← Chapters

ဟိန်းသံ

Vol. 46 Ch. 738

ဟိန်းသံ

Vol. 46 Ch. 738

ချဉ်းကပ်လာနေသော လေနဂါးဗိုလ်ခြေကို ရင်ဆိုင်ရသည့်အခါ မှော်ဆရာ ခံတပ်က ဂရစ်ဖင် ဒါဇင်ခန့်ကိုသာ စေလွှတ်လိုက်၏။ အင်အားဖြစ်စေ၊ အရေအတွက်ဖြစ်စေ၊ ထိုဂရစ်ဖင်များက လေနဂါးဗိုလ်များထက် များစွာ နိမ့်ကျပေသည်။ ၎င်းတို့က ခေါင်းပေါ်၌ ထူးဆန်းသော ခေါင်းစွပ်များ ဝတ်ဆင်ထား၏။ ကျောပေါ်တွင် စီးနင်းသူများကလည်း မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး အလွန်ကြီးမားသော ကျည်တောက်ပုံဘူးတစ်ခုကို သယ်ဆောင် ထားကြသည်။

စီးနင်းသူများ၏ ကျောဘက်ရှိ ကျည်တောက်ပုံဘူးများမှ ထူထဲသော အငွေ့များ စတင်ထွက်ပေါ်လာပြီး လေထဲ၌ လွင့်ပျံနေတော့သည်။ ထိုမြူများက ထူးဆန်းသော ဖွဲ့စည်းပုံရှိပြီး ကွယ်ပျောက်ရန် ခက်ခဲသလို ဖြစ်နေသည်။ ခဏအကြာ မှော်ဆရာခံတပ် ပတ်ပတ်လည်၌ ထူထဲသော မြူပင်လယ်တစ်ခု ဖြစ်သွားပြီး အထဲမှ အခြေအနေများကို ဖုံးကွယ်ပေးလိုက်သည်။

လေနဂါးဗိုလ်ခြေက မြူပင်လယ်ထဲသို့ ရောက်လာသည်။ ဗိုလ်ခြေ‌ခေါင်းဆောင် အာဂွန်က ထိုထူထဲသောမြူများကိုကြည့်ရင်း သံသယဝင်သွားသည်။ သူက စစ်တပ်အား နေရာတွင် ပတ်သွားခိုင်းပြီး မန္တန်များ တိတ်တဆိတ် ရေရွတ်လိုက်၏။ ရှေ့တွင် လေ‌ပွေလေးတစ်ခု ပေါ်ထွက်လာသည်။ ၎င်း သွားသော နေရာတိုင်းက စုတ်ဖြဲခံလိုက်ရသလိုပင် မြူများ ပျောက်ကွယ်သွားပြီးနောက် တဖန် ပြန်ပိတ် သွားပြန်သည်။ သို့ရာတွင် အလစ်တိုက်ခိုက်ခဲ့ဖြင်း မရှိချေ။ ခုနက မြူထဲ၌ ဖုံးကွယ်နေသော ဂရစ်ဖင်များက ထွက်သွားကြဟန်တူသည်။

“အသံလှိုင်းမြက်မှုန်လား။” အာဂွန်က မြူတစ်စိတ်တစ်ပိုင်းကိုယူပြီး အနံ့ခံကြည့်လိုက်သည်။ သူက စိတ်ထဲ၌ ဆုံးဖြတ်ထားခဲ့သည်။ ထိုမြက်က သာမန် အပင်သာ ဖြစ်၏။ ၎င်း၏အမှုန်ကို လေထဲ၌ အငွေ့ပုံစံဖြင့် လွင့်မျောစေနိုင်ပြီး အသံကို ချဲ့ပေးနိုင်သော အထူးသက်ရောက်မှု ရှိသည်။ ၎င်းကို ပုံမှန်အားဖြင့် မှော်ဆက်သွယ်ရေး ပစ္စည်းအချို့၌ အသုံးပြုကြပြီး ပို၍အရေးကြီးသည်မှာ ၎င်းတို့က အဆိပ်မရှိခြင်းပင်။

