[ ထာဝရ အမှောင်ရွှေစစ်ရုပ်သေး ] နှင့် ခံတပ်တိုက်ပွဲ
Vol. 46 Ch. 737
“ခုနက မင်းရဲ့ သတ်မှတ်ချက်တွေကို လက်မခံတဲ့အတွက် ခွင့်လွှတ်ပေးပါ။” ချန်လွေ့က ကတ်သရင်း၏ လုပ်ရပ်များမှ တကယ့်အဓိပ္ပာယ်ကို နားလည်သွား၏။ “ဒါဆိုရင် အေးအေးဆေးဆေး ထိုင်ပြီးတော့ စကားပြန်ပြောကြတာပေါ့။”
“ရှင် လက်ခံရမယ်။” ကတ်သရင်း၏ ဂရုမစိုက်သောလေသံက ပြတ်သားမှုများ ပြည့်နှက်နေခဲ့သည်။ “မဟုတ်ရင် ဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အရိပ်နက် အင်ပါယာက အခွင့်အရေး လုံးဝ ရှိတယ်ဆိုတာ ရှင်နားလည်သင့်တယ်။ ကျွန်မက မဟာမိတ် လိုမနေဘူး။ ဒါပေမဲ့ ရှီရာမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။”
“ငါက တော်တော်လေး နာမည်ကြီးနေတာလား။ အခု ဂုဏ်ယူရမလား၊ စိတ်ဓာတ် ကျရမလား မသိတော့ဘူး။” ချန်လွေ့က ပြုံးလိုက်ပြီး ထိုကိစ္စအကြောင်း ထပ်မငြင်းတော့ပေ။ သူ၏လေသံ ပြောင်းလဲသွား၏။ “အရိပ်နက်အင်ပါယာမှာ ဘရော့ခ်လိုမျိုး မတည်ငြိမ်တဲ့ အရာတွေ အများကြီး ရှိတယ်။ ငါရထားတဲ့ သတင်းအရဆိုရင် မင်းက မီးဓားဗိုလ်ခြေကို မဆုံးရှုံးရဘဲနဲ့ ဘရော့ခ်ကို အမြဲတမ်း ရှင်းပစ်ချင်နေခဲ့တာ။ အခု စစ်ပွဲက ရုတ်တရက် ဖြစ်လာပြီ။ ဘရော့ခ်ရှိနေတဲ့ ဂျာဂယ်ခံတပ်က သွေးရောင်အင်ပါယာနဲ့ ကပ်လျက်မှာပဲ။ နည်းနည်းလေး အပြောင်းအလဲ ဖြစ်သွားတာနဲ့ အင်ပါယာတစ်ခုလုံးကို သက်ရောက်စေနိုင်တယ်။ ဒီပြဿနာကို ငါ ကူညီဖြေရှင်းပေးနိုင်တယ်။”
ချန်လွေ့က နောက်ထပ် ဆက်မပြောခဲ့ပေ။ ကြယ်ကြွေတမန်အင်ပါယာကို တိုက်ခိုက်ဖို့ ကတ်သရင်း ဟန်ဆောင်ခဲ့တဲ့ အကြောင်းရင်းက စစ်မီးကို အခွင့်ကောင်းယူပြီးတော့ “ချန်လွေ့”ပါဝင်လာမည့် အကျိုးအမြတ်ကို ရနိုင်ဖို့ပဲ။ ဒုတိယ အနေနဲ့က သူက ဒါက အကာအကွယ်အနေနဲ့ အသုံးချချင်တယ်။ ရိုင်ဇန်ကို သွက်ချာပါဒ ဖြစ်စေနိုင်ဖို့အပြင် သူ့ရဲ့ အကြီးမားဆုံး ပြဿနာဖြစ်တဲ့ ဘရော့ခ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ပြီးတော့ အတွင်းရေး လုံခြုံမှုနဲ့ ပြင်ပကျူးကျော်မှုတွေကို ထိန်းသိမ်းနိုင်မယ်။
“ဘရော့ခ်လေးပဲကို။ ကျွန်မ မဖြေရှင်းနိုင်ဘူး ထင်တာလား။”
“မင်း ဖြေရှင်းနိုင်တာပေါ့။” ချန်လွေ့က ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ “ဒါနဲ့ ငါ့မှာ မင်းအတွက် တစ်ခုပေးစရာ ရှိတယ်....”
