွားခဲ့သော ပထမဆုံးမိန်းမ ဖြစ်ပေသည်။ အသွင်အပြင်အရ သူက အလှဆုံး မဟုတ်ဘဲ စွမ်းအားအရတွင်လည်း အစွမ်းအထက်ဆုံး မဟုတ်သော်လည်း ချန်လွေ့ အမြတ်နိုးဆုံး အမျိုးသမီး ဖြစ်ပေသည်။
“အသီနာ....”
အသီနာက အနီရောင် ကျောက်မျက်ကဲ့သို့ မျက်လုံးများဖြင့် ချန်လွေ့ကို စိုက်ကြည့်ရင်း လမ်းလျှောက်လာခဲ့သည်။ လူအများကြီးအရှေ့၌ သူက မည်သည်မှ ဟန်ဆောင်မှုမရှိဘဲ ချန်လွေ့၏လက်မောင်းကို ညင်ညင်သာသာ ပွေ့ဖက်လိုက်၏။ သူက အမှောင်လ၏ အန္တိမအုပ်စိုးသူဖြစ်ပြီး အင်ပါယာ၏ စစ်တပ်မှ ဗိုလ်ချုပ်၃ဦးမှ တစ်ဦးဖြစ်သော်လည်း ချန်လွေ့အရှေ့၌ သူက နဂိုအတိုင်း ကြင်နာတတ်သော အသီနာသာ ဖြစ်သည်။
သူက အမြဲပင် အမြတ်တနိုးထားရန် ထိုက်တန်ပေ၏။
ချန်လွေ့နှင့်အတူ ခဏကြာ လမ်းလျှောက်ပြီးနောက် အသီနာက မေးလိုက်သည်။ “သူ ဒီကို ရောက်နေတာလား။”
ရှီလန်တောင်၌ ချန်လွေ့က အသီနာအား ခရစ္စတီးနားနှင့် ပတ်သက်မှုအကြောင်း ဖွင့်ပြောပြခဲ့သည်။ အသီနာက “ခရစ္စတီးနား”ဟူသော နာမည်ကိုသိနေသည့် သူ၏ တစ်ဦးတည်းသော မိန်းမ ဖြစ်၏။ ကျန်ရှိသောသူများက ချန်လွေ့၌ အသီနာ မတိုင်ခင် အရိပ်နက်အင်ပါယာမှ မိန်းမတစ်ယောက် ရှိခဲ့ကြောင်းကိုသာ ရေးရေးလေး သိကြပေသည်။
“အင်း...”
“နင်က သိပ်ပြီးတော့ အခြေအနေ မကောင်းတဲ့ပုံပဲ။”
“တကယ် မကောင်းဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့ နောက်တစ်ခါ တွေ့ရင် ရန်သူတွေ ဖြစ်ဖို့များလောက်တယ်။”
“တောင်းပန်ပါတယ်။ အစ်ဇဘယ်လာ ပြောတာ ကြားခဲ့တယ်။ သူ့နာမည်က...”
