← Chapters

အံ့အားသင့်မှု။ အုပ်ချုပ်သူနှစ်ယောက် ခပ်စေစော တွေ့ခြင်း

Vol. 46 Ch. 742

အံ့အားသင့်မှု။ အုပ်ချုပ်သူနှစ်ယောက် ခပ်စေစော တွေ့ခြင်း

Vol. 46 Ch. 742

ဘရော့ခ်က အဝေးမှ မျက်နှာလွှားနှင့် အမျိုးသမီးကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ပြီး ဝိညာဉ်ကို ဖောက်မြင်ဟန်တူသော နက်ရှိုင်းသည့်အကြည့်ကို မြင်လိုက်ရသည်။ သူက စိတ်ကိုငြိမ်ရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်က ထိန်းချုပ်၍မရဘဲ တုန်လှုပ်နေခဲ့၏။

သူက ထိုအမျိုးသမီး၏ သရုပ်မှန်ကို အခြားသူများအားလုံးထက် ပိုသိသည်။ ထိုအမျိုးသမီးက သူအကြောက်ရဆုံးနှင့် အမုန်းဆုံးဖြစ်သူပင်။

ဒီမိန်းမ ရှိနေသရွေ့ ငါက အရိပ်နက်အင်ပါယာရဲ့ ပထမဗိုလ်ချုပ်ပဲ ဖြစ်နိုင်တယ်။ မနာလိုခြင်းတော်ဝင်မိသားစုဘုရင် ဘရော့ခ် လီဗျာသန် မဖြစ်နိုင်ဘူး။ ဒီအမျိုးသမီးကို မရှင်းပစ်ရင်.....

ထိုအရာက အသေအချာပင် မဖြစ်နိုင်သော တာဝန်တစ်ခု ဖြစ်၏။ တစ်ခါက သူသည် ထိုပန်းတိုင်နှင့် မတော်တဆ အတော်လေး နီးကပ်သွားခဲ့သည်။ သို့ရာတွင် ငရှုပ်တစ်ကောင်ကြောင့် အဆုံးသတ်၌ ကျရှုံးသွားခဲ့ရသည်။ ထိုအချိန်မှစ၍ သူက ရည်မှန်းချက်များကို ဖိနှိပ်ထားရပြီး ဂျာဂယ်ခံတပ်၌ နေကာ အသက်ကယ် နည်းလမ်း အမျိုးမျိုးကို ပြင်ဆင်ရတော့သည်....

ဘရော့ခ်၏ ပထမဆုံး တုံ့ပြန်မှုက ထွက်ပြေးရန် ဖြစ်သည်။ သို့သော်လည်း သူက လှည့်ကြည့်လိုက်ရာ ရှေ့တွင် လူတစ်‌ယောက် တိတ်တဆိတ် ရောက်နေသည်ကို တွေ့လိုက်ရသည်။ အသိတစ်ယောက်ပင်။

ထိုသူက အရပ်မြင့်မြင့် ဆံပင်ခရမ်းရောင်ရှိပြီး ရွှေရောင်ချပ်ကာ ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက မျက်နှာ လေးထောင့်ရှိပြီး မျက်ခုံးရိုး နက်ရှိုင်းကာ ဒေါသမထွက်ဘဲ အဟန့်အတား ဖြစ်စေနိုင်ပုံပေါ်သည့် တင်းမာသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေသော ရွှေရောင်ဖျော့ဖျော့ မျက်လုံးတစ်စုံ ရှိနေသည်။

“အဇ်ဂါလော...” ဘရော့ခ် တုန်လှုပ်သွားခဲ့သည်။ ရုတ်တရက် သူက ထိုအလောင်းများထဲ၌ မူမမှန်မှုကို တွေးလိုက်မိပြီး ချက်ချင်း သဘောပေါက်သွားကာ အော်ပြောလိုက်၏။ “မင်းက တကယ်ပဲ အရိပ်နက်အင်ပါယာမှာ အညံ့ခံခဲ့တယ်။”

“ဟမ့်...” အဇ်ဂါလောက ဘာမှမရှင်းပြဘဲ အေးစက်စက်နှင့် နှာမှုတ်လိုက်၏။

သူ ထိုစဉ်က အမှောင်လ၌ “အိုင်းစစ်” အလွယ်တကူ ဖမ်းဆီးသည်ကို ခံရပြီးနောက် ကတ်သရင်းက သူ့ကို အသက်ရှင်ရန် လမ်းကြောင်းတစ်ခု ပေးခဲ့သည်။ ထိုအရာက အရိပ်နက်အင်ပါယာကို နှစ်၁၀၀ အလုပ်အကျွေးပြုရန်ပင်။ ကတ်သရင်းက ဘယ်ဇီဘတ်တော်ဝင်မိသားစုအား အသက်ရှင်ရန် နေရာတစ်ခု အဖြစ် နယ်မြေတစ်ခု ပေးအပ်မည်ဖြစ်ပြီး ထိုနယ်မြေကို ထိန်းချုပ်နိုင်မှုကလည်း အနှစ်၁၀၀ ဖြစ်သည်။ ထို့နောက်တွင် အဇ်ဂါလောက မိသားစုနှင့်အတူ စိတ်ရှိသလို ထွက်သွားနိုင်ပေသည်။ အကယ်၍ သူက ဆက်ပြီး အလုပ်အကျွေးပြုမည်ဆိုလျှင် နယ်မြေအုပ်ချုပ်မှုက ဆက်တိုးသွားမည် ဖြစ်သည်။

နတ်ဆိုးဘုံရှိ စည်းမျဉ်းက အစွမ်းထက် ပုဂ္ဂိုလ်များကို အလေးထားခြင်း ဖြစ်သည်။ အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည့်အခါ အဇ်ဂါလော၌ ရွေးစရာ မရှိခဲ့ပေ။ ထို့ပြင် ဘယ်ဇီဘတ်တော်ဝင်မိသားစုကို အသက်ရှင်ရန်နှင့် တိုးတက်ရန်အတွက် နေစရာပေးခြင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဟု သတ်မှတ်၍ ရနိုင်သည်။ ထို့ကြောင့် အဇ်ဂါလောနှင့် ကတ်သရင်းတို့က ညီတူမျှတူ စာချုပ် ချုပ်ဆိုခဲ့ကြ၏။

လွန်ခဲ့သော ၂နှစ်အတွင်း အဇ်ဂါလောက အမှောင်ထဲ၌ ပုန်းအောင်းနေကာ ကတ်သရင်းအား အရိပ်နက်အင်ပါယာမှ သွေးမြေကျ အင်အားစုများကို ကူညီ၍ ရှင်းလင်းပေးနေခဲ့သည်။ ယခုတစ်ခေါက်က သူက ကတ်သရင်းနှင့်အတူ စစ်တပ်ကို ဦးဆောင်ပြီး ဂျာဂယ်ခံတပ်ကို အလစ်တိုက်ခိုက်ရန် ရောက်လာသော သွေးရောင်အင်ပါယာ၏ လက်ရွေးစင်ဗိုလ်ခြေကို ဖျက်ဆီးပစ်ခဲ့သည်။ အဓိကအားဖြင့် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] က အဓိကကျခဲ့ပြီး ထိုဗိုလ်ခြေကို ရှင်ကျန်သူ မရှိစေဘဲ ချေမှုန်းနိုင်ခဲ့၏။

အဇ်ဂါလောက နတ်ဆိုးဘုံ ထိပ်တန်းပညာရှိ၏ ဉာဏ်ပညာနှင့် နည်းလမ်းများကို ကော်ငးကောင်းသိသည်။ ကတ်သရင်းက သူ့ကို အသုံးချရဲသည့် အတွက်ကြောင့် သူ့ကို လုံးဝထိန်းချုပ်နိုင်ရန် ယုံကြည်ချက် ရှိရပေမည်။ ထိုအချိန်၌ သူက ဘရော့ခ်၏ လျို့ဝှက်အကြံအစည်ကို အသုံးချပြီး ဘရော့ခ် အပတ်တကုပ် ကြိုးစားခဲ့ရသော အင်အားစုကို တစ်ချက်တည်းဖြင့် ရှင်းပစ်ခဲ့သည်။ ထိုအရာက သတိပေးချက်တစ်ခု အနေဖြင့် သတ်မှတ်၍ ရနိုင်သည်။ ထို့ကြောင့် အဇ်ဂါလောက ရည်မှန်းချက်များကို ယာယီဖိနှိပ်ထားပြီး ဘရော့ခ်၏ ခြေရာနောက်သို့ မလိုက်မိစေရန် ပြုလုပ်ရပေမည်။

ဘရောခ့်၏ တယ်လီပို့အစီအရင်က အသုံးပြု၍ မရနိုင်တော့ပေ။ အဇ်ဂါလော ရှိနေလျှင် ကတ်သရင်းမပြောနှင့်၊ ရေဒြပ်စင်ကောင်၏ [ အချိန်နှင့် နေရာလွတ် ဂိတ် ] ဖြင့်ပင် ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သူက ချက်ချင်းပင် ပြောလိုက်၏။ “ဖရန့်ဇ်နဲ့ မယ်ဒီလူရဲ့ အသက်တွေက ငါ့ရဲ့ လက်ထဲမှာ။”

ကတ်သရင်းက ပြုံးလိုက်သည်။ “ ရှင်က ဒီလောက်တောင် ကြောက်တာလား။”

ထိုအကွာအဝေး အတွင်းမှာပင် ဘရော့ခ်က ကတ်သရင်း၏ အပြုံးမှ အထင်သေးမှုကို ခံစားမိနေပြီး အံကြိတ်လိုက်မိသည်။ “မင်းက ဖရန့်ဇ်နဲ့ သူ့သမီးရဲ့ အသက်ကို ဂရုမစိုက်ဘူးလား။”

“ရှင်က တကယ်ကြောက်နေတာပဲ။” ကတ်သရင်းက ခေါင်းခါလိုက်သည်။ “ရှင်က ကျွန်မကို လူသိရှင်ကြား ခြိမ်းခြောက်မယ်ဆိုရင် ပြည်သူတွေရဲ့ စိတ်တွေ၊ စစ်တပ်ရဲ့ စိတ်တွေနဲ့ ပတ်သက်ပြီးတော့ အချုပ်အနှောင်တွေ ရှိနေဦးမယ်။ ဒါပေမဲ့ ဒီမှာတော့ အဲဒီအသက်နှစ်သက်ကို ဂရုစိုက်မယ် ထင်တာလား။”

ဘရော့ခ်၏ နှလုံးသား တုန်ခါသွား၏။ ဟုတ်တယ်။ အုပ်ချုပ်သူက ရက်စက်တယ်။ ငါဆိုရင်တောင် အကျိုးအမြတ်အတွက် ငါ့ရဲ့ကလေးနဲ့ မိသားစုက သူတွေကိုတောင် စွန့်ပစ်နိုင်တယ်။ နတ်ဆိုးဘုံရဲ့ ထိပ်တန်းပညာရှင်ဆိုရင် ပြောစရာတောင် မလိုဘူး။

ထိုအချိန်၌ ကတ်သရင်းနှင့် အက်ဇ်ဂါလောတို့၏အကြည့်က တချိန်တည်းပင် အဝေးမှ သစ်တောဆီသို့ ရောက်ရှိသွားသည်။ ဘရော့ခ်က ခေါင်းလှည့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခုက သူတို့ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။

ထိုပုံရိပ်၏ ခြေသံက ထူးဆန်းသော စည်းချက်တစ်ခု ရှိနေသည်။ အသံက မကျယ်သော်လည်း စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ ဘရော့ခ်က ခဏ နားထောင်လိုက် မိရုံဖြင့် မသိလိုက်ဘဲ ယစ်မူးသွားခဲ့သည်။ သူ၏ နှလုံးခုန်သံကပင် ထိုစည်းချက်၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။ သူ၏မျက်လုံးများက အနက်ရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး [ နတ်မိစ္ဆာမျက်လုံး ] စွမ်းအားဖြင့် အတော်လေး ရုန်းကန်လိုက်ရသည်။ သို့သော်လည်း သူ၏ရင်ဘတ်၌ ရပ်တန့်၍မရသော နာကျင်မှုတစ်ခု ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများက ပြောင်းပြန်စီးဆင်းလုမတတ် ဖြစ်သွားခဲ့သည်။ သူ မူးဝေသွားပြီး မြေပါ်သို့ လဲကျသွား၏။

ဘရော့ခ်က ချွေးများပြန်လာသည်။ သူက ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးခဲ့ပေ။ ခြေသံကပင် သူ့ကို သတ်မိလုနီးပါး ဖြစ်ခဲ့၏။

ထိုပုံရိပ်၏ ခြေလှမ်းက အေးအေးဆေးဆေး ဖြစ်ဟန်တူသော်လည်း ကွင်းပြင်လယ်လေးထဲသို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့သည်။ ထိုသူက အရပ်သိပ်မမြင့်ဘဲ ပိန်ပိန်ပါးပါးဖြစ်ကော အနက်ရောင်ဆံပင်ရှည် ရှိသည်။ သူ၏ မျက်နှာအသွင်အပြင်က အနည်းငယ် မှုန်ဝါးနေ၏။ ဘရော့ခ်၏ အမြင်ဖြင့်ပင် ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

ကတ်သရင်းနှင့် အဇ်ဂါလောတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ကတ်သရင်းက ထိုသူကို စိုက်ကြည့်နေခဲ့၏။ ရုတ်တရက် သူက တစ်ခုခုကို သတိရသွားဟန်တူပြီး မျက်နှာလွှားနောက်မှ အနက်ရောင်မျက်လုံးများထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ့နောက်၌ မီးခိုးဖျော့ရောင် ဝတ်ရုံတစ်ခု ရှိနေပြီဖြစ်သည်။

ထိုသူက ခြေလှမ်းများ နှေးကွေးသွားခဲ့ပြီး လမ်းတစ်လျှောက်၌ အလောင်းများကို ကြည့်နေဟန်တူသည်။ သူက ရုတ်ချည်း ရပ်တန့်လိုက်၏။ သူ့မျက်လုံးများက အဇ်ဂါလောကို စိုက်ကြည့်နေပြီး အသံတိုးတိုး ထွက်လာသည်။ “ငါ့ စစ်သည်တွေကို သတ်လိုက်တာ မင်းလား။”

ထိုစကားက သူ၏နေရာကို ပြောပြလိုက်ပြီဖြစ်သည်။ သွေးရောင်အင်ပါယာက စစ်သည်တွေ။

အဇ်ဂါလောက ထိုသူ၏ စွမ်းအားကို ရေးရေးလေး အာရုံခံမိသော်လည်း သူက သူ့အစွမ်းနှင့် သူ့ဘေးမှ ကတ်သရင်းတို့၏ အစွမ်းတို့ကို တွေးမိလိုက်သည်။ သူက ချက်ချင်းပင် နှာမှုတ်လိုက်ပြီး မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်သွား၏။ “နောက်ထပ် တပ်မှူးတစ်ယောက်ကို သတ်ရလည်း ကိစ္စမရှိဘူး။”

ဘရော့ခ်က မျှော်လင့်ချက် မဲ့နေခဲ့ပြီ ဖြစ်သည်။ မမျှော်လင့်ဘဲနှင့် လျို့ဝှက်ဆန်းကြယ်သောသူ တစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာသည်။ သူက ထိုသူဆီသို့ တွားသွားပြီး ပြောလိုက်သည်။ “ဗိုလ်ချုပ်။ ငါက သွေးရောင်အင်ပါယာရဲ့အသစ်ခန့်ထားတဲ့ ဒုတိယဗိုလ်ချုပ်ပါ။ မြန်မြန်လုပ်။ ငါ ဒီကနေ ထွက်ပြေးလို့ရအောင် ကာထားပေး။”

“ဒုတိယ ဗိုလ်ချုပ် ဟုတ်လား။” ထိုသူက ဘရော့ခ်ကို ဖျပ်ခနဲကြည့်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်၏။ “ဒုတိယဗိုလ်ချုပ်နေရာ အစားထိုးလိုက်တာ ငါ ဘာလို့ မသိခဲ့တာလဲ။”

“တကယ်ပြောတာ။” ဘရော့ခ်က နေရာလွတ်လက်စွပ်မှ သားရေစာလိပ် တစ်ခုကို ထုတ်လိုက်သည်။ “ဒါက သွေးရောင်အင်ပါယာရဲ့ အရှင်ရိုင်ဇန်ကိုယ်တိုင်င် လက်မှတ်ထိုးထားတဲ့ ခန့်အပ်စာပါ။”

ထိုသူက လက်ကိုဝှေ့ရမ်းလိုက်ရာ စာလိပ်က သူ့လက်ထဲ ရောက်လာ၏။ သူက တစ်ချက်ကြည့်လိုက်သည်။ “မင်းက ဂျာဂယ်ခံတပ်ရဲ့ ဘရော့ခ်လား။ ဒီစာကို မင်း ဘယ်က ရခဲ့တာလဲ။”

ဘရော့ခ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ “မင်းသား အလီရက်စ်ရဲ့ လူယုံ အယ်လီက ဂျာဂယ်ခံတပ်ကို တိတ်တဆိတ် ရောက်လာပြီးတော့ ငါ့ကို ကိုယ်တိုင် ပေးခဲ့တာ။ ဒါက လုံးဝ အစစ်အမှန်ပါ။ ငါက အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ အင်ပါယာ ဗိုလ်ချုပ်ဆိုတာ တကယ်ပဲ။”

“အလီရက်စ်....သိပ်ကောင်းတယ်။” ထိုသူ၏အသံက အက်ကွဲသွားဟန် တူသည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး စိတ်ကိုထိန်းလိုက်သည်။ “မင်းရဲ့ပုံစံကို ကြည့်ရတာ ဂျာဂယ်ခံတပ်ရဲ့ ပုန်ကန်မှုက ကျရှုံးသွားတဲ့ပုံပဲ။”

“ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲံ အလုပ်ခန့်စာလိပ်က အတု မဟုတ်ဘူး။ ငါထွက်ပြေးဖို့ မြန်မြန် ကာကွယ်ပေး။ ငါ မင်းကို သေချောပေါက် ကျေးဇူးဆပ်မယ်။” မျက်နှာချင်းဆိုင်မှ အမျိုးသမီးက ကတ်သရင်းဖြစ်ကြောင်း ဘရော့ခ် မပြောပြခဲ့ပေ။ ထိုသူက သူ့ကို ချန်ထားပြီး တစ်ယောက်တည်း မထွက်ပြေးသွားစေရန် အတွက်ပင်။

မမျှော်လင့်ထားဘဲနှင့် ထိုသူက အသာလေး ပြောလိုက်သည်။ “ဒီလိုဆိုရင်တော့ မင်း သေလို့ရပြီ။”

မိမိ၏ကယ်တင်ရှင်က လူသတ်သမား ဖြစ်လာမည်ဟု ဘရော့ခ်က မထင်မှတ်ထားခဲ့ပေ။ သူက အလွန်ကြောက်လန့်သွားပြီး ထွက်ပြေးရန် ပြင်လိုက်၏။ ထိုသူက ဘရော့ခ်၏ နဖူးပေါ်၌ လက်တစ်ချောင်း တင်လိုက်သည်။ ထို့နောက် သူက ဘရော့ခ်ကို ထပ်မကြည့်တော့ဘဲ အဇ်ဂါလောဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် လာခဲ့သည်။

“ဘာလို့လဲ....” နောက်ဘက်မှ ဘရော့ခ်၏ အသံတုန်တုန် ထွက်လာ၏။ “ငါ့ကို တကယ်ပဲ အရှင်မင်းကြီး ရိုင်ဇန်ကိုယ်တိုင် ခန့်အပ်ထားတာ.....”

“အလီရက်စ်အကြောင်း ပြောပြတဲ့အတွက် ငါမင်းကို နောက်ဆုံး အဖြေ ပေးလိုက်မယ်။” ထိုသူက ရှေ့သို့ ဆက်သွားနေဆဲ ဖြစ်သည်။ “ဘာလို့လဲဆို‌တော့... ဒီလိုခန့်အပ်မှုမျိုးကို လက်မှတ်ထိုးခဲ့တာ ငါ မမှတ်မိလို့ပဲ။”

ဘရော့ခ်၏မျက်လုံးများ ပြူးသွားခဲ့ပြီး မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ သူ၏အသိစိတ်က အေးခဲသွားခဲ့ပြီး တစ်ကိုယ်လုံးက ချက်ချင်းပင် အနက်ရောင်ပြာများအဖြစ် ပြောင်းလဲကာ အစအနမကျန် ပြောင်းလဲ သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကတ်သရင်း၏အသံ ထွက်ပေါ်လာ၏။ “အဇ်ဂါလော။ အခုပဲ နောက်ဆုတ်တော့။”

အဇ်ဂါလောက တစ်ချိန်တည်း သတိလက်လွတ် မနေခဲ့ပေ။ သူက စွမ်းအားကို စုစည်းထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော်လည်း တဖက်လူက “အဖွဲ့ဟောင်း” ဘရော့ခ်ကို အရင်သတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် သူက ထိတ်လန့်စရာ အဖြေတစ်ခုကို ကြားလိုက်ရ၏။ ဘရော့ခ်ကဲ့သို့ပင် သူလည်း နားကိုပင် မယုံကြည်နိုင်ခဲ့ပေ။

ထိုအချိန်၌ အဇ်ဂါလောက ကတ်သရင်း၏ အော်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူက ‌ဖော်ပြ၍မရသော ကပ်ဘေးအန္တရာယ်တစ်ခုဖြင့် လွှမ်းမိုးခံလိုက်ရသည်။ သူ၏ဆံပင်များပင် ထောင်သွား၏။ အဇ်ဂါလော၏ ပြင်းထန်သော အော်သံများကြားထဲ၌ စုစည်းထားသော စွမ်းအားများက အပြင်းအထန် ပေါက်ကွဲထွက်ကုန်သည်။ သူက ရှေ့မတက်ဘဲ နောက်ဆုတ်နေခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်၌ သူက ပုံမှန်အခြေအနေထက် ပို၍ပြင်းထန်သော စွမ်းအားအကုန် သုံးလိုက်ပြီးပြီ ဖြစ်သည်။

သို့ရာတွင် နောက်ကျသွားလေပြီ။ အဇ်ဂါလောက တစ်ခုခုနှင့် ထိသွားသကဲ့သို့ပင် ရင်ဘတ်၌ နာကျင်မှု တစ်ခုကို ခံစာလိုက်ရသော်လည်း ကတ်သရင်းနားသို့ ပြန်ဆုတ်သွားနိုင်ခဲ့သည်။ သူက ငုံ့ကြည့်လိုက်ရာ ဒဏ္ဍာရီလာယောင်အဆင့် ရွှေချပ်ကာ၏ရင်ဘတ်က ချိုင့်ဝင်နေပြီး လက်သီးရာ ပေါ်နေခြင်းကို မြင်လိုက်ရသည်။ သူက တိတ်တိတ်လေး စိတ်သက်သာရာ ရသွား၏။

“ချက်ချင်း စစ်တပ်ကို ဦးဆောင်ပြီးတော့ ဂျာဂယ်ခံတပ်ဆီ ပြန်ဆုတ်တော့။ ပြီးရင် အဆင့်အမြင့်ဆုံး ခုခံမှုကို အသက်သွင်းထားလိုက်။” ကတ်သရင်း၏အသံက သူ့နားထဲ၌ ပေါ်ထွက်လာပြီး ထိုအရာက သူ့စိတ်ထဲ ရှိနေသည့်အရာလည်း ဖြစ်သည်။ အလုပ်အကျွေးပြုတာက တစ်ပိုင်း။ အနစ်နာခံတာက တစ်ပိုင်းပဲ။ ဒီလူကို ငါ မရင်ဆိုင်ချင်ဘူး။ နတ်ဆိုးဘုံရဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန် မန်မွန်။

ရိုင်ဇန်က အဇ်ဂါလော ထွက်ပြေးသွားသည်ကို မတားဆီးခဲ့ပေ။ သူ၏ မျက်လုံးထဲ၌ ကတ်သရင်းတစ်ယောက်တည်းသာ ရှိနေသကဲ့သို့ပင် သူ့ကို စိုက်ကြည့် နေခဲ့သည်။

“ရှင် ဒီမှာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူ။” ကတ်သရင်းက တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ငါ့ကိုယ်ငါလည်း ဒီကိုရောက်လာမယ်လို့ မထင်ထားခဲ့ဘူး။ မင်းနဲ့တွေ့ဖို့ကို ပြောမနေနဲ့။” ရိုင်ဇန်က အသာလေး ပြောလိုက်သည်။ “ငါက တစ်ခုခုကို စုံစမ်းနေတာ။ အခုပဲ အဖြေကို ရတော့မလို့။ ငါ့မှာ ထူးချွန်တဲ့ သားတစ်ယောက် ရှိတယ်။ ဒါပေမဲ့ သူက စိတ်မြန်လွန်းတယ်။”

“အလီရက်စ်လား။” ကတ်သရင်းက စဉ်းစားလိုက်သည်။ “ဂျာဂယ်ခံတပ်ကို အလစ်တိုက်ခိုက်တာက ရှင့်အကြံ မဟုတ်လောက်ဘူး။ မဟာမင်းသားရဲ့ အကြံ ဖြစ်လောက်တယ်။ ဟုတ်တယ်မလား။ ဒါမှမတုတ် ရှင်တောင် မသိတာလား။”

“ဟုတ်ယ်။ ငါ သိတော့ နောက်ကျသွားခဲ့ပြီ။ အဲဒါကြောင့် နောက်မှ ငါ ရောက်လာခဲ့တာ။ မဟုတ်ရင် ဒီစစ်သည်တွေ စတေးခံရမှာ မဟုတ်ဘူး။” ရိုင်ဇန်က ရုတ်တရက် ပြုံးလိုက်၏။ “ဒါပေမဲ့ မင်းနဲ့ တွေ့ရတာကတော့ မမျှော်လင့်ထားတဲ့ အကျိုးအမြတ် တစ်ခုပဲ။ ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းက အဲဒီတုန်းက ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လုနီးပါးပဲ။”

“ဟုတ်တယ်။ ဖြစ်လုနီးပါ။” ကတ်သရင်းကလည်း အသာလေး ပြုံးလိုက်သည်။ “အရိပ်နက်အင်ပါယာက သွေးရောင်အင်ပါယာက ဝါးမျိုလုနီးပါး ဖြစ်ခဲ့ပေမဲ့ ကျွန်မက အဆုံးအထိ လက်မလျှော့ခဲ့ဘူး။ အရိပ်နင်အင်ပါယာရောပဲ။”

“မင်း လက်မလျှော့ခဲ့တာ ဝမ်းသာမိတယ်။ နိုင်ငံရေးလက်ထပ်ပွဲတစ်ခု လျော့သွားပြီးတော့ လေးစားစရာ ပြိုင်ဘက်တစ်ယောက် ပိုတိုးလာတာတစ်ခုပဲ။ ကံဆိုးချင်တော့ မင်းရဲ့စွမ်းအားက မင်းရဲ့ ဉာဏ်ပညာလောက် မထူးချွန်ဘူး။” ရိုင်ဇန်၏ လေသံက မဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ်တစ်ခုနှင့် ဟန်မဆောင်သော နှမြောတသမှုများ ပြည့်နေခဲ့သည်။

All Chapters