← Chapters

ရွေးချယ်မှု ပြုလုပ်ခြင်း

Vol. 46 Ch. 735

ရွေးချယ်မှု ပြုလုပ်ခြင်း

Vol. 46 Ch. 735

“ချန်လွေ့က အိုင်းစစ်နဲ့ ပထမဆုံး တွေ့ကတည်းက ကျွန်မ သံသယ ဝင်နေခဲ့တာ။” ကတ်သရင်းက ချန်လွေ့ကို တိတ်တိတ်လေး ကြည့်နေသည်။ “အဲဒီ သံသယကြောင့် ရှင့်မှာ ဟာကွက်တွေ ပိုပိုပြီး ရှိလာတယ်။ အရင်တစ်ခေါက် ကြယ်ကြွေတမန်အင်ပါယာဆီ ကျွန်မသွားတုန်းက ရှင်သုံးခဲ့တဲ့ အစွမ်းထက် အစားထိုးတစ်ယောက်ကြောင့် ကျွန်မ ဇဝေဇဝါ ဖြစ်သွားခဲ့သေးတယ်။ ဒါပေမဲ့ ဒီနေ့ ရှင့်ကို မြင်မြင်ချင်း ဘယ်သူလဲဆိုတာကို လုံးဝ အတည်ပြုနိုင်ခဲ့တယ်။”

“မင်းရဲ့ မျက်လုံးကနေ ငါ တကယ် မပုန်းကွယ်နိုင်ဘူးပဲ။” ချန်လွေ့က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ ကတ်သရင်းက ကြယ်ကြွေတမန် အင်ပါယာသို့ သွားခဲ့စဉ်က ချန်လွေ့သည် လူသားလောကသို့ ရောက်နေခဲ့ပြီး အစ်ဇဘယ်လာက သူ့နေရာတွင် ဇိုလာကို အစားထိုးရန် အကြံပြုခဲ့သည်။ ကတ်သရင်း ရောက်လာကြောင်း သိခဲ့ပါက ချန်လွေ့သည် သေချာပေါက် ကိုယ်တိုင် သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပို၍စောစော ပေါ်သွားမည်ဖြစ်၏။

“ကျွန်မကိုယ်ကျွန်မ အပေးအယူအနေနဲ့ မတုံ့ဆိုင်းဘဲ သုံးခဲ့တုန်းကတောင် ရှင်ဘာလို့ ငြင်းခဲ့လဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီ။ ရှီရာက ရှင့်ကို အစောကြီးကတည်းက အပေးအယူ လုပ်ခဲ့တာကိုး။” ကတ်သရင်း၏ တောက်ပသော မျက်လုံးထဲ၌ သဘောပေါက်သွားသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ “ဒီလိုဆိုရင် အရင်ကသံသယတွေ ရှင်းလင်းသွားပြီ။ အမှောင်လ ကပ်ဘေးကို ပြောင်းပြန်လှတာကနေ အိုဆိုင်ဒန်ကို နန်းချတဲ့အထိ ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာ ဖွံ့ဖြိုးတိုးတက်လာတွေက ရှင့်မှာ ထိန်းချုပ်မှု အပြည့်အဝ ရှိတာပဲ။ ဒါက ကြယ်ကြွေတမန်အင်ပါယာတစ်ခုလုံးကို ရှင့်လက်ထဲမှာ ကိုင်ထားသလိုမျိုးပေါ့။ သွေးရောင်အင်ပါယာရဲ့ ကျူးကျော်မှုကြောင့်သာ မဟုတ်ရင် ရှင့်မှာ တိုးတက်အောင် လုပ်ဖို့အတွက် အချိန် လုံလုံလောက်လောက် ရှိတယ်။ ကြယ်ကြွေတမန်အင်ပါယာရဲ့ အင်အားက နှစ်အနည်းငယ်အတွင်း ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိကို ရောက်သွားလိမ့်မယ်။ အရိပ်နက်အင်ပါယာနဲ့ သွေးရောင်အင်ပါယာကတောင် ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ နတ်ဆိုးဘုံတစ်ခုလုံးက လူသားဖြစ်တဲ့ ရှင့်ရဲ့ ထိန်းချုပ်မှု‌အောက်ကို လုံးဝ ရောက်သွားလိမ့်မယ်။ သိပ်ကောင်းတဲ့ နည်းလမ်းပဲ။ သိပ်ကောင်းတဲ့ အကြံ။”

