ကပ်ဘေး
Vol. 46 Ch. 733
သိပ်မကြာခင်တွင် သွေးရောင်အင်ပါယာမှ သံတမန်က ကြယ်ကြွေတမန် အင်ပါယာသို့ ရောက်ရှိလာခဲ့သည်။
မမျှော်လင့်ထားခဲ့သည်က ထိုသံတမန်သည် မဟာရိုင်ဇန် ပြောခဲ့သော စကားတစ်လုံးကိုသာ ယူဆောင်လာခဲ့ခြင်းပင်။ “အညံ့ခံ..”
ထိုအရာက နယ်မြေပိတ်ဆို့ခြင်းနှင့် လျော်ကြေးကဲ့သို့ အရှက်ရစရာ အခြေအနေ တစ်ခု မဟုတ်ဘဲ အင်ပါယာအတွက် တကယ့် သေတမ်းစာတစ်ခု ဖြစ်၏။
ထိုကဲ့သို့ အခြေအနေမျိုးက ကြယ်ကြွေတမန်အင်ပါယာ၏ ဧကရီဖြစ်စေ၊ ဝန်ကြီးများနှင့် ပြည်သူများပင်ဖြစ်စေ လက်ခံရန် မဖြစ်နိုင်ပေ။
သံတမန်က ရိုင်ဇန်၏ စကားများကို ပြန်ကြားပြီးနောက်တွင် နောက်ထပ် စကားနှစ်ခွန်းကို “ရှင်းပြ”သည်။ သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန် အင်ပါယာတို့က မဟာမိတ်စာချုပ် ချုပ်ထားသော်လည်း မဟာရိုင်ဇန်နှင့် ရီဂျန့် အိုဆိုင်ဒန်တို့ လက်မှတ်ထိုးထားခြင်း ဖြစ်သည်။ ယခုတွင် အိုဆိုင်ဒန်က “ပုန်ကန်မှု”ကြောင့် နန်းချခံလိုက်သည့်အတွက် မဟာမိတ်က အလိုလို ပယ်ပျက်သွားပြီ ဖြစ်သည်။ ရှီရာတွင် လမ်းကြောင်းတစ်ခုတည်းသာ ရှိပြီး အညံ့ခံရန်သာ ဖြစ်သည်။ ငြင်းဆန်ပါက ကြယ်ကြွေတမန်အင်ပါယာ ချေမှုန်းခံရပြီး လူစီဖာတော်ဝင်မိသားစုလည်း သုတ်သင်ခံရပေမည်။
ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း စော်ကြားခြင်းနှင့် ခြိမ်းခြောက်မှုက ကြယ်ကြွေတမန်အင်ပါယာကို ဒေါသူပုန်ထသွားစေသည်။ ရိုင်ဇန်က အိုဆိုင်ဒန် နေရာ၌ ရှီရာ အစားထိုးမှုကို “အစိုးရမဲ့ စစ်တပ်” ပုန်ကန်မှုဟူ၍ သတ်မှတ်ခဲ့သည်။ ထိုအရာက ကြယ်ကြွေတမန်ဓား အသိအမှတ်ပြုသော ရှီရာကို ဧကရီအဖြစ် အသိအမှတ် မပြုခြင်းနှင့် ညီမျှပေသည်။ ထိုကဲ့သို့ စကားမျိုးကိုသာ သည်းခံမည်ဆိုလျှင် အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှု ပျောက်ဆုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် ရှီရာက သံတမန်အား ချက်ချင်းပင်် မြို့တော်မှ နှင်ထုတ်လိုက်သည်။
အမှန်တကယ်၌ သံတမန်ဆိုသည်က ဖြတ်ညှပ်ကပ် ပြကွက်တစ်ခုသာ ဖြစ်သည်။ သွေးရောင်အင်ပါယာလော့ဒ်၏ တကယ့် ရည်ရွယ်ချက်မှာ ထင်ရှားပေ၏။ ထိုအရာကတော့ စစ်ပွဲပင်။
တကယ့် စစ်ပွဲပဲ။
