← Chapters

အကြွေးဟောင်းများ

Vol. 46 Ch. 740

အကြွေးဟောင်းများ

Vol. 46 Ch. 740

အမှောင်ထုက ရဲတိုက်ခန်းမတစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။ စစ်တပ်အရာရှိများက လက်ထဲမှ လက်နက်များကို ပြသလိုက်ကြပြီး ကျန်ရှိသော စစ်တပ်အရာရှိများနှင့် စိတ်ဝိညာဉ်အရာရှိများကို ဝိုင်းရံလိုက်သည်။ ထိုကဲ့သို့ အခြေအနေတင်းမာသော အခြေအနေက ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

အော်ဒိုဂက်စ်က အော်ပြောလိုက်၏။ “ဘရော့ခ်။ မင်းက ဒါ ဘာသဘောလဲ။”

ဘရော့ခ်၏ မျက်လုံးများက ထူးဆန်းသော အနက်ရောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သုန်မှုန်သော အသံတစ်သံက အခန်းတလျှောက် ထွက်ပေါ်လာသည်။ “ရိုးရိုးလေးပါ။ ငါ့နောက်လိုက်တဲ့သူ အသက်ရှင်မယ်။ ဆန့်ကျင်တဲ့သူ သေရမယ်။”

“အတင့်ရဲလိုက်တာ။” ‌အော်ဒိုဂက်စ်က မဟာဓားကို ကိုင်လိုက်ပြီး ဘရောခ့်ကို ရွယ်ကာ အော်ပြောလိုက်သည်။ “ငါက မဟာကတ်သရင်းကို ကိုယ်စားပြုတယ်။ မင်းက ပုန်ကန်နေတာပဲ။ မင်း....”

အော်ဒိုဂက်စ် ဒေါသထွက်နေစဉ်မှာပင် ဓားတစ်လက်က ရုတ်တရက် သူ၏ နှလုံးမှ ထိုး‌ဖောက်ထွက်လာသည်။ ဆက်ပြောမည့် စကားများ ရုတ်ချည်း ရပ်တန့်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် နောက်ပို ပြန်လှကြည့်လိုက်သည်။ ထိုသူက သူ အယုံကြည်ရဆုံးသော ဗာရိုတာ ဖြစ်နေ၏။

ဗာရိုတာက မိမိကို လုံးဝယုံကြည်နေသည့် အော်ဒိုဂက်စ်အား မတုံ့ဆိုင်းနေဘဲ ဓားနှင့်ထိုးခဲ့လေသည်။ သူက အော်ဒိုဂက်စ်၏ အရေးကြီး အစိတ်အပိုင်းများကို တစ်ချက်တည်း ထိုးသွင်းခဲ့၏။

“မင်းက ဘရော့ခ်ဘက်သားပဲ။” အော်ဒိုဂက်စ်က ရုတ်တရက် သ‌ဘောပေါက် သွားခဲ့သည်။ သူက ဒေါသတကြီး အော်လိုက်ပြီး နောက်ဆုံးလက်ကျန်အင်အားကို အသုံးပြုကာ သစ္စာဖောက်ကိုသတ်ရန် ကြိုးစားခဲ့သော်လည်း သူ့အင်အားက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ သူက အားကိုပင် မစုနိုင်တော့ပေ။ ဓားပေါ်၌ အလွန်အမင်း သေစေနိုင်သော အဆိပ်တစ်ခု ရှိနေ၏။

“ဗိုလ်ချုပ် ပြောခဲ့တယ် မဟုတ်လား။ သူ့နောက်လိုက်တဲ့သူ အသက်ရှင်ရမယ်။ ဆန့်ကျင့်တဲ့သူ သေရမယ်။” ဗာရိုတာက အေးတိအေးစက် ပြောလိုက်ပြီးနောက် ဓားထိပ်က အနက်ရောင်မီးတောက်များ လောင်ကျွမ်းသွားခဲ့သည်။ အော်ဒိုဂက်စ်၏ ခန္ဓာကိုယ်က သွေးများစုပ်ယူခံလိုက်ရသကဲ့သို့ပင် အလျင်အမြန် လောင်ကျွမ်းသွားပြီး နောက်ဆုံး၌ ပြာကျသွားခဲ့သည်။

