တဲရစ်
Vol. 47 Ch. 748
နင်ဘတ်စ်မြို့၌-
အလီရက်စ်က ပုံမှန်မဟုတ်သော မျက်နှာအမူအရာဖြင့် စစ်တဲအိမ်ထဲ၌ ထိုင်နေ၏။
ရိုင်ဇန်က တပ်သားများကို စေလွှတ်ရန် အမိန့်ပေးလိုက်သောအချိန်၌ ထီးနန်းကို လွှဲပြောင်းပေးမည့် ရည်ရွယ်ချက်ကို ရေးရေးလေး ပြသနေခဲ့သည်။ အကယ်၍ ယခုတစ်ခေါက် နတ်ဆိုးဘုံကို ပေါင်းစည်းနိုင်မည်ဆိုလျှင် စစ်အတွင်း အကျိုးပြုမှု အများဆုံးရှိသော မင်းသားက သွေးရောင်အင်ပါယာ၏ အုပ်ချုပ်သူအသစ်တစ်ယောက် ဖြစ်လာပေမည်။ ထိုအရာက အကျိုးပြုမှုများ ဆောင်ရွက်ရန် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်သည်။ သူက ၎င်းကို ဆုပ်ကိုင်နိုင်လျှင် အငြင်းပွားဖွယ်ရာမရှိဘဲ တဲရစ်ကို ကျော်လွန်ကာ သူလိုချင်နေခဲ့သည့် ပလ္လင်ကို တက်နိုင်မည်ဖြစ်ပြီး နတ်ဆိုးဘုံ၏ အန္တိမ အုပ်စိုးသူ ဖြစ်လာပေမည်။
ယခုတွင် ကြယ်ကြွေတမန်အင်ပါယာနှင့် စစ်ပွဲက စတင်ရုံသာ ရှိသေးသော်လည်း သူ့ကို စစ်သေနာပတိနေရာမှ ဖယ်ရှားကာ မြို့တော်သို့ပြန်လာရန် အမိန့်ပေးခဲ့သည်။ ထိုအရာက တစ်သက်မှာ တစ်ခါရနိုင်သော ထိုအခွင့်အရေးကို သူ၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သူ တဲရစ်ထံ လက်လျှော့လိုက်ရခြင်းနှင့် ညီမျှပေသည်။
တဲရစ်၏ စစ်ရေးပါရမီနှင့်ဆိုလျှင် သူက အခွင့်အရေးကို ရယူလိုက်သည်နှင့် အကျိုးဆက်များက စိတ်ကူး၍မရနိုင်အောင် ဖြစ်သွားပေလိမ့်မည်။
“အစ်ကိုတော်...” စစ်တဲအိမ် တံခါးမှ ရင်းနှီးသော အသံတစ်သံ ထွက်လာသည်။ ထိုသူက တဲရစ်ပင် ဖြစ်သည်။
ထိုအသံကြောင့် အလီရက်စ်၏ မျက်လုံးများ ပို၍ပင် မည်းမှောင်သွားပြီး အော်ပြောလိုက်၏။ “ရယ်လ်တာ...”
