← Chapters

လမ်းဆုံး

Vol. 46 Ch. 741

လမ်းဆုံး

Vol. 46 Ch. 741

“ခံတပ်နှလုံးသား....” ဘရော့ခ်က အနီရောင် ကျောက်မျက်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။ “မဖြစ်နိုင်ဘူး။ မင်း ဘယ်က ရတာလဲ။”

“ခံတပ်နှလုံးသားက ခင်ဗျားကို ခံတပ်တစ်ခုလုံးနဲ့ ဆက်သွယ်ပြီးတော့ ခင်ဗျားကို ပြိုင်ဘက်ကင်း ဖြစ်စေတယ်။ သာမန်ခံတပ်မှာ ဒီလိုမျိုး မရှိဘူး။ ကြည့်ရတာ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အတော်လေး ကြိုးစားအားထုတ်ခဲ့တဲ့ပုံပဲ။” သလင်းကျောက်နှင့် ကစားနေသူက တည်တည်ငြိမ်ငြိမ် ပြုံးလိုက်သည်။ “ဒါက တကယ့်ကို ထိပ်တန်းအဆင့် မှော်ပစ္စည်းတစ်ခုပဲ။ မှော်စက်ဝိုင်းကလည်း တော်တော်လေး ရုပ်ထွေးတယ်။ လိုကီရဲ့ အကူအညီနဲ့တောင် ဖယ်ရှားဖို့ ၂နာရီလောက်ကြာတယ်။ ခင်ဗျားရဲ့ အစည်းအဝေးက သိပ်မကြာခဲ့ရင် ဒီလှည့်ကွက်ကို နည်းနည်းလောက် ပိုပြီးကြာကြာ သုံးရလောက်တယ်။”

“လိုကီ ဟုတ်လား...” ဘရော့ခ်က အံကြိတ်ပြီး နာမည်တစ်ခုကို ရေရွတ်လိုက်သည်။ လိုကီက [ နတ်မိစ္ဆာမျက်လုံး ] ရဲ့ စွမ်းအားအောက်မှာ “အမှန်အတိုင်း” အားလုံး ပြောပြခဲ့တာ အသေအချာပဲ။ ပြီးတော့ သူ့ကို ငါ့ရဲ့ [ဝိညာဉ်အချုပ်အနှောင်] နဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာ။ အသက်ရှင်ဖို့ ဖြစ်ဖြစ်၊ အကျိုးအမြတ်အတွက်ပဲဖြစ်ဖြစ် ဒီလို အချိန်တိုလေးအတွင်းမှာ ငါ့ကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ဘူး။ ပြဿနာက ဒီလို “မဖြစ်နိုင်တဲ့သူ” ဆီမှာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။

ရိုမန်နဲ့ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ထူးထူးဆန်းဆန်း အစွမ်းထက်ပုဂ္ဂိုလ်က သွေးမြေကျက များလား။

ဒါမှမဟုတ် သူတို့က ကတ်သရင်းရဲ့.....။ ဘရော့ခ်က ထိတ်လန့်ပြီး ဒေါသ ထွက်သွားခဲ့သည်။ သူက စိတ်ကို စေစားလိုက်ရာ [ ဝိညာဉ်အချုပ်အနှောင် ] က ချက်ချင်း အသက်ဝင်သွားပြီး လိုကီ၏ အသတ်ဓာတ်ကို လုံးဝ ဖြတ်တောက်လိုက်၏။

