← Chapters

ဘယ်လက် လောင်ကျွမ်းခြင်း

Vol. 46 Ch. 736

ဘယ်လက် လောင်ကျွမ်းခြင်း

Vol. 46 Ch. 736

ချန်လွေ့ မလှုပ်ရှားခဲ့ပေ။ [ ဇာမဏီနက်ပိုင်နက် ] ၏ အနက်ရောင် မီးတောက်များတွင် အသက်နှင့်စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သော ထူးဆန်းသည့် အငွေ့အသက်တစ်ခု ပါဝင်နေသည်။ မည်သည့် လှုပ်ရှားမှုမျိုးမဆို၊ စိတ်ဖြင့်စဉ်းစားခြင်းကပင် ပုံမှန်ထက် အားပိုကုန်၏။ အချိန်ကြာလာလျှင် ဝန်ထုတ်ဝန်ပိုးက အတော်လေး ထိတ်လန့်စရာ ကောင်းသွားမည် ဖြစ်သည်။ ထိုအရာက [ ဇာမဏီနက်ပိုင်နက် ]၏ အပေါ်ယံ စွမ်းအားသာဖြစ်၏။

ထူးဆန်းသည်က ချန်လွေ့၏ခန္ဓာကိုယ်တွင် ရှင်းပြ၍ မရနိုင်အောင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပြီး [ ဇာမဏီနက်ပိုင်နက် ] နှင့် ထူးထူးဆန်းဆန်း ကိုက်ညီနေပေသည်။ သူက အားလျှော့အခြေအနေကြောင့် သက်ရောက်ခြင်း မခံရသလို ထိုကြောက်မက်ဖွယ်ရာပိုင်နက်က သက်တောင့်သက်သာဖြစ်စေသော အသိုက်တစ်ခုကဲ့သို့ နွေးထွေးမှုမျိုးကို ခံစားနေရလေသည်။

ဒါက ခန္ဓာကိုယ်ထဲက နိဗ္ဗာန်စွမ်းအားကြောင့်လား။ ဒါမှမဟုတ် [ မီးဇာမဏီ အမှတ်အသား ] ကြောင့်လား။

[ မီးဇာမဏီ အမှတ်အသား ] က မီးထိခိုက်မှုကို ၉၀% လျှော့ချပေးပြီးတော့ လုံးဝပြီးနိုင်ချေ ၁၀% ရှိတယ်။ ဒါပေမဲ့ [ ဇာမဏီနက် ပိုင်နက် ] က သန့်စင်တဲ့ မီးစွမ်းအား မဟုတ်ဘူး....။ ချန်လွေ့က အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း သူ့ကို ‌ရွှေရောင် လူပုံရိပ် လေးခုကို ဝိုင်းရံထားသည့်အတွက် စဉ်းစားနေရန် အချိန်မရှိပေ။

ထိုပုံရိပ်များက နှစ်မီတာ မြင့်မားကြပြီး မျက်လုံးများက အနီရောင်ဖျော့ အလင်းရောင်များတောက်ပနေ၏။ သူတို့၏ မျက်နှာသွင်ပြင်က အနည်းငယ် ဝေဝါးနေပြီး ခန္ဓာကိုယ်ပေါ်တွင် အရုပ်စာကဲ့သို့ ထူးဆန်းသော ပုံစံကွက်များ ထွင်းထားလေသည်။

ထိုကဲ့သို့ လူပုံရိပ်များကို ချန်လွေ့ ယခုမှ တွေ့ဖူးခြင်း မဟုတ်ပေ။ သလင်းကျောက် တောင်ကြားထဲ၌ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော အဇ်ဂါလောကို ထွက်ပြေးသွားစေခဲ့သည်က အကောင်းဆုံး ရွှေရုပ်သေး ၄ခု ဖြစ်၏။ ယခုတွင် ချန်လွေ့က [ ဇာမဏီနက်ပိုင်နက် ] နှင့် ရွှေရုပ်သေး ၄ခုကိုသာမက ပို၍ပင် စွမ်းအားကြီးမားသော ကတ်သရင်းကိုပါ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ရွှေရုပ်သေး၄ခုက သူ့ကို ဝိုင်းရံလိုက်၏။ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [စစ်ရုပ်သေး] ပါရမီက နတ်ဆိုးဘုံ၌ နာမည်ကျော်ကြားသည်။ ထိုရုပ်သေးများက သူတို့၏ သွေးမျိုးဆက်စွမ်ားအကို အသုံးပြုပြီး လျို့ဝှက်ပညာရပ်ဖြင့် ရောနှောကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ အဆင့်မြင့်လေလေ၊ တိုက်ခိုက်ရေးစွမ်းအား ပိုမို၍ ကောင်းမွန်လေလေ ဖြစ်သည်။ ၎င်းတို့က နာကျင်မှုကို မခံစားရရုံသာမက အလွန်အမင်း မာကြောပြီး မသေမချင်း မရပ်တန့်ပေ။ ကတ်သရင်း အသက်သွင်းလိုက်သော ရုပ်သေးက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကိုပင် ယှဉ်နိုင်လေသည်။