“အရှင်မင်းသား...” စစ်တဲအိမ် အပြင်ဘက်မှ လက်ရွေးစင် အစောင့်ခေါင်းဆောင်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဘယ်သူ့ကိုမှ ပေးမဝင်ဖို့ မင်းကိုငါ ပြောထားတယ် မဟုတ်လား။”
ရယ်လ်တာက ခေါင်းငုံ့နေပြီး တဲရစ်က ပြောလိုက်သည်။ “အဲဒီတုန်းက အစ်ကိုတော် ချီးမြှင့်ခဲ့တာကို မေ့သွားပြီလား။ ညီတော်က သတင်းပို့စရာမလိုဘဲနဲ့ အစ်ကိုတော်ကို အချိန်မရွေး လာတွေ့လို့ ရတယ်လေ။”
“ချီးမြှင့်”ဟူသော စကားလုံးက အလီရက်စ်၏ နားထဲ၌ အတော်လေး ကြမ်းတမ်းလှသည်။ သူက အေးစက်စက်နှင့် နှာမှုတ်လိုက်၏။ “မင်းသွားလို့ရပြီ။ ရယ်လ်တာ။ မှတ်ထား။ ဘယ်သူပဲဖြစ်ဖြစ် အရင်ဆုံး သတင်းပို့ရမယ်။”
ထိုအရာက တဲရစ်ကို မျက်နှာမထောက်ခြင်း ဖြစ်ပြီး သူ၏လေသံက ဧည့်သည်ကို မောင်းထုတ်ရန် ရည်ရွယ်ထားနေသည်။ သို့သော်လည်း တဲရစ်က ဘာမှမသိသကဲ့သို့ပင် ပြုံးနေရင်း အလီရက်စ်ကို ကြည့်နေသေးသည်။
အလီရက်စ် မျက်မှောင်ကြုတ်လိုက်၏။ “ကိစ္စတစ်ခုခု ရှိလို့လား။”
တဲရစ်က သက်ပြင်းချလိုက်သည်။ “အစ်ကိုတော်။ ကျွန်တော်တို့ စကား ကောင်းကောင်း ပြောသင့်တယ် မထင်ဘူးလား။”
“လိုအပ်လို့လား။” အလီရက်စ်က ထိုညီတော်အား အေးစက်စွာ ကြည့်လိုက်သည်။ “ငါက မင်းကို အမြဲတမ်း အထင်သေးခဲ့မိတယ်။”
တဲရစ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ကျွန်တော်တို့က အရင်းနှီးဆုံး ညီအစ်ကိုတွေ ဖြစ်ခဲ့တာပဲ။ အရင်ကလို ပြန်ဖြစ်လို့ မရနိုင်ဘူးလား။”
“ငါတို့ရှိနေတဲ့ စစ်မြေပြင်မှာ နောက်ဆုံး အောင်နိုင်သူတစ်ယောက်ပဲ ရှိတယ်။ မင်းနဲ့ငါနဲ့က စစ်မြေပြင်မှာ ရှိနေတော့ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူ ဆိုတာပဲ ရှိလာမယ်။ ဒါကို မင်းက ငါ့ထက် ပိုသိမှာပါ။ မင်းက စစ်မြေပြင်ကနေ မထွက်သွားဘူး ဆိုရင်ပေါ့။” အလီရက်စ်၏ မီးတောက်နေသောအကြည့်က တဲရစ်ကို စိုက်ကြည့်နေခဲ့သည်။
တဲရစ်က ပြန်မဖြေဘဲ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ “ကျွန်တော်က ရည်မှန်းချက် ကြီးမားတဲ့သူ မဟုတ်တာ အစ်ကိုတော် သိသင့်တယ်။ ကျွန်တော် ထွက်သွားချင်တယ်လို့ပြောရင် ယုံမှာလား။”
“မယုံဘူး။” အလီရက်စ်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “မင်း တကယ် ထွက်သွားရင်တောင် ငါမင်းကို ချန်မထားနိုင်တာ မင်းပိုပြီးတော့ သိမှာပါ။ မင်းရဲ့ ပါရမီတွေက ထူးချွန်လွန်းတယ်။ ရည်မှန်းချက်တွေက အခုမရှိရင်တောင် နောက်တော့ မရှိလာဘူးလို့ ပြောလို့မရဘူး။ အကောင်းဆုံးနည်းလမ်းက ခြိမ်းခြောက်မှုကို အဖူးကတည်းကနေ ရှင်းပစ်ဖို့ပဲ။”
“အစ်ကိုတော်က အတော်လေး ပွင့်လင်းတာပဲ။” တဲရစ်က တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။ “ဒါက အစ်ကိုတော်ကို ကျွန်တော် အလေးစားရဆုံး အချက်ပဲ။ စိတ်မကောင်းစရာကတော့ ဒီလိုမျိုးပြောတာ နောက်ဆုံးပါပဲ အစ်ကိုတော်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် စိတ်မကောင်း ဖြစ်မိတယ်။”