“လိုကီကို သတ်ရင်ရင်တောင် အသုံးမဝင်ဘူး။ သူ့တာဝန်က ပြီးသွားပြီ။” တဖက်လူက ဘရော့ခ်၏ လုပ်ရပ်ကို ခန့်မှန်းလိုက်မိပြီး အသာလေး ပြုံးလိုက်သည်။ “အစည်းအဝေး လုပ်နေတုန်း ခင်ဗျားမသိလိုက်တဲ့ အရာတွေအများကြီး အပြင်ဘက်မှာ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ခန်းမထဲမှာ ဖြစ်ခဲ့တာတွေကိုတောင် အပြင်က စစ်သည်တွေ သိခဲ့တယ်။ “အဆုံးဆုံးဖြစ်လာရင် မီးဓားဗိုလ်ခြေနဲ့ ဂျာဂယ်ခံတပ်ကို အတူတူ မြှုပ်နှံပစ်မယ်”လို့ ခင်ဗျား ပြောခဲ့တာတွေ အပါအဝင်ပေါ့။ ဒီလောကမှာ မှော်ရုပ်မြင်သံကြားလို့ခေါ်တဲ့ အရာတစ်ခု ရှိတယ်....”

“ဘာပြောတယ်...” ဘရော့ခ်က ထိတ်လန့်သွား၏။ စစ်သည်တွေအားလုံး.... ။ ဘရော့ခ်က အထိတ်တလန့် ဖြစ်သွားသော်လည်း အနက်ရောင်ငွေ့တစ်ခုက တစ်ဖက်လူ၏ နောက်ဘက်မှ တိတ်တိတ်လေး ရောက်လာနေပြီး ပစ်မှတ်က သူ့လက်ထဲရှိ ခံတပ်နှလုံးသားကို ဖြစ်သည်။ အခြေအနေက ဘယ်လိုပဲဆိုးဆိုး၊ ခံတပ်နှလုံးသားကို ပြန်ရတာနဲ့ အနည်းဆုံးတော့ ငါက ပြိုင်ဘက်ကင်းတယ်။

ထိုသူက နောက်ကို ရုတ်တရက် လှမ်းလိုက်ရာ သူ့လက်ဝါးက အထူး စုပ်ယူမှုအားတစ်ခု ရှိနေဟန်တူပြီး မမြင်နိုင်သော ဒြပ်မရှိသော အနက်ရောင် အငွေ့ကို ဆုပ်ကိုင်လိုက်၏။ အနက်ရောင်အငွေ့ထဲ၌ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်ပါဝင်နေသော ထူးဆန်းသည့် အေးစက်မှုတစ်ခု ရှိနေသည်။ ထိုအရာက ရေဒြပ်စင်ကျွမ်းကျင်သော ဘရော့ခ်ကို သိမ့်သိမ့် တုန်သွားစေ၏။

ထိုသူက လက်ကို ပြန်ဆွဲယူလိုက်သည့်အခါ အနက်ရောင်အငွေ့ကို ချိန်ထားခြင်း ဖြစ်သော်လည်း ဘရော့ခ်၏ခန္ဓာကိုယ်ကပါ အဆွဲခံလိုက်ရပြီးနောက် နှာခေါင်းရိုးကျိုးသံကို ကြားလိုက်ရ၏။ နာကျင်မှုကြောင့် သူ၏မျက်ရည်ကလင်းများ အထိန်းအကွပ် လွတ်သွားခဲ့ပြီး သွေးများနှင့် ချွဲများ စီးကျလျာတော့သည်။ သူက နောက်သို့ ခြေလှမ်း၈လှမ်း ဆုတ်သွားပြီး မျက်နှာကို နာကျင်စွာဖြင့် အုပ်ထားလိုက်သည်။

“ကျုပ်က ခင်ဗျားရဲ့ အရိုးတွေကို တစစီဖြစ်အောင် ချိုးချင်နေတာ။” ထိုသူကို ရိုမန်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “ဒါပေမဲ့ သူ့အသက်က မင်းအပိုင်ပဲ။”

“ငါ့တာဝန် ထားလိုက်ပါ။ ခေါင်းဆောင်။” ရိုမန်၏ ဓားပြာနှစ်လက်က တလက်လက် ဖြစ်သွားပြီး ဘရော့ခ်ထံသို့ တဖြည်းဖြည်း လမ်းလျှောက်လာ၏။

ခေါင်းဆောင် ဟုတ်လား။ ဒီအသုံးအနှုန်းကြောင့် ဘရော့ခ်၏မျက်နှာက တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ သူက ကြောက်လန့်ပြီး ဒေါသထွက်သွား၏။ “မင်းပဲ။”