ခုနက ရိုင်ဇန် ခြောက်လှန့်နေသည်ဟုသာ ယုံကြည်နေခဲ့သော လွန်တာစ်က ပြောစရာမဲ့သွားခဲ့သည်။ အိုလီဗာ၊ စတေလာနှင့် အခြားသူများက ထိတ်လန့် သွားကြသော်လည်း အရေးအကြီးဆုံးအရာက ပြန်စဉ်းစားနေရန် သို့မဟုတ် အရှက်ရနေရန် မဟုတ်ဘဲ ချဉ်းကပ်လာနေသည့် စမ်းသပ်ချက် အကြီးကြီးကိုသာ ရင်ဆိုင်ရန်ဖြစ်၏။
အသေအချာပင်။ သွေးရောင်အင်ပါယာ သံတမန်က ကြယ်ကြွေတမန် မြို့တော်က မောင်းထုတ်ခံရပြီးတော့ သံလက်သီးနယ်မြေ၏ စစ်တပ်က ချက်ချင်းပင် စတင်လှုပ်ရှားတော့သည်။ ပစ်မှတ်က ဗိုလ်ချုပ်ဂျော့ချ် ဦးဆောင်သော မှော်ဆရာခံတပ် ဖြစ်ပြီး ကြယ်ကြွေတမန်အင်ပါယာမှ လူတိုင်းကို စိတ်များ တင်းကြပ်သွားစေသည်။
လျို့ဝှက်ထောက်လှမ်းရေးဌာနက ယုံကြည်ရတဲ့ သတင်းအချက်အလက် အရဆိုရင် ဒီတစ်ခေါက် သွေးရောင်အင်ပါယာက သံလက်သီးနယ်မြေမှာ အနည်းဆုံး တပ်သား ၆သန်းလောက် ရင်းနှီးထားတယ်။ ပြီးတော့ သူတို့တွေ အားလုံးက လက်ရွေးစင်တွေပဲ။
ရှီရာ၏ စကားများကြောင့် ဝန်ကြီးများအားလုံး ထိတ်လန့်ကုန်ကြပြီး အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။
“ဘယ်လိုလုပ်ပြီး လက်ရွေးစင် ၆သန်းလောက် ရှိနိုင်မှာလဲ။ သွေးရောင် အင်ပါယာမှာ ဘယ်လိုလုပ် တပ်သားတွေ အများကြီး ရှိနေတာလဲ။ အလီရက်စ်နဲ့ အက်မန်းတို့ရဲ့ အတွင်းရေး ပဍိပက္ခက သိပ်မကြာခင်က ပြီးသွားတာ မဟုတ်လား။ ဒီသတင်းက တိကျရဲ့လား။”
“စစ်တပ်အင်အား ဒီလောက်များတယ်ဆိုရင် မှော်ဆရာခံတပ်က ဘယ်လိုလုပ်ပြီးတော့ ခုခံနိုင်မှာလဲ။”
ရှီရာက သက်ပြင်းချလိုက်သည်။ “စိတ်မကောင်းစရာကတော့ ဒီသတင်းကို အပြန်ပြန်အလှန်လှန် အတည်ပြုပြီးသွားပြီ။ အလီရက်စ်နဲ့ အက်မန်းတို့ အရင်က ရွှေ့ပြောင်းခဲ့တာတွေက သွေးရောင်အင်ပါယာရဲ့ အပေါ်ယံအင်အားတွေပဲ။ ဒါတွေက ရိုင်ဇန် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ တကယ့် ဝှက်ဖဲတွေ။”
သန်းခေါင်နေအရှင် ကျရှုံးပြီးနောက် ရိုင်ဇန်က ကတ်သရင်း၏ ဖျန်ဖြေပေးမှု အောက်တွင် အင်ပါယာသုံးခု မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခင်နှစ်များ၌ စစ်အင်အားတိုးချဲ့မှုကို လုံးဝ မရပ်တန့်ခဲ့ပေ။ အပေါ်ယံဖြစ်စေ၊ အမှောင်ထဲ၌ ဖြစ်စေ ဖြစ်သည်။ အရိပ်နက်အင်ပါယာလည်း ထိုအတိုင်းပင် ဖြစ်သည်။ အင်ပါယာက အင်အားပိုမိုကြီးမားမှသာ အမှန်တကယ် အန္တရာယ်ကင်းနိုင်၏။ ယခင်နှစ်များ အတွင်း ကြယ်ကြွေတမန်အင်ပါယာက အတွင်းရေး ပဍိပက္ခများက လုံးဝ မရပ်တန့်ခဲ့သည်က စိတ်မကောင်းစရာပင်။ အင်ပါယာနှစ်ခုနှင့်ယှဉ်လျှင် ၎င်းက အနည်းငယ်သာ တိုးချဲ့နိုင်ခဲ့သည်။