ကတ်သရင်း၏အကြည့်က ချန်လွေ့ထုတ်လိုက်သော ပစ္စည်းပေါ်သို့ ရောက်ရှိသွားပြီးနောက် ခံစားချက် ပြင်းထန်စွာဖြင့် ပြောလိုက်သည်။ “[ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ]...”
ချန်လွေ့က မိုးသစ်တောမည်းမှ ရရှိခဲ့သော ရွှေရုပ်သေးကို ထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုရုပ်သေးက ဒိုဒိုဝါးမျိုခဲ့သော နဂါးနီ၏ ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ ယခင်တစ်ခေါက် အရိပ်နက်အင်ပါယာရှိ ယန္တရားအစည်းအရုံးသို့ ဝင်ရောက်ခဲ့စဉ်က ပေးချင်ခဲ့သော်လည်း အခွင့်အရေး မရရှိခဲ့ပေ။ ယခုမှသာ သူ မှတ်မိသွားခြင်း ဖြစ်သည်။ ဒီရုပ်သေးက တကယ်တော့ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ လျို့ဝှက်ရတနာ ဖြစ်နေတာပဲ။ ဒဏ္ဍာရီထဲက အစွမ်းအထက်ဆုံး စစ်ရုပ်သေး။ [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] ။
ကတ်သရင်း၏ အံ့အားသင့်မှုက လွန်ကဲလှသည်။ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] က မသေနိုင်သောဂုဏ်သတ္တိရှိပြီး လုံးဝ ဖျက်ဆီးခံရမည် မဟုတ်ပေ။ ၎င်းက အရိပ်နက်ဝတ်ရုံပြီးလျှင် အရေးအပါဆုံး ရတနာ ဖြစ်သည်။ ကံဆိုးစွာပင် ထိုအရာက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့ပြီး ဘယ်ရောက်သွားမှန်း မသိခဲ့ရပေ။ ၎င်းက ချန်လွေ့၏လက်ထဲ ရောက်နေမည်ဟု သူ မထင်ထားခဲ့ပေ။ ထိုရုပ်သေးနှင့်ဆိုလျှင် အရိပ်နက်ဝတ်ရုံပါ ပေါင်းလိုက်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းအား ကြီးကြီးမားမား တိုးတက်သွားပါလိမ့်မည်။ သူက ရိုင်ဇန်ကို တစ်ယောက်တည်း ရင်ဆိုင်ရလျှင်ပင် တိုက်ပွဲ၌ အခွင့်အရေး ရနိုင်သည်။
ကတ်သရင်း၏ခံစားချက်များ အလျင်အမြန် တည်ငြိမ်သွားပြီး ချန်လွေ့၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ “ဒါက ကြယ်ကြွေတမန်အင်ပါယာရဲ့ နာမည်နဲ့ လဲလှယ်တာလား။ ဒါမှမဟုတ် ရှင်ကိုယ်တိုင် ကျွန်မကို ပေးတာလား။”
ထိုရွှေရုပ်သေးမှာ အမှန်တကယ်၌ [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] ဖြစ်ကြောင်း ချန်လွေ့ ကြားလိုက်ရသောအခါ အတွေးအချို့ ရှိခဲ့သည်။ နောက်ဆုံး၌ ကတ်သရင်း၏ မျက်လုံးများကို မြင်သောအခါ သူ သက်ပြင်းချလိုက်၏။ “ဒါက ငါမင်းကို ဟိုးကတည်းက ပေးချင်ခဲ့တဲ့ လက်ဆောင်တစ်ခုပါ။ ဒါက [ ထာဝရ အမှောင် ရွှေစစ်ရုပ်သေး ] ဆိုတာ ငါ လုံးဝ မသိခဲ့ဘူး။”