အတွင်းရေး အပြောင်းအလဲများကြောင့် ကျန်ရှိသူများက တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ကတ်သရင်းကို သစ္စာရှိသော ခေါင်းဆောင် စိတ်ဝိညာဉ်အရာရှိ အော်ဒိုဂက်စ်က သူ၏လူယုံ ဗာရိုတာ သတ်ခြင်းကို ခံခဲ့ရ၏။

“ဗာရိုတာ။ မင်းလုပ်တာ တော်တယ်။ ငါ ထပ်ပြီးတော့ ပြောမှာ မဟုတ်ဘူး။” ဘရော့ခ်က ကောက်ကျစ်စွာဖြင့် ရယ်လိုက်ပြီး မှော်ခန့်အပ်စာကို ထုတ်ပြလိုက်သည်။ “ဒါက သွေးရောင်အင်ပါယာရဲ့ လော့ဒ် ရိုင်ဇန် ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ခန့်အပ်စာပဲ။ ငါ့ကို သွေးရောင်အင်ပါယာရဲ့ ဒုတိယဗိုလ်ချုပ်အဖြစ် ခန့်အပ် ထားတယ်။ ငါက ဂျာဂယ်ခံတပ်ရဲ့ ခံစစ်ကြောင်းကို လုံးဝ ရုတ်သိမ်းပြီးပြီ။ ပြီးတော့ သိပ်မကြာခင် သွေးရောင်အင်ပါယာက စစ်တပ်က ရောက်လာတော့မယ်။ မသေချင်ဘူးဆိုရင် ငါ့နောက်ကိုလိုက်။ မင်းတို့ရဲ့ အသက်တွေနဲ့ သွေးမျိုးဆက်ကို ထိန်းသိမ်းထားနိုင်မယ့်အပြင် ကြွယ်ဝမှုတွေကိုလည်း ခံစားနိုင်မယ်။”

ထိုသတင်းက အနီးအနားမှ အားလုံးကို ထိတ်လန့်သွားစေသည်။ တစ်စုံတစ်ယောက်က လွှတ်ခနဲ ပြောလိုက်၏။ “သွေးရောင်အင်ပါယာက ကြယ်ကြွေတမန်အင်ပါယာက အင်အားအကုန် တိုက်ခိုက်နေတာ မဟုတ်လား။ ကျုပ်တို့ကို တိုက်ခိုက်ဖို့အတွက် အင်အားခွဲဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။”

ဘရော့ခ်က တင်းမာသော အမူအရာဖြင့် ပြောလိုက်သည်။ “ဒီတစ်ခေါက် ရိုင်ဇန်က နတ်ဆိုးဘုံကို တစ်ခါတည်းနဲ့ ပေါင်းစည်းချင်နေတယ်။ ကြယ်ကြွေတမန် အင်ပါယာဖြစ်ဖြစ်၊ အရိပ်နက်အင်ပါယာဖြစ်ဖြစ် သွေးရောင်အင်ပါယာကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ထောက်ခံသူတဲ့သူတွေက အင်ပါယာရဲ့ ဂုဏ်ပြုခံ အရာရှိတွေ ဖြစ်လာပြီးတော့ ဆန့်ကျင်တဲ့သူတွေက မြုပ်နှံမယ့်နေရာမရှိဘဲ သေကြရမယ်။”