နည်းလမ်းတွေ။ နတ်ဆိုးဘုံကို လူသားတစ်ယောက်က ထိန်းချုပ်တာ ဟုတ်လား။ ချန်လွေ့က မျက်လုံးပြူးသွားပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ငါ့မှာ အဖြေပေးစရာ တစ်ခုပဲရှိတယ်။ မင်း အတွေးလွန်နေပြီ။ မင်း ရူးမိုက်တယ်လို့ သတ်မှတ်ခဲ့တဲ့ ယောက်ျားတ်ယောက်က ဒီလိုမျိုး ကြီးမားတဲ့ ရည်မှန်းချက်မျိုး ရှိတယ်လို့ ထင်တာလား။”

ကတ်သရင်းက ချန်လွေ့၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲ၌ မြင်ကွင်းများ ပေါ်ထွက်လာခဲ့သည်။ အသံတိတ်ညစိမ့်မြေထဲ၌ ဘရော့ခ်ကို အသည်းအသန် နေရာရွှေ့ပြောင်းနေသော ယောက်ျား တစ်ယောက်၏ စိတ်ပိုင်းဖြတ်ထားသောပုံရိပ်။ ထို့နောက် သလင်းကျောက်တောင်ကြား၌ သူ၏ နှလုံးသားကို တင်းတင်းကြပ်ကြပ်‌ ညှစ်ခြေလိုက်သည့်ပုံရိပ်။ ကတ်သရင်း၏ အကြည့်များက ပျော့ပျောင်းသွားခဲ့သည်။ ဟုတ်တယ်။ ရှင်က တကယ့်ကို ရူးမိုက်တဲ့သူ တစ်ယောက်ပဲ။

သူက ချက်ချင်းပင် အကြည့်ကို ဘေးဖက်သို့ လွှဲလိုက်ပြီး ထိုပျော့ကွက်ကို သတိမထားမိသွားစေရန် အေးစက်စက် ပြုံးလိုက်သည်။ “ကျွန်မ အတွေးလွန်တာ ဖြစ်ချင်ဖြစ်မယ်။ ရှင်က မိန်းမတွေကို စွဲလမ်းနေတဲ့ အကျင့်ပျက်လူတစ်ယောက်ပဲ။ အခု ရှင့်ရဲ့ ပါရမီနဲ့ သဘာဝကို ဟိုးကတည်းက မြင်ခဲ့တဲ့ ဧကရီ ရှီရာကို ကျွန်မ လေးစားမိသွားပြီ။ သူက ရှင့်ကို စိတ်တက်ကြွစေဖို့အတွက် သူ့ရဲ့အလှတရားကို စတေးဖို့ မတုံ့ဆိုင်းခဲ့ဘူး။ ဒါက အမှောင်လကို နိမ့်ကျနေရာက မြင့်တက်လာစေ ခဲ့တယ်။ အိုဆိုင်ဒန်ကို မဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသပြီးတော့ ထီးနန်းကို ပြန်ရရှိခဲ့တယ်။ ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာကို ဒီအဆင့်အထိ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။”

“ကိစ္စတွေက မင်းထင်သလို မဟုတ်ဘူး။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ရှီရာနဲ့ငါက အစတုန်းက သာမန်ရင်းနှီးမှုပဲ ရှိတယ်။ မင်းကိုငါ အသံတိတ်ည စိမ့်မြေမှာ ပထမဆုံး တွေ့တုန်းက အမှောင်လနယ်မြေကနေ ဘယ်လိုမျိုး ထွက်ပြေးရမလဲဆိုတာ စဉ်းစားနေတုန်းပဲ။ နောက်တော့...ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်။ အဲဒီနောက် ငါတို့ တကယ် အတူတူ ဖြစ်သွားခဲ့တာ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူနဲ့ငါကြားက ရင်းနှီးမှုအဆင့်က....ငါတို့လောက် မကောင်းဘူး။”