“ခြေလျင်တပ်ကို ရင်ဆိုင်ဖို့ အချိန်ဆွဲချင်တာလား။ ညံ့ဖျင်းတဲ့ လှည့်ဖြားဗျူဟာ တစ်ခုပဲ။” ထိုနေရာက စစ်မြေပြင်ဖြစ်၏။ အသာစီးအရနိုင်ဆုံး အချိန်ကို လွဲချော်သွားခြင်းက ရာဇဝတ်ပြစ်မှုကြီးတစ်ခု ဖြစ်သည်။ အာဂွန်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီးနောက် လေနဂါးဗိုလ်ခြေကို ရှေ့သို့ ဆက်သွားခိုင်းသည်။ သို့သော်လည်း သူတို့က သတိထားနေကြသည့်အတွက် အရှိန်ကုန် မသွားခဲ့ကြပေ။

လေနဂါးဗိုလ်ခြေက မြူပင်လယ်ထဲသို့ ဝင်ရောက်လာသည်။ အသံလှိုင်း မြက်ကြောင့် အာဂွန်က အနီးအနားရှိ အပေါင်းအဖော်များ၏ အခြေအနေကို သေသေချာချာ ခံစားမိသည်။ အသေအချာပင် သူတို့က အလစ်တိုက်ခိုက်မှု မခံခဲ့ရပေ။

ထိုအချိန်၌ သူ့အောက်မှ ဝိုင်ဗန်က မသက်မသာနှင့် ညည်းတွားလိုက်ရာ အခြားဝိုင်ဗန်များ အားလုံးကို သက်ရောက်သွားဟန်တူသည်။ အန္တရာယ်ရှိသော နိမိတ်တစ်ခုက အာဂွန်၏ စိတ်ထဲ၌ လှိမ့်တက်လာပြီးနောက် အဖွဲ့သားများအား သေသေချာချာ ရှေ့ဆက်ကြရန် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

အာဂွန် အမိန့်ပေးပြီးသည်နှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်မိပြီး သူ့ရှေ့တွင် အလွန်ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို ရေးရေးလေး မြင်လိုက်ရသည်။ သူက နောက်ထပ် လှုပ်ရှားမှု မပြုလုပ်နိုင်ခင်မှာပင် လေလှိုင်းတစ်ခုက အပြင်းအထန် လှိမ့်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ အသံလှိုင်းကြောင့် အနီးအနားရှိ မြူများ ချက်ချင်းပင် ပျောက်ကွယ်သွားပြီးနောက် ဧရာမပုံရိပ်က ပိုမို ထင်ရှားလာခဲ့သည်။

ထိုအရာ အညိုရောင် ကြေးခွံများရှိသော ကြောက်မက်ဖွယ်ရာ ဧရာမ နဂါး တစ်ကောင်ဖြစ်သည်။ ၎င်း၏ခေါင်းပေါ်တွင် ချိုအတိုလေး တစ်တန်းရှိနေပြီး ပါးပေါ်၌ ဆူးတောင်များ ရှိနေကာ အနက်ရောင်ချပ်ကာကို ဝတ်ဆင်ထားသည်။ ၎င်းက အလွန်ကြီးမားသော တောင်ပံများကို ခတ်လိုက်ပြီးနောက် ရွှေအိုရောင် မြွေမျက်လုံးများက ထက်မြက်သော သတ်ဖြတ်ချင်စိတ်များ ထုတ်လွှတ်လိုက်၏။