“ရင်းနီ ဘယ်မှာလဲ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ မိန်းမငယ် တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် မင်းက မတုံ့မဆိုင်းဘဲ မိန်းမခေါင်ကို လှုပ်ရှားခိုင်းခဲ့တယ်။ မင်းကလည်း မိန်းမငယ်ဆိုတာ မမေ့နဲ့။
“တောင်းပန်သင့်တာက ကိုယ်ပါ။ အသီနာ။”
“အိမ်ပြန်ရအောင်။” အသီနာ၏ ချန်လွေ့၏ ပုခုံးပေါ်သို့ အသာလေး မှီလိုက်ပြီး အဝေးမှ အမျိုးမျိုးသော သဝန်တိုမှုများ၊ မနာလိုမှုများနှင့် မုန်းတီးသော အကြည့်များကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
“အင်း။ အိမ်ပြန်ကြမယ်။”
နွေးထွေးသော နှလုံးသားရှိသည့် ယောက်ျားဖြစ်သူက သူ့ချစ်သူ၏ ခါးကို ပွေ့ဖက်လိုက်ပြီး ရှေ့ဆက် သွားကြတော့သည်။
သုံးလေးရက် ကြာပြီးနောက်
အရိပ်နက်အင်ပါယာ၊ နန်းတော် ဘေးဖက်ခန်းမ၌-
လီလစ်ဇ်က ပြတင်းပေါက်မှတစ်ဆင့် အဝေးကို သံသယအချို့ဖြင့် ကြည့်နေသော ဧကရီကတ်သရင်းကို ကြည့်နေလိုက်သည်။ ဧကရီအရှင်မ၏ လူယုံ တစ်ယောက် ဖြစ်သည့်အလျောက် သူက လက်တလော ဧကရီတွင် အပြောင်းအလဲ အချို့ ဖြစ်နေသည်ကို ခံစားမိသည်။ အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ် အကြာက လျို့ဝှက်ခရီးမှ ပြန်လာပြီးနောက် ဖြစ်သည်။ သူက ရုတ်တရက် အဝေးသို့ ခဏခဏ ကြည့်တတ်လာသည်။ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော လီလစ်ဇ်၏ မှတ်ဉာဏ်ထဲ၌ အရှင်မ ကတ်သရင်းက စိတ်ထဲ၌ ဖြေရှင်း၍မရသော ပြဿနာများ ရှိမှသာ အဝေးသို့ ကြည့်တတ်လေသည်။
“လီလစ်ဇ်။ နင် ဘယ်လိုထင်လဲ။ မိန်းမတစ်ယောက်က တစ်ဘဝလုံးမှာ .....” ကတ်သရင်းက သေချာတွေးရင်း မေးလိုက်ပြီးနောက် နိုးထသွားဟန်တူပြီး ဆက်မပြောခဲ့ပေ။
“အရှင်မ...” လီလစ်ဇ်က အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။ “အဆင်ပြေရဲ့လား။”
ကတ်သရင်းက ခေါင်းခါသည်။ သူက ခဏတာ တိတ်ဆိတ်နေခဲ့ပြီးနောက် ပြောလိုက်သည်။ “နင်နဲ့ တာဒီလာက အမြဲတမ်း ငါ အယုံကြည်ရဆုံးလူတွေ ဖြစ်ပြီးတော့ သစ္စာရှိကြတယ်။ ဒါပေမဲ့ ငါ့ရဲ့ လျစ်လျူရှုမှုနဲ့ တကိုယ်ကောင်းဆန်မှုတွေကြောင့် နင်တို့ရဲ့ ပတ်သက်မှုက နှစ်တွေအကြာကြီး ဆွဲဆန့်ခံခဲ့ရတယ်။ စိတ်မကောင်းပါဘူး။ ဒီနေ့ကစပြီးတော့ နင်တို့နှစ်ယောက် စုံတွဲဘဝကို ပျော်ရွှင်ခံစားနိုင်ဖို့အတွက် ၂နှစ်အားလပ်ရပ် ပေးမယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ မျိုးဆက်ကောင်းကောင်း တစ်ယောက် မွေးနိုင်လောက်မှာပါ။”
လီလစ်ဇ် ရှက်သွားခဲ့သည်။ “အရှင်မ....”
“မငြင်းပါနဲ့။ ဒါက ငါ့ရဲ့လက်အောင်ငယ်သားတွေကို သိမ်းသွင်းတဲ့ နည်းလမ်း တစ်ခုလို့ပဲ သဘောထားလိုက်ပါ။ တာဒီလာက လူကောင်းတစ်ယောက်ပါ။ အချင်းချင်း တန်ဖိုးထားကြ။ ငါ့ရဲ့နောက်ခံ ရှိတာဆိုတော့ သူက နင့်ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ဒါမှမဟုတ် သူ့ကို....အများကြီး အနိုင်မကျင့်ဖို့ပဲ နင့်ကို ပြောရမလား။”
“ကျေးဇူးတင်ပါတယ်။ အရှင်မ။” လီလစ်ဇ်က နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည်။ “အဲဒါ....ကျေးဇူးပြုပြီးတော့ ကျွန်မ ရိုင်းပြမိရင် ခွင့်လွှတ်ပေးပါ။ အရှင်မက ပုံမှန်နဲ့ နည်းနည်း မတူသလိုပဲ။ ဘာလို့...”