ထိုအရာက အင်ပါယာများ၏ လျို့ဝှက်နည်းလမ်းများနှင့် သွေးမြေကျ ကဲ့သို့ ပြင်ပအင်အားများ ကျူးကျော်ဝင်ရောက်ခြင်း၊ အိုဆိုင်ဒန်၏ ပါရမီက အမှန်တကယ် အလယ်အလတ်သာ ရှိနေခြင်းတို့ကြောင့်လည်း ဖြစ်လောက်ပေသည်။ စီးပွားရေး ဖြစ်စေ၊ စစ်ဆေးဖြစ်စေ၊ တိုးတက်မှု အမြန်နှုန်းက အခြားအင်ပါယာနှစ်ခုထက် များစွာ နိမ့်ပါးနေခဲ့သည်။ အုပ်စိုးမှုကို ခိုင်မာစေရန်အတွက် ထီးနန်းကို မတရား လုယူထားသော ရီဂျန့်က အတွင်းရေး ဂိုဏ်းခွဲများနှင့် သဘောထား ကွဲလွဲမှုများကို ဖိနှိပ်ရန်အတွက်သာ အင်အားအများစုကို အသုံးချခဲ့သည်။ အထူးသဖြင့် အမှောင်လကို သိမ်းပိုက်ရန်ကြိုးစားရာ၌ အင်ပါယာတစ်ခုလုံး၏ အင်အားက ကြီးကြီးမားမား လျော့ကျသွားခဲ့ပြီး လက်ရွေးစင် အများစုကို ဆုံးရှုံးခဲ့ရသည်။ အခြားသူများက ရှေ့ဆက်နေကြပြီး သူတို့က နောက်ဆုတ်နေ၏။ ထိုအရာက ၂ထဲမှ ၁နုတ်လျှင် ၁ရခြင်းကဲ့သို့ မရိုးရှင်းတော့ပေ။
ရှီရာ နန်းတက်လာပြီးနောက် အမှောင်လ၏ စီးပွားရေး အလျင်အမြန် တိုးတက်မှုနှင့် စစ်တပ်အင်အား တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာခြင်းကြောင့်သာ မဟုတ်လျှင် လက်ရှိ၌ သွေးရောင်အင်ပါယာကို ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။ မေးစရာရှိသည်က သူတို့က ယခုတစ်ခေါက် အမှန်တကယ် “ခုခံ”နိုင်မည်လား။
ယခုတစ်ခေါက်က အရိပ်နက်အင်ပါယာ ဖိအားပေးခဲ့သော ပုံစံနှင့် လုံးဝ ကွဲပြားပေသည်။ ရိုင်ဇန်က အမှန်တကယ်ပင် စစ်တပ်ကို စေလွှတ်လိုက်ပြီ ဖြစ်သည်။ သွေးရောင်အင်ပါယာလော့ဒ်က နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော အစွယ်များကို ထုတ်ဖော်ပြရန် စိတ်ဆုံးဖြတ်ထားပုံရသည်။
“ဒီစစ်ပွဲက ရှောင်လွှဲလို့ မရဘူး။ အခု ကျုပ်တို့ လုပ်ရမှာက ရန်သူရဲ့ အင်အားနဲ့ အရေအတွက်ကို မေးခွန်းမထုတ်ဘဲနဲ့ ရန်သူကို ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာပဲ။” ဆာဒန်ဒီက ပြောလိုက်သည်။ “တကယ်လို့ ဒီတစ်ခေါက် တိုက်ပွဲမှာ သွေးရောင် အင်ပါယာက အင်အားအကုန် တိုက်ခိုက်မယ်ဆိုရင် ရိုင်ဇန်မှာ သေချာပေါက် လက်ရွေးစင် ၆သန်းထက် ပိုများလောက်တယ်။ ပြီးတော့ အမြင့်ဆင့် အစွမ်းထက်ပုဂ္ဂိုလ် အရေအတွက်ကိုလည်း မသိရသေးဘူး။”