အာဂွန်၏ ပုံရိပ်က နေရာတွင်ပင် အေးခဲသွားခဲ့သည်။ နောက်ထပ် စက္ကန့်ပိုင်းမှာပင် သူ့ခေါင်းထဲ၌ တစ်ခုခု ပေါက်ကွဲသွားသလိုပင် ရုတ်တရက် ဘုန်းခနဲ ဖြစ်သွားပြီး လောကတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားဟန်တူသည်။ သူ၏စိတ်က ကွက်လပ်ဖြစ်သွားပြီးနောက် ဘာကိုမှ မကြားရတော့ပေ။ သူခံစားမိသည့် တစ်ခုတည်းသောအရာက သူ့ဝိညာဉ်နက်နက်ထဲမှ ပြင်းထန်သော တုန်ရီမှုသာ ဖြစ်ပေသည်။

စစ်မြေပြင်တစ်ခုလုံးကို ထိုကြောက်မက်ဖွယ်ရာဟိန်းသံကို ကြားလိုက်ရသည်။ အထူးအဟန့်အတားရှိနေသော ထိုဟိန်းသံက မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့၏။ အသံက အလွန်ပင် ပြင်းထန်လှပြီး အသံလှိုင်းမြက်မှုန်များကြောင့် အဆတိုးသွား ခဲ့သည့်အတွက်ကြောင့် အောက်မှစစ်သည်များက လက်နက်များကို ပစ်ချပြီး နာကျင်စွာဖြင့် နားကို အုပ်ထားလိုက်ကြသည်။ အားနည်းသူများက ကြက်သေသေပြီး နေရာတွင်ပင် သတိလစ်သွားကြ၏။

မြူပင်လယ်ထဲ၌ ဝိုင်ဗန်နှင့် ဂရစ်ဖင်များက မိုးသီးများကဲ့သို့ ပြုတ်ကျ လာကြသည်။ ကံမကောင်း စစ်သည်များအပေါ်သို့ ကျရောက်လာပြီး အချို့က ဒဏ်ရာရကာ အချို့က ကျိုးပဲ့ကုန်သည်။

အာဂွန်၏ သန္ဓေပြောင်းဝိုင်ဗန်က တောင်ပံကို လိမ်ဖည်လိမ်ဖည်နှင့် ခတ်နေပြီး အဆုံး၌ မထိန်းထားနိုင်တော့ဘဲ ပြုတ်ကျသွားတော့သည်။

မြူမပျံ့နှံ့ခင် နားများကို ကြိုတင်ပိတ်ဆို့ထားသော မှော်ဆရာခံတပ်မှ စစ်သည်များသည်ပင် မသက်မသာ ခံစားချက်များ ပြသလိုက်ကြသည်။ အစားကြူး နွယ်ပင်များသာ သက်ရောက်ခြင်းမခံရဘဲ ခုခံမှု ဆုံးရှုံးသွားသော အနီးအနားမှ စစ်သည်များကို ဝါးမျိုကာ ပိုမိုသောင်းကြမ်းလာကြ၏။

နင်ဘတ်စ်မြို့ မှော်ကြေးမုံအရှေ့၌ သွေးရောင်အင်ပါယာမှ ခေါင်းဆောင် သုံးယောက်က ဝေခွဲမရ ဖြစ်ကုန်ကြသည်။ “ဘာဖြစ်သွားတာလဲ။”

မှော်ကြေးမုံက အသံကို မထုတ်လွှတ်နိုင်သည့်အတွက် သူတို့သုံးယောက်က ကြောက်မက်ဖွယ်ရာဟိန်းသံကို မကြားခဲ့ရပေ။ မြူနှင်းထဲသို့ ဝင်ပြီးနောက် လေနဂါးဗိုလ်ခြေက ခဏအကြာ မိုးရွာသကဲ့သို့ ပြုတ်ကျသွားသည်ကိုသာ မြင်လိုက်ရ၏။

တစ်ချက်တည်းနဲ့ လေနဂါးဗိုလ်ခြေတစ်ခုလုံး ရှုံးနိမ့်သွားတယ်။ နတ်ဆိုး အရှင်သခင်အဆင့် ကနဦးပိုင်းဖြစ်တဲ့ အာဂွန် အပါအဝင်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတောင် ဒီလိုမျိုး မလုပ်နိုင်ဘူး။ ဒါက ဘယ်လို လက်နက်၊ ဘယ်လို အစွမ်းထက်ပုဂ္ဂိုလ်မျိုးလဲ။