“စိတ်မကောင်းဘူး ဟုတ်လား။ ဒီလိုအခြေအနေထိ ရောက်လာမျှတော့ မင်း ဟန်ဆောင်နေဖို့ မလိုတော့ပါဘူး။” အလီရက်စ်က ခနဲ့လိုက်သည်။ “ကောင်ပြီ။ ငါ တော်တော်လေး ပင်ပန်းနေတယ်။ ဒီလိုမဟုတ်တာတွေအတွက် ရောက်လာတာ ဆိုရင်တော့ မင်း သွားလို့ရပြီ။”
တဲရစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းခါကာ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ “မဟုတ်ဘူး။ အစ်ကိုတော်။ ကျွန်တော် စိတ်မကောင်းတာက အခု အစ်ကိုတော် သေရမှာကြောင့်ပါ။”
အလီရက်စ် ထိတ်လန့်သွားခဲ့ပြီး နားကြားမှားသည်ဟု ထင်လိုက်မိသည်။
အလီရက်စ်က သွေးရောင်အင်ပါယာ မင်းသားများထဲ၌ အစွမ်းအထက်ဆုံး ဖြစ်သည်။ သူက ရိုင်ဇန်ထံမှ သိုင်းပညာများကို ဆက်ခံရရှိခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ သိပ်မကြာခင်က သူသည် နတ်ဆိုး အရှင်သခင်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် စွမ်းအားက သူ၏ အားသာချက်ပင်။ တဲရစ်က အထုံကြောင့် နတ်ဆိုးဧကရာဇ်အဆင့်တွင် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သည်။ မီးဖိုနက်သို့ ဝင်သွားပြီးသည့်အချိန်မှသာ သူက နတ်ဆိုးအရှင်သခင် အဆင့်သို့ ရောက်ရှိသွားသည်။ စွမ်းအား အတွေ့အကြုံနှင့် တကယ့် တိုက်ခိုက်ရေးများ၌ပင် သူတို့နှစ်ယောက်က ယှဉ်၍မရပေ။ အခု တဲရစ်က ငါ့အသက်ကို လိုချင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောနေတယ်။ စွမ်းအားခြားနားတာကို အသာထားဦး။ သူ အောင်မြင်သွားရင်တောင် အစ်ကိုတော်ကို တိုက်ရိုက်သတ်တဲ့အတွက် ရိုင်ဇန်က အလွတ်ပေးမှာ မဟုတ်ဘူး။
ဒီပါးနပ်တဲ့ ညီတော်ရဲ့ ဦးနှောက်က တစ်ခုခု လွဲနေတာလား။
တဲရစ်၏ ကျက်သရေရှိသော အပြုံးကို မြင်သည့်အခါ အလီရက်စ် ထိတ်လန့်သွား၏။ ဒါက ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူး။ တဲရစ်က တကယ် သတ်တော့မှာ။
ဒီလိုနေရာ၊ ဒီလိုအချိန်မျိုးမှာလား။
သူ ရူးနေတာလား။
အလီရက်စ် အံ့သြသွားသော်လည်း သတိလက်လွတ် မနေခဲ့ပေ။ သူ၏လက်သီးက အပြာရောင်အလင်းဖျော့ဖျော့ တောက်လာ၏။
ဘယ်လိုပဲဖြစ်ဖြစ် ငါ တဲရစ်ကို အရင်ဆုံး အနိုင်ယူရမယ်။ ဒါက အလှည့်အပြောင်း တစ်ခု ဖြစ်နိုင်တယ်။
ကြောက်မက်ဖွယ်ရာ စွမ်းအားအငွေ့အသက်တစ်ခုက မိမိကို တိတ်တိတ်လေး ဝိုင်းရံလိုက်သည့်အတွက် အလီရက်စ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူ အမှန်တကယ်ပင် မလှုပ်ရှားနိုင်တော့ပေ။
ထိုကဲ့သို့ အငွေ့အသက်မျိုးက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းထက် များစွာ သာလွန်နေ၏။ ထိုစွမ်းအား အရင်းအမြစ်က တဲရစ်ထံမှပင်။