ချန်လွေ့၏ လက်များက လှိုင်းတွန့်များ ရေးဆွဲလိုက်ပြီး ရွှေရုပ်သေးများကို ရေကဲ့သို့ နူးညံ့သည့် ထူးဆန်းသော အားကွင်းထဲသို့ ဆွဲသွင်းလိုက်သည်။

ကတ်သရင်း၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်ရေးစွမ်းအားက သူ၏ပညာရပ်နှင့် အနည်းငယ် ဆင်တူသည်။ အမှန်တကယ်၌ ချန်လွေ့က ယခင်တစ်ခေါက် သလင်းကျောက် တောင်ကြား၌ ကတ်သရင်း၏တိုက်ပွဲကို မြင်တွေ့ခဲ့ပြီးနောက် နားလည်ထားခြင်း ဖြစ်ပြီး ရေ၏လျို့ဝှက်ဆန်းကြယ်မှုနှင့် ပူးပေါင်းထားခြင်းဖြစ်သည်။ အချိန် တစ်ခုအထိ ရွှေရုပ်သေးများက ယိမ်းထိုးနေခဲ့သည်။ သူက စွမ်းအားများ မထုတ်နိုင်ကြပေ။

ရွှေရုပ်သေးများ၏ ခန္ဓာကိုယ်က အဝါရောင်အလင်း စက်ဝိုင်းများ တောက်ပလာပြီးနောက် ချန်လွေ့၏ ခန္ဓာကိုယ်က မမြင်နိုင်သောကြိုးဖြင့် ရစ်ပတ်ခံလိုက်ရဟန်တူသည်။ လှုပ်ရှားနိုင်ရန် ခက်ခဲသွား၏။ ထိုအရာက အကောင်းဆုံး ရုပ်သေးများ၌သာရှိသည့် စွမ်းရည် ဖြစ်သည်။ ချန်လွေ့၏ လက်များက ပွေ့ဖက်သော အမူအရာတစ်ခု ပြုလုပ်လိုက်ပြီး သူ့ဘေးနားတွင် အလွန်ကြီးမားသည့် တွင်းနက်တစ်ခု ပေါ်ထွက်လာကာ အလင်းကြိုးမှ တွင်းနက်ထဲသို့ စုပ်ယူ ခံလိုက်ရ၏။ ထို့အပြင် [ ဇာမဏီနက်ပိုင်နက် ] တစ်ခုလုံး၏ မီးတောက်များကလည်း တွင်းနက်ကြောင့် အလျင်အမြန် ဝါးမျိုခံနေရသည်။ ရွှေရုပ်သေးများကလည်း တွင်းနက်ထဲသို့ တစ်လှမ်းချင်း ဆွဲခေါ်ခံနေရ၏။