ဒီကောင်ကြောင့်ပဲ “ခရစ္စတီးနား”ကို ငါကြံစည်ခဲ့တာတွေ အဲဒီတုန်းက ကျရှုံးသွားခဲ့တာ။ သူက ငါ့မျက်နှာပေါ်မှာ ဖျောက်ဖျက်လို့မရတဲ့ အရှက်ရစရာကို ချန်ထားဖို့အတွက် အဆိပ်ကိုတောင် သုံးခဲ့တယ်။ နောက်တော့ အသံတိတ်ည စိမ့်မြေ ရတနာသိုက်ရှာတဲ့နေရာမှာ သူက ငါ့ကို ထင်ယောင်မှားဒိုင်း မရအောင်လုပ်ခဲ့ပြီး ဒေလီယာနဲ့ ရိုမန်ကိုတောင် ခေါ်သွားခဲ့တယ်။ သူက လုံးဝကို ငါ့ရဲ့ ဝိပါက်ပဲ။

မူလက အမြင့်ဆင့်နတ်ဆိုးသာရှိခဲ့သော ထိုပုရွက်ဆိတ်က ယခုတွင် သူ့ကို တုန်လှုပ်စေနိုင်သည့် ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုဂ္ဂိုလ်အဖြစ် တိုးတက်လာ၏။

ထိုသူက အသေအချာပင် ချန်လွေ့ ဖြစ်၏။ သူ၏မျက်နှာက ကြုံရာ ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ ထိုအချိန်၌ ဘေးဖက်မှ ဗာရိုတာနဲ့ စတန်မီတို့က အပြေး ရောက်လာခဲ့သည်။ ချန်လွေ့က လက်ကို ဝှေ့ရမ်းလိုက်ရာ အေးစက်မှုတစ်ခု ပျံ့နှံ့သွားခဲ့ပြီး ခန်းမတစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစက်သွား၏။ ထိုကဲ့သို့ အေးစက်မှုမျိုးက ပုံမှန်အတိုင်း အေးခဲသွားခြင်းမျိုး မဟုတ်ပေ။ ခန္ဓာကိုယ် အပေါ်ယံ၌ အေးခဲခြင်း မဟုတ်ဘဲ ဝိညာဉ်ထဲသို့ ဖောက်ဝင်နေသော ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်မျိုး ဖြစ်သည်။ ဝိညာဉ်၊ စိတ်ဝိညာဉ်၊ ခွန်အားနှင့် သွေးများကပင် တစ်ချိန်တည်း အေးခဲသွားဟန်တူပြီး တုန်လှုပ်ကာ ကြံရာမရ ဖြစ်သွားစေနိုင်သည်။

ဘရော့ခ်၏ [ နတ်မိစ္ဆာပိုင်နက် ] က လုံးဝအေးခဲသွားပြီး သက်ရောက်မှု မရှိတော့ပေ။ ဗာရိုတာနှင့် စတန်မီတို့၏ လှုပ်ရှားမှုများကလည်း စတင်၍ အေးခဲလာသကဲ့သို့ပင် ရုတ်တရက် နှေးကွေးသွားသည်။ အားနည်း‌ော အခြားသူများ၏ ခန္ဓာကိုယ်များကလည်း ချက်ချင်းပင် တောင့်တင်းသွားကာ ခုခံမှု လုံးဝ ဆုံးရှုံးသွားခဲ့ကြသည်။

