← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 46 Ch. 744

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 46 Ch. 744

ကတ်သရင်းက ပင့်သက်ရှိုက်လိုက်ပြီး ထိုပုံရိပ်အား နှလုံးသားထဲ၌ လုံးဝ ရေးမှတ်ထားလိုက်သကဲ့သို့ပင် ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ ခုနက [နိဗ္ဗာန်မီးတောက်] ကို တမင်တကာ ပြသလိုက်သော အချိန်ကတည်းက သူ ဆုံးဖြတ်ချက် ပြောင်းတော့မည် မဟုတ်ကြောင်း ကတ်သရင်း သိလိုက်၏။

မျက်နှာက ပြုံးဖြီးဖြီး ဖြစ်နေသော်လည်း သူ့မျက်လုံးထဲမှ အကြည့်က မတုန်မလှုပ်နှင့် ပြတ်သားနေခဲ့သည်။ ထိုကဲ့သို့ အမူအရာမျိုးကို မြင်ရသည်မှာ ကတ်သရင်းအတွက် ပထမဆုံး မဟုတ်ခဲ့ပေ။

အသံတိတ်ညစိမ့်မြေ၌ သူ ဘရော့ခ်ကို အသည်းအသန် တယ်လီပို့ခုန်ရန် ခေါ်သွားစဉ်က၊ သလင်းကျောက်တောင်ကြား၌ နှလုံးသားကို ခြေမွခဲ့စဉ်ကလည်း.....

ထိုမျက်လုံးများသာ ဖြစ်၏။

“မင်းရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုက လူတိုင်းကို ကာကွယ်ဖို့အတွက် ဆိုရင် အခုလက်ရှိ ငါ့ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုက မင်းကို ကာကွယ်ဖို့သက်သက်ပဲ။”

လုံးဝ မပြောင်းလဲသွားခဲ့သော မဆုတ်မနစ် ကြိုးပမ်းမှုပင်။

ကတ်သရင်း၏စိတ်ထဲ၌ အတိတ်မှမြင်ကွင်းများ တဖြည်းဖြည်း ပေါင်းစည်း သွားခဲ့ပြီးနောက် အပြင်လောကမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ကတ်သရင်းက ရုတ်တရက် ရယ်လိုက်သည်။ အသာလေး ပြုံးလိုက်ရုံသာ။ သို့သော် သူ၏ မြူဖုံးနေသော မျက်လုံးနက်နက်ထဲရှိ တည်ငြိမ်မှုက ပျောက်ကွယ် သွားခဲ့သည်မှာ ကြာခဲ့လေပြီ။

“အဲဒီသီချင်းနာမည်ကို ကျွန်မ မသိရသေးဘူး။”

ထိုရှင်းပြ၍မရသော စကားကို ပြောပြီးနောက် ကတ်သရင်းက အရိပ်နက် ဝတ်ရုံကို အသက်သွင်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွား၏။

“ဇာတ်ညွှန်း”က ပြောသည့်အတိုင်းပင်၊ ထိုနေရာ၌ နေနေလျှင် နှစ်ယောက်လုံး သေသွားရုံသာ ရှိသည်။ အမြန်ထွက်ပြေးမှသာ ရိုင်ဇန်ကို လိုက်လာရန် အာရုံပြောင်းနိုင်မည် ဖြစ်၏။

ရိုင်ဇန်က ထိုအတွက် အသင့်ပြင်ထားခဲ့သည်။ အရင်အကွက်သာဖြစ်ပြီး ရည်ရွယ်ချက်က နေရာပြန့်တိုက်ခိုက်မှုကို အသုံးပြုပြီး အရိပ်နက်ဝတ်ရုံ၏ တည်နေရာကို ရှာဖွေခြင်း ဖြစ်သည်။ ရုတ်တရက် သူ့အရှေ့၌ အလွန်ကြီးမားသော တွင်းနက်တစ်ခု ပေါ်ထွက်လာပြီး တိုင်းပြည်စွမ်းအားများက ထိုတွင်းနက်ကြောင့် အလျင်အမြန် ဝါးမျိုခံလိုက်ရပုံပေါ်သည်။

