ထုတ်ပယ်ခြင်း
Vol. 47 Ch. 746
မှော်ဆရာခံတပ်၌ -
မြို့တံတိုင်းက အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး ချစ်ချစ်တောက် မီးတောက်များ ပြည့်နေကာ ထိခိုက်နေသော မြားပစ်စင်နှင့် ခံတပ်တို့က ယခင်နေ့ရက်များအတွင်း ပြင်းထန်သော တိုက်ပွဲများအကြောင်းကို ပြောပြနေသကဲ့သို့ပင်။
နတ်ဆိုးဘုံ၏ အင်အားအကြီးဆုံးခံတပ်ဟု သိကြသော ထိုခံတပ်၏ အပြင်ဘက် တံတိုင်းက အတော်လေး ထိခိုက်နေပြီး ပြိုကျပျက်စီးတော့မလို ဖြစ်နေသည်။ အမှန်တကယ်၌ မှော်ဆရာခံတပ်က ယခင်နေ့ရက်များအတွင်း သွေးရောင်အင်ပါယာ၏ အရူးအမူးနီးပါး တိုက်စစ်ဆင်မှုများကြောင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသော်လည်း နောက်ဆုံး အချိန်အထိ မတ်မတ်ရပ်နေသေးသည်။
နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့သော အားကောင်းသည့် အခိုင်အမာပြုခဲ့ခြင်းနှင့် ဗိုလ်ချုပ်ဂျော့ချ်၏ အမိန့်ပေးမှုနှင့် တပ်ဖြန့်မှုများကြောင့်သာမက ပို၍ အရေးကြီးသည်မှာ မှော်ဆရာခံတပ်၌ အလံတစ်ခု လွင့်ပျံနေခြင်းပင်။
ထိုအရာက သွေးနီမီးတောက် အလံ ဖြစ်၏။
တိုက်ပွဲတိုင်း၌ သန်းခေါင်နေအရှင်နောက်သို့ လိုက်ခဲ့ဖူးသော တော်ဝင်အလံက ရီဂျန့် အိုဆိုင်ဒန် နန်းတက်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ သန်းခေါင်နေအရှင်၏ မြေးတော်ဖြစ်သူ အင်ပါယာ၏ တော်ဝင်မင်းသမီး ရှီရာက ဖုန်တက်နေသော တော်ဝင်အလံအား တဖန်ပြန်လွှင့်ထူခဲ့ပြီးနောက် အိုဆိုင်ဒန်ကို အနိုင်ယူခဲ့သည်။ သွေးနီမီးတောက် အလံအား အင်ပါယာအလံအဖြစ် ပြန်လည် ပုံဖော်ခဲ့၏။
ယခုတွင် တော်ဝင်အလံက မှော်ဆရာခံတပ်ပေါ်တွင် လွင့်နေပြီး အကြောင်းအရာ တစ်ခုကို ပြသနေသည်။ ကြယ်ကြွေတမန်အင်ပါယာ အုပ်စိုးသူ ရှီရာက တိုက်ပွဲကို ကြီးကြပ်ရန်အတွက် မှော်ဆရာခံတပ်သို့ ကိုယ်တိုင် ရောက်လာခြင်းပင်။
မှော်ဆရာခံတပ်က အလွန်အမင်း အင်အားကြီးသော ရန်သူများကို ရင်ဆိုင်ခဲ့ရသည်။ သူတို့က ပထမ အစမ်းသဘော တိုက်ပွဲများတွင် အောင်ပွဲတစ်ခု ရရှိခဲ့သော်လည်း ဝှက်ဖဲအများအပြားကို ပြလိုက်ရပြီဖြစ်သည့်အတွက် နောင်လာမည့် တိုက်ခိုက်မှုများက ခုခံရန် အလွန်အမင်း ခက်ခဲလာပေလိမ့်မည်။