ဘရော့်၏ ခန္ဓာကိုယ်တစ်ဝက်က သက်ရှိ မဟုတ်ပေ။ “စက်လူသား”အဖြစ် အသွင်ပြောင်းပြီးနောက် သူ၏ခန္ဓာအမျိုးအစားက ထူးခြားသွားခဲ့ပြီး [ဆောင်းပိုင်နက်] အပေါ် သူ၏ ခုခံမှုက သာမန်လူများထက် ပိုသာသည်။ သို့သော်လည်း သူဝိညာဉ်က လွှမ်းမိုးသော အငွေ့အသက်ကို ခံစားမိနေသေးသည်။ အခြေအနေ ဆိုးလာနေကြောင်း သိသည့်အတွက် သူက အော်ပြောလိုက်သည်။ “တော်တော့။ ဖရန့်ဇ်နဲ့ မယ်ဒီလူတို့ရဲ့ အသက်က ငါ့လက်ထဲမှာ ရှိနေတယ်။ ငါက ကြိုက်တဲ့အချိန်....”

“ဒါဆို သူတို့ကို မြန်မြန် သတ်လိုက်လေ။” ရိုမန်က သရော်ပြုံး ပြုံးလိုက်ပြီး ခြိမ်းခြောက်မှုကို စကားဖြတ်ပြောလိုက်သည်။ မိစ္ဆာမျက်လုံးများကို ဘေးဖယ် ထားလိုက်ပြီ ဖြစ်သည်။ နိမိတ်ပုံရိပ်များက သူ့ခန္ဓာကိုယ်ထဲ ပြန်လည် ပေါင်းစည်းသွားပြီးနောက် ဘယ်မျက်လုံးရှိ ရွှေရောင်က ပို၍ပင် ထင်ရှားလာ၏။ သတ်ဖြတ်ချင်စိတ်က တဖြည်းဖြည်း ပိုမို၍ ပြင်းထန်လာခဲ့သည်။

တဖက်လူက “အရေးပါသော”အသက်နှစ်ခုကို အမှန်တကယ် ဂရုမစိုက်ကြောင်း မြင်သည့်အတွက် ဘရော့ခ်က ဝှက်ဖဲနှစ်ခုကို အလွယ်တကူ မဖျက်ဆီးရဲပေ။ ထိုအချိန်၌ ရိုမန်၏ ဓားနှစ်လက်က အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဘရော့ခ်ထံ ရောက်လာသည်။ ခံတပ်နှလုံးသားကို ဆုံးရှုံး သွားသည့်အတွက် ဘရော့ခ်က ထိခိုက်မှု မပြီးတော့ပေ။ မျက်နှာပေါ်၌ ထူးရှသော နာကျင်မှုကို ခုခံရင်း သူ၏ဘယ်လက်က ဒိုင်းအဖြစ် ပြောင်းလဲသွားပြီး ညာလက်က ဓားရှည်အဖြစ်ပြောင်းလဲသွားကာ အလင်းတန်းကို ခုခံလိုက်သည်။

ထိုစဉ် ဗာရိုတာနှင့် စတန်မီတို့က ပိုင်နက်စွမ်းအားများ အသည်းအသန် အသက်သွင်းနေရင်း ဝိညာဉ်ထဲသို့ တိုက်စားနေသော ကြောက်မက်ဖွယ်ရာ အေးစက်မှုကို ခုခံနေကြသည်။ ရုတ်တရက် သူ့တို့က အရှေ့မှ အရိပ်တစ်ခုကို အာရုံခံလိုက်မိပြီး တစ်ချိန်တည်းမှာပင် အစွမ်းထက်အားတစ်ခု ချဉ်းကပ်လာသည်။ သူတို့နှစ်ယောက်က လှိုင်းထန်သော ပင်လယ်တစ်ခု၌ ပိတ်မိနေဟန်တူပြီး ခုခံ၍ မရသော အားတစ်ခုက တူတစ်လက်သဖွယ် တစ်ချက်ပြီးတစ်ချက် ရောက်ရှိလာသည်။ သူတို့က လှိုင်းနှစ်လုံးကို ခုခံပြီးနောက် အားနည်းကာ နာကျင်နေကြပြီ ဖြစ်သည်။ သူတို့က သွေးတစ်လုပ် အန်လိုက်ပြီး တပြိုင်နက်တည်း သတိလစ်သွားကြ၏။