“မင်း...” အလီရက်စ်က မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေသော တဲရစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဒါက နည်းဗျူဟာတွေပဲ သိတဲ့ ငါ့ရဲ့ ညီတော်လား။ လေ့ကျင့်ရေး ပါရမီအထုံကြောင့် အကြီးမားဆုံးနှမြောစရာလို့ သတ်မှတ်ထားကြတဲ့ မင်းသားငယ်လေးလား။
“မင်းပြောခဲ့တဲ့ စကားတစ်ခွန်းက မှန်တယ်။ မင်းက ငါ့ကို အမြဲတမ်း အထင်သေးနေခဲ့တာ။ မင်းပဲမဟုတ်ဘူး။ ရိုင်ဇန်နဲ့ အားလုံးကတောင် ငါ့ကို အထင်သေး ခဲ့ကြတယ်။” တဲရစ်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “မင်းပြောတဲ့ စစ်မြေပြင်က ငါ့အတွက် ဘာစစ်မြေပြင်မှ မဟုတ်ဘူး။ ဒါက စစ်ဘုရင်ကစားပွဲတစ်ခု ဆိုရင် ငါက နယ်ရုပ်တွေကို ချုပ်ကိုင်နေတဲ့သူပဲ။ မင်းက တခြားသူတွေရဲ့ သက်ညှာမှုအောက်မှာ ရှိနေတဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ ရိုင်ဇန်၊ ကတ်သရင်း၊ ရှီရာ...အားလုံးက နယ်ရုပ်တွေပဲ။”
နောက်ဆုံးစကားတွင် ကြယ်ကြွေတမန်အင်ပါယာ၏ အုပ်ချုပ်သူ သုံးဦး ပါဝင်နေသည်။ အလီရက်စ် ထိတ်လန့်သွားသော်လည်း ရွံရှာသော အမူအရာတစ်ခု ပြသလိုက်၏။
“ငါက အရှက်မရှိဘူး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်လို့ ပြောဖို့ ကြိုးစား နေတာလား။” တဲရစ်က ပို၍ ပြုံးလိုက်သည်။ “မင်းကို သတ်မယ်လို့ ပြောတဲ့အချိန်တုန်းက ဒီလိုပဲ မင်းစဉ်းစားသင့်တယ်။ အခု ငါက ဘာရည်မှန်းချက်မှ မရှိတာ မဟုတ်ဘူး။ မင်းတို့အရှေ့မှာ မပြချင်တာ။ အရိုးနဲ့ ကျေနပ်တဲ့ မြေပေါ်က ငရဲခွေးက ကောင်းကင်မှာ ပျံသန်းနေတဲ့ ဧရာနဂါးတစ်ကောင်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ မင်းရဲ့ တာဝန်က ပြီးသွားပြီ။ အခု နောက်ဆုံး တန်ဖိုးတစ်ခုပဲ ကျန်တော့တယ်။ အဲဒါက သေခြင်းပဲ။”
ဒါက တကယ့် တဲရစ်လား။ အလီရက်စ်က နှလုံးသားထဲမှ ထွက်ပေါ်လာသော အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး အော်ပြောလိုက်သည်။ “ရယ်လ်တာ...”
ထူးဆန်းစွာပင် ရယ်လ်တာ ပျောက်ဆုံးနေဟန်တူပြီး မည်သည့် လက်ရွေးစင် အစောင့် တစ်ယောက်ကမှ မထွက်ပေါ်လာခဲ့ပေ။
တဲရစ်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “အားကုန်ခံမနေနဲ့။ ငါမင်းကို ပြောလိုက်မယ်။ မင်း အယုံကြည်ရဆုံးဖြစ်တဲ့ ရယ်လ်တာ အပါအဝင် လက်ရွေးစင်အစောင့် ၃၆ယောက်က ငါ့လူတွေပဲ။”
အလီရက်စ် ထိတ်လန့်သွားခဲ့သည်။ လက်ရွေးစင်အစောင့် ၃၅ယောက်က တဲရစ်ရဲ့လူတွေ ဖြစ်နေတယ်။ ဒီတစ်ခုတည်းကပင် အားထုတ်မှုတွေ၊ လျို့ဝှက် ကြံစည်မှုတွေ အများကြီး ပါဝင်နေတယ်။ တဲရစ်ပြောတာ မှန်တယ်။ လူတိုင်းက သူ့ကို အထင်သေးခဲ့ကြတယ်။
“ငါမင်းကို နာကျင်မှုမရှိစေဘဲနဲ့ သတ်ပေးမယ်။ ပြီးတော့ မင်းရဲ့အလောင်းကို မြို့တော်ဆီ ကိုယ်တိုင်ပို့ဆောင်ပေးမယ်။ အစ်ကိုတော်။”