သွေးရောင်အင်ပါယာက နည်းဗျူဟာများ ပြင်ဆင်မှုများကို ပစ်မှတ်ထားသည့် ပုံစံဖြင့် ချိန်ညှိလိုက်ရာ မှော်ဆရာခံတပ်၏ လက်နက်အသစ်များ၏ ထိခိုက်မှုပြင်းအားကို အားနည်းသွားစေခဲ့သည်။ အရူးအမူး တိုက်ခိုက်မှုများအောက်တွင် ခံတပ်အပြင်ဘက်ရှိ တံတိုင်းများက အပြင်းအထန် ထိခိူက်သွားခဲ့ပြီးနောက် ခုခံသော စစ်သည် ဆုံးရှုံးများလည်း သိသိသာသာ တိုးလာခဲ့သည်။
နှစ်ဖက်လုံး၏ တိုက်စစ်၊ ခံစစ် စွမ်းအားများက တစ်ချိန်တည်းမှာပင် ကုန်ခမ်းလာသော်လည်း ထိုအတိုင်းသာ ဆက်သွားမယ်ဆိုလျှင် စစ်တပ် မလုံလောက်သော ခံစစ်ဘက်မှ အတော်လေး အန္တရာယ် ရှိနိုင်ပေသည်။
ထိုအချိန် ရှီရာ ရောက်ရှိလာခြင်းက တပ်သားနှင့် ရိက္ခာများကို အချိန်မီ ဖြည့်တင်းလိုက်နိုင်ရုံသာမက သူတို့၏ စိတ်ခွန်အားများကိုလည်း ဖော်ပြ၍မရအောင် တိုးပွားသွားစေသည်။ ထိုတပ်သားများက သွေးရောင်အင်ပါယာ၏ လက်ရွေးစင် ၆သန်းကို မယှဉ်နိုင်သော်လည်း ထိုနေရာက ခံတပ်ဖြစ်၏။ ကွင်းပြင် မဟုတ်ပေ။ မြေနေရာ အကန့်အသတ်များကြောင့် သွေးရောင်အင်ပါယာ၏ တစ်ချိန်တည်း တိုက်ခိုက်နိုင်သော စွမ်းရည်ကလည်း အကန့်အသတ်ရှိသည်။ ထို့နောက် နှစ်ဖက်လုံးက တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေခဲ့သည်။
ရှီရာ ရောက်ရှိလာခြင်းကြောင့် သွေးရောင်အင်ပါယာ၏ တိုက်ခိုက်မှု အကြိမ်ရေ မရပ်တန့်သွားခဲ့ပေ။ တိုက်ခိုက်မှု နောက်ထပ်တစ်လှိုင်း စတင်လာပြန်၏။
ရှီရာက အမိန့်ပေးရန်အတွက် တဲအိမ်ကြီးထဲတွင် မနေနေဘဲ မြို့တံတိုင်းရှိ ရှေ့တန်းသို့ ကိုယ်တိုင်ထွက်လာသည်။ ထိုလုပ်ရပ်က အသေအချာပင် စစ်သည်များ အားလုံးကို ယုံကြည်ချက်များ ပေးစွမ်းသွားခဲ့ပြီး သူတို့၏ စိတ်ခွန်အားများ ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။
သွေးရောင်အင်ပါယာစစ်တပ်က တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ရှေ့ဆုံးမှ စစ်တပ်က အထူးဧရာမဒိုင်းတစ်ခုကို ထောင်လိုက်ကာ ဧရာမဒိုင်းအခင်းအကျင်းကို ဖွဲ့စည်းလိုက်၏။ ထိုဧရာမဒိုင်းက အလွန်ကြီးမားပြီး လေးလံသောသံမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ အောက်ဘက်တွင် အလွယ်တကူ တွန်းနိုင်ရန် ဘီးများ ပါရှိပြီး နောက်ဘက်တွင် လက်ကိုင်များရှိ၏။ ၎င်းကို ထောက်ခံပြီး တွန်းရန်အတွက် စစ်သည်သုံးဦး လိုအပ်သည်။ ဧရာမဒိုင်းက စစ်သည်များ၏ လှုပ်ရှားများကို လျော့ကျစေနိုင်သော်လည်း ခုခံမှုစွမ်းရည်က ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ လောက်လေးခွများက ပစ်လွှတ်သော ပေါက်ကွဲ ဒူးလေးမြားများကပင် မဖောက်ဝင်နိုင်ပေ။ ထို့ပြင် အလွန်ကျယ်သော ကာကွယ်မှုကြောင့် ပေါက်ကွဲနိုင်သော အဆိပ်အပိုင်းအစများကိုလည်း ခုခံနိုင်၏။
သွေးရောင်အင်ပါယာ နောက်ဘက်ရှိ လောက်လေးခွကို တည်ဆောက် ပြီးသွားပြီ ဖြစ်ကာ မှော်ဆရာခံတပ်သို့ မီးတောက်ဥက္ကာပျံများ စတင်ပစ်လွှတ်တော့သည်။ မှော်ဆရာ ခံတပ်ကလည်း ကျောက်တုံးများ ပြန်လည်ပစ်ခတ်သည်။ ထိုနေ့ရက်များ၌ ကျောက်တုံးဖြင့် ပစ်ခတ်ခြင်းက အလွန်အမင်း ကုန်ကျစရိတ် ကြီးမားသည်။ ကံကောင်းစွာပင် ယနေ့ မနက်၌ ငှက်တောင်မြူနယ်မြေအရှင် စီကာလီက လက်နက်ခဲယမ်း အများအပြားကို ပို့ဆောင်လာသည့်အတွက် အဆင်ပြေသွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ မီးတောက်ဥက္ကာပျံကို ချိန်ရခြင်း၏ ခက်ခဲမှုက ပစ်ခတ်ရခြင်းထက် ပိုမိုကြီးမားလှသည်။ ကျောက်တုံးအများအပြားကို မထိသွားဘဲ အချို့က ခံတပ်ဆီသို့ မီးတောက်များဖြင့် ရောက်ရှိလာသည်။ ထိုထဲမှ တစ်ခုက ရှီရာ ရှိနေသော မျှော်စင်ဆီသို့ တည့်တည့်ရောက်လာ၏။
ရှီရာ၏ အမူအရာက မပြောင်းမလဲ တည်ရှိနေပြီး မီးအိမ်ဝိညာဉ် အင်ပါယာ အစောင့်များကို ဆက်လက်၍ အမိန့်ပေးနေလိုက်သည်။ မီးတောက်ဥက္ကာပျံ၏ အမြန်နှုန်းက အလွန်မြန်လှသော်လည်း ရှီရာဘေးမှ စတယ်လာက ပို၍မြန်သည်။ သူက လက်ကို မြှောက်လိုက်ရာ မီးတောက်ကျောက်တုံးက တဖြည်းဖြည်း တန့်သွားပြီးနောက် သွေးရောင် အင်ပါယာစစ်တပ်ဆီ ပြန်သွားကာ မဟာဒိုင်းအခင်းအကျင်းကို ပြိုကွဲသွားစေပြီး ချစ်ချစ်တောက် အပေါ်တစ်ခု ပေါ်ထွက်လာသည်။