“လျှောက်တွေးမနေနဲ့။” ကတ်သရင်းက လှေကားတစ်ထစ် ဆင်းလိုက်သည်။ “အခု သွေးရောင်အင်ပါယာရဲ့ အတွင်းရေးပြဿနာက ပြီးရုံပဲ ရှိသေးတယ်။ မဟာမင်းသား အလီရက်စ်က ဒုတိယမင်းသာ အက်မန်းကို အနိုင်ယူခဲ့ပေမဲ့ သူ့ရဲ့ ဂုဏ်သတင်းက ရိုင်ဇန်ထက် အများကြီး နိမ့်ကျသေးတယ်။ သူက အင်ပါယာရဲ့ အတွင်းရေးအခြေအနေတွေကို တည်ငြိမ်စေဖို့အတွက် အချိန်လိုတယ်။ ကြယ်ကြွေတမန်အင်ပါယာကလည်း တိုးတက်ရေးအတွက် ကြိုးစားနေကြတယ်။ ရိုင်ဇန်က လေ့ကျင့်ရေးကို အဆုံးမသတ်ရင်ပေါ့.....။ ပြောရရင် ဒီနှစ်တွေမှာ ကြီးကြီးမားမား ပြောင်းလဲမှာတွေ မရှိလောက်ဘူး။ နင် ၂နှစ်လောက် ကောင်းကောင်း အနားယူလို့ရတယ်။ ဒါက ငါ့အမိန့်ပဲ။”
“အနားယူသင့်ဆုံးက အရှင်မပါ။ ကျွန်မ မဟုတ်ပါဘူး။” လီလစ်ဇ်၏ မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။ “နှစ်ပေါင်းများစွာကြာအောင် အရှင်မက ဒီအင်ပါယာကြီးကို တစ်ယောက်တည်း ထောက်ခံထားပေးခဲ့ပြီးတော့ ပြည်သူပြည်သားတွေကို အခက်အခဲဆုံး အခိုက်အတန့်တွေကနေ ကြွယ်ဝမှုနဲ့ တည်ငြိမ်မှု ရရှိအောင်လို့ ဦးဆောင်ပေးခဲ့တယ်။ အရှင်မက ဒီအင်ပါယာအတွက် ဘယ်လောက်တောင် စတေးခဲ့လဲဆိုတာ ကျွန်မ ကောင်းကောင်းကြီး သိပါတယ်။ အရှင်မက တကယ်ပဲ ထိုက်တန်တဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ခဲ့တယ်ဆိုရင်....”
“လီလစ်ဇ်!” ကတ်သရင်း၏အသံက ရုတ်တရက် ဧကရီအသံမျိုး ဖြစ်သွားခဲ့၏။ “နင် စည်းကျော်သွားပြီ။ အခုပဲ ငါ့ရဲ့အမိန့်အတိုင်း လက်ထဲမှာရှိတဲ့ အရေးကိစ္စတွေ အားလုံးကို ရှီလူဆီ ချက်ချင်း လွှဲပေးလိုက်။”
လီလစ်ဇ်က စကား ဆက်မပြောရဲတော့ဘဲ ပြန်လည် ဦးညွှတ်လိုက်၏။ သူက ဘေးဖက်ခန်းမ တံခါးသို့ လျှောက်လာလာရာ သူ၏ လက်အောက်ငယ်သားများထံမှ သတင်းတစ်ခုကို ရရှိခဲ့သည်။
လီလစ်ဇ် ဖွင့်ကြည့်လိုက်ရာ သူ့မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူက ချက်ချင်းပင် ဘေးဖက်ခန်းမသို့ ပြန်ရောက်လာ၏။
“အရှင်မ။ ကျွန်မ အမိန့်ကို မနာခံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်.... ကျွန်မရဲ့ အားလပ်ရပ်က တကယ် ရွှေ့ဆိုင်းဖို့ လိုလိမ့်မယ်။”
ကြယ်ကြွေတမန်အင်ပါယာ အဓိကခန်းမထဲ၌ -
ရှီရာ၏ အမူအရာကလည်း အလွန်အမင်း လေးနက်နေပြီး တစ်ရက်အတွင်း “ပေါက်ကွဲထွက်လာသော” အရေးပေါ် သတင်းများကို ကြည့်နေသည်။
“သွေးရောင်အင်ပါယာရဲ့ လော့ဒ်-ရိုင်ဇန်က လေ့ကျင့်ရေးကို အဆုံးသတ်ပြီးတော့ ဒီအတွင်းရေး ပြဿနာကို ဒုတိယမင်းသာ အက်မန်းရဲ့ ပုန်ကန်မှုလို့ ကြေညာခဲ့တယ်။ ပုန်ကန်မှုကို ချေမှုန်းခဲ့တဲ့ မဟာမင်းသား အလီရက်စ်နဲ့ မင်းသားငယ် တဲရစ်တို့ကို ချီးမွမ်းခဲ့တယ်။”
“ဆုတ်ခွာသွားကြတဲ့ အက်မန်း၏ စစ်တပ်က ရုတ်တရက် ဦးတည်ဘက် ပြောင်းသွားပြီးတော့ သွေးရောင်အင်ပါယာရဲ့ ပထမဗိုလ်ချုပ် ဂူစတက်ဗ် ဦးဆောင်တဲ့ လက်ရွေးစင်ဗိုလ်ခြေထဲ ဝင်ခဲ့ပြီးတော့ တောင်ဘက်မှာရှိတဲ့ သံလက်သီးနယ်မြေမှာ ပြန်လည်ဖွဲ့စည်းနေခဲ့တယ်။ သွေးရောင်အင်ပါယာက ဗျူဟာတကျ အထောက်အပံ့တွေကို တောင်ဘက်ဆီ အပြည့်အဝ ပို့ဆောင်ပြီးပြီ။ ပြီးတော့ မှော်ဆရာခံတပ်ရဲ့ ဗိုလ်ချုပ်ဂျော့ချ်ကလည်း ခုခံကာကွယ်ဖို့အတွက် တပ်ဖွဲ့တွေကို အလောတကြီး ရွှေ့ပြောင်းခဲ့ရတယ်။”
“သွေးရောင်အင်ပါယာက အနောက်ဘက် ခံစစ်ကြောင်းကို အပြည့်အဝ အသက်သွင်းပြီးတော့ အရိပ်နက်အင်ပါယာရဲ့ ဂျာဒယ်ခံတပ်နဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပြီ။ ပြီးတော့ အရိပ်နက်အင်ပါယာဆီ သံတမန်တစ်ယောက် ပို့ထားတယ်။”
ရှီရာက လေးနက်သော အမူအရာများ ရှိနေသော ဝန်ကြီးများကို ကြည့်ပြီး ပြောလိုက်သည်။ “အားလုံးရဲ့ အမြင်ကို ကျွန်မ နားထောင်ဖို့လိုတယ်။”
လက်ဝဲဝန်ကြီးချုပ် အိုလီဗာက ပြောသည်။ “ရိုင်ဇန်ရဲ့ တပ်သားတွေ ပြန်လည်နေရာချတာက ကျုပ်တို့ကို ဦးတည်တာ အသေအချာပဲ။ ဒါက ခြိမ်းခြောက်ဖို့ မဟုတ်လောက်ဘူး။ ပြီးတော့ ဗိုလ်ချုပ်ဂျော့ချ် ရှိနေရင်တောင် မှော်ဆရာခံတပ်က သွေးရောင်အင်ပါယာ စစ်တပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် နားမလည်နိုင်တာက သွေးရောင်အင်ပါယာက အတွင်းရေး ပဍိပက္ခပြီးရုံပဲ ရှိသေးတယ်။ အင်အားတွေလည်း ပြန်မပြည့်ကြသေးဘူး။ ဘယ်လိုလုပ်ပြီးတော့ ကျုပ်တို့ အင်ပါယာကို ရုတ်တရက် အသည်းအသန် တိုက်ခိုက်ရတာလဲ။ ကျုပ်တို့က ဒါကို ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ မြောက်ပိုင်းသာ တပ်သားတွေက ချက်ချင်း ရွှေ့ပြောင်းသင့်တယ်။ အနည်းငယ်ဆုံးတော့ အစွမ်းကုန်ထုတ်မယ့် အဟုန်ကို ပြသသင့်တယ်။”