စိတ်ဝိညာဉ်အရာရှိများနှင့် စစ်တပ်အရာရှိများက အချင်းချင်း ကြည့်လိုက်ကြသည်။ သူ့တို့ထဲတွင် အစွမ်းအထက်ဆုံးက နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်ကြသော အော်ဒိုဂက်စ်နှင့် ဗာရိုတာတို့ ဖြစ်ကြသည်။ သို့ရာတွင် ဗာရိုတာက ရုတ်တရက် ဘက်ပြောင်းသွားပြီး အော်ဒိုဂက်စ်ကို သတ်ပစ်ခဲ့သည်။ ဗာရိုတာနှင့် ဘရော့ခ်အပြင် ဘရော့ခ်ဘက်မှ နတ်ဆိုးအရှင်သခင်အဆင့် စတန်စီတို့ကိုပါ ရင်ဆိုင်နေရသည့်အတွက် လူတိုင်းက အနိုင်ရရန် အခွင့်အရေး မရှိပေ။ သူတို့က ဘေးကျပ်နံကျပ် ဖြစ်နေကြတော့သည်။

“ငါက မင်းတို့ကို စဉ်းစားခိုင်းနေတာ မဟုတ်ဘူး။ ‌ရွေးချယ်ခွင့် ပေးနေတာ။ မင်းတို့အားလုံး သေသွားရင်တောင် စစ်သည်တွေကို အမိန့်ပေးဖို့ ငါ့မှာ နည်းလမ်း ရှိတယ်။ အဆုံးတကာ့ အဆိုးဆုံး ဖြစ်လာရင်တော့ ငါက မီးဓားဗိုလ်ခြေနဲ့ ဂျာဂယ် ခံတပ်တစ်ခုလုံးကို အတူတူ မြှုပ်နှံပစ်မယ်။ အခု ငါ မင်းတို့ကို ၁၀စက္ကန့် အချိန်ပေးမယ်။ မင်းတို့ မသေချင်ဘူးဆိုရင် လက်နက်တွေ အောက်ချထားပြီးတော့ ဒီမှာ လာရပ်နေကြ။”

“ခလွမ်း...” နောက်ဆုံး၌ တစ်စုံတစ်ယောက်က ဖိအားကို မခံနိုင်တော့ဘဲ လက်နက်ချကာ ဘရော့ခ်ပြောသောနေရာသို့ လမ်းလျှောက်သွားလိုက်သည်။

တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် နောက်မှလိုက်လာသော အရေအတွက်က ရုတ်တရက် တိုးလာပြီး ၆ယောက်ကသာ မတုန်မလှုပ် ရှိနေ၏။

“ဘရော့ခ်။ ကျေးဇူးမသိတတ်တဲ့ သစ္စာဖောက်။” အက်စ်မိုဒက်စ် တော်ဝင်မိသားစု စိတ်ဝိညာဉ်အရာရှိ တစ်ယောက်က မတ်တပ်ရပ်ပြီး အသံကျယ်ကျယ်နှင့် အပြစ်တင်လိုက်သည်။ “ဆာ-ဖရန့်ဇ်က အဲဒီတုန်းက မင်းကို သူ့သမီးနဲ့ လက်ထပ်ပေးခဲ့တာ တကယ် အမြင်ကွယ်နေခဲ့တာပဲ။ မင်းက ဧကရီ ကတ်သရင်းရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တယ်။ အရှင်မက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။”

“ဖရန့်ဇ်က တကယ် ကန်းနေခဲ့တာ။” ဘရော့ခ်က ကြက်သီးထစရာ ကောင်းလောက်အောင် ပြုံးလိုက်သည်။ “သူက ခုနက မင်းလိုမျိုး ပြောခဲ့တဲ့အတွက် ငါ့ကြောင့် ကန်းသွားခဲ့တာ။ ပြောရရင်တော့ အခု ငါမင်းကို မျက်လုံး ဖောက်ထုတ်ပစ်မယ်။”