ကောင်းကင်ထဲ၌ ကျောက်တုံးနှင့် မီးတောက်ဥက္ကာပျံများ လွင့်ပျံနေကြပြီး အောက်မှ စစ်သည်များကလည်း မရပ်နေကြပေ။ သူတို့က ခဏအကြာ၌ ပြည့်နေသည်မှာ ကြာပြီ ဖြစ်သော ကျုံးကို ဖြတ်ကျော်သွားပြီးနောက် မြို့တံတိုင်းကို ချဉ်းကပ်လာသည်။ ယခုတစ်ခေါက် ဝိုင်းရံပစ္စည်းများက ယခင်ထက် နှစ်ဆ ဖြစ်သွားသည်။ သူတို့နောက်တွင် ဧရာမဒိုင်းဖြင့် ကာကွယ်ထားသော မှော်ပညာရှင်ဗိုလ်ခြေတစ်ခု ရှိနေသည်။ ထိုမှော်ပညာရှင်များကို အထူးတလှယ် ရွေးချယ်ထားခြင်းဖြစ်ပြီး မီးဒြပ်စင်မှာ်ပညာ ကျွမ်းကျင်ကြသည်။ ရည်ရွယ်ချက်က မှော်ဆရာခံတပ်မှ အလွန်အမင်း ဖျက်ဆီးတတ်သော အစားကြူးနွယ်ပင်များကို နှိမ်နင်းရန် ဖြစ်သည်။ ပထမနှစ်ရက်အတွင်း တိုက်ခိုက်မှုအရ အစားကြူးနွယ်ပင်များက မီးတောက်တိုက်ခိုက်မှုများက အကြောက်ဆုံးဖြစ်ကြောင်း ပြသနေခဲ့သည်။
ဝိုင်းရံကိရိယာ တစ်စုံကို မြားမိုးကို ဆန့်ကျင်ပြီး ရှေ့သို့တွန်းနေ၏။ မှော်ဆရာ ခံတပ်မှ စစ်သည်များက မြေမျက်နှာပြင်အခြေအနေ အသာစီးရရှိနေကြသော်လည်း သွေးရောင် အင်ပါယာ၏ အမြင့်တက်လှည်းများနှင့် မြားများဖြင့် ပြန်ပစ်ခြင်းတို့ကလည်း တူညီစွာပင် အင်အားကြီးမားလှသည်။ အထူးသဖြင့် အမြင့်တက်လှည်းက အလွန်အမင်း ခြိမ်းခြောက် နိုင်ပေသည်။
နောက်ဆုံးတစ်ခေါက် တိုက်ခိုက်မှုလှိုင်းအတွင်း သွေးရောင်အင်ပါယာက ဝိုင်းရံကိရိယာ အများအပြားကို အသုံးပြုပြီး တံတိုင်းကို ဖြိုဖျက်နိုင်လုနီးပါး ဖြစ်သွားခဲ့ကာ ခုခံနေသော စစ်သည်များ၏ အသေအကြေကို အလျင်အမြန် တိုးပွားသွားစေသည်။ လက်ရွေးစင် စစ်သည်အများစုကို သေကြောင်းကြံတပ်ဖွဲ့အဖြစ် ဖွဲ့စည်းရန် အလျင်အမြန် စေလွှတ်လိုက်သော ဂျော့ချ်၏ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်က ဝိုင်းရံကိရိယာ အများအပြားကို ဖျက်ဆီးနိုင်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ သို့သော် ရဲရင့်လှသော စစ်သည်များကတော့ ရှင်ကျန်သူမရှိဘဲ အားလုံး သေဆုံးသွားခဲ့၏။
ကြောက်မက်ဖွယ်ရာ ဝိုင်းရံယာဉ်များ ချဉ်းကပ်လာပြန်သည်။ ယခုတစ်ခေါက် သူတို့က သေကြောင်းကြံ တပ်ဖွဲ့အတွက် ပြင်ဆင်ထားသည်မှာ သေချာသည်။ သွေးရောင် အင်ပါယာက ယခင်ကထက် တပ်သားများနှင့် ဝိုင်းရံကိရိယာများအပေါ်၌ ပိုမို၍ ရင်းနှီးထားခဲ့သည်။ အပြင်းအထန် တိုက်ခိုက်မှုများကြောင့် မှော်ဆရာခံတပ် ခုခံမှုက တဖြည်းဖြည်း အားအင်ကုန်ခမ်းလာသည်။ သွေးရောင်အင်ပါယာ စစ်သည်အများအပြားက တံတိုင်းပေါ်သို့ တက်လာနိုင်ကြပြီး ခုခံနေသော စစ်သည်များ၏ အသေအကြေက တိုးပွားလာပြန်သည်။