“ဟမ့်...နောက်ဆုံးတော့ အမှန်အတိုင်း ပြောပြီပဲ။” ကတ်သရင်းက ဖုံးကွယ်၍မရသော ပျော်ရွှင်နေသည့်မျက်လုံးများဖြင့် ရုပ်သေးကို ယူလိုက်သည်။ သူ၏မျက်နှာကို မျက်နှာလွှားတစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွား၏။ “ဂျာဂယ်ခံတပ်အကြောင်း.....ရှင့်ရဲ့ အစီအစဉ်ကို ပြောပြ။”
ဒါက လာဘ်ထိုးတာလို့ ပြောလို့ရမလား။ ချန်လွေ့က စိတ်ထဲ၌ ရေရွတ်လိုက်သည်။ သို့သော်လည်း ကံကောင်းစွာပင် “ညှိနှိုင်းမှု”က လမ်းမှန်ပေါ်သို့ ပြန်ရောက်သွားခဲ့လေသည်။
မှော်ဆရာခံတပ်အရှေ့၌ အလွန်ကြီးမားသော ဒိုင်းကာများ တစ်ခုပြီးတစ်ခု ထပ်သွားပြီး ယာယီအကာအရံတစ်ခု ဖွဲ့စည်းလိုက်သည်။ ထိုကဲ့သို့ အကာအရံ အနေအထားက အတော်လေး ထူးခြားလှပြီး မှော်သလင်းကျောက်အမြောက်များနှင့် လောက်လေးခွများ၏ တိုက်ခိုက်မှု အဝန်းအဝိုင်း အပြင်ဘက်၌သာ ဖြစ်နေသည်။ တစ်ခါတစ်ရံ ကျော်လွန်သွားသော ပစ်ချက်များက ဧရာမဒိုင်းကာများ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။
ဧရာမဒိုင်းကာနောက်၌ မှင်စာစစ်သည်များက လောက်လေးခွများကို အလျင်အမြန်ဖွဲ့စည်းပြီး တဖြည်းဖြည်း ပုံပေါ်လာကြသည်။ ထိုလောက်လေးများကို တွက်ဆထားသော အကွာအဝေးအတိုင်း သင့်တော်သော လက်နက်များ တပ်ဆင်ထားပြီး အကွာအဝေးက ခံတပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်စေရန် ဖြစ်သည်။
ရှေ့တွင်ရှိသော သွေးရောင်အင်ပါယာ စစ်သည်များက အသက်အများအပြားကို စတေးပြီးနောက် ခံတပ်တံတိုင်း အပြင်ဘက်ရှိ ကျုံးကို ချဉ်းကပ်လာနေပြီ ဖြစ်သည်။
ကျုံးမျက်နှာပြင်က မီတာ၃၀ အကျယ်ရှိပြီး အတော်လေး နက်နက်ရှိုင်းရှိုင်း တူထားသည်။ မှော်ပညာရှင်အဖွဲ့က တင်းကြပ်သော အကာအကွယ်အောက်တွင် မှော်ပညာများ စတင်မန်းမှုတ်တော့သည်။ မြစ်ပြင်က အလျင်အမြန် အေးခဲသွားပြီး ထူထဲလာသည်။ ခဏအကြာ လုံးဝ အေးခဲသွားတော့သည်။ သွေးရောင်အင်ပါယာ စစ်သည်များက သားရေဘွတ်ဖိနပ် အောက်ခြေ၌ အထူးလွှသွားများ ရှိနေပြီး ရေခဲကဲ့သို့ ပြားသောနေရာပေါ်၌ လမ်းလျှောက်နိုင်စေသည်။