ကတ်သရင်းက ရှင်းပြ၍မရဘဲ စိတ်ရှုပ်သွားခဲ့ပြီး သရော်ပြုံးပြုံးလိုက်သည်။ “မရနိုင်တဲ့အရာက အကောင်းဆုံးဆိုတာ အသေအချာပဲ။ သူက ငါထင်ထားတာထက် ပိုပြီးတော့ ပါးနပ်တဲ့ပုံပဲ။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ “မင်းရဲ့စိတ်ထဲမှာ တန်ဖိုးနဲ့ အပေးအယူလိုမျိုး စကားလုံးတွေပဲ ရှိတာလား။”

“အုပ်ချုပ်သူ တစ်ယောက်က အေးစက်ပြီးတော့ ရက်စက်ရမယ်။ ခံစားချက်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်က အင်ပါယာကို နိမ့်ကျစေပြီးတော့ ပျက်သုဉ်းစေလိမ့်မယ်။ ကျွန်မက အင်ပါယာရဲ့ မျှော်လင့်ချက်ကို ပုခုံးပေါ် ထမ်းထားတဲ့အတွက် ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကြောင့် လွှမ်းမိုးခံမှာ မဟုတ်ဘူး။ ကျွန်မရဲ့ မောင်နှမတွေကို သတ်လိုက်တဲ့ အချိန်ကစပြီးတော့ ကျွန်မရဲ့ လက်ထဲမှာ သွေးတွေ ပြည့်နေရင်တောင် အင်ပါယာအတွက် အရာအားလုံးကို လုပ်မှာပဲ။ တကယ်လို့....” ကတ်သရင်းက စကားကို အဆုံးမသတ်ခဲ့ပေ။ တဖြည်းဖြည်း အေးစက်လာသော မျက်လုံးများက အဓိပ္ပာယ်ကို ညွှန်ပြနေ၏။ သူက ချန်လွေ့ကို ခံစားချက် ရှိသည့်တိုင် ထိုအရာကြောင့် စိတ်ပြောင်းမည် မဟုတ်ပေ။

ချန်လွေ့က ကတ်သရင်း၏ မျက်လုံးထဲမှ အေးစက်မှုကို တည့်တည့် စိုက်ကြည့်လိုက်သည်။ “ဒါက မင်းရဲ့ တကယ့် အစစ်အမှန်လို့ ပြောချင်နေတာလား။”

“ဒါက အမြဲတမ်း ကျွန်မရဲ့ အစစ်အမှန်ပဲ။ အချိန်ဖြုန်းပြီးတော့ ကျွန်မကို ဖျောင်းဖျနေစရာမလိုတော့ဘူး။ ကျွန်မရှင့်ကို မလျှော့တွက်ထားဘူး။ ဒီနေ့ ကျွန်မ ရှင့်ကို အမှန်အတိုင်း ရှင်းပြမယ်။”

ကတ်သရင်း၏ စိတ်နေသဘောထား ပြောင်းလဲသွားပြီး လေးနက်သော အမူအရာတစ်ခု ပြသလိုက်သည်။ “ကြယ်ကြွေတမန်အင်ပါယာက ရှုံးနိမ့်မယ်ဆိုတာ ရှင် သေချာသိသင့်တယ်။ ဒါပေမဲ့ ကြယ်ကြွေတမန်အင်ပါယာကို အနိုင်ရဖို့အတွက် ရိုင်ဇန်အတွက် လွယ်ကူမှာ မဟုတ်ဘူး။ ကျွန်မရဲ့ လျို့ဝှက်နည်းလမ်းတွေနဲ့ဆိုရင် အနည်းဆုံး သူ၏တပ်သားတစ်ဝက်က ဆုံးရှုံးသွားရမှာပဲ။ ကျွန်မက အမှောင်လနဲ့ လိပ်ပြာနီနယ်မြေကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ရန်သူတွေ အားကုန်တဲ့အထိ စောင့်နေပြီးတော့ ခံစစ်ကောင်းကောင်းနဲ့ ဗျူဟာချပြီး အသာစီးရယူရုံပဲ။ ၁၀နှစ်အတွင်း သွေးရောင်အင်ပါယာက အရိပ်နက်အင်ပါယာကို ကိုင်တွယ်ဖို့ စွမ်းဆောင်ရည်ရှိမှာ မဟုတ်ဘူး။ ရှင်ကူညီမယ်ဆိုရင် အရိပ်နက်အင်ပါယာက ၁၀နှစ်ထဲမှာ သွေးရောင်အင်ပါယာထက် သာလွန်သွားလိမ့်မယ်။ ရိုင်ဇန် ရှိနေရင်တောင် သွေးရောင်အင်ပါယာက ကျွန်မရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး။ ကြယ်ကြွေတမန်အင်ပါယာကို ဖျက်ဆီးဖို့အတွက် ကျွန်မကိုကူညီဖို့ အရိပ်နက် အင်ပါယာနဲ့ ပူးပေါင်းလိုက်။ ပြီးရင် သွေးရောင်အင်ပါယာကို ဖျက်ဆီးပြီးတော့ နတ်ဆိုးဘုံသမိုင်းမှာ ပထမဆုံး ပေါင်းစည်းထားတဲ့ အင်ပါယာတစ်ခု တည်ထောင်တာပေါ့။”