ရုတ်တရက် ချန်လွေ့စိတ်ထဲ၌ သတိပေးသော နိမိတ်တစ်ခု ပေါ်ထွက်လာသည်။ ကတ်သရင်း၏ပုံရိပ်က သူ့နောက်တွင် တစ္ဆေတစ်ကောင် သဖွယ် ပေါ်ထွက်လာသည်။ သူ၏ဓားကဲ့သို့ လက်ဝါးများက ချန်လွေ့၏ ခန္ဓာကိုယ်ကို တိတ်တိတ်လေး ဖောက်ထွင်းသွားခဲ့သည်။ ကတ်သရင်း မျက်မှောင်ကြုတ်လိုက်၏။ အောင်မြင်လုနီးပါး တိုက်ခိုက်မှုက အလကားဖြစ်ခဲ့ရလေပြီ။ တစ်ဖက်လူ၏ ပုံရိပ်က အဝေးတွင် ချက်ချင်း ပေါ်ထွက်လာပြီး ထူးဆန်းသော ဝါးမျိုသည့် တွင်းနက်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ဖျက်ဆီးခြင်း အလင်းစက်လုံးများ တစ်လုံးပြီးတစ်လုံး လွင့်လာ၏။ ကတ်သရင်းက လက်ဝါးကို ဖြန့်လိုက်ပြီး စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ရာ ထိုအလင်းစက်လုံးများ ရုတ်တရက် နှေးကွေးသွားပြီး ရွှံ့နွံထဲ ‌ရောက်နေသကဲ့သို့ ဖြစ်နေကာ အနက်ရောင်မီးတောက်များ တောက်လောင်သွားကြသည်။ ပြီးနောက် အလင်းစက်လုံးများ အလျင်အမြန် ကျုံ့သွားကြသည်။ ၎င်းတို့က ကတ်သရင်းထံသို့ ရောက်သောအခါ လက်သီးဆုပ် အရွယ်သာ ရှိတော့သည်။ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံဖြင့် ၎င်းတို့က အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

ပုံရိပ်နှစ်ခုက ပိုင်နက်ထဲ၌ အလျင်အမြန် ကပ်လိုက်ခွာလိုက် ပြုလုပ် နေကြသည်။ ချန်လွေ့က ကျက်သရေမျှော်စင်ထဲ၌ ဒိုဒိုအား ဝင်ပူးထားသည့် သိဒ္ဓိနဂါးကို တိုက်ခိုက်ခဲ့ရပြီးနောက် လေ့ကျင့်ရေးအတွက် ဒိုဒိုနှင့် အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ကတ်သရင်းကို ရင်ဆိုင်ရသည့်အခါ သူ၏ စွမ်အား ဖိနှိပ်ခံရကာ အရေးနိမ့်နေသော်လည်း အေးဆေး ဖြစ်နေဟန်တူသည်။ [ဇာမဏီနက်ပိုင်နက်]၏ သက်ရောက်မှုကို မခံရခြင်းကလည်း အဓိကအချက် ဖြစ်လောက်သည်။

ကတ်သရင်းက မိမိပိုင်နက်နှင့် ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေကြောင်း သတိထားမိခဲ့သည်။ သူ၏လှပသောမျက်လုံးထဲ၌ အေးစက်သော အလင်းရောင်များ လက်လာပြီး [ ဇာမဏီနက်ပိုင်နက် ] စွမ်းအားက ရုတ်တရက် ဆယ်ဆ တိုးမြင့်သွားသည်။ ကတ်သရင်းသည် ခုနက စွမ်းအားအကုန် အသုံးမပြုခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် [ ဇာမဏီနက်ပိုင်နက် ] ၏ အားလျှော့မှုနှင့် စုပ်ယူမှုတို့က ချန်လွေ့အပေါ်၌ သက်ရောက်မှု မရှိဘဲ နွေးထွေးသော ခံစားချက်သည်သာ ပိုမို ပြင်းထန်လာခဲ့၏။

“ဝှစ်....” အဝေးသို့ တွန်းကန်ခံလိုက်ရသော ချန်လွေ့က ရုတ်တရက် မီးတောက်နက်များဖြင့် လောင်ကျွမ်းသွားခဲ့သည်။

ကတ်သရင်းက ရပ်တန့်လိုက်ပြီး ရင်းနှီးသော အငွေ့အသက်ရှိသည့် မီးတောက်နက်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလိုက်သည်။ “နိဗ္ဗာန်မီးတောက်!”

ဟုတ်တယ်။ အ‌တော်လေး သန့်စင်တဲ့ နိဗ္ဗာန်စွမ်းအားပဲ။ အက်စ်မိုဒက်စ် တော်ဝင်မိသားစုအတွက် သီးသန့်ဖြစ်တဲ့ အသက်မီးတောက်က တကယ်ပဲ ဒီလူသားရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။

“ရှင့်မှာ ဘယ်လိုလုပ် နိဗ္ဗာန်မီးတောက် ရှိနေတာလဲ။”