ထိုအချိန်၌ ခုခံနေသော စစ်သည်များအနောက်တွင် အင်ပါယာအစောင့် အတန်းလိုက် ပေါ်ထွက်လာသည်။ သူတို့အားလုံးက အမျိုးသမီးများ ဖြစ်ကြ၏။ သူတို့က အစွမ်းထက်ပြီး တံတိုင်းပေါ် တက်လာသူအားလုံးကို ရှင်းပစ်နိုင်ခဲ့ရုံသာမက တိုးမြှင့်မှော်ပညာများကိုလည်း အသုံးပြုနိုင်ကြသည်။ ထိုမှော်ပညာများ၏သက်ရောက်မှုက သာမန် မှော်ပညာရှင်များထက် များစွာ ပို၍ ထိရောက်သည်။ ခုခံနေသော စစ်သည်များက ရုတ်တရက် အားအင် တက်ကြွသွားကြသည်။ တစ်ချိန်တည်းမှာပင် ခံတပ်နောက်မှ အသစ်ဆောက်ထားသော ထူးဆန်းသည့်စက်က ပြင်ဆင်ချိန် ပြီးသွားလေပြီ။
“ရွှီး....ရွှီ.....”
ရွှေရောင်အရာများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ပြီး ဦးတည်ဘက်က သွေးရောင်အင်ပါယာ၏ ဝိုင်းရံကိရိယာများ ရှိနေသည့် နေရာသို့ အတိအကျ ဖြစ်သည်။ မြေပြင်ကို ထိတော့မည့်အချိန်၌ ထိုအရာက ရုတ်တရက် ဆန့်ထုတ်လိုက်ပြီးနောက် ၂မီတာခန့် မြင့်မားသော လူသားပုံစံသို့ ပြောင်းလဲသွားသည်။ သူတို့၏ ခန္ဓာကိုယ်များက သတ္တုဖြင့် ပြုလုပ်ထားကြပြီး ရွှေအိုရောင် လင်းလက်နေ၏။
ထိုရွှေလူသားများက ပြိုင်ဘက်ကင်းဖြစ်နေပြီး နာကျင်မှု မခံစားကြရပေ။ သူတို့က မြေပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို စတင် ထုတ်ပြတော့သည်။ သူတို့သွားသောနေရာတိုင်း ရပ်တန့်မရ ဖြစ်နေသည်။ သေကြောင်းကြံ တပ်ဖွဲ့နှင့် အစားကြူးနွယ်ပင်များအတွက် ချန်ထားသော မှော်ပညာရှင်များက ချက်ချင်းပင် မှော်တိုက်ခိုက်မှုများ ပြုလုပ်တော့သည်။ သို့ရာတွင် ထိုကဲ့သို့ အပူချိန်မြင့် မီးစက်လုံးများက ထိုရွှေလူသားများကို ထိသွားသောအချိန်၌ အရာပင် မထင်ခဲ့ပေ။
ထိုမြင်ကွင်းက မှော်ပညာရှင်များကို ကြက်သေသေသွားစေပြီး သူတို့က ဝိုင်းရံကိရိယာများကို ရွှေလူသားများ အေးအေးဆေးဆေး ဖျက်ဆီးနေသည်ကိုသာ ကြည့်နိုင်ကြတော့သည်။ ဧရာမဒိုင်းကာများပင် လွင့်ထွက်သွားကုန်၏။
ထိုအရာများက ဇိုလာ တီထွင်ထားသေ ရွှေလူသားများ ဖြစ်ကြသည်။ တိုက်စစ်၊ ခံစစ်စွမ်းရည်များ ကောင်းမွန်သည့်အပြင် အထူး [ မှော်ဆန့်ကျင် ] ဂုဏ်သတ္တိလည်း ရှိသည်။ တစ်ခုတည်းသော အားနည်းချက်ကတော့ နှေးကွေးခြင်းပင်။ သို့သော်လည်း သိပ်သည်းလှသော သွေးရောင်အင်ပါယာစစ်တပ်ထဲ၌ ထိုအားနည်းချက်ကို လက်တလော လျစ်လျူရှု၍ ရနိုင်သည်။