စွမ်းအားများ ထုတ်လွှတ်လိုက်သော နဂါးက စိတ်ထဲ၌ အူမြူးနေခဲ့သည်။ ခုနက တိုက်ခိုက်မှုက နဂါးဧကရာဇ် အက်ဂ်လက်စ်က သူ့ကို ဖန်တီးပေးထားသော [ ဒေါသူပုန်နဂါးဟိန်းသံ ] ၏ လေးနက်သော အဓိပ္ပာယ် ဖြစ်သည်။ ထိုအရာက ရန်သူအား နဂါးမာန်နှင့်အသံကို ရောနှော၍ တိုက်ခိုက်နိုင်သောစွမ်းရည် ရှိသည်။ ထို့ပြင် အသံမြက်မှုန်၏ သက်ရောက်မှုပါ ပါနေသည့်အတွက် ထိုတိုက်ခိုက်မှုက အကြီးအကျယ် ပျက်စီးစေခဲ့လေသည်။

လူသားအသွင်သို့ ပြန်ပြောင်းပြီးနောက် နဂါးက ခံတပ်သို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ထဲ၌ တစ်စုံတစ်ယောက် အရှေ့တွင် စစ်တပ်တစ်တပ်အား ဟိန်းသံတစ်ချက်တည်းဖြင့် ချေမှုန်းခဲ့သော သူ၏ မဟာ အောင်မြင်မှုအကြောင်း မည်သို့ ကြွားလုံးထုတ်ရမည်ကို စဉ်းစားနေခဲ့၏။

ကောင်းကင်မှမြူများ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အတွင်းထဲ၌ ဘာမှ မရှိတော့ပေ။ တံတိုင်းအောက်ရှိ ဝိုင်းရံကိရိယာများနှင့် သွေးရောင်အင်ပါယာ စစ်သည်များက အစားကြီးနွယ်များ၏ တိုက်ခိုက်မှုအောက်တွင် လုံးဝနီးပါး သေဆုံးပျက်စီးနေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် နောက်ဘက်မှ တပ်ဆုပ်ရန် ခရာသံ ထွက်ပေါ်လာ၏။ ရန်သူများ တဖြည်းဖြည်း ဆုတ်ခွာသွားသည်ကို ကြည့်နေရင်း မှော်ဆရာခံတပ်မှ စစ်သည်များ၏ နားကွဲလုမတတ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်....

အရိပ်နက်အင်ပါယာ၊ ဂျာဂယ် ခံတပ်၌ -

မှော်ဆရာခံတပ်ကဲ့သို့ မြို့ပြဗိသုကာလက်ရာ မဟုတ်ဘဲ ဂျာဂယ်ခံတပ်၏ ဗဟိုချက်မှာ အလယ်မှ ဧရာမရဲတိုက်ကြီးဖြစ်ပြီး စစ်တန်းလျားနှင့် ခံတပ်များ ဝိုင်းရံထားလေသည်။

ရဲတိုက်၏ အမြင့်ဆုံး ထိန်းချုပ်ခန်းထဲ၌ -

“ဘာပြောတယ်။” အရိပ်နက်အင်ပါယာ၏ ပထမဗိုလ်ချုပ် ဘရော့ခ်က အစောင့်၏ သတင်းပို့မှုကို နားထောင်ပြီးနောက် မယုံကြည်နိုင် ဖြစ်သွားသည်။ “လိုကီ ဟုတ်လား။”

“ဟုတ်ပါတယ်။ ဗိုလ်ချုပ် လိုကီက ခံတပ်ကို ပြန်ရောက်လာပြီးတော့ ရဲတိုက်အပြင်ဘက်မှာ ဗိုလ်ချုပ်ကိုတွေ့ခွင့်တောင်းနေတယ်။”