သို့သော်လည်း တိုင်းပြည်တစ်ခုလုံးနှင့်ယှဉ်လျှင် [ ကြယ်စင်စုပိုင်နက် ] နှင့် တွင်းနက်တို့က နေရာအသေးလေးကိုသာ သက်ရောက်မှု ရှိသည်။ ရိုင်ဇန်က အဝေးမှ ဝေဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ပြီးနောက် သူ၏လက်သီးက ခရမ်းရောင် တောက်ပလာကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ထိုပုံရိပ်က အနည်းငယ် တုန်ခါသွားပြီး အွန့်ခနဲ အသံပြုလိုက်ပုံရသည်။ ရိုင်ဇန်က လိုက်သွားတော့မည့် အချိန်၌ သူ၏လှုပ်ရှားမှုများက ရှင်းပြ၍မရဘဲ နှေးကွေးသွားကြောင်း ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သာမက အတွေးများပင် နှေးကွေးများပြီး အချိန်လည်း ရပ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထို့နောက် ပိုင်နက်တိုင်းပြည်အတွင်း အမှတ်တစ်မှတ်ကို အာရုံစိုက်ထားဟန် တူသော လျို့ဝှက်ပညာရပ်တစ်ခုက နေရာလွတ်အပေါက်တစ်ခုကို အတင်း ဆွဲဖြဲလိုက်ဟန်တူသည်။ ထိုအပေါက်က အလိုလို ပိတ်မသွားခင်မှာပင် ထိုပုံရိပ်က လွတ်မြောက်သွား၏။

ပြောရမည်ဆိုလျှင် ကတ်သရင်းက တိုင်းပြည်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူက လျို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ထွက်ပြေးသည့်တိုင် ရိုင်ဇန်က ချက်ချင်း အမှီလိုက်နိုင်လာမည် ဖြစ်သည်။ သို့ရာတွင် ယခုတစ်ခေါက်၌ ဗဟို ပတ်ပတ်လည်မှ နေရာက တွင်းနက် နှင့် [ ကြယ်စင်စုပိုင်နက် ] တို့၏ သက်ရောက်မှုကို ခံနေရသည့်အတွက် ထိန်းချုပ်မှုက ကြီးကြီးမားမား အားနည်းသွားခဲ့သည်။ ပို၍ မယုံနိုင်စရာကောင်းသည်က အချိန်စီးဆင်းမှု ပြောင်းလဲသွားခြင်းပင်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်က မူလအတိုင်း ပြန်ဖြစ်သွားသည်။ တိုင်းပြည်ထဲမှ ပုံရိပ်က ပျောက်ကွယ်သွားလေပြီ။ ကတ်သရင်းက အခွင့်အရေးကို အသုံးချပြီး ထွက်ပြေးသွားသည်မှာ သေချာ၏။ ရိုင်ဇန်က အော်ဟစ်လိုက်ပြီးနောက် တိုင်းပြည်စွမ်းအားများ ပေါက်ကွဲထွက်သွားသည်။ သူက ရှေ့မှ အလွန်ကြီးမားသော တွင်းနက်ကို လက်သီးဖြင့်ထိုးလိုက်ရာ အနီးအနားရှိ အားစက်ကွင်းက ရုတ်တရက် ရှုံ့တွကုန်ပြီး ပြင်းထန်သော စုတ်ပြဲမှုတစ်ခု ဖြစ်လာသည်။ အင်အားကြီး ဝါးမျိုးစွမ်းအားများ ထုတ်နေသော တွင်းနက်က စက္ကန့်အနည်းငယ်သာ ခံနိုင်ပြီး ထိုလက်သီးချက်ဖြင့် ပျောက်ကွယ်သွားရသည်။

ထိုလက်သီးချက်၏စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလှသည်။ တွင်းနက်ကို ဖျက်ဆီးပြီးနောက် ရိုင်ဇန်က ချန်လွေ့ထံ အမြန်ရောက်လာသည်။