ထိုရွှေလူသားအသုတ်က ရှီရာ၏ လျို့ဝှက်လက်နက် ဖြစ်သည်။ စုစုပေါင်း အယောက် ၃၀၀၀ ရှိသည်။ သူတို့ကို ချန်လွေ့ “ဖန်တီးထားသော” ထုတ်လုပ်ရေး လမ်းကြောင်းဖြင့် တပ်ဆင်ထားခြင်း ဖြစ်သည်။ သူတို့က ဇိုလာ ပြုလုပ်ခဲ့သည်လောက် စွမ်းအားမကြီးမား သော်လည်း မသေနိုင်ခြင်းနှင့် [ မှော်ဆန့်ကျင် ] ဂုဏ်သတ္တိများက အတော်လေး အသုံးဝင်ပေသည်။ ကံမကောင်းသည်ကတော့ အချိန်၊ ကုန်ကြမ်းနှင့် ပညာရပ်များကြောင့် ၃၀၀၀သာ အများဆုံး ထုတ်လုပ်နိုင်ခဲ့ခြင်းပင်။
“လခွမ်း။ အဲဒါက ဘာကြီးလဲ။”
အလီရက်စ်က နင်ဘတ်စ်မြို့ အမိန့်ပေးဌာနချုပ်ရှိ မှော်ကြေးမုံထဲမှ ဝိုင်းရံယာဉ်ကို ရွှေလူသားများ ဖျက်ဆီးလိုက်ကြောင်း မြင်သည့်အခါ စားပွဲကို လက်ဝါးနှင့် ရိုက်ချိုးမိလိုက်သည်။
သူက ရှီရာ ရောက်လာကြောင်း သတင်းရရှိပြီးပြီ ဖြစ်သည်။ ယခုတစ်ခေါက် သူက ဝိုင်းရံပစ္စည်းအမြောက်အမြားကို ရွှေ့ပြောင်းခဲ့ပြီး ကြယ်ကြွေတမန်အင်ပါယာ ကိုယ်တိုင် ဦးဆောင်သော စစ်သည်များကို အနိုင်ယူရန်အတွက် မှော်ပညာရှင် လက်ရွေးစင် ဗိုလ်ခြေကို စေလွှတ်ခဲ့သည်။ မှော်ဆရာခံတပ်ကို အောင်အောင်မြင်မြင် သိမ်းပိုက် နိုင်သည်နှင့် သူက ငှက်တောင်ဖြူနယ်မြေကို တစ်ခါတည်း တည့်တည့် ဖောက်ထွက်ပြီးနောက် ကြယ်ကြွေတမန်မြို့တော်ကို တိုက်ခိုက်၍ရပြီဖြစ်သည်။
သို့သော်လည်း တိုက်ပွဲအခြေအနေ ပြောင်းလဲမှုများက မထင်ထားလောက်အောင်ပင် ဖြစ်သည်။ တစ်ဖက်က တပ်ဖွဲ့တစ်ခုကို စေလွှတ်ပြီး ဝိုင်းရံကိရိယာ အများစုကို ဖျက်ဆီးပစ်ခဲ့သည်။ ယခင်သုံးလေးရက်အတွင်ငး သွေးရောင်အင်ပါယာစစ်တပ်က ထင်ထားသည်ထက် ပိုမို ဆုံးရှုံးခဲ့ရပြီး မှော်ဆရာခံတပ်ကို မသိမ်းပိုက်နိုင်သေးပေ။ အစပိုင်း၌ အလီရက်စ်က ခမည်းတော် ရိုင်ဇန်အရှေ့တွင် ကြယ်ကြွေတမန်အင်ပါယာကို တစ်လအတွင်း သိမ်းယူမည်ဟု အာမခံခဲ့သော်လည်း ယခုတွင် ပထမအဆင့်ဖြစ်သော မှော်ဆရာခံတပ်၌သာ တန့်နေခဲ့လေသည်။