“မသိဘူး။ အသံတိတ်ညစိမ့်မြေမှာတုန်းက မင်းဆီကနေ နိဗ္ဗာန်သွေးကို ရပြီးတော့ ဒီလိုမီးတောက်မျိုး ရှိလာတာပဲ။” တကယ့်အကြောင်းရင်းက စူပါစနစ်ကြောင့် ဖြစ်နိုင်လောက်ပေသည်။ သို့သော်လည်း ချန်လွေ့က ထိုကဲ့သို့ သေချာပေါက် ပြောလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ [ ဇာမဏီနက် ပိုင်နက် ] သို့ ဝင်ရောက်ပြီးကတည်းက နိဗ္ဗာန်မီးတောက် တဖျပ်ဖျပ် လက်နေခဲ့ပြီး အလိုလို ပေါက်ကွဲထွက်သွားသည်ကို သူ အံ့သြနေမိခဲ့သည်။

“မဖြစ်နိုင်ဘူး။” ကတ်သရင်းက မျက်မှောင်ကြုတ်လိုက်သည်။ နိဗ္ဗာန်သွေး ရတဲ့သူတွေက အလွန်ဆုံး အသက်ပြန်ရှင်လာတာပဲ ဖြစ်နိုင်တယ်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစု မဟုတ်တဲ့သူ့မှာ နိဗ္ဗာန်စွမ်းအားရှိဖို့ မဖြစ်နိုင်ဘူး။ တော်ဝင်မိသားစု သမိုင်းကြောင်းမှာ ဒီလိုဥပမာမျိုး လုံးဝ မရှိခဲ့ဘူး။ အက်စ်မိုဒက်စ်မိသားစုမှာ နိဗ္ဗာန်စွမ်းအားရှိရင်တောင် ငါ့ပိုင်နက်စွမ်းအားကိုပြီးဖို့ မဖြစ်နိုင်ဘူး။

ချန်လွေ့က စကားပြောရန် ပြင်လိုက်စဉ် ဘယ်လက်၌ လောင်ကျွမ်းသော ခံစားမှုတစ်ခု ရရှိသွားပြီး သူ့ခန္ဓာကိုယ်မှ မီးတောက်နက်က ရုတ်တရက် လင်းလက်လာပြီး [ ဇာမဏီနက်ပိုင်နက် ] ၏ မီးတောက်ပင်လယ်ထဲသို့ ဆန့်တန်းသွားကာ အမှန်တကယ်ပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွား၏။

ကတ်သရင်းက အံ့အားသင့်သွားခဲ့ပြီး [ ဇာမဏီနက်ပိုင်နက် ] က ပိုမိုသန့်စင်သော နိဗ္ဗာန်စွမ်းအား ဖြစ်ဟန်တူသည့် ထူးဆန်းသော စွမ်းအားတစ်မျိုးဖြင့် ပေါင်းစည်းနေသည်ကိုသာ ခံစားမိခဲ့သည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသော ခံစားချက်တစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ သူ၏မျက်နှာ ရုတ်တရက် ထူထူးခြားခြား နီမြန်းသွားခဲ့ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ “‌တော်တော့!”‌‌

နိဗ္ဗာန်မီးတောက်က မည်သည်ကြောင့် ထိုကဲ့သို့ ရုတ်တရက် ထူးထူးခြားခြား ပြောင်းလဲသွားကြောင်းကို ချန်လွေ့ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။ သူ၏ ဘယ်လက်၌ လောင်ကျွမ်းသော ခံစားချက်တစ်ခု မည်သည်ကြောင့် ဖြစ်လာသည်ကိုတော့ ပြောနေစရာပင် မလိုချေ။

တွေဝေနေစဉ်အတွင်း [ ဇာမဏီနက်ပိုင်နက် ] ‌ပျောက်ကွယ်သွားပြီး မူလခြံဝင်းအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ စွမ်းအား ပြန်ရုတ်သိမ်းလိုက်သော ကတ်သရင်းက အနည်းငယ် ထူးဆန်းနေသော်လည်း သူ၏အမူအရာက အလွန်အမင်း အေးစက်နေခဲ့သည်။ “ရှင် ဘယ်လိုမျိုး ယုတ်မာတဲ့ နည်းလမ်းတွေ သုံးခဲ့တာလဲ။”