သေရေးရှင်ရေး အခိုက်အတန့်ဖြစ်ကြောင့် အလီရက်စ်သိသည်။ သူက အော်ဟစ်လိုက်ပြီးနောက် တစ်ချိန်လုံး စုစည်းထားခဲ့သော စွမ်းအားများက မီးတောက်ပြာ အဖြစ်သို့ ပေါက်ထွက်ကာ တကိုယ်လုံး၌ တောင်လောင်လာသည်။ တဲရစ်က လက်ကို အသာလေး ဝှေ့ရမ်းလိုက်ရာ မီးတောက်က ချက်ချင်း လေထဲမှ ဖယောင်းတိုင် တစ်တိုင်သဖွယ် ချက်ချင်း ငြိမ်းသွားခဲ့သည်။ အလီရက်စ်၏ အသက်ကလည်း ထိုအတိုင်းပင် ဖြစ်သည်။
သေဆုံးသွားသော အခိုက်အတန့်၌ ကလေးဘဝမှ မြင်ကွင်းများက အလီရက်စ်၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။
အင်ပါယာဥယျာဉ်ထဲ၌ အဖြူရောင် ဝတ်ထားသော အမျိုးသမီးတစ်ယောက်က ဆော့ကစားနေကြသော ဆယ်ကျော်သက်ကလေးများကို အပြုံးနှင့် ကြည့်နေသည်။
အဲဒီအချိန်တုန်းက မယ်တော် ရှိနေသေးတယ်။
အဲဒီတုန်းက အက်မန်းက ငါတို့ရဲ့ အစ်ကိုပဲ။ ငါတို့ကို တစ်နေ့လုံး ပြဿနာတွေ ရှာတယ်။
အဲဒီတုန်းက တဲရစ်က တစ်နေ့လုံး လူတိုင်းနောက်ကို လိုက်နေပြီးတော့ အမြဲတမ်း ငိုနေတဲ့ ကလေးတစ်ယောက်ပဲ။
ဒီနှစ်တွေက အတော်လေး ပင်ပန်းခဲ့တာ အသေအချာပဲ။
အလီရက်စ်၏ အမူအရာက တဖြည်းဖြည်း အေးချမ်းသွားပြီးနောက် သူ၏ အသိစိတ်က အဆုံးမဲ့ အမှောင်ထုကဲ့သို့ ဝင်ရောက်သွားခဲ့သည်။
အရိပ်နက်အင်ပါယာ၊ ဂျာဂယ်ခံတပ် -
“ဆာ-ရိုမန်။ ရှင့်ရဲ့ ဒဏ်ရာက ပြန်မကောင်းသေးဘူး။ မလှုပ်နဲ့။ ကျွန်မ ရှင့်ကို ဆေးလဲပေးမယ်။”
ထိုသူက အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးရှိသော မျက်နှာလွှားနှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ၏ လှပသော မျက်နှာအသွင်အပြင်က မျက်နှာလွှား နောက်မှ ပေါ်လွင်နေသည်။ သူ၏လက်ထဲ၌ ဆေးသေတ္တာတစ်လုံး ကိုင်ထားသည်။
“မစ်-မယ်ဒီလူ။ ကျုပ်ရဲ့ မိတ်ဆွေအကြောင်း....ဘာသတင်းမှ မကြားသေးဘူးလား။”
“ဘာသတင်းမှ မကြားသေးဘူး။” မယ်ဒီလူက ခေါင်းခါလိုက်သည်။ “ကျွန်မတို့က အကောင်းဆုံး ကင်းထောက်တွေ လွှတ်ပြီးသွားပြီ။ ကွင်းပြင်ငယ်လေးက မူမမှန်တဲ့ အခြေအနေအရဆိုရင် အဲဒီမှာ အတော်လေး ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့လောက်တယ်။”
ရိုမန်က ကတ်သရင်းအကြောင်း ဘာမှမသိသော်လည်း သူနှင့် ချန်လွေ့တို့က ဂျာဂယ်ခံတပ်သို့ တိတ်တိတ်လေး သွားခဲ့စဉ်က အတူလိုက်လာသော အဇ်ဂါလောကို မှတ်မိသည်။
အဇ်ဂါလောက အမှောင်လသို့ ခိုးဝင်လာခဲ့ဖူးသည်။ ထိုအချိန်က ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို မဖယ်ရှားရသေးသည့်အတွက် သူက ပြိုင်ဘက်တစ်ယောက် မဟုတ်ခဲ့ပေ။ ထို့နောက် “အိုင်းစစ်”က လှုပ်ရှားသွားခဲ့သည်။ အဇ်ဂါလောက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ကြောင်း ရိုမန်သိသည်။ သို့သော်လည်း အဇ်ဂါလောက ဂျာဂယ်ခံတပ်သို့ ရောက်တော့မည့်အချိန်၌ သူက အမှန်တကယ်ပင် ပေါက်ကွဲထွက်ကာ သေဆုံးသွားခဲ့ပြီး သူတို့ကြုံတွေ့ခဲ့ရသော ပြိုင်ဘက်က မည်မျှ ကြောက်စရာကောင်းကြောင်း ပြသနေ၏။
တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်လား။
ဒါဆိုရင် ဘရော့ခ်နောက် လိုက်သွားတဲ့ ချန်လွေ့က....