ဝင်လာသော လက်သီးစွမ်းအားက အလွန်အမင်း မြန်ဆန်ပြီး နောက်လိုက် စွမ်းရည်ရှိကာ ချန်လွေ့ကို တယ်လီပို့မခုန်နိုင် ဖြစ်နေသည်။ သူ၏လက်များက အလိုလိုပင် ရေလှိုင်းတွန့်များ ပြသလိုက်ပြီး သစ်သီးစွမ်းဆီသို့ ဝိုင်းရံလိုက်၏။ ထိသွားည်နှင့် ချန်လွေ့က တောင်တန်းသဖွယ် ဖိအားကို ခံစားလိုက်ရသည်။ သာမန် နတ်ဆိုးအရှင်သခင်အဆင့်သာဆိုလျှင် ထိုကဲ့သို့ ဖိအားကြောင့် ပုံမှန် တုံ့ပြန်စွမ်းရည်ကိုပင် ဆုံးရှုံးသွားနိုင်ပြီး လှုပ်ရှားမရပင် ဖြစ်သွားနိုင်သည်။ ချန်လွေ့က တိုင်းပြည်အဆင့်ကို ရင်ဆိုင်ခဲ့ဖူးသည့်အတွက် ထိုအဟုန်တစ်ခုတည်းက သူ့ကို မဖိနှိပ်နိုင်တော့ပေ။ သို့ရာတွင် ချန်လွေ့က အစစ်အမှန်မီးတောက် အချုပ်အနှောင်ဖြင့် ကန့်သတ်ခံထားရသည့်အတွက် [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးမပြုနိုင်ပေ။ လက်ရှိစွမ်းအားအရ သူက သေချာပေါက် ရိုင်ဇန်၏ပြိုင်က် မဟုတ်ပေ။

အားကောင်းသော လက်သီးချက်ကြောင့် ချန်လွေ့က နောက်သို့ ဆုတ်သွားရသည်။ ရေလှိုင်းတွန့်များက အပြင်းအထန် လှုပ်ခါသွားပြီးနောက် နောက်သို့ ၁၀မီတာကျော်အထိ ဆုတ်ခွာသွားနေသည်။ ချန်လွေ့၏ မျက်နှာအမူရာက ဖြူဖျော့နေပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးစက်များကို မြင်နေရသည်။ နောက်ကျန်လှိုင်းက သူ၏ အတွင်းအင်္ဂါများကို ဒဏ်ရာရသွားစေခဲ့ပြီး လေးနက်သော ‌ရေလျို့ဝှက်ဆန်းကြယ်မှုကပင် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

ရိုင်ဇန်၏ စွမ်းအားအကဲဖြတ်မှုက SS-အဆင့် အစ်ဇ်ယိုရူးလ်လောက် မကောင်းသော်လည်း တိုက်ခိုက်ရေးစွမ်းအားက အစ်ဇ်ယိုရူးလ်ထက် မနိမ့်ကျပေ။ ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ခေါ်နိုင်ပေသည်။ လောကတွင် ပိုမို၍ အင်အားကြီးသူများ ရှိကြပြီး တိုင်းပြည်ဖန်တီးအဆင့်က နတ်ဘုရားတစ်ပိုင်း အစသာ ဖြစ်သော်လည်း စွမ်းအားအဆင့်တူချင်း၌ ထိပ်တန်းဆိုသည်ကတော့ နာမည်အမှား မဟုတ်ပေ။ နှစ်ယောက်လုံးကသာ SS-အဆင့်ဆိုလျှင် အစ်ဇ်ယိုရူးလ်က သေချာပေါက် ရိုင်ဇန်၏ပြိုင်ဘက် မဟုတ်ပ်ေ။

ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ကွာဟချက်က ကြီးမားလွန်းလှသည်။ သူ၏စွမ်းရည်များ မည်မျှပင် ကောင်းမွန်စေကာမူ အကြွင်းမဲ့စွမ်းအား၏ ဖိနှိပ်မှု အောက်တွင် အသုံးမဝင်မည် မဟုတ်ပေ။ ထိုခံစားချက်က သဘာဝပဿာဒနေရာ၌ ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေ၏။ သူက ကံဆိုးလျှင် သို့မဟုတ် သတိလက်လွတ် ဖြစ်သွားခဲ့လျှင် အသူရာချောက်နက်ထဲ ကျသွားပေလိမ့်မည်။ အမှန်တကယ်၌ နှစ်ဖက်လုံး၏ လက်ရှိစွမ်းအားအရ ရိုင်ဇန်၏ တိုက်ခိုက်မှုတိုင်းက ချန်လွေ့ကို သေရေးရှင်ရေး ဖြစ်စေနေသည်။

ရိုင်ဇန်က တစ်ဖက်လူ၏ စွမ်းအားက လက်သီးတစ်ချက်ဖြင့် သိသွားခဲ့သည်။ သူက အလွန်ဆုံး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။ ကတ်သရင်းလောက် မကောင်ဘူး။ ဒါပေမဲ့ သူ့စွမ်းရည်တွေက တော်တော်လေး ထူးဆန်းတယ်။ အထူးသဖြင့် အဲဒီ အချိန်ကို ထိန်းချုပ်နိုင်တယ်လို့ ထင်ရတဲ့ ကြောက်မက်ဖွယ်ရာ “ပါရမီ”ပဲ။

အရိပ်နက်ပိုင်နက်က ဖုံးကွယ်ပြီးတော့ နေရာလွတ်ရွှေ့ပြောင်းနိုင်တဲ့ ဝိသေသ လက္ခဏာရှိတယ်။ သူ အဝေးကြီး မထွက်ပြေးသွားနိုင်ခင် အမြန်ဆုံး မိအောင် ဖမ်းရတယ်။ ကတ်သရင်းကို သတ်နိုင်ရင် အရိပ်နက်အင်ပါယာက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ နတ်ဆိုးဘုံကို တစ်ခါတည်း ပေါင်းစည်းရန် ကြိုးစားနေသော ရိုင်ဇန်အတွက် ထိုထက်ကောင်းသော အခွင့်အရေး မရှိသည့်အတွက် ၎င်းကို လုံးဝ လွဲချော်၍ မရနိုင်ပေ။

ဒီလျို့ဝှက်ဆန်းကြယ်တဲ့ “အက်စ်မိုဒက်စ်တော်ဝင်မိသားစုဝင်”ကို ချက်ချင်း သတ်ပစ်ပြီးတော့ ကတ်သရင်းကို ရှာရမယ်။

ထိုသို့ တွေးပြီးနောက် ရိုင်ဇန်၏ တိုင်းပြည်စွမ်းအားက ရုတ်တရက် တဟုန်ထိုး တိုးသွားခဲ့သည်။ သူ၏မျက်လုံးထဲ၌ ခရမ်းရောင် အငွေ့များ လက်ခနဲ ဖြစ်သွားသည်။ ချန်လွေ့က ကြောက်လန့်နေသော အမူအရာဖြစ်နေပြီး အလွန်အမင်း ကြီးမားသော အန္တရာယ်တစ်ခု ခံစားလိုက်မိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လောကထဲ၌ တစ်ခုတည်းသာ ကျန်တော့သည်။ ထိုအရာက လက်သီးပင်။

“[ မိုးကြိုးဧကရာဇ်ချပ်ပိတ် ]...”

ထိုလက်သီးချက်က အသစ်အဆန်းနှင့် ကြီးမားသောအဟုန်တို့ မည်သည်မှ မပါဝင်ဘဲ ရိုးရှင်းလှသည်။ သိပ်ပြီးမမြန်လှသော်လည်း စိတ်ဝိညာဉ်အားလုံးကို တစ်နေရာတည်း၌ ဖိနှိပ်ထားလိုက်ဟန်တူသည်။ ထိုအရာက “ထိကိုထိရမည်” ဟူသော လျို့ဝှက်ဆန်းကြယ်သည့် ဥပဒေသတစ်ခု ပါဝင်နေပြီး ချန်လွေ့အား ရှောင်တိမ်း၍ မရနိုင်အောင် ဖြစ်သွားစေသည်။