ဘရော့ခ်၏ ခန္ဓာကိုယ်က ရုတ်တရက် အနက်‌ရောင် အငွေ့များ ထွက်လာပြီး စိတ်ဝိညာဉ်အရာရှိကို ရစ်ပတ်လိုက်သည်။ စိတ်ဝိညာဉ်အရာရှိအရှေ့၌ အလွန် ကြီးမားသော ကြေးရုပ်သေးတစ်ရုပ် ရုတ်တရက် ပေါ်ထွဥ်လာပြီး အနက်ရောင် အငွေ့ကို တိုက်ခိုက်လိုက်သည်။ သို့သော်လည်း အနက်ရောင် အငွေ့က အစိုင်အခဲ တည်ရှိမှု မဟုတ်သည့်အတွက် ကြေးရုပ်သေးက အနက်ရောင်ငွေ့ကို ပြန့်ကျဲသွားရုံသာ ဖြစ်စေပြီး တကယ့်ထိခိုက်မှု မဖြစ်စေခဲ့ပေ။ ထိုအစား ၎င်းက အနက်ရောင် အငွေ့၏ ရစ်ပတ်ခြင်းကို ခံလိုက်ရကာ ခန္ဓာကိုယ်က သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တိုက်စားခံရကာ ပျက်စီးလာခဲ့သည်။ သိပ်မကြာခင်၌ ထိုအရာက အကြွင်းအကျင်ပုံတစ်ခုဖြစ် ကွယ်ပျောက်သွား၏။

အနက်ရောင်အငွေ့က ဘရော့ခ်ပုံစံအဖြစ်သို့ ပြန်လည်စုစည်းသွားပြီး စိတ်ဝိညာဉ်အရာရှိ၏ ခေါင်းကို ကိုင်ထားလိုက်သည်။ သူက အားထည့်ရန် ပြင်လိုက်စဉ် စိတ်ထဲ၌ အန္တရာယ်သတိပေးချက် ရုတ်တရက် ပေါ်လာသည်။ သူက ချက်ချင်းပင် အငွေ့အဖြစ် ပျောက်ကွယ်သွား၏။ နောက်ထပ်စက္ကန့်ပိုင်း အတွင်းမှာပင် အငွေ့ကို နောက်မှ ရွှေရောင်အလင်းတစ်ခုက ဖောက်ထွင်း သွားခဲ့သည်။

ရွှေရောင်အလင်းက အငွေ့ကို ဖောက်၍သာ ဝင်သွားပြီး ထိခိုက်မှု မဖြစ်စေခဲ့ပုံ ရသော်လည်း ဘရော့ခ်၏ မသဲမကွဲအသံက အငွေ့ထဲမှ ထွက်လာ၏။ လူတိုင်းက ထိတ်လန့်သွားကြပြီး မျက်လုံးများက “အညံ့ခံခဲ့သော” မျက်မှန်နှင့် စိတ်ဝိညာဉ် အရာရှိကို စိုက်ကြည့်နေလိုက်ကြသည်။

အငွေ့က မရေမတွက်နိုင်သော ဓားသမားများအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်မှန်နှင့် စစ်တပ်အရာရှိထံသို့ ရောက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စိတ်ဝိညာဉ်အရာရှိက မယုံနိုင်စရာ အမြန်နှုန်းဖြင့် အခြားတစ်ဖက်၌ ပေါ်ထွက်လာခဲ့သည်။ သူ၏ ဘယ်မျက်လုံးက ရွှေရောင်တောက်နေပြီး အခြားအလင်းရောင်တစ်ခုက ဘရော့ခ် ပြောင်းသွားသော အငွေ့ဆီသို့ ပစ်လွှတ်လိုက်၏။

ရွှေရောင်အလင်းက အငွေ့၏ ဝိပါက် ဖြစ်ပုံရသည်။ ၎င်းက ဝိညာဉ်ပေါ်သို့ စိတ်ဝိညာဉ်စွမ်းအားဖြင့် အင်အားကြီး တိုက်ခိုက်မှုတစ်ခု တိုက်ရိုက် ပြုလုပ်နိုင်သည်။ ဘရော့ခ်၏ ၎င်းကို တိုက်ခိုက် မခုခံရဲဘဲ လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။ သူက ဘယ်လက်ကိုဖွင့်လိုက်ရာ ကြည်လင်သော အရောင်တစ်ခု ပြသနေပြီး ရွှေရောင်အလင်းကို တားဆီးနေ၏။

