မြင်သွားခြင်း
Vol. 46 Ch. 734
ရှီရာ ပြောသည့်အတိုင်းပင် အက်ဂ်ယော ဦးဆောင်သော ကြယ်ကြွေတမန် အင်ပါယာ၏ သံတမန်အဖွဲ့က လိုင်ရာမြို့ နယ်စပ်မှတဆင့် ဆက်ဂ်မြို့ကို ဖြတ်ကျော်လာပြီး အရိပ်နက်အင်ပါယာသို့ ရောက်ရှိလာခဲ့သည်။
လမ်းတလျှောက်၌ ချန်လွေ့က အရိပ်နက်အင်ပါယာ၏ အရေးပေါ် အသင့် အခြေအနေကို မြင်ရသည်။ သူ မြင်ခဲ့သည်မှာ အပေါ်ယံမျှသာ ဖြစ်သော်လည်း ယခုတစ်ခေါက်၌ ကတ်သရင်းက သေချာပေါက် ခြောက်လှန့်နေခြင်း မဟုတ်ကြောင်း မြင်နေရသည်။
သူ့နေရာမှ စဉ်းစားလျှင်လည်း ယခုသည် အမှန်တကယ်ပင် ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်သိမ်းယူရန်အတွက် တစ်သက်မှာတစ်ခါ အခွင့်အရေး တစ်ခုပင် ဖြစ်၏။ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ကတ်သရင်းက ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ပြုလုပ်ခြင်းက အကြောင်းအကျိုးသင့်ပေသည်။
ထိုအရာက ယခုတစ်ခေါက် ချန်လွေ့၏ တာဝန်ကို ပို၍ ကြီးကြီးမားမား ခက်ခဲသွားစေသည်။ ခရစ္စတီးနားက ကိစ္စအချို့ကြောင့် စိတ်ယိမ်းနိုင် လောက်သော်လည်း ကတ်သရင်းအက်စ်မိုဒက်စ်ကတော့ ကိုယ်ရေးကိုယ်တာ ခံစားချက်အတွက် အင်ပါယာ၏ အကျိုးစီးပွားကို လုံးဝ ယိမ်းယိုင်စေမည် မဟုတ်ပေ။
အသေအချာပင်။ ချန်လွေ့က အရိပ်နက်အင်ပါယာသို့ ပထမဆုံး ရောက်သောအခါ ခလုတ်ကန်သင်းနှင့် တွေ့လိုက်ရ၏။ ကတ်သရင်းက ဆင်ခြေအမျိုးမျိုးသုံးပြီး သံတမန်ကို တော်ဝင်ဟိုတယ်၌ အချိန်ဆွဲထားသည်။ သူတို့က ချန်လွေ့ကို ရက်အတော် ကြာသည်အထိ တွေ့ဆုံရန် ရည်ရွယ်ချက် မရှိပေ။ ထိုကဲ့သို့ အချိန်ဆွဲခြင်းက အဆုံးအစမဲ့ ဆက်လက်ဖြစ်နေတော့မည် ထင်ရသည်။
သူက စကားပြောကောင်းပြီး မယုံနိုင်စရာ စွမ်းရည်များ ရှိလျှင်ပင် သူ့ကို လုံးဝ မတွေ့ချင်ပါက အသုံးဝင်မည် မဟုတ်ပေ။
ချန်လွေ့က ဆယ်လင်းကို တွေ့သွားပြီး လမ်းကြောင်း အမျိုးမျိုးမှတဆင့် ဖြတ်သွားရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ကတ်သရင်းက “ကြယ်ကြွေတမန် အင်ပါယာ၏ သံတမန်”ကို အခွင့်အရေးမပေးရန် စီစဉ်ထားခဲ့ပုံ ရသည်။ ထိုအရာက တစ်ရက်နောက်ကျလျှင် မှော်ဆရာခံတပ်နှင့် ကြယ်ကြွေတမန် အင်ပါယာတို့၏ အန္တရာယ်က ပိုမိုများပြားလာမည်ဖြစ်ကြောင်း ဆိုလိုနေသည့် အတွက်ကြောင့် ချန်လွေ့ စိုးရိမ်လာခဲ့သည်။