ဘရော့ခ်က မျက်မှောင်ကြုတ်လိုက်၏။ လိုကီလီဗျာသန်က သူ၏ အစွမ်းအထက်ဆုံး လက်ထောက်ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း လွန်ခဲ့သော ၂နှစ်က သူ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး ထို့နောက်တွင် သတင်းလုံးဝ မရတော့ပေ။ ခံတပ်သို့ လီကို ပြန်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လိုကီကို သူကိုယ်တိုင်က တိတ်တိတ်လေး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ဘရော့ခ်က ကောင်းကောင်း သိသည်။ ထိုအချိန်၌ ဘရော့ခ်က ယောက္ခမ နေမကောင်းဟုဆိုကာ ယောက္ခမဖြစ်သူ ဖရန့်ဇ်နှင့် မိန်းမတို့ကို ခံတပ်ထဲ၌ ခေါ်ထားခဲ့သည်။ အမှန်တကယ်၌ သူတို့ကို ဓားစာခံ လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကတ်သရင်းက အပြစ်မဲ့သူကို မထိခိုက်စေရန်အတွက် ဘရော့ခ်အား အပြစ်မပေးနိုင်ခဲ့ပေ။ သို့သော်လည်း သူ့ကို ချက်ချင်းပင် ဖင်းနီနှင့် စေ့စပ်ပေးခဲ့သည်။ ယန္တရားအစည်းအရုံးမှာ အကြီးတန်း ဆရာသခင် ရမ္မနစ်ဂီ၏သမီး ဖီနီအက်စ်မိုဒက်စ်ကို ပထမဗိုလ်ချုပ် ဘရော့ခ်ထံ ကိုယ်လုပ်တော်အဖြစ် ပေးခဲ့ခြင်းပင်။

ဘရော့ခ်က မိန်းမဖြစ်သူ မယ်ဒီလူနှင့် နက်ရှိုင်းသော ပတ်သက်မှုရှိကြောင်း ပြောဆိုပြီး ဧကရီ ချီးမြှောက်သော လက်ထပ်ပွဲကို ငြင်းပယ်ခဲ့သည်။ ထို့နောက် သူက ကတ်သရင်းအား လက်အောက်ငယ်သားဖြစ်သူ လိုကီထံ တရားဝင် မိန်းမအဖြစ် ဖီနီအား ပေးရန် တောင်းဆိုသည်။ မဟာကတ်သရင်းက လေးလေးနက်နက် စဉ်းစားပြီးနောက် ဘရော့ခ်၏ တောင်းဆိုချက်ကို သ‌ဘောတူပြီး လိုကီအား မြို့တော်သို့ သွားစေကာ ဖီနီနှင့်လက်ထပ်ရန် သဘောတူခဲ့သည်။

ထိုလက်ထပ်ပွဲက ရိုးရှင်းပုံပေါ်သည်။ ဘရော့ခ်နှင့် ကတ်သရင်းတို့၏ ကစားပွဲထဲ၌ ဖီနီက စတေးခံလိုက်ရ၏။ အံ့သြစရာကောင်းလောက်အောင်ပင် ဖီနီက ငယ်ချစ်ဦးနှင့် တတိယဗိုလ်ချုပ် ခရောဖို့ဒ်၏သားဖြစ်သူ မွန်ရိုးနှင့် ခိုးရာလိုက်ပြေးသွားခဲ့၏။ ထိုအဖြစ်ကို ဘရော့ခ်က နဂိုကတည်းက တွက်ဆ ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် မွန်ရိုးနှင့် ဖီနီတို့ကို သတ်ပစ်ပြီး ကတ်သရင်း၏ လျို့ဝှက်နည်းလမ်းများကို ဖယ်ရှားရန်အတွက် လိုကီကို တိတ်တဆိတ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုအရာက အမှောင်လနှင့် သွေးနွယ်နယ်မြေ၏ ပူးပေါင်းမှုကို သက်ရောက်စေနိုင်လိမ့်မည်။