လမ်းတစ်လျှောက်၌ ရေခဲပြင်က ရုတ်တရက် ကွဲထွက်သွားပြီး အစိုက်အဲ တံတိုင်းတစ်ခု ကဲ့သို့ပင် မရေမတွက်နိုင်သော နွယ်ပင်များ ထွက်လာပြီး ချဉ်းကပ်လာသော စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခံရသည်။ အများအပြားက သတိလစ်သွားကြ၏။ ထိုအရာများက စူပါစနစ်ထဲမှ ချန်လွေ့ လဲလှယ်ထားသော အစောင့်အရှောက် နွယ်ပင်များ ဖြစ်ကြသည်။ ၎င်းတို့က အသစ်ပြန်ဖြစ်ခြင်း၊ သတိလစ်စေခြင်း၊ အလွန်အမင်း အားကောင်းသော အကာအကွယ် စွမ်းရည်ရှိပြီး ချုပ်နှောင်နိုင်ခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြသည်။ အနီးကပ်လာသော မည်သည့်ရန်သူမဆို တိုက်ခိုက်ခံရပေမည်။ ရှေ့မှ စစ်တပ်က ဟန့်တားခံလိုက်ရပြီးနောက် နောက်မှ အမြန်နှုန်းကလည်း နှေးကွေးသွားရသည်။ ခံတပ်ပေါ်မှ မြားများက ကျိုင်းကောင်များကဲ့သို့ ပြန့်ကျဲရောက်ရှိလာသည်။ လောက်လေးခွနှင့် ဧရာမဒူးလေးများအသံများ ရောနှောနေပြီး ၎င်းတို့က အလျင်အမြန်ပင် ရန်သူ၏ အသက်များကို နုတ်ယူလိုက်ကြ၏။
သွေးရောင်အင်ပါယာ၏ ဧရာမဒိုင်းနောက်မှ လောက်လေးခွများက အလျင်အမြန် တပ်ဆင်ပြီးသွားပြီးနောက် မီးစွဲနေသော ကျောက်တုံးကြီးများဖြင့် ဥက္ကာပျံများသဖွယ် မှော်ဆရာခံတပ်သို့ ပစ်လွှတ်တော့သည်။
ထိုအချိန်၌ မှော်ဆရာခံတပ်မှ အလွန်ကြီးမားသော ပုံရိပ်များက အရှိန်မြန်စွာ လွင့်ထွက်လာကြပြီး လောက်လေးခွ ပစ်လွှတ်လိုက်သော မီးတောက် ဥက္ကာပျံများဆီသို့ မျက်လုံးပါသကဲ့သို့ပင် ပျံသန်းသွားကြသည်။
အချင်းချင်း ဝုန်းခနဲ တိုက်မိသွားကြပြီးနောက် တစ်ချိန်တည်းမှာပင် ကြေမွ သွားကြသည်။ မီးတောက် အကျိုးအပဲ့များက အောက်ဘက်ရှိ သွေးရောင် အင်ပါယာ စစ်သည်များ၏ ခေါင်းပေါ်သို့ ကျသွားပြီး အချိန်မီ ဒိုင်းကာ မမြှောက်လိုက် နိုင်သူများက ခေါင်းပြားသွားကြတော့သည်။
“အဲဒါက ဘာကြီးလဲ။” နင်ဘတ်စ်မြို့ရှိ သွေးရောင်အင်ပါယာ စခန်း၌ အလီရက်စ်က မှော်ကြေးမုံမှ မြင်ကွင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