ချန်လွေ့က ဦးနှောက်ပေါက်ကွဲမတတ် စဉ်းစားပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ မှော်တံဆိပ်ပြား။ ထိုတံဆိပ်ပြားကို ထိုစဉ်က “အိုင်းစစ်” ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အထူးတံဆိပ်ပြားတစ်ခုဖြစ်သည်ဟု ပြောကြသည်။ အကယ်၍ အမှောင်လက မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်သွားခဲ့လျှင် သူက ထိုတံဆိပ်ပြားကို အသုံးပြုပြီး “အိုင်းစစ်”ကို ရှာဖွေနိုင်သည်။ “အိုင်းစစ်”က ကတ်သရင်း၏ သရုပ်ခွဲ တစ်ခု ဖြစ်ပြီး ထိုစဉ်က ချန်လွေ့ မယှဉ်နိုင်ခဲ့သော အဇ်ဂါလောကို အလွယ်တကူ ဖမ်းဆီးခဲ့ဖူးသည်။
အက်ဂ်ယော၏သရုပ် ပေါ်သွားနိုင်သော်လည်း ထိုကဲ့သို့ အရေးပေါ် အခြေအနေက ချန်လွေ့ ဂရုမစိုက်နိုင်တော့ပေ။
ကြယ်ကြွေတမန်အင်ပါယာက လူအင်အား စုစည်းပြီးရုံသာ ရှိသေးပြီး သေသေချာချာ လေ့ကျင့်ပေးရန် အချိန်မရခဲ့ပေ။ စစ်ပွဲသို့ စေလွှတ်ရန်ကိုမူ ပြောစရာပင် မလိုတော့ချေ။ အရေအတွက်က သွေးရောင်အင်ပါယာနှင့် တူညီလျှင်ပင် သူတို့က လက်ရွေးစင်များကို မယှဉ်နိုင်ကြပေ။ အက်မန်းနှင့် အလီရက်စ်တို့ကြားမှ အတွင်းရေး ပဍိပက္ခပြီးနောက် သွေးရောင်အင်ပါယာက ထိုလက်ရွေးစင်တပ်သား ၆သန်း မည်သို့ စုဆောင်းနိုင်ခဲ့ခြင်းမှာ စိတ်ကူးကြည့်၍ မရနိုင်အောင်ပင် ဖြစ်လေသည်။
ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ရဲတိုက်ထဲ၌ ဧရာမသလင်းကျောက်သားရဲ တစ်ကောင်နှင့် စုစည်းရုပ်သေး ၁၀ခုသာ ရှိသည်။ စုစည်းရုပ်သေးကို ထိန်းချုပ်နိုင်ရုံ ရှိသေးသော ဒေလီယာအပြင် အရည်အချင်းပြည့်မှီသော မောင်းနှင်သူ မရှိပေ။ သလင်းကျောက်သားရဲ ၅၀၀၊ မီးအိမ်ဝိညာဉ် ၃၀၀၀ ရှိသော်လည်း လက်ရွေးစင် အနည်းငယ်ကသာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည်။ နောက်ပိုင်း ဖန်တီးပြီးသော မီးအိမ်ဝိညာဉ်များက အားဖြည့်အခြေအနေ၌သာ ရှိနေသေးပြီး လက်ရှိ အချိန်အတောအတွင်း တိုက်ပွဲ၌ ပါဝင်ရန် မဖြစ်နိုင်ပေ။