သို့သော်လည်း ထိုအချိန်၌ ချန်လွေ့က လိုင်ရာမြို့ အပင်ပြပွဲ၌ ရောက်ရှိနေခဲ့၏။ သူက အမှောင်လပိုင်နက်ထဲ၌ မွန်ရိုးဘေးနားမှ သစ္စာဖောက်များကို သတ်ပစ်ခဲ့ပြီး လိုကီကို အနိုင်ယူကာ စုံတွဲငယ်လေးကို ကယ်တင်ခဲ့သည်။ မွန်ရိုးက အသက်ကယ် ခဲ့သည့်အတွက် ကျေးဇူးတင်လိုက်ပြီး အမှောင်လတွင် သစ္စာခံလိုက်၏။

လိုကီကို ချန်လွေ့က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ရုပ်သေးတစ်ရုပ် ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ဘရော့ခ်က ထိုအကြောင်း မသိပေ။

အဝေးမှ မြို့‌တော်၌ ရှိနေရမည့် ဧကရီအရှင်မ နှင့် ကြယ်ကြွေတမန်အင်ပါယာ “သံတမန်” တို့က လျို့ဝှက်တယ်လီပို့ အစီအရင်မှတဆင့် ဂျာဂယ်ခံတပ် အရှေ့ပိုင်းရှိ မိုးကြိုးနယ်မြေသို့ ရောက်လာကြောင်းကိုလည်း ဘရော့ခ် မသိခဲ့ပေ။

“လိုကီက တစ်ယောက်ယောက်ကို ပြန်ခေါ်လာလား။”

“မဟုတ်ပါဘူး။ တစ်ယောက်တည်း ပြန်လာတာပါ။”

“သူ့ကို ဘေးဖက်ခန်းမထဲမှာ စောင့်ထားခိုင်းလိုက်။”

ယခုတွင် ကြယ်ကြွေတမန်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့က စစ်ဖြစ်နေကြပြီး အရိပ်နက်အင်ပါယာက အရှေ့တောင်ဘက်တွင် လူအင်အား စုစည်းထားကာ ကြယ်ကြွေတမန်အင်ပါယာကို တိုက်ခိုက်ရန် ပြင်ဆင်ထား၏။ ဂျာဂယ်ခံတပ်က သွေးရောင်အင်ပါယာ နယ်နိမိတ်၌ အရေးအပါဆုံးသော ခံစစ်ကြောင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ အရေးတကြီး အခိုက်အတန့်၌ အချိန်အတော်ကြာ ပျောက်ဆုံးနေသော လိုကီ ရုတ်တရက် ပေါ်ထွက်လာရခြင်းက ဘရောခ့်ကို သံသယ ဝင်စေခဲ့သည်။

ခဏအကြာ၌ ဘရော့ခ်က လိုကီကို ဘေးဖက်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ဘရော့ခ်ကို တွေ့ပြီးနောက် လိုကီက အလျင်အမြန် အရိုအသေ ပြုလိုက်သည်။ “ဗိုလ်ချုပ်...”

ဘရော့ခ်က သူ့ကို ဖျတ်ခနဲ ကြည့်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ပြန်ရောက်လာပြီပဲ။”

“ဟုတ်ကဲ့ပါ။ ဗိုလ်ချုပ်။”

ဝင်လာသည့်အချိန်မှစ၍ ဘရော့ခ်ကို လိုကီကို သေသေချာချာ စစ်ဆေးကြည့်နေခဲ့ပြီး တစ်ဖက်လူက စွမ်းအား၊ လှုပ်ရှားမှုအသေးစိတ်နှင့် လေသံ စသည်တို့တွင် မည်သည့်နေရာမှ ဟာကွက်မရှိကြောင်း ခံစားလိုက်ရသည်။ ထိုသူက သူ ရင်းနှီးခဲ့ဖူးသော လိုကီ ဖြစ်လောက်ပေသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ “မင်း ၂နှစ်လောက် ပျောက်သွားတဲ့အကြောင်းကို ရှင်းပြတာ ကြားချင်တယ်။”