လက်ယာ ဝန်ကြီးချုပ် စတေလာက သဘောတူသည်။ “ဒါက ထူးဆန်းတယ်လို့ ကျွန်မလည်း ထင်တယ်။ သွေးရောင်အင်ပါယာရဲ့ အတွင်းရေး ပဍိပက္ခက ပြီးရုံပဲ ရှိသေးတယ်။ အခုအချိန် ရိုင်န်က သူ့ရဲ့စွမ်းအားအကုန်နဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် တကယ့်ရည်ရွယ်ချက်က အရိပ်နက်အင်ပါယာရဲ့ နည်းလမ်းအတိုင်း ကျွန်မတို့ဆီကနေ မှော်ရုပ်မြင်သံကြားနဲ့ ပြောင်းဆန်သေရည် လိုမျိုး အသစ်အစ် နည်းပညာတွေ လိုအပ်တဲ့ ပူးပေါင်းမှုတွေကို တောင်းဆိုဖို့ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ အခုလက်ရှိအင်ပါယာက အိုဆိုင်ဒန်၏ ပုန်ကန်မှုကို ချေမှုန်းပြီးခါစလိုမျိုး မဟုတ်ဘူး။ ပြီးတော့လည်း ကျွန်မတို့က အရိပ်နက် အင်ပါယာနဲ့ မဟာမိတ်ဖွဲ့ထားတယ်။ သွေးရောင်အင်ပါယာကို ကြောက်စရာလိုမယ် မထင်ဘူး။”
“ရိုင်ဇန်ကို လျှော့မတွက်နဲ့။” တော်ဝင်မိသားစုမှ အရေးပါသော ဝန်ကြီး ဆာရန်ဒီက ခေါင်းခါလိုက်သည်။ “ငါတို့က အရိပ်နက်အင်ပါယာနဲ့ စီးပွားရေး စာချုပ်ပဲ ချုပ်ဆိုထားတာ။ စစ်ရေး မဟုတ်ဘူး။ စစ်ပွဲ တကယ် ဖြစ်လာမယ်ဆိုရင် အရိပ်အနက် အင်ပါယာက ရပ်ကြည့်နေပြီးတော့ အကျိုးအမြတ် ရဖို့အတွက် အခွင့်အရေးကို စောင့်နေမှာပဲ။ အဲဒါကြောင့် ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရလိမ့်မယ်။ အင်ပါယာရဲ့ စီးပွားရေး တိုးတက်မှုက လျင်မြန်ပြီးတော့ စစ်ရေးအင်အားကလည်း နည်းနည်းချင်း အားကောင်းလာပေမဲ့ တိုက်ခိုက်ရေးစွမ်းအား ခြုံငုံကြည့်ရင်တော့ အင်ပါယာသုံးခုမှာ အနိမ့်ဆုံး ဖြစ်နေတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀တုန်းက ကျုပ် သန်းခေါင်နေအရှင်နောက် လိုက်ခဲ့ပြီးတော့ လူသားတွေကို တိုက်ခိုက်ဖို့အတွက် နတ်ဆိုးညွန့်ပေါင်းစစ်တပ်မှာ ဝင်ပါခဲ့တယ်။ အဲဒီတုန်းက ရိုင်ဇန်လည်း ရှိနေတယ်။ သူက စစ်တပ်ကို အသုံးချတာ ကျွမ်းကျင်တယ်။ ကျုပ်က နိမိတ်မကောင်းသလို စိတ်ထင့်နေတယ်။ ဒီတစ်ခေါက်က ဟန်ဆောင်တာ မဖြစ်မှာ စိုးရတယ်။”