ယခုတစ်ခေါက် ကျရှုံးသွားပြန်လျှင် သူ့နောက်မှ တာဝန်ယူထားသော ရိုင်ဇန်က ဒေါသထွက်ပေလိမ့်မည်။ ရိုင်ဇန်က သူ့ကို စစ်သေနာပတိ နေရာမှပင် ထုတ်ပယ်နိုင်၏။
အလီရက်စ်၌ ပို၍နက်ရှိုင်းသော စိုးရိမ်စရာတစ်ခု ရှိနေသည်။ ယခုတွင် အက်မန်း သေဆုံးသွားပြီး သူ၏ တစ်ဦးတည်းသော ပြိုင်ဘက်က မင်းသားငယ် တဲရစ် ဖြစ်သည်။ တဲရစ်က အမေတူသော သူ၏ညီတော်ဖြစ်ပြီး နက်ရှိုင်းသော ညီအစ်ကိုပတ်သက်မှု ရှိကြသည်။ တဲရစ်က သူ့အတွက် အပြစ်ခံပေးခဲ့ပြီး အက်မန်းကို အနိုင်ယူရန် ကူညီပေးခဲ့သည်။ သူ့ကို စွမ်းဆောင်ရည်အရှိဆုံး လက်ထောက်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော်လည်း မီးဖိုနက်ထဲသို့ တဲရစ်ဝင်သွားပြီးနောက် သူက အမှန်တကယ်ပင် ရှင်းပြ၍မရနိုင်ဘဲ အဆင့်တက်ကာ နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ မွေးကတည်းက ထိပ်တန်းပညာရှိအဖြစ် သတ်မှတ်ခံထားရသော ညီတော်၏ တစ်ခုတည်းသော လေ့ကျင့်ရေး အားနည်းချက်ကလည်း လုပ်ကြံထားခြင်း ဖြစ်နေသည်။ သူက ထီးနန်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာသည်။
ယခုတစ်ခေါက် တဲရစ်က လက်ထောက်တပ်မှူးအဖြစ် ခန့်အပ်ခံရသည်။ သူ တင်ပြသော ဗျူဟာအများစုကို အလီရစ်က ပယ်ချခဲ့သည်။ အလီရက်စ်၏ ရည်ရွယ်ချက်က တဲရစ်၏ စွမ်းဆောင်ရည်ကို ချုပ်နှောင်ရန် ဖြစ်သည်။ အကယ်၍ သူ၏ နိမ့်ကျသော စွမ်းဆောင်ရည်များကြောင့် ရိုင်ဇန်၏ တာဝန်မှ ထုတ်ပယ်ခြင်းကို ခံရလျှင် တဲရစ်က သူ့နေရာကို အစားထိုးပြီး စစ်သေတနာပတိ ဖြစ်သွားနိုင်၏။
တဲရစ်၏ စစ်ဘက်ရေးရာ ပါရမီက အလွန်အမင်း ထူးချွန်လှသည်။ သူက မှော်ဆရာခံတပ်နှင့် ကြယ်ကြွေတမန်အင်ပါယာကိုပါ သိမ်းပိုက်ပြီးသည်နှင့် သူ၏ ဂုဏ်သြဇာက အစ်ကိုတော်ထက်ပင် သာလွန်သွားနိုင်ပြီး ဧကရာဇ်နေရာက တဲရစ်ပေါ်သို့ ကျလာနိုင်ပေသည်။
ပလ္လင်တစ်ခုပဲ ရှိတယ်။ ငါ့လမ်းကို တစ်ယောက်ယောက် တားရဲမယ်ဆိုရင် ငါ့ညီတော် ဖြစ်မယ်ဆိုရင်တောင် လုံးဝ ပျက်စီးရမယ်။
တဲရစ်က ဉာဏ်ပြေးလှသည်။ သူက အစ်ကိုတော်၏ စိတ်ကို မည်သည်ကြောင့် နားမလည်နိုင်မည်နည်း။ သူက သက်ပြင်းချလိုက်ပြီး မဖျောင်းဖြတော့ပေ။ ထိုအချိန် မှော်ကြေးမုံထဲ၌ သွေးရောင်အင်ပါယာ စစ်တပ်က စတင်၍ ဆုတ်ခွာနေသည်ကို မြင်လိုက်ပြီး အလီရက်စ်က အံ့သြသွားခဲ့သည်။ “ပြန်ဆုတ်ဖို့ ဘယ်သူ အမိန့်ပေးတာလဲ။”