လက်ဝါးထဲသို့ ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းက ဘရော့ခ်၏ လက်ထဲမှ ယိုင်သွားပြီး တခြားနေရာသို့ ရောက်သွားသည်။ အလင်းက ပြန့်ကျဲသွားပြီးနောက် ထူးဆန်းသော ထောင့်စွန့်များကြောင့် အလင်းယိုင်သွားကာ စွမ်းအား ဆုံးရှုံးသွား၏။ ဘရော့ခ်၏ နတ်မိစ္ဆာကဲ့သို့ အနက်ရောင်မျက်လုံးထဲ၌ အေးစက်သော သတ်ဖြတ်ချင်စိတ် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ “[ မိစ္ဆာမျက်လုံး ]”

[ မိစ္ဆာမျက်လုံး ] နှင့် [ နတ်မိစ္ဆာမျက်လုံး ] တို့က ဘယ်ဖီဂေါနှင့် လီဗျာသန် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီများ ဖြစ်ကြသည်။ သူတို့ကို နတ်ဆိုး ဘုရားသခင်၏ ဘယ်မျက်လုံးနှင့် ညာမျက်လုံးဟု သတ်မှတ်ကြပြီး သက်ဆိုင်ရာ စွမ်းရည်များ ရှိကြသည်။ မိသားစုနှစ်ခုက ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြ၏။ ဘယ်ဖီဂေါမိသားစုက အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ဘရော့ခ်က မည်သည့်နောက်ကြောင်းရှိရှိ ဂရုမစိုက်ဘဲ သတ်ပစ်မည်သာ ဖြစ်သည်။

မျက်မှန်နှင့် အရာရှိပုံစံက တဖြည်းဖြည်း ပြောင်းလဲသွားပြီးတော့ ဘရော့ခ်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ တကယ် သူပဲ။

ဘရော့ခ်က ပစ္စည်းတစ်ခု၊ တားမြစ်အလှတရားအဖြစ် သတ်မှတ်ထားခဲ့သော သူ့ညီမ ဒေလီယာကို မြူဆွယ်ခဲ့သည့် ဘယ်ဖီဂေါမိသားစုမှ ထိုသူကို မေ့လိမ့်မည် မဟုတ်ပေ။ သူက ထိုသူရဲ့ အဖေကိုလည်း သတ်ပစ်ခဲ့၏။ မုန်းစရာအကောင်းဆုံးက ဒီကောင်နဲ့ သူ့ကြံရာပါက အသံတိတ်ညစိမ့်မြေမှာ ထင်ယောင်မှားဒိုင်းရှိတဲ့ ဒေလီယာကို ခေါ်သွားပြီးတော့ ငါ့မျက်စိ‌‌အောက်မှာပဲ ထွက်ပြေးသွားခဲ့တာပဲ။

အဲဒီအချိန်က စပြီးတော့ ဒေလီယာနဲ့ ဒီကောင်က ပျောက်ကွယ်သွားသလိုပဲ။ ထင်ယောင်မှားဒိုင်းကြောင့် ဒေလီယာ ဘယ်ရောက်နေလဲဆိုတာကို ငါ အာရုံခံလို့ မရဘူး။ [ ဝိညာဉ်အချုပ်အနှောင် ] ကိုသုံးပြီးတော့ ဒေလီယာကို သတ်ပစ်လို့လည်း မရဘူး။ အခု သူက ဂျာဂယ်ခံတပ်ကို ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး။ သူက ငါ့ကို ယှဉ်နိုင်တဲ့ စွမ်းအားတောင် ရှိနေပြီ။

ရိုမန် ဘယ်ဖီဂေါ...