တဲရစ်က ပြောသည်။ “အဲဒါက အထူးစက်တစ်ခုကနေ ပစ်လွှတ်တဲ့ ကျောက်တုံးတွေ ဖြစ်လောက်တယ်။ ပစ်တဲ့အင်အားက တော်တော်လေး သန်မာတယ်။ ပြီးတော့ အရှိန်ကလည်း လောက်လေးခွ ကျောက်တုံးတွေထက် ပိုမြန်တယ်။ ဒီကျောက်တုံးတွေမှာ မီးဒြပ်စင်၊ ဒါမှမဟုတ် မြေဒြပ်စင်တွေကို အလိုလို အာရုံခံနိုင်တဲ့ အထူးမှော်ပုံစံကွက်တွေ ထွင်းထားလောက်တယ်။ ခုနက ပေါက်ကွဲနိုင်တဲ့ ဒူးလေးမြား အပါအဝင် ဒီလို စစ်လက်နက်မျိုးကို ပထမဆုံး တွေ့ဖူးတာပဲ။ ကြည့်ရတာ ကြယ်ကြွေတမန်အင်ပါယာက ကျုပ်တို့ကို ကစားစရာ အများကြီး ယူလာပေးတာပဲ။ ကြယ်ကြွေတမန်အင်ပါယာကို ဝှက်ဖဲတွေသုံးဖို့ ဖိအားပေးနိုင်ရင် ဒီနေ့တိုက်ခိုက်မှုကို အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်။”
“ရှေ့တန်းတပ်သားတွေ ဆုံးရှုံးမှုက တော်တော်လေး ပြင်းထန်တယ်။” ဂူစတက်ဗ်က ခေါင်းညိတ်လိုက်သည်။ “မှော်ဆရာခံတပ်က နတ်ဆိုးဘုံမှာ ခိုင်မာမှုကြောင့် နာမည်ကျော်ကြားတယ်။ ပြီးတော့ မြေနေရာကလည်း ထူးခြားတယ်။ တကယ် အနိုင်ရချင်တယ်ဆိုရင် အတော်လေး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။”
တဲရစ်က ပုံမှန်ပင် ပြုံးလိုက်သည်။ “နတ်ဆိုးဘုံကို ပေါင်းစည်းတဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေအတွက် ပေးဆပ်ရတာ အကုန်လုံးက ထိုက်တန်တယ်။”
ကြီးမားသော ဒိုင်းကာ အကာအရံနောက်မှ လောက်လေးများက မီးတောက် ဥက္ကာပျံများ တရစပ်ပစ်နေကြသည်။ ၇၀%က မှော်ဆရာခံတပ်မှ ပစ်လွှတ်လိုက်သော ကျောက်တုံးများဖြင့် ထိသွားကြပြီး ကျန်ရှိသည်များက မှော်ဆရာခံတပ်သို့ ပျံသန်းသွားကြသည်။ မှော်ပုံစံကွက်များ ထွင်းထားသော တံတိုင်းမျက်နှာပြင်၌ လှိုင်းတွန့်အလွှာများ ပေါ်ထွက်လာသော်လည်း ထိခိုက်မှု မရှိခဲ့ပေ။ “အာရုံခံနိုင်သော ဒုံးပျံများ”အပြင် မီးတောက်များပါသည့် အလွန်ကြီးမားသော ကျောက်တုံးများ ကိုလည်း မှော်ဆရာခံတပ်မှ ပစ်လွှတ်နေသည်။ ထိုအရာက ဒိုင်းကာ ခုခံနိုင်သော တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ စွမ်းအားသက်ရောက်မှု အကွာအဝေး အတွင်း ချစ်ချစ်တောက် လောင်ကျွမ်းနေသော အလောင်းများ ပြည့်နှက်နေ၏။
သွေးရောင်အင်ပါယာရှိ စစ်သည်များ၏ အရည်အသွေးများက ထိုအချိန်၌ သိသာထင်ရှားလှသည်။ အသေအကြေ အများအပြား ရှိနေသော်လည်း သူတို့က တိုက်ခိုက်ရေး အခင်းအကျင်းနှင့် စည်းချက်ကို ထိန်းသိမ်းထားကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်များ၏ အမိန့်အောက်တွင် စစ်သည်များက လမ်းတစ်လျှောက်ကို သတ်ပစ်ခဲ့ပြီး အစောင့်အရှောက်နွယ်များကို လုံးဝ ဖိနှိပ်နိုင်ခဲ့သည်။ မှော်ပညာရှင် အဖွဲ့က နှစ်သုတ်ခွဲသွားသည်။ တစ်သုတ်က ရေခဲမျက်နှာပြင်တွင် စစ်ကူပေးပြီး ဖြည့်လိုက်သည်။ အခြားအသုတ်က နွယ်ပင်များကို ရှင်းလင်းရန်အတွက် စစ်သည်များကို အကူအညီ ပေးကြသည်။