နဂါးဧကရာဇ် အက်ဂ်လက်စ်က သိဒ္ဓိနဂါး ရိုဒရီဂူးဇ်၏ နတ်ဘုရားယောင်အဆင့် နဂါးစွမ်းအား အမြုတေကို ရရှိပြီးနောက် တံခါးပိတ်လေ့ကျင့်နေသည့်အတွက် အမှောင်လ၌ ဖြစ်ပျက်နေသည်များကို မသိပေ။ သူသိလျှင်ပင် သူ့သမီးကို ဝင်ပါခိုင်းမည် မဟုတ်ပေ။ ထို့ကြောင့် ဒန်နီရယ်နှင့် ဂျူလီယာတို့က စစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာပြီး အမှောင်လ၌ နေမည်ဟု အတင်း ပြောနေသော အိုလီဖီးရက်စ်ကိုသာ ကာကွယ်ပေးမည် ဖြစ်သည်။
ချန်လွေ့ကိုယ်တိုင်က အစစ်အမှန်မီးတောက် အချုပ်အနှောင်ကြောင့် [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ချိပ်ပိတ်ခံထားရသည့်အတွက် လက်ရှိအချိန်၌ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို မယှဉ်နိုင်ပေ။ [ နှစ်သွယ်လေ့ကျင့်ရေး ] အစွမ်းက အစစ်အမှန်မီးတောက် အချုပ်အနှောင်အား စုပ်ယူနှုန်းကို အတိုင်းအတာ တစ်ခုအထိ မြန်စေသော်လည်း ကြာဦးမည်သာ ဖြစ်သည်။ ၂နှစ်တိတိ မကြာလျှင်ပင် ၁နှစ်ကျော် ကြာမည်ကတော့ သေချာပေသည်။
ထိုစစ်ပွဲက နောက်ထပ် ၂နှစ် သို့မဟုတ် ၁နှစ်ကြာမှသာ ဖြစ်ခဲ့လျှင် သူတို့က ထိုကဲ့သို့ ကပ်ဘေးမျိုး ကျရောက်မည် မဟုတ်ပေ။ ယခုတွင် ချန်လွေ့နှင့် လက်ရှိ အင်အားတို့က ကြီးကြီးမားမား နိမ့်ကျနေခဲ့ပြီး အရိပ်နက်အင်ပါယာနှင့် ပူးပေါင်းခြင်းကသာ ကြယ်ကြွေတမန်အင်ပါယာကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။
“အက်စ်မိုဒက်စ်တော်ဝင်မိသားစု၏ အထူးတံဆိပ်ပြား” က လုံးဝကို အသုံးဝင်၏။ ခဏအကြာ၌ ချန်လွေ့ကို အရိပ်နက်အင်ပါယာ ဆင်ခြေဖုံးမှ ခြံဝင်းတစ်ခုသို့ ခေါ်သွားကြသည်။ ထိုနေရာက တိတ်ဆိတ်ပြီး အလွန် ငြိမ်သက်၏။
ခရစ္စတီးနားပဲဖြစ်ဖြစ်၊ အိုင်းစစ်ပဲဖြစ်ဖြစ်....။ ကတ်သရင်းမှာ သရုပ်တွေ ဘယ်လောက်တောင် ရှိနေလဲ မသိဘူး။ ဒါက တာဝန်ပြောင်းတဲ့ အကျင့်တော့ မဟုတ်ပါဘူး။ ချန်လွေ့က မြင်နေရသည်မှာ ပင်ပန်းမှုနှင့် အထီးကျန်မှုများ ပိုနေ၏။ သူ့အရှေ့မှ ထူးဆန်းပြီး ရင်းနှီးသော ပုံရိပ်တစ်ခု ကဲ့သို့ပင်။
မျိုးနွယ် - ရာဂတော်ဝင်မိသားစု။
ခန္ဓာအမျိုးအစား - A (S++)
ခွန်အား - A (S++)
စိတ်ဝိညာဉ် - A (S++)
အမြန်နှုန်း - A (S++)
[ စိစစ်ချက် ] - စိတ်ဝိညာဉ် ပယ်ဖျက်ခြင်း။ မှော်နှင့် စိတ်ဝိညာဉ် ထိခိုက်မှု အားလျှော့ခြင်း။ ရုပ်သေးထိန်းချုပ်မှု၊ နိဗ္ဗာန်စွမ်းအား(၄)။