လိုကီက လှည့်ပတ်ကြည့်လိုက်သောအခါ ဘရော့ခ်က လက်ကို ဝှေ့ရမ်းလိုက်ပြီး အစောင့်များ ထွက်သွားကြသည်။

ထို့နောက်မှသာ လိုကီက ပြောသည်။ “အစပိုင်းမှာတော့ ကျုပ်က ဆာ အမိန့်ပေးထားတဲ့အတွက် မွန်ရိုးနဲ့ ဖီနီနောက်ကို လိုက်ခဲ့တယ်။ နောက်တော့ အမှောင်လမှာ ကြောက်စရာနဂါးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကျုပ် အသည်းအသန် ထွက်ပြေးလာခဲ့ရပြီးတော့ တိတ်တဆိတ် လှုပ်ရှားဖို့ အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းချင်ခဲ့တယ်။ မွန်ရိုးက အမှောင်လထဲ ဝင်သွားမယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ် အလစ်တိုက်ခိုက်တာ မအောင်မြင်တော့ သေတော့မလို ဖြစ်သွားခဲ့တယ်။ ပြီးတော့ ထွက်ပြေးလာခဲ့ရတယ်။ နောက်ပိုင်း ကျုပ်ကို လူတစ်ယောက်က ဖမ်းသွားပြီးတော့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုဆီ အတင်း ဝင်ခဲ့ရတယ်။ ကျုပ် အဲဒီကနေ မထွက်သွားနိုင်ခဲ့ဘူး။ အခုမှပဲ ထွက်လာနိုင်ခဲ့တာ....”

ဘရော့ခ်က မျက်ခုံးပင့်လိုက်၏။ “လျို့ဝှက်အဖွဲ့အစည်း ဟုတ်လား။”

“ဂုဏ်ယူစရာပါ။ ဗိုလ်ချုပ်။ ပြောရမယ်ဆိုရင် ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့.....” လိုကီ၏ မျက်လုံးများက ဘရော့ခ်၏ မျက်နှာဆီသို့ ရောက်ရှိသွားသည်။ “ဘာလို့လဲဆိုတော့ ကျုပ်ကို ဖမ်းခဲ့တဲ့သူ အဇ်ဂါလော ဖြစ်နေလို့ပဲ။ အဇ်ဂါလော ဘယ်ဇီဘတ်။”

“ဘယ်ဇီဘတ် တော်ဝင်မိသားစုလား။” ဘရော့ခ်က မျက်မှောင်ကြုတ်လိုက်၏။ “မင်း ပြောချင်တာကို ငါ နားမလည်ဘူး။ ဒီအတွေ့အကြုံတွေကို စာရေးပြီး‌တော့ ဧကရီအရှင်မဆီ တင်ပြသင့်တဲ့ပုံပဲ။”

လိုကီက ခေါင်းခါပြီး ထိုအကြောင်း ဆက်မပြောတော့ပေ။ “ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က လီဗျာဟန် တော်ဝင်မိသားစုက ဖြစ်ပြီးတော့ ဗိုလ်ချုပ်ရဲ့ ညာလက်ရုံးပဲ။ ဗိုလ်ချုပ်ကို ကူညီဖို့ ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ။”

“တကယ်လား။” ဘရော့ခ်၏အသံက ရုတ်တရက် အေးစက်သွားပြီးနောက် အေးစက်သော အငွေ့အသက်တစ်ခုက တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။ အခန်းအပူချိန် ရုတ်တရက် ကျဆင်းသွားပြီး စတင်အေးခဲလာတော့သည်။