ပထမဆုံး လှုပ်ရှားသည့်သူမှာ ကတ်သရင်းဖြစ်ပြီး ယခုတွင် မိမိကို အပြစ်တင်နေသည့်အတွက် ချန်လွေ့က မတရားသလို ခံစားလိုက်ရသည်။ မည်သို့ ဆိုစေကာမူ [ ဇာမဏီနက်ပိုင်နက် ] ပျောက်ကွယ်သွားပြီးနောက် သူ၏ဘယ်လက်မှ လောင်ကျွမ်းသော ခံစားချက်လည်း ကွယ်ပျောက်သွား၏။ နိဗ္ဗာန်သွေးကြောင့် ဖြစ်လာသော ပဲ့တင်ထပ်ခြင်းကဲ့သို့ သန္ဓေပြောင်းခြင်းမျိုး ဖြစ်နိုင်ပေသည်။

“ငါ ဘာမှ မလုပ်ခဲ့ဘူး။ အဲဒါ....က အရင်တစ်ခေါက် မင်းချန်ခဲ့တဲ့ အမှတ်အသား ဖြစ်မယ်။ အဲဒီအမှတ်က ငါ့ဘဝထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေပြီ။”

ကတ်သရင်းက စကားမပြောဘဲ ချန်လွေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ အခြေအနေက အချိန်တစ်ခုအထိ ကိုးယိုးကားယား ဖြစ်သွားခဲ့သည်။

ချန်လွေ့က စိုက်ကြည့်ခံနေရခြင်းကြောင်း ချွေးများပြန်လာပြီး နောက်ဆုံး၌ ပြောလိုက်သည်။ “အာ....ကတ်သရင်း။ မတိုက်ခိုက်ကြရအောင်။ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ပေမဲ့ ငါ ထွက်ပြေးချင်ရင် နည်းလမ်း ရှိသေးတယ်။”

ကတ်သရင်းက‌ အေးစက်စက်နှင့် ပြောလိုက်သည်။ “ရှင့်ရဲ့စွမ်းအား တိုးတက်မှုက မယုံနိုင်စရာပဲ။ တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ရမယ်ဆိုရင် သာမန် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကိုတောင် ကျော်လွန်နေပြီ။ ဒါကြောင့် အိုဆိုင်ဒန်က ရှင့်လက်ထဲမှာ သေဆုံးသွားတာကိုး။ ရှင့်မှာ လျို့ဝှက်စွမ်းရည်တွေ ရှိနေသေးတာ ကျွန်မသိတယ်။ စွမ်းအားအရဆိုရင် ရှင်က ကျွန်မနဲ့ အဆင့်တူ စကားပြောဖို့ အရည်အချင်း ပြည့်မှီရုံလေးရှိတယ်။”

ကတ်သရင်းက စွမ်းအားအကုန် မသုံးခဲ့ကြောင်း ချန်လွေ့ နားလည်သည်။ ခုနက တိုက်ပွဲက စမ်းသပ်ချက်မျိုးသာ ဖြစ်ပြီး သူက ကတ်သရင်း၏ တကယ့် ရည်ရွယ်ချက်ကို ရေးရေးလေး ခန့်မှန်းမိသွားသည်။ “ဒါဆိုရင်.... ခုနက ပြောခဲ့တာကို အေးအေးဆေးဆေး ဆက်ပြောလို့ ရမလား။”

“ရမယ် ထင်လို့လား။” ကတ်သရင်းက မကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။

“အရှက်မရှိ ပြောရမယ်ဆိုရင် ငါက အနာဂတ်မှာ မင်းရဲ့ မဟာအစီအစဉ် အတွက် အရေးပါတယ် မဟုတ်လား။” ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ငါမရှိရင် မင်းက ကြယ်ကြွေတမန်အင်ပါယာ တစ်ဝက်ကို ရသွားပြီးတောင် သွေးရောင်အင်ပါယာကို ယှဉ်ဖို့ ခက်ခဲနေဦးမှာပဲ။ ပြောရမယ်ဆိုရင် အင်ပါယာ နှစ်ခုအကြားက စစ်ပွဲက ရှည်ကြာသွားလိမ့်မယ်။ နှစ်သိန်းပေါင်းများစွာအထိ အချိန်ရှည်ကြာမယ့် စစ်ပွဲတွေကို မင်း မြင်ရက်နိုင်လို့လား။”