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကတ်သရင်းက ဆက်ပြောသည်။ “ရှင်က ကျွန်မ သဘောကျတဲ့ တစ်ဦးတည်းသော ယောက်ျားပဲ။ ထီးနန်းကလွဲပြီးတော့ ရှင့်ရဲ့လိုအပ်ချက်အကုန်ကို ဖြည့်ဆည်းပေးနိုင်တယ်။ ကြယ်ကြွေတမန်အင်ပါယာ ပျက်စီးသွားတာနဲ့ ရှီရာရဲ့ စရိုက်အရဆိုရင် အရှက်တရားနဲ့ အသက်ရှင်မှာမဟုတ်တာ သေချာတယ်။ သူ မသေရင်တောင် ရိုင်ဇန်နဲ့ ကျွန်မက သူ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ သူက လွဲပြီးတော့ တခြားမိန်းမတွေအားလုံးကို ကျွန်မ သည်းခံနိုင်တယ်။ ဒါက ကျွန်မရဲ့ နောက်ဆုံး အကန့်အသတ်ပဲ။ ဒါက ရှင့်ကို ပေးတဲ့ နောက်ဆုံး အခွင့်အရေးပဲ။ ကျွန်မတို့က ပါးနပ်တဲ့ သူတွေနဲ့။ ဒီတော့ အချိန်ဖြုန်းမနေနဲ့တော့။ ရှင့်အဖြေကို ကျွန်မ ချက်ချင်း ကြားချင်တယ်။”

ထိုကဲ့သို့ ကမ်းလှမ်းမှုမျိုးက “ရက်ရောသည်”ဟု ‌ဖော်ပြ၍ မရနိုင်တော့ပေ။ နတ်ဆိုးဘုံရှိ ထိပ်တန်းမိန်းမလှ ဧကရီက တခြားမိန်းမများနှင့် အဆင်ပြေကြောင်း ကမ်းလှမ်းချက်က စိတ်ကူးကြည့်၍ မရနိုင်အောင် ဖြစ်သည်။ နတ်ဆိုးဘုံတွင် ၎င်းကို ငြင်းနိုင်သော ယောက်ျား မရှိသလောက်ပင်။

ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ထိုအရာက နှစ်ခုထဲမှ တစ်ခုရွေးချယ်ရသော မေးခွန်း ဖြစ်၏။ ထိုအဖြေက မမျှော်လင့်ထားသော ရွေးချယ်မှုတစ်ခု မဟုတ်သော်လည်း ကတ်သရင်းက ပုံမှန် တည်ငြိမ်မှု ပျောက်ဆုံးသွားသကဲ့သို့ပင် ရုတ်တရက် မကျေမနပ် ဖြစ်သွားသည်။ “ရှီရာက ဒီ‌လောက် အရေးပါတာလား။ ဒီအခြေအနေမှာ ကိုယ့်လမ်းအတိုင်း ဆက်သွားရင် သူနဲ့အတူ သေဖို့ပဲ ရှိတယ်။”