“ရိုင်ဇန် ကိုယ်တိုင်ရော။” အိုလီဗာက လူတိုင်းကို အနည်းငယ် ကြောက်လန့် သွားစေသော မေးခွန်းတစ်ခု ရုတ်တတရက် မေးလိုက်သည်။ နတ်ဆိုးဘုံရဲ့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်က ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်မှာလား။
ရှီရာက ပြောသည်။ “လက်ရှိ သတင်းအရတော့ ရိုင်ဇန်က မြို့တော်မှာ ရှိနေတုန်းပဲ။ အခုလက်ရှိတော့ စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ဖို့ မရှိသေးဘူး။ ခွဲခြမ်းလေ့လာမှုအရတော့ သူက အရိပ်နက်အင်ပါယာရဲ့ တိုက်ခိုက်မှုကို ကာကွယ်နေတာ ဖြစ်လောက်တယ်။ အရိပ်နက်အင်ပါယာနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် သတင်းဆိုးတစ်ခု ရှိတယ်။ ကတ်သရင်းက စစ်ရေးလေ့ကျင့်ဖို့အတွက် ဆင်ခြေပေးပြီးတော့ သွေးနွယ်နယ်မြေနဲ့ ဆက်ဂ်နယ်မြေမှာ တပ်ဖွဲ့တွေ အများကြီး စုစည်းနေတယ်။ ပစ်မှတ်က တဲခုလာ ခံတပ်၊ လိပ်ပြာနီနယ်မြေ ဒါမှမဟုတ် အမှောင်လနယ်မြေ ဖြစ်နိုင်လောက်တယ်။ ဒီတစ်ခေါက် ကျွန်မတို့က စစ်မျက်နှာ နှစ်ခုကို ရင်ဆိုင်ရဖို့များတယ်။”
အဆက်မပြတ်သော သတင်းဆိုးများက လူအများကို ထိတ်လန့် သွားစေသည်။ အမှန်တကယ်၌ အင်ပါယာအချင်းချင်း ပတ်သက်မှုက ထိုအတိုင်းသာ ဖြစ်သည်။ “ရင်းနှီးမှု” ဆိုသည်က အကျိုးအမြတ်များ အပေါ်၌သာ မူတည်သည်။ အကျိုးအမြတ်ကို ကျော်လွန်သွားသည်နှင့် ရင်းနှီးမှုမျက်နှာဖုံးက အချိန်မရွေး ကွာကျသွားနိုင်ပေသည်။
အရိပ်နက်အင်ပါယာကသာ အားနည်းသော အခြေအနေ၌ ရှိနေခဲ့လျှင် ကြယ်ကြွေတမန်အင်ပါယာက အကျိုးအမြတ် လုံလုံလောက်လောက် ရရှိရန် အခွင့်အရေးရှိသည့်အခါ မတုံ့မဆိုင်းဘဲ ထိုးနှက်မည်ဖြစ်သည်။
ထို့ကြောင့် လက်ရှိအခြေအနေက ကြယ်ကြွေတမန်အင်ပါယာသည် ရှုံးနိမ့်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်သော သွေးရောင်အင်ပါယာကို တိုက်ရိုက်ရင်ဆိုင်ရမည့်အပြင် နောက်မှ ဓားထိုးမည့် “မဟာမိတ်”ကိုလည်း ကိုယ်တွယ်ရဦးမည် ဖြစ်သည်။
ထိုစစ်ပွဲက မတိုက်ခင်မှာပင် ရှုံးနိမ့်နေနှင့်ပြီး ဖြစ်သည်။