လိုကီက ၎င်းကို မမျှော်လင့်ထားခဲ့ပေ။ ထိုကဲ့သို့ ရှင်းပြပြီးသည့်တိုင် ဘရော့ခ်က သတိမပေးဘဲ သူကို ခက်ခဲအောင် လုပ်နေဆဲ ဖြစ်သည်။ သူ၏ လက်ထဲ၌ လက်အိပ်တစ်စုံ ရှိနေပြီး သူ့တစ်ကိုယ်လုံးက အပြာဖျော့ရောင်အလင်းများ တောက်ပနေသည်။ လိုကီက အေးခဲသော အငွေ့အသက်ကို ခုခံရန် အကောင်းဆုံး ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်က မခုခံနိုင်သေးဘဘဲ တဖြည်းဖြည်း တောင့်တင်းလာသည်။ သူ၏ခြေထောက်က ရေခဲအဖြစ်သို့ အေးခဲသွားပြီး ရေခဲမျက်နှာပြင်က အပေါ်သို့ တက်လာခဲ့သည်။

လိုကီ အံကြိတ်လိုက်သည်နှင့် သူ၏ညာလက်လုံးက ရုတ်တရက် အနက်ရောင် ဖြစ်သွားသည်။ ထူးဆန်းသော အင်အားတစ်ခု ပျံ့နှံ့သွားကာ အေးခဲနှုန်းက ချက်ချင်းပင် အတော်လေး လျော့ကျသွားခဲ့သည်။

ဘရော့ခ်က သရော်ပြုံးပြုံးလိုက်ပြီး သူ့မျက်လုံးက အနက်ရောင် ဖြစ်သွား၏။ လိုကီက အော်ဟစ်လိုက်ပြီးနောက် ညာမျက်လုံးမှ သွေးများကျလာသည်။ နှစ်ယောက်လုံးတွင် [ နတ်မိစ္ဆာမျက်လုံး ] ရှိကြသော်လည်း လိုကီနှင့် ဘရော့ခ်တို့က အရေအတွက်နှင့် အရည်အသွေးအရ အဆင့်မတူကြပေ။

သေရေးရှင်ရေး အခြေအနေသို့ ရောက်နေကြောင်း မြင်လိုက်ရသည့်အတွက် လိုကီက စကားသုံးလုံးကို လည်ချောင်းထဲမှနေ၍ အော်ဟစ်လိုက်သည်။ “ထင်ယောင်မှား နတ်ဆိုး ဒိုင်းကာ...”

ဘရော့ခ်က စွမ်းအားကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်လုံးက ချက်ချင်းပင် မူလအတိုင်း အပြာရောင် ပြန်ဖြစ်သွားသည်။ လိုကီ၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲကလည်း တဖြည်းဖြည်း အရည်ပျော်သွား၏။

“ဗိုလ်ချုပ်ရဲ့ စမ်းသပ်ချက်က ပြီးလောက်ပြီထင်ပါတယ်။” လိုကီက ညာမျက်လုံးမှ သွေးများကိုသုတ်ပြီး အသာလေး ပြောလိုက်သည်။ “တခြား ကိစ္စတွေကတော့...ကျုပ် နည်းနည်း ပင်ပန်းနေပြီ။ ဗိုလ်ချုပ်။”

“[ နတ်မိစ္ဆာမျက်လုံး ] နဲ့ ရေဒြပ်စင်ကျွမ်းကျင်မှု။ ဒီတော်ဝင်ပါရမီ နှစ်ခုက အတုလုပ်လို့ မရဘူး။ မင်းက ‌သေချာပေါက် လိုကီပဲ။” ဘရော့ခ်၏ မည်းမှောင်နေသော မျက်မှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာပြီး ခုနက သတ်ဖြတ်ခြင်း တိုက်ကွက်မှာ စမ်းသပ်ချက် တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။ “သိပ်ကောင်းတယ်။ အရင်ဆုံး သွားနားလိုက်ဦး။ ဗိုလ်ချုပ် လိုကီဓ။”

လိုကီက အသာလေး ဦးညွှတ်ပြီး လှည့်ထွက်သွားလိုက်သည်။

လိုကီ၏ နောက်ကျောကို ကြည့်နေရင်း ဘရော့ခ်၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ ပြောင်းလဲသွားခဲ့၏။

All Chapters