အန္တရာယ်အဆင့် - အတော်လေးမြင့်မား။
သေချာတယ်။ သူပဲ။
[ စိစစ်ချက် ] ထဲမှာ နိဗ္ဗာန်စွမ်းအား ပြီးနောက် (၄) ဆိုသည်မှာ နိဗ္ဗာန်စွမ်းအား လေးကြိမ်ကို ဆိုလိုခြင်း ဖြစ်သည်။ နိဗ္ဗာန်က အက်စ်မိုဒက်စ် တော်ဝင်မိသားစုမှ အစွမ်းအထက်ဆုံး သွေးမျိုးဆက်ပါရမီ ဖြစ်သည်။ နိဗ္ဗာန်တစ်ခုစီတိုင်းက အလားအလာ၌ အရေးအသွေးက အသစ်ပြောင်းလဲမှုများ ဖြစ်စေပြီး တစ်ဆို့မှု အမျိုးမျိုးကို အလွယ်တကူ ချိုးဖျက်နိုင်သည်။ သို့ရာတွင် နိဗ္ဗာန်အဆင့် မြင့်လေလေ၊ အန္တရာယ်များလေလေ ဖြစ်၏။ သတိတစ်ချက် လွတ်သွားသည်နှင့် ချေမှုန်းခံရ နိုင်လေသည်။
အက်စ်မိုဒက်စ် တော်ဝင်မိသားစုသမိုင်းကြောင်း၌ နိဗ္ဗာန်ငါးကြိမ် ပြီးခဲ့သူက တစ်ယောက်သာ ရှိသေးကြောင်း ပြောကြသည်။ နိဗ္ဗာန်လေးကြိမ်ပြီးတော့ ပါရမီရှင် အနည်းငယ်က ငါးကြိမ်သို့ အရဲစွန့်ကြရာ နိဗ္ဗာန်မီးတောက်အောက်၌ ပြာအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။
ထိုကဲ့သို့ အန္တရာယ်ကြောင့်ပင် နိဗ္ဗာန်ပါရမီက တဖြည်းဖြည်း လျစ်လျူရှု ခံရလာပြီး ပိုမိုအသုံးတည့်သော [ စစ်ရုပ်သေး ] အပေါ်ကိုသာ အာရုံစိုက်လာခဲ့ကြ၏။
သူက မျက်နှာလွှားအနက်ကို ဝတ်ထားဆဲ ဖြစ်သည်။ အိုင်းစစ်၏ အကြည့်က ချန်လွေ့၏ မျက်နှာဖုံးပေါ်၌ ရပ်တန့်သွားပြီး အသာလေး မေးလိုက်သည်။ “ရှင့်ရဲ့ တော်ဝင်တံဆိပ်ပြားက ဘယ်ကနေ ရတာလဲ။”
“မဒမ်-အိုင်းစစ်။ ကျုပ်ရဲ့ အတင့်ရဲတဲ့ လည်ပတ်မှုအတွက် ခွင့်လွှတ်ပေးပါ။ တံဆိပ်ပြားကို အမှောင်လက ဘဏ္ဍာရေးအရာရှိ ချန်လွေ့ ပေးထားတာပါ။ သူ တကယ် ကျေးဇူးတင်တဲ့အကြောင်းကို မဒမ်-အိုင်းစစ်ဆီ ပြောပြခွင့်ပေးပါ။”
“ကျေးဇူးတင်တာကို ရရှိပြီးပါပြီ။ ဆာ-အက်ဂ်ယော။” အိုင်းစစ်က ခေါင်းညိတ်လိုက်ပြီး ထွက်သွားရန် အမိန့်ပေးနေသည်မှာ သေချာနေ၏။
ယခုတစ်ခေါက် ချန်လွေ့က သေချာပေါက် ထွက်သွားမည် မဟုတ်ပေ။ သူက မကြားချင်ယောင်ဆောင်လိုက်သည်။ “မဒမ်-အိုင်းစစ်။ ကျုပ်က ဒီတံဆိပ်ပြားကို လာပေးဖို့အတွက် အဝေးကြီးက လာခဲ့ရတာ။ အချိန် ၁၀မိနစ်လောက် ပေးလို့ ရမလား။”