ဘရော့ခ်နှင့် ရိုမန်တို့၏ တိုက်ပွဲက အလျင်အမြန်ပင် ပြင်းထန်သွားခဲ့သည်။ ရိုမန်က [ လျှပ်တပြက် ] ပါရမီကို အဆုံးစွန်အထိ ထုတ်သုံးနေသည်။ ဘေးဖက်မှ စိတ်ဝိညာဉ်အရာရှိများက လေကို ပိုင်းဖြတ်နေသော မရမတွက်နိုင်သည့် အပြာရောင် အလင်းများနှင့် အရိပ်ရေးရေးလေးကိုသာ မြင်နိုင်ကြသည်။ အပြန်အလှန် တိုက်ခိုက်မှု အချို့ပြီးနောက် နှစ်ဖက်လုံး ဒဏ်ရာရသွားကြ၏။

ဘရော့ခ်၏ စွမ်းအား အစစ်အမှန်က နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ဖြစ်သည်။ စက်လူသား ဖြစ်သည့်အလျောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းပင် ယှဉ်နိုင်၏။ သာမန်အခြေအနေများ၌ သူ၏ စွမ်းအားက ရိုမန်ထက် သာလွန်သော်လည်း ယခုတွင် ပုန်ကန်မှု ကျရှုံးသွားပြီး [ နတ်မိစ္ဆာပိုင်နက် ] ကို [ ဆောင်းပိုင်နက် ] က ဖိနှိပ်ထားကာ ခံတပ်နှလုံးသားကိုလည်း ဆုံးရှုံးထားရသည်။ သူ့တွင် တိုက်ခိုက်ချင်စိတ် လုံးဝ မရှိနေပေ။ သို့သော်လည်း ရိုမန်က သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထား၏။ သူ၏ ခုတ်ပိုင်းမှုများက အလွန်အမင်း သေစေနိုင်သော နေရာများသာ ဖြစ်လေသည်။

ဘရော့ခ်က ဗာရိုတာနှင့် စတန်မီတို့ကို ချန်လွေ့ အလွယ်တကူ အနိုင်ယူခဲ့သည်ကို မြင်လိုက်ရပြီး စိတ်ထဲ၌ ကြောက်လန့်သွားခဲ့သည်။ ထိုကဲ့သို့ အာရုံလွင့်သွားမှုကြောင့် ရိုမန်က ဟာကွက်တစ်ခု မြင်လိုက်ပြီး ဘရော့ခ်၏ လည်ပင်းကို ချက်ချင်းပင် ခုတ်ပိုင်းလိုက်၏။ ဘရော့ခ်က မရှောင်နိုင်ခဲ့ပေ။ သူ၏ ဓားရှည်က ရိုမန်၏ ဗိုက်ကို ဖောက်ထွင်းသွားခဲ့ပြီး သူ့ကို ရှောင်ရန် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ရိုမန်၏ ဓားအလင်းက ရှောင်တိမ်းရန် အနည်းငယ်မျှ ရှိမနေဘဲ အတူတူသေရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ဘရော့ခ်က ထိတ်လန့်သွားပြီးနောက် ခေါင်းပြတ်မည့် ဘေးအန္တရာယ်ကို ရှောင်တိမ်းရန် အစွမ်းကုန် နောက်သို့ ယိမ်းလိုက်၏။ ဓားက သူ၏ ညှပ်ရိုးကို ကန့်လန့်ဖြတ် ထိသွားခဲ့ပြီး သူ၏လည်ပင်း ပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ဓားက လမ်းကြောင်းပြောင်းသွားသည့်အတွက် ရိုမန်၏ နံရံများက အရိုးအထိအောင် ဒဏ်ရာနက်နက် ရသွားခဲ့သည်။

ရိုမန်က ၎င်းကို သတိမထားမိဘဲ အေးစက်စက်နှင့် ပြုံးလိုက်၏။ “ဒါက ကျုပ်အတွက်။”