ထိုစစ်ပွဲက နတ်ဆိုးဘုံ၏ တည်ဆောက်ပုံကို ပြောင်းလဲနိုင်မည့် အရာတစ်ခု ဖြစ်လောက်ပေသည်။ အင်အားကြီး သွေးရောင်အင်ပါယာ နိုင်မည်လား၊ သိုသိုသိပ်သိပ်နေသော အရိပ်နက်အင်ပါယာ အနိုင်ရမည်လား မသိရသော်လည်း မည်သူနိုင်နိုင်၊ မည်သူရှုံးရှုံး၊ ကြယ်ကြွေတမန်အင်ပါယာက ပထမဆုံး ချေမှုန်းခံရမည် ဖြစ်ပေသည်။
“ဒုတိယဗိုလ်ချုပ် ဂီရန့်က တဲခုလာခံတပ်ရဲ့ ခုခံမှုကို အပြည့်အဝ အသက်သွင်းပြီးသွားပြီ။ လိပ်ပြာနီအရှင် ဂျို့ရှ်နှင့် အမှောင်လလော့ဒ် အသီနာတို့ကလည်း ခံစစ်ကြောင်းတွေ စေလွှတ်ပြီးပြီ။ ဒါပေမဲ့ ဒီလိုဆိုရင် ငှက်တောင်ဖြူနယ်မြေဆီ ပို့နိုင်မယ့် အင်အားက တော်တော်လေး လျော့နည်းသွားမယ်။”
ရှီရာက အလွန်တည်ငြိမ်နေသေးပုံရသည်။ အင်ပါယာတစ်ခု၏ အရည်အချင်းရှိ အုပ်စိုးသူတစ်ယောက် ဖြစ်သည့်အလျောက် ကပ်ဘေးအချိန်များ၌ပင် သူက မကြောက်နေသင့်ပေ။ အနည်းဆုံး အပေါ်ယံ၌ သူ မကြောက်နေသင့်ပေ။ သို့မဟုတ်ပါက နောက်လိုက်များ အမှန်တကယ် ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ “အခြေအနေက ကျွန်မတို့အတွက် တော်တော်လေး အရေးနိမ့်နေတယ်။ ရှေ့က ရန်သူကိုလည်း မခုခံနိုင်ဘူး။ နောက်မှာကလည်း ရန်သူ ရှိနေသေးတယ်။ အခုလက်ရှိမှာတော့ အစွမ်းကုန် သေတဲ့အထိ တိုက်ခိုက်တာအပြင် တစ်ခုတည်းသော နည်းလမ်းက အရိပ်နက်အင်ပါယာနဲ့ ပူးပေါင်းပြီးတော့ သွေးရောင်အင်ပါယာကို တိုက်ခိုက်ဖို့ပဲ။”
“ဒါက တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဘာလို့ နတ်ဆိုးဘုံရဲ့ ထိပ်တန်းပညာရှိ အရိပ်နက်အင်ပါယာရဲ့ ဧကရီက သဘောတူမှာလဲ။” လက်ယာ ဝန်ကြီးချုပ် စတေလာက ခေါင်းခါလိုက်သည်။ “ပြီးတော့လည်း မဟာရိုင်ဇန်က သံတမန် စေလွှတ်ထားပြီးပြီ။ အဲဒါက ကျွန်မတို့ရဲ့ အင်ပါယာကို ခွဲဝေဖို့အတွက် ဆွေးနွေးဖို့ ဖြစ်ရမယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက မျှော်လင့်ချက်ပဲ။ ကျွန်မတို့ လက်လျှော့လို့ မရဘူး။ အရေးပေါ်အခြေအနေကြောင့် ကြင်ရာတော်မင်းသား အက်ဂ်ယောက အရိပ်နက်အင်ပါယာဆီ သွားတဲ့ လမ်းပေါ်မှာရောက်နေပြီ။” ရှီရာ မျက်လုံးထဲ၌ ပြတ်သားသော အမူအရာဖြင့် ပလ္လင်ပေါ်မှ ထလိုက်သည်။ “ကြယ်ကြွေတမန်ဓားရဲ့ ဂုဏ်ကျက်သရေက ကျွန်မတို့အားလုံးကို အဆုံးအထိ လမ်းညွှန်ပြသလိမ့်မယ်။ ကျွန်မက တိုက်ပွဲကို ကြီးကြပ်ဖို့အတွက် မှော်ဆရာခံတပ်ဆီ သွားမယ်။ ရှီရာ လူစီဖာက အင်ပါယာနဲ့အတူ အသက်ရှင်ပြီးတော့ အင်ပါယာနဲ့အတူသေဖို့ သစ္စာဆိုတယ်။”
မှော်ဆရာခံတပ်၌ -
ကောင်းကင်က တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေ၏။
ဗိုလ်ချုပ်ဂျော့ချ်က တော်ဝင်မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဒီစ်ဂျာရို ဦးဆောင်သော စစ်ကူများနှင့် အထောက်အပံ့များ ရောက်လာကြောင်း သတင်းရလိုက်သည်။ သို့ရာတွင် မျက်မှောင်ကြုတ်နေသည်က လုံးဝ မပြေလျော့ သွားခဲ့ပေ။ အကြောင်းမှာ ကြယ်ကြွေတမန်အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် အနေဖြင့် ဖော်ပြ၍မရအောင် ခက်ခဲကြမ်းတမ်းသော စမ်းသပ်ချက်တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည့် အတွက်ကြောင့်ပင်။
နွေးထွေးသော လက်တစ်ဖက် ဆန့်တန်းလာပြီး သူ့ကျောဘက်မှ လက်ဝါးကို ကိုင်လိုက်၏။ မျက်လုံးမှိတ်ထားလျက်ပင် ထိုလက်က မည်သူ့လက်ဖြစ်ကြောင်း ဂျော့ချ် သိလေသည်။
“ဂလိုရီယာ။ သွေးရောင်အင်ပါယာစစ်တပ် အခြေအနေ ဘယ်လိုရှိလဲ။”
“အခုလက်ရှိမှာတော့ ရန်သူက နင်ဘတ်စ်မြို့အရှေ့၌ စခန်းချပြီးတော့ စုစည်းနေကြတယ်။ ဒီနေ့လယ်က ရောက်လာတဲ့ ပထမဗိုလ်ချုပ် ဂူစတက်ဗ် ဦးဆောင်တဲ့ သွေးနီဗိုလ်ခြေကို ရေတွက်မယ်ဆိုရင် အရေအတွက်က ၂သန်း ကျော်တယ်။ သူတို့က အခုအထိ မတိုက်ခိုက်သေးပေမဲ့ အရေအတွက်က တိုးနေတုန်းပဲ။ နင်ဘတ်စ်မြို့က မြို့သူ/သားတွေကို အားလုံးကိုတော့ ရွှေ့ပြောင်း ပြီးသွားပြီ။ လျို့ဝှက်မှော်အပေါက်တွေ အားလုံးကိုလည်း အသက်သွင်းပြီးသွားပြီ။”
“မှော်ဆရာခံတပ်ရဲ့ မြို့စောင့်တပ်က ငါးသိန်းရှိတယ်။ မြို့တော်ကနေ စစ်ကူလာမှာက သုံးသိန်း။ ပြီးတော့ ငှက်တောင်ဖြူနယ်မြေရဲ့ တပ်သားတွေက ၁၁သိန်း ရှိတယ်။ အရေအတွက်က သိပ်မကွာသလို ထင်ရပေမဲ့ သွေးရောင် အင်ပါယာစစ်တပ်က တပ်သားတွေအားလုံးက အရည်အချင်းရှိတဲ့ လက်ရွေးစင်တွေပဲ။ မှော်ဆရာခံတပ်ရဲ့ မြို့စောင့်တပ်ကလွဲပြီးတော့ မြို့တော်ရဲ့ စစ်ကူနဲ့ ငှက်တောင်ဖြူနယ်မြေက တပ်သားတွေက အများကြီး နိမ့်ကျတယ်။ ငါတို့တွေ ထိပ်တိုက် ရင်ဆိုင်ကြမယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်မှာပဲ။ ပြီးတော့ ဒါက ရန်သူရဲ့ ရှေ့ပြေးတပ်ပဲ ရှိသေးတယ်။ ရိုင်ဇန်က ဒီလိုမျိုး ပြတ်သားတဲ့ အင်အားကုန် တိုက်ခိုက်မှုမျိုး လုပ်လာမယ်လို့ မထင်ထားခဲ့ဘူး။ ဒီတိုက်ပွဲက ငါ့ဘဝမှာ နောက်ဆုံးတိုက်ပွဲ ဖြစ်ဖို့များတယ်။ မင်း....”