“ဘာမှမသိတဲ့ အမှိုက်ကောင်။ မင်းက တကယ် သေချင်နေတာပဲ...” ဘရော့ခ်၏ လက်ထဲ၌ ဓားရှည်တစ်လက်ရှိနေပြီး ရိုမန်ကို အေးစက်စက်နှင့် ကြည့်လိုက်သည်။ ဒီကောင်ကို ငါ အနိုင်ယူနိုင်ရင် ဒေလီယာနဲ့ ထင်‌ယောင်မှား ဒိုင်းလည်း အလိုလို ရောက်လာမှာပဲ။ ရိုမန်က နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်နေပေမဲ့ ခုနက တိုက်ခိုက်မှုက ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ လျို့ဝှက်ရတနာ “မိစ္ဆာမျက်ရည်ပြာ” တဖြစ်လဲ မျက်မှန်ရဲ့ တိုးမြှင့်မှုကြောင့်ဆိုတာ သိသာတယ်။ သူ့ရဲ့ တကယ့်စွမ်းအားက ငါ့ထက် နိမ့်ကျလောက်တယ်။ ဒီမျက်မှန်က အငွေ့အသက်ကို ဖုံးကွယ်နိုင်တဲ့ အထူးလုပ်ဆောင်ချက်တစ်ခု ရှိတယ်။ ဒါကြောင့် ခုနက ငါ သူ့ကို ရှာမတွေ့ခဲ့တာပဲ။ အရေးအကြီးဆုံးကတော့ ဂျာဂယ်ခံတပ်က ငါ့ပိုင်နက်ပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတောင် ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။

အနီးအနားရှိ စစ်တပ်အရာရှိများက မျက်နှာအမူအရာ မပြောင်းလဲဘဲ ရှိနေသော ရိုမန်ကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။ သူက အသာလေး ပြောလိုက်၏။ “ဘရော့ခ်ဘက်က မဟုတ်ရင် ငါ့နောက်မှာ ရပ်နေကြ။”

စိတ်ဝိညာဉ်အရာရှိများက အလျင်အမြန်ပင် ရိုမန်နောက်သို့ သွားရပ်ကြပြီး အညံ့ခံခဲ့ကြသော စစ်တပ်အရာရှိများလည်း လျှောက်လာကြသည်။

“သူတို့ကို သတ်ပစ်။” ဘရော့ခ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

ရုတ်တရက် ရိုမန်အရှေ့၌ ထူးဆန်သော ပုံရိပ်များ ဒါဇင်ခန့် ပေါ်ထွက်လာ၏။ ထိုပုံရိပ်များ၌ လေထဲ၌ ခပ်နိမ့်နိမ့် လွင့်မျောနေကြသည်။ အဓိကခန္ဓာကိုယ်က ခေါင်းနှင့် အလွန်ကြီးမားသော မျက်လုံးများသာ ရှိသည်။ ခြေလက်များက လက်တံများ ဖြစ်ကြပြီး အလွန်နှေးကွေးစွာ လှုပ်ရှားနေကြဟန်တူသည်။

“မိစ္ဆာမျက်လုံးတွေ....” ဘရော့ခ်က တိတ်တဆိတ် ထိတ်လန့်သွား၏။ မိစ္ဆာမျက်လုံးက ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအား ရှိပြီးတော့ အလှမ်းဝေးတိုက်ခိုက်မှုတွေရှိတဲ့ နတ်ဆိုးဘုံက အထူးသတ္တဝါတစ်မျိုးပဲ။ ဘယ်ဖီဂေါတော်ဝင်မိသားစုရဲ့ [ မိစ္ဆာမျက်လုံး ] က အဲဒါကို အနိုင်ယူပြီးတော့ တသက်သာ အဖော်သားရဲအဖြစ်နဲ့ [ မိစ္ဆာဖျက်ဆီးခြင်း ] အဆင့်အထိ တိုးမြှင့်လို့ ရတယ်လို့ ပြောကြတယ်။ ဒါက မိစ္ဆာမျက်လုံးတွေကိုလည်း အစေခံအဖြစ် တိုက်ခိုက်ဖို့ အမိန့်ပေးလို့ရတယ်။