“အုပ်ချုပ်သူတစ်ယောက်ရဲ့ အာဏာတွေအကြောင်း ငါ မသိဘူး။ ငါသိတာ တစ်ခုပဲ ရှိတယ်။ တစ်နေ့ကျရင် ငါချစ်တဲ့မိန်းမရဲ့ ဆန့်ကျင်ဘက်မှာ တစ်လောကလုံး ရှိနေရင်တောင် သူ့ဘေးမှာ ငါ ရှိနေမှာပဲ။”

“နားလည်ပြီ။” ကတ်သရင်းက ပင့်သက်ရှိုက်လိုက်ပြီး သူ၏ အနက်ရောင် မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ် အငွေ့အသက် ထွက်လာသည်။ သူ၏ ဆံပင်အရှည်ကလည်း လေမတိုက်ဘဲ စတင်လှုပ်ရှားလာသည်။ ခြံဝင်းက ရုတ်တရက် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွား။ “ရှင်က ငြင်းတယ်ဆိုမှတော့... အင်ပါယာ အသက်ရှင်ဖို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နိုင်တဲ့ ရန်သူတစ်ယောက်ကို ကျွန်မ သည်းခံမှာ မဟုတ်ဘူး။”

“ဒီခြံဝင်းမှာ တယ်လီပို့ခုန်တာနဲ့ ထွက်သွားတာကို တားဆီးထားတဲ့ မှော်စက်ဝိုင်းတစ်ခု ရှိတယ်။ ရောက်လာကတည်းက ငါ ခံစားမိခဲ့တယ်။ ကြည့်ရတာ မင်းက ဟိုးကတည်းက ပြင်ဆင်ထားခဲ့တဲ့ပုံပဲ။” ချန်လွေ့က သက်ပြင်းချလိုက်၏။ “ဒီလောက်အထိ လုပ်စရာ တကယ်လိုလို့လား။”

“ကျွန်မ ရှင့်ကို ရွေးချယ်စရာ ပေးခဲ့ပြီးပြီ။” ကတ်သရင်း၏အသံက ခြောက်ခြားဖွယ် ကောင်းသွားပြီး နေရာလွတ်တစ်ခုလုံး ရုတ်တရက် လောင်ကျွမ်းသွားကာ ချန်လွေ့၏မျက်လုံးထဲ၌ မီးတောက်များသာ ကျန်တော့သည်။ မီးတောက်နက်များပင်။

ကတ်သရင်းက ချက်ချင်းပင် အစွမ်းထက်ဆုံးသော [ ဇာမဏီနက်ပိုင်နက် ] ကို အသုံးပြုခဲ့သည်။ မီးတောက်နက်နေရာလွတ်ထဲတွင် ချန်လွေ့၏ ပတ်ပတ်လည်၌ ရွှေရောင်ပုံရိပ်၄ခု ပေါ်ထွက်လာခဲ့၏။

“ဘုန်း...ဘုန်း!”

မှော်ဆရာခံတပ်မှ မှော်သလင်းကျောက် အမြောက်များက မီးတောက်များ အဖြစ်သို့ ပေါက်ကွဲထွက်ကုန်သည်။ ဖျက်ဆီးခြင်းအလင်းရောင် ဖြတ်သွားသော နေရာတိုင်း၌ အထူးပြုလုပ်ထားသော တန်ပြန်ဒိုင်းများပင် တိုးမြှင့်ထားသော မှော်သလင်းကျောက်အမြောက်ကို လုံးဝ မခုခံနိုင်ခဲ့ပေ။ ဒိုင်းကာကိုင်ထားသော စစ်သည်များက ဗဟာနတ္ထိ ဖြစ်သွားကြသည်။ သို့ရာတွင် တန်ပြန်ဒိုင်းကာက လုံးဝ အသုံးမဝင်ည်တော့ မဟုတ်ပေ။ မှော်သလင်းကျောက် အမြောက်များ၏ သေစေနိုင်မှုကို အတော်လေး လျှော့ချပေးနိုင်ခဲ့၏။