“ရှင့်ကိုယ်ရှင် အထင်ကြီးလွန်းနေပြီ။” ကတ်သရင်းက သရော်ပြုံး ပြုံးလိုက်သည်။ “ကျွန်မထင်တာ မှန်တယ်ဆိုရင် ရိုင်ဇန်က တံခါးပိတ်လေ့ကျင့်တာ ကနေ ထွက်လာတော့ တိုင်းပြည်အဆင့်ကို ရောက်ပြီးသွားလောက်ပြီ။ အဲဒီအဆင့်ကို ရောက်ပြီးတော့ သူက တိုင်းပြည်ကို တည်ငြိမ်အောင်လုပ်ဖို့နဲ့ ယုံကြည်မှုရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေဖို့အတွက် လေ့ကျင့်ရေးတွေ၊ နားလည်မှုတွေနဲ့ အချိန်အတော်ကြာ သုံးစွဲခဲ့ရတယ်။ ရိုင်ဇန်က ဘာပဲလုပ်ရလုပ်ရ၊ စွမ်းအားနောက် လိုက်တဲ့သူတစ်ယောက်ပဲ။ ပြီးတော့ သူက စွမ်းအားလမ်းကြောင်းကို အာရုံစိုက်ဖို့ ဘုရင်နေရာကို သေချာပေါက် စွန့်ပစ်လိမ့်မယ်။ အလီရက်စ်နဲ့ တဲရစ်တို့က ရိုင်ဇန်ကို မယှဉ်နိုင်ဘူး။ ရိုင်ဇန် ထွက်သွားရင် သွေးရောင်အင်ပါယာရဲ့ စွမ်းအားက သေချာပေါက် လျော့ပါးသွားပြီး‌တော့ ကျွန်မ မဟုတ်ရင် ရှီရာရဲ့ အခွင့်အရေး ရယူမှုကို ခံရနိုင်တယ်။ အဲဒါကြောင့် ရိုင်ဇန်က ထီးနန်းကို မစွန့်ခွာခင် သွေးရောင် အင်ပါယာအတွက် အတားအဆီးတွေကို ရှင်းလင်းရမယ်။ အခုက တပ်ဖွဲ့တွေ အသုံးချဖို့ အကောင်းဆုံး အချိန်မဟုတ်ပေမဲ့ သူက တုံ့ဆိုင်းမနေဘဲ အင်အားကုန် ထုတ်ခဲ့သေးတာပဲ။”

ချန်လွေ့က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒါကြောင့် ရိုင်ဇန်က စစ်တိုက်ဖို့အတွက် ဒီလောက် အလောကြီးနေတာကိုး။ ဒါကြောင့် ဖြစ်နေတာပဲ။

“အမြန်လို အနှေးဖြစ်တဲ့။ ကျွန်မက ရှည်ကြာတဲ့ တိုက်ပွဲအတွက် အသင့် ဖြစ်နေပြီ။ ကျွန်မက ကြယ်ကြွေတမန်အင်ပါယာရဲ့ နယ်မြေတွေကို ကြားခံအနေနဲ့ သုံးပြီး‌တော့ သွေးရောင်အင်ပါယာရဲ့ တိုက်စစ် သုံးလေးလှိုင်းကို ခုခံနိုင်မယ်ဆိုရင် သွေးရောင်အင်ပါယာက အဆုံးသတ်အထိ အားနည်းသထက် အားနည်းသွားမှာပဲ။ ရှင့်ရဲ့ အကူအညီ မရှိဘဲနဲ့တောင် ကျွန်မ အောင်မြင်နိုင်သေးတယ်။ ဒါပေမဲ့ အချိန်ကတော့ ပိုကြာလိမ့်မယ်။”

“မေးခွန်းတစ်ခု မေးလို့ရမလား။” ချန်လွေ့က နှိမ့်ချစွာဖြင့် ပြောလိုက်၏။ “သွေးရောင်အင်ပါယာမှာ ဘယ်လိုလုပ် ရုတ်တရက်ကြီး လက်ရွေးစင် ၆သန်း ရှိသွားရတာလဲ။”

“သွေးရောင်အင်ပါယာက ဖွံ့ဖြိုးပြီး စိုက်ပျိုးရေးအင်ပါယာပဲ။ ပြည်သူတွေက အတော်လေး အင်အားကြီးတယ်။ ရဲရင့်ပြီးတော့ ပြိုင်ဆိုင်တတ်ကြတယ်။ ပြည်သူ ၆၀%က စိုက်ပျိုးရေးမှာ ပါဝင်ကြတယ်။ တော်တော်များများက လယ်လုပ် ကိရိယာတွေကို ပစ်ချပြီးတော့ ဓားတွေ ကောက်ကိုင်လိုက်ရင် ကြောက်စရာ အကောင်းဆုံး စစ်သည်တွေ ဖြစ်သွားကြတယ်။”