ထိုလက်သီးချက် စွမ်းအားက ခုနက လှိုင်းများထက် များစွာ သာလွန်လှသည်။ ထိသွားခဲ့လျှင် ချန်လွေ့၏ ခန္ဓာအမျိုးအစားက ထူးခြားသည့်တိုင် သေချာပေါက် လုံးဝ ချေမှုန်းခံလိုက်ရပေမည်။

ထိုအရာက လေးနက်သော ရေလျို့ဝှက်ဆန်းကြယ်မှုဖြင့် ဖြေရှင်း၍ ရနိုင်သော အမျိုးအစား မဟုတ်တော့ပေ။ ချန်လွေ့က ချက်ချင်းပင် [ ကြယ်လမ်းလွှဲ ] စွမ်းရည်ကို အသက်သွင်းလိုက်၏။ လက်ထဲ၌ ကြယ်အလင်းရောင် ဖျော့တော့တော့ ထွက်လာပြီး ချန်လွ့က ရှေ့သို့ တက်သွားသည်။ သူက ထိုလက်သီးချက်နှင့် ထိသွားသည်နှင့် လွန်စွာ ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။ ချန်လွေ့က စိတ်ကို အာရုံစိုက်ထားပြီးနောက် လက်က လျို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းများ ဆက်လက်ရေးဆွဲနေကာ စွမ်းအားကို အဝေးသို့ လမ်းကြောင်းလွှဲလိုက်သည်။

အထင်ကြီးစရာမကောင်းသော ထိုလက်သီးချက်က ပတ်ဝန်းကျင် မြေပြင်ကို အက်ကွဲပြီး ပြိုလဲသွားစေသည်။ [ကြယ်လမ်းလွှဲ] အသုံးပြုနိုင်သော ၁၀စက္ကန့်က ကုန်တော့မည် ဖြစ်သော်လည်း ထိုလက်သီးချက်၏ စွမ်းအားက အားနည်းမည့် လက္ခဏာ မပြသေးပေ။ ချန်လွေ့ မထိန်းထားနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ် စုတ်ပြဲသွားပြီး အပိုင်းပိုင်း ကြေမွသွားခဲ့၏။

မဟုတ်ပေ။ ထိုအရာက မရေမတွက်နိုင်သော နတ်ဆိုးယင်ကောင်များ ဖြစ်နေ၏။

ပထမဆုံးအဟုန်က အလွန်အမင်း အစွမ်းထက်လှသော်လည်း ပြန့်ကျဲနေသော နတ်ဆိုးယင်ကောင်များကို မဖျက်ဆီးနိုင်ခဲ့ပေ။ မြေပြင်ပေါ်၌ ကြောက်မက်ဖွယ်ရာ အမှတ်အသားတစ်ခု ဖြစ်စေခဲ့ပြီးနောက် စွမ်းအားက နောက်ဆုံးတွင် ကွယ်ပျောက်သွားကာ နတ်ဆိုးယင်ကောင်းများက ချန်လွေ့အဖြစ် ပြန်လည် စုစည်းသွားခဲ့ကြသည်။

တစ်ဖက်လူက မိမိ၏ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] မှ အမှန်တကယ် လွတ်မြောက်နိုင်မည်ဟု ရိုင်ဇန် မထင်ထားခဲ့ပေ။ သူမျက်လုံးက ရုတ်တရက် ပေါ်ထွက်လာသော မျက်နှာဖုံးပေါ်သို့ ကျရောက်သွားခဲ့ပြီး ခံစားချက် အနည်းငယ် ပြင်းထန်သွားခဲ့သည်။ “ဘယ်ဇီဘတ် ‌တော်ဝင်မိသားစုရဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး....”