ဘရော့ခ်က နာကျင်စွာဖြင့် အော်လိုက်သည်။ သူ့ဘယ်လက်မှ ဓားရှည်က အနီရောင် လက်သည်းအဖြစ် ပြောင်းလဲသွားပြီး ရိုမန်၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ ရိုမန်က နောက်မဆုတ်ဘဲ ရှေ့သို့ဆက်သွားကာ ဘရော့ခ်၏ လက်သည်းများအား သူ့ရင်ဘတ်ကို အပေါ်ဖောက်စေလိုက်သည်။ ထို့နောက် ရိုမန်က ဓားကိုလှည့်ပြီး ဓားကိုင်ထားသော ဘရော့ခ်၏ ညာလက်ကို ဖြတ်လိုက်၏။

“ဒါက ဒေလီယာအတွက်။”

ဘရော့ခ်၏ အော်သံက သနားစရာကောင်းသွားပြီး သူ၏ခြေထာက်က ခုန်တတ်သည့် နတ်ဆိုသားရဲ၏ ခြေထောက်မျိုး ပြောင်းလဲသွားခဲ့သည်။ သူက မြေကြီးပေါ်မှ ခုန်သွားလိုက်ပြီး နောက်ဆုံးတွင် ရိုမန်နှင့် အဝေးသို့ ရောက်လာနိုင်ခဲ့သည်။

ခုနက အသည်းအသန် အားထုတ်မှုက လျှပ်တပြက်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ လူအတော်များများက ပုံရိပ်နှစ်ခု တိုက်ခိုက်ပြီးနောက် ပြန်ခွာသွားသည် ကိုသာ မြင်ခဲ့ရသော်လည်း ရိုမန်၏ရင်ဘတ်နှင့်ဝမ်းဗိုက်က သွေးများထွက်နေကာ ဘရော့ခ်၏ ညာလက်က တံတောက်အောက်မှ ဖြတ်ခံထားရ၏။

ဘရော့ခ်၏ သွေးပျက်နေသော မျက်နှာက ပြင်းထန်သော နာကျင်မှုကြောင့် တွန့်ရှုံ့နေခဲ့သည်။သူ၏အကြည့်က ကြောက်ရွံ့နေပြီး သူစိတ်ထဲသို့ “အရူး”ဟူသော စကားလုံးများ ရောက်ရှိလာသည်။ သူကြောက်သည်က ထိုကဲ့သို့ ပြိုင်ဘက်မျိုး ဖြစ်သည်။ အသံတိတ်ညစိမ့်မြေ၌ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲရန် အဆိပ်ကို သုံးခဲ့သူ တစ်ယောက်ကဲ့သို့ပင် ထိုရိုမန်ကလည်း အရူးတစ်ယောက် ဖြစ်နေ၏။

အခု အဘက်ဘက်က ပြီးဆုံးသွားပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။ ရိုမန် အပြင်ကို သူ့ထက် အများကြီး ပိုသာတဲ့ “ခေါင်းဆောင်”လည်း ရှိတယ်။

ထိုသို့ တွေးမိသည်နှင့် ဘရော့ခ်၏ဘယ်လက်က ပေါက်ကွဲထွက်သွားပြီး နေအသေးစားသဖွယ် လင်းလက်သွားကာ တည့်တည့်မကြည့်နိုင် ဖြစ်သွားစေ၏။ ရုတ်တရက် ရိုမန်က ဘာကိုမှ မမြင်နိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ရန်အတွက် ဓားနှစ်ဖက်ကို ဝှေ့ရမ်းလိုက်ရတော့သည်။

ချန်လွေ့က ထိုအလင်းထုတ်လွှတ်နေသော အငွေ့အသက်က ထူးခြားကြောင်း ခံစားမိခဲ့သည်။ သူက ‌အော်ဟစ်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ လက်သီးတစ်ချက် ပစ်ထိုးလိုက်ရာ တစ်ခုခု ကျိုးကြေသွားသံကိုသာ ကြားလိုက်ရ၏။ [သရုပ်ခွဲမျက်လုံး] ထဲ၌ ဘရော့ခ် မရှိတော့ပေ။