ရိုမန်၏ မျက်နှာအမူအရာက အတော်လေး မည်းမှောင်နေခဲ့သည်။ ချန်လွေ့က ငါ့ရဲ့ အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်နဲ့ အကောင်းဆုံး မိတ်ဆွေပဲ။ သူ တစ်ခုခု ဖြစ်သွားရင် အသီနာ၊ အစ်ဇဘယ်လာနဲ့ တခြားသူတွေကို ငါ ဘယ်လို ရှင်းပြရမှာလဲ။
“ဆာ-ရိုမန်။ သိပ်ပြီးတော့လည်း စိတ်ပူမနေပါနဲ့။ ရှင့်ရဲ့ မိတ်ဆွေက အဆင်ပြေမယ်လို့ ယုံကြည်တယ်။” မယ်ဒီလူက ဆေးသေတ္တာမှ ဒဏ်ရာဆေးနှင့် ပိတ်ကျဲကို ထုတ်လိုက်ပြီး ရိုမန်ထံမှ ဆေးနှင့် သေသေချာချာ စတင်လဲလှယ်လိုက်သည်။ “ဆာ့ကို ပြောချင်တာ တစ်ခု ရှိတယ်။ ဘရော့ခ်က သေသွားလောက်ပြီ။”
ရိုမန်က ပြန်လည်၍ လန်းဆန်းသွားခဲ့သည်။ “သူ့အလောင်းကို တွေ့သွားပြီလား။”
မယ်ဒီလူက ခေါင်းခါပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့...မနေ့တနေ့က ကျွန်မရဲ့ [ ဝိညာဉ်အချုပ်အနှောင် ] ပျောက်ကွယ်သွားသလိုပဲ။ ပြီးတော့ နောက်ထပ် လုံးဝ အသက်မဝင်လာတော့ဘူး။”
မယ်ဒီလူက ကတ်သရင်း၏ ဝမ်းကွဲ၊ ဘရော့ခ်၏မိန်းမ ဖြစ်နေခဲ့ပြီး သူ့အဖေက ဦးလေး ဖရန့်ဇ် ဖြစ်သည်။
ဖရန့်ဇ်က ကတ်သရင်း၏ အင်အားအကြီးဆုံး ထောက်ပံ့သူ ဖြစ်သည်။ သူက မူလ အရိပ်နက်အင်ပါယာစစ်တပ်၌ ပထမဆုံး ဖြစ်ခဲ့သည်။ သူက ကတ်သရင်းအား အတွင်းရေး ပြဿနာများ ပြေလည်အောင် ဖြေရှင်းပေးခဲ့သည်။ ကံဆိုးစွာပင် သူက လူရွေးမှားသွားပြီး သူ့အသက်ကို ကယ်တင်ခဲ့သည့် ဘရော့ခ်အား သူ့သမီးနှင့် လက်ထပ်ပေးခဲ့မိသည်။ ထိုပတ်သက်မှုကို မှီခိုပြီး ဘရော့ခ်က တစ်ဆင့်ချင်းနှင့် အင်ပါယာ၏ ပထမဗိုလ်ချုပ် ဖြစ်လာခဲ့သည်။
အစပိုင်း၌ ဘရော့ခ်နှင့် မယ်ဒီလူတို့က အလွန်မြတ်နိုးနေကြဟန်တူသော်လည်း ထို့နောက်တွင် ဘရော့ခ်က ကြောက်စရာမျက်နှာကို ပြသပြီး မယ်ဒီလူကို ထိန်းချုပ်ရန် [ဝိညာဉ်အချုပ်အနှောင်]ကို အသုံးပြုခဲ့သည်။ သူက မယ်ဒီလူအား မကြာခဏ နှိပ်စက်ပြီး အနိုင်ကျင့်သည်။ ထိုအရာက ဘရော့ခ် ခန္ဓာကိုယ်တစ်ပိုင်း ဆုံးရှုံးသွားပြီး ကာမဆက်ဆံ၍ မရတော့သည့်အခါ၌ ပို၍ ပြင်းထန်ခဲ့သည်။