“အရိပ်နက်အင်ပါယာ တစ်ခုလုံးက ဆာ-အက်ဂ်ယောရဲ့ ရည်ရွယ်ချက်ကို သိကြတယ်။ ဆာ-အက်ဂ်ယောက အရှင်မရှီရာရဲ့ ကြင်ရာတော်မင်းသားပဲ။ နှစ်ယောက်လုံးက လက်မထပ်ရသေးပေမဲ့ ရှင်က အရှင်မရှီရာကို အပြည့်အဝ ကိုယ်စားပြုနိုင်တယ်။ ကျွန်မက အရှင်မကတ်သရင်းရဲ့ အစောင့်တစ်ယောက်ပါ။ ရှင် အရှင်မကတ်သရင်းနဲ့ တွေ့သင့်တယ်။”
“အရှင်မကတ်သရင်းနှင့် တွေ့”သင့်ကြောင်း ပြောနေစဉ်အတွင်း ထိုအနက်ရောင်မျက်လုံးထဲ၌ မူမမှန်သော လှုပ်ရှားမှု အနည်းငယ်မျှ မရှိခဲ့ပေ။ ကြည့်ရတာ အရှင်မက တကယ် တည်ငြိမ်နေတဲ့ပုံပဲ။
“ဒါဆိုရင် မဒမ်-အိုင်းစစ်က ကျုပ်ကို အချိန်ပေးတယ်လို့ သဘောထား လိုက်မယ်။” ချန်လွေ့က အရှက်မရှိ ပြောလိုက်သည်။ “အခုလက်ရှိ အခြေအနေက တကယ်တော့ တော်တော်လေး ပါးနပ်တယ်။ သွေးရောင်အင်ပါယာက ကြယ်ကြွေတမန်အင်ပါယာကို စစ်ကြေညာထားတယ်။ ပြီးတော့ စစ်တပ်ကလည်း မှော်ဆရာခံတပ်ကို ချဉ်းကပ်နေပြီ။ ကြယ်ကြွေတမန်အင်ပါယာ ပြိုလဲသွားတာနဲ့ မဟာရိုင်ဇန်ရဲ့ရန်သူက အရိပ်အင်ပါယာပဲ ရှိတော့တယ်။ ကြယ်ကြွေတမန် အင်ပါယာနဲ့ အရိပ်နက်အင်ပါယာက အကျိုးအမြတ်ကို အခြေခံထားတဲ့ ပတ်သက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ကျုပ်တို့ အချင်းချင်း ပူးပေါင်းမယ်ဆိုရင် အကျိုးအမြတ် ရနိုင်လိမ့်မယ်။ ပြီးတော့ ခွဲခွာနေရင်း အရေးနိမ့်မယ်။ မဒမ်-အိုင်းစစ်။ အရှင်မ ကတ်သရင်းကို ပြောပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အရှင်မကို ကောင်းကျိုး ဆိုးကျိုးတွေ ရှင်းပြချင်တယ်။”
“ဒီလောက် ရိုးစင်းတဲ့ အခြေအနေဆိုမှတော့ အရှင်မ ကတ်သရင်းက ဆာ-အက်ဂ်ယော မရှိဘဲနဲ့တောင် အကြံအစည် ထုတ်နိုင်လိမ့်မယ်။ အရှင်မနဲ့ တွေ့ဖို့ကတော့....အရှင်မရဲ့ အခုလက်ရှိ စိတ်အခြေအနေက သိပ်ပြီး မကြည်လင်ဘူး။ ဆာ-အက်ဂ်ယောက ပါးနပ်တဲ့သူတ်စယောက်ပဲ။ ကျွန်မ ထပ်ရှင်းပြစရာ လိုတော့မယ် မထင်ဘူး။”
ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “ဧကရီ ကတ်သရင်းက ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ အင်အားကို ဆုံးရှုံးမှု အနည်းဆုံးနဲ့ ဝါးမျိုချင်တာလား။ ပြီးတော့ အင်အားအကုန် သုံးပြီးတော့ ကြယ်ကြွေတမန်အင်ပါယာကို သိမ်းပိုက်ပြီး စစ်အင်အား ကုန်ခမ်းနေတဲ့ သွေးရောင်အင်ပါယာကို အနိုင်ယူမယ်။ နတ်ဆိုးဘုံကို ပေါင်းစည်းဖို့ပေါ့။”