အလင်းရောင် ပျောက်သွားပြီးနောက် ရိုမန်က မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ဘရော့ခ် ပျောက်သွားကြောင်း တွေ့လိုက်ရသည်။ ချန်လွ့က လက်ထဲ၌ ကျိုးပဲ့နေသော သလင်းကျောက်များနှင့်အတူ တစ်ခုခုကို စဉ်းစားနေဟန်တူသည်။ ရိုမန်က အလျင်အမြန် မေးလိုက်သည်။ “ဘရော့ခ် ဘယ်မှာလဲ။”

“သူ့ခန္ဓာကိုယ်မှာ အထူးမှော်စာ တယ်လီပို့မှော်ပညာတစ်ခု ရှိလောက်တယ်။ ဒီစက်လူသားက စိတ်ဝင်စားစရာကောင်းတာ အသေအချာပဲ......။ ဒါပေမဲ့ သူ့ကို ငါ ထိုးမိသွားခဲ့တယ်။ အဲဒါကြောင့် အကွာအဝေးကို ထိခိုက်သွားစေမှာပဲ။ ဒီကျိုးပဲ့နေတဲ့ မှော်သလင်းကျောက်တွေနဲ့ ငါသူ့ကို တိတိကျကျ ခြေရာကောက်နိုင်တယ်။”

ထိုသို့ပြောပြီးနောက် ချန်လွေ့က ရိုမန်၏ ခန္ဓာကိုယ်မှ ဆိုးဝါးလှသော ဒဏ်ရာများကို ကြည့်လိုက်သည်။ “ဆန်းကြယ်ကျောက်စိမ်းချပ်ကာကို မင်း ဝတ်ထားသင့်တယ်။”

ရိုမန်က စုတ်ပြဲနေသော အဝတ်အစားများကို အသာအယာ ပွတ်သပ်လိုက်၏။ “ဒါက အဲဒီတုန်းက ဒေလီယာ ငါ့ကို ပထမဆုံးပေးခဲ့တဲ့ အဝတ်အစားတွေပဲ။”

ချန်လွေ့က ရိုမန်၏ စိတ်အခြေနေကို ကောင်းကောင်း နားလည်သည့်အတွက် သူ၏ပုခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ ဒဏ်ရာတွေက တော်တော်လေး ပြင်းတယ်။ ချက်ချင်း ကုသဖို့လိုတယ်။ ချန်တာ ငါ့တာဝန်ထားလိုက်။”

ရိုမန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဖြည်းဖြည်း ပုတ်ပါကွာ။”

“ဒါက ခံတပ်နှလုံးသားကို အခြေခံပြီးတော့ ဆွဲထားတဲ့ မြေပုံပဲ။ ဖရန့်ဇ်နဲ့ မယ်ဒီလူက တစ်နေရာရာမှာ အကျဉ်းချထားလောက်တယ်။ နောက်ကျရင် သူတို့ကို သွားကယ်လိုက်။ ဒီမှာရေးထားတဲ့ ထောင်ခြောက်တွေကို သေချာရှောင်။” ထိုသို့ ပြောပြီးနောက် ချန်လွေ့က ဆေးရည်တစ်ပုလင်းနှင့် မြေပုံတစ်ခု ပစ်ပေးကာ ပျောက်ကွယ်သွားတော့သည်။

ဂျာဂယ်ခံတပ် တစ်နေရာရာ ကောင်းကင်ပေါ်၌ ဘရော့ခ်၏ပုံရိပ်က ဝေဝေဝါးဝါးနှင့် ပေါ်ထွက်လာသည်။ သူ ဆင်းသက်ပြီးသည်နှင့် ခြေထောက်က မတည်ငြိမ်သလို ခံစားလိုက်ရပြီး လဲကျသွားခဲ့သည်။