ချန်လွေ့က [ ကြယ်လမ်းလွှဲ ] နှင့် [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] တို့ကို ဆက်လက်သုံးလိုက်ရပြီး ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို ရှောင်တိမ်းနိုင်ရုံသာ ရှိနေသေးသည့်အတွက် အတွေးများကို ပြန်လည်၍ မစုစည်းနိုင်သေးပေ။ ရိုင်ဇန်၏ အထင်လွှဲမှုကို ကြားသည့်အခါ သူက မရှင်းပြဘဲ သူ့ပုံရိပ်က အဝေးတစ်နေရာ၌ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူက ကတ်သရင်းနှင့် ဆန့်ကျင်ဘက် နေရာသို့ ချက်ချင်း ပြေးသွားတော့သည်။

ရိုင်ဇန်က အဇ်ဂါလောနှင့် ခုနက သူတွေ့ခဲ့သော စစ်သည်များ၏ ဒဏ်ရာများကို ပြန်တွေးလိုက်မိပြီး ထိုလျို့ဝှက်ဆန်းကြယ်သောသူက အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ မဟုတ်ဘဲ ဘယ်ဇီဘတ်တော်ဝင်မိသားစုဖြစ်ကြောင်း ပိုမို၍ သေချာသွားခဲ့သည်။ သူက သေချာမကျွမ်းကျင်ရင်တောင် ပစ္စည်းတစ်ခုခုကို သုံးပြီးတော့ နိဗ္ဗာန်မီးတောက်ကို အသက်သွင်းလိုက်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဆောင်ပစ္စည်း၇မျိုးထဲက တစ်မျိုးဖြစ်တဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကတော့ လုံးဝ အတု မဖြစ်နိုင်ဘူး။

နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနဲ့ဒီလူက ဘယ်ဇီဘတ်ဘုရင်တောင် ဖြစ်နိုင်တယ်။

ဘယ်ဇီဘတ် တော်ဝင်မိသားစုက ကတ်သရင်းဆီမှာ တကယ် အညံ့ခံခဲ့တာပဲ။

ရိုင်ဇန်က တွေးလိုက်ပြီးနာက် ချန်လွ့ကို မလိုက်တော့ပေ။ သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားခဲ့ပြီး ကတ်သရင်းဖွင့်လိုက်သော တိုင်းပြည်အပေါက်နေရာသို့ ရွှေ့ပြောင်းသွားကာ ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က နောက်ထပ် သတိပေးခံစားချက်တစ်ခု ရလာသည်။ သူက ‌နောက်မှ ကြောက်မက်ဖွယ်ရာ လေဖိအားတစ်ခုကိုသာ ခံစားမိခဲ့သည်။ မရွှေ့ပြောင်းခင်၌ ရိုင်ဇန်က လေထဲသို့ နောက်ထပ် လက်သီးတစ်ချက် ပစ်ထိုးလိုက်ခြင်း ဖြစ်သည်။ ထိုလက်သီးချက်က မီတာရာနှင့်ချီ အဝေးတွင် ရှိနေသော်လည်း သူ့အရှေ့မှာကဲ့သို့ ခံစားနေရသည်။ ချန်လွေ့၏လက်ထဲ၌ ချက်ချင်းပင် ရွှေအိုရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး နောက်သို့ ရုတ်ချည်း လှည့်လိုက်၏။

“ဘုန်း....”

ချန်လွေ့၏ခန္ဓာကိုယ် ရုတ်တရက် လွင့်ထွက်သွားခဲ့ပြီး လက်ထဲမှ နတ်ဆိုးဒိုင်းက တဇက်ဇက် အသံမြည်သွားသည်။ ပြင်းထန်လှသော စွမ်းအားကြောင့် ချန်လွေ့ကို ဒိုင်းကိုပင် မကိုင်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက မီတာ သုံးလေးရာခန့် လွင့်ထွက်သွားကာ ပြန်ကျလာပြီးနောက် ခြေလှမ်းသုံးလေးလှမ်း သွားရင်း ဒယိုင်းဒယိုင် ဖြစ်နေပြီး ရပ်နိုင်ရုံ ရပ်နိုင်ခဲ့သည်။ သူ၏သွေးများ လှိမ့်တက်လာခဲ့ပြီး ခုနက အတွင်းဒဏ်ရာများ ပိုဆိုးသွားကုန်သည်။ သူက သွေးတစ်လုတ် အန်လိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် အမြန်သွားနေသော ရိုင်ဇန်က ရင်ဘတ်၌ ရှင်းပြ၍မရသော မအီမသာ ခံစားချက်တစ်ခုကြောင့် ရပ်တန့်လိုက်သည်။ သူက အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုမသက်မသာ ခံစားချက်ကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး ရှေ့သို့ ဆက်သွားနေသည်။