သွေးရောင်အင်ပါယာစစ်တပ်က သေချာလေ့ကျင့်ထားသော လက်ရွေးစင်များ အဖြစ် ထိုက်တန်လှပေသည်။ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားသော်လည်း အခင်းအကျင်းက လုံးဝ မပျက်ပြားသွားပေ။ နတ်ဆိုးဘုံရှိ အကြီးမားဆုံးနှင့် အခိုင်မာဆုံး ခံတပ်မြို့တော်ဖြစ်သော မှော်ဆရာခံတပ်နှင့် ရင်ဆိုင်ရသည့်အခါ စစ်သည်များက မူလအမြန်နှုန်းအတိုင်း ရှေ့ဆက်သွားနေကြသည်။ ယခင်က နင်ဘတ်စ်မြို့၏ ခံစစ်ကို ချိုးဖျက်ခဲ့စဉ်ကလိုမျိုးပင်။ ထိုအဟုန်က ခံစစ်ဘက်ကို ဖိအား ကြီးကြီးမားမား ဖြစ်စေခဲ့သည်။

မှော်ဆရာခံတပ်မှ စစ်သည်များက ကြယ်ကြွေတမန်အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂျော့ချ်နောက်သို့ လိုက်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည်။ သူတို့ကလည်း အတွေ့အကြုံရှိသော လက်ရွေးစင်များ ဖြစ်သည့်အတွက် ကြောက်လန့်တကြား မဖြစ်ခဲ့ကြပေ။ သူတို့က တပ်မှူး ဖရန်စစ်၏ အမိန့်ကိုသာ တိတ်တိတ်လေး စောင့်ဆိုင်းနေကြ၏။

အအေးခံအချိန်ကြောင့် မှော်သလင်းကျောက် အမြောက်များ ပစ်ခတ်မှုကို ယာယီ ရပ်တန့်လိုက်သည်။ ဖရန်စစ်က လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် သံတော်ဆင့်၏ မှော်ခရာက ထူးဆန်းသော စည်းချက်တစ်ခု မှုတ်လိုက်သည်။ အလှမ်းဝှေးတိုက်ခိုက်မှုကို တာဝန်ယူထားကြသော မှင်စာစစ်သည်များအားလုံးက နေရာတွင် အသင့်ဖြစ်နေကြပြီဖြစ်သည်။ ခံတပ်၏ ပစ်ခတ်သော အပေါက်များ၌ ထူးဆန်းသော ပစ္စည်းများ အတန်းလိုက် ရှိနေ၏။

“လောက်လေးခွလား....”

နင်ဘတ်စ်မြို့ရှိ ယာယီအခြေစိုက်စခန်း၌ သွေးရောင်အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် ဂူစတက်ဗ်က မှော်ဆရာခံတပ်တိုက်ပွဲကို အလွန်ကြီးမားသော မှော်သလင်းကျောက်ကြေးမုံမှတဆင့် ကြည့်နေသည်။ မဟာမင်းသား အလီရက်စ်နှင့် မင်းသားငယ် တဲရစ်တို့ကလည်း သူ့ဘေးနားတွင် ရှိနေကြသည်။

အလီရက်စ်က မျက်မှောင်ကြုတ်လိုက်သည်။ “လောက်လေးခွက အဝေးကို ပစ်နိုင်ပေမဲ့ ရှုပ်ထွေးတဲ့ ယန္တရားတွေ၊ ပစ်ခတ်နှုန်းနှေးတာတွေ၊ ထိခိုက်မှု အဝန်းအဝိုင်း နည်းတာတွေကြောင့် သာမန်စစ်မြေပြင်ကနေ ပျောက်သွားတာ ကြာပြီ။ အခုအချိန်မှာ မှော်မြားတွေက လောက်လေးခွတွေထက် ပိုပြီးတော့ ကြီးမားတဲ့ တိုက်ခိုက်မှုနှုန်းတွေ၊ သတ်ဖြတ်နိုင်တဲ့ အကျယ်အဝန်းတွေ ရှိတယ်။ ဂျော့ချ်က ဒီလိုအမှားမျိုးလုပ်တာ ယုံရခက်ခက်ပဲ။”