ဒီရိုမန်က အစတုန်းက နတ်ဆိုးဘုရင်အဆင့်ပဲ ရှိ‌သေးတာ။ အချိန်တိုအတွင်း ဘာက သူ့ကို နတ်ဆိုးအရှင်သခင်အဆင့်အထိ ရောက်စေခဲ့တာပဲ။ သူက [ မိစ္ဆာမျက်လုံး ] ရဲ့ [ မိစ္ဆာဖျက်ဆီးခြင်း ] အဆင့်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူ့ကို အခု ဖိနှိပ်လို့ ရနေသေးပေမဲ့ အမြန်ဆုံး ရှင်းပစ်မှရမယ်။

ထိုမိစ္ဆာမျက်လုံးများကို ရိုမန်က နတ်ဆိုးအရှင်သခင်အဆင့် ရောက်ပြီး [ မိစ္ဆာဖျက်ဆီးခြင်း ] စွမ်းအားကို နားလည်သဘောပေါက်ပြီးနောက် ထရာဗန်တီ မြေအောက်လိုဏ်ဂူသို့သွားကာ နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာမျက်လုံးဘုရင်က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရိုမန်က ယခုတစ်ခေါက်တွင် ဘရော့ခ်ကိုသတ်ပစ်ပြီး ဖခင်ဖြစ်သူနှင့် ချစ်ရသောအမျိုးသမီး ဒေလီယာ၏ အရှက်တရားအတွက်အပြင် ဒေလီယာကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သော [ ဝိညာဉ်အချုပ်အနှောင် ] ကို ပယ်ဖျက်ရန် ချန်လွေ့နှင့်အတူ အရိပ်နက်အင်ပါယာသို့ လိုက်လာခြင်း ဖြစ်သည်။

ရိုမန်၏ အမိန့်အောက်တွင် မိစ္ဆာမျက်လုံးများက အစွမ်းထက်သော စိတ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။ သူ့နောက်မှ စိတ်ဝိညာဉ် အရာရှိများနှင့် ခန်းမထဲရှိ နတ်ဆိုးအရှင်သခင်အချို့ကလွဲ၍ အခြားသူများက ခေါင်းကိုအုပ်ပြီး အော်ဟစ်နေကြကာ လဲကျသွားတော့သည်။

ဘရော့ခ်မှလွဲ၍ နတ်ဆိုးအရှင်သခင်အဆင့် နှစ်‌ယောက်ကို မိစ္ဆာမျက်လုံး ဘုရင်၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် ဟန့်တားနိုင်ခဲ့သော်လည်း သူတို့က ကိုင်တွယ်ရ လွယ်ကူသည် မဟုတ်ပေ။ မိစ္ဆာမျက်လုံးဘုရင်၏ စိတ်ဝိညာဉ်စွမ်အားက ကုန်ခမ်းကြောင်း ပြသလာသည်နှင့် သူတို့က အင်အားအပြည့်ဖြင့် တန်ပြန် တိုက်ခိုက်ကြမည် ဖြစ်သည်။

ဘရော့ခ်က လက်ထဲမှဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ ထက်မြက်သော ဓားချီစွမ်းအင်က ရိုမန်ထံ ရောက်ရှိသွားသည်။ ရိုမန်၏ခန္ဓာကိုယ်က နှစ်ပိုင်း ပြတ်သွားခဲ့သော်လည်း ထိုအရာက နောက်ကျန်ပုံရိပ်သာ ဖြစ်သည်။ တကယ့် ရိုမန်က ဘရော့ခ်၏ ဘယ်ဖက်၌ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ မရေမတွက်နိုင်သော အပြာရောင် အလင်းတန်းများက ဧရာမပိုက်ကွန်တစ်ခုအဖြစ် လိမ်ယှက်သွားပြီး ဘရော့ခ်ကို ရစ်ပတ်လိုက်၏?