ဘရော့ခ်က ယောက္ခဖြစ်သူ ဖရန့်ဇ်နှင့် သူ့မိန်းမတို့အား နေမကောင်းသော အကြောင်းပြချက်ဖို့ ဂျာဂယ်ခံတပ်သို့ ခေါ်လာခဲ့သည်။ သို့သော်လည်း အမှန်တကယ်က ဧကရီ ကတ်သရင်းကို ခြိမ်းခြောက်ရန်အတွက် သူတို့နှစ်ယောက်ကို အကျဉ်းချခဲ့ခြင်း ဖြစ်သည်။ ဖရန့်ဇ်က နောင်တရမိခဲ့ပြီး ဘရော့ခ်ကို ကျိန်ဆဲခဲ့သော်လည်း ဘရော့ခ်က မယ်ဒီလူအရှေ့၌ ဖရန့်ဇ်၏မျက်လုံးများကို ရက်ရက်စက်စက် ဖောက်ထုတ်ပစ်ခဲ့သည်။ ထိုအရာက မယ်ဒီလူအား ဘရော့ခ်ကို ပို၍ပင် မုန်းတီးသွားစေခဲ့သည်။
[ ဝိညာဉ်အချုပ်အနှောင် ] တည်ရှိမှုကြောင့် မယ်ဒီလူက ရိုမန် ရောက်လာပြီး သူနှင့် သူ့အဖေကို မကယ်တင်ခင်အထိ အသက်ရှင်ရက် ငရဲကျနေခဲ့ရသည်။ ထို့ကြောင့် သူက ရိုမန်အား ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့သည်။
ဖရန့်ဇ်က အမြင်ကွယ်နေသော်လည်း အုံကြွနေသော ဂျာဂယ်ခံတပ်က သူ၏ အရည်အချင်းများနှင့် ဂုဏ်သြဇာများနှင့် ကတ်သရင်း၏ ကြိုတင်အစီအစဉ်များကြောင့် အလျင်အမြန် တည်ငြိမ်သွားခဲ့သည်။
မယ်ဒီလူ၏ စကားများကြောင့် ရိုမန်၏မျက်လုံးများ အရောင်တောက်သွား၏။ ဘရော့ခ် သေပြီဆိုတော့ ဒေလီယာပေါ်က [ ဝိညာဉ်အချုပ်အနှောင် ] လည်း ပယ်ဖျက်သွားမှာပဲ။ ဒေလီယာဆီမှာ နှစ်ပေါင်းများစွာ စွဲကပ်နေခဲ့တဲ့ အိပ်မက်ဆိုးကြီးက နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ။
အခု စိုးရိမ်စရာရှိတာက ခေါင်းဆောင်ဆိုတဲ့ကောင်ကိုပဲ.....
လူကောင်းတွေက အကြာကြီး အသက်မရှင်ရပေမဲ့ လူဆိုးတွေက နှစ်ထောင်ပေါင်း များစွာ အသက်ရှင်ကြတယ်။
ခေါင်းဆောင်၊ မင်းလို လူဆိုးက အသက်ရှင်နေဦးမှာ။ ဟုတ်တယ်မလား။