“ကျွန်မရဲ့ ကိုယ်ပိုင် အမြင်အရဆိုရင် ဒါက အကြံကောင်းပဲ။ ဒါက ဧကရီ အရှင်မရဲ့ အစီအစဉ်တွေထဲမှာ ဖြစ်လောက်တယ်လို့ ယုံကြည်တယ်။”
ချန်လွေ့က မျက်ခုံးပင့်လိုက်သည်။ “အမုန်းတရား အဆင့်အတိုင်းဆိုရင် လျို့ဝှက်ကြံစည်နေတဲ့ မိတ်ဆွေတွေက ကြမ်းတမ်းတဲ့ ရန်သူတွေထက် ပိုပြီးတော့ မုန်းစရာကောင်းတယ်။ ကြယ်ကြွေတမန်အင်ပါယာက ရှုံးနိမ့်သွားရင် သွေးရောင်အင်ပါယာဆီမှာ အညံ့ခံလိုက်မှာကို အရိပ်နက်အင်ပါယာက မစိုးရိမ်ဘူးလား။ ပြီးတော့ သွေးရောင်အင်ပါယာရဲ့ အင်အားကို အသုံးချပြီးတော့ အရိပ်နက်အင်ပါယာကို ဖျက်ဆီးရင်ကော။”
“ဒီမေးခွန်းကို ကျွန်မ မဖြေနိုင်ဘူး။ ဒါပေမဲ့ အရင်တစ်ခေါက် အရှင်မ ရှီရာ ဧကရီမဖြစ်ခင်က အမှောင်ကို ရောက်ခဲ့ဖူးတယ်။ ကျွန်မရဲ့ အမြင်အရဆိုရင် သူက လုံးဝ အညံ့ခံမှာ မဟုတ်ဘူး။ ဒီလှည့်ကွက်က အရင်တုန်းက အရှင်မ ကတ်သရင်းရဲ့ နည်းဗျူဟာကို ကူးယူနေတယ်လို့ မထင်ဘူးလား။” အိုင်းစစ်က မျက်နှာလွှားနောက်မှ ခနဲ့လိုက်သည်။ “ကံဆိုးချင်တော့ ရှီရာက ကတ်သရင်း မဟုတ်ဘူး။ ပြီးတော့ ရိုင်ဇန်ကလည်း သန်းခေါင်နေ မဟုတ်ဘူး။ ကြယ်ကြွေတမန်အင်ပါယာက အညံ့ခံမယ်ဆိုရင် လူစီဖာတော်ဝင်မိသားစု ၁%တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အမျက်အင်ပါယာက ဆမ်မြူရယ် တော်ဝင်မိသားစုလိုမျိုးပေါ့။”
ချန်လွေ့က လက်သီးဆုပ်လိုက်၏။ “ဒါဆို ကြယ်ကြွေတမန်အင်ပါယာက မြောက်ပိုင်းခံစစ်ကို လုံးဝ လက်လျှော့ပြီးတော့ အရိပ်နက်အင်ပါယာကို အဆုံးအထိ တိုက်ခိုက်ဖို့ အကောင်းဆုံး ကြိုးစားရင်ကော။”
“ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ခြိမ်းခြောက်မှုမျိုးကို အရှင်မ ကတ်သရင်း ဖြေစရာ မလိုအပ်ဘူး။ ကျွန်မလိုမျိုး အစောင့်ငယ်လေး တစ်ယောက်က ရှင့်ကို ဖြေပေးနိုင်တယ်။” အိုင်းစစ်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။ “အခု ကြယ်ကြွေတမန်အင်ပါယာရဲ့ စစ်အင်အား သုံးပုံနှစ်ခုပုံက မြောက်ဘက်ကို အာရုံစိုက်ထားတယ်။ ပြန်လမ်းမရှိဘူး။ ပြီးတော့လည်း ရှင့်တို့ရဲ့ စစ်တပ်က ခုခံမှုကို လက်လျှော့ပြီးတော့ စတင်တိုက်ခိုက်မယ်ဆိုရင် အင်အားတွေ စတေးသလို ဖြစ်နေပြီးတော့ သေကြောင်းကြံနေတာပဲ။ ပြီးရင် ကျွန်မတို့စစ်တပ်က အမှောင်လ၊ လိပ်ပြာနီနယ်မြေနဲ့ တဲခုလာခံတပ်ကို သိမ်းပိုက်လိုက်ရုံပဲ။ အားအင်ကုန်ခမ်းနေတဲ့ သွေးရောင်အင်ပါယာရဲ့ စစ်တပ် ရောက်လာမှာကို ကျွန်မတို့ စောင့်နေလို့ရတယ်။ မဟာရိုင်ဇန်က ကြယ်ကြွေတမန် အင်ပါယာကို သိမ်းပိုက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေသလိုပဲ။ ဒါပေမဲ့ အဲဒါက အရိပ်နက်အင်ပါယာအတွက် အကျိုးပြုပေးသလို ဖြစ်နေတယ်။”
ချန်လွေ့က ပြောစရာမဲ့သွားပြီး အချိန်အတော်ကြာပြီးမှသာ ပြန်ပြောသည်။ “အရှင်မ ကတ်သရင်းက တကယ်ပဲ ဒီအခွင့်အရေးကို အသုံးချပြီးတော့ နတ်ဆိုးဘုံကို ပေါင်းစည်းချင်တာလား။ သူ့ရဲ့ ဗျူဟာက အောင်မြင်ရင်အောင် ကြယ်ကြွေတမန် အင်ပါယာက ပျောက်ကွယ်ပြီးတော့ အရိပ်နက်အင်ပါယာရဲ့ အင်အားက ကြီးကြီးမားမား တိုးတက်လာနိုင်ပေမဲ့ သွေးရောင်အင်ပါယာနဲ့ တိုက်ခိုက်တဲ့ နေရာမှာ တိုးမသာ ဆုတ်မသာ အခြေအနေ ဖြစ်နေမှာပဲ။ အင်ပါယာနှစ်ခုပဲ ကျန်တော့တဲ့ နတ်ဆိုးဘုံက ကြားခံကို ဆုံးရှုံးလိုက်ရရင် အချင်းချင်း မုန်းတီးနေကြလိမ့်မယ်။ အင်ပါယာနှစ်ခုက ရှည်ကြာတဲ့ စစ်ပွဲတစ်ခုမှာ ပိတ်မိနေမှာ။ ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ အသက်တွေ ဆုံးရှုံးရလိမ့်မယ်။”
အိုင်းစစ်၏အသံက အေးစက်သွားဟန်တူသည်။ “ဒီစစ်ပွဲက အနာဂတ်မှာ ငြိမ်းချမ်းဖို့ အတွက်ပဲ။ နောက်ဆုံးမှာ နတ်ဆိုးဘုံကို ပေါင်းစည်းနိုင်မယ်ဆိုရင် ဒီစတေးတာတွေ အားလုံးက ထိုက်တန်မှာပဲ။”
“ဒါဆိုရင် ပေါင်းစည်းဖို့ နှစ်ပေါင်းဘယ်လောက် ကြာမှာလဲ။ အနှစ်၁၀၀လား။ အနှစ်၁၀၀၀လား။ နောက်ဆုံး ပေါင်းစည်းသွားတော့ရော။ တကယ် ငြိမ်းချမ်းရေး ရှိနိုင်မှာလား။ အခုတောင် အင်ပါယာက အညံ့မခံခင်မှာ တော်ဝင်မိသားစုတွေ ဘယ်လောက်တောင် သေခဲ့ရတာလဲ။ အင်အားစုတွေ ဘယ်လောက်များများက သွေးမြေကျလိုမျိုး လျို့ဝှက်အကြံအစည်တွေ ရှိနေဦးမှာလဲ။ သွေးပျက်စရာ နည်းလမ်းတွေနဲ့ မရေမတွက်နိုင်တဲ့ အသက်တွေ စတေးပြီးတော့ လဲလှယ်ထားတဲ့ ဒီအပေါ်ယံ ပေါင်းစည်းမှုကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းနိုင်မှာလဲ။ အနှစ် ၁၀၀လား။ အနှစ်၁၀၀၀လား။”