“စိတ်ထင့်တယ် ဆိုတာက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။” အကြီးအကဲမိသားစုမှ လွန်တာစ်က သရော်ပြုံးပြုံးလိုက်သည်။ “ရိုင်ဇန်က တကယ် တိုက်ခိုက်မယ်လို့ မင်း ဘယ်လို သက်သေပြနိုင်လဲ။ ရိုင်ဇန်က ငါတို့ရဲ့ အရင်းအမြစ်နဲ့ အရည်အချင်းတွေကို တပ်မက်နေတာလို့ ငါ လောင်းတယ်။ သွေးရောင်အင်ပါယာရဲ့ လုပ်ရပ်တွေက ဖိအားပေးဖို့ သက်သက်ပဲ။ ငါတို့ အင်ပါယာဆီ လွှတ်လိုက်တဲ့ သံတမန်က လမ်းမှာ ရောက်နေလောက်ပြီ။”
လွန်တာစ် စကားပြော မပြီးသေးခင်မှာပင် အစောင့်တစ်ယောက်က သတင်း လာပို့သည်။ “မဟာရိုင်ဇန်က ကျုပ်တို့ အင်ပါယာဆီကို သံတမန်တစ်ယောက် လွှတ်လိုက်သည်။ သူက ဗိုလ်ချုပ်ဂျော့ချ်ရဲ့ ခွင့်ပြုချက်နဲ့ မှော်ဆရာခံတပ်ကို ဖြတ်ကျော်လာခဲ့ပါပြီ။”
ထိုသတင်းကို ကြားပြီးနောက် လွန်တာစ် ချက်ချင်းပင် ယုံကြည်ချက်ရှိသော မျက်နှာမျိုး ပြသလိုက်ပြီး ဆာရန်ဒီက စကားတစ်လုံးမှ မပြောဘဲ မျက်မှောင်ကြုတ်ကာ သေချာစဉ်းစားနေလေသည်။
ထိုအချန်၌ အရိပ်နက်အင်ပါယာ နန်းတော်ရှိ အဓိကခန်းမ၌လည်း အပြင်းအထန် ဆွေးနွေးနေ၏။
ပလ္လင်ပေါ်၌ တိတ်တဆိတ် စဉ်းစားနေခဲ့သော ကတ်သရင်းက နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
“ဂျာဂယ်ခံတပ်ရဲ့ ခံစစ်ကို အပြည့်အဝ တိုးမြှင့်ဖို့ ပထမဗိုလ်ချုပ် ဘရော့ခ်ကို အမိန့်ပေးလိုက်။ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဆက်ဂ်နယ်မြေဆီ စစ်ရေးလေ့ကျင့်ဖို့ လေထက်မြက် ဗိုလ်ခြေကို ဦးဆောင်ဖို့အတွက် ဒုတိယဗိုလ်ချုပ် ဗာလန်ကို အမိန့်ပေးလိုက်။ အခုအချိန်အတောအတွင်း လိုင်ရာမြို့နားကို မကပ်နဲ့ဦး။ ဒီနယ်မြေက လက်ရွေးစင်တပ်သားတွေနဲ့ ဗိုလ်ခြေတွေကို စုစည်းပြီးတော့ အချိန်မရွေး အသင့်ပြင်ထားဖို့ သွေးနွယ်နယ်မြေလော့ဒ်နဲ့ တတိယဗိုလ်ချုပ် ခရောဖို့ဒ် ပြောလိုက်။”
ဝန်ကြီးများအားလုံး ထိတ်လန့်သွားကြသည်။ ဂျာဂယ်ခံတပ်ရဲ့ ခုခံမှု အင်အားဖြည့်တင်းတာကို ဘေးဖယ်ထားလိုက်ဦးတော့။ ဆက်ဂ်နယ်မြေမှာ တပ်စွဲပြီးတော့ လေထက်မြက်ဗိုလ်ခြေရဲ့ စစ်ရေးပြတာနဲ့ ခရောဖို့ဒ်ရဲ့ လက်ရွေးစင် စုစည်းမှုတွေက ကြယ်ကြွေတမန် အင်ပါယာအတွက် ရည်ရွယ်ထားတာ အသေအချာပဲ။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မဟာကတ်သရင်းရဲ့ ဆုံးဖြတ်ချက်က.....