သိပ်မကြာခင်တွင် အစောင့်အရှောက်နွယ်ပင်များက လုံးဝ သုတ်သင်ခံလိုက် ရသည်။ သွေးရောင်အင်ပါယာက ကျုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော် သွားနိုင်ပြီး မြို့ဆီသို့ ရောက်ရှိလာသည်။
ရှေ့မှ အမှောင်မှော်မိုင်းများကို ရှင်းလင်းပြီးနောက် နောက်မှ စစ်ယန္တရားများကို တစ်ခုပြီးတစ်ခု ထွန်းလာကြသည်။ ရှေ့တွင် ခေါင်းလောင်းကို ရိုက်ထိုးသော တူပုံစံ တိုင်လုံးကြီးတစ်ခု သယ်ဆောင်ထားသည့် သံမဏိလှည်းတစ်မျိုး ရှိနေသည်။ စက်သံများကြားထဲ၌ တိုင်လုံးက လွင့်ထွက်သွားပြီး အပြင်ဘက်ဆုံးတံတိုင်းကို ထိသွားကာ နားကွဲလုမတတ် အသံတစ်သံ ထွက်လာသည်။ တံတိုင်းမျက်နှာပြင်၌ ရေကဲ့သို့ လှိုင်းတွန့်များ ထွက်ပေါ်လာပြီး အဆက်မပြတ် တုန်ခါနေကာ ဖုန်များ ကျလာသည်။
ထိုကဲ့သို့ ဝက်ခွတုံးဆွမောင်းစက်က မှော်ပုံစံကွက် ထွင်းထုထားသော ခံတပ်တံတိုင်းကို ကြီးကြီးမားမား ထိခိုက်စေနိုင်၏။ ထိန်းချုပ်သူ အများစုကို မြားများဖြင့် ပစ်ကြသော်လည်း ဝက်ခွတုံးဆွမောင်းစက်အများအပြားက ဒိုင်းကာ၏ အကာအကွယ်အောက်တွင် ခံတပ်ကို စတင်တိုက်ခိုက်နေကြသည်။ အကာအကွယ် မှော်ပုံစံကွက်များ ပို၍ပို၍ ပျက်စီးလာကြသည်။
လှေကားရှည် သယ်ဆောင်ထားသော ယဉ်များကိုလည်း ရှေ့သို့တွန်းလာပြီး ရည်ရွယ်ချက်က မြို့ထဲသို့ တက်ရန်ဖြစ်သည်မှာ သိသာပေသည်။ နောက်ဘက်တွင် ပို၍မြင့်မားသော စစ်ရထားများ ရှိနေပြီး စစ်သည်တစ်ဖွဲ့ကို တင်ဆောင်ထား၏။ ထိုအရာက တစ်ယောက်က မြားဖြင့်ပစ်နိုင်ပြီး ထိပ်ပိုင်းမှ မှော်ပညာသုံးနိုင်သော မျှော်စင်မြင့်နှင့် အတော်လေး ဆင်တူသည်။ ထိုဝိုင်းရံလက်နက်များက သွေးရောင် အင်ပါယာ၏ မင်းသားငယ် တဲရစ်ကိုယ်တိုင် အဆင့်မြှင့်ထားခြင်း ဖြစ်ပြီး သံလက်သီးမြို့ကို သိမ်းပိုက်ကာ အက်မန်းကို အနိုင်ခဲ့သည့် တိုက်ပွဲ၌ အစွမ်းပြခဲ့ဖြင်း ဖြစ်ပေသည်။