ဘရော့ခ်က ချုံးချုံးကျ ဖြစ်နေ၏။ သူ့နှာခေါင်းကလည်း ချိုင့်ဝင်နေပြီး နှာခေါင်းက သွေးများပေကျံနေကာ ညာလက်ကလည်း တစ်ပိုင်းသာ ကျန်သည်။ ဘယ်လက်က ကျိုးသွားပြီး ဘယ်ခြေထောက်၏ ဒူးခေါင်းအောက်ပိုင်းကလည်း ကျိုးကြေနေခဲ့သည်။ သူ မတ်မတ် မရပ်နိုင်သည်မှာ အံ့သြစရာ မရှိပေ။

သူက အရေးပေါ် တယ်လီပို့အစီအရင် ပြုလုပ်နေစဉ် သူ တယ်လီပို့ ခုန်တော့မည့် အခိုက်အတန့်၌ ပုံရိပ်ယောင်တစ်မျိုး ရုတ်တရက် ပေါ်ထွက်လာသည်။ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ရောက်ရှိလာကာ သူ၏ ဘယ်လက်မှ အကာအရံကို ကြေမွစေလုနီးပါး ဖြစ်သွားခဲ့သည်။ အသွင်ပြောင်းထားသော ဘယ်ခြေကလည်း ထိုထိခိုက်မှုကြောင့် ကျိုးသွားခဲ့ရသည်။ “ပုံရိပ်ယောင်” ဖြတ်သန်းသွားပြီးတော့ တယ်လီပို့ခုန်ခြင်း ပြီးစီးသွားပြီး သူက တခြားနေရာတစ်ခုသို့ ရောက်ရှိသွား၏။

ခုနက အရာက ပုံရိပ်ယောင်တစ်ခု မဟုတ်ကြောင်း အချက်အလက်များက သူ့ကို ပြောပြနေခဲ့၏။

ဘရော့ခ်က ကြက်သေသေသွား၏။ အချိန်ရပ်အောင် လုပ်ခဲ့သူက မယုံနိုင်စရာ ကောင်းတဲ့စွမ်းအားတစ်ခု ရှိတယ်။ ကံကောင်းချင်တော့ ငါက အခွင့်အရေးကို မြင်လိုက်တဲ့အချိန် အမြန် ထွက်ပြေးသွားခဲ့တာ။ မဟုတ်ရင် သူ့လက်ထဲကို ငါ ရောက်သွားလောက်ပြီ။

ဘရော့ခ်က ကျိုးနေသော ဘယ်ခြေထောက်ကို အနည်းငယ် ဆန့်ထုတ် လိုက်သည်။ သူက မျှခြေကို ထိန်းရုံသာ ထိန်းနိုင်နေပြီး လှည့်ပတ်ကြည့်လိုက်ရာ အံ့အားသင့်သွားပြန်သည်။ အလောင်းတွေ။ နေရာတိုင်းမှာ အလောင်းတွေ။ ဒါနဲ့ ဒီနေရာက....ဂျာဂယ်ခံတပ်ရဲ့ အရှေ့ပိုင်းက ကွင်းပြင်ငယ်လေး ဖြစ်လောက်တယ်။ သေတဲ့သူတွေရဲ့ အလှံနဲ့ လက်နက်တွေကို ကြည့်ရတာတော့ သူတို့က သွေးရောင် အင်ပါယာက စစ်သည်တွေ ဖြစ်မယ်။

ကြည့်ရတာ အလစ်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ သွေးရောင် အင်ပါယာက ရှုံးနိမ့်ပြီးတော့ ပြန်ဆုတ်ခွာသွားတဲ့ပုံပဲ။

ထိုအချိန်၌ ဘရော့ခ်က ထူးဆန်းသလို ခံစားလိုက်မိပြီး နောက်လှည့် ကြည့်လိုက်ရာ လရောင်အောက်မှ ကျက်သရေရှိသော ပုံရိပ်တစ်ခုက အဝေးမှနေ၍ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုနက်ရှိုင်းသောအကြည့်က ရေကဲ့သို့ တည်ငြိမ်နေ၏။

All Chapters