[ အပြစ်ဒဏ် ] (အလိုအလျောက်ဂုဏ်သတ္တိ) - ခံစားရသော ထိခိုက်မှု အားလုံးကို တန်ပြစေနိုင် (တန်ပြန်သော ထိခိုက်မှုကို သတ်မှတ်၍ရ)၊ ဓူဝံကြယ်ပြာ အဆင့်၌ အသက်သွင်းနိုင်ချေ ၃၀% ၊ တန်ပြန်မှုပြင်းအား 30% မှ ၅၀%။

ရိုင်ဇန် ပျောက်ကွယ်သွားပြီးနောက် ချန်လွေ့က ဆက်လက်၍ ထွက်မပြေးဘဲ ရိုင်ဇန်သွားသည့် လမ်းကြောင်းအတိုင်း လျှောက်သွားကာ တစ်နေရာ၌ ရပ်လိုက်၏။

“မင်းက ဒီမှာပဲ ရှိနေဦးမယ်လို့ မထင်ထားခဲ့ဘူး။”

ကတ်သရင်း၏ပုံရိပ်က တဖြည်းဖြည်း ပေါ်ထွက်လာသည်။ “ရှင်က အရိပ်နက် ဝတ်ရုံကို ဖောက်မြင်နိုင်မယ်လို့လည်း ကျွန်မ မထင်ထားခဲ့ဘူး။”

ထိုနေရာက တိုင်းပြည်စွမ်းအားကြောင့် ကတ်သရင်း ကိုယ်ထင်ပြလိုက်ရသော နေရာဖြစ်၏။ ရိုင်ဇန်၏ တိုင်းပြည်စွမ်းအား ပေါက်သွားသည့်အချိန်၌ ချန်လွေ့နှင့် ရိုင်ဇန်တို့က ကတ်သရင်းသည် အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ထင်မိကြပေလိမ့်မည်။ သူက ထိုနေရာ၌ နေနေရစ်မည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ပေ။

ထိုလှည့်ကွက်ကို ကတ်သရင်း ခုနက သုံးခဲ့ပြီးပြီ ဖြစ်သည်။ အကွက်တစ်ခုတည်းကို နှစ်ခါလုပ်ရန် အကြောင်းမရှိပေ။ သို့သော်လည်း ကတ်သရင်းက လုပ်ခဲ့သည့်အတွက် ရိုင်ဇန်နှင့် ချန်လွေ့တို့ နှစ်ယောက်လုံးက လှည့်စားခံလိုက်ရသည်။ [ သရုပ်ခွဲမျက်လုံး ] ၏ ရှာတွေ့မှုကြောင့်သာ မဟုတ်လျှင် ချန်လွေ့လည်း အမှန်တကယ် လှည့်စားခံလိုက်ရမည် ဖြစ်သည်။ ထို့ကြောင့် သူက ရိုင်ဇန်၏ ဆုံးဖြတ်ချက်ကို ဇဝေဇဝါ ဖြစ်သွားစေရန်အတွက် ပြတ်ပြတ်သားသား ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

“မင်း ခုနက ထွက်ပြေးဖို့ ရွေးချယ်လိုက်သင့်တယ်။ ဒါက ပါးနပ်ပေမဲ့ အန္တရာယ်များလွန်းတယ်။”

ကတ်သရင်း၏ လုပ်ရပ်က အမှန်တကယ် အန္တရာယ်ကြီးမားလှသည်။ ရိုင်ဇန်က အင်အားကြီး နေရာပြန့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်နှင့် ကတ်သရင်းက ပေါ်သွားမည် ဖြစ်သည်။

ကတ်သရင်းက အသာလေး ပြောလိုက်သည်။ “ကျွန်မက ကိုယ့်အသက်ကိုယ် ကယ်ချင်ရုံပါ။ ပြီးတော့...ရှင့်ရဲ့ ဇာတ်ညွှန်းဆိုတာကိုလည်း ကြည့်ချင်လို့။”

“အတူတူသေမယ် ဆိုတာလား။ အဲဒါက နည်းနည်း ရင်ထဲထိသွားစေတယ် မဟုတ်လား။ ဧကရီ အရှင်မ.....”