မြို့သို့ တွယ်တက်နေသူများက မြားမိုးကို ရင်ဆိုင်ပြီး ရှေ့သို့ ရောက်ရှိလာသည်။ နောက်မှ လှေကားက အလိုလို ဆန့်တန်းသွားပြီး အကာအကွယ်မှော် မရှိတော့သော ခံတပ်တံတိုင်းပေါ်သို့ ကျရောက်သွားသည်။ တွယ်တက်တော်သော သေကြောင်းကြံ အဖွဲ့က မြို့သို့ အလျင်အမြန် တွယ်တက်ကြသည်။ ထိုစစ်သည်များ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များက အလွန်အားကောင်းလှသည်။ ခံတပ်တံတိုင်းက ၁၀မီတာကျော် မြင့်မားပြီး အချို့လှေကားများက လုံလုံလောက်လောက် မရှည်သော်လည်း သေကြောင်းကြံအဖွဲ့သားများက လှေကားကိုသုံးကာ ခုန်ပြီး ခံတပ်တံတိုင်းကို ရောက်လာကြသည်။ သို့သော်လည်း သူတို့ ခုန်တက်လာသည်နှင့် အသင့်စောင့်နေသော ခံတပ်မှ စစ်သည်အတန်းလိုက်၏ သတ်ပစ်ခြင်းကို ခံလိုက်ရသည်က ဝမ်းနည်းစရာပင်။
နောက်မှ အမြင့်တက် စစ်ရထားကလည်း ရှေ့သို့ ချီတက်လာပြီး တဖြည်းဖြးည်းနှင့် ခံတပ်တံတိုင်းအမြင့်နီးပါး ရောက်ရှိလာသည်။ စစ်ရထားပေါ်မှ အရောင်စုံ မှော်တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ပြီး ခံတပ်ပေါ်မှ ခံတပ်တံတိုင်းသို့ ရောက်ရန် တားဆီးနေကြသော စစ်သည်များကို ထိသွားခဲ့သည်။ အချို့ စစ်သည်များက ကြိုးကိုအသုံးချပြီး တံတိုင်းသို့ ခုန်ဝင်ကာ တိုက်ခိုက်ကြသည်။ သိပ်မကြာခင်၌ သွေးရောင်အင်ပါယာမှ စစ်သည်များက ပို၍ပို၍ တံတိုင်းပေါ်သို့ တက်လာခဲ့ကြသည်။
အရေးပေါ် အခြေအနေကို မြင့်သည့်အခါ မျှော်စင်ပေါ်၌ ဖရန်စစ်က တည်ငြိမ်လျက် ရှိနေသည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ သံတော်ဆင့်က ထူးဆန်းသော စည်းချက်တစ်ခုဖြင့် ခရာကို မှုတ်လိုက်ပြန်သည်။ ခံစစ်ကြောင်း စစ်သည်တစ်တန်း ထွက်လာပြီးနောက် မြို့တံတိုင်းအောက်သို့ လုံးဝန်းသော အရာများ ပစ်ချကြလေသည်။
ထိုအရာများက သစ်သီးများကဲ့သို့ပင် ဖြစ်သည်။ သူက ကျသွားပြီး ခဏအကြာ ချက်ချင်းပင် ပြောင်းလဲသွား၏။ များပြားလှသော ဆူးချွန်ပါသည့် နွယ်ပင်များ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုနွယ်ပင်များက စတင်တိုက်ခိုက်ကြသည်။ ၎င်းတို့က ထူထဲပြီး ယခင်ကကျုံးရှိ ထိုအရာများထက် ပိုမိုအားကောင်းသည်။ ၎င်းတို့က အားကောင်းသော ရစ်ပတ်စွမ်းရည် ရှိရုံသာမက ရန်သူ၏ အသွေးအသားကို အာဟာရအဖြစ် စုပ်ယူနိုင်ကြသည်။