“ရိုင်ဇန်က သေချာပေါက် လှုပ်ရှားမယ်လို့ စိတ်ထင့်နေတယ်။ ပြီးတော့ သူက အစွမ်းကုန် သုံးလိမ့်မယ်။” မျက်နှာလွှားနောက်မှ ကတ်သရင်း၏ အနက်ရောင် မျက်လုံးများက ပါးနပ်စွာဖြင့် လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဘာလို့လဲဆိုတော့ သူက ရိုင်ဇန်မန်မွန် ဖြစ်နေလို့ပဲ။”
“စိတ်ထင့်တယ်”ဟူသော စကားလုံးက အရိပ်နက်အင်ပါယာမှ အရာရှိများက ပြက်ရယ်မပြုခဲ့ကြပေ။ အကြောင်းမှာ ကတ်သရင်းအက်စ်မိုဒက်စ်က နတ်ဆိုးဘုံရှိ ထိပ်တန်းပညာရှိ ဖြစ်နေ၍ပင်။ ထို “စိတ်ထင့်ခြင်း”က အင်ပါယာတစ်ခုလုံးကို ကယ်တင်ခဲ့ဖူးလေသည်။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် အရာရှိများ ပြန်သွားကြပြီး ကတ်သရင်း၏ အမိန့်များအတိုင်း အလျင်အမြန် ဆောင်ရွက်ကြတော့သည်။
ကတ်သရင်းက ပလ္လင်ကို မှီနေပြီး သူ့၏အကြည့်က အရှေ့ဘက်သို့ လှည့်လိုက်ကာ ဝေးကွာပြီး လေးနက်သွားခဲ့သည်။
“ရိုင်ဇန်။ ကြယ်ကြွေတမန်အင်ပါယာရဲ့ ခြိမ်းခြောက်မှုကို ရှင်လည်း သတိထားမိ သွားပြီလား။ ဒီခြိမ်းခြောက်မှု အဖူးကို မကြီးထွားလာခင် သုတ်သင် ချင်တာလား။”
“ရှင်က အရင်အတိုင်း ပြတ်သားပြီးတော့ တက်ကြွနေတုန်းပဲ။ ဒါပေမဲ့ တစ်ခါတလေတော့ တိုက်ရိုက်ဆန်တာက အထိရောက်ဆုံး နည်းလမ်းပဲ။ အဲဒီတုန်းက ကျွန်မ ပိုပြီးတော့ ပြတ်သားခဲ့ရင် အခုအချိန် ကြယ်ကြွေတမန်အင်ပါယာက ကျွန်မရဲ့ လက်ထဲကို ရောက်နေလောက်ပြီ။”
“လှုပ်ရှားဖို့ အလောကြီးနေတာပဲ။ ပြောရရင် ရှင့်ရဲ့စွမ်းအားက....”
“ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်က အရိပ်နက်အင်ပါယာအတွက် ရှားရှားပါးပါး အခွင့်အရေး တစ်ခုပဲ။”
“နတ်ဆိုးဘုံ အခြေအနေ အလုံးစုံက ထပ်ပြီးတော့ ပြောင်းလဲသွားတော့မယ်။”
ကတ်သရင်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး လက်ထဲမှ တစ်စုံတစ်ခုကို အသာလေး ထိလိုက်သည်။ “ရှင် ကျွန်မဆီ လာမှာလား။”
ထိုစကားမှ “ရှင်”ဆိုသည်မှာ ခုနကရိုင်ဇန် မဟုတ်သည်မှာ အသေအချာပင်။
အဖြူရောင် ကျောက်စိမ်းလက်ချောင်းများက အနုစိတ်သော ပစ္စည်းတစ်ခုကို ပွတ်သတ်နေ၏။