ရိုမန်က ဘရော့ခ်ကို အလွန်ပင် မုန်းတီးလှသည့်အတွက် သူ့၏ ပထမဆုံး တိုက်ကွက်က သတ်ဖြတ်ခြင်းတိုက်ကွက်ဖြစ်သော [ အပြန်လမ်းမရှိ ] ဖြစ်နေခဲ့သည်။

ဘရော့ခ်၏ ဘယ်လက်က ရုတ်တရက် အလွန်ကြီးမားသော ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြန်နှုန်းမြင့် တချွင်ချွင် အသံများသာ ထွက်ပေါ်လာခဲ့ပြီး [အပြန်လမ်းမရှိ] က ထိုဒိုင်းကာဖြင့် အမှန်တကယ် လုံးဝ ခုခံခြင်း ခံလိုက်ရ၏။

ရိုမန်၏ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားပြီး နောက်သို့ပြန်ဆုတ်သွားသည်။ သူ၏ မျက်နှာပေါ်၌ ဓားဒဏ်ရာတစ်ခု ရှိနေသည်။

“ငါ့ရဲ့ခန္ဓာကိုယ်က စိတ်ရှိသလို ပြောင်းလဲလို့ရတဲ့ အစွမ်းအထက်ဆုံး လက်နက် ဖြစ်သွားပြီ။” ဘရော့ခ်၏ ဘယ်လက်က ဓားရှည်တစ်လက် ဖြစ်သွားခဲ့သည်။ “ပြီးတော့ ငါက ဒီရဲတိုက်ထဲမှာဆိုရင် ပြိုင်ဘက်ကင်းခန္ဓာ ရှိနိုင်တယ်။ ဒီအဆင့် တိုက်ခိုက်မှု မပြောနဲ့၊ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းရဲ့ တိုက်ခိုက်မှုတောင် ငါ့ကို လုံးဝ မထိခိုက်နိုင်...”

သူ စကားပြော မပြီးသေးခင်မှာပင် ကပ်ဘေးအန္တရာယ်၏ ပြင်းထန်သော ခံစားချက်က သူ့စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်ချိန်တည်း နီးပါးမှာပင် သူ့မျက်လုံးအရှေ့၌ လက်သီးတစ်လုံးက အနားကပ်လာခဲ့သည်။

“ဘုန်း!!!”

ဘရော့ခ် လွင့်ထွက်သွားပြီး နံရံနှင့် ခပ်ပြင်းပြင်း တိုက်သွားခဲ့သည်။ အစွမ်းထက် အစီအရင်ရှိသော နံရံက အမှန်တကယ်ပင် အက်ကွဲသွားခဲ့၏။

ဘရော့ခ်က မျက်နှာပေါ်၌ လက်သီးရာနှင့်အတူ ယိမ်းထိုးလျက် ထလာသည်။ သူက ချောင်းအနည်းငယ်ဆိုးလိုက်ပြီး သွေးပေနေသော သွားသုံးလေးချောင်းကို ထွေးထုတ်ကာ ရုတ်တရက်ကြီး ‌ပေါ်ထွက်လာသည့် လူထူးဆန်းရန်သူကို ကြောက်ရွံ့နေသော မျက်နှာဖြင့် ကြည့်လိုက်၏။ သူ ရေရွတ်လိုက်သည်။ “မင်းက ဘယ်လိုလုပ် ငါ့ကို ထိခိုက်အောင် လုပ်နိုင်တာလဲ....”

“ခင်ဗျားရဲ့ ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဆိုတာက ဒီအရာကို မှီခိုနေတာလား။” တစ်ဖက်လူက လက်ထဲမှ လက်သီးဆုပ်အရွယ် အနီရောင် သလင်းကျောက်ကို မြှောက်လိုက်သည်။ “ဒါမရှိရင် ခင်ဗျားက လက်သည်းမပါတဲ့ ငရဲခွေးလိုပဲ။ ခင်ဗျား အစွယ်ထက်ထက်တွေ ထုတ်ပြရင်တောင် အသုံးမဝင်ဘူး။ ကောင်းတဲ့နေ့လေး တစ်နေ့ပဲ။ ကျုပ်ရဲ့မိတ်ဆွေနဲ့ ကျုပ်က ဒီနေ့ ခင်ဗျားနဲ့ အကြွေးဟောင်းတွေကို သေချာ ရှင်းရမယ်။”

All Chapters