ဝက်ခွတုံးဆွဲစောင်းစက်ဖြစ်စေ၊ လှေကားလှည်းဖြစ်စေ၊ အမြင့်တက်လှည်း ဖြစ်စေ၊ အချိန်မီ ပြန်မဆုတ်နိုင်ကြပေ။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဆွဲဖြဲမှု အောက်တွင် စစ်သည်များက ပြုတ်ကျသည်ကပြုတ်ကျ၊ အလွန်ကြီးမားသော နွယ်ပင်များကြောင့် ရစ်ပတ်ခံရပြီး ဝါးမျိုခံရသည်ကခံရ ဖြစ်သွားကြသည်။
ထိုအစားကြူးနွယ်ပင်းများက ဂျော့ချ်အတွက် ချန်လွေ့ လဲလှယ်ထားခဲ့သော တော်ဝင်စိတ်ဝိညာဉ်ပစ္စည်းများ ဖြစ်ကြသည်။ အကာအကွယ် ကျွမ်းကျင်သည့် အစောင့်အရှောက်နွယ်ပင်များနှင့်ယှဉ်လျှင် ၎င်းတို့က ပို၍ ရန်လိုသည်။ အရှိန်အဝါ သစ်သီးစေ့များကို လွှတ်ချပြီးနောက် ၎င်းက ၁၀စက္ကန့်အတွင်း အလျင်အမြန် ပုံပေါ်လာခြင်းဖြစ်သည်။
မူလက တော်ဝင်စိတ်ဝိညာဉ်ပစ္စည်းများအားလုံးကို ချန်လွေ့ကိုယ်တိုင်သာ အသက်သွင်းနိုင်၏။ သို့သော်လည်း ကြယ်၅ပွင့် ဆင့်ကဲပြောင်းလဲခြင်းမှစ၍ လဲလှယ်ဌာနက၌ တော်ဝင်စိတ်ဝိညာဉ်အပင်များကို အသက်ဝင်စေနိုင်သော အပ်နှင်းသီးများ ရှိလာသည်။ စစ်သည်များက အစားကြူး နွယ်စေ့များ စုပ်ယူသော အပ်နှင်းသီးများကို ပစ်ချလိုက်ခြင်း ဖြစ်သည်။
သွေးရောင်အင်ပါယာ၏ ဝိုင်းရံကိရိယာများက အစားကြူးနွယ်များကြောင့် လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီး ယခင် ပြင်းထန်သော တိုက်စစ်များက မရေမတွက်နိုင်သော “လက်တံ”ပင်လယ်ထဲ၌ လုံးဝ မြုပ်သွားခဲ့ရသည်။
ထိုအချိန်၌ ဒိုင်းကာတံတိုင်းနောက်ရှိ ကောင်းကင်ပေါ်၌ ထူထဲသော အနက်ရောင်အစက် အတန်းများ ပေါ်ထွက်လာသည်။ သွေးရောင်အင်ပါယာ၏ လေကြောင်းဗိုလ်ခြေကို နောက်ဆုံး၌ စေလွှတ်လိုက်လေပြီ။
မှော်ဆရာခံတပ်ရှိ ဗဟိုထိန်းချုပ်ခန်းထဲ၌ မဒမ်-နဂါးနီ ဂလိုရီယာ၏အသံ ထွက်ပေါ်လာသည်။ “အဲဒါက သွေးရောင်အင်ပါယာရဲ့ လေနဂါးဗိုလ်ခြေပဲ။ ဂျော့ချ်။ မိုးပျံတိမ်ဗိုလ်ခြေနဲ့အတူ ကျွန်မကို သွားခွင့်ပေးပါ။”
“မိုးပျံတိမ်ဗိုလ်ခြေက အမှောင်လတိုက်ပွဲ ပြီးသွားကတည်းက နလန်ပြန်မထူ နိုင်သေးဘူး။ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် လေနဂါးဗိုလ်ခြေကို ယှဉ်ဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။” ဂျော့ချ်က ယုံကြည်ချက်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အမှောင်လက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ရောက်လာပြီလေ။”