“ကျွန်မကို ထွက်သွားခိုင်းတာမျိုး အဓိပ္ပာယ်ရှိတာတွေ မပြောပါနဲ့။” မဒမ်- နဂါးနီက ခနဲ့လိုက်သည်။ သူ၏ အနီရောင်မျက်လုံးများက ပုံမှန်အေးစက်မှုနှင့် လုံးဝကွဲပြားနေပြီး ညင်သာမှုတစ်ခုဖြင့် ပြည့်နှက်သွားခဲ့သည်။ “အဲဒီတုန်းက ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ကျွန်မတို့က အမြဲတမ်း အတူတူ ရှိနေသွားမှာ။”
ဂျော့ချ်က ခဏကြာ တိတ်ဆိတ်နေပြီး စကားမပြောခဲ့ပေ။ သူက လက်ကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားလိုက်၏။
“ချန်လွေ့ ပို့လိုက်တဲ့ စစ်လက်နက်အသစ်တွေကို နေရာချပြီးသွားပြီ။ မှော်ဆရာ ခံတပ်ရဲ့ ခံစစ်အင်အားက အရင်ကထက် အများကြီး ပိုအားကောင်းနေတယ်။ ရိုင်ဇန်ကိုယ်တိုင် ရောက်လာရင်တောင် အချိန်ခဏလောက်အထိ ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး။” မဒမ်-နဂါးနီက ယောက်ျားဖြစ်သူ၏ ကျောကို အသာလေး မှီလိုက်၏။ “အသီနာ အတွက်ကတော့..... ရှင် သိပ်ပြီးတော့ စိတ်ပူစရာ မလိုပါဘူး။ ရှင့်သမီးက အရွယ်ရောက်နေပြီ။ ပြီးတော့ သူ့ကို ကာကွယ်ပေးနိုင်မယ့် ယောက်ျား တစ်ယောက်ကို ရှာတွေ့ထားပြီ။ သူက အန္တရာယ်တစ်ခုခု ကြုံရရင်တောင် ချန်လွေ့ ရှိနေတာပဲ။ ပြီးတော့ အဲဒီနဂါးတွေလည်း ရှိနေတယ်။ အဆိုးဆုံး ဖြစ်လာရင်တောင် သူ ထွက်ပြေးနိုင်သေးတာပဲ။”
ဂျော့ချ်က ခေါင်းညိတ်လိုက်သည်။ “အရိပ်နက်အင်ပါယာက သွေးရောင် အင်ပါယာနဲ့ မတူဘူး။ ဒါပေမဲ့ လျှော့တွက်လို့လည်း မရဘူး။ ငါ့သမီးနဲ့ငါက နတ်ဆိုးဘုံရဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်နဲ့ ထိပ်တန်းပညာရှိတို့နဲ့ အသီးသီး ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အမှောင်လရဲ့အင်အားက အရင်ကလို မဟုတ်တော့ဘူး။ မြေနေရာ အသာစီးရထားတဲ့ ဝါလန်ခံတပ်လည်း ရှိနေသေးတယ်။ အဲဒါကြောင့် အရိပ်နက်အင်ပါယာက အမှောင်လကို ပထမဆုံးအနေနဲ့ မတိုက်ခိုက် လောက်ဘူး။ သူတို့ အဓိကပစ်မှတ်ထားမှာက အတော်လေး အားနည်းတဲ့ လိပ်ပြာနီ နယ်မြေ ဖြစ်ဖို့များတယ်။ သွေးရောင်အင်ပါယာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ငါတို့ ထိထိရောက်ရောက် ခုခံနိုင်မယ်ဆိုရင် အသီနာအပေါ်မှာ ရှိတဲ့ ဖိအားတွေက နည်းဗျူဟာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အတော်လေးကို လျော့ပါးသွားမှာပဲ။”
“ဗိုလ်ချုပ်!” ဂျော့ချ်၏ ညာလက်ရုံး ဖရန်စစ်က အလျင်အမြန် လာရောက် သတင်းပို့သည်။ “သွေးရောင်အင်ပါယာစစ်တပ်က စခန်းချရာကနေ ရှေ့ကို တက်လာကြတယ်။”
“အချိန်ကိုက်ပဲ။ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ စစ်တပ်တစ်ခုလုံးကို အမိန့်ပေးလိုက်။ မှော်ဆရာခံတပ်က ဘယ်လိုမျိုး အင်အားအကြီးဆုံးနဲ့ ဖျက်ဆီးလို့ မရဘူးလဲဆိုတာကို သွေးရောင်အင်ပါယာက လက်ရွေးစင်ဆိုတဲ့ဟာတွေကို ပြလိုက်။ အင်ပါယာအတွက်! ဧကရီအရှင်မ အတွက်!”
ဂျော့ချ်က ပင့်သက်ရှိုက်လိုက်ရာ ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ် ပေါက်ကွဲထွက်လာပြီး စွမ်းအားပါဝင်သောအသံက အဝေးသို့ ပျံ့နှံ့သွားခဲ့သည်။ မဒမ်-နဂါးနီနှင့် ညာလက်ရုံးတို့မှ ခံတပ်ရှိ စစ်သည်များအားလုံးအထိ ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ပြည့်နှက်သွားတော့သည်။
အဝေးမှ တိမ်တိုက်နက်များကိုကြည့်ရင်း ပထမဗိုလ်ချုပ်က စိတ်ထဲ၌ စကားတစ်ခွန်း ပြောလိုက်သည်။ “ပြီးတော့ ငါ့ရဲ့ အချစ်ဆုံး သမီးလေးအတွက်...”