“ကျုပ် အမိန့်ပေးလိုက်ပါ။” ဂူစတက်ဗ်၏အသံက တံခါးနားမှ ထွက်ပေါ်လာ၏။
“မင်းမှာ ဘာအမိန့်ပေးခွင့် ရှိလို့လဲ။” အလီရက်စ်က ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ငါက စစ်သေနာပတိပဲ။”
“အခု မဟုတ်တော့ပါဘူး။” ဂူစတက်ဗ်က မှော်အမိန့်ကို ထုတ်ယူလိုက်သည်။ “ခုနကပဲ အရှင်မင်းကြီးဆီကနေ အရှင့်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အမိန့်ရထားတယ်။ ပြီးတော့ ကျုပ်ကို အဲဒီနေရာကို တာဝန်ယူထားခိုင်းတယ်။ အရှင်မင်းကြီးက အရှင့်ကို မြို့တော်ဆီ ချက်ချင်းပြန်လာဖို့ အမိန့်ပေးထားတယ်။”
“မဖြစ်နိုင်ဘူး။” အလီရက်စ်က အမိန့်စာကို လှမ်းယူလိုက်သည်။ သူက ခမည်းတော်၏ ရင်းနှီးသော အသံကို နားထောင်ရင်း ထိတ်လန့်သွားခဲ့သည်။ ထိုအခိုက်အတန့်က သူထင်ထားသည်ထက် ပို၍စောစော ရောက်လာခဲ့ပြီး အနည်းငယ် အကြောင်းအကျိုးမကိုက်ညီလောက်အောင် စောလှပေသည်။ “ဘာလို့လဲ။”
ဂူစတက်ဗ်က အေးစက်စက်နှင့် ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ အမိန့်ကို လိုက်နာပေးပါ။ အရှင်မင်းသား။”
“အစ်ကိုတော်။ ကျွန်တော်လည်း ပြန်လိုက်သွားမယ်။”
တဲရစ်က စစ်ဘက်ရေးရာ နာမည်ကောင်းများ ရရှိမည့် မဟာအခွင့်အရေးကို လက်လျှော့ပြီး မိမိနှင့် ပြန်လိုက်လာမည်ဟု အလီရက်စ် မထင်ထားခဲ့ပေ။ သူက ညီတော်၏ လေးနက်သော အမူအရာကို အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်နှင့် နှာမှုတ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ တံခါးမှ လမ်းလျှောက် ထွက်သွားတော့သည်။
တဲရစ်နှင့် ဂူစတက်ဗ်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး အသာလေး ပြုံးလိုက်၏။
အခြားနေရာတစ်ခု၌ ချန်လွေ့က မှော်တဲအိမ်ထဲရှိ ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေပြီး စိုးရိမ်နေသောအမူအရာတစ်ခု ပြသနေသည်။ ကတ်သရင်းက ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားကို စတင်နေသည့်အတွက် သူက ယမန်ညမှ ယခုအထိ မျက်လုံးကို မမှိတ်ရသေးပေ။
ကတ်သရင်း ကျရှုံးသွားခဲ့လျှင် ရလာဒ်တစ်ခုသာ ရှိနိုင်၏။ လုံးဝ ပျောက်ကွယ် သွားခြင်းပင်။