“ဒါဆိုရင် ဒီလောက်လေးခွတွေနဲ့ ပတ်သက်ပြီးတော့ မူမမှန်တာ တစ်ခုခု ရှိရမယ်။” တဲရစ်က ပြောသည်။ “အမှောင်လနဲ့ အိုဆိုင်ဒန်တို့ကြား တိုက်ပွဲမှာတုန်းက တိုးမြှင့်ထားတဲ့ မှော်သလင်းကျော်အမြောက်က မမျှော်လင့်ထားတဲ့စွမ်းအားတွေ ထုတ်ပြခဲ့တယ်။ ဒီလောက်လေးခွက အဲဒီတုန်းက မထုတ်ပြလိုက်ရတဲ့ လျို့ဝှက်လက်နက်တစ်ခု ဖြစ်မယ်လို့ ထင်တယ်။ သိပ်မကြာခင် အဖြေ ရလောက်မယ်လို့ ယုံကြည်တယ်။”

တဲရစ်၏အထင် မှန်ခဲ့သည်။ ဖရန်စစ်၏ အမိန့်အောက်တွင် မရေမတွက် နိုင်သော လှံကဲ့သို့ ဒူးလေးမြားများကို ပစ်လွှတ်လိုက်ပြီးနောက် ကောင်းကင်တွင် ကြောက်စရာကောင်းသော အသံများ ပြည့်နှက်နေကာ လေထုကို စုတ်ဖြဲနေ၏။

သွေးရောင်အင်ပါယာမှ စစ်သည်များက တပ်မှူး၏ အမိန့်အောက်တွင် ဒိုင်းကာများကို မြှောက်လိုက်သော်လည်း စွမ်းအင်တိုက်ခိုက်မှုကို အတိုင်းအတာ တစ်ခုအထိ တန်ပြန်စေနိုင်သော တန်ပြန်ဒိုင်းများက ကြောက်မက်ဖွယ်ရာ ဒူးလေးမြားအရှေ့၌ စက္ကူပမာ ဖြစ်နေသည်။ မြားက ဒိုင်းကာနှင့် စစ်သည်များကို အလွယ်တကူ ဖောက်ဝင်သွားခဲ့သည်။ ပစ်မှတ်ကို ဖောက်ဝင်သွားသော မြားက အပြင်းအထန် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော မြားအပိုင်းပိုင်းအဖြစ် ပြောင်းလဲသွားကာ ထိုအရာများကလည်း အဆိပ်ပြင်းလွန်းလှသည်။ အနီးအနားရှိ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။

မြားတစ်ချောင်းစီက စစ်သည်သုံးလေးယောက်ကို သတ်ပစ်နိုင်သည်။ ပို၍ ကြောက်စရာကောင်းသည်က ထိုလောက်လေးခွ အမြန်နှုန်းက သာမန်ထက် များစွာ ပိုမြန်နေခြင်းပင်။ မှင်စာစစ်သည်များ၏ စစ်ဆင်ရေး စံပုံစံကြောင့် ဖြစ်သော်လည်း ပိုမိုအရေးကြီးသော အကြောင်းရင်းကတော့ လောက်‌လေးခွ၏ တိုးမြှင့်မှုကြောင့် ဖြစ်ပေသည်။

သွေးရောင်အင်ပါယာက မြားမိုးကြောင့် မရေမတွက်နိုင်သော အသေအကြေများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း သူတို့က အခင်းအကျင်းကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူတို့ ချီတက်မှုက အရှိန်လျော့သွားရုံသာ ရှိသည်။

“သေချာတယ်။ တစ်ခုခု မူမမှန်တာ ရှိနေတာပဲ။” မှော်ကြေးမုံအရှေ့မှ ဂူစတက်ဗ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စစ်သည်တွေက အလကားသက်သက် သေရမှာ မဟုတ်ဘူး။ ရန်သူရဲ့ အလှမ်းဝေး တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို ငါတို့ သိသွားပြီ။ လောက်လေးတွေ၊ မဟာဒိုင်းအကာအရံတွေ ချက်ချင်း တည်ဆောက်ဖို့ ဖြစ်နိုင်လောက်တယ်။ လေကြောင်း ဗိုလ်ခြေကလည်း စပြီးတော့ ပြင်ဆင်ထားသင့်တယ်။”

“ဟုတ်တယ်။ တကယ့်စစ်ပွဲက အခုမှစမှာ။ ဒါက နတ်ဆိုးဘုံ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်တဲ့ ကိစ္စအကြီးကြီး ဖြစ်လာလိမ့်မယ်။” တဲရစ်က ခံ့ညားစွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

All Chapters