ချန်လွေ့က တရုတ်သမိုင်းမှ ရှုံးနုစစ်သည်များအကြောင်း တွေးမိသွားပြီး ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

“ဒီအင်အားက အချိန်တိုအတွင်း စုဆောင်းလို့ မရနိုင်ဘူး။ ဒါပေမဲ့ အရင် သွေးရောင်အင်ပါယာ ဧကရာဇ်တွေက နတ်ဆိုးဘုံကု စုစည်းဖို့ စိတ်ကူးမရှိကြတဲ့ သူတွေ မဟုတ်ဘူး။ အဲဒါကြောင့် ၆သန်းက....အနည်းဆုံးပဲ။” ကတ်သရင်း၏ မျက်နှာက လေးနက်သော အမူအရာတစ်ခု ပြသလိုက်သည်။ “လူသားလောကကို သိမ်းပိုက်တဲ့ စစ်ပွဲမှာ အင်ပါယာသုံးခုက တပ်သားတွေ၊ လက်ရွေးစင်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ကြယ်ကြွေတမန်အင်ပါယာက အများဆုံးပဲ။ သန်းခေါင်နေ အရှင်တောင် ကျရှုံးသွားခဲ့တယ်။ ဒါပေမဲ့ နောက်ခံကြီးမားတဲ့ သွေးရောင်အင်ပါယာက ဆုံးရှုံးမှု အနည်းဆုံး ဖြစ်ခဲ့တယ်။ အဲဒါကြောင့် သွေးရောင်အင်ပါယာက ကြယ်ကြွေတမန်အင်ပါယာကို အစားထိုးပြီးတော့ အင်အားအကြီးဆုံး အင်ပါယာ ဖြစ်လာခဲ့တယ်။”

“အဲဒီအချိန်တုန်းက မင်း အိုဆိုင်ဒန်နဲ့ ပူးပေါင်းပြီးတော့ ရိုင်ဇန်ကို အချိန်ကိုက် ဖိအားပေးပြီးတော့ မဟာမိတ်စာချုပ် ချုပ်ဆိုဖို့ မလုပ်ခဲ့ရင် ကြယ်ကြွေတမန် အင်ပါယာနဲ့ အရိပ်နက်အင်ပါယာက ပြိုလဲသွားလောက်ပြီ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “အဲဒီတုန်းက အခြေအနေကို မင်း သေသေချာချာ မြင်နိုင်ပြီးတော့ အခု ဘာလို့ မမြင်နိုင်ရတာလဲ။ ရိုင်ဇန်ရဲ့ တပ်ဖွဲ့တွေကို သုံးတာက အကောင်းဆုံး အချိန်မဟုတ်ရတာရဲ့ အကြောင်းရင်းက ကြယ်ကြွေတမန်အင်ပါယာနဲ့ အရိပ်နက် အင်ပါယာ ပူးပေါင်းနေကြလို့ပဲ။ ငါတို့က နယ်ပယ်အမျိုးမျိုးမှာ အကျိုးတူစီးပွားရေး ရှိကြတယ်။ အင်ပါယာနှစ်ခု ပူးပေါင်းသွားတာနဲ့ ဒီစစ်ပွဲမှာ သွေးရောင်အင်ပါယာ အနိုင်ရဖို့က တော်တော်လေး ခက်ခဲသွားလိမ့်မယ်။ ဒါပေမဲ့ အင်ပါယာနှစ်ခုက တစ်ခုချင်း ကျူးကျော်ခံလိုက်ရနိုင်တယ်။ လက်ရွေးစင် ၆သန်းက အနည်းဆုံးလို့ မင်းပြောခဲ့တယ်နော်။ ဒါဆိုရင် ငါမေးတာကို အမှန်အတိုင်းဖြေ။ တကယ်လို့ ကြယ်ကြွေတမန်အင်ယာက သွေးရောင်အင်ပါယာရဲ့ စစ်အင်အား တစ်စိတ်တစ်ပိုင်းကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင်.... အရိပ်နက်အင်ပါယာက တကယ်ပဲ အစွမ်းကုန်ထုတ်မယ့် ရိုင်ဇန်ကို ခုခံနိုင်မယ်ဆိုတာ သေချာရဲ့လား။”

ကတ်သရင်းက ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံး၌ အမှန်အတိုင်း ဖြေလိုက်သည်။ “မသေချာဘူး...”

All Chapters