ချန်လွေ့၏ မှတ်ဉာဏ်ထဲ၌ ပထမဆုံး ချင်ဧကရာဇ်က အင်ပါယာ၆ခုကို ဖျက်ဆီးပြီး ပေါင်းစည်းခဲ့သည်။ ရလာဒ်အနေဖြင့် မဟာချင်အင်ပါယာက တဖန် ပြိုကွဲသွားပြန်သည်။ သမိုင်းမှ အင်အားအကြီးဆုံး မင်းဆက်အချို့က ထိုအတိုင်းပင် ဖြစ်သည်။ ကြွယ်ဝမှုနှင့် ဆုတ်ယုတ်မှုအကြား တလှည့်စီသွားနေပြီး ပေါင်းစည်းလိုက်၊ ကွဲကွာလိုက် ဖြစ်နေခဲ့သည်။ ထိုအရာက သမိုင်းကြောင်း သံသရာပင် ဖြစ်၏။
အိုင်းစစ်က ခနဲ့ပြုံးပြုံးလိုက်ပြီး ရှင်းမပြဘဲ အသာလေး ပြောလိုက်သည်။ “၁၀မိနစ် ပြည့်ပြီ။”
ချန်လွေ့ အံကြိတ်ပြီး ပြောလိုက်သည်။ “စစ်ပွဲကြောင်း မရေမတွက်နိုင်တဲ့ အိမ်တွေ ဖျက်ဆီးခံရတာ တွေ့ပြီးပြီလား။ ကြွယ်ဝချမ်းသာပြီးတော့ လှပတဲ့ အိမ်တွေက အခိုက်အတန့်လေးအတွင်း ချစ်ချစ်တောင် လောင်ကျွမ်းနေတဲ့ မိုင်၁၀၀၀ ကွင်းပြင်ကြီး ဖြစ်ခဲ့ရတယ်။ ပြည်သူပြည်သားတွေက အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပြီ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတုန်းက မရေမတွက်နိုင်တဲ့ ပြည်သူတွေ ငိုနေတာ ကြားပြီးပြီလား။ စစ်ပွဲရဲ့ မရဏကောက်ရိတ်ဓားက သွေးတွေရဲ့ ငိုသံတွေ၊ တောင်းပန်သံတွေကို လျစ်လျူရှုပြီးတော့ အပြစ်မဲ့တဲ့ အသက်တွေကို ရက်ရက်စက်စက် သုတ်သင်နေခဲ့တယ်။ ဒါတွေက မင်းပြောခဲ့တာတွေပဲ။ မင်းက ဒီလိုမျိုး သွေးပျက်စရာကောင်းပြီးတော့ ဝမ်းနည်းစရာ မြင်ကွင်းမျိုးကို ကြုံခဲ့ရဖူးတယ် မဟုတ်လား။ မင်းရဲ့ မဆုပ်မနစ် ကြိုးပမ်းမှုတွေ ဘာဖြစ်သွားတာလဲ။ မင်း ကာကွယ်ချင်တဲ့ အရာတွေကော။ အမှန်တရား ဆိုတာကရော။”
အိုင်းစစ်က မျက်နှာလွှားကို ဆွဲဖြဲပြီး ရင်သပ်ရှုမောဖွယ် မျက်နှာကို ပြသလိုက်သည်။ သူ၏ အေးစက်သော အကြည့်က ချန်လွေ့၏ မျက်နှာဖုံးကို စိုက်ကြည့်နေခဲ့သည်။ “နောက်ဆုံးတော့ ရှင်က ဆက်ပြီးတော့ ဟန်မဆောင်တော့ ဘူးလား။ ဆာ-ဘဏ္ဍာရေးအရာရှိ။ ဒါမှမဟုတ် ရှင့်ကို ကြယ်ကြွေတမန် အင်ပါယာရဲ့ ကြင်ရာတော်မင်းသားလို့ပဲ ခေါ်ရမလား။”
ချန်လွေ့၏ မျက်လုံးက တန့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက မျက်နှာဖုံးကို ချွတ်ပြီး ပြောလိုက်၏။ “မင်း ဘယ်တုန်းက ဒါကို မြင်ခဲ့တာလဲ။”