“အတူတူ ထွက်ပြေးဖို့ ပြောတာ။” ကတ်သရင်းက အသာလေး ပြောလိုက်သည်။ “ရှင့်ရဲ့ စကားချိုချိုတွေ ပြောတဲ့အချိန်ကို ထွက်ပြေးဖို့သုံးတာ ကောင်းမယ်လို့ ကျွန်မ အကြံပေးတယ်။ သိပ်မကြာခင် တစ်ခုခု လွဲနေတယ်ဆိုတာ ရိုင်ဇန် သတိထားမိသွားမှာပဲ။ သူ ပြန်လာမရှာခင် အရှေ့ဘက်ကို ကျွန်မတို့ ထွက်ပြေးရမယ်။”

အနောက်ဘက်၌ အရိပ်နက်အင်ပါယာရှိပြီး အနီးဆုံး၌ ဂျာဂယ်ခံတပ် ဖြစ်သည်။ အခြားတစ်ဖက်၌ အရှေ့ဘက်တွင် သွေးရောင်အင်ပါယာ ရှိနေ၏။ အန္တရာယ်အများဆုံးနေရာက အန္တရာယ်အကင်းဆုံးနေရာ ဖြစ်ပေသည်။

ရိုင်ဇန်က ခဏကြာအောင် ပျံသန်းသွားပြီး နောက်ဆုံး၌ သူ၏ တိုင်းပြည်ကို ဖောက်ထွက်သွားခဲ့သည့်အရာကို တွေ့သွားခဲ့သည်။ ထိုအရာက အမှန်တကယ်၌ ရုပ်သေးတစ်ခု ဖြစ်နေသည်။ သူက အလျင်အမြန်ပင် ကွင်းပြင်သို့ အရှိန်ကုန် ပြန်သွားလိုက်ရာ အလှည့်စားခံလိုက်ရကြောင်း တွေ့ရှိသွားခဲ့သည်။ သို့သော်လည်း ကွင်းပြင်က ကွက်လပ်ဖြစ်နေ၏။ ကတ်သရင်း မည်သည့်နေရာကို ထွက်ပြေး သွားခဲ့ကြောင်း သူ မသိပေ။

“ကတ်သရင်း။ မင်း ထွက်ပြေးလည်း အသုံးမဝင်ဘူး။” တိုင်းပြည်စွမ်းအား ပါဝင်နေသော ရိုင်ဇန်၏အသံက အဝေးသို့ ပျံ့နှံ့သွားပြီး ကွင်းပြင်တစ်လျှောက်လုံး ကြားနေရသည်။ “ခုနက မင်းကို ငါ့ရဲ့ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] နှစ်ချက် ထိခဲ့တယ်။ အရိပ်နက်ဝတ်ရုံ ရှိနေရင်တောင် မင်းက ၃ရက်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

စစ်တပ်ကို ဂျာဂယ်ခံတပ်ဆီသို့ ဦးဆောင်သွားနေသော အဇ်ဂါလောက ကြောက်မက်ဖွယ် အမူအရာတစ်ခု ပြသပြီး ရုတ်တရက် ရပ်နေ့လိုက်သည်။ သူက ခေါင်းကိုငုံ့ပြီး ရင်ဘတ်ကို ဖျတ်ခနဲ ကြည့်လိုက်၏။ ရွှေချပ်ကာမှ လက်သီးရာက ခရမ်းရောင်ဖျော့ဖျော့ တောက်ပလာပြီးနောက် မရေမတွက်နိုင်သော ခရမ်းရောင် သွေးကြောများ နေရာအနှံ့သို့ ပျံ့နှံ့ကုန်ကာ နေရာတွင်ပင် ဘုန်းခနဲ တကိုယ်လုံး ပေါက်ကွဲထွက်သွားတော